(က) နိုင်ငံတကာဥပဒေအရ ဆိုလျှင် အတင်းအဓမ္မ လက်ထပ်စေခြင်း ၏ အင်္ဂါရပ်များကား အဘယ် နည်း။ အတင်းအဓ္မလက်ထပ်စေခြင်းကို လူ့အခွင့်အရေး ချိုးဖေါက်မှုတရပ်အဖြစ် မှတ်တမ်းပြုရန်အလို့ငှာ အောက်ပါအင်္ဂါ ရပ် (၃) ရပ် ထင်ရှားကြောင်းဖေါ်ပြရပါမည်။ ၁။ နှစ်ဦးနှစ်ဖက်ကို တရားဝင် ပေါင်းဖက်ပေးခြင်း။ ၂။ နိုင့်ထက်စီးနင်း ပြုခြင်း၊ သို့မဟုတ် သတို့သား၊ သတို့သမီး တဦးဦး၏ ဆန္ဒမပါရှိခြင်း။ ၃။ အစိုးရ၏ လုပ်ဆောင်ချက်။

(ခ) အတင်းအဓမ္မ လက်ထပ်စေခြင်းအဖြစ် သတ်မှတ်ရာ၌ မည်သည့် ပေါင်းဖက်ပေးမှုမျိုးနှင့် သက်ဆိုင် သနည်း။ လင်မယားအဖြစ် ပေါင်းဖက်ပေးမှုသည် အစိုးရ၏ ပြည်တွင်းတည်ဆဲဥပဒေအရ ထိမ်းမြားလက်ထပ် ပေးခြင်း ဖြစ်မြောက်ရန် လိုအပ်သည်။ နိုင်ငံတကာဥပဒေတွင် ထိမ်းမြားလက်ထပ်ခြင်းနှင့် ပတ်သက်၍ တိကျသော အဓိပ္ပါယ်ဖွင့်ဆိုချက် မပါရှိချေ။ သို့စေကာမူ လက်ထပ်ထိမ်းမြားခြင်းဆိုသည်မှာ လူနှစ်ဦးနှစ် ဖက် ပေါင်းဖက်မှုဖြစ်သည်ကို ယေဘုယျနားလည်ထားကြပါသည်။ အများအားဖြင့် ထိမ်းမြား လက်ထပ် ခြင်းတရပ်သည် အခွင့်အာဏာရှိသော အရပ်ဘက်ဆိုင်ရာနှင့် ဘာသာရေးဘက်ဆိုင်ရာ အာဏာပိုင်များ ၏ အသိအမှတ်ပြုခံထားရပြီး၊ ၎င်းတွင် မိသားစု အခွင့်အရေးနှင့် တာဝန်အားလုံးပါရှိပါသည်။ ဝေါဟာရနှင့်ပတ်သက်၍သတိပြုရန် – စီစဉ်ပေးသော လက်ထပ်ခြင်း (Arranged Marriages) နှင့် အတင်းအဓမ္မ လက်ထပ်စေခြင်း (Forced Marriages)။ စီစဉ်ပေးသော လက်ထပ်ခြင်းဆိုသည်မှာ ရည်ရွယ်ထားသော သတို့သားနှင့် သတို့သမီးတို့ကို လက်ထပ် ပေးရန် ဆုံးဖြတ်ရာ၌ မိသားစုဝင်များ ဦးဆောင်ပါဝင်သော သာမန် ယဉ်ကျေးမှုဓလေ့ တခုဖြစ်သည်။ စီ စဉ်ပေးသော လက်ထပ်ခြင်း၌ နှစ်ဦးနှစ်ဘက်စလုံးမှ ဆွေမျိုးများ၏ စီစဉ်ပေးမှုကို လက်ခံမည်လား၊ ငြင်းပယ်မည်လား ရွေးချယ်ကြသည်။ နှစ်ဦးနှစ်ဘက်က လက်ထပ်ခြင်းအတွက် လွတ်လပ်စွာသဘောတူ ခွင့်ပြုသဖြင့် စီစဉ်ပေးသော လက်ထပ်ခြင်းသည် အတင်းအဓမ္မလက်ထပ်စေခြင်းဟု မဆိုနိုင်ပေ။ သို့ရာ တွင် စီစဉ်ပေးသော လက်ထပ်ခြင်းတွင် တဘက်ဘက်က ဆန္ဒမပါရှိခြင်း၊ သို့မဟုတ် နိုင်ထက်စီးနင်း ပြုသည့် လက္ခဏာအချို့ ပါရှိနေပါက ၎င်းသည် အတင်းအဓမ္မ လက်ထပ်စေခြင်း ဖြစ်သွားနိုင်ပါသည်။ (ခ) သဘောတူမှုရယူခြင်းမရှိသည့် အခြေအနေ၊ သို့မဟုတ် အတင်းအကြပ်ပြုသည့် အခြေအနေဖြင့် လက်ထပ်စေခြင်းတို့၏ သာဓကများကား အဘယ်နည်း။ အတင်းအဓမ္မ လက်ထပ်စေခြင်းဆိုင်ရာ သဘောတူမှု ရယူခြင်းမရှိသည့်အခြေအနေ၊ သို့မဟုတ် အတင်း အကြပ်ပြုသည့် အခြေအနေဆိုသည်မှာ တဦးဦး သို့မဟုတ် နှစ်ဦးနှစ်ဖက်စလုံး၏ လွတ်လပ်စွာ ရွေးချယ် ခွင့်ကို လျစ်လျူရှုသည့် အနေအထား၊ သို့မဟုတ် စီစည်မှုကို အပြည့်အဝ နားလည်ခြင်းမရှိဘဲ ဆန္ဒမပါ လက်ထပ်လိုက်ရသော အနေအထားကို ခေါ်ပါသည်။ ဤအခြေအနေ အချိန်အခါများတွင် အောက်ပါအ နေအထားတို့ ပါဝင်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇန်နဝါရီလ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စစ်အာဏာရှင်တပ်သား များ၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပြည်သူ(၄၀)ကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ဒဏ်ရာရခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှ ဒေသခံပြည်သူ (၃၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ ခေါ်ဆောင်သွားခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး အကျဉ်းထောင်တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီး ဌာနရှိ အမျိုးသမီးဝန်ထမ်းက နိုင်ငံရေးအကျဉ်းသူများကို အာဏာပြ ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ခန့် သေဆုံးခဲ့ပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး

ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၈)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သား များ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သား၏ အစုလိုက် ဖမ်းဆီး သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှ ပြည်သူ(၁၉)ဦး သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဇန်နဝါရီလ ၇ ရက် မနေ့ညနေပိုင်း စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ဒီနေ့ နေ့လယ်မှာလည်း တိမ်ညိုရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်း အိမ်ခြေ ရှစ်ရာကျော်ရှိတဲ့ တိမ်ညို စံပြရွာထဲကို မြောက်ဦးမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (၅၄၀) နဲ့ (၃၇၇) တပ်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မနေ့ ညနေ လေးနာရီခွဲခန့်မှာလည်း မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း (၃၇၇) တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ပုရိမ်ရွာထဲ ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ဘန်ဒအာလီ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မနေ့ညပိုင်း ၈ နာရီခွဲလောက်မှာ ချောင်းသစ်ရွာထဲ လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ဦးအောင်ကျော်စိန်တို့ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းသစ်ရွာအနီးမှာရှိတဲ့ မြောက်ဦး အခြေစိုက် အမှတ် (၃၁) ရဲတပ်ရင်းက လက်နက်ကြီးနဲ့ ငါးချက်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာထဲကို တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦး အခြေစိုက် လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက RFA ကိုပြောပါတယ်။

“စစ်တပ်ကတော့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာပဲ။။ အခု ဒီမှာ ၅၄၀ ရယ်၊ ၃၇၇ ရယ်၊ ၃၇၈ ရယ်၊ ရဲတပ်ရင်း ၃၁ ရယ်၊ နေ့တိုင်း လက်နက်ကြီးတွေ ပစ်နေတာ။ တစ်လှည့်စီ ပစ်ကြတာ ထင်တယ်။ မနေ့က ညနေတော့ ချောင်းသစ်ရွာထဲ တစ်လုံး ကျကွဲပြီး လင်မယားနှစ်ဦး ဒဏ်ရာတွေ ရတယ်။ ဟိုးရက်ပိုင်းကဆို သေတာတွေတောင် ရှိတယ်။ မြို့ထဲတွေရော၊ ဘေးရွာတွေကိုရော ပစ်နေတာ။ ခုနကလည်း ပစ်နေတုန်း ခုနက ပစ်နေတာ ရှစ်ချက်လောက်ရှိပြီ”

ဒီနေ့မနက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မနေ့ ည ၁၂ နာရီခန့်ကလည်း ဂျက်တိုက်လေယာဉ်နဲ့ မြောက်ဦးမြို့နယ်ထဲက တိမ်ညိုရွာဘက်တစ်လျှောက်ကို ဗုံး (၁၂) လုံး ကြဲခဲ့တာကြောင့် တိမ်ညိုရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ အိုးထိန်းရွာက ဘုန်းကြီးကျောင်းနဲ့ အိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူ ထိခိုက်သေဆုံးမှုနဲ့ အခြား ထိခိုက်ပျက်စီးမှုကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ဇန်နဝါရီလ ၇ ရက် ညပိုင်း ထုတ်ပြန်ချက်မှာတော့ မြောက်ဦးမြို့နယ်၊ ပုရိမ်နဲ့ ချောင်းသစ်ရွာမှာ စစ်ကောင်စီတပ် ခမရ (၃၇၇) နဲ့ ရဲတပ်ရင်း (၃၁) ကပစ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်ကလည်း လက်နက်ကြီးကြောင့် မြောက်ဦးမြို့ ဘုရားပေါ် ဒုက္ခသည်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်အထိ ရခိုင်ပြည်နယ်မှာ အရပ်သား ၄၈ ဦးသေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

RFA Burmese

လွန်ခဲ့တဲ့ နှစ်ရက်က စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ စစ်ကိုင်းတိုင်း ကောလင်းနဲ့ ဝန်းသိုမြို့ နယ်က အရပ်သား ၁၉ ဦးရဲ့ ရုပ်အလောင်းတွေကို ဝန်းသိုမြို့အနီး ငါးမိုင်အရပ်မှာ ဇန်နဝါရီ ၇ ရက်နေ့က ပြန်တွေ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အမျိုးသမီးတွေ အပါအဝင် ဝန်းသိုမြို့နယ် ဝင်းကြီးရွာနဲ့ သင်တောရွာက ဒေသခံတချို့၊ ကားသမားတချို့နဲ့ ကောလင်းမြို့ခံ ငါးဦးဖြစ်ပါတယ်။ အလောင်းတွေကို ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့သုံးမြို့ကြားက အချက်အခြာကျတဲ့ ငါးမိုင်ကားဂိတ် တစ်ဝိုက်မှာ ဟိုတစ်စု၊ ဒီတစ်စု စွန့်ပစ်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ခံ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီ ၇ ရက်နေ့မှာ သွားရောက် ကောက်ယူပြီး သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

“ဒဏ်ရာတွေအရ ဖမ်းဆီးခံရတဲ့ ညမှာကတည်းက သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်”

ရုပ်အလောင်းတွေမှာ ခြေ၊ လက် နောက်ပြန်ကြိုး တုပ်ထားပြီး ဗိုက်နဲ့ ဦးခေါင်း ပွင့်ထွက်တဲ့ သေနတ်ဒဏ်ရာတွေ မြင်တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“မနေ့က ကျွန်တော်တို့ ကောလင်း ကာကွယ်ရေးဘက်က သယ်ခဲ့တဲ့အလောင်း ငါးလောင်းမှာတော့ တစ်လောင်းက ဗိုက်ပွင့်နေတာ တွေ့ရတယ်။ တစ်ချက်တည်း တောင် မဟုတ်ဘူး၊ အချက်ပေါင်း များစွာ ရက်ရက်စက်စက် ပစ်ပြီး ဗိုက်တွေ ပွင့်ထွက်နေတာ။ နောက်တစ်လောင်းကတော့ ဦးခေါင်း ပွင့်ထွက်နေတဲ့ အနေအထား တွေ့ရတယ်။ ကျန်တဲ့ အလောင်းတွေကတော့ ထိခိုက်ဒဏ်ရာတွေနဲ့ ခြေကျင်းဝတ်တို့ အကြောဖြတ်တာ တွေ့ရတယ်။ တစ်အိမ်ထောင်ထဲမှာ သုံးယောက် သတ်ခံရတာ၊ သားအဖ သုံးယောက်။ ပြီးရင် အမျိုးသမီး တစ်ယောက်၊ ပြီးရင် ကားမောင်းတဲ့ ကုန်သည်တစ်ယောက်။ ကောလင်းက ငါးလောင်းပါဗျ”

ကောလင်းမြို့က သတ်ဖြတ်ခံရသူတွေဟာ အသက် ၅၀ ကနေ ၃၀ ကြား အရွယ်တွေဖြစ်ပြီး ဆန်၊ စပါး အရောင်းအဝယ်လုပ်သူ ဒေါ်ခင်စိန်၊ ကားသမား ဦးထွန်းဖော်လှိုင်၊ ဦးသိန်းဌေး၊ ကိုဟိန်းဇော်နဲ့ ကိုထွန်းတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရုပ်အလောင်းတွေအနီးမှာ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ထုတ် ၅ ဒသမ ၅၆ မီလီမီတာ ကျည်ခွံတွေကို တွေ့ခဲ့ရပြီး၊ ဒဏ်ရာတွေအရ ဖမ်းဆီးခံရတဲ့ ဇန်နဝါရီ ၅ ရက် ညမှာကတည်းက သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဝန်းသိုမြို့နယ်က အသတ်ခံရသူ ၁၄ ဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် အတိအကျ မသိရသေးပါဘူး။ အရပ်သား ၁၉ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း ဖောင်းပြင် မြို့ကနေ ကောလင်းနဲ့ ဝန်းသိုဘက်ကို ဆင်းလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

ဒေသခံတွေကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG လက်‌အောက်ခံ ကာကွယ်ရေး တပ်တွေ သိမ်းယူထားတဲ့ ကောလင်းမြို့ကို ပြန်သိမ်းယူနိုင်ဖို့ စစ်ကောင်စီက မြေပြင်ကနေ စစ်ကြောင်း ထိုးနေသလို၊ ဝန်းသိုမြို့ပေါ်ကနေလည်း နေ့တိုင်းနီးပါး ကောလင်းမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

စွန့်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီဘက်က ကောလင်း၊ ဝန်းသိုတစ်ဝိုက်ကို ကြမ်းကြမ်းတမ်းတမ်း ဖိအားပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်းသိုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိက‌ ဘာလဲဆိုတော့ သူတို့က ကောလင်းကို ပြန်လိုချင်တယ်။ ကောလင်း ပြန်လိုချင်တဲ့အခါမှာ ရပ်ရွာတွေမှာလည်းပဲ ကာကွယ်ရေး အဖွဲ့စည်းတွေကို ထောက်ခံတဲ့လူတွေ ရှိကောင်း ရှိနိုင်တယ်လေ။ အဓိကတော့ ကောလင်း ဝင်တဲ့အခါမှာ တော်လှန်ရေး အင်အားစုတွေကနေပြီးတော့ သတင်းမရနိုင်အောင် သတင်းပေးတဲ့သူ တွေကို လိုက်ရှင်းလင်းပြီး ခြောက်လှန့်တာပေါ့။ ဒီလိုလုပ်ရင်တော့ ဒီလိုဖြစ်မယ်ဆိုတဲ့ မက်ဆေ့မျိုး ပေးတာပါ။ ခပ်ကြမ်းကြမ်းပေါ့လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် နယ်မြေစိုးမိုးမှု ရ‌အောင် အဓိက လုပ်တာပေါ့။ လုပ်ရင်းနဲ့ သတင်း မပေးနိုင်အောင်၊ ကောလင်းကို ပြန်ဝင်ချင်တဲ့အခါ တော်လှန်ရေး အင်အားစုဘက်ကို သတင်းမပေးနိုင်အောင် လမ်းကြော ဖြတ်တောက်ရေး လုပ်တယ်လို့ မြင်တယ်”

ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ငါးမိုင်ဒေသက ရွာတွေကို စစ်ကောင်စီက ပြန်စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေပြီး ဝန်းသိုမြို့နယ် သင်တောနဲ့ ဝင်းကြီးရွာတွေမှာ စခန်း အထိုင်ချထားတယ်လို့ သူက ပြောပါတယ်။ အဲဒီကနေ ကောလင်းမြို့တစ်ဝိုက်က ကျေးရွာတွေဆီ စစ်ကြောင်း ထိုးနေတာလို့ ဆိုပါတယ်။

ကောလင်းမြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်။ (Photo: Kawlin Info)
ကောလင်းမြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်။ (Photo: Kawlin Info)

စစ်ကောင်စီတပ်က အရပ်သားတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးပြီး အခုလို တစ်နေရာတည်း တစ်ချိန်တည်း သတ်ဖြတ်တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ မြန်မာ့လူ့အခွင့်အရေး ကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“ဒီဟာကတော့ ရှင်းရှင်းလင်းလင်း အထောက်ထား ခိုင်ခိုင်မာမာကိုရှိတဲ့ စစ်ရာဇဝတ်မှု တစ်ခုဖြစ်တယ်။ စစ်တပ်က ကျူးလွန်နေကျ အကြမ်းဖက်မှုတွေထဲမှာ ဒီလိုမျိုးပုံစံ နောက်ထပ်ပုံစံတွေလည်း တွေ့ရတယ်။ ဒါတစ်နေရာထဲမှာ ဖြစ်တာမဟုတ်ဘူး။ နေရာအနှံ့မှာ ဖြစ်နေတယ်။ ဒါဟာ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှု တစ်ခုလည်း ပါဝင်တယ်လို့ မြင်တယ်။ စစ်ကောင်စီရဲ့ လက်ရှိလုပ်သွားတဲ့ လုပ်ဆောင်ချက်တွေဟာ လိုတာထက် ပိုပြီးတော့ မှတ်တမ်းတွေ၊ သက်သေ အထောက်ထားတွေ ရှိထားပြီးပြီ။ ဒါပေမဲ့ ဒီဟာကို ဘယ်လိုပုံစံနဲ့ အရေးယူမလဲ ဆိုတာက နိုင်ငံတကာ အဖွဲ့စည်းတချို့နဲ့ နိုင်ငံတွေရဲ့ စိတ်ဝင်စားမှုပေါ်မှာလည်း မူတည်တယ်”

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ကစလို့ အမျိုးသား ညီညွတ်ရေး အစိုးရက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေး ကိစ္စတွေကို စီမံခန့်ခွဲနေတာပါ။

ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ စစ်ကိုင်းတိုင်းမှာလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး မော်လူး၊ ကောလင်း၊ ခါမ်းပါတ်နဲ့ ရွှေပြည်အေးမြို့တွေကို သိမ်းယူထိန်းချုပ်ထားပါတယ်။

စစ်တွေမြို့အခြေစိုက် ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းဝင် သုံးဦးနဲ့ လူနာတင်ယာဉ်တစ်စီးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်မှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

စက်လှေနဲ့ ရောက်လာတဲ့ ပေါက်တောမြို့နယ်က လူနာတစ်ဦးကို စစ်တွေမြို့ကမ်းနားမှာ ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းက သွားရောက်ခေါ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံက ပြောပါတယ်။

“ကလေးမွေးဖွားမဲ့ ပေါက်တောမြို့နယ်က လူနာတစ်ဦး စက်လှေနဲ့ရောက်လာတာကို ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ အဖွဲ့ဝင်သုံးဦးက သွားခေါ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့က စစ်ဆေးစရာရှိလို့ဆိုပြီး ရဲစခန်းကို ခေါ်လို့သွားတဲ့အချိန်မှာ ကားနဲ့လူကို မနေ့နေ့လယ်က ဖမ်းလိုက်တာပါ”

အဲဒီထဲက နှစ်ဦးကို မနေ့ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပေမဲ့ ယာဉ်မောင်းနဲ့ လူနာတင်ယာဉ်ကို စစ်တွေမြို့ အမှတ် (၁) မြို့မရဲစခန်းမှာ ဒီနေ့ညအထိ ဆက်ဖမ်းထားတယ်လို့ ဆိုပါတယ်။ ကလေးမွေးဖွားမဲ့ လူနာကိုတော့ အဖမ်းမခံရခင်မှာ စစ်တွေ ဆေးရုံကို ပို့ဆောင်နိုင်ခဲ့တယ်လို့ အဲဒီအကြောင်းကို သိတဲ့သူတစ်ဦးက ပြောပါတယ်။

ကလေးမွေးဖွားမဲ့လူနာဟာ ပေါက်တောမြို့နယ် ဖရုံကာကျွန်းကနေ စက်လှေနဲ့ရောက်လာတာဖြစ်ပြီး လှေပေါ်မှာလည်း နောက်ထပ် လူနှစ်ဆယ်လောက် လိုက်ပါလာတယ်လို့ ဆိုပါတယ်။ အဲဒီသူတွေကိုလည်း ရဲတပ်ဖွဲ့က အကြောင်းပြချက်တစ်စုံတစ်ရာ မပေးဘဲ ဖမ်းဆီးသွားတယ်လို့ စစ်တွေဒေသခံက ပြောပါတယ်။

ဒီနေ့မနက်ကလည်း စစ်တွေမြို့ကမ်းနားလမ်းက လှေဆိပ်မှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကုန်တင်ကုန်ချလုပ်ကိုင်သူ စုစုပေါင်း သုံးဆယ်လောက်ကိုလည်း ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။ မနေ့ကနဲ့ ဒီနေ့မနက်ဖမ်းဆီးခံရသူတွေ ပြန်လည် လွတ်မြောက်မှုရှိ မရှိကိုတော့ မသိရသေးပါဘူး။

ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်တွေမြို့မဈေးမှာ ဈေးရောင်းနေသူ နှစ်ဆယ်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

စစ်တွေမြို့နဲ့ ပေါက်တောမြို့ကိုသွားလာတဲ့ ရေလမ်းခရီးမှာလည်း စစ်ကောင်စီရေတပ်က မကြာခဏဆိုသလို သွားလာနေတဲ့ လှေတွေကို စစ်ဆေးဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA Burmese

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဒီဇင်ဘာ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ ပြည်သူ (၇)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်နှင့်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ထောင်တို့မှ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံရသော နိုင်ငံရေးအကျဉ်းသား (၂)ဦးသည် လုံလောက်သော ဆေးကုသခွင့် မရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ဦးကျော် သေဆုံးခဲ့ပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး (၁၀)ဦးကျော် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တံတားတစ်စင်းနှင့် လမ်းတစ်ခုကို စစ်အာဏာရှင်တပ်သားများက ဖျက်ဆီးခဲ့သည်။