ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လေတပ်က မင်းတပ်မြို့ ဘုန်းကြီးကျောင်းကို ဗုံးကြဲ၊ စစ်ရှောင် ၅ ဦး ဒဏ်ရာရ
ချင်းပြည်နယ်တွင် စစ်ရှောင်တချို့ခိုလှုံနေသော ဘုန်းကြီးကျောင်း ဗုံး ၄ လုံးကြဲခံရခြင်း၊ စက်သေနတ်ဖြင့် ပစ်ခံရခြင်းကြောင့် ထိခိုက်သူများထဲတွင် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာကို စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
၂ ဦး ဒဏ်ရာပြင်းထန်သည်၊ ပျက်စီးသည့် အဆောက်အအုံများထဲတွင် ဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ပါဝင်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန်က Myanmar Now ကို ပြောသည်။
“ဗုံး ၄ လုံး ကြဲတယ်။ လေယာဉ်ကနေလည်း ပစ်ခတ်သွားတယ်။ IDP (စစ်ရှောင်) တွေကို ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ ဝေဖို့၊ သူ့တို့ဟာသူတို့ အေးဆေးလုပ်နေတာ။ ရွာဝန်းကျင် ပစ်ခတ်သွားတယ်။ ဗုံးကြဲတာတော့ စေတီနဲ့ သိမ်ကျောင်းပေါ်လည်း ကျတယ်။ စေတီနားတွေလည်း ကျတယ်။ လေယာဉ်နဲ့ ပစ်တာတော့ လူနေအိမ် ၂ လုံးလောက် ထိသွားတယ်” ဟု သူက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ၏ အမည်၊ အသက်အရွယ်နှင့် ဒဏ်ရာအခြေအနေများကို အသေးစိတ်မသိရသေးပေ။
ဇန်နဝါရီ ၂၁ ညပိုင်းကလည်း ထိုရွာနှင့် ၅ မိုင်ကျော်အကွာရှိ စွန်တောင်ရွာကိုလည်း လေယာဉ်က နှစ်ကြိမ် ဗုံးကြဲခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရသည်။
ထိုသို့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုအပြီး ယမန်နေ့တွင် မြို့ပေါ်အခြေစိုက်တပ်များက မင်းတပ်မြို့ဆေးရုံဝင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“လူနာတွေကို ဆေးခန်းကို ယူသွားလို့မရဘူး။ ဆေးခန်းကို လက်နက်ကြီးနဲ့ ထုနေတယ်။ စာသင်ကျောင်း သယ်သွားမလား၊ ဘုန်းကြီးကျောင်း သယ်သွားမလားဆိုတော့လည်း ဘုန်းကြီးကျောင်းလည်း မလုံခြုံဘူး။ (ဗုံး) ကြဲတာပဲ။ စာသင်ကျောင်းလည်း ကြဲနိုင်တာပဲ ဆိုတော့ ကျွန်တော်တို့က တောထဲတောင်ထဲ၊ ချောက်ထဲမှာပဲ အဆင်ပြေသလို ကုသနေရတာပေါ့” ဟု ဆလိုင်းယောမန်က ဆိုသည်။
“အရေးပေါ်ကုသမှုမျိုးလောက်ပဲ ပေးနိုင်တယ်။ လုံလောက်တဲ့ နေရာထိုင်ခင်းနဲ့ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်းတော့ မရှိဘူးပေါ့”
မင်းတပ်အခြေစိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ကလည်း စစ်ကောင်စီ၏လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ဘာသာရေးအဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် အရပ်သားများကို ပစ်မှတ်ထားခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို ဆန့်ကျင်သည့်လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု မင်းတပ် CDF က ဆိုသည်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များအနီး သတ်မှတ်ချက်နှင့်အညီ ပုန်းခိုကျင်းများတူးရန် CDF မင်းတပ်က တိုက်တွန်းထားသည်။
“အနည်းဆုံး ၄ ပေ၊ ၅ ပေလောက် နက်ရမယ်။ အနည်းဆုံး လူ ၂ ယောက် ချောင်ချောင်ချိချိ သွားလာလို့ ရရမယ်။ အပေါ်မှာ အမိုးမိုးရမယ်။ လေဝင်လေထွက်ကောင်းရမယ်” ဟု ဆလိုင်းယောမန်က ပြောသည်။
သို့သော် ဒေသခံအများစုမှာ အိမ်တွင် နေထိုင်ရုံမျှမက တောင်ယာလုပ်ငန်းခွင်တွင်လည်း နေထိုင်လေ့ရှိသည့်အတွက် နေရာတိုင်းတွင် ပုန်းခိုကျင်းတူးရန် အခက်အခဲရှိနိုင်ကြောင်း သိရသည်။
စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံခဲ့သည့် မင်းတပ်မြို့နယ်တွင် စစ်ရှောင် ၁၂၀၀၀ နီးပါးရှိပြီး နီးစပ်ရာကျေးရွာများနှင့် ဆွေမျိုးသားချင်းများရှိရာ ကျေးရွာများတွင် ခိုလှုံနေရသည်။
စစ်ကောင်စီသည် ယခုနှစ်ဆန်းအတွင်း ချင်းပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေကာ မြန်မာ-အိန္ဒိယနယ်စပ် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီ ၁၀နှင့် ၁၁ တို့ တွင် ၂ ရက်ဆက် ဗုံးကြဲခဲ့၍ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီလေတပ်သည် ချင်းပြည်နယ်သာမက စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့တွင်လည်း စစ်ရေးပစ်မှတ်များကိုသာမက ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများကိုလည်း အလားတူ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။
Myanmar Now News
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၁၅ မှ ၂၁) ရက်နေ့ထိ
ဇန်နဝါရီလ ၁၅ရက်မှ ၂၁ရက်နေ့အတွင်း စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ် တို့တွင် လေကြောင်းပစ်ခတ် ဗုံးကြဲမှု စုစုပေါင်း (၆)ကြိမ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှု အတွင်း ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချရာ ပြည်သူများ မီးလောင်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်များ မီးလောင် ပျက်စီးခဲ့သည်။ ရန်ကုန် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ၃ ဦး
အပါအဝင် အကျဉ်းသား ၇၀၀ ခန့်ကို ထောင်ပြောင်းရွေ့မှု ပြုလုပ်ခဲ့သည်။
Infogram
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၈ မှ ၁၄) ရက်နေ့ထိ
Infogram
ကျွန်းလှနဲ့ ကန့်ဘလူမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးရ
စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ဇန်နဝါရီလ ၁၄ ရက်က စစ်ကောင်စီတပ်က ကျေးရွာ ၁၄ ရွာကို စစ်ကြောင်းထိုးလို့ အရပ်သား ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့နယ် တောင်ယာဆိပ်၊ မြင်သာဦး၊ သံပရာပင်စု၊ မြဘုံသာ၊ တကုန်း၊ ကုက္ကိုကုန်းနဲ့ ကန့်ဘလူမြို့နယ် ညောင်ကုန်း၊ ပလူသာ၊ သရက်တော၊ မကျီးကုန်း၊ တည်ပင်၊ ချောင်းကြား ရွာတွေ အပါအဝင် ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို ဇန်နဝါရီလ ၁၄ ရက်ညနေပိုင်းမှာ စစ်ကောင်စီ တပ်တွေက မီးရှို့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညနေက ညောင်ကုန်းရွာကို မီးဝင်ရှို့တယ်။ ကန့်ဘလူ ချပ်ကြီးရွာဘက်နေ ညောင်ကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာတာ။ ညောင်ကုန်းရွာက ဒုတိယအကြိမ် မီးရှို့ခံရတာ။ ပထမတစ်ကြိမ်တုန်းက နေအိမ် ၃၀ လောက်မီး လောင်ပျက်စီးခဲ့ သေးတယ်။ ရွာစဉ်တစ်လျှောက် စစ်ကြောင်းထိုးတဲ့နေရာက တောတိုက် (တဲ) တွေတော့ မီးရှို့ခံလိုက်ရတယ်”
ညောင်ကုန်းရွာက နေအိမ် အလုံး ၅၀ နဲ့ စပါးကျီ ၁၅ လုံး၊ တဲခုနစ်လုံး မီးရှို့ဖျက်ဆီးခံလိုက် ရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
RFA Burmese
အကြမ်းဖက်ဖြိုခွင်းခံရပြီး ပုသိမ်ထောင်မှာ ထောင်ဝင်စာတစ်လပိတ်ခံရ
ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးရတဲ့ ထောင်ဆူပူမှုမှာ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ထောင်ဝင်စာပစ္စည်း ပို့ခွင့်ကို တစ်လပိတ်လိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတစ်ဦးဆီက လက်ကိုင်ဖုန်းတွေ့တဲ့အတွက် ထောင်အာဏာပိုင်တွေ က ရိုက်နှက်စစ်ဆေးခဲ့တာကို ဇန်နဝါရီ ၆ ရက်မှာ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်ဆန္ဒပြတာကနေ ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။
ဒီဖြစ်စဉ်ပြီးနောက်ရက် ဇန်နဝါရီလ ၇ ရက်ကစပြီး ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပို့ခွင့် ပိတ်လိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
“တစ်လ ပိတ်ထားတယ်။ ရှေ့လငါးရက်နေ့မှာ ပြန်ဖွင့်မယ်လို့ပြောတယ်။ လောလောဆယ် အဲဒီတစ်လလုံးကတော့ ထောင်ဝင်စာမပို့ရဘူးပေါ့။ အစားအသောက် အခက်အခဲဖြစ်မှာပေါ့နော်။ နဂိုဆိုရင်တော့ ထောင်ဝင်စာပိတ်တယ်ဆိုရင်တောင် အထဲသက်သာဆိုင်ကနေပြီးတော့ မှာစားလို့ရတယ်။ အခုက အထဲသက်သာဆိုင်ရော အကုန်လုံးပိတ်ထားတယ်။ သူတို့ကျွေးတာနဲ့ ပဲစားရမှာပေါ့ ဒါပဲရှိတယ်။ အရင်က ပို့ထားတဲ့ (အစားအသောက်) တွေကိုလည်း သိမ်းတယ်လို့ကြားတယ်။ သူတို့ကျွေးတာပဲ စားရေးမှာပေါ့လေ အဲဒါပဲရှိတယ်”
နောက်ထပ် အကျဉ်းသားမိသားစုဝင်တစ်ဦးကလည်း ဒီတစ်လတော့ အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေ ကျွေးသလောက်သာစားပြီး ခက်ခက်ခဲခဲနေရတော့မယ်လို့ RFA ကို ပြောပါတယ်။
“၆ ရက်နေ့က ပါဆယ်ပေးမယ်ဆိုပြီး သွားတဲ့နေ့ကတည်းက ပိတ်ထားတာ။ ကျမတို့ ဟိုနေ့ကတော့ သွားပြီးစုံစမ်းသေးတယ်။ တစ်လပိတ်တယ်ဆိုပြီးတော့ ထောင်အရှေ့က ဝန်ထမ်းတွေက ပြောလိုက်တယ်။ အဆက်သွယ်ကျတော့လည်းဘာမှ ဆက်သွယ်လို့ မရတော့တာ။ စားရေးသောက်ရေးကတော့ အထဲကပစ္စည်းတွေ၊ ပို့ထားတဲ့မုန့်ပဲ သရေစာတွေ ဘာတွေတောင်မှ သိမ်းသွားတယ်ဆိုပြီး ပြောသံကြားတယ်။ သူတို့ကျွေးတာလေးပဲ စားပြီးတော့ အဆင်ပြေသလိုပဲနေရမှာပေါ့။ အခက်အခဲက ရှိမှာပေါ့”
အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေကို ထမင်းတစ်နပ်ပဲ ကျွေးတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် စိုးရိမ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင်တုန်းက တစ်ပတ်မှာ တစ်ရက် ထောင်ဝင်စာပစ္စည်းပို့ခွင့် ရခဲ့ပါတယ်။
ထောင်ဝင်စာပစ္စည်းပို့ခွင့် ပိတ်လိုက်တာက အကျဉ်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှု ဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ဝေဖန်ပါတယ်။
“ကိုဗစ်ရောဂါ ကပ်ဘေးကြောင့် ၂၀၂၀၊ မတ်လကတည်းက စပြီးတော့ အကျဉ်းထောင် တိုင်းမှာ လူထောင်ဝင်စာ တွေ့ဆုံခွင့်၊ လူတွေ့တွေ့ဆုံခွင့် ပိတ်ထားတယ်။ အခုထပ်ပြီး ပိတ်လိုက်တာသည် ပစ္စည်းပေးခွင့်နဲ့ စာပေးစာယူအခွင့်အရေးကို ပိတ်လိုက်တယ်ဆိုရင် အကျဉ်းသား၊ အချုပ်သားတွေမှာ စားဝတ်နေရေးနဲ့ပတ်သက်ပြီး အခက်အခဲတော့ ရှိလာနိုင်တာပေါ့။ အဲလိုတော့ ဖြစ်လာနိုင်တယ်။ စစ်ဆေးမှုပြီးဆုံးသွားရင်တော့ ပြန်ပြီး တော့ဖွင့်ပေးမှာပါ။ ပြဿနာကြီးကြီးမားမား ဖြစ်ထားတဲ့ထောင်မှာ နောက်ထပ် အကျဉ်းသားတွေအပေါ်မှာ ဖိအားဖြစ်စေနိုင်တာမျိုး မဖန်တီးမိဖို့ ထောင်အာဏာပိုင်တွေ က နားလည်သဘောပေါက်ပါတယ်။ ထပ်ပြီးတော့မှ ဖိအားသဘောမျိုး ဖြစ်လာရင် နောက်ဆက်တွဲ အလားတူဖြစ်သွားမှာလည်း ကြိုတင်တွက်ဆထားပြီးသားဆိုတော့ သိပ်တော့မကြာလောက်ပါဘူး”
ပုသိမ်မြို့အကျဉ်းထောင်က အဓိကရုဏ်းအတွင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးနဲ့ ကိုဝင်းမင်းထက်တို့ နှစ်ဦးသေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပဋိပက္ခမှာပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကို စစ်ကောင်စီက ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်က ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်က ထောင်ဝင်စာဌာနမှာ လူရှစ်ဦးအထိသေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် နိုင်ငံ တစ်ဝန်းက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ ပစ္စည်းပို့ခွင့် နှစ်ပတ်နီးပါးပိတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၃ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၁၃,၄၉၅ ဦးရှိပါတယ်။
RFA Burmese
ဧရာဝတီမြစ်ဘေးရွာများကို စစ်တပ် ဝင်ပစ်၊ ဝက်လက်ဒေသခံများ ထွက်ပြေးရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရေလယ်ကျွန်းရွာများတွင် တပ်စွဲသည့် စစ်ကောင်စီတပ်က မြစ်ကမ်းဘေး ရွာများကို လိုက်ပစ်နေ၍ ၁၃ ရွာမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးခဲ့ရသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများကို ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီတပ်က ရေကြောင်းမှ ပစ်ခတ်နေ၍ အနည်းဆုံး ကျေးရွာ ၁၃ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
မတ္တရာမြို့နယ်ဘက်မှ လာသော စစ်ကောင်စီတပ်များက မြစ်အတိုင်း ဆန်တက်လာခဲ့ပြီး မြစ်လယ်ကျွန်းရွာများအား ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သလို စက်လှေများဖြင့် မြစ်ကြောင်းအတိုင်း ဝက်လက်မြို့နယ် မြစ်ကမ်းဘေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။
ဇန်နဝါရီ ၁၁ ညနေကတည်းက စစ်ကောင်စီတပ်များသည် ရေလယ်ကျွန်းရွာများဖြစ်သည့် မြစိမ်း၊ ရွာသာယာ၊ လက်ပံ ကုန်း၊ ပေါက်ကုန်း၊ ဆင်ကျွန်း စသည့်ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ် ရန်ကြောင့် ဒေသခံတို့ ရာထောင်ချီ ထွက်ပြေးရသည့် မြစ်ကမ်းဘေးရွာများမှာ ငါးပတ်ချောင်း၊ ကူကြီး၊ သစ်ဆိမ့်၊ လှေပို့ဆိပ်၊ ရေဂမိုး၊ ရွာသစ်၊ ရှားကွဲ၊ ထုံးဘို၊ ရွာသာ၊ မှော်ဦး၊ ကမ်းဖြူ၊ ရေလည်မှော်၊ သရက်ပင် စသည့်ရွာများဖြစ်သည်ဟု ရွာခံများက ပြောသည်။
“တစ်ညလုံး တောထဲပဲ၊ အေးလိုက်တာလည်း ပြောမနေနဲ့၊ (ရွာထဲ) ဝင်တာ မဝင်တာ နောက်ထား၊ အန္တရာယ်ကင်းအောင်တော့ ရှောင်ကြရတာပါပဲ။ ညနေလောက်ကတည်းက သေနတ်သံတွေ အသံတွေ ကြားနေရတာ၊ ညနက်တော့ တဂျိမ်းဂျမ်းပစ်ပြီဆိုတော့ ရွာကို ဝင်ပြီပဲ ထင်တာလေ။ သူတို့ (စစ်တပ်) မဝင်ခင် ရှောင်ရတာပေါ့” ဟု သစ်ဆိမ့်ရွာသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်နေကြရသည့် ကျေးရွာများသည် အိမ်ခြေ ၁၅၀ ခန့်မှ ၃၀၀ ခန့်အထိ အသီးသီးရှိကြပြီး နေရပ်စွန့်ခွာထွက်ပြေးရသူတို့သည် ဘေးလွတ်မည်ယူဆရသည့် တောတောင်များထဲသို့ ပြေးပုန်းကြရခြင်း ဖြစ်သည်။Img_9626.Jpg
ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့အား ခင်ဦးမြို့နယ်အတွင်း ယမန်နှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now)
ဒေသခံကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော Acid Local PDF ခေါင်းဆောင် ကိုဟယ်ရီက ရေလယ်ကျွန်းရွာများတွင် စစ်တပ်က နေရာယူထားကြောင်း ပြောသည်။
“ညနက်ချိန်မှာ လက်နက်ကြီးတွေ တရစပ်ပစ်၊ လက်နက်ငယ်တွေ၊ (ကျည်) ဘောက်ကုန် ဆွဲပြီး ပစ်နေတော့ ရွာတွေထဲကို ဝင်ပြီဆိုပြီး ပြေးကြရတာပေါ့။ အခုက ရေပေါ်ရွာတွေထဲကို နေရာယူထားတာ၊ စစ်ကြောင်းထိုးမယ်လို့ ထင်တယ်၊ လေကြောင်းကနေ တိုက်ခိုက်မယ်လို့လည်း သတင်းတွေ ကြားနေရတယ်” ဟု သူက ဆိုသည်။
လက်ရှိတွင် ရေလယ်ကျွန်းရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် စက်လှေတချို့ဖြင့် မြစ်ကြောင်းအတိုင်း လိုက်လံပစ်ခတ်ခဲ့သော်လည်း မြစ်ကမ်းဘေးကျေးရွာများဘက်သို့ ကူးလာခြင်းမရှိသေးကြောင်း သိရသည်။
စစ်သားတို့က အရပ်သားများကို ပစ်ခတ်သည်ဆိုသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိသူတို့၏ တုံ့ပြန်ချက် ရရှိရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က ယမန်နှစ်အတွင်းကလည်း စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ စီးနင်းခဲ့ပြီး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း မျိုးစုံဖြင့် ထိုးစစ်ဆင်ခဲ့သည်။
ယခုတွင်လည်း မန္တလေး၊ မတ္တရာမြို့နယ်အတွင်းရှိ အခြေစိုက်တပ်များက ဝက်လက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု သိရသည်။
ယမန်နှစ် ဇန်နဝါရီအတွင်း ဝက်လက်မြို့အရှေ့ဘက် ၁၀ မိုင်အကွာ ညောင်ပင်ကြီးတောရွာအနီးရှိ ရက္ကန်းတောင်ဘုန်းကြီးကျောင်းဝန်းကျင်သို့ စစ်သားအင်အား ၅၀ ခန့်က စစ်ရဟတ်ယာဉ်များနှင့် ရောက်လာပြီး စီးနင်းခဲ့သလို လေကြောင်းမှလည်းပစ်ကူခဲ့သည်။
အလားတူ ယမန်နှစ် အောက်တိုဘာတတိယပတ်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ PDF သင်တန်းကျောင်းတစ်ခုကို တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi 35) ၂ စီး၊ တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်ဗုံးကြဲခဲ့ရာ PDF ၃ ဦး၊ ပြည်သူ ၃ ဦး သေဆုံး၍ လက်နက်အချို့ ဆုံးရှုံးခဲ့သည်။
ဝက်လက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင်တပ်ရင်း ၃ ခု အနည်းဆုံး အခြေစိုက်သလို ကာကွယ်ရေးအဖွဲ့များ အားကောင်းသည့်အတွက် မကြာခဏ စစ်ကြောင်းထိုးခံနေရသော ဒေသတစ်ခု ဖြစ်သည်။
အလားတူ ကာကွယ်ရေးအဖွဲ့များကလည်း ရွှေဘို-မန္တလေးကားလမ်းတစ်လျှောက်နှင့် စစ်ကိုင်း၊ မန္တလေးဘက်မှ မြန်မာပြည်အထက်ပိုင်းသို့ ထောက်ပံ့ပို့ဆောင်ရေးလုပ်သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်နေသည်။
Myanmar Now News