ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဖောင်းပြင်နဲ့ မော်လူးမှာ စာသင်ကျောင်းနဲ့ဆေးရုံ ဗုံးကြဲခံရ
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ကောင်းမောင်းရွာ စာသင်ကျောင်းနဲ့ မော်လူးမြို့ တိုက်နယ်ဆေးရုံတို့ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ မော်လူးမြို့က တိုက်နယ်ဆေးရုံအဆောက်အအုံ ပျက်စီးခဲ့ပါတယ်။ ကောင်းမောင်းရွာ စာသင်ကျောင်းမှာတော့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် သေဆုံးပြီး သုံးဦး ဒဏ်ရာခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မော်လူး တိုက်နယ်ဆေးရုံကို ဗုံးနှစ်လုံးကြဲတာ တစ်လုံးကတော့ မကွဲသွားဘူး။ အဲဒီမှာ ဆေးရုံ အဆောင်နှစ်ဆောင် ပျက်စီးသွားတယ် လူတော့ မထိဘူး။ ဖောင်းပြင်ကတော့ စစ်ရှောင်တွေရှိတဲ့ စာသင်ကျောင်းကို ကြဲတာ။ ဗုံးသီး ၁၂ လုံးကျတာ စာသင်ကျောင်းကို။ ဘာမှတိုက်ပွဲမရှိပဲနဲ့ ဒီတိုင်းလာကြဲတာ။ အဲမှာက စစ်ရှောင်အမျိုးသား တစ်ဦး သေတယ်။ သုံးယောက် ဒဏ်ရာရတယ်”
စစ်ဘေးဒုက္ခသည် မြင်သာရွာခံ အသက် ၄၀ အရွယ် ကိုမင်းထွဋ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကတော့ ၁၀ နှစ်အောက် ကလေး နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး အဲဒီအမျိုးသမီးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပက်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အင်းတော်မြို့နယ် မော်လူးမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သိမ်းယူထားတာ ဖြစ်ပါတယ်။
အင်းတော်မြို့ပေါ်မှာတော့ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
RFA ရဲ့ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ပညာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ရာနီးပါးရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် တက္ကသိုလ်၊ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၄၆ ကျောင်းအထိ ပျက်စီးခဲ့ရပါတယ်။
RFA Burmese
မြန်မာပြည်မှာ အမျိုးသမီးတွေ အန္တရာယ်ပိုများလာ
စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေအပါအဝင် အန္တရာယ်မျိုးစုံ ကြုံနေရတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။
အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို အဆုံးဆုံးရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး (၁) မွန်းနေလီက ပြောပါတယ်။
“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကလည်း ပိုပြီးများလာတာကို တွေ့ရတယ်။ ကိုယ့်ရဲ့ အမျိုးသားရှေ့မှာ၊ မိသားစုဝင်တွေရှေ့မှာ မတရား အဓမ္မပြုကျင့်တာတွေ။ ဒီကိစ္စတွေက လူနဲ့တောင် မတူတဲ့ အခြေအနေတွေပေါ့နော်။ အဲလိုမျိုးဖြစ်တဲ့ဟာတွေကိုလည်း ကျွန်မတို့ မြင်တွေ့ရတယ်။ တစ်ချို့ အမျိုးသမီးတွေဆိုရင် စစ်သားတွေရဲ့ အစုလိုက် အဓမ္မ ပြုကျင့်တာတွေ။ ပြီးရင် တချို့ဆိုရင် အသတ်ခံရတဲ့အခြေအနေတွေပေါ့နော်”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇွန်လထိ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်ရပ်ပေါင်း (၄၉၂) မှုအထိ ရှိခဲ့တယ်လို့ WLB က ဆိုပါတယ်။
အဲဒီအထဲမှာ မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့သူ ၁၃ ဦးအထိရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ WLB က လက်လှမ်းမီသလောက် ကောက်ထားတဲ့စာရင်းတွေဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်သလို အာဏာမသိမ်းခင်ကထက် နှစ်ဆခန့်မြင့်တက်လာတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၃) ရက်နေ့က အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို စစ်ကြောင်းထိုးတဲ့အချိန်မှာ လမ်းတစ်လျှောက် ဖမ်းလာတဲ့ ဓားစာခံအမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေရှိခဲ့တယ်လို့ အဲဒီဖြစ်ရပ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဘုတလင်ဘက်ကနေစပြီး ထွက်လာတဲ့ ဓားစာခံ အမျိုးသမီးတွေ ပါလာတယ်။ ခန့်မှန်းခြေအရ ဓားစာခံ အမျိုးသမီး ငါးဆယ်ကျော်လောက်ရှိမယ်လို့လည်း သိရတယ်။ စိုင်ပြင်လေးမှာ သုံးရက်လောက် ကြာသွားတယ်။ အဲဒီသုံးရက်အတွင်းမှာ စစ်သားတွေဟာ မိန်းကလေးတစ်ယောက်ချင်းကို မင်းတို့ ကြိုက်တဲ့သူခေါ်ဆိုပြီး ခေါ်ခေါ်သွားတယ်။ မုဒိမ်းမှုကျူးလွန်ခဲ့တယ်လို့ ပြောလို့ရသလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုရှိခဲ့တယ်လို့ ပြောလို့ရတယ်။ တပ်မ (၃၃) နဲ့ (၇၇) လို့ သိရပါတယ်”
လက်ရှိမှာ အခြေအနေ မတည်ငြိမ်သေးတဲ့အတွက် နောက်ထပ် ဘာတွေဆက်ဖြစ်လဲဆိုတာ မသိရသေးပါဘူး။
အာဏာသိမ်းတာကိုဆန့်ကျင်လို့ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေလည်း စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကိုကြုံရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP) တာဝန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။
“စစ်ကြောရေးစခန်းတွေမှာလည်း အမျိုးသမီးအင်္ဂါ အစိတ်အပိုင်းတွေကို နံပါတ်တုတ်တွေနဲ့ ထိုးတာမျိုး။ သူတို့စစ်နေရင်းနဲ့ ဘောလ်ပင်ကို မီးခြစ်နဲ့ခြစ်ပြီးတော့ အဲဒီ ဘောလ်ပင်မီးလောင်နေတဲ့ အရည်တွေနဲ့ တို့တာမျိုးတွေနဲ့ စစ်တာရှိတယ်။ အဲလိုမျိုးတွေအထိ ကျူးလွန်နေတာပေါ့နော် ဒီစစ်တပ်က”
ကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ခံထားရတာကြောင့် မတိုင်ရဲကြဘူးလို့လည်း ပြောပါတယ်။
ဒါကြောင့် တချို့အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး နောက်ဆုံး ကိုယ့်ဒေသမှာကိုယ် မနေရဲတော့ဘဲ တခြားဒေသတွေကို ပြောင်းသွားကြပါတယ်။
မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုတာနဲ့ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။ ဒီလိုပြောတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့လည်း ဖုန်းမဖြေပါဘူး။
“အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ရဲ့ ကျူးလွန်မှု”
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်သားတွေအပြင် အရပ်သားတချို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ရဲ့ ကျူးလွန်မှုတွေလည်းရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုနောက်ပိုင်းမှာ စစ်ကောင်စီက အငြိုးကြီးစွာနဲ့ အမျိုးသမီးတွေကိုတွေ့ရင် မုဒိမ်းကျင့်ပြီး သတ်ထားခဲ့တာရှိတယ်။ နေ့စဉ်နဲ့အမျှကို ခြိမ်းခြောက်ခံနေရတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ တော်လှန်ရေးကာလအတွင်းမှာ Rape (မုဒိန်းကျင့်) လုပ်ခံရတဲ့ အမှုတွဲတွေ တော်တော်များများ ဖြစ်လာတယ်။ တစ်လမှာ မဖြစ်ဘူးဆိုရင် အနည်းဆုံး တစ်မှုလောက်ကတော့ ဖြစ်တယ်”
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အသက် (၁၄) နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ ဒေသခံ အမျိုးသားတစ်ဦးရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရပါတယ်။ အဲဒီအမှုကို တိုင်ထားပေမဲ့ လက်ရှိအထိ ကျူးလွန်သူကို အပြစ်ပေး အရေးယူနိုင်တာမရှိသေးဘူးလို့ ကာယကံရှင်ရဲ့ အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“တရားဥပဒေစိုးမိုးမှုအပိုင်းဆိုင်ရာကျတော့ အလွန်အားနည်းတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ တစ်လခွဲ၊ နှစ်လလောက်က ဖြစ်တဲ့အမှုက အခု စွဲချက်လည်း မတင်ရသေးဘူး။ တရားရေးဌာနကိုလည်း မရောက်သေးဘူး။ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိတဲ့ မိဘမဲ့ သားသမီးလို ဖြစ်နေတယ်”
NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ပြည်ထောင်စု၀န်ကြီးဌာနရဲ့ ကောက်ယူထားတဲ့စာရင်းအရ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပေါင်း (၂၅၈) မှုအထိ ရှိပြီး အဲဒီအထဲမှာ တစ်ဝက်ကျော်က စစ်ကောင်စီတပ်က ကျူးလွန်တာတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောပါတယ်။
“သူတို့ဘက်က ကျူးလွန်တာ ၁၄၈ မှု ရှိပါတယ်။ အဲဒါကိုလည်း ကျွန်မတို့ သေသေချာချာ မှတ်တမ်းတင်ထားပြီးတော့ တရားမျှတမှုရှိအောင် ကုလသမဂ္ဂနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေပါတယ်။ ကျန်တဲ့အမှုတွေမှာတော့ ပြည်သူအချင်းချင်းကျူးလွန်တာက ၈၉ မှုဖြစ်ပြီးတော့ PDF၊ ERO တော်လှန်ရေးအင်အားစုက ကျူးလွန်တာကတော့ ၃၃ မှု ရှိပါတယ်”
PDF က ကျူးလွန်တာဆိုရင်တော့ NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဥပဒေနဲ့ အရေးယူပြီး၊ အရပ်သားအချင်းချင်း ကျူးလွန်တာကတော့ အရပ်ဖက် တရားစီရင်ရေးနဲ့ အရေးယူတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ အချို့ဒေသတွေမှာ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုပေမဲ့ နယ်မြေမတည်ငြိမ်သေးတဲ့အတွက် တရားစီရင်မှုမှာ အားနည်းကြန့်ကြာတာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။
အမျိုးသမီးတွေရဲ့ဘဝ မလုံခြုံတာဟာ စစ်ဖြစ်နေတဲ့ဒေသတွေတင် မကဘဲ စစ်မဖြစ်တဲ့ဒေသတွေမှာလည်း စိုးရိမ်စရာဖြစ်နေတဲ့အတွက် ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးပြီး၊ တရားမျှတမှု ဖော်ဆောင်ပေးနိုင်ဖို့လိုတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ပြောဆိုကြပါတယ်။
RFA BURMESE
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှု အနှစ်ချုပ်အစီရင်ခံစာအပေါ် ထုတ်ပြန်ချက်
ထုတ်ပြန်ချက်အမှတ် – ၀၀၁/၂၀၂၄
၂၇ရက် အောက်တိုဘာလ ၂၀၂၄ ခုနှစ်
၁။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)အပြင် ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းတို့ နှင့်အတူ “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်နေစဉ်ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)မှ သတင်းအချက်အလက်များ ကောက်ခံစုဆောင်းပြီး အနှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်သည့်အပေါ်တွင် ထုတ်ပြန်ချက် ထုတ်လိုက်ပါသည်။
၂။ ယခု လူ့အခွင့်အရေးချိုးဖောက်မှု အနှစ်ချုပ်အစီရင်ခံစာကို ထုတ်ပြန်သည့် HRAN သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ ကောက်ခံခြင်း၊ ပြည်သူလူထုများအတွက် လူ့အခွင့်အရေး ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် တရားမျှတမှု ရရှိရေးတို့ အစဉ်တစိုက် ပူးပေါင်းလုပ်ဆောင်သည့် ကွန်ယက်အဖွဲ့အစည်းဖြစ်ပါသည်။
၃။ ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြည်တွင်းပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများ သိရှိလာစေရန်၊ လူ့အခွင့်အရေးချိုး ဖောက်ခံရသူများအတွက် အမှုမှန်/အမှန်တရားများပေါ်ပေါက်ပြီး တရားမျှတမှု ရရှိလာစေရန်၊ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်နေသော စစ်ရာဇဝတ်မှု၊ လူသားဖြစ်တည်မှုကိုဆန့်ကျင်သောပြစ်မှုများအပေါ် နိုင်ငံတကာအဖွဲ့အစည်းမှ အပြစ်ပေး အရေးယူလာစေရန်နှင့် အစီရင်ခံစာတွင်ပါရှိသော လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များကို နိုင်ငံတကာ တရားရုံးတွင် သက်သေအထောက်အထားအဖြစ် ထည့်သွင်း အသုံးပြုလာစေရန် ရည်ရွယ်၍ ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။
၄။ လက်လှမ်းမှီ ကောက်ခံရရှိသည့် မှတ်တမ်းအချက်အလက်များအရ အကြမ်းဖက်စစ်ကောင်စီသည် ရှမ်း/မြောက်အတွင်း လက်နက်ကြီးအသုံးပြု ရမ်းသမ်းပစ်ခတ်မှုအများဆုံးဖြစ်ပြီး အပြစ်မဲ့ပြည်သူ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း (၄၀၁) ဦး၊ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၃၂၀) ဦးနှင့် မြေမြှုပ်မိုင်းအသုံးပြုမှုများပြား သည့်အတွက် ဒေသခံပြည်သူများမှ မိုင်းနင်းမိပြီး ကိုယ်လက် အင်္ဂါများဆုံးရှုံးသူနှင့် အသက်ဆုံးရှုံးသူပေါင်း (၁၂၉) ဦး အပြင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သော သတ်ဖြတ်ခြင်း၊ ပစ်ခတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ ဒရုန်းအသုံးပြုပြီး ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ (၁၆၁)ဦး ထိခိုက်မှုရှိပြီး အမျိုးသမီးနှင့် ကလေးအပါအဝင် စုစုပေါင်း (၁,၀၁၁)ဦး ထိခိုက်ခြင်း သေဆုံးခြင်း ရှိသည်။ ထို့အပြင် လူနေအိမ်များ၊ အများပိုင် အဆောက်အဦးများဖြစ်သော စာသင်ကျောင်း၊ သာသနာ့အဆောက်အုံ၊ ဈေး၊ ဆေးရုံ၊ ဆေးပေးခန်းများ (၁၉၀၅)ကျော် ထိခိုက်ပျက်စီးခဲ့ပြီး မြေပြင်တွင် ယခုဖော်ပြသော ထိခိုက်သေဆုံးမှုများ၊ ပျက်စီးမှုများမှာ ဖော်ပြသည်ထက် ပိုမိုများပြား နိုင်သည်။
၆။ ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်မှ နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများထံသို့ အောက်ပါ အချက်အလက်များကို တောင်းဆိုအပ်ပါသည်။
(က) အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို တွေ့ဆုံဆွေးနွေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်။
(ခ) အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားလည်ပတ်ရန် အထောက်အပံ့ဖြစ်စေသော စီးပွါးရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားဆီး ပိတ်ဆို့ပေးရန်။
(ဂ) အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း ရပ်တန့်ရန် လေယာဉ်ဆီ တင်သွင်းခြင်း၊ ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန်။
(ဃ) အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကူညီထောက်ပံ့ပေးရန်။
(င) စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီကို အပြစ်ပေးအရေးယူမှု လုပ်ဆောင်နိုင်ရန် ပြည်တွင်းရှိ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့် ပူးပေါင်းရန်။
(စ) အိမ်နီးချင်းနိုင်ငံများမှ အကြမ်းဖက်စစ်ကောင်စီနှင့် နိုင်ငံရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ပူးပေါင်းဆောင် ရွက်မှုများ မပြုလုပ်ရန်နှင့် ပြည်သူလူထုများကို လူသားချင်းစာနာထောက်ပံ့မှုများ ကူညီပေးရန်။
(ဆ) ထိခိုက်နစ်နာသူများအား ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ပံ့မှုများ လုပ်ဆောင်နိုင်ရန်အတွက် ဒေသအတွင်းရှိ CSO များကို တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးရန်။
လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်
ဆက်သွယ်ရန်
၁) ၀၉ – ၄၀၃ ၈၇၇ ၆၉၀
၂) ၀၉ – ၂၅၆ ၅၉၇ ၅၄၄
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှု အနှစ်ချုပ်အစီရင်ခံစာ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)အပြင် ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းတို့ နှင့်အတူ “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်နေစဉ်ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)မှ သတင်းအချက်အလက်များ ကောက်ခံစုဆောင်းပြီး အနှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်လိုက်ပါသည့်။
၂၀၂၃-၂၀၂၄ ကာလအတွင်း စစ်အုပ်စု၏ ဖိနှိပ်မှု ပုံပန်းသဏ္ဌာန်များ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်၍ စစ်အုပ်စုသည် သုံးနှစ်ကျော်ကြာ ပြည်သူများအကြားထိတ်လန့်ခြောက်ခြားမှု လွှမ်းမိုးစေသော အကြမ်းဖက်လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့ရာ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် ၎င်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာစိုးမိုးမှုနှင့် နယ်မြေထိန်းချုပ်မှုကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘဲ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တောင်းဆိုမှုတို့ကို ကြမ်းတမ်းသော နည်းဗျူဟာများဖြင့် တုံ့ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ စစ်အုပ်စုက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု သမိုင်းကြောင်းကို ပြန်လည်အောက်မေ့အမှတ်ရစေနိုင်သည်။ ကျွန်ုပ်တို့အဖွဲ့အစည်း၏ စောင့်ကြည့် လေ့လာတွေ့ရှိချက်များအရ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် ပြဋ္ဌာန်းထားသည့် လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို နှစ်ခြိုက်သဘောတွေ့နေကြသည်။
စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများ၏ အတိုင်းအတာနှင့် ကြီးမားကျယ်ပြန့် မှုသည် ၎င်းတို့၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုတရပ် ဖြစ်စေသော်ငြားလည်း ထိုကဲ့သို့သော စိန်ခေါ်မှုတရပ်ဖြစ်သောကြောင့်ပင် ယင်းရက်စက်ကြမ်းကြုတ်မှု များကို မှတ်တမ်းတင်ထားဖို့ ပို၍ လိုအပ်လာလေသည်။ ဤအစီရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်အတွင်း နိုင်ငံတဝှမ်း၌ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဖြစ်ပွားလျက်ရှိသော စစ်ဘက်ဆိုင်ရာ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများကို ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် စစ်ဘက်နည်းစနစ်များနှင့် နည်းပရိယာယ်များကို ဆန်းစစ်သုံးသပ်ရန် ကြိုးပမ်းထားသည်။ ဤနည်းစနစ် များနှင့် နည်းပရိယာယ်များကို စစ်တပ်က သမိုင်းအစဉ်အဆက် မှီခိုအားထား အသုံးပြုခဲ့သော်လည်း ယခု အစီရင်ခံစာ ရေးသားနေသည့်ကာလတွင် ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှ တနေ့တခြား ပို၍ လွတ်ကင်းလာသည့်နိုင်ငံကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပတ်တကုတ် အပြင်းအထန်ကြိုးပမ်းရာ၌ အဆိုပါ အကြမ်းဖက်မှုပုံပန်းသဏ္ဌာန်များကို ကွဲပြားပြီး ပိုမိုရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် ပြန်လည်ကျင့်သုံး အသုံးချနေသည်။
ဤအစီရင်ခံစာသည် မြန်မာပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ခရီးရှည်ကြီးအတွင်း ယခုကဲ့ သို့ အချက်အချာကျသည့် အချိန်ကာလ၌ ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်အုပ်စုသည်လည်း ထိုဆန့်ကျင် တော်လှန်ရေး ကြိုးပမ်းမှုများကြောင့် သိသိသာသာ အားနည်းသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် တနှစ်ခွဲ ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ပူးပေါင်းထိုးစစ်များဖြစ်သော ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့် ၎င်း၏ နောက်ဆက်တွဲအနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်၍ ခုနှစ်လဆက်တိုက် နိုင်ငံတဝှမ်းတွင် ရရှိလာခဲ့သော တိုက်ပွဲအောင်ပွဲတို့ကြောင့် စစ်အစိုးရ၏အင်အားကို တစိတ်တပိုင်းအားဖြင့် လျော့ပါးသွားအောင် အရင်းခံကျကျ ထိုးနှက်လိုက်နိုင် ခြင်းကို တွေ့ရသည်။ တိုင်းရင်းသားအင်အားစုများသည်လည်း ၎င်းတို့လိုလားသည့် တူညီသော ဘုံပန်းတိုင်တခုကို အရောက်လှန်းနိုင်ဖို့ရန် အင်အားအလုံးစုံကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် လာကြပြီဖြစ်သည်။ ယင်းပန်းတိုင်မှာ စစ်အုပ်စု၏အုပ်စိုးမှုကို အဆုံးသတ်ရေးဖြစ်ပြီး နောက်ဆက်တွဲ အားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရေးနှင့်အတူ ၎င်းတို့ ကျူးလွန်နိုင်ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများနှင့် ၎င်းတို့ ကျူးလွန်ခဲ့ပြီးဖြစ်သကဲ့သို့ ၎င်းတို့ အစဉ်အဆက် ယနေ့ထိတိုင် ကျူးလွန်နေဆဲရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရေးကို ဖော်ဆောင်ရန်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)
သုံးလအတွင်း အရပ်သား တစ်ထောင်ကျော်သေဆုံးကြောင်း ဉာဏ်လင်းသစ်အဖွဲ့ ထုတ်ပြန်
၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း နိုင်ငံတစ်ဝန်းမှာ အနည်းဆုံး အရပ်သားတစ်ထောင်ကျော် (၁,၀၄၄) သေဆုံးပြီး တစ်ထောင်သုံးရာကျော် (၁,၃၈၃ ဦး) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးမှုတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လို့ သေဆုံးတာနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူ ၃၆၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ နှစ်ရာကျော်၊ စစ်ကိုင်းတိုင်းမှာ ၁၈၀ ကျော်၊ မကွေးတိုင်းမှာ သုံးဆယ်ကျော် အသီးသီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းတွေကြောင့် ထိခိုက်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။
ဒီသုံးလအတွင်း စစ်ဆင်ရေးတွေနဲ့ တိုက်ပွဲပေါင်း နှစ်ထောင်ကျော် (၂,၁၂၆) ရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ အကြိမ် နှစ်ထောင်ကျော် (၂,ဝဝ၆) ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ကချင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တွေက မြို့ပေါင်း (၁၂) မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ အဲဒီအထဲမှာ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မိုးမောက်၊ ချီဖွေ၊ သံတွဲနဲ့ ကျိန္တလီ စတဲ့မြို့တွေပါဝင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေး ဒေသတွေမှာ တိုက်ပွဲတွေအများဆုံးဖြစ်ခဲ့ပြီး ၁၀ ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကြောင့် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းယူပြီးနောက် တိုက်ပွဲဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့လည်း ဉာဏ်လင်းသစ်အဖွဲ့က ဆိုပါတယ်။
လက်လွှတ်လိုက်ရတဲ့ မြို့တွေ၊ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA Burmese