ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို စစ်ခုံရုံးက သေဒဏ်ချ
ထောင်တွင်းစစ်ခုံရုံးက သေဒဏ်ချထားသူ ၁၃၄ ဦး ရှိလာသည်၊ စစ်တပ်က ပြည်သူများကို သတ်ဖြတ်ရန် တရားရုံးကို အသုံးပြုနေခြင်း ဖြစ်သည်ဟု ကျောင်းသားသမဂ္ဂက ဝေဖန်လိုက်သည်။
ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ အသက်၂၀ ကျော်အရွယ် ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက နိုဝင်ဘာ ၃၀ တွင် သေဒဏ်အမိန့်ချသည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့သည် ကြိုတင်ကြံစဉ်ကာ လူသတ်မှုကျူးလွန်သည်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂က/၃၄ ကျူးလွန်သည်ဟု စစ်ကောင်စီတရားရုံး စီရင်ချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။
ဧပြီ ၁၈ နံနက်တွင် တောင်ဒဂုံမြို့နယ် ဘဏ်ခွဲ့သို့ လာသည့် မန်နေဂျာဦးစောမိုးဝင်း ဘဏ်ရှေ့အရောက် ကားပေါ်မှ ဆင်းစဉ် အခြားကားတစ်စီးပေါ်မှ မြို့ပြပြောက်ကျားလူငယ်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
၄၉ နှစ်အရွယ် ဦးစောမိုးဝင်း၏ ဝမ်းဗိုက်ယာဘက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။
အခင်းဖြစ်နေ့တွင် ပစ်ခတ်သူများကို စစ်တပ်က ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ လာရောက်ပစ်ခတ်သည်ဟု ၎င်းတို့ယူဆသော ကားတစ်စီးကိုသာ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ၆၁ ရပ်ကွက်တွင် သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ခဲ့သည်။
ကျောင်းသား ၇ ဦး ကျူးလွန်သည်ဟု စစ်တပ်စွပ်စွဲထားသည့် ထိုအမှုကို ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ Yangon Liberation Force တို့က ပူးပေါင်းလုပ်ဆောင်သည်ဟု ဧပြီ ၁၉ တွင် ထုတ်ပြန်ထားသည်။
ယခု သေဒဏ်ချခံထားရသူ ၇ ဦးအနက် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်နှင့် ကိုဟိန်းထက်တို့ ၃ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် အလုံခရိုင်တရားရုံးတွင် တရားစွဲခံထားရသေးသည်။ ထိုပုဒ်မသည် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး လက်နက်၊ ဗုံးတို့ လက်ဝယ်ထားရှိလျှင် စွဲဆိုသည့်ပုဒ်မဖြစ်သည်။
ဧပြီ ၂၁ တွင် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော် နောက်တစ်နေ့တွင် ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
အခြား လူငယ် ၄ ဦး
နိုဝင်ဘာ ၃၀ တွင် စစ်ခုံရုံးက တက်ကြွလှုပ်ရှားသူ လူငယ် ၄ ဦးကို သေဒဏ်စီရင်ချက် ချထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၁ တွင် ထုတ်ပြန်ထားသည်။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး စီရင်ချက်ချခံရမှုနှင့် ပတ်သက်ပြီး သတင်းကြားသိရသော်လည်း အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီတရားရုံးများက သေဒဏ်ချမှတ်လိုက်သူ ၁၃၂ ဦးအထိ ရှိလာသည်ဟု AAPP က ဆိုသည်။
မတ် ၁၇ တွင်လည်း စစ်ကောင်စီတရားရုံးများက ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာန ကျောင်းသူ မဆောင်းလေပြေ ခေါ် ဇူးဇူးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ) အရ စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ပြီး မြန်မာမှုဌာနမှ ကိုနိုင်အောင် ခေါ် Snake ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊၅၀(ဈ)တို့ဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။
ထိုလူငယ်များကို ရန်ကုန်၊ မြောက်ဥက္ကလာပအဝိုင်းတွင် အထက်တန်းပြဆရာမတစ်ဦး ပစ်သတ်ခံရမှုအတွက် စွပ်စွဲအမိန့်ချခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များမှ အမှု ၃၂ မျိုး ကို စစ်တပ်က စစ်ခုံရုံးဖွဲ့ကာ တိုက်ရိုက်အမိန့်ချနေခြင်းမှာ ပြည်သူများကို သတ်ဖြတ်ရန် တရားရုံးများကို အသုံးပြုနေခြင်း ဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုမင်းဟန်ထက်က ဝေဖန်သည်။
“တရားရုံးတွေ တရားဥပဒေတွေကိုသုံးပြီး သတ်ဖြတ်ဖို့ ကြိုးစားလာတယ်၊ တကယ်သတ်ဖြတ်တာလည်းရှိတယ်၊ ရှေ့မှာ ကိုဂျင်မီ ကိုဇေယျာသော်တို့ ကြိုးပေးကွပ်မျက်ခံရတယ်” ဟု သူက ပြောသည်။
Myanmar Now News
ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို ထောင်နှစ် ၂၀ထပ်ချ
ဦးနှောက်သွေးကြောပိတ်ရောဂါရှိသူ၊ လေနှစ်ကြိမ်ဖြတ်ဖူးသူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက လားရှိုးထောင်တွင်ထားကာ ထောင် ၂၄နှစ်အထိသတ်မှတ်ပြီးဖြစ်သည်။
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ဖြင့် စွပ်စွဲခံရသူ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို အာဏာသိမ်း စစ်ကောင်စီက ထောင်နှစ် ၂၀ သတ်မှတ်လိုက်သည်။
သေဒဏ်ထိုက်နိုင်သည့် ထိုစွပ်စွဲချက်ဖြင့် ၎င်းကို လားရှိုးထောင်တွင်း အထူးတရားရုံးက ယနေ့တွင် အမိန့်ချမှတ်ကြောင်း၊ ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတစ်ခုဖြင့် အမှုဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။ အသေးစိတ်ကိုမူ မသိရပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်း ဟိန်ကို ၂၀၂၁ ဒီဇင်ဘာလတွင် ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ (ခ) ပုဒ်မနှစ်ခုဖြင့် ထောင် လေးနှစ်ချပြီးဖြစ်ရာ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်အထိရှိလာပြီဖြစ်သည်။
အသက် ၇၃ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ နေအိမ်၌ အကျယ်ချုပ်အဖြစ် ထားရှိကာ တစ်ပတ် အကြာတွင် ဇာတိနေရပ် ရှမ်းပြည်နယ် နောင်ချိုသို့ ပြန်ခွင့်ပြုခဲ့သည်။သို့သော် နောင်ချိုသို့ ပြန်ရောက်ချိန် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ၎င်းကို ပြန်လည်ဖမ်းဆီးကာ လားရှိုး အကျဉ်းထောင်သို့ ပို့ပြီးနောက် အထက်ပါပုဒ်မများဖြင့် တရားစွဲသည်။
ဦးထွန်းထွန်းဟိန်မှာ ၂၀၁၇နှင့် ၂၀၁၈ ခုနှစ်တို့တွင် လေနှစ်ကြိမ် ဖြတ်ဖူးသူ ဖြစ်ကာ ဦးနှောက်သွေးကြော နှစ်ချောင်းအနက် တစ်ချောင်းပိတ်နေပြီး သွေးကြောတစ်ချောင်းဖြင့် သာ အသက်ဆက်နေရသည်ဟု သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က RFA သတင်းဌာနကို ၂၀၂၁ ဧပြီ လတွင် ပြောခဲ့သည်။
ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ သမားတော်နှင့် အပတ်စဉ် ဆေးကုသနေရသည့် ဖခင်ဖြစ်သူကို စစ်ကောင်စီက ထောင်၌ရှိသည့် အထွေထွေရောဂါကုဆရာဝန်ဖြင့်သာ ကုသခွင့်ပေးနေ၍ အသက် အန္တရာယ်ကို များစွာစိုးရိမ်နေရကြောင်း၊ ကျန်းမာရေးကြောင့် အာမခံ နှစ်ကြိမ် လျှောက်ထားဖူး သော်လည်း ငြင်းပယ်ခံရဖူးကြောင်း ဒေါ်မေသင်္ကြန်ဟိန်က ပြောခဲ့သည်။
အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း နိုင်ငံ့အကြီးအကဲ တာဝန်များယူထားသည့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦးဝင်းမြင့်တို့အပါအဝင် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်အများ အပြားကို စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်နေသည်။
စစ်ကောင်စီက ဖမ်းထားသည့် ခေါင်းဆောင်၊ အမတ်နှင့် ပါတီဝင် ၁၂၀၀ နီးပါးရှိကာ ထိုအထဲမှ ၆၇ ဦးမှာ စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု NLD ပါတီက စစ်ကောင်စီပယ်ဖျက်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ချိန် နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
NLD ထပ်နိုင်သည့် ထိုရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းခဲ့သည့် စစ်တပ်က ၎င်းတို့ အလိုကျ ပူးပေါင်းသူများကိုမူ ဖမ်းဆီးထောင်ချခြင်းမပြုပေ။ ထိုအထဲတွင် ခေတ်တိုင်း၊ စနစ်တိုင်း တွင် ထိပ်ဆုံးနေရာများ ရလေ့ရှိသည့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်မှာ ထင်ရှားသည်။
ဦးတီခွန်မြတ်သည် စစ်ကောင်စီကို ခြောက်လတစ်ကြိမ် သက်တမ်းတိုးသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် ပါဝင်တက်ရောက်သည်။ နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီပေးသည့် သီရိပျံချီဘွဲ့စာရင်းတွင် ဦးတီခွန်မြတ်မှာ ထိပ်ဆုံးမှပါဝင်သည်။
Myanmar Now News
ကျွန်းလှနဲ့ ကန့်ဘလူက စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး ဆေးဝါးနဲ့ရိက္ခာ လိုအပ်နေ
စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်က ရွာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက် နေ့ကစလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီး နေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံ ငါးသောင်းနီးပါးအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူတစ်မြို့နယ်လုံးမှာတင် စစ်ဘေးဒုက္ခသည် အရေအတွက် လေးသောင်းနီးပါးအထိ ရှိလာပြီး စားနပ်ရိက္ခာအပြင် ဆေးဝါးအကူအညီတွေပါ လိုအပ်နေတယ်လို့ ကန့်ဘလူမြို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ဘေးရှောင်ရတာလည်း အတည်တကျ မရှိဘူး။ ဟိုပြေးဒီပြေးနဲ့ တောတွေထဲ ရှောင်နေရတာ။ နေမကောင်း၊ ဖျားနာလို့ရှိရင် ရွာတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူငယ်လေးတွေက ကူညီပေးတယ်။ ဆေးဝါးကျတော့ ရဖို့ခက်ခဲတယ်။ ရှိတဲ့ဆေးနဲ့ပဲ ကူညီပေးနေရတာပေါ့။ သက်ကြီးပိုင်းတွေဆို ဖျားနာလာတာတွေ ရှိလာပြီ။ အခုက ရာသီဥတုကလည်း ပြောင်းလာတော့လေ”
စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ကျွန်းလှ၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တွေကို စစ်ကောင်စီ တပ်တွေက အခုရက်ပိုင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ကျွန်းလှမြို့၊ ခဝါသည်ရွာကို စစ်ကောင်စီ တပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၉၅ လုံး ပျက်စီးခဲ့ပြီး အိုမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံ ၅၀၀ ကျော်အတွက်လည်း စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကျွန်းလှ ဒေသခံတွေက RFA ကို ပြောပါတယ်။
ခဝါသည်ရွာမှာ နေအိမ်တွေအပြင် ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေ၊ အဝတ်အထည်နဲ့ အသုံးအဆောင်တွေပါ မီးရှို့ဖျက်ဆီးခံခဲ့ရသလို အနီးနားရွာ ၁၀ ရွာက ဒေသခံ ခုနစ်ထောင် ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့တာဝန်ခံက RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
RFA Burmese
မြန်မာပြည်အလယ်ပိုင်း နိုင်ကျဉ်းတချို့ ရာစုနှစ်ချီထောင်ဒဏ်များ ချမှတ်ခံရ
စစ်ကောင်စီ၏ တရားသူကြီးများက နှစ်ရှည်ထောင်ဒဏ် စီရင်နေသည့်အထဲတွင် ၂၂၅ နှစ် ချခံရသည့် မန္တလေးတိုင်းမှလူငယ်၊ ၁၇၃ နှစ် ချခံရသည့် လွှတ်တော်အမတ်တို့ ပါဝင်သည်။
စစ်ကောင်စီကို တော်လှန်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အမျိုးသားအချို့ကို စစ်ကောင်စီက ရာစုနှစ်ချီ ထောင်ဒဏ်များချမှတ်ထားကြောင်း သိရှိရသည်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်းဒေသကြီး လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်လှိုင်နှင့် စစ်ကောင်စီကို လက်နက်ကိုင်ကာ တော်လှန်သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုအောင်ခန့်ဦးတို့ကို စစ်ကောင်စီ တရားရုံးများက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများနှင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၃၀ တွင် မကွေးခရိုင် တရားရုံးက ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၁၄၈ နှစ် ချထားသည်။
ယခုနှစ် ဧပြီလကုန်ပိုင်းက ဦးဝင်းမြင့်လှိုင်သည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ – က အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရပြီးဖြစ်သည်။ ထို့ကြောင့် ထောင်ဒဏ်စုစုပေါင်းမှာ ၁၇၃ နှစ်အထိ ဖြစ်နေသည်။
စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သည့် ဦးဝင်းမြင့်လှိုင်သည် ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာနေရပ်မှ ရှောင်တိမ်းနေရစဉ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရပ်စောက်မြို့အဝင်ဂိတ်တွင် အဖမ်းခံခဲ့ရသည်။
Nov_25_.Jpeg
စစ်ကောင်စီ တရားသူကြီးများက စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ် ချထားသည့် တောင်တွင်းကြီးမြို့နယ်၊ NLD ပါတီ မှ တိုင်းလွှတ်တော်အမတ် ဦးဝင်းမြင့်လှိုင်
စစ်ကောင်စီက သူ့ကို တောင်ကြီးမြို့ စစ်ကြောရေးစခန်းတွင် နှစ်ပတ်ကြာ စစ်ကြောမေးမြန်းပြီးနောက် မကွေးတိုင်း ဒေါင်းနေထောင်သို့ လွှဲပြောင်းကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က အပါအဝင် အမှုများဖြင့် စတင်တရားစွဲဆို ခဲ့သည်။
ထို့နောက် သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် ထပ်မံစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမြင့်လှိုင်၏ မိတ်ဆွေက ပြောသည်။ ထပ်တိုးအမှုများသည်သူထောင်ကျပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များနှင့် ဆက်စပ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သူ၏ မိတ်ဆွေတစ်ဦးက Myanmar Now ကို ပြောဆိုသည်။
“သူအထဲ (ထောင်ထဲ)ရောက်ပြီးမှ ဖြစ်တဲ့ကိစ္စတွေ၊ ဒလန်သတ်ခံရတာတွေ၊ ရဲအသတ်ခံရတာတွေကိုပါ အမှုတွဲထားတာ။ နောက်ထပ်ဖမ်းခံရတဲ့(သူ)တွေနဲ့ အမှုတွဲထားတာ။ ဖြစ်သမျှ အကုန်တန်းစီပြီး လုပ်တဲ့သဘောပဲဖြစ်တယ်”ဟု ထိုသူက ပြောသည်။
“ သူက ဒီအမှုဖြစ်တဲ့အချိန်မှာ မြို့မှာမရှိဘူး။ ထောင်ထဲရောက်နေပြီပေါ့။ အဲ့ဒီတော့မှ တရားသူကြီးက ဟုတ်လား တဲ့။ သူကတောင် အံ့ဩနေသေးတယ်”
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုအောင်ခန့်ဦးကိုမူ နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေများဖြင့် တရားရုံးများက နိုဝင်ဘာ ၁၅ တွင် ထောင်ဒဏ် ၂၀၃ နှစ် ချမှတ်လိုက်သည်။
အသက် ၂၉ နှစ်အရွယ် ကိုအောင်ခန့်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပေါက်ကွဲစေ တတ်သည့်ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ခုတို့ ဖြင့် တောင်တွင်းကြီးမြို့နယ် တရားရုံးက ၁၀ နှစ် ချထားသည်။ မကွေးခရိုင် တရားရုံးကလည်း သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၁ (ဂ)၊ ၅၂ (က)၊ ၅၄ တို့ဖြင့် ၁၉၃ နှစ် ချသည်။
ကိုအောင်ခန့်ဦးသည်လည်း ယခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က မကွေးမြို့ပေါ်တွင် ဖမ်းဆီးခံရပြီးနောက်ပိုင်းမှ ပြင်ပတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကိုပါ ထည့်သွင်းစွဲဆိုခံရခြင်းဖြစ်ကြောင်း လုပ်ဖော်ကိုင်ဘက်တစ်ဦးကပြောသည်။
“ဖေဖော်ဝါရီလကနေ ခုနောက်ပိုင်း ဗိဿနိုးဖြစ်စဉ်တွေမှန်သမျှ အမှုတွဲတွေကိုလည်း အကုန်လုံး သူ့အထဲမှာ ရောထည့်ထားတယ်။ ဗိဿနိုးကဖြစ်စဉ်မှန်သမျှ သူ့အမှုတွဲဆိုပြီး တွဲလိုက်တဲ့အတွက် နှစ်တွေများသွားတာပေါ့။ ဖြစ်စဉ်က ၁၀ ခုအထက်မှာရှိမယ်။ ဖြစ်စဉ်တော်တော်များများကို သူ့ အမှုတွဲထဲထည့်တာပေါ့” ဟု ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ဝင်က ပြောသည်။
Nov_25_.3.Jpeg
ထောင်ဒဏ် ၂၀၃ နှစ် ချခံရသည့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့ဝင် ကိုအောင်ခန့်ဦး
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဦးဝင်းမြင့်လှိုင်နှင့် ကိုအောင်ခန့်ဦးတို့ မကွေး၊ ဒေါင်းနေထောင်တွင် ထိန်းသိမ်းခံထားရပြီး ရုံးချိန်းကာလအတွင်း ထောင်ဝင်စာတွေ့ခွင့် ရခဲ့သော်လည်း အမိန့်ချပြီးနောက် ထောင်ဝင်စာတွေ့ ခွင့်မရသေးကြောင်း သိရသည်။
စစ်ကောင်စီဘက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေဖြင့် ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုခြင်းမှာ ပြစ်မှုကျင့်ထုံးဆိုင်ရာ ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း ရှေ့နေများက ထောက်ပြသည်။
“တစ်နှစ်အတွင်း မျိုးတူပြစ်မှုတွေအပေါ်မှာ ဒီလိုမျိုးခွဲပြီးစွဲလို့မရဘူး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ တစ်ခုတည်းပဲ၊ မျိုးတူပြစ်မှုပဲ။ ပြစ်မှုတစ်ခုပေါ်မှာပဲ ခွဲပြီးတော့ ပုဒ်မတွေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အဲ့လိုမျိုးခွင့်ပြုမထားဘူး၊ ဒါပေမယ့်လုပ်နေတာပဲ။ ဥပဒေအရတော့ ခွင့်မပြုဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာမရှိဘူး” ဟု ဝါရင့်ရှေ့နေတစ်ဦးက ပြောသည်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ၂ ဦးဖြစ်သည့် ကိုကျော်သက်နှင့် ကိုနှင်းမောင်တို့ကို မိတ္ထီလာ အကျဉ်းထောင်တရားရုံးက ပြီးခဲ့သည့် အောက်တိုဘာလတွင် သေဒဏ်အပြင် ရာစုနှစ်နှင့်ချီသည့် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း ဒေသကာကွယ်ရေးအဖွဲဲ့နှင့် ထောင်နှင့်နီးစပ်သူတို့က ဆိုသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများအပါအဝင် အခြားပုဒ်များတပ်ခံထားရသည့် အသက် ၃၀ နှစ်အရွယ် ကိုကျော်သက်သည် ထောင်ဒဏ် ၂၂၅ နှစ်နှင့် သေဒဏ်၊ အသက် ၃၆ နှစ်အရွယ် ကိုနှင်းမောင်သည် ထောင်ဒဏ် ၉၅ နှစ်နှင့် သေဒဏ် ချခံထားရသည်ဟု သိရကြောင်း WTRF အဖွဲ့နှင့်မဟာမိတ်ဖွဲ့ထားသည့် အလယ်ပိုင်းတိုင်း မဟာမိတ်များတပ်ပေါင်းစု CRC ၏ တာဝန်ရှိသူ ဗိုလ်ကျားရဲကပြောသည်။
မိတ္ထီလာအကျဉ်းထောင်သည် ၁၀ နှစ်အောက် အကျဉ်းသားများကိုသာ ထားရှိသဖြင့် ၎င်းတို့နှစ်ဦးကို မြင်းခြံထောင်သို့ ပို့ဆောင်ထားသည်ဟု သိရကြောင်း ထိုအကျဉ်းထောင်မှ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာသည့် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သေဒဏ်ပြီးရင်တောင် ဝိဥာဉ်ကိုချုပ်ထားတာမျိုးကို ပြောတာဗျ။ တချို့ဆိုရင်ရှိတယ်။ တစ်ယောက်တည်းကို ၃ သေဒဏ်၊ ၄ သေဒဏ်ဆိုတာရှိတယ်လေ” ဟု ၎င်းကဆိုသည်။
ယခုနှစ်အစောပိုင်း ဇန်နဝါရီလတွင် ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာအတွင်း စစ်ကောင်စီတပ်က စစ်ဆေးစဉ် ဆိုင်ကယ်စီးနင်းလာသည့် ကိုကျော်သက်၊ ကိုနှင်းမောင်တို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းဌာနများတွင် ဖော်ပြထားသည်။
ပျမ်းမျှလူ့သက်တမ်းထက် ကျော်လွန်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်နေသည့် တရားစီရင်ရေးဆိုင်ရာ ကဏ္ဍမှာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းက သုံးသပ်သည်။
“ကြောက်အောင်လုပ်တာပေါ့ဗျာ။ ဒါပေမယ့် လူတွေက မကြောက်ဘူး။ ချတဲ့သူပဲ နာမည်ပျက်တာ”ဟု ဝါရင့်ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။
အာဏာသိမ်းမှုမတိုင်ခင်က အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည့် ကိုအောင်ခန့်ဦးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံ ထားရသော်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု ၎င်း၏ မိတ်ဆွေထံမှ သိရသည်။
“သူကတော့ ကျန်းမာတယ်။ တတ်နိုင်တာမှန်သမျှ ဆက်ပြီးလုပ်ဆောင်ကြဖို့ပေါ့။ ဗိဿနိုးအနေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ သူ့အနေနဲ့ အထဲမှာ တောင့်ခံထားတယ်ပေါ့။ အဲ့လိုအမြဲတမ်းပြောတယ်” ဟု အထက်ပါ တာဝန်ခံကပြောသည်။
ဦးဝင်းမြင့်လှိုင်မှာလည်း သွေးတိုးရောဂါကြောင့် နေ့စဉ်ဆေးသောက်နေရကြောင်း၊ အခြား ရောဂါများ မရှိကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။
“ပြန်တွေ့ဖို့ဆုံဖို့ မျှော်လင့်ထားတယ်။ ဒီတော်လှန်ရေးက နိုင်မှာလေ။ အဲ့လိုပဲယုံကြည်တယ်” ဟု သူကဆိုသည်။
25_nov_4.Jpeg
ဦးဝင်းမြင့်လှိုင်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားပုံ
ဖမ်းဆီးနှိပ်စက်ခံရမှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၁၂၉၆၇ ဦးထက်မနည်း ဆက်လက် ဖမ်းဆီးခံထားရသည်၊ ထိုအထဲတွင် ၁၆၀၂ ဦး ထောင်ဒဏ်ချမှတ်ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ ၈၆ ဦးရှိကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။
စစ်ဗိုလ်ချုပ်များ၏လက်အောက်ခံ တရားရုံးများသည် ယခင်ကလည်း ဒီမိုကရေစီဘက်တော်သားများကို နှစ်ရှည်ထောင်ဒဏ်များ ချခဲ့ဖူးသည်။
၁၉၉၈ တွင် ဖမ်းဆီးခံရသည့် ရန်ကုန်မြို့မှ ကိုသက်ဝင်းအောင်ကို ထောင်ဒဏ် စုစုပေါင်း ၅၇ နှစ် ချဖူးသည်။ ကိုသက်ဝင်းအောင်သည် ညှဥ်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်ရပြီး ၈ နှစ်အကြာတွင် မန္တလေးထောင်အတွင်း သေဆုံးသည်။
ကိုသက်ဝင်းအောင်ကို ဖမ်းဆီးမှု၊ ထောင်တွင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ထိုစဥ်က တာဝန်အရှိဆုံးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။
သူ့လက်ထက်မှာပင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ယခင်က မကြားဖူးခဲ့ကြသော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၂၀၀၅ တွင် နိုင်ငံရေးသမားများကို ဖက်ဒရယ်အရေး ဆွေးနွေးသည်ဟူသော အကြောင်းပြချက်ဖြင့် ဗိုလ်ချုပ်ဆေထင်ကို ၁၀၆ နှစ်၊ ခွန်ထွန်းဦးကို ၉၃ နှစ်၊ စိုင်းညွန့်လွင်ကို ၈၄ နှစ် ချခဲ့သည်။
၂၀၀၇ တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့သေးသည်။
Myanmar Now News
နိုင်ငံတကာအမြင်ကြည်အောင် အကျဉ်းသားတွေထောင်ချီလွှတ်တာလို့ နိုင်ငံရေးသမားတွေသုံးသပ်
၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာဟာ နိုင်ငံတကာနဲ့ နိုင်ငံတွင်းအခြေအနေတွေ၊ ဖိအားတွေကို သက်သာဖို့လုပ်ဆောင်တာဖြစ်ပြီး အမှန်တကယ် စေတနာရှိတာမဟုတ်ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။
ဂျုံတစ်ခင်းလုံးသိမ်းသွားပြီးမှ ပေါင်မုန့်တစ်ချပ်ပြန်လာပေးတယ်ဆိုတဲ့ ပုံစံမျိုးလိုပေါ့။ အယုတ်မာအညစ်ပတ်ဆုံးလုပ်ပြီးမှ တစ်ခါတစ်ရံ လူထုကျေနပ်ရုံလေး ရေတစ်ပေါက်ချပေးတာမျိုးလောက်ပါပဲ။ အရေးအခင်းတစ်ခုလုံးနဲ့ ချီပြီး ပြောရမယ်ဆိုရင်တော့ ဘာမှကျေနပ်စရာမရှိပါဘူး။
တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ မနေ့ကကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်၊ အကျဉ်းသူ ၉၄ ဦးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသားအကျဉ်းသူ ၅၇၇၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။
အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တားနဲလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူကူဘိုတာ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်၊ ရွှေညဝါဆရာတော်၊ စာရေးဆရာ မောင်သာချို၊ ပန်းချီထိန်လင်းတို့လည်း ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့် ပေးလာတဲ့အပေါ်မှာ ကျေးဇူးတင်စရာမရှိဘူးလို့ ကလေးမြို့ စက်မှုအထက်တန်းကျောင်းက အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ရတီအုန်းက ပြောပါတယ်။ သူက တော်လှန်ရေးအင်အားစုတွေကို ဆေးကုသဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မိုဘိုင်း Medical Team တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
“အခုလွတ်လာတဲ့သူတွေက ပြောရရင်တော့ ကျွန်မတို့အတွက်ကတော့ ဒါလျှော့ရက်နဲ့ လွတ်ရက်နဲ့ပေါ့နော် ပြောမယ်ဆို မကြာခင်မှာလွတ်မြောက်လာကြတော့မယ့် ပုဂ္ဂိုလ်တွေလည်း တော်တော်များများပါနေတယ်ပေါ့၊ နိုင်ငံတကာဖိအားများလာတဲ့အချိန်မှာ လျှော့ချချင်လို့ လုပ်တယ်လို့ပဲ ကျွန်မတို့က ယူဆရမှာလေ သူတို့ကအရှေ့မှာ တစ်ကွက်ပြပြီးတော့ နောက်မှာ ဘယ်လောက်ယုတ်မာကောက်ကျစ်ဦးမယ်ဆိုတာ ကျွန်မတို့က မှန်းလို့ကို မရနိုင်သေးတဲ့အတွက်ကြောင့်မို့လို့ ဆရာကြီးဦးဝင်းတင်စကားနဲ့ ပြောရင်တော့ စစ်တပ်ကျေးဇူးမူးလို့တောင် ရှူစရာမရှိဘူးလို့ပဲ ကျွန်မပြောချင်ပါတယ်။”
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြယုဂ်တစ်ခုအနေနဲ့ လွှတ်ပေးနေတာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းမှာတော့ အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်လို လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားလျော့အောင် အမျိုးသားအောင်ပွဲနေ့ကို အသုံးချပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားနေသူတွေကို လွှတ်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။
“အခုလိုနေ့ထူးနေ့မြတ်ဆိုပြီးတော့ သူတို့ပဏ္ဏာယူပြီးတော့ ပြန်လွှတ်ပေးတယ်ပေါ့ သူတို့သဘောထားကြီးကြောင်း ဖော်ပြချင်တာရယ် နိုင်ငံတကာက သူတို့အပေါ်မှာ အမြင်ကောင်းအောင် ဆိုပြီးတော့ ပုံရိပ်ကောင်းအောင်ဆိုပြီးတော့ သက်သေပြတဲ့အနေနဲ့ လုပ်ဆောင်ခြင်းသာဖြစ်တယ်ပေါ့။ အမှန်ကတော့အစတည်းက ဒီလူတွေဟာဘာမှအပြစ်မရှိဘူး။ ဘာမှဖမ်းသင့်တဲ့လူလည်း မဟုတ်ဘူး သူတို့ကိုလွှတ်ပေးတာက အမျိုးသားနေ့မှာ လွှတ်ပေးတယ်ဆိုတဲ့ အထိမ်းအမှတ်တစ်ခု အတွက်ပဲ အမျိုးသားနေ့ကို အသုံးချတာဖြစ်တယ်။”
လွတ်မြောက်လာသူတွေအတွက် ဝမ်းသာပေမယ့် စစ်ကောင်စီအပေါ်မှာတော့ ဘာအတွက်နဲ့မှ အသိအမှတ် ပြုစရာ မလိုဘူးလို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုနန်းလင်းက ပြောပါတယ်။
“လက်ရှိလွှတ်ပေးတယ်ဆိုတဲ့ကိစ္စကလည်း ဘာမှစိတ်ကောင်း စေတနာကောင်း နိုင်ငံရေးသဘောထားမှန်မှန်နဲ့ လွှတ်ပေးတာမဟုတ်ဘူးဆိုတာကို ပြည်သူကနားလည်ပြီးသားပါ။ လာမယ့်ရွေးကောက်ပွဲဆိုတာလည်း လုပ်ပွဲသာသာ လုပ်ပွဲတစ်ခုပဲ ပြည်သူအတွက် ဘာကောင်းကျိုးမှ မရှိဘူးဆိုတာကို ပြည်သူက သိပြီးသား။ ဒီနေ့လွှတ်ပေးမှုတွေအတွက်ကြောင့် ကျွန်တော်တို့ရဲ့ အရေးပါတဲ့ခေါင်းဆောင်တွေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတာကို ဝမ်းသာတယ်။ စစ်ကောင်စီရဲ့ လွှတ်ပေးခြင်းအပေါ်မှာတော့ ဘာအတွက်နဲ့မှ အသိအမှတ် ပြုစရာလည်းမရှိဘူး။ ကျေးဇူးတင်စရာလည်းမရှိဘူး။ ကျွန်တော်တို့ ဆက်ပြီးတော့မှ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင်တိုက်ကြမယ့် ကိစ္စကတော့ ဆက်ပြီးတော့ တိုက်ဖို့အတွက် ဒါကတော့ ကျွန်တော်တို့ ဆက်လုပ်မှာပဲ။”
အမျိုးသားနေ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က တိုင်းရင်းသား မိဘပြည်သူတွေနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်နဂါးက လွတ်မြောက်လာသူတွေအတွက် ဝမ်းသာပေမယ့် အမျိုးသားအောင်ပွဲနေ့ အမှန်တကယ်ဖြစ်ဖို့ဆိုရင်တော့ အာဏာသိမ်း စစ်ကောင်စီကို အမြစ် ဖြတ်တိုက်ထုတ်နိုင်မှ ဖြစ်မယ်လို့ ဆိုပါတယ်။
“ပြန်လွှတ်ပေးတယ်ဆိုတာကလည်း ပြောရရင်စကားလေးနဲ့တူတယ်။ ဂျုံတစ်ခင်းလုံးသိမ်းသွားပြီးမှ ပေါင်မုန့်တစ်ချပ်ပြန်လာပေးတယ်ဆိုတဲ့ ပုံစံမျိုးလိုပေါ့။ အယုတ်မာအညစ်ပတ်ဆုံးလုပ်ပြီးကာမှ တစ်ခါတစ်ရံ လူထုကျေနပ်ရုံလေး ရေတစ်ပေါက်ချပေးတာမျိုးလောက်ပါပဲ။ အရေးအခင်းတစ်ခုလုံးနဲ့ ချီပြီး ပြောရမယ်ဆိုရင်တော့ ဘာမှကျေနပ်စရာမရှိပါဘူး။ လွတ်မြောက်လာတဲ့ လူတစ်ဦးတစ်ယောက်ချင်းဆီ အတွက်တော့ သူတို့နဲ့ ထပ်တူ ဝမ်းသာရမှာပါပဲ။ ဒါမယ့်အမျိုးသားအောင်ပွဲ အစစ်အမှန်ဖြစ်ဖို့ရာအတွက်ကတော့ ဂျုံတစ်ခင်းလောက်သိမ်းပြီး မုန့်တစ်ချပ်ပြန်ပြန်ပေးတဲ့ အကြမ်းဖက်လူယုတ်မာ စစ်ကောင်စီကို အပြတ်အသတ် တိုက်ထုတ်နိုင်ဖို့ သန္ဓေတည်ထားကြဖို့ လိုတယ်။”
မြန်မာနိုင်ငံမှာ အမျိုးသားအောင်ပွဲနေ့ဆိုတာတွေဟာ စစ်ကောင်စီက အသုံးချလိုက်တဲ့ နေ့တစ်နေ့ဖြစ်ပြီး အကျိုးတစ်ခုခုရဖို့အတွက် လွှတ်ပေးတာ ဖြစ်တယ်လို့ 96 Soldiers အဖွဲ့က ကိုဇေယျာလွင်က ပြောပါတယ်။
“ဒီနေ့လွှတ်တယ်ဆိုတဲ့ အပိုင်းမှာလည်း စစ်တပ်ဘက်ကနေပြီးတော့ အကျိုးအမြတ်ကို သူတို့အကျိုးကို လိုလားတဲ့အတွက်ကြောင့် ဒီလိုလွှတ်ခြင်းဖြစ်တယ်လို့ပဲ ကျွန်တော်ကပြောချင်တယ်။ ဒီနေ့လွှတ်ခြင်းဟာ အကြောင်းမဲ့သက်သက် စာနာလို့ လွှတ်ခြင်းတော့ မဟုတ်ပါဘူး ဖမ်းတောင်ဖမ်းသင့်တဲ့ ကိစ္စမဟုတ်ဘူး။”
စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အပေါ် တက်ကြွလှုပ်ရှားသူတွေရဲ့ သဘောထားနဲ့ပတ်သက်ပြီး သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက အခုလို ပြောပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက်ကျေးဇူးတင်စရာ မလိုဘူးတို့ ကျေးဇူးမတင်သည့်တိုင်အောင်ပေါ့နော်။ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ သက်ညှာခွင့် ပေးလိုက်တယ် ပြောရရင် နိုင်ငံတော်ဘက်က လိုက်လျောညီထွေတယ်။ ဒါပေမယ့် ဒါကို ကျေးဇူးမတင်ကြဘူးပြောတယ် ကျွန်တော်တို့သေချာတယ် နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ ရှေ့အလားအလာက အမျိုးသားရင်ကြားစေ့ရေး ဘာရေးအသာထားအုံး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နိုင်ငံရေးမျက်နှာချင်းဆိုင်ပြီး အေးအေးချမ်းချမ်း ပြန်လုပ်ရမယ့် အနေအထားတောင် တော်တော်ရှားမယ်လို့ပဲ တွေးမိတယ်။ သိပ်တော့ အဆင်မပြေလှဘူး။ ဒီအချက်ကြီးကပေါ့လေ။”
နိုင်ငံရေးအကျဉ်းသားအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရဆဲသူဦးရေ ၁၂၉၇၆ ရှိပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅၃ ဦး ရှိတယ်လို့ AAPP က ဖော်ပြထားပါတယ်။
RFA Burmese
ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုကြောင့် ရွာသား ၁၀ ဦးသေ၊ ၂၃ ဦး ဒဏ်ရာရ
မောင်တော၊ ကျောက်တော်မှ စစ်ကောင်စီတပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနှင့် ပစ်နေသဖြင့် ကျေးရွာ ၂ ရွာမှ ဒေသခံ အများအပြား ထိခိုက် သေဆုံးသွားသည်။
ယနေ့ (နိုဝင်ဘာ ၁၆) တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ၁၃ ဦးခန့် သေဆုံးပြီး ၂၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မွန်းတည့်ချိန်မှ စတင်၍ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်တို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ်ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်ချိန် ရက္ခိုင့်တပ်တော် (AA) တပ်သားများ ထိုရွာများတွင် ရှိမရှိ မသိရသေးပေ။
မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း – ဂုပ္ပီကျော်လမ်းပေါ်ရှိ ဂြစ်ချောင်း (မြို) ကျေးရွာအတွင်း ပေါက်ကွဲမှုမှာ ထိုရွာမှ တစ်မိုင်ခွဲခန့်အကွာရှိ စစ်ကောင်စီတပ်ကြိမ်ချောင်းဗျူဟာဘက်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ရပ်မိရပ်ဖအမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးကျည် ၃ လုံး ရွာထဲကို ကျပြီးတော့ လူတွေသေတာ ဒဏ်ရာရတာ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ အခု ရွာမှာမရှိဘူး၊ ခရီးလွန်နေတယ်။ ရွာကလူတွေက ပြောလို့ သိရတာပါ။ သေဆုံး ဒဏ်ရာရ လူစာရင်း အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ရွာခံ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားသည် ကြားသိရကြောင်း ၎င်းက ပြောပြသည်။
ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေရသည်ဟု ၎င်းကျေးရွာမှ ရပ်မိရပ်ဖနောက်တစ်ဦးက ဆိုသည်။
“သေဆုံးသွားတာ ၈ ယောက်၊ ၉ ယောက်လောက်ရှိမယ်။ ဒဏ်ရာရတာက အများကြီးရှိတယ်။ အခု ကျွန်တော်တို့ ရွာထဲကို ဝင်လို့မရသေးဘူး” ဟု ၎င်းကျေးရွာသားက ပြောသည်။
အိမ်ခြေ ၆၀ ကျော်ရှိသော အဆိုပါ ဂြစ်ချောင်းကျေးရွာမှ ၎င်းအပါအဝင် ဒေသခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးနေရသောကြောင့် သေဆုံးသူအရေအတွက် အတိအကျ မသိရသေးပေ။
ကျေးရွာအတွင်းရှိ ဆုတောင်းပွဲကျင်းပနေသည့် နေအိမ်တစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ထိုအနီးဝန်းကျင်က ဒေသခံတစ်ဦးက ပြောသည်။
“ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်နဲ့ ဗျူဟာကနေ ပစ်တာ။ ရွာကို ပစ်တာ။ အိမ်တစ်အိမ်မှာ ပွဲလုပ်လို့ ထမင်းစားဖို့ သွားတဲ့အခါ အဲဒီအိမ်ကို လက်နက်ကြီးကျလို့ ကလေးပါ၊ လူကြီးပါ သေကြတယ်။ လက်နက်ကြီးက ရွာပြင်မှာလည်း ကျတယ်။ ရွာဘေးက လမ်းမှာလည်း ကျတယ်” ဟု ထိုဒေသခံက ပြောသည်။
Kyauktaw_2.Jpg
ကျောက်တော် ချောင်းတူရွာမှ သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးအား ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
တစ်ပြိုင်နက်တည်းမှာပင် ကျောက်တော်မြို့မှ ၈ မိုင်ခန့်အကွာ အိမ်ခြေ ၂၇၀ ကျော်ရှိသော ချောင်းတူကျေးရွာအတွင်း လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲရာ ရွာသား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ရွာခံများက ပြောသည်။
ရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာတွင်ရှိသော ကန်စောက်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၃၉ က ပစ်ခတ်ခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
“လက်နက်ကြီးပစ်တာက ဒီကန်စောက် ၅၃၉ တပ်က ပစ်တာ။ တိုက်ပွဲဖြစ်သံလည်း မကြားမိဘူး။ ဒီအတိုင်း အလွတ်ပစ်တာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ချောင်းတူကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့ရွာဝန်းကျင်တွင် တိုက်ပွဲမရှိဘဲ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောသည်။
“လက်နက်ကြီးကျတော့ အဲဒီအနား မှာရှိတဲ့ အပင်တွေအားလုံး ပြတ်ပါသွားတယ်။ အိမ်တွေကို အစ လာမှန်တာတွေက ကြောက်ဖို့ကောင်းပါတယ်။ ရေနွေးကြမ်းသောက်နေကြတဲ့ အသက်ကြီးပိုင်းတွေ အဲဒီမှာ ပွဲချင်းပြီး သေသွားတာ” ဟု သူက ပြောပြသည်။
ထိုရွာမှ မျက်မြင်သက်သေ အခြားအမျိုးသမီးတစ်ဦးကလည်း အလားတူ ပြောသည်။
“သေသွားတဲ့ လူသုံးယောက်က အတူထိုင်ပြီးတော့ ရေနွေးကြမ်းသောက်နေကြတာ။ အဲဒီအနားမှာ လက်နက်ကြီးကျည်က လာကျတော့ တစ်ခါတည်းသေသွားကြတာ။ လက်နက်ကြီးပစ်တာက ၁၀ ချက် လောက် ပစ်တယ်။ ရွာထဲကို ၃ ချက် ကျတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
“ရွာနားမှာ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ပထမ လက်နက်ငယ် ၃ ချက် ၄ ချက်ပစ်တယ်။ အဲဒီအချိန် ကျွန်မတို့ ရွာထဲမှာ ရှိနေတုန်း။ လက်နက်ငယ်ပစ်ပြီးတာနဲ့ လက်နက်ကြီးလာတော့တာပဲ။ ရွာကလူတွေအားလုံး ရွာပြင်ကို ထွက်ပြေးရတယ်”
အသက် ၅၀ အရွယ် ဦးဖြူမောင်၊ ၆၃ နှစ်အရွယ် ဦးဖြူသာထွန်း၊ ၄၈ နှစ်အရွယ် ဦးအောင်ကြီးမောင်တို့ သေဆုံးသွားပြီး ၅၀ အရွယ် မောင်မောင်ဌေး၊ ၅၀ ကျော်အရွယ် ဒေါ်ဝေသာစိန်နှင့် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူ မအေးနုယဉ်တို့ ဒဏ်ရာရရှိသွားကြသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ထိုရွာဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။
ကန်စောက်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၃၉ တပ်ရင်းမှာ စစ်တွေ – ရန်ကုန် ကားလမ်းမပေါ်တွင် ရှိပြီး ချောင်းတူကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ရှိသည်။
ယနေ့ ညနေ ၃ နာရီဝန်းကျင်က မောင်တောမြောက်ပိုင်း တမန်းသားရွာအနောက်ဘက်တွင်ရှိသော တောင်တန်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အလိုလို နေရင်းထိုင်ရင်း တိုက်ပွဲမဖြစ်လည်း ရဟတ်ယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲခဲ့တာ။ ရွာအနောက်ဘက် အရင်က တိုက်ပွဲဖြစ်ခဲ့တဲ့ လက်ပံတောင်ကြောနဲ့လည်း သိပ်မဝေးဘူး။ အဲဒီတောင်တန်းကို ဗုံးနှစ်လုံး ကြဲချတာ မြင်လိုက်ရတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများက လူနေကျေးရွာများကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေသလို အရပ်သားပြည်သူ ဒဏ်ရာရသေဆုံးမှုအများအပြား ရှိနေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ တွင် ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၅၀ တပ်ရင်းနှင့် စစ်တွေမြို့နယ်၊ ပါဒလိတ်ရွာအနီးတွင်ရှိသော ၂၃၄ တပ်ရင်းတို့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိုင်ဒင်ကျေးရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်။
အလားတူ နိုဝင်ဘာ ၁၂ ကလည်း မင်းပြားမြို့နယ်အတွင်းက တောင်ဖြူတောင်ပေါ်တွင် တပ်စွဲ အထိုင်ချထားသော စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအတွင်း ပေါက်ကွဲပြီး ရွာသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က စစ်ကောင်စီတပ်၏ လုပ်ရပ်ကို ကန့်ကွက်ထားသည်။
“လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကို ဦးတည်တိုက်ခိုက်ဝံ့သော စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်မှာ အလွန်ပင် သူရဲဘောကြောင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာ လုပ်ရပ်ဖြစ်သည်” ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ နိုဝင်ဘာ ၁၁ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Myanmar Now News