လူ့အခွင့်အရေးအခြေပြု ပြုပြင်ပြောင်းလဲမှု: အာဆီယံ၏ ဘုံသဘောတူချက် ၅-ချက်ကို ငါးနှစ်အကြာတွင် ပြန်လည်သုံးသပ်ခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မအောင်မြင်သည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်အာဏာရှင် ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်သည် မြန်မာတနိုင်ငံလုံးအား ပြည်တွင်းစစ်အတွင်းသို့ လုံးဝ တွန်းပို့ခဲ့သည်။ ပြင်းထန် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အထောက်အထားများစွာဖြင့် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူဦးရေ ၃.၇ သန်းကျော်မှာ နေ ရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်[1]။ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ပစ်ခတ်မှုများ၊ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများနှင့် အကြောင်းမဲ့ ဖမ်းဆီးမှုများသည် လူမှုအသိုင်းအဝိုင်းအတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများ နေ့စဉ် ကြုံတွေ့ရသော အခြေအနေများ ဖြစ်လာခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကြောင့် အတိမ်းအစောင်းမခံသော အခြေအနေနှင့် အရင်းအ မြစ် မလုံလောက်မှုများ ပိုမိုထင်ရှား ပေါ်လွင်လာပြီး ၂၀၂၆ ခုနှစ်တွင် ပြည်သူသုံးယောက်လျှင် တ ယောက်နီးပါးသည် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်မည်ဟု ခန့်မှန်းထားသည်[2] ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းမှုမှစ၍ အကြမ်းဖက်မှုများသည် ဆက်လက် မြင့် တက်လာနေသည်။ စစ်အာဏာရှင်တို့က ပြည်သူ့ထံမှ ဒီမိုကရေစီကို လုယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီ လတွင် အရှေ့ တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအ နေ ပိုမိုဆိုးရွားလာခြင်းကို တုံ့ပြန်ရန် “ဘုံသဘောတူချက် ၅ချက်” (Five Point Consensus – 5PC) ဟု ခေါ်သော ငြိမ်းချမ်းရေးအစီအစဉ်ကို မိတ်ဆက်ခဲ့သည်။
ဤအစီအစဉ်တွင် အဓိက အခြေခံချက် ၅ ချက်အပေါ် အခြေခံထားပြီး အကြမ်းဖက်မှု ရပ်တန့်ရန်၊ အားလုံးပါဝင်သည့် ဆွေးနွေးမှု ပြုလုပ်ရန်၊ အထူးကိုယ်စားလှယ်မှ တဆင့် ကြားဝင်ညှိနှိုင်းခြင်း နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အကန့်အသတ်မရှိ ရရှိနိုင်ရန်တို့ ပါဝင်သည်။ စစ်အာ ဏာရှင်တို့က ဘုံသဘောတူချက် ၅ ချက် ကို အချိန်ကြာမြင့်စွာ ငြင်းပယ်လာပြီး၊ ဘုံသဘောတူချက်ပါ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဆောင်ရွက်ရန် သို့မဟုတ် စစ်ပွဲအတွင်း ၎င်းတို့၏ အကြမ်း ဖက်မှုများကို ပြောင်းလဲလိုစိတ်မရှိကြောင်း ပြသနေသည်။









