စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းပြီး နောက် တင်မော်ရွာက ဒေသခံအမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၆၀ ကျော်အရွယ် ဦးရဲရွှေနဲ့ အသက် ၃၀ ကျော်အရွယ် ကိုမောင်ချိုတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စစ်ကြောင်းဝင်တယ်။ ဝင်တဲ့အချိန်မှာ ဦးရဲရွှေနဲ့ ကိုမောင်ချိုတို့ကို ဖမ်းမိသွားတာ။ ၁၆ ရက်နေ့ စစ်ကြောင်း ပြန်ထွက်တော့ ရွာကို ပြန်ဝင်တဲ့အချိန် လက်ကတစ်နေရာ၊ ခေါင်းကတစ်နေရာ၊ ခြေထောက်တွေက တစ်နေရာ တွေ့ရတာပဲ၊ ဓားနဲ့ကို အပိုင်းပိုင်း ဖြတ်သွားတဲ့ပုံစံပဲ၊ တော်တော် ရက်ရက်စက်စက်ကို လုပ်သွားတာဗျ”

တင်မော်ရွာကို စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်လေ့ရှိပြီး အာဏာသိမ်းပြီးနောက် ဆယ်ကြိမ်ထက် မနည်း စီးနင်းခဲ့တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းတွေမရှိတော့ပေမယ့် ဒေသခံတွေကတော့ နေရပ်မပြန်ရဲသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းစစ်ကောင်စီ ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင် ကျော်ကတော့ လုံခြုံရေးကိစ္စတွေ သူ မသိဘူးလို့ ပြောပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၄၅၄၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

RFA Burmese

ကရင်နီပြည်နယ်၊ ရှားတောမြို့တွင် ဒေသခံ ၇ ဦးကို သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ၂ ဦးကို ဖမ်းဆီးရမိထားကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နံနက်တွင် ရေးထားသည်။

ကရင်နီဒေသအတွင်း စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ရှားတောမြို့နယ်မှ ဒေသခံ ၇ ဦးကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်သွားခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသူများထဲတွင် ကိုယ်ဝန်ဆောင်တစ်ဦး၊ မသန်စွမ်း အမျိုးသမီးနှစ်ဦး၊ အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ် ယောကျ်ားလေး နှစ်ဦး၊ ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၇ ဦး ဖြစ်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) တည်ထောင်သူ ဦးဗညားက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် Myanmar Now ကို ပြောထားသည်။

“မိသားစုသုံးစုကို ဖမ်းသွားပြီး လမ်းပြခိုင်းတယ်။ ပြီးတော့ လမ်းတစ်ဝက်မှာပဲ အကုန်လုံးကို သတ်ပစ်တာပေါ့နော်။ စုစုပေါင်း ၇ ယောက်ပါ။ အဓိက ဦးခေါင်းကို တေ့ပြီး ပစ်သတ်ခဲ့တာပါ” ဟု ဦးဗညားက ဆိုသည်။

“ရှားတောမှာ ကလေးငယ်လေးတွေကို ပစ်သတ်သွားတဲ့ ကောင်တွေကို သေသွားတဲ့ကလေးတွေရဲ့ မျက်နှာကို ကြည့်ခိုင်းတော့ မကြည့်ရဲဘူးတဲ့။ အဲ့တော့ ကျနော်တို့ပြည်သူတွေလည်း အဲ့လိုကောင်တွေဟာ ဘယ်လိုကောင်တွေလည်းဆိုတာ မြင်ရအောင် ပြပေးလိုက်ပါတယ်။ သူတို့ မိသားစုတွေမြင်ပါစေ” ဟု ဒုစစ်ဦးစီးချုပ် မာဝီက ရေးထားသည်။

အင်္ကျီကွက်ကျား ဝတ်ထားသူသည် သုံးပွင့်ဗိုလ်ကြီးဖြစ်၍ အားကစားအင်္ကျီအနီ ဝတ်ထားသူမှာ တပ်သားဖြစ်ကြောင်း မာဝီက ဖော်ပြထားပြီး ၎င်းတို့၏ အမည်၊ အသက်၊ နေရပ်လိပ်စာ၊ မည်သည့်နေ့တွင် ဖမ်းဆီးရမိသည် စသည့် အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိပေ။

၎င်းတို့သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ မိုင်းပျဉ်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၄၉) မှ ဖြစ်ကြောင်း သိရသည်။

ခလရ-၂၄၉ မှ အင်အား ၆၀ ကျော်ကို ဖေဖော်ဝါရီ ၅ နံနက်အစောပိုင်းတွင် ရဟတ်ယာဉ် သုံးစီးဖြင့် ရှားတောမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသူနှစ်ဦးကို လက်တုံ့ပြန်သတ်ဖြတ်မည်မဟုတ်ကြောင်း မာဝီက အောက်ပါအတိုင်း ရေးထားသည်။

“ဒီလူတွေကို ရှင်းပလိုက်လို့ လာမပြောကြပါနဲ့ ကလေးတွေအတွက် တရားမျှတမှုကို ကျန်ခဲ့တဲ့မိဘတွေ ဆွေမျိုးတွေအတွက် ရှာဖွေဖို့လိုပါတယ်။ ဒီကောင်တွေ ဒီအတိုင်းသေသွားလို့မရပါဘူး သူတို့ရဲ့သခင် မင်းအောင်လှိုင်ကိုပါ ဆွဲခေါ်သွားဖို့လိုပါတယ်”

ရှားတောမြို့ကို ကရင်နီတော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အလုံးစုံ ထိန်းချုပ်လိုက်သည်။

မြို့အဝင် စေတီကုန်းပေါ်ရှိ လက်ကျန် စစ်တပ်ဗျူဟာကုန်းကို တိုက်ခိုက်ပြီးနောက် ရှားတောမြို့တစ်ခုလုံးကို သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု ကရင်နီတပ်မတော် (KA) မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဖေဖော်ဝါရီ ၁၄ တွင် Myanmar Now ကို အတည်ပြုသည်။

ပုံစာ – KNDF ဒုစစ်ဦးစီးချုပ် မာဝီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသော ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး။

Myanmar Now News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဖေဖော်ဝါရီ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဖေဖော်ရီ(၅)ရက်နေ့ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် စစ်အာဏာရှင်တပ်၏ လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် (၄)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ကျော် ထိခိုက် ဒဏ်ရာ ရခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့မှ ဒေသခံပြည်သူ (၃၀၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခဲ့သည်။ မန္တလေး အိုးဘို ထောင်မှ နိုင်ငံရေး အကျဉ်းသူ တဦး ဆေးကုသခွင့် လုံလောက်စွာ မရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၁၂)ကျော် ဒဏ်ရာရရှိခဲ့ပြီး (၉)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း မအူပင် ရေကာတာကျေးရွာမှာ ဂိတ်ထိုင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရှမ်းနီတပ် (SNA) ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီကျော်လောက်မှာ လာရောက်တိုက်ခိုက်ပြီးနောက် နေအိမ် ၁၂ လုံးကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“မနက်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကထန်ယန် – လွယ်ဆိုင်ဘက်က တက်လာတဲ့တပ်တွေလို့ ပြောတယ်။ ရှမ်းနီတွေလည်းပါတယ်။ ရွာမီးရှို့တာ ၁၂ အိမ်ပါသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မအူပင်ရေကာတာကျေးရွာက အိမ်ခြေ ၂၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၂ အိမ်က မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

“KIA စစ်သားတွေကတော့ ကျေးရွာဘက်ကို အထိမခံချင်​​ကြဘူးလေ။ သူတို့ဆုတ်တာနဲ့ စစ်တပ်နဲ့ ရှမ်းနီတွေ ရွာမီးရှို့တာပဲ” လို့ ဒေသခံက ပြောပါတယ်။

မအူပင်ရေကာတာကျေးရွာဘက်ကို ဖေဖော်ဝါရီ ၇ ရက် မနက် ၅ နာရီလောက်ကတည်းက နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားတဲ့အချိန်အထိ ကာမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူ​ပေးခဲ့တယ်လိုလည်း သိရပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဓမ္မဆရာတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မအူပင်ကျေးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

DVB News

မကွေးတိုင်း ယောဒေသကာကွယ်ရေးတပ် (YDF) ရဲဘော် ၂ ဦးကို စစ်ကောင်စီလက်အောက်ခံ ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းကျေးရွာက ပျူစောထီးတွေက ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပကဖကနေ သိရပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မြောက်ခင်ရမ်းကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့ YDF ရဲဘော် ၂ ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ  ၂ ဦးကို  သံကြိုးနဲ့ တုပ်ကာ ကားနဲ့ဆွဲခေါ်  နှိက်စက်ပြီး နောက်ဆုံးမှာ မြောက်ခင်ရမ်းရွာ မြောက်ဘက်အထွက် ဆေးရုံရှေ့ ကုက္ကိုလ်ပင်မှာအရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပကဖတာဝန်ရှိသူက “ ၁၁ လပိုင်း ၇ ရက်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ပါ။ ကြိုးနဲ့ဆွဲတာရော မီးရှို့ခံရတဲ့ဖြစ်စဉ်က တခုထဲပါ၊ အဲ့ဒီ ဗီဒီယိုက ပျူရွာကထွက်ပြေးတဲ့သူတွေက ခိုးထုတ်လာတာပါ၊ အဲ့ဒီဖိုင်က ရွာကပျူစောထီးအမာခံတွေရဲ့ လက်ထဲမှာရှိနေတာပါ၊ မီးရှို့တဲ့အချိန်မှာ ဝိုင်းကြည့်နေသူတွေက ပျူစောထီးမိသားစုဝင်တွေနဲ့ အမာခံတွေပါ”လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၂ ဦးဟာ ကိုဖိုးတေနဲ့ ကိုသားထောင် တို့ဖြစ်ကာ ယောဒေသကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင်တွေဖြစ်ပြီး YDF ကိုဆက်သွယ်မရတဲ့အတွက် သူတို့ရဲ့ အသက်နဲ့ ရာထူးတွေကိုတော့ အသေးစိတ် မသိရှိရသေးပါ။

ဒီသတ်ဖြတ်မှုကို မြောက်ခင်ရမ်းကျေးရွာက ကိုဖြိုးဝင်း၊ ကိုထက်ဝေဦး၊ ကိုနောင်ထွေး ဆိုတဲ့ ပျူစောထီးတွေဦးဆောင်တဲ့ မိုးကြိုးအဖွဲ့က ကျူးလွန်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။ အခုလို ဖမ်းဆီးသတ်ဖြတ် မီးရှို့ သတ်ခဲ့တာနဲ့ ပတ်သက်ပြီး  ပျူစောထီးတွေကိုရော စစ်ကောင်စီ ဘက်ကိုပါ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

DVB News

အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှု ရပ်ရန်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဝင် ၉ နိုင်ငံက မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်သည်။

UNSC အဖွဲ့ဝင်များဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အီကွေဒေါနှင့် မော်လ်တာ နိုင်ငံများသည် တနင်္လာနေ့က UNSC ၏ မြန်မာ့အရေး အစည်းအဝေး မကျင်းပမီ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်သည်။ ထို ၉ နိုင်ငံတွင် UNSC အမြဲတမ်းနှင့် အလှည့်ကျ အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ပါဝင်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့သည် မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း မှတ်ချက်ချပြီး မြန်မာနိုင်ငံအခြေအနေသည် ဆက်လက်ဆိုးရွားနေကြောင်း ၎င်းတို့ပြောသည်။

UNSC အစည်းအဝေးကျင်းပသည့်နေ့တွင်ပင် စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည်နယ် ဒီမောဆိုမြို့နယ်မှ ကျောင်းတခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သောကြောင့် အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အကြား ကလေး ၄ ဦး သေဆုံးပြီး အခြားကလေး ၁၅ ဦး ဒဏ်ရာရသည်။ စစ်ကောင်စီက ထိုတိုက်ခိုက်မှုကို ငြင်းဆိုသည်။

“မခွဲမခြား လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က ဆက်လက်ပြုလုပ်နေခြင်းအပါအဝင် မြန်မာမှ အရပ်သားများ အပေါ် ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကို မိမိတို့ ပြင်းထန်စွာ ရှုတ်ချသည်” ဟု အထက်ပါ အဖွဲ့ဝင် နိုင်ငံများက ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။

အထက်ပါကြေညာချက်တွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် ရုရှားပါဝင်ခြင်း မရှိပေ။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ တွင် ဖေါ်ပြထားသည့်အတိုင်း အကြမ်းဖက်မှု ပုံစံအားလုံးကို ရပ်ဆိုင်းရန် မိမိတို့တောင်းဆိုပြီး ချုပ်တည်းရန်နှင့် တင်းမာမှုလျှော့ချရန် တိုက်တွန်းသည်။ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အငြင်းပွားဖွယ် ဖမ်းဆီးထားသည့် အကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန် မြန်မာစစ်တပ်ကို ဆက်လက်တိုက်တွန်းသည်” ဟု အထက်ပါနိုင်ငံများက ကြေညာချက်တွင် တိုက်တွန်းထားသည်။

ထိုသို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက ထိုနိုင်ငံများကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖေါ်ရန် ပိုမိုလုပ်ဆောင်ရေး တိုက်တွန်းသည်။

မီဒီယာသို့ ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဦးကျော်မိုးထွန်းက “၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ထုတ်ပြန်ပြီးနောက်တွင်ပင် စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေသည်။ ထိုဆုံးဖြတ်ချက်ကို စစ်ကောင်စီ လိုက်နာစေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ရှိအချိန်အထိ မည်သည်မျှ မလုပ်ဆောင်သေးပေ။ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အခြေခံတည်ဆောက်ထားသည့် အကောင်အထည်ဖေါ်နိုင်သော ဆုံးဖြတ်တခု မိမိတို့လိုအပ်ကြောင်း ထင်ရှားသည်” ဟု ဖေါ်ပြထားသည်။

ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ အပါဝင် အရပ်ဘက်နေရာများကို တိုက်ခိုက်ရန် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို စစ်ကောင်စီက ဆက်လက်အသုံးပြုနေသောကြောင့် စစ်ကောင်စီထံ လက်နက်များ၊ လေယာဉ်ဆီနှင့်ငွေကြေးစီးဆင်းမှု အဆုံးသတ်ရေးကိုလည်း သူတောင်းဆိုသည်။

“ကျနော် ခဏခဏမေးနေတဲ့ မေးခွန်းက မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်ဆယ်ဖို့ သူတို့ ဘာကို စောင့်နေတာလဲဆိုတဲ့မေးခွန်းပဲ” ဟု ဦးကျော်မိုးထွန်းပြောသည်။

အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးနှင့် လူကုန်ကူးခြင်းတို့အပါအဝင် မြင့်မားနေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်လည်း လုံခြုံရေးကောင်စီကို သူ တောင်းဆိုသည်။ ထိုအမှုများကို စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံနယ်ခြားစောင့်တပ်များက အကာအကွယ်ပေးထားကြောင်း သူပြောသည်။ ထိုသို့သော ရာဇဝတ်မှုများသည် ဒေသတွင်းနှင့် ဒေသပြင်ပတွင် ကြီးမားသော သက်ရောက်မှုဖြစ်စေကြောင်း သူပြောကြားပြီး ထိထိရောက်ရောက် အရေးယူရန် တိုက်တွန်းသည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း ပြည်သူများကို စစ်ကောင်စီက တနိုင်ငံလုံးတွင် အကြမ်းဖက် စစ်ဆင်ရေး လုပ်သောကြောင့် အရပ်သား ၄၄၀၀ ကျော် သတ်ဖြတ်ခံရပြီး လူပေါင်း ၂၅၀၀၀ ကျော် အဖမ်းခံရကာ အရပ်သားနေအိမ်ပေါင်း ၇၈၀၀၀ ကျော်မီးရှို့ခံရကြောင်း သူပြောသည်။

လူပေါင်း ၁၈ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီး လူပေါင်း ၂.၆ သန်းသည် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်။ ဘာသာရေးအဆောက်အအုံများအပါဝင် အရပ်သားအဆောက်အအုံ ၈၆၀၀၀ ကျော်ကို စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည်။

“မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ၎င်းတို့ ဆုံးဖြတ်ချက်အား ပြသမှု မည်သည့် အခါမှ ရပ်မည် မဟုတ်ပေ။ .. မိမိတို့သည် စစ်အာဏာရှင်စနစ်နှင့် ၎င်း၏အုပ်ချုပ်ရေးကို ဆန့်ကျင်ရာတွင် ညီညွတ်သည်။ မိမိတို့သည် လွတ်လပ် ငြိမ်းချမ်း အားလုံးအကျုံးဝင် တရားမျှတ ဒီမိုကရေစီရှိသည့် လူ့အဖွဲ့အစည်တွင် နေထိုင်လိုကြသည်” ဟုလည်း ဦးကျော်မိုးထွန်းပြောသည်။

တော်လှန်ရေးသည် ပြည်တွင်းဖြစ်ဖြစ်ပြီး ပြည်သူကို ဗဟိုပြုကာ ပြည်သူကို မျက်နှာမူကြောင်း၊ သို့သော် လုံခြုံရေး ကောင်စီနှင့် အဖွဲ့ဝင် တနိုင်ငံချင်းထံမှ ညှိနှိုင်းခိုင်မာသော အရေးယူမှုများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းထံမှ အကူအညီများ ချက်ခြင်းလိုအပ်နေသည်ဟု သူပြောသည်။

“မြန်မာပြည်သူများ၏ အသက်များကို ကယ်ဆယ်ရန် အချိန်မီပြီး အကောင်အထည်ဖေါ်နိုင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက် ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို မိမိ ထပ်မံမေတ္တာရပ်ခံသည်” ဟု ဦးကျော်မိုးထွန်းပြောသည်။

Irrawaddy News