ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

အတင်းအကြပ် အစဖျောက်ပစ်ခြင် (Enforced Disappearance)
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၁ မှ ၇) ရက်နေ့ထိ
Infogram
ပုသိမ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု NUG ဝေဖန်
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။
အဓိကရုဏ်းကို ထောင်အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး (ခ) ရာစု သေဆုံးခဲ့သလို အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက် (ခ) မဲကြီး ပျောက်ဆုံးနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီအပြင် နိုင်ငံရေးအကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ကိုးဦးက အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီဖြစ်ရပ်အတွက် ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေ တာဝန်ခံရမယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကိုပြောပါတယ်။
“ ဒီကိစ္စဟာထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒါဟာ အင်အားအလွန်အကျွံသုံးပြီး သတ်ဖြတ်မှုဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာရှိတဲ့သူတွေ သေဆုံးရင် ထောင်ရဲ့စည်းကမ်းအရ မိသားစုတွေကို အလောင်းပြန်ပေးတာ လုပ်ရပါတယ်။ အခု အလောင်းပြန်မပေးတာဟာ ထောင်မှာရှိတဲ့ လုပ်ထုံးလုပ်နည်း၊ လက်စွဲတွေကို ချိုးဖောက်တာဖြစ်ပါတယ်။ အဲတော့ ဒီကိစ္စဟာ လူ့အခွင့်ရေး ချိုးဖောက်မှုတင်မကဘဲ ထောင်နဲ့ပတ်သက်တဲ့ စည်းကမ်းတွေကိုပါ ချိုးဖောက်တာဖြစ်ပါတယ်”
ဒီဖြစ်စဉ်အပါအဝင် အကျဉ်းထောင်တွေထဲ စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ မတရား သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ထားပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးပို့မယ်လို့လည်း သူကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ပုသိမ် အကျဉ်းထောင်ထဲ လူသေဆုံးမှုဟာ ဥပဒေမဲ့သတ်ဖြတ်ခံလိုက်ရတာလို့ ဇန်နဝါရီလ ၈ ရက် ဒီကနေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကတော့ ပုသိမ်ထောင်မှာ အကျဉ်းသားအချင်းချင်း ရိုက်နှက်လို့ အချုပ်သားတစ်ယောက် သေဆုံးပြီး ၆၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦး ထုတ်ပြန်ထားပါတယ်။
rfa burma
ပုသိမ်အကျဉ်းထောင်အတွင်း မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်
ရက်စွဲ။ ။ ဇန်နဝါရီ ၈၊ ၂၀၂၃။
ပုသိမ်အကျဉ်းထောင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ထောင် အာဏာပိုင်တို့ကြား ပြဿနာြဖစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်ခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်း များကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမား သောရာဇဝတ်မှုကိုပါကျူးလွန်လိုက်သည့်လုပ်ရပ် ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)မှ ထုတ်ပြန်လိုက်သည်။
၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေ စိုးမိုးရေးပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်း ဦးစီးဝန်ထမ်းများက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့မတရားပြစ်ဒဏ်များချမှတ်ခြင်း၊ အကျဉ်း ထောင်အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်လျက်ရှိနေပါသည်။
၂။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ မှစတင်ခဲ့သောပုသိမ်ထောင်ဖြစ်စဉ်တွင် အင်အားအလွန်အကျွံသုံး၍ အသက်သေဆုံးစေသည့် ညှဉ်းပန်းနှိပ်စက်မှု ပြုမူဆောင်ရွက်ခြင်းကြောင့် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား တစ်ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်းသား အများအပြား ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်သည် အကျဉ်းထောင်တွင်း မတရား ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းကို ကျူးလွန်လိုက် ကြောင်း ထင်ရှားနေပါသည်။ ထိုသို့ကျူးလွန်မှုသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT) ကို အတိအလင်းချိုးဖောက်ရာရောက်သည်။
၃။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်မှူး မြင့်အောင်၊ နယ်မြေစခန်းမှူး ကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူများ၊ သက်ဆိုင်ရာထောင်အာဏာပိုင်များ၊ ကိုယ်တိုင်ကျူးလွန်သူများအားလုံးအနေဖြင့် တာဝန်ခံရမည်ဖြစ်သည်။
၄။ ထိုကဲ့သို့ ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနှင့် မတရားညှဉ်းပန်းနှိပ်စက်ခြင်းများအပေါ် မိမိတို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်အသင်း အနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချလိုက်ပြီး မတရားကျူးလွန်ခံခဲ့ရ သည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် တရားမျှတမှုရရှိနိုင်ရေး အစွမ်းကုန် ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။
၅။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ပုသိမ်ထောင်ဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ်ကြုံတွေ့ နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်းနှိပ်စက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ပြီး အဆိုပါကျူးလွန်မှုများကို ပြည်တွင်း တရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံတကာတရားစီရင်ရေးယန္တရားတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။
ညှဉ်းပန်းနှိပ်စက်မှုနှင့်အခြားသောရက်စက်၍လူမဆန်သည့်(သို့)လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်ပြုမှုဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးမှုတို့ကိုတားမြစ်ဆန့်ကျင်သည့်သဘောတူစာချုပ် (UNCAT)
အပိုဒ်(၂) (၂) စစ်မက်ဖြစ်ပွားသည့်ကာလ(သို့)စစ်ဘေးအန္တရာယ်ကျရောက်နိုင်သည့်ကာလ၊ ပြည်တွင်း နိုင်ငံရေး မငြိမ်သက်မှု(သို့) အခြားသောအများပြည်သူအပေါ် သက်ရောက်သည့် အရေးပေါ်အခြေအနေ တို့အပြင် မည်သည့် အခြေအနေမျိုးတွင်မဆို ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ကျူးလွန်ခွင့်မပြု။
အပိုဒ်(၂)(၃) အထက်အရာရှိ(သို့) အစိုးရအရာရှိများထံမှအမိန့်တစ်ရပ်ရပ်အား နှိပ်စက်မှုပြုလုပ်ကျူးလွန်ရန် အကြောင်းပြချက်အဖြစ် သုံးခွင့်မပြု။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
ဆက်သွယ်ရန်- info@aappb.org
ဒေါင်းလော့ရယူရန် chrome-extension://efaidnbmnnnibpcajpcglclefindmkaj/https://aappb.org/…/Statement-on-Pathein-Prison-case…
၂ဝ၂၂ ခုနှစ်အတွင်း အိမ်အလုံးပေါင်း လေးသောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် တစ်နှစ်လုံးမှာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း လေးသောင်းတစ်ထောင်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ထုတ်ပြန်ပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အခြေခံကောက်ယူထားတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေက ဒီထက်မက ပိုများနိုင်တယ်လို့ NUG အစိုးရရဲ့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။
အဲဒီထဲမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း သုံးသောင်းတစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ ဒေသခံတွေက ရုပ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ တစ်ချိန်လုံး ငြင်းဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသူတွေက စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့နယ်မြေမှာ နေအိမ်တွေ အဆောက်အအုံတွေကို ဖျက်ဆီး မြေလှန်မီးရှို့တဲ့ မူဝါဒ (scorched-earth policy) ကျင့်သုံးနေတာလို့ သုံးသပ်ပြောဆိုပါတယ်။
RFA Burmese
လွတ်လပ်ရေးနေ့အခမ်းအနား လုံခြုံရေးတင်းကျပ်ပြီး အကျဉ်းသား ၇၀၀၀ ကျော် ပြန်လွှတ်
ဇန်နဝါရီ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ လုံခြုံရေးအစောင့်အရှောက် များစွာနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး အကျဉ်းသား ခုနစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ ပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေ တက်ရောက်ပြီး စစ်ရေးပြအခမ်းအနားနဲ့ ဆုတံဆိပ်ချီးမြှင့်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာတော့ ရွှေတိဂုံစေတီ ပြည်သူ့ရင်ပြင်နဲ့ မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဈေးပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့ခံတချို့ကတော့ စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို သပိတ်မှောက်ထားတာကြောင့် ဘယ်လိုပျော်ပွဲရွှင်ပွဲမှာမှ မပါဝင်ဘူးလို့ ပြောပါတယ်။
အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး အမှန်တကယ် မရသေးတာကြောင့် ဒီနေ့ကို လွတ်လပ်ရေးနေ့လို့ မခံစားရဘူးလို့ ရန်ကုန်မြို့က ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
“လွတ်လပ်ရေးနေ့ကတော့ တကယ်လွတ်လပ်တယ်၊ မလွတ်လပ်ဘူးဆိုတာ ကိုယ် ကိုယ်တိုင် ခံစားနေရတယ်။ ပြီးခဲ့တဲ့ နှစ်ရယ်၊ ဒီနှစ်ရယ် နှစ်နှစ်ရှိပြီ၊ ကျနော်တို့နိုင်ငံက လွတ်လပ်ရေး တကယ်မရသေးပါလားဆိုတဲ့ စိတ်ကြီးက ကြီးစိုးထားတယ်။ ဒီလွတ်လပ်ရေးနေ့ဆိုပြီး ခံယူချက်တောင် စိတ်ထဲမှာ မရှိတော့ဘူး။ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ၊ ဒီမိုကရေစီ အပြည့်အဝရပြီဆိုရင် ဒီနေ့က လွတ်လပ်ရေးနေ့ဆိုတာ ကျနော်တို့ရင်ထဲမှာ တကယ်သတ်မှတ်မှာ။ အခုကတော့ လွတ်လွပ်ရေးနေ့ဆိုတာ အရင်က စာထဲမှာဖတ်ဖူးတဲ့ အသိဉာဏ်တွေတောင် ပျောက်ကုန်ပြီ။ သာမန် ရက်တစ်ရက်အနေနဲ့ပဲ ရှိတော့တယ်”
အခုချိန်ထိ နိုင်ငံတစ်ဝန်းက အပြစ်မဲ့ ပြည်သူတွေ ဖမ်းဆီးခံရ၊ ထောင်ချခံရ၊ ပစ်သတ်ခံ နေရတာကြောင့် အရပ်သားအစိုးရ အာဏာပြန်မရမချင်း မပျော်နိုင်ဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီကိုယ်တိုင် ကျင်းပတဲ့ လွပ်လပ်ရေးနေ့ အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကိုတောင် လုံခြုံရေး တင်းကျပ်နေရတာက တိုင်းပြည်ရဲ့ မလုံခြုံမှုနဲ့ မလွတ်လပ်မှုကို ပေါ်လွင်ထင်ရှားစေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“သူကိုယ်တိုင် အာဏာသိမ်းထားပြီးတော့ လွတ်လပ်ရေးနေ့ကို ပွဲလမ်းသဘင်ပုံစံနဲ့ ကျင်းပတာက ဂုဏ်သိက္ခာမဲ့စွာ ပြုမူနေတယ်လို့ မြင်ရတယ်။ ပျော်ပွဲရွှင်ပွဲတွေ ဘယ်လောက်ပဲ လုပ်နေပါစေ၊ သူတို့ကိုယ်တိုင် မလွတ်လပ်ဘူးဆိုတာ သူတို့ သိတယ်။ လုံခြုံရေးလည်း စည်းအထပ်ထပ်ချ၊ သူတို့ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေပဲ ကြီးမှူးကျင်းပနေတာက သူတို့ကို ပြည်သူက လက်မခံဘူးဆိုတဲ့ အဓိက အချက်ပဲ”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇန်နဝါရီ ၁ ရက် နှစ်သစ်မိန့်ခွန်းမှာ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့်တော့မှာဖြစ်ပေမယ့် နိုင်ငံဟာ လွတ်လပ်ရေးအရသာကို အပြည်အဝ မခံစားရသေးဘူးလို့ ဝန်ခံထားပါတယ်။
ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို အာဏာသိမ်းစစ်တပ်နဲ့ နောက်လိုက်တချို့ကသာ ပူးပေါင်းကျင်းပနေတာဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ လွတ်လပ်ရေး ခံစားခွင့်ကတော့ ပျောက်ဆုံးသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်စိုးနိုင်က ပြောပါတယ်။
“စစ်ကောင်စီ နောက်လိုက်တချို့ကပဲ စစ်ကောင်စီ ချီးမြှင့်တဲ့ ဘွဲ့တွေကိုယူပြီး ဒီနေ့ဟာ လွတ်လပ်ရေးနေ့ အခမ်းအနားဖြစ်တယ်ဆိုတာကို ပုံဖော်နေကြတာပဲ ဖြစ်တယ်။ တစ်ပြည်လုံးမှာ ဆင်နွှဲနေတဲ့ စစ်ကောင်စီရဲ့ စစ်ရေးထိုးနှက်ချက်တွေကြောင့် မြန်မာပြည်မှာ စစ်ဘေးဒုက္ခသည်အသစ် တစ်သန်းငါးသိန်းအထိ တိုးပွားလာတဲ့ အခြေအနေပေါ့။ ပြောရရင်တော့ မြန်မာတစ်ပြည်လုံးရဲ့ လွတ်လပ်ရေးခံစားခွင့်တွေ ပျောက်ဆုံးသွားပြီးတော့ ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတဲ့ ကာလဖြစ်တဲ့အတွက် တုံ့ပြန်တိုက်ခိုက်ဖို့ စုစည်းနေတဲ့ အချိန်ကာလလည်း ဖြစ်တာပေါ့”
စစ်ကောင်စီက ဒီနေ့ကျရောက်တဲ့ စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပခဲ့သလို နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်သား ၇၀၁၂ ဦးကို ပြန်လွတ်ပေးမယ်လို့ အမိန့်ထုတ်ထားပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထောက်တွေထံ Viber ကတစ်ဆင့် ပေးပို့တဲ့ အမိန့်စာ နှစ်စောင်အရ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲဘက်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်လျှော့ပြီး လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။
လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ အဂတိလိုက်စားမှုတွေကလွဲရင် ကျန်ပြစ်မှုအားလုံး လွတ်ငြိမ်းခွင့်နဲ့ အကျုံးဝင်ပြီး စုစုပေါင်းချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လျှော့ပေးမယ်လို့ ဆိုပါတယ်။
အဲဒီအမိန့်အရ NLD အစိုးရလက်ထက် သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဆရာ ထင်လင်းဦး၊ နိုင်ငံရေးလှုပ်ရှားသူတချို့နဲ့ သတင်းထောက်တချို့ ပြန်လွတ်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် အမျိုးသားနေ့တုန်းကလည်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၅,၇၇၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလန်ကန်ကတော့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးခွင့်ပြုဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ပြောင်းနိုင်တယ်၊ နေပြည်တော်က အရင်နေခဲ့တဲ့အိမ် ဒါမှမဟုတ် ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက သူ့ရဲ့နေအိမ်ကို ပြန်ပို့ပေးနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့မွန်းလွဲပိုင်းအထိ နေပြည်တော် အချုပ်ထောင်ထဲမှာပဲ ရှိနေဆဲဖြစ်ကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
RFA Burmese