အေးမြသည့်ဆောင်းရာသီ ခရစ္စမတ်အချိန်အခါတွင် တစ်ကမ္ဘာလုံးရှိ ပြည်သူများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ခေတ္တရပ်နားကာ မိသားစုဝင်များနှင့် အေးချမ်းစွာအတူနေထိုင်ချိန်၊ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေချိန် မိမိတို့မြန်မာနိုင်ငံတွင်အကြမ်းဖက် စစ်အာဏာသိမ်းခေါင်း ဆောင် မင်းအောင်လှိုင်၏ အာဏာတပ်မက်မှုကြောင့် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့သည်  တောတောင် လျှိုမြှောင်များတွင် အသက်ဘေးမှလွတ်မြောက်နိုင်ရန် အခက်အခဲပေါင်းစုံကို ခံစားလျှက် စစ်ဘေးရှောင်နေကြရသည်။အကြမ်းဖက်စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှစတင်ပြီး ယခုနှစ် ၂၀၂၂ ဒီဇင်ဘာလတိုင်၂ နှစ်နီးပါး အချိန်အတွင်းတွင်  တိုင်းရင်းသား ပြည်သူများအပေါ်နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ယုတ်မာသည့်  စစ်ရာဇဝတ်မှုများ၊ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ စသည့် ဒုစရိုက်မှုမှန်သမျှကို မြန်မာနိုင်ငံဒေသအားလုံးနီးပါး၌  စနစ်တကျ စီမံကျုးလွန်လျက်ရှိသည်။ 

အထူးသဖြင့် ယခုနှစ် ၂၀၂၂ ဒီဇင်ဘာလတွင် ကချင်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းပစ်ခတ်မှုများနှင့် မြေပြင်ထိုးစစ်များသည် တစ်ရှိန်ထိုး မြှင့်တက်လာခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများအား ပစ်မှတ်ထားတိုက်ခိုက်လာခြင်းကြောင့် ပြည်သူများသည် အသက်ဘေးမှလွတ် မြောက်ရာသို့ထွက်ပြေးခိုလှုံနေရသည်။ ထိုနည်းတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသ တွင်လည်း အကြမ်းဖက်စစ်တပ်သည် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် ပြည်သူအများအပြားသည် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်။

ကရင်နီပြည်မှ စစ်ဘေးရှောင် ပြည်သူများအား  အာဏာရှင်စစ်တပ်မှ အစုအပြုံလိုက်အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း နှစ်ပတ်လည်နေ့ ဒီဇင်ဘာ ၂၄ ရက်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးစနစ် ပြန်လည်အသက်သွင်းရန် ၂၀၂၀ ခုနှစ် “ရွေးကောက်ပွဲရလဒ် မဲမသမာမှုရှိသည်”ဟုသက်သေအထောက်အထား အခိုင်အလုံမရှိ၊ အကြောင်းမရှိအပြစ်ရှာကာပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့အစိုးရထံမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မတရားအာဏာသိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့် မီဒီယာဆိုသည့် မဏ္ဍိုင်ကြီးလေးရပ်သည်အကြမ်းဖက်စစ်တပ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ထို့အပြင် နိုင်ငံအဝန်းတွင်လည်းတရား ဥပဒေ စိုးမိုးမှုမရှိ တော့ပေ။  

သို့သော် ယခုလက်ရှိ အခြေအနေအရ အကြမ်း ဖက်စစ်တပ်၏  မတရား  အာဏာသိမ်းယူမှုကို  မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ၊ တိုင်းရင်းသားလက် နက်ကိုင်တပ်များ၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ (PDF) ဆန့်ကျင် ခုခံတော်လှန်နေသည်မှာ ယနေ့မတရား အာဏာသိမ်းပြီး ၂ နှစ် နီးပါးရှိလာသည့်တိုင်သွေးအေးမသွားပဲ ဆင်နွှဲနေဆဲဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည်  တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် တိုင်းရင်းသားဒေသ ချင်း၊ ကရင်၊ ကချင်၊ ကယား(ကရင်နီ) နှင့် ယခင်က တိုက်ပွဲများမရှိခဲ့ဖူးသော ဗမာလူမျိုး အများစုနေထိုင်သည့် စစ်ကိုင်း၊ မကွေးဒေသများတွင်ပါမကျန် အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။ အကြမ်းဖက်စစ်တပ်သည် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် အရေးမလှသောကြောင့် နေ့စဉ် ရက်ဆက် လေကြောင်းအားကိုးပြီး ပိုမိုတိုက်ခိုက်လာနေ သည်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) နာရီခန့်တွင် ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းမှ အမျိုးသမီးနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များ အပါအ၀င် အပြစ်မဲ့ ရွာသူ၊ ရွာသား (၄၀) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ကို ယာဥ်များပေါ်တွင် နောက်ပြန်ကြိုးတုပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်မှ တစ်နှစ်ပြည့်ခဲ့ပြီသော်လည်း ထိုဖြစ်စဉ်အတွင်းသတ်ဖြတ်ခံခဲ့ရသူများ၏ တရားမျှတမှုမှာ အလှမ်း၀ေးနေသေးသည့်အပြင် မိသားစု၀င်များသည် စိတ်ဒဏ်ရာများဖြင့် ရှင်သန်နေရသည်။ ထို့အပြင် ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဒီးမောဆိုမြို့နယ်အတွင်း  လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ပါ အပြင်းထန်ဆုံး ထပ်မံတိုက်ခိုက်လာနေသည်။ ထို့ကြောင့် ခရစ္စယာန်ဘာသာ၀င် အများဆုံးနေထိုင်သော ကယား (ကရင်နီ) ပြည်နယ်အတွက် အေးချမ်းလှသည့် ဒီဇင်ဘာ ခရစ္စမတ်ကာလသည်  ကြေကွဲ ဝမ်းနည်းမှုများဖြင့် ပြည့်နက်လို့နေသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းအားကိုးပြီး ပရမ်းပတာထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှု များကြောင့် ကယား (ကရင်နီ) ပြည်နယ်တွင် လူနေအိမ်များ၊ ဈေးဆိုင်များ၊ လမ်းတံတားများနှင့် ဘာသာရေးအဆောက် အဦးများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ အများအပြားသည်လည်း ထိခိုက်သေကျေခဲ့ရသကဲ့သို့၊ စစ်ဘေးရှောင် ပြည်သူများမှာလည်း တစ်ရက်ပြီးတစ်ရက် တိုးပွားလာနေပါသည်။ ထို့အပြင် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး စသည့် ကဏ္ဍများသည်လည်း ကြီးမားစွာထိခိုက်ဆုံးရှုံးကြရသည်။ အာဏာရှင်စစ်တပ်သည် ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး မင်းမဲ့စရိုက်ဆန်စွာ ညှင်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှု၊ နေအိမ်များမီးရှို့မှု၊ လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို နိုင်ငံအဝန်း၌ အထိန်းအကွပ်မရှိ လွတ်လပ်စွာ ကျူးလွန်နေသည်မှာ အားလုံးအသိပင်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုမှ ယခုကဲ့သို့ ကယား (ကရင်နီ)ပြည်နှင့် နိုင်ငံတဝှမ်းရှိ ပြည်သူများအပေါ် လူမဆန်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းသည် ဆယ်စုနှစ်များစွာ ၎င်းတို့ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနှင့် တရားမျှတမှုတို့ကို မဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် မိမိတို့ပြည်သူများကို လွန်စွာဒုက္ခရောက်စေပြီး ပြည်သူများ၏ လူသားလုံခြုံမှုကို ကင်းမဲ့စေသည်။

သို့ဖြစ်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို တားဆီးရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုပိတ်ပင်ရန်နှင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများချမှတ် လုပ်ဆောင်ရန်လိုသည်။ မြန်မာနိုင်ငံ၏ လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။ အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို စစ်အုပ်စုမှ တိုးမြှင့် လုပ်ဆောင်လာသည့်အတွက် လေယာဥ်ဆီ ရောင်းချတင်ပို့မှုအား ပိတ်ဆို့ အရေးယူရန်နှင့် လက်တွေ့ကျသောလုပ်ဆောင်မှုများ လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ASEAN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနဖြင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်ဆိုင်းရန်အတွက် စစ်အာဏာရှင်အပေါ် သံတမန်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေး အရေးယူရန် တောင်းဆိုသည်။

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသည် စစ်အာဏာရှင်လက်အောက်တွင် မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

နိုင်အဲမွန်

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
auemon@gmail.com

ဒိုင်းမွန်းထူး

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)(ND-Burma)

office@nd-burma.org

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄) ခုနှစ်တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။

ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများခံစားနေရပုံအကြောင်း အဖြစ်မှန်အမှန်တရားကို စုပေါင်းအသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်း စိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။

လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိုနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှာထည့်သွင်းပါသည်။ ထိုအပြင် ပူးတွဲအစီရင်ခံတင်ပြခြင်းနှင့် စည်းရုံလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမူများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏ လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့်အရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

တင်းပြည့်အဖွဲ့ဝင်များ

၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၂) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၃) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)

၄) အနာဂါတ်အလင်းတန်းဆုံမှတ်

၅) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆) ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇) တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈) တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉) ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်များ

၁) ချင်းလူ့အခွင့်အရေးအဖွဲ့

၂) ပအိုဝ်းလူငယ်များအစည်းအရုံး

၃) ပဲခူး အရှေ့ – နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄) ရှေ့ပြေးအသံ

ထောင်နှစ်နှစ်စေ့ရောက်ရန် လပိုင်းအလိုတွင် ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီက နောက်ထပ်ပုဒ်မတစ်ခုဖြင့် ထောင်ငါးနှစ် ထပ်ချသည်။

လွန်ခဲ့သည့် ၂ နှစ် အာဏာသိမ်းစကတည်းက ဖမ်းဆီးခံရကာ ထောင်၂ နှစ်ချခံထားရသည့် ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီက ထောင်ဒဏ် ငါးနှစ် ထပ်တိုးလိုက်သည်။

ဦးဟံသာညိန်းကို စစ်ကောင်စီက ၂၀၂၁ မတ် ၉ရက်တွင် ရန်ကုန်မြို့၌ ဖမ်းသွားပြီး စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှဉ်းပန်းကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။ ဖမ်းဆီးခံရပြီး တစ်နှစ်အကြာ ၂၀၂၂ မတ်လတွင် ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် ၎င်းကို စစ်ကောင်စီက အင်းစိန်ထောင်တွင်း တရားရုံးဖြင့် ထောင် ၂ နှစ်ချထားသည်။

ထိုထောင်ဒဏ် ၂ နှစ် စေ့ရောက်ရန် သုံးလဝန်းကျင်အလို ယနေ့ (ဒီဇင်ဘာ ၂၆) တွင် အီလက်ထရောနစ် ပုဒ်မ ၃၃(က) ဖြင့် ထောင်ငါးနှစ် ထပ်မံချမှတ်ခံရကြောင်း ဦးဟံသာညိန်း၏ မိသားစုဝင်တစ်ဦးက အတည်ပြုသည်။

“ကျွန်မတို့လည်း လွတ်ငြိမ်းတွေကြားတိုင်း လွတ်ငြိမ်းတွေ လွှတ်တဲ့အခါတိုင်း အစ်ကိုပါလာမလား ဆိုပြီး အမြဲတမ်းမျှော်လင့်ခဲ့ရတယ်ပေါ့နော်။ မျှော်လင့်သလိုတော့ မဖြစ်လာခဲ့ဘူးပေါ့နော်။ ဒီလိုပဲ ဆက်ပြီး ဖြတ်သန်းကြရမှာပါပဲ” ဟု ၎င်းက ဆိုသည်။

ဦးဟံသာညိန်းနှင့်အတူ ဖမ်းဆီးခံရသည့် ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် အမေရိကန်နိုင်ငံသား ဦးနေသန်မောင်ကိုမူ ၂၀၂၁ ဇွန်လတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

ယမန်နေ့( ဒီဇင်ဘာ ၂၅) တွင် အင်းစိန်ထောင်အတွင်း၌ အသက် ၄၁ နှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းခဲ့ရသည့် ဦးဟံသာညိန်းကို စစ်ကောင်စီ စွဲဆိုထားသည့် အမှုများအားလုံး စီရင်ချက်ချပြီးဖြစ်သည်ဟု မိသားစုဝင်ထံမှ သိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီက သတင်းထောက်များကိုလည်း ဖမ်းဆီးထားသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဦးဟံသာညိန်းအပါအဝင် သတင်းထောက် ၇ ဦးထက်မနည်းကို ကနဦး ထောင်ဒဏ် သို့မဟုတ် ထပ်တိုးထောင်ဒဏ်များ ချထားသည်။

ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ Myanmar Pressphoto Agency မှ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်း၊ သင်္ဃန်းကျွန်းပို့စ်မီဒီယာ ကိုဝေလင်းယုနှင့် မထက်ထက်အောင်၊ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းနှင့် ဦးဟံသာညိန်းတို့ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၄၃ ဦးရှိသည်ဟု သတင်းမီဒီယာအခြေအနေကို လေ့လာမှတ်တမ်းတင်နေသည့် Detained Journalists Information Myanmar အဖွဲ့၏စာရင်းအရ သိရသည်။

ဆက်လက်ဖမ်းဆီးခံထားရသည့် သတင်းသမား ၄၈ ဦး ကျန်ရှိနေပြီး သတင်းဌာန ၁၃ ခုကို  လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းကြောင်း စစ်ဗိုလ်ချုပ်များက ကြေညာထားသည်။

Myanmar Now News

စစ်ကောင်စီတပ်က အရပ်သား ၂,၅၆၁ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်၊ စစ်ကြောရေးတွင် သေဆုံးရသူများမှာ ရောဂါအခံကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက ဆင်ခြေပေးလေ့ရှိသည်။

နေပြည်တော်၊ လယ်ဝေးမြို့မှ လူငယ်တစ်ဦး မြို့လယ်ခေါင် ဗုံးဖောက်ခွဲရန် ကြံစည်သည်ဟု စွပ်စွဲဖမ်းဆီးခံရပြီး ၃၆ နာရီအတွင်း သေဆုံးသွားသည်ဟု မိတ်ဆွေများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ 

သေဆုံးသွားသူမှာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ကိုဖုန်းမြတ်ကိုဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ၎င်းအလုပ်လုပ်သည့် ထမင်းကြော်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက လယ်ဝေးမြို့လယ်၊ ဗိုလ်ချုပ်ကြေးရုပ် ရဲဂိတ်အနီး ဗုံးပေါက်ကွဲမှု သံသယဖြင့် ထိုလူငယ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း လယ်ဝေးမြို့ခံများနှင့် မိသားစုနှင့် နီးစပ်သူများက ပြောသည်။ 

ထိုလူငယ်နှင့်အတူ ပါသွားသည့် ပစ္စည်းတချို့ကိုသာ မိဘများက ပြန်ရခဲ့သည်ဟု သူ၏မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဒီဇင်ဘာ ၄ ရက်၊ မွန်းလွဲပိုင်း ၁ နာရီလောက်မှာ သူ့အဖေနဲ့ အမေဆီ ဖုန်းနဲ့ ဆိုင်ကယ် ပြန်ပေးတယ်။ ပြန်ပေးတော့ ‘ကျွန်မသားရော’ ဆိုတော့ ‘သေပြီ’ လို့ ပြောတယ်။ ကျွန်မသား ခေါ်သွားတုန်းက အကောင်းကြီး၊ ဘာလို့ဆုံးတာလဲဆိုတော့ ‘နှလုံးသွေးကြောကျဉ်းရောဂါရှိတော့ နှလုံးရပ်ပြီး ဆုံးတာ’ လို့ ပြောတယ်” ဟု သူက ဆိုသည်။

ကိုဖုန်းမြတ်ကို၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၄ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကွေ့ကြီးသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး စစ်တပ်ထုတ်စောင်တစ်ထည်ဖြင့် တစ်ကိုယ်လုံးကို ထုတ်ထားရာ မိသားစုက မျက်နှာကိုသာ မြင်ခွင့်ရခဲ့ကြောင်း သူက ဆက်ပြောသည်။

သေဆုံးသူတွင် အစ်ကိုတစ်ဦးရှိသည်၊ အသက် ၅၀ ကျော်အရွယ် ဖခင်မှာ ရေကားမောင်း၊ မိခင်ဖြစ်သူမှာ လယ်ဝေးဈေးတွင် ကုန်စိမ်းရောင်းချကြောင်း သိရသည်။

ကိုဖုန်းမြတ်ကိုသည် နံနက်ပိုင်းတွင် မိခင်ဖြစ်သူကို ဈေးကူရောင်းပြီး လယ်ဝေးမြို့၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအနီး လမ်းဘေးထမင်းကြော်ဆိုင်တွင် ညပိုင်း အလုပ်လုပ်ကိုင်သူဖြစ်သည်ဟု ဒက္ခိဏသီရိမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောပြသည်။ 

“ကောင်လေးက (ထမင်းကြော်) ဆိုင်မှာ အတော်အားကိုးရတာ၊ သူ့လက်သူ့ခြေပဲ။ ဟင်းထည့်တာ သူပဲ ဒိုင်ခံထည့်ပေးတာ။ ကျွန်တော့်ဆို အမြဲပိုထည့်ပေးနေကျ” ဟု သူက ဆိုသည်။

စကားပြောယဉ်ကျေးပြီး ချစ်ခင်ဖွယ် မျက်နှာသွင်ပြင်ရှိသည့် ကိုဖုန်းမြတ်ကိုသည် လူအများနှင့် တည့်အောင် နေထိုင်တတ်သူဖြစ်ကြောင်းလည်း ၎င်း၏ မိတ်ဆွေများက ပြောသည်။ 

“ခုလို နှိပ်စက်သတ်ဖြတ်တာကတော့ မင်းမဲ့စရိုက်ဆန်လွန်းတယ်။ သူလုပ်တာ သေချာရင်လည်း တရားဥပဒေနဲ့ အရေးယူပေါ့။ ခုက သူတို့ ဥပဒေစိုးမိုးတဲ့ နေပြည်တော်မြို့ပေါ်တွေမှာ ဘာမှလာမလုပ်နဲ့၊ လုပ်ရင် ဒီလိုသတ်ပစ်မယ်ဆိုတဲ့ ပုံစံနဲ့ ပြည်သူတွေကြောက်အောက် ခြိမ်းခြောက်လိုက်တာ” ဟု လယ်ဝေးမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ပုဗ္ဗသီရိမြို့နယ်ရှိ ရွာတော်စစ်ကြောရေးတွင် နေပြည်တော်မြို့ပြပျောက်ကြားအဖွဲ့ဝင် ငါးဦး၏ အမည်ကို ထုတ်ပြောခိုင်းရာ ကိုဖုန်းမြတ်ကိုက မပြောသဖြင့် နှိပ်စက်မှုဒဏ်ကြောင့် လက်လွန်သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရကြောင်း သူ၏ မိတ်ဆွေတစ်ဦးက ပြောသော်လည်း ထိုပြောကြားချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်မပြုနိုင်သေးပါ။ 

သေဆုံးမှုနှင့် ပတ်သက်၍လည်း စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်။

နေပြည်တော် ၈ မြို့နယ်အနက် လယ်ဝေးမြို့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားအကောင်းဆုံး မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် လယ်ဝေးမြို့ခံ နှစ်ဦးအထိ ရှိပြီ ဖြစ်သည်။
Lewe_protest.jpg

လယ်ဝေးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည့် ဒေသခံများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ တွင် တွေ့ရစဉ် (ဓာတ်ပုံ- မင်းမင်း/Myanmar Now) 

လယ်ဝေးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည့် ဒေသခံများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ တွင် တွေ့ရစဉ် (ဓာတ်ပုံ- မင်းမင်း/Myanmar Now) 

နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးမှာလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။

CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် အသက် ၃၆ နှစ်အရွယ် ဦးလှမင်းမောင်သည်ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးသွားသည်။ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရသော်လည်း ရောဂါအခံကြောင့် သေဆုံးခြင်းဟု စစ်ကောင်စီက အကြောင်းပြခဲ့သည်။ 

ထို့ပြင် ဇဗ္ဗူသီရိမြို့နယ်တွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တစ်ဦးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးကျော်ကျော်(ခ) အဂ္ဂမိုးညိုမှာလည်း ပြီးခဲ့သည့်နှစ် မတ်လအတွင်း စစ်ကောင်စီလက်ချက်ဖြင့် စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။  

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၊ မြို့ပြပြောက်ကျား စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရသူ ၅၀ ထက်မနည်း ရှိခဲ့သည်။  အများစုမှာ CCTV စောင့်ကြည့်ကင်မရာများမှတစ်ဆင့် ခြေရာခံမိပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အရပ်သားအစိုးရလက်ထက်တွင် နေပြည်တော်လုံခြုံရေးအတွက် ငွေကျပ် ၄ ဘီလျံကျော် အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာ(AI) သုံး စောင့်ကြည့်ကင်မရာ(CCTV) များ တပ်ဆင်ခဲ့သည်။ ထိုစီမံကိန်းတွင် အသုံးပြုထားသော ပစ္စည်းအများစုမှာ တရုတ်နိုင်ငံ၊ ဟွာဝေး(Huawei) ကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် အသက် ၃၇ နှစ်အရွယ် ဦးခင်မောင်ရင်နှင့် အသက် ၄၈ နှစ်အရွယ် ဦးတင်ကိုငြိမ်း(ခ)ရွှေကောင်း တို့ နှစ်ဦးကို နေပြည်တော်အချုပ်ထောင်တရားရုံးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နှစ်ရှည်ထောင်ဒဏ်အဖြစ် နှစ် ၄၀ ကျော်စီ ချမှတ်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုနှစ်ဦးမှာ နေပြည်တော်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဗိုလ်တေဇဆိုသူ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်-ပကဖ) ခေါင်းဆောင်က အတည်ပြုသည်။
Capt_tayza_naypyitaw.jpeg

နေပြည်တော် ပကဖ ခေါင်းဆောင် ဗိုလ်တေဇ

နေပြည်တော် ပကဖ ခေါင်းဆောင် ဗိုလ်တေဇ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ခေါင်းဆောင်ဟောင်းများ နေထိုင်ရာ နေပြည်တော်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း၊ ဘန်ကာများအပြင် အချို့နေရာများတွင် ကတုတ်ကျင်းများပါ တူးထားကြောင်း Myanmar Now က သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။ 

စစ်ကောင်စီဘက်က ထိုသို့ အပြည့်အဝထိန်းချုပ်ထားသည့် နေပြည်တော်တွင် ယခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှု မရှိတော့သလောက် နည်းပါးသွားသည်။ 

PDF အပါအဝင် နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်အများစုမှာ လက်ရှိတွင် ကယား(ကရင်နီ) နှင့် ကရင်ပြည်နယ်အတွင်း အဓိကအခြေစိုက်ပြီး လှုပ်ရှားနေကြသည်မှာလည်း အများသိသော လျှို့ဝှက်ချက်ဖြစ်သည်။ 

လယ်ဝေးမြို့လယ် စစ်တပ်ဂိတ်အနီး ဒီဇင်ဘာ ၁ ရက် နံနက် ၇ နာရီခွဲတွင် ဗုံးတစ်လုံးဖောက်ခွဲခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထိုပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးမှု တစ်စုံတစ်ရာ မရှိကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူပေါင်း ၂၅၆၁ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်ကြောရေးတွင် သေဆုံးသူများလည်း ပါဝင်ပြီး စစ်ကောင်စီကမူ ထိုသူများသည် ရောဂါအခံကြောင့် သေဆုံးရခြင်းဟု ဆင်ခြေပေးလေ့ရှိသည်။

Myanmar Now News