မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ရာသီဥတုဒဏ်ကြောင့် စစ်ဘေးဒုက္ခသည်တွေ ဖျားနာနေကြပြီး ကျန်းမားစောင့်ရှောက်မှုမရတာကြောင့် တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂၇ ရက်နေ့က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေထဲက အသက် ၁ နှစ်နဲ့ ၂ လ အရွယ် မောင်အောင်ကြယ်စင်သန့်၊ ဖခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ် ကိုပေါမြ၊ အသက် ၉၀ အရွယ် ဦးသန်းအောင်၊ အသက် ၂၈ နှစ်အရွယ် ကိုမင်းထိုက်၊ ၈၆ နှစ်အရွယ် ဒေါ်ဌေး၊ ၉၂ နှစ်အရွယ် ဒေါ်စုစုတို့ ခြောက်ဦးဟာ အခုလထဲမှာပဲ သေဆုံးသွားတာလို့ ဆိုပါတယ်။

ဆောင်းတွင်း အအေးဒဏ်ကြောင့် ဖျားနာပြီး ဆေးကုသမှု လုံလုံလောက်လောက် မရတဲ့အတွက် ကလေးနဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးကြတာလို့ စစ်ဘေးဒုက္ခသည်တွေကို ဆေးကုသပေးနေတဲ့ အားမာန်သစ် ပြည်သူ့တော်လှန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဇော်ဖြိုးက RFA ကို ပြောပါတယ်။

“ခြောက်ယောက်စလုံးက ဒီလထဲမှာ ဆုံးပါသွားတာပါ။ ငါန်းမြာက သားအဖ နှစ်ယောက်ဆိုရင် ဆယ်ရက်လောက်ပဲ ခြားလိုက်တယ်။ ရာသီဥတုက အေးလာတာနဲ့ ကျန်းမာရေးမကောင်းကြတာနဲ့ ဆေးဝါးမမီတာတွေရော အကုန်ပါတာပေါ့။ ကျွန်တော်တို့ဆေးဝါးအဖွဲ့တွေကလည်း ရာသီတုပ်ကွေးဖြစ်တာတွေ၊ ရိုးရိုးဖျားနာတာတို့ သွေးတိုး၊ သွေးကျတာတို့လောက်ပဲ လုပ်ပေးနိုင်တဲ့ အင်အားရှိတာ။ ကြီးကြီးမားမားရောဂါဆိုရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်”

နောက်ထပ်သေဆုံးသူ လေးဦးကတော့ သူတို့ရဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘယ်ရွာကလဲဆိုတာ မပြောပါဘူး။

အားမာန်သစ် ပြည်သူ့တော်လှန်ရေးအဖွဲ့အနေနဲ့ ငါန်းဇွန်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေရှိတဲ့ နေရာတွေကို ဆေးဝါးကုသမှုပေးနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေ မရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တာလည်းရှိနေတယ်လို့ ဆိုပါတယ်။

ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် အရပ်သား လေးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြသူတွေဖြစ်တာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ငါန်းဇွန်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရပြီး သေဆုံးမှုတွေရှိလာတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၆.၆သန်းကျော် ရှိလာပြီဖြစ်ပါတယ်။

RFA Burmese

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက် ဒီနေ့ လျှောက်ထားလိုက်ပါတယ်။

၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ICC က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုအပြီးမှာ စစ်ခေါင်းဆောင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ယုံကြည်ရတဲ့ ခိုင်လုံမှုရှိကြောင်း ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ဒီရာဇဝတ်မှုတွေကို ရဲ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေရဲ့ အကူအညီနဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့လျှောက်လဲချက်မှာ ဗီဒီယို၊ ဓာတ်ပုံ၊ မျက်မြင်သက်သေနဲ့ စာရွက်စာတမ်း သက်သေအထောက်အထားအစုံ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

အခုလျှောက်လဲချက်ဟာ လိုအပ်တဲ့စံနှုန်းအတိုင်း ကိုက်ညီမှုရှိ၊ မရှိ ICC တရားသူကြီးတွေက ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပြုထားတဲ့ ဖမ်း၀ရမ်းကို ICC က ထုတ်ပြန်တဲ့ကိစ္စမှာလည်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်မှုမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ICC ရှေ့နေချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(မှတ်ချက်။ ICC ရှေ့နေချုပ်၏ တရားရုံးလျှောက်ထားမှုသတင်းအား ထပ်မံဖြည့်စွက် ဖော်ပြထားပါသည်။)

RFA Burmese

 via REUTERS

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေမှုတွေလုပ်ကြဖို့ စစ်ကောင်စီကို အဖွဲ့ဝင် ခုနစ်နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက နိုဝင်ဘာလ ၂၆ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီ့အပြင် ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ဖို့ဆိုတဲ့အချက်ကိုလည်း အကြောင်းပြချက်မရှိ အပြည့်အ၀ အကောင်အထည်ဖော်ရမယ်လို့ဆိုပါတယ်။

နိုင်ငံတွင်းပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အရပ်သားပြည်သူတွေကို ကာကွယ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေးကိုလည်း အဟန့်အတားမရှိ ခွင့်ပြုပေးရမယ်လို့ ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။

ဒီ့အပြင် ဘုံသဘောတူညီချက် ငါးရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရဲ့ လတ်တလော မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ပဋိပက္ခဖြေရှင်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုတယ်လို့လည်းဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ကို စစ်လက်နက်၊ အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေနဲ့ လေယာဉ်ဆီ လွှဲပြောင်းပေးတာတွေကိုလည်းရပ်ဆိုင်းဖို့ G7 ရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာအပါအဝင် စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်မဲ့ အခြေအနေမျိုး ဖန်တီးဖို့လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

G7 စက်မှုထိပ်သီးနိုင်ငံတွေမှာ ဂျပန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေ ပါဝင်ပါတယ်။

RFA Burmese

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ဝင်ဘာလ ၂၀ ရက်နေ့ ညနေက နောင်ချိုမြို့နယ် ကုန်းကြီးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညသန်းခေါင်အချိန်ကလည်း ကံကြီးကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ‌ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်ရေးသတိရှိဖို့၊ လူစုလူဝေးမပြုလုပ်ကြရဖိုနဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့လည်း TNLA က သတိပေးထားပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၆ ရက်နေ့ စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄ဝ ဦး သေဆုံးခဲ့ပါတယ်။

RFA Burmese

မြန်မာနိုင်ငံက လူလေးဦးမှာ တစ်ဦးနှုန်း ဖြစ်တဲ့ လူပေါင်း ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အရင်ထက် ပိုပြီးဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့သြရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော် တကယ့်ကို အထင်ကြီးလေးစားမိပါတယ်”

နေရာဒေသမရွေးကို WFP ရဲ့ အကူအညီတွေရောက်နိုင်ဖို့ နည်းလမ်းမျိုးစုံ ရှာဖွေမှာ ဖြစ်သလို ဘက်ပေါင်းစုံနဲ့လည်း ဆက်လက်ညှိနှိုင်းဆွေးနွေးမယ်လို့ သူက ပြောပါတယ်။

ပထမ ဦးစားပေးအနေနဲ့ အထောက်အပံ့တွေဟာ အရေးပေါ်အကူအညီလိုနေသူတွေ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေက လူထုထံ ရောက်ရှိနိုင်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

WFP ရဲ့ အထောက်အပံ့တွေထဲမှာ ပဋိပက္ခဒဏ်ခံစားနေရသူတွေအတွက် အရေးပေါ် အထောက်အပံ့တွေအပြင် ကလေးငယ်နဲ့ မိခင်တွေ၊ HIV/TB ဆေးကုသခံယူနေသူများအကို အာဟာရ အထောက်အပံ့ပေးတာ စတဲ့ အကူအညီတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိက္ခတွေကြောင့် လူဦးရေး ၃ ဒသမ ၅ သန်းနီးပါးဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။

RFA Burmese

မြန်မာတစ်နိုင်ငံတစ်ဝန်း လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ သုံးသန်းခွဲခန့်မှာ လေးဆယ်ရာခိုင်နှုန်းက ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ – ယူနီဆက်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ချိုင်းဘန်း (Ted Chaiban) က နိုဝင်ဘာလ ၂၁ ရက် ဒီနေ့မှာ ပြောလိုက်ပါတယ်။

လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်က အမြင့်ဆုံးအခြေအနေကို ရောက်နေပြီလို့ သူက ဆိုပါတယ်။

လတ်တလောမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်ရော ရာဂီမုန်တိုင်းကြောင့်ပါ လူတစ်သန်းခန့် ဒုက္ခရောက်ရတယ်လို့ သူက ပြောပါတယ်။

သူ့ခရီးစဥ်မှာ ကချင်ပြည်နယ်ကိုလည်းရောက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့က ကလေးတွေ ကစားနေတဲ့ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရတဲ့အကြောင်းကိုလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနှစ် တစ်နှစ်တည်းမှာတင် အကြမ်းဖက်မှုတွေကြောင့် ကလေး အယောက် ၆၅၀ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် လူတစ်ထောင် ထိခိုက်တဲ့အခါ ၃၂ ရာခိုင်နှုန်းက ကလေးတွေ ဖြစ်တယ်လို့လည်း မစ္စတာ ချိုင်းဘန်းက ပြောပါတယ်။

ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ မလုံခြုံမှုတွေ၊ ဗျူရိုကရေစီယန္တရားတွေ၊ ဆက်သွယ်ရေးနည်းစနစ် ကင်းမဲ့နေတာတွေ၊ ကာကွယ်ရေးပစ္စည်းကိရိယာ မရှိတာတွေကြောင့်လည်း အကူအညီတွေ ရောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့တွေက လူတွေရဲ့ အသက်ကယ်ဆယ်ရေးအလုပ်တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အာဟာရကိစ္စတွေကို အတတ်နိုင်ဆုံးရောက်အောင် ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ယူနီဆက်ရဲ့ရန်ပုံငွေကလည်း ၂၀၂၄ အတွက် တောင်းထားတဲ့ ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းအောက်ပဲရှိတယ်လို့ သူက ပြောလိုက်ပါတယ်။

အချုပ်အနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ကလေးတွေကို ကာကွယ်ဖို့၊ လုံခြုံအောင် ဆောင်ရွက်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီကို အတားအဆီးမလုပ်ဖို့ အဖွဲ့အားလုံးကို တိုက်တွန်းထားပါတယ်။

RFA Burmese