မန္တလေးတိုင်း မတ္တရာမြို့နယ် မြောက်ပိုင်းနှင့် အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက် စစ်တပ်က အင်အားအလုံးအရင်း ဖြင့် စစ်ကြောင်းထိုးနေရာ နေအိမ်များ မီးရှို့ ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ထပ်မံကျူးလွန် နေကြောင်း သိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းက မတ္တရာမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသည် ၄မိုင်ခန့် ကွာဝေး သော ရှမ်းမြောင်ကျေးရွာသို့ ဝင်ကာ အသက် ၇၀ ကျော် အမျိုးသမီးတဦးအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့ ၃၀ ရက်နေ့ ည ၁၀ နာရီလောက်မှာ မတ္တရာမြို့ ထဲကနေ ကင်းပတ်ပြီးတော့ BE ကျောက်မှုန့်စက်ရုံဘက်ကို ဆက်ကြေးလာတောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးလောက် က ဒေသခံ ၇ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီးတော့ ရွှေငွေလက်ဝတ်ရတနာတွေနဲ့ ကား ၃ စီးကိုလည်း ယူသွားကြတယ်”ဟု ပြောသည်။

အသတ်ခံရသူများမှာ ရှမ်းမြောင်ရွာ BE ကျောက်မှုန့်စက်ရုံမှ မန်နေဂျာ၏ မိခင် အသက် ၇၀ ကျော်အရွယ် အမျိုးသမီး၊ ဂွတ်ဒ်ဘရာသားကုမ္ပဏီမှ အသက် ၄၀ ဝန်းကျင် တရုတ်အမျိုးသားတဦး၊ BE ကျောက်မှုန့်စက်ရုံအလုပ်သမား ၄ ဦးနှင့် လမ်းဘေးတွင် ရှိနေသော စိတ်မနှံ့သူ အမျိုးသားတဦးတို့ ဖြစ်သည်။

မတ္တရာမြို့ခံတဦးက “ရှမ်းမြောင်ရွာဘက်မှာ အခုလို သတ်ဖြတ်ခံရတာ ဒီဇင်ဘာ တလတည်း ၈ ယောက် ရှိတယ်၊ လဆန်း ပိုင်းတုန်းက ရွာထိပ်မှာ ထိုင်နေတဲ့ ၂၇ နှစ်လောက်အရွယ် လူငယ်တယောက်ကိုလည်း ပစ်သတ်သွားသေးတယ်၊ မြို့နဲ့ သိပ်မဝေးတော့ စစ်တပ်က မကြာခဏဆိုသလို ပိတ်ဆို့ စစ်ဆေးတာတွေ ရှိတယ်၊ ညပိုင်းတွေဆိုရင်လည်း သေနတ်ဖောက်တာမျိုးတွေရှိတော့ အဲဒီညက အခါတိုင်းလိုပဲ သေနတ်ပစ်တာမျိုးလို့ ထင်ခဲ့ကြတာ”ဟု ပြောသည်။

မတ္တရာနယ်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက်မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့များက “တောင်သမန် စစ်ဆင်ရေး”ကို ဆင်နွှဲလျက်ရှိရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မန္တလေးမြို့ထိ တိုက်ပွဲများ ရောက်မလာစေရေး မတ္တရာမြို့နယ်ကို ခံတပ်သဖွယ် အသုံး ချ၍ အကြမ်းဖက် ဖိနှိပ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက “မတ္တရာက မန္တလေးကို ကာဖို့အတွက် ခံတပ်လို အသုံးပြုနိုင်တဲ့ မြို့ဖြစ်တယ်၊ မန္တလေးမြို့ပေါ်နဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ နန်းတွင်းအထိ ပြီးခဲ့တဲ့ လထဲမှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်ခဲ့တာမျိုးရှိတော့ မန္တလေးအတွက် အဓိက ခံတပ်ဖြစ်တဲ့ မတ္တရာမြို့နယ် မကျရှုံးရေးအတွက် အင်အားအလုံးအရင်းနဲ့ ကာထားတဲ့သဘောမျိုးလို့ မြင်တယ်၊ မတ္တရာမြို့နယ်တခုလုံးမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀၀ ကျော်လောက်နဲ့ ကာထားတယ်”ဟု ပြောသည်။

ကျေးရွာ မီးရှို့ခံရသည်ကို အဝေးမှသာ ကြည့်နေရသော မတ္တရာ ဒေသခံများ/The Voice of Wetlet-Madayar

ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်း မတ္တရာ- စဉ့်ကူးအစပ်ရှိ ပန်းယျကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးများသည် ကား ၇ စီးဖြင့် မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးရှိ ဥဒိန်ကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁ ရက်တွင်လည်း ကိုးပင်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် မြစ်ရိုးရှိ ဆင်ကုန်ရွာ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်သဖြင့် နေအိမ် ၅ လုံးခန့် လက်နက်ကြီးကျည် ထိကာ မီးလောင်ပြီး ဒေသခံတဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဘယ်တပ်တွေဆိုတာ မသိရပေမယ့် အခုဝင်တဲ့ စစ်ကြောင်းမှာ ပျူစောထီး တွေ အများဆုံး ပါတယ်၊ ကျနော်တို့ မတ္တရာမြို့နယ်မှာက ပျူစောထီးတွေ အင်အားများတဲ့အတွက် စစ်ကြောင်းထိုးတာ လုံခြုံရေးကိစ္စရပ်တွေမှာ ပျူတွေကို သုံးတာများတယ်”ဟု ပြောသည်။

မတ္တရာမြို့နယ်သည် မန္တလေးမြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေကာ မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာ အုပ်စု ၈၃ အုပ်စု၊ ကျေးရွာ ပေါင်း ၂၈၆ ရွာရှိပြီး အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့ နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တိုနှင့် နယ်နမိတ် ထိစပ်နေပြီး မတ္တရာမြို့များသို့ မန္တလေးမြို့မှ ကား၊ ဆိုင်ကယ် တနာရီခန့်သာ မောင်းနှင်ရသည့် အကွာအဝေးတွင် တည်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က မန္တလေး-မိုးကုတ် ကားလမ်းဘေး အောင်ကန်သာရွာရှိ လက်ဖက်ရည် ဆိုင်ရှင် လင်မယား ၂ ဦးအပါအဝင် ဆိုင်ထိုင်နေသော ရေနံ့သာ၊ အောင်ကန်သာ၊ ဥက္ကံ၊ ပတ်လည်အင်း ကျေးရွာများမှ ဒေသခံ ၁၁ ဦးထိ ပစ်သတ်ခံခဲ့ရသေးကြောင်း၊ ထို့ပြင် နိုဝင်ဘာ ၁၈ ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများများကြောင့် စစ်ဘေးရှောင်နေကြသော ကင်းနှင့် သရက်ကိုင်းကျေးရွာမှ ဒေသခံအမျိုးသား ၆ ဦးကို မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်အစပ်ရှိ သရက်ကိုင်းကျေးရွာအနီး စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို အယ်လ်ဖာဘိလပ်မြေစက်ရုံအဝင် ကွန်ဂရစ်လမ်းဘေးတွင် စွန့်ပစ်ခဲ့သေးကြောင်း သိရသည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက “စစ်ကြောင်းကလည်း တနေရာမဟုတ် တနေရာ ကို နေ့တိုင်း ဝင်နေပေမယ့် အခုနောက်ပိုင်းမှာ PDF တွေကို စစ်တပ်က မနိုင်တော့ဘူး၊ ဒါကြောင့် သူတို့နိုင်တဲ့ ပြည်သူတွေ ကို အခုလိုမျိုး စစ်ရာဇဝတ်မှုမြောက်စေတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့အတူ ညဉ်းပန်းနှိပ်စက်တာ ရက်ရက် စက်စက် သတ်ဖြတ်တာမျိုးတွေ လုပ်နေတာ”ဟု ပြောသည်။

ယခုအခါ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်စေရန် ပြည်သူ့ကာကွယ်ရေး တပ်များ က နေ့စဉ်တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း ကျေးရွာများသို့ လှည့်လည် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ဆက်တိုက် စစ်ကြောင်းထိုးခြင်းနှင့် မတ္တရာအရှေ့ ခြမ်း တိုက်ပွဲများကြောင့် ဧရာဝတီ မြစ်ရိုးမှ အိမ်ခြေ ၅၀၀ ကျော်ရှိ ဥဒိန် ကျေးရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရသလို လက်ဝဲကြီး၊ လမိုင်း၊ အောင်ချမ်းသာ၊ မြောင်းဦး၊ ကင်း၊ စခန်း သာ၊ ဇီးဖြူပင်၊ သဖန်းကိုင်း၊ သဖန်းဒေါင့်၊ သနပ်ကုန်း၊ ဆင်ကုန်းစသည့် ရွာ ၃၀ ခန့်မှ လူ ၂ သောင်းကျော် ဘေးလွတ်ရာသို့ စစ်ရှောင်နေ ရသည်။

ကင်းရွာ ဒေသခံတဦးက “စစ်ကြောင်းတွေ ထိုးနေတာရယ်၊ တိုက်ပွဲတွေရယ်ကြောင့် ဘေးလွတ်ရာကို ရှောင်ကြရတာ၊ စပါး တွေက ရင့်မှည့်ပြီး ရိတ်သိမ်းချိန် ရောက်နေပေမယ့် တောင်သူတွေက ပြေးနေရတော့ စပါးရိတ်ဖို့ ခက်နေတယ်၊ ဝါစိုက် တဲ့ သူတွေလည်း ဝါကောက်ချိန်မှာ ဝါကောက်နေရင်းနဲ့ ပြေးကြရတာမို့ အခက်အခဲတွေ ဖြစ်ကုန် ကြတော့တာပေါ့၊ တော်တော် လေး ဒုက္ခရောက်ကြရပါတယ်”ဟု ပြောသည်။

ထိုသို့ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းကို စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်ခြင်းမျိုး မရှိဟု ငြင်းဆိုနေသော်လည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက အကြမ်းဖက် PDF တပ်ဖွဲ့ဝင်များ ခိုလှုံနေသည့် ကျေးရွာများကို ပြည်သူ များ၏ သတင်းပေးမှုကြောင့် ရှင်းလင်းနေခြင်းဖြစ်ကြောင်း ဆိုထားသည်။

Irrawaddy News

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ဇန်နဝါရီလ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးတာကြောင့် ရွာသုံးရွာက ဒေသခံသုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ မနက်ကစပြီး ဒေသခံတွေ ထွက်ပြေးနေရတာလို့ ရေးဦးမြို့နယ်အခြေပြု People’s Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က RFA ကို ပြောပါတယ်။

“ဒီနေ့မနက်က ရေဦးမြို့တွင်းကနေ တောင်ဘက်ခြမ်းက ရွာသုံးရွာကို လက်နက်ကြီး လက်နက်ငယ်တွေပစ်ပြီး အင်အား ၈ဝ ခန့်ပါတဲ့ စစ်ကြောင်းဟာ စစ်ကြောင်းထိုးတယ်။ အဲဒီရွာတွေက ပြည်သူပိုင်ဆန်တွေကို ရေဦးမြို့ပေါ်ကို ရိက္ခာအဖြစ် ခိုးသယ်နေတာ၊ မနက်ပိုင်းကစလို့ ရွာသုံးရွာက လူသုံးထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်”

စစ်ကောင်စီစစ်ကြောင်းဟာ ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း၊ ပြည်တော်၊ မုတ်စီ စတဲ့ရွာတွေကို ဝင်ရောက်လာတာလို့လည်း ဆိုပါတယ်။

စစ်ကြောင်းထိုးတာကြောင့် ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း ရွာသုံးရွာက ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရတာဖြစ်ပြီး အဲဒီရွာတွေက ပြည်သူတွေရဲ့ ဆန်တွေကို စစ်ကောင်စီတပ်သားတွေက ရေဦးမြို့ပေါ် သယ်ဖို့ပြင်နေပြီး မနက်ပိုင်းမှာ ရေဦးနယ်မြေခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးတာတွေရှိတယ်လို့လည်း ပြောပါတယ်။

စစ်ကြောင်းထိုးတာနဲ့ ပြည်သူပိုင်ဆန်တွေ သယ်ယူနေတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် ရှိလာပြီလို့ ဖော်ပြထားပါတယ်။

RFA Burmese

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာစစ်အာဏာရှင်တပ်၏ တိုက်ခိုက် မှုကြောင့် တရုတ်-မြန်မာနယ်စပ်အနီးရှိ မုန်လိုင်ခတ် စစ်ရှောင်စခန်းမှ စစ်ပြေး ဒုက္ခသည်များ ထိခိုက် သေဆုံးကြရသည်။ ယခု စာတန်းငယ်အား လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma)၊ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်း နိုင်ငံ (KWAT), Spring Archive နှင့် လူ့အခွင့်အရေးနှင့် ကောင်းမွန်သည့်အုပ်ချုပ်ရေး အဖွဲ့ (နွေဦးတက္ကသိုလ်)မှ အလုပ်သင်များ ပူးပေါင်းပြုစုထားခြင်းဖြစ်ပါသည်။ Spring Archive နှင့် အလုပ်သင်များက မုန်လိုင်ခတ်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ် သက်ပြီး သတင်းမီဒီယာနှင့် လူမှုရေးကွန်ရက်စာမျက်နှာများကို စောင့်ကြည့်လေ့ လာ မှတ်တမ်းတင်ခဲ့ပြီး၊ ND-Burma နှင့် KWAT တို့က မုန်လိုက်ခတ်စခန်းမှ အသက် ရှင်လွတ်မြောက်လာသူများနှင့် လူသားချင်းစာနာသည့် အကူအညီပေးနေသည့် ဒေ သခံအဖွဲ့အစည်းများအား မေးမြန်းမှတ်တမ်းတင်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ဆယ်ဦး သေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရွာမှာ ဒီဇင်ဘာ ၂၈ ရက် ည ၉ နာရီခန့်က စစ်ကောင်စီ တပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာ အိပ်ပျော်နေတဲ့ ရိုဟင်ဂျာ ကလေးသုံးဦး အပါအဝင် တစ်မိသားစုတည်းကနေ မိသားစုဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် မိသားစုဝင် တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် ဦးဇာဖောရ်၊ အသက် ၁၉ နှစ်အရွယ် မောင်အာန်ဆာရ်အူလာ၊ အသက် ငါးနှစ်အရွယ် မောင်ဆော့ယောဒ်အာမိန့်၊ အသက် သုံးနှစ်အရွယ် မောင်နိုရိုလ်အာမိန်၊ အသက် ၁၁ နှစ်အရွယ် မောင်ဟာလယာနဲ့ အသက် နှစ်ဆယ်အရွယ် မတောစ်မီနာရာတို့ ဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် သူတို့ရဲ့နေအိမ် မီးလောင်ပျက်စီးခဲ့သလို အိမ်သားတွေလည်း ကျည်ထိမှန်ရုံမက မီးလောင် သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စေတီတောင်ရွာခံ ရိုဟင်ဂျာတစ်ဦးက RFA ကို ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

“မနေ့ည (ကြာသပတေးည) က ရွာထဲကို လက်နက်ကြီး သုံးလုံးကျပါတယ်။ တစ်လုံးက နေအိမ်ပေါ် တိုက်ရိုက်ကျတယ်။ အိမ်မှာ အိပ်နေတဲ့ မိသားစု ခြောက်ယောက်လုံး သေသွားပါတယ်။ အိမ်လည်း မီးလောင်သွားတယ်။ အလောင်းတွေလည်း မီးလောင်သွားပါတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ ကယ်ဖို့လုပ်တုန်း ဒဏ်ရာရသွားတာပါ”

အဲဒီလက်နက်ကြီးကျည်ဆန်ဟာ ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံ စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကနေ ပစ်ခတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

စေတီတောင် ရိုဟင်ဂျာရွာမှာ အိမ်ခြေ ခြောက်ဆယ်ကျော်၊ လူဦးရေ သုံးရာကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးထိခိုက်မှုတွေကြောင့် ရွာသူ၊ ရွာသား အားလုံး စိုးရိမ်ထိတ်လန့်နေပေမယ့် ရိုဟင်ဂျာ မွတ်စလင်တွေဟာ အစကတည်းက ရခိုင်ပြည်နယ်အတွင်းမှာတောင် လွတ်လပ်စွာ သွားလာပြောင်းရွှေ့ခွင့် မရတာကြောင့် အခုလို အသက်ဘေးကြုံရချိန်မှာ ပြေးစရာနေရာမရှိဘဲ ရွာမှာပဲ ဆက်လက် နေထိုင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာပဲ မြောက်ဦးမြို့နယ်က ကိုင်းတော၊ ဘူးတစ်လုံး၊ ပေါင်းတုတ် စတဲ့ ရိုဟင်ဂျာရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ လေးဦးသေဆုံးပြီး၊ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုင်းတောရွာမှာ ရိုဟင်ဂျာအမျိုးသား နှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တာပါ။ ဘူးတစ်ဦးရွာမှာလည်း ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နောက်ထပ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ပေါင်းတုတ်ရွာမှာတော့ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နောက်ထပ် အမျိုးသားလေးဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့တဲ့အတွက် မြောက်ဦးနဲ့ မင်းပြားမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ မနက်ပိုင်းက ပြောပါတယ်။

“မနေ့က AA က မြောင်းဘွေ ရဲစခန်းကို ဝင်တိုက်တယ်လေ။ အဲဒီမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေရော၊ လေယာဉ်နဲ့ရော လာပစ်တာပါ။ အနီးအနား ရွာတွေကို ပစ်တဲ့အချိန်မှာ အခုလို သေဆုံး ဒဏ်ရာရသွားတာ။ နေအိမ်တွေလည်း မီးလောင်သွားပါတယ်။ မြောက်ဦးဘက်ကရော၊ မင်းပြားဘက်ကရော လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဂျက်လေယာဉ်တွေနဲ့လည်း လာပစ်ပါတယ်”

ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေရှိတဲ့ မြို့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်၊ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာလို့ ဒီဇင်ဘာ ၂၈ ရက်ညပိုင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာအနီး ပတ်ဝန်းကျင်ကို တပ်မတော်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး အဲဒီနေ့မှာ လေကြောင်း တိုက်ခိုက်တာတွေမရှိဘူးလို့ ဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံတွေကနေတစ်ဆင့် တုံ့ပြန်ပါတယ်။

မြောင်းဘွေ ရဲစခန်းနေရာကို အေအေ အဖွဲ့က ဒရုန်းအသုံးပြုပြီး အဝေးကနေ လာရောက်တိုက်ခိုက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းခွင်း သေနတ်တွေနဲ့ တန်ပြန် အသုံးပြုတိုက်ခိုက်ရာမှာ ဒရုန်းဗုံးသီးတွေက ပတ်ဝန်းကျင်ရွာတွေအနီးမှာ ကျရောက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှာ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ တစ်စုံတစ်ရာ ဖော်ပြထားတာ မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက် ဒီနေ့အထိ တစ်လကျော်အတွင်း သေဆုံးတဲ့ အရပ်သား အယောက် လေးဆယ်နဲ့ ဒဏ်ရာရသူ တစ်ရာကျော် ရှိသွားပါပြီ။

RFA Burmese


နတ်သံကွင်းမြို့ပေါ်တိုက်ပွဲတွေအတွင်း ဒီဇင်ဘာလ ၂၆ ရက် နဲ့ ၂၇ ရက်နေ့တွေမှာ အသက် ၄ နှစ်ကနေ ၁၃ နှစ်အရွယ်အတွင်းရှိကြတဲ့ ကလေး လေးဦး၊ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ ပဲနွယ်ကုန်းမြို့ သဲကောရွာက ရဟန်းတစ်ပါး၊ ကျောက်တံခါးမြို့နယ် လက်ပံကုန်းရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ ပျဉ်းမပင်ရွာက အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။

နတ်သံကွင်းမြို့က သေဆုံးသူတွေကတော့ တိုက်ပွဲလွတ်ရာကို ရှောင်တိမ်းရင်း စစ်ကောင်စီ တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေဆုံးသွားတဲ့ သူတွေက တိုက်ပွဲလွတ်မယ်ထင်တဲ့နေရာကို ရှောင်ရင်းတိမ်းရင်း လက်နက်ကြီးထိကြတာ။ ငါးဦးစလုံးက ထိတဲ့နေရာမှာပဲ သေသွားတယ် ကြားပါတယ်။ ဆေးရုံတောင် မရောက်လိုက်ဘူးပေါ့။ အခုထိ အခြေအနေတွေလည်း မတည်ငြိမ် သေးဘူး”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနကတော့ နတ်သံကွင်း မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူကိုးထောင်နီးပါး နေထိုင်တဲ့ နတ်သံကွင်းမြို့မှာ တိုက်ပွဲတွေကြောင့် အများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲအနေနဲ့ စစ်တောင်း မြစ်ဝှမ်းတစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်တော့မှာဖြစ်လို့ ပြည်သူတွေ ဘေးအန္တရာယ် ကင်းဝေးရေး ကြိုတင်ပြင်ဆင်ထားဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထား ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ပဲခူးတိုင်းအရှေ့ခြမ်းက တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေ အတွင်း နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အရပ်သား ၂၆ ဦး သေဆုံးပြီးနောက် ၇၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA Burmese

မြန်မာစစ်တပ်သည် နိုင်ငံအရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းမှ ပုန်ကန်မှုများကို တိုက်ခိုက်ရာတွင် အရပ်သားများကို သိမ်းကြုံးသတ်ဖြတ်ဖမ်းဆီးပြီး ဆင့်ကွဲဗုံးများကို လေကြောင်းမှကြဲချနေကြောင့် လူအခွင့်အရေးအဖွဲ့ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောကြားလိုက်ပြီး စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက်သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဟုခေါ်သည့် ရက္ခိုင်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညှိနှိုင်းထိုးစစ်စတင်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ နှစ်ပတ်ကျော်ခန့် ကြာသောအခါ AA ကလည်း နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ စစ်တပ်စခန်းများကို တိုက်ခိုက်သည်။

ကောင်းစွာလေ့ကျင့် လက်နက်တပ်ဆင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိုထိုးစစ်သည် တနိုင်ငံလုံးမှ ပြည်သူ့ကာကွယ်ရေးတပ်များကို ထိန်းချုပ်ရန် ရုန်းကန်နေရသည့် စစ်တပ်အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားသော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်များ ပေါ်ပေါက်လာသည်။

အထက်ပါ မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းမှ နယ်စပ်ဂိတ် လေးခုသိမ်းပိုက်ခြင်း အပါအဝင် ကျယ်ပြန့်သော အောင်ပွဲများရသည်။ တိုက်ပွဲစတင်ပြီး မကြာမီ စစ်ကောင်စီက မြို့သုံးမြို့ကို ဆုံးရှုံးသွားကြောင်း ဝန်ခံပြီး တန်ပြန်တိုက်ခိုက်မည်ဟု ပြောသည်။

အောက်တိုဘာလနှောင်းပိုင်းတွင် စတင်သော တိုက်ပွဲကြောင့် အရပ်သား ၃၇၈ ဦးသေဆုံးကာ အခြားသူ ၅၀၅ ဦးဒဏ်ရာရပြီး လူပေါင်း ၆၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA) က ဒီဇင်ဘာလ ၁၅ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။ လွန်ခဲ့သော သုံးနှစ်နီးပါးတွင် စစ်တပ်က အာဏာသိမ်းနောက် တနိုင်ငံလုံးတွင် လူပေါင်း ၂ ဒသမ ၆ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု OCHA ၏ ခန့်မှန်းချက်အရ သိရသည်။

ဒီဇင်ဘာလ အစောပိုင်းက ရှမ်းပြည်နယ် နမ့်ခမ်းကို စစ်တပ်က နိုင်ငံတကာပိတ်ပင်ထားသည့် ဆင့်ကွဲဗုံးများဖြင့် တိုက်သည့် လေကြောင်းတိုက်ခိုက်မှု တခုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ၎င်းတို့အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။ ဆင့်ကွဲဗုံးသည် လေထဲတွင် ပွင့်ပြီး ဗုံးငယ်များကို ကျယ်ပြန့်သော နေရာသို့ လွင့်စင်ပေါက်ကွဲစေသည့် ဗုံးဖြစ်သည်။

စစ်တပ်တိုက်လေယာဉ်များသည် ညပိုင်းတွင် နမ့်ခမ်းမြို့နယ်တွင် ဆင့်ကွဲဗုံး နှစ်လုံးချသောကြောင့် ဒေသခံ တဦးသေဆုံးကာ အခြားသူ ငါးဦး ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး ပျက်စီးစေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင် TNLA လည်း ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

စစ်တပ်သည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အရပ်သားများနှင့် အရပ်သားနေရာများကို သိမ်းကြုံး တိုက်ခိုက်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။ စစ်တပ်က အရပ်သားများကို တိုက်ခိုက်မှုများနှင့် တားမြစ်ထားသော ဆင့်ကွဲဗုံးအသုံးပြုခြင်းကို “စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း” အထက်ပါ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဗုံးအပိုင်းအစများအရ စစ်ကောင်စီသည် ဆင့်ကွဲဗုံးကို အသုံးပြုခဲ့သည်/ Amnesty International

“မြန်မာစစ်တပ်ဟာ အရပ်သားတွေအတွက် ဆိုးရွားသော အကျိုးဆက်များဖြစ်စေတဲ့ သိမ်းကြုံးတိုက်ခိုက်တဲ့ သွေးစွန်းသမိုင်းရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အဓိက ထိုးစစ်ကို ရက်စက်ကြမ်းကြုတ်စွာ တုန့်ပြန်မှုဟာ မြန်မာစစ်တပ်က ကာလကြာမြင့်စွာ လုပ်နေတဲ့ပုံစံနဲ့ ကိုက်ညီတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ နိုင်ငံတကာအကျပ်အတည်း တုန့်ပြန်ရေး ဒါရိုက်တာ မတ်ဝဲလ်စ်က ပြောသည်။

“အာဏာသိမ်းပြီး သုံးနှစ်နီးပါး မြန်မာနိုင်ငံတဝန်းက အရပ်သားတွေ ခံစားနေရတဲ့ ဒုက္ခတွေက လျော့ကျလာတဲ့ လက္ခဏာမပြဘဲ ဒီပြဿနာကို နိုင်ငံတကာ အာရုံစိုက်မှု မရှိဘူး” ဟုလည်း ၎င်းက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ၎င်းတို့၏ တွေ့ရှိချက်များသည် ပေါက်တောမြို့နယ်မှ လူ ၁၀ ဦးကို တွေ့ဆုံမေးမြန်းမှုများ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ပုံများအား သရုပ်ခွဲလေ့လာမှုကို အခြေခံကြောင်းပြောသည်။

အခြားလူ့အခွင့်အရေး အဖွဲ့တခုဖြစ်သည့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့် သီးခြား အစီရင်ခံစာတစောင်ကလည်း ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင် MNDAA သည် ရှမ်းပြည် တိုက်ပွဲများမှ ထွက်ပြေးလာသည့် အရပ်သားများကို ဖမ်းဆီးပြီး အတင်းအကျပ် စစ်သားစုဆောင်းသည်ဟု စွပ်စွဲသည်။

ကိုးကန့်လူမျိုးစု လက်နက်ကိုင် MNDAA သည် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်ကို သိမ်းရန် ကြိုးစားနေသည်။

ရှမ်းပြည်တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များကို MNDAA က အတင်းအကျပ် စစ်သားစုဆောင်းကြောင်း လောက်ကိုင် ဒေသခံ နှစ်ဦးက AP သို့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောသည်။

MNDAA က မတုန့်ပြန်သေးပေ။

Iraawaddy News