၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇန်နဝါရီလ (၁၅)ရက်မှ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့တွင်လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၀)ဦးကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီး အသုံးပြုခဲ့သည်။ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ထားခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တဦး ဆေးကုသခွင့် လုံလောက်စွာ မရှိခဲ့သော သေဆုံးခဲ့ရသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၄၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး (၄)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၆)ကြိမ် ပြုလုပ်ခဲ့ကြရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇန်နဝါရီ (၈)ရက်မှ (၁၄)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မှတ်ပုံတင်နှင့် စမတ်ကတ် မရှိသူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူ (၈)ဦးကို စစ်အာဏာရှင်တပ်သားက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)နီးပါး သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၂)ဦး ဒဏ်ရာရရှိခဲ့ပြီး (၂)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၈)ကြိမ် ပြုလုပ်ခဲ့ကြရသည်။

ပဲခူးတိုင်း၊ တောင်ငူနဲ့ သံတောင်ဒေသကရွာတွေမှာ ‌ဒေသခံပြည်သူတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်သူ့စစ်ထဲဝင်ရမဲ့သူတွေကို မဲနှိုက်ရွေးချယ် စုဆောင်းနေတာလို့ ဆိုပါတယ်။

မဲပေါက်သူတွေထဲက ပြည်သူ့စစ်ထဲ မဝင်လိုသူတွေထံကနေ တစ်ဦးကို ကျပ်ငါးသိန်းကနေ ကျပ်ရှစ်သိန်းထိတောင်းနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ရွာချင်းစီကိုစစ်တပ်ကအရပ်ဝတ်တွေရောယူနီဖောင်းဝတ်ရောရောက်လာကြပြီးအစည်းအဝေးခေါကြတယ်လို့သိရတယ်။ သဲဖြူကုန်းမှာလည်း အသက် ၅၃ အိမ်ထောင်သည် ဦးလေးကြီးလည်း မကျန်းမာလို့ဆိုပြီး သားတစ်ယောက်အစားထည့်ရမှာ သားတွေမရှိဘူးဆိုလို့ ၈ သိန်းပေးရတာတဲ့”

ပြည်သူ့စစ်ထဲဝင်ရောက်ဖို့စုဆောင်းမှာကိုကြောက်ရွံ့လို့ ဒေသခံအမျိုးသားတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦးကတော့ ဒေသခံတွေ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ဆောင်ရွက်နေတာလို့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင် သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း တတ်စွမ်းသမျှပါဝင်ကြဖို့လည်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပါတယ်။

တောင်ငူ မြတ်စောညီနောင်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ ဒိုသောင်းကျေးရွာအုပ်စု၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ရှမ်းဝါးတီး၊ ကျေးလှတော၊ သဲဖြူကုန်းကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး ပြည်သူ့စစ်ထဲဝင်ဖို့ လာရောက်စာရင်းကောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တောင်ငူနဲ့ သံတောင်ဒေသတင်မကဘဲ ကရင်ပြည်နယ် ပိန်းဇလုပ်မြို့နယ်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ် ခလရ -၂၆၄ နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူ့စစ်ထဲဝင်ရောက်ဖို့ ဒေသခံတွေကို အဓမ္မလူစုဆောင်းတာတွေလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ နောက်ထပ်ပဲခူးတိုင်းက ကျေးရွာငါးဆယ်ကျော်မှာလည်း စစ်ကောင်စီက ပြည်သူ့စစ်ထဲဝင်ဖို့ လူစုဆောင်းနေတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

RFA Burmese News

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျီးလေးရွာကို ဇန်နဝါရီလ ၁၅ ရက် ညနေ နှစ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှု မလုပ်ခင် ဇန်နဝါရီလ ၁၄ ရက်မှာ ရက္ခိုင့် တပ်တော် (AA) က ပလက်ဝမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီဆီကနေ သိမ်းယူထားတာပါ။

လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးသူတွေဟာ ပလက်ဝမြို့ပေါ်ကနေ ကျီးလေးရွာကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲ ရှောင်နေရသေးတယ်။ ရှောင်တဲ့နေရာမှာလည်း မလုံခြုံဘူး ဖြစ်နေတယ်။ ပလက်ဝမြို့နားက ကျီးလေးရွာမှာ လေကြောင်းနဲ့ ပစ်လို့ လေးဦးသေတယ်၊ သုံးဦး ဒဏ်ရာရတာ ရှိတယ်”

သေဆုံးသူတွေဟာ အသက် ၅ နှစ်အရွယ် မောင်မြတ်သူအောင်၊ အသက် ၄၉ နှစ်အရွယ် ဦးမောင်ကျန်၊ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဖြူနဲ့ အသက် ၃၆ နှစ်အရွယ် ဇော်ဇော်လွင်တို့ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေက အသက် ၂၂ နှစ်အရွယ် မောင်အောင်ဆန်း၊ မီးလက်ဝရွာကနေ လာရောက် တိမ်းရှောင်နေတဲ့ အသက် ၈ နှစ်အရွယ် မဆန်းဆန်းနွယ်နဲ့ အသက် ၃၉ နှစ်အရွယ် နွယ်နွယ်သန်းတို့ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းကျော်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

RFA Burmese News

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတဦးသည် စစ်ကြောရေး၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများအား လုံလောက်သည့် ဆေးကုသခွင့်မရ၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက် (PPNM) က သိရသည်။

ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား အသက် ၄၃ နှစ်အရွယ် ကိုရာရှင် (ခ) ဟာရှင် သည် စစ်ကြောရေးတွင်ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး ထောင်ဆေးရုံတွင် မကြာခဏ သွားရောက်ပြသခဲ့သော်လည်း လုံလောက်သည့် ဆေးကုသမှုများမရရှိခဲ့ကြောင်း PPNM မှ ကိုသိုက်ထွန်းဦးက ပြောသည်။

ကိုရာရှင်သည် ဝေဒနာများ မသက်သာသဖြင့် ဇန်နဝါရီလ ၁၁ ရက်က အရေးပေါ် ဆေးကုသခွင့် တောင်းခံခဲ့သော်လည်း ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းမရှိဘဲ နောက်ကျမှသာ ပို့ဆောင်ပေးခဲ့သည့်အတွက် ဇန်နဝါရီ ၁၂ ရက်တွင် ပြင်ပဆေးရုံ၌ အသက်ဆုံးပါးသွားကြောင်း သိရသည်။

ကိုသိုက်ထွန်းဦးက “၁၁ လပိုင်းကနေစပြီး ဆေးဝါးစောင့်ရှောက်မှုပေးဖို့ တင်ပြတယ်။ သက်သာလိုက် အဆောင်မှာ ပြန်လာနေလိုက် ဆေးရုံသွားလိုက်နဲ့ပဲ။ အတွင်းကြေဒဏ်ရာတွေ ဖြစ်တယ်၊ အပြင်မှာ မမြင်ရဘူး။ ထောင်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရင်းနဲ့ ၁၁ ရက်နေ့လောက်မှာ အသည်းအသန် ဖြစ်လာတယ်။ ထောင်အာဏာပိုင်တွေက ပြင်ပ ဆေးရုံ မပို့ဘဲနဲ့ ထောင်ဆရာဝန်တွေနဲ့ပဲ ကုနေတာပေါ့။ မရတော့တဲ့အဆုံးမှ ပြင်ပဆေးရုံကို ပို့တယ်။ နောက်ရက် ၁၂ ရက်နေ့ မနက်အစောပိုင်းမှာပဲ ဆုံးသွားတယ်” ဟု ဧရာဝတီကို ပြောသည်။

အကျဉ်းထောင်သို့ မိသားစုဝင်များပေးပို့သည့် ပါဆယ်များထဲတွင် အခြေခံလိုအပ်သော အင်္ဂလိပ်ဆေးဝါးများကို စစ်ကောင်စီက ပို့ဆောင်ခွင့် မပြုခြင်း၊ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အရေး ကြီးလူနာများအား ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခြင်းကို အချိန်နှင့်တပြေးညီ မပြုလုပ်ပေးသည့်အတွက် ၂၀၂၃ ခုနှစ် အတွင်း နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူ ၁၇ ဦးအထိ အသက်သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်၏ ကောက်ယူထားသည့်စာရင်းများအရ သိရသည်။

ကိုသိုက်ထွန်းဦးက “စစ်ကြောရေးရဲ့ ရိုက်နှက်မှုတွေကလည်း သေဆုံးမှု တော်တော်များများရဲ့ တရားခံ ဖြစ်နေတတ် တယ်။ ရိုက်နှက်ခံရပြီးရင် အကျဉ်းထောင်တွေက လုံလောက်တဲ့ ဆေးကုသခွင့် မပေးနိုင်တဲ့အခါမှာ မသေသင့်ဘဲ သေ ဆုံးသွားတဲ့ ဖြစ်စဉ်တွေက တော်တော်လေးလည်း များလာပြီ။ တော်တော်လေး စိပ်လာပြီ” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော နိုင်ငံရေးအကျဉ်းသား တေးရေးတေးဆို စံလင်းစံမှာ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်၌ ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ထောင်အာဏာပိုင်များက ဦးနှောက်ရေအိတ်တည်သည့် ရောဂါကြောင့် သေဆုံးသွားကြောင်း မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။

ထို့ပြင် အင်းစိန်‌ထောင်၌ ပုဒ်မ ၅၀ (ည) ဖြင့် အကျဉ်းကျနေသည့် အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းဖြစ်ပြီး အပူချိန် အလွန်အမင်းတက်ခဲ့ပြီးနောက် လုံလောက်သည့်ဆေးကုသမှု အချိန်မီ မရရှိခဲ့သဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် သေဆုံးခဲ့ ကြောင်း သိရသည်။

အကျဉ်းထောင်များအတွင်း၌ ဖမ်းဆီးအကျဉ်းကျခံနေရသည့် နိုင်/ကျဉ်းများမှာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ထောင် အပြောင်းအရွှေ့တွင် သတင်းအစအန မရဘဲ ပျောက်ဆုံးခြင်းများလည်း ဖြစ်ပေါ်လျက်ရှိသည်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံရသူ ၂၅,၇၉၉ ဦးရှိပြီး ၎င်းတို့အနက် ၁၉,၉၁၁ ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

Irrawaddy News

၂၀၂၃ ခုနှစ်တွင် မြန်မာ စစ်အာဏာရှင်တပ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅)ခုတွင် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု (၂၂၉၇)ကြိမ် ပြုလုပ်ခဲ့သည်။ ဆိုရှယ်မီဒီယာ များ၊ သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားပေါင်း (၃၃)ခု အထိ ကျုးလွန်ခဲ့သည်ကို တွေ့ရှိရသည်။