ဧပြီလ ၂၂ ရက်မှ ၃၀ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှ လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့သည့် အရပ်သား (၁)ဦး နှင့် ကောလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်အဖွဲ့ဝင် (၉)ဦး စုစုပေါင်း (၁၀)ဦး တို့ကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်အနေဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါ ဖမ်းဆီးခံခဲ့ရသည်။ မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ ၁ ဦးကို စစ်အာဏာရှင်တပ်၏ လက်အောက်ခံ အဖွဲ့ ဖြစ်သော သွေးသောက်အဖွဲ့ မှ ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် စခန်းများ၊ ဆေးပေးခန်းများပါ မကျန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့တွင် စစ်အာဏာရှင်တပ်သားများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝတ်စုံများ ကို ဝတ်ဆင်ခဲ့ပြီး PDFအယောင်ဆောင်ကာ ‌ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ သည်။တပတ်အတွင်း စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်(၁)ဦး အပါအဝင် ဒေသခံ ပြည်သူ (၁၅)ဦး သေဆုံး (၁၇)ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့သည်။