မေလ(၁)ရက်မှ (၇) ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသခံပြည်သူများကို လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ ဗုံးကြဲ တိုက်ခိုက်ရာတွင် ပေါင် ၅၀၀ အားရှိ ဖျက်အားပြင်း ဗုံးများ အသုံးပြုခဲ့ခြင်းကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်ဆီးခဲ့ရပြီး ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ (၁၀)ဦးခန့် သေဆုံးခဲ့ကာ (၁၇)ဦးကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော် (၅)ဦး အပါအဝင် ပြည်သူ (၈)ဦးကို စစ်အာဏာရှင်တပ်သားများက ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ ကလေးငယ်အပါအဝင် ပြည်သူ (၂)ဦးကို စစ်အာဏာရှင်လက်အောက်ခံ ပျုစောထီးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့နယ်မှ ပြည်သူ (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့ သည်။ တပတ်အတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ (၁၇၉)ဦးခန့် ရှိခဲ့သည်။စစ်အာဏာရှင်တပ်သားများက ဒေသခံ ပြည်သူများရှိရာ နေရာများကို စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးညှင်းပန်း နှိပ်စက်ခြင်း၊ ပြည်သူပိုင် အဆောက်အဦးများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းတလျှောက် လူသားဒိုင်းအဖြစ် အသုံးပြုခြင်း တို့ကြောင့် နေရပ်ဒေသ စွန့်ခွာခြင်းများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။