မြိုင် ၁၂ ဦးအသတ်ခံရမှု ကျူးလွန်သူဖော်ထုတ်ရေး NUG နှင့် UN အထိ တိုင်ကြားမည်
ပါခွီး ၊ (အောက်တိုဘာ ၅)
မဇ္ဈိမ ။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေခဲ့သည့် အမျိုးသား ၁၂ ဦး၏ ရုပ်အလောင်းများကို မြေကျင်းနှစ်ခုအတွင်းမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့ပြီး အဆိုပါဖြစ်စဉ်အတွက် တာဝန်ရှိသူများကို ဖော်ထုတ်ကာ တရားမျှတမှုရရှိရေး “အစွမ်းကုန်” ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင် အဖွဲ့တာဝန်ရှိသူ ဆရာထွေးက ပြောသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်တွင် မြိုင်မြို့နယ် စက်မှု(၂) ဝဲတူးဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းက ဂွေးကုန်ရွာမှ ကိုးဦး၊ မကျီးကုန်းရွာမှ တဦး၊ သံချောင်းရွာမှ တဦးနှင့် မကျည်းကန်ရွာမှ တဦး စုစုပေါင်း အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရပြီးနောက် အဆိုပါ ၁၂ ဦး၏ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး မိသားစုဝင်များအနေဖြင့် ၎င်းတို့ကို ထောင်ချခံထားရသည်ဟု ယူဆခဲ့ကြသော်လည်း ယမန်နေ့ (အောက်တိုဘာ ၄ ရက်) တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ဝက်ပုတ်ကျေးရွာအနီး မြေကျင်းနှစ်ခုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ဝက်ပုတ်ကျေးရွာအနီး မြေကျင်းနှစ်ခုအတွင်းမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့သည့်မြင်ကွင်း။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျောက်ဆုံးနေသည့် အမျိုးသား ၁၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (အောက်တိုဘာ ၄ ရက်) တွင် ဝက်ပုတ်ကျေးရွာအနီး မြေကျင်း နှစ်ခုအတွင်းမှ တူးဖော်တွေ့ရှိခဲ့သည်။ (အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်)
အဆိုပါ ရုပ်အလောင်းများကို မှိုရှာထွက်သည့် ရွာသားတဦး၏ သတင်းပေးချက်အရ ရှာဖွေတွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့က ဆိုသည်။
“ကျွန်တော်တို့ကတော့ ဒီဖြစ်စဉ်အတွက် တရားမျှတမှုရရှိအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ၊ NUG လူ့အခွင့်အရေးရုံးကတဆင့် ချိတ်ဆက်ပြီး UN ၊ ICC ၊ ICJ အထိရောက်အောင် လုပ်ဆောင်သွားမှာပါ။ တရားမျှတမှု ဘယ်အခါမှရမလဲတော့ ကျွန်တော်တို့ မမှန်းဆနိုင်ဘူး၊ ဒါပေမဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ဆရာထွေးက မဇ္ဈိမကို ပြောသည်။
တူးဖော်တွေ့ရှိခဲ့သည့် အရိုးစုများကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားရန် ရည်ရွယ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို တာဝန်ရှိသူများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ဆရာထွေးက ဆိုသည်။

ဓာတ်ပုံ – ဝက်ပုတ်ကျေးရွာအနီး မြေကျင်းနှစ်ခုအတွင်းမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့သည့်မြင်ကွင်း။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျောက်ဆုံးနေသည့် အမျိုးသား ၁၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (အောက်တိုဘာ ၄ ရက်) တွင် ဝက်ပုတ်ကျေးရွာအနီး မြေကျင်း နှစ်ခုအတွင်းမှ တူးဖော်တွေ့ရှိခဲ့သည်။ (အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်)
သေဆုံးသူ ၁၂ ဦးမှာ အသက် ၁၅ နှစ်မှ ၆၁ နှစ်အကြား အမျိုးသားများဖြစ်ပြီး တူးဖော်ရရှိခဲ့သည့် အဝတ်အစားနှင့် အသုံးအဆောင်များကို ကြည့်၍ မိသားစုဝင်များက ၎င်းတို့၏ အဖေ၊ အကိုနှင့် မောင်များဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု သိရသည်။
၂၀၂၄ ခုနှစ်တွင် ဝက်ပုတ်ရွာကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်စဉ် ရရှိခဲ့သည့် မှတ်စုစာအုပ်များအရ ဖမ်းဆီးခံထားရသူများကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က ထုတ်ပြန်ထားသည်။
အဆိုပါ မှတ်တမ်းများအရ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနှင့် ထိုရွာတွင် တာဝန်ကျနေသည့် စစ်အုပ်စုတပ်မှ ဗိုလ်ဘိုဖြူတို့ကို အဖွဲ့က တာဝန်ရှိသူများအဖြစ် ယူဆထားသည်။

ဓာတ်ပုံ – ဝက်ပုတ်ကျေးရွာအနီး မြေကျင်းနှစ်ခုအတွင်းမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့သည့်မြင်ကွင်း။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျောက်ဆုံးနေသည့် အမျိုးသား ၁၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (အောက်တိုဘာ ၄ ရက်) တွင် ဝက်ပုတ်ကျေးရွာအနီး မြေကျင်း နှစ်ခုအတွင်းမှ တူးဖော်တွေ့ရှိခဲ့သည်။ (အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်)
သို့သော် ယင်းနှစ်ဦးက အဆိုပါ ၁၂ ဦးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း တိုက်ရိုက်အတည်ပြုနိုင်သည့် အထောက်အထားရှိသည်ဟု မဆိုနိုင်ဘဲ ဝက်ပုတ်ရွာတွင် ထိုအချိန်က ၎င်းတို့နှစ်ဦး ဦးဆောင်နေသည်ဟူသည့် ပြောဆိုချက်များအပေါ် အခြေခံ၍ ကောက်ချက်ချခြင်းဖြစ်ကြောင်း ဆရာထွေးက ရှင်းပြသည်။
“အဲဒီအချိန်က ဝက်ပုတ်ရွာမှာ ဝင်းငွေနဲ့ ဗိုလ်ဘိုဖြူတို့ ဦးဆောင်နေတယ်ဆိုတာ အဲဒီရွာက ထွက်ပြေးလာတဲ့သူတွေနဲ့ ရွာကိုသိမ်းပြီးနောက် ပြည်သူတွေက ပြောတယ်။ ဒီနှစ်ယောက် သတ်တာပါလို့တော့ ပြောတာမဟုတ်ဘူးဗျ။ ရွာမှာ ဘယ်သူဘယ်ဝါက ခေါင်းဆောင်တာပါဆိုတဲ့အပေါ်မှာ ကျနော်တို့က ကောက်ချက်ချတာပါ” ဟု ဆရာထွေးက ဆိုသည်။
ထို့ကြောင့် အဆိုပါဖြစ်စဉ်တွင် မည်သူက မည်သည့်အခန်းကဏ္ဍဖြင့် ပါဝင်ခဲ့သည်ဆိုသည်ကို သက်သေအထောက်အထားများဖြင့် ဆက်လက်ဖော်ထုတ်ရန် လိုအပ်နေပြီး တူးဖော်ရရှိထားသည့် အရိုးစုများနှင့် ဆက်စပ်အချက်အလက်များကို တာဝန်ရှိသူများထံ တင်ပြနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – ဝက်ပုတ်ကျေးရွာအနီး မြေကျင်းနှစ်ခုအတွင်းမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့သည့်မြင်ကွင်း။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျောက်ဆုံးနေသည့် အမျိုးသား ၁၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (အောက်တိုဘာ ၄ ရက်) တွင် ဝက်ပုတ်ကျေးရွာအနီး မြေကျင်း နှစ်ခုအတွင်းမှ တူးဖော်တွေ့ရှိခဲ့သည်။ (အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်)
ဖမ်းဆီးခံရသည့်အချိန်က ၎င်းတို့၏ တူသားများ ထောင်ကျနေပြီး အဆက်အသွယ်မရခြင်းဟု မိသားစုဝင်များက ယူဆထားခဲ့သော်လည်း ယခုကဲ့သို့ သက်သေအထောက်အထားများနှင့်အတူ ပြန်လည်တွေ့ရှိရသည့်အပေါ် ဝမ်းနည်းယူကျုံးမရဖြစ်ရကြောင်း ပြောဆိုကြသည်။
“အဲဒီအချိန်က ထောင်ထဲမှာ ရှိနေတယ်လို့ပဲ ယူဆထားတာကနေ အခုလို ရုပ်အလောင်းတွေ ပြန်တွေ့ရတာက မိသားစုတွေအတွက် အလွန်ဝမ်းနည်းစရာဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ နောက်လိုက်တွေကလည်း တူတဲ့အကျိုးတွေ ပြန်လည်ခံစားရစေချင်ပါတယ်” ဟု မိသားစုဝင်များက ပြောသည်။
၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့သည့် ၁၂ ဦးအတွက် အဖြေတခုကို မိသားစုများက နှစ်နှစ်ကျော်ကြာ စောင့်ခဲ့ရပြီး ယခုအခါ မြေကျင်းနှစ်ခုအတွင်းမှ တွေ့ရှိခဲ့သည့် ရုပ်အလောင်းများက ၎င်းတို့၏ နောက်ဆုံးအခြေအနေကို ပြန်လည်ဖော်ထုတ်ပေးနိုင်ခဲ့သည်။
လက်ရှိတွင် အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်အနေဖြင့် ရရှိထားသည့် အရိုးစုများနှင့် အခြားအချက် အလက်များကို သက်သေအဖြစ် ထိန်းသိမ်းကာ တာဝန်ရှိသူများထံ ပေးပို့နိုင်ရေးနှင့် တရားမျှတမှုရရှိရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်