စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကို ဒီလဆန်းကတည်းက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့
ကျောင်းသားလက်ရုံးတပ်တော် (SAF) က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အနည်းဆုံး အရပ်သား ၂၅ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားပြီး အယောက် ၅ဝ လောက် ဖမ်းဆီးခံထားရတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က RFA ကိုပြောပါတယ်။

“ဒီနေ့(အောက်တိုဘာ ၂၂ရက်)အထိ သူတို့စစ်ကြောင်းထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ အယောက် ၅၀ လောက်ရှိပြီးတော့ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၂၅ ယောက်ထက်မနည်းဘူးလို့ ကျွန်တော်တို့ သတ်မှတ်လို့ ရပါတယ်၊ သတ်ဖြတ်ခဲ့တဲ့ ပုံစံတွေမှာလည်း ရက်ရက်စက်စက်သတ်ဖြတ်တယ်၊ ခေါင်းတွေဖြတ်တယ်၊ ခြေတွေ လက်တွေဖြတ်တယ်၊ ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို ခြံစည်းရိုးတွေမှာ စိုက်ထားတာ ဒီလိုမျိုးတွေဟာတွေ တွေ့ရတယ်”

အဲဒီစစ်ကြောင်း သတ်ဖြတ်ခဲ့တဲ့အထဲမှာ မြောက်ကျီရွာက ခုနစ်ယောက်၊ စီပါရွာက ခြောက်ယောက်၊ ဘုတလင်မြို့က ခြောက်ယောက်၊ တရော်တောရွာက နှစ်ယောက်၊ ဆည်တောရွာက တစ်ယောက် ပါဝင်ပြီး နောက်ထပ် စာရင်းထဲမပါသေးတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ စီပါရွာအပါအဝင် ရွာပေါင်း ခြောက်ရွာက နေအိမ် အလုံး ၄ဝဝ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့မှာ အဲဒီစစ်ကြောင်းဟာ စိုင်ပြင်လေးရွာမှာတပ်စွဲပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် အရပ်သားဆယ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ စိုင်းပြင်လေးရွာမှာ ဝင်ရောက်မီးရှို့တာ ဒါ လေးကြိမ်မြောက်ဖြစ်ပါတယ်။

စစ်ကြောင်းရှိနေတာကြောင့် ဖမ်းဆီးခံရသူတွေအခြေအနေနဲ့ မီးရှို့ခံရတဲ့ နေအိမ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့လည်း အကူအညီပေးသူတွေက ပြောပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) လက်အောက်ခံ အင်အားတစ်ရာကျော်ပါတဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်က ရွာတွေထဲကို အောက်တိုဘာ ၄ ရက်နေ့က စပြီးစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ စစ်ကြောင်းထိုးတာတွေကြောင့် အရပ်သား တစ်သိန်းနီးပါး ထွက်ပြေးနေရပါတယ်။

ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ The Helpers For Spring)
ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ The Helpers For Spring)

လက်တလော စစ်ကြောင်းကြောင့် စီပါ၊ စိုင်ပြင်လေး၊ ညောင်ကန်၊ တလိုင်း၊ ငပရင်း စတဲ့ကျေးရွာတွေက လူ တစ်သောင်းခွဲနီးပါး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် ပြန်ကြားရေးတာဝန်ခံ ကိုသက်ဦးက ပြောပါတယ်။

“လတ်တလော အကူအညီတွေလိုအပ်နေတာက တစ်သောင်းခွဲခန့်ရှိပါတယ်၊ တချို့တလေက ကိုယ့်ရွာကို ပြန်ကပ်ကြပြီ၊ အဓိက ဘာတွေ လိုအပ်နေလဲဆိုရင် ဆန်၊ ဆီ စားနပ်ရိက္ခာ လိုအပ်တယ်၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေ လိုအပ်တယ်၊ မိုးနဲ့ဆောင်းအကူးမှာ မုန်တိုင်းရှိတဲ့အတွက် မိုးလည်းရွာနေတဲ့အတွက် အမိုးအကာလည်း လိုအပ်နေပါတယ်”

အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီကတော့ အောက်တိုဘာ ၁၈ ရက်နေ့က ဘုတလင်မြို့နယ်၊ စီပါရွာမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ ခြောက်ဦးနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေ ကျူးလွန်တာမဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချတာတွေ မလုပ်ဖို့ နိုင်ငံတကာကို တိုက်တွန်းပါတယ်။

“ဒီလောက်ထိ ရက်စက်ယုတ်မာမှုတွေကို ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက နိုင်ငံတကာက ဘာတွေများ မျှော်လင့်နေကြသေးလဲ။ ဒီလိုမျိုးရက်စက်မှုတွေကြောင့် ပြည်သူတွေ သေဆုံးနေရတာ မြောက်များလှပါပြီ၊ တစ်ချိန်တည်းမှာပဲ ဆက်ပြီးကျူးလွန်တဲ့ အရာမျိုးရှိနေတယ်၊ ဒါတွေကို တွေ့ဆုံဖို့၊ ငြိမ်းချမ်းရေးအတွက် စကားပြောကြဖို့ မျှော်လင့်နေလို့ရတဲ့ အချိန်မျိုး မဟုတ်ဘူး။ သူတို့ရဲ့လုပ်ရပ်က ငြိမ်းချမ်းရေးမလိုလားဘူး။ ပြည်သူလူထုကြည့်တဲ့ အရာမျိုးမဟုတ်ဘူး။ အဲဒီအတွက် ဒီလိုမျိုးလက်နက်ကိုင်ပြီး ပြည်သူတွေကို သတ်ဖြတ်နေတဲ့လူတွေကို လက်နက်တင်ပို့ရောင်းချတာ ရပ်တန့်ကြပါ။ သူတို့သက်ဆိုးရှည်ပြီး နောက်ထပ်နိုင်ငံရေးအရ ထွက်ပေါက်ဖြစ်နိုင်မဲ့ ရွေးကောက်ပွဲလမ်းကြောင်းကိုလည်း ထောက်ခံမှု မပြုကြဖို့ အလေးအနက်ထား ပြောကြားလိုပါတယ်”

စစ်ကောင်စီဟာ အောက်တိုဘာ ၁၁ ရက်ကနေ ၂ဝရက်နေ့အထိ ဘုတလင်မြို့နယ်တွင်း ရပ်ကွက် ကျေးရွာ ၁၇ ခုကို ဝင်ရောက်စီးနင်းပြီး အနည်းဆုံး အရပ်သား ၂၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အရပ်သား ၆ဝ လောက်ကိုလည်း လူသားဒိုင်းအဖြစ် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ထားပြီး ကျေးရွာ ငါးရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက်သတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့တဲ့ နည်းဗျူဟာကို စစ်ကောင်စီက ကျင့်သုံးလာတာဖြစ်ပြီး စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

ဒါ့အပြင် တိုက်ပွဲတွေမှာ ဆုံးရှုံးမှု များလာတဲ့ စစ်ကောင်စီဟာ လက်စားချေတဲ့အနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်ပြီး ဒါဟာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအပေါ် လက်စားချေဖို့ အရင်နှစ်ပေါင်းများစွာထဲက ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။ 

ကျောင်းသားလက်ရုံးတပ်တော် (SAF) ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်ကတော့ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စစ်ရေးအရချေမှုန်းဖို့ အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ရန်သူက ကျွန်တော်တို့ကို ကြောက်အောင်လုပ်လေလေ၊ ကျွန်တော်တို့က မကြောက်ဘဲနဲ့ ဆက်ပြီးတော့ ချီတက်သွားဖို့ပဲ တိုက်တွန်းလိုတယ်၊ အထူးသဖြင့် စစ်ကိုင်းမှာရှိနေတဲ့ ကျွန်တော်တို့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် အခြားသော တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကြောင်းကို ဖြတ်တောက်ဖို့၊ ချေမှုန်းဖို့အတွက်လည်း ကျွန်တော်တို့ စစ်ရေးကိစ္စတွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ပြောလိုပါတယ်”

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် စီပါရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်က အဲဒီဒေသကို တစ်ကျော့ပြန်စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို နေအိမ်တွေကို မီးရှို့နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၂ ရက်နေ့အထိ စာရင်းအရ အောက်တိုဘာ ၁ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေကြောင့် အမျိုးသမီး (၁၄) ဦးနဲ့ အမျိုးသား (၁၂) ဦး စုစုပေါင်း (၂၆) ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အာက် ကလေး (၆) ဦး ပါဝင်ပါတယ်။ အဲဒီ ၂၆ ဦးထဲမှာ ၁၁ ဦးဟာ စစ်ကောင်စီတပ်တွေ ဖမ်းဆီးထိန်းသိမ်းပြီးနောက် နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်တာကြောင့် သေဆုံးခဲ့ကြသူတွေဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

RFA Burmese

စစ်အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာပါဝင်လို့ ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်းတွေကို ထောင်အာဏာပိုင်တွေက အလုပ်ပြန်ဝင်ဖို့ အတင်းအကျပ်ဖိအားပေးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာလ ၆ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM တွေကို ထောင်အာဏာပိုင်တွေက ရုံးခန်းခေါ်ပြီး CDM စာရင်းကနေ ပယ်ဖျက်ခွင့် အသနားခံလျှောက်လွှာတွေမှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေတာလို့ ပြောထားပါတယ်။

အထူးသဖြင့် စစ်တပ်၊ ရဲနဲ့ အကျဉ်းဦးစီးက CDM ဝန်ထမ်းတွေကို အသနားခံစာမှာ လက်မှတ်ထိုး အလုပ်ပြန်ဝင်ခိုင်းနေတာလို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“လွှတ်ပေးစေချင်တယ်ဆိုရင် အသနားခံစာတင်ရင် လွတ်နိုင်တယ်ဆိုတဲ့ စည်းရုံးချက်တွေနဲ့စည်းရုံးနေတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ် ။ စစ်ကောင်စီမှာ လူအင်အားလျော့နည်းလာတဲ့အခါမှာ သူတို့ယန္တရားတွေ လည်ပတ်ဖို့အတွက် သူတို့လက်အောက်မှာ အရင်ကလုပ်ခဲ့ဖူးတဲ့သူတွေကို ပြန်လည်စည်းရုံးနေတယ်လို့ ယူဆပါတယ်”

အသနားခံစာမှာ လက်မှတ်မထိုးတဲ့ CDM ဝန်ထမ်းတွေကို နောက်ထပ်ပုဒ်မတွေတပ်ပြီး တရားစွဲတာတွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို CDM အမည်စာရင်းက ပယ်ဖျက်ခွင့်‌လျှောက်ထားဖို့ ဖိအားပေးနေတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအကျဉ်းဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

RFA Burmese

အတိတ်မှ လူ့အခွင့်အရေး အကြီးအကျယ် ကျူးလွန်ချိုးဖောက်မှုများအတွက် ကိုင်တွယ်ဖြေရှင်းရန် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု (TJ) လုပ်ငန်းစဥ်တခုမှာ “တရားမျှတမှု” (Justice) ဖြစ် သည်။

လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်သူများ တာဝန်ယူ၊ တာဝန်ခံစေရန်အတွက် ဆောင်ရွက်သည့် လုပ်ငန်းစဥ်ဖြစ်သည်။

တရားမျှတမှု (Justice) လုပ်ငန်းကို “တရားစီရင်ရေး နည်းလမ်း” (Judicial) နှင့် “တရားစီရင်ရေး မဟုတ်သည့် အခြားနည်း”များ (Non-Judicial) ဖြင့် ဆောင်ရွက်ကြသည် (ဥပမာ- နစ်နာသူများအ တွက် ပြန်လည်ကုစားပေးလျော်မှု (Reparation) လုပ်ငန်းစဥ်)။

နိုင်ငံတကာတွင် တရားမျှမှု (Justice) နှင့် ကျူးလွန်သူများ တာဝန်ယူ၊ တာဝန်ခံစေရန်အတွက်

  • ပြည်တွင်းခုံရုံး (ပြည်တွင်းခုံရုံးမှ လွတ်လပ်ပြီး တရားမျှမှုရှိလျှင်)
  • ဖက်စပ် တရားခုံရုံး (Hybrid) (ဥပမာ- ကမ္ဘောဒီးယား)
  • သီးသန့်ကိစ္စများအတွက်သာ တရားခုံရုံးတင် စစ်ဆေးပြီးနောက် ဖျက်သိမ်းလိုက်သည့် ယာယီ တရားခုံရုံး (Ad-Hoc)
  • အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) များဖြင့် ခုံရုံးတင် စစ်ဆေးကြသည်။

ာယီ တရားခုံရုံး (Ad-Hoc) များ

ယူဂိုဆလားဗီးယား နိုင်ငံဟောင်းအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Tribunal for the former YugoslaviaICTY) ကို ကုသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၈၂၇ အရ ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ခုံရုံးဖြစ်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် အခြေစိုက်သည်။ ခုံရုံးက ၁၉၉၁ မှ စတင်ခဲ့သည့် ယူဂိုဆလားဗီးယား ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ် မှုများအတွက် တာဝန်ရှိသူများကို  တရားစွဲဆိုသည့် ယာယီခုံရုံး (ad hoc) ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။

အဓိကအားဖြင့် ဂျီနီဗာ ကွန်ဗန်းရှင်း (Geneva Conventions) ပါ အချက်များကို ဖောက်ဖျက်ခြင်း၊ စစ်ပွဲဆိုင်ရာ ဥပဒေ များကို ကျူးလွန်ချိုးဖောက်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် ခုံရုံးတင်စစ်ဆေးသည်။

ကျူးလွန်သူများအပေါ် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် တသက်တကျွန်း ချမှတ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်း အသုံး ပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ရေဘေးသင့် ပြည်သူ များကို ကူညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခြင်း၊ ပစ္စည်းများ သိမ်းယူခြင်း၊ အာဏာပြခြိမ်းခြောက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှ ပြည်သူ (၁၀၀၀) ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ထားခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ခန့် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးခဲ့ရသည်။

အတင်းအကျပ်စေခိုင်းခံရတဲ့အလုပ်သမားတွေ အစိုးရဝန်ကြီးဌာနတွေကိုတိုင်ကြားနိုင်မယ့် “အမျိုးသားအဆင့် တိုင်ကြားရေးယန္တရား”ကို ဖန်တီးလိုက်တဲ့အကြောင်း ဩဂုတ်လက ထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဝေဖန်ထောက်ပြနေကြပါတယ်။

အလုပ်သမားတွေ ရန်ကုန်မြို့က ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ဆက်ဆံရေးရုံးကို တိုင်ကြားချင်တယ်ဆိုရင် ဒီ အမျိုးသားအဆင့်တိုင်ကြားရေးယန္တရားကနေတဆင့် ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ILO ဘက်ကတော့ စစ်ကောင်စီရဲ့ တိုင်ကြားရေးယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ILO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက RFA ကို ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားနေသူတွေကတော့ စစ်ကောင်စီရဲ့ တိုင်ကြားရေးယန္တရားဟာ ဟန်ပြပဲဖြစ်ပြီး အမှန်တကယ် အခက်အခဲကြုံနေရတဲ့ လုပ်သားတွေအတွက် အထောက်အကူဖြစ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအတွက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီက အလုပ်သမားအခွင့်အရေး အကာအကွယ်ပေးဖို့ ဆိုတဲ့လုပ်ရပ်ဟာ မြေခွေးကို ကြက်ခြံစောင့်ခိုင်းသလိုပဲ လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာ စစ်တပ်ဟာ လူ့အခွင့်အရေးကော၊ အလုပ်သမားအခွင့်အရေးပါ ချိုးဖောက်နေသူ ဖြစ်ပါတယ်။ အဲဒီစစ်တပ်ကပဲ တိုင်ကြားရေးယန္တရားထူထောင်တယ် ဆိုတာ၊ မြန်မာပြည်သူတွေနဲ့ ILO အဖွဲ့ဝင်တွေကိုရော သူတို့ ကိုယ်တိုင်ကိုပါ လိမ်နေတာ ဖြစ်ပါတယ်။ ဒါက ဟန်ပြလုပ်ရပ်ပါပဲ”

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂတွေကို မတရားအသင်း ကြေညာထားပြီး၊ ရာနဲ့ချီတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ထောင်ဒဏ်ချမှတ်တာ၊ သတ်ဖြတ်တာတွေလုပ်နေတဲ့အပြင်၊ လုပ်ခ၊ လစာတိုးရဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ စက်ရုံ အလုပ်ရုံတွေဆီကို စစ်သားတွေစေလွှတ်ပြီး ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတယ်တဲ့အတွက်၊ ဒီလိုလုပ်ပြတာဟာ ဘာမှအကျိုးမရှိနိုင်ဘူးလို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျပြီး၊ ငွေကြေးဖောင်းပွမှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့် ဝင်ငွေနည်းလုပ်သားတွေဟာ ဆန်နဲ့ ဆီလို အခြေခံစားကုန်တွေ ဝယ်ယူဖို့ အတွက်တောင် မလောက်ငှတဲ့ အခြေအနေဖြစ်လာခဲ့တာပါ။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ကြောင်း တိုင်ကြားမှုတွေကြောင့် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အလုပ်ခိုင်းစေတဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းလုပ်ငန်းတွေ၊ နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေဟာ မြန်မာနိုင်ငံက ထွက်ခွာကုန်ကြပြီး၊ သူတို့ နေရာမှာ အလုပ်သမားအခွင့်အရေးအတွက် ညှိနှိုင်းဖို့ ပိုခက်ခဲတဲ့ တရုတ်ကုမ္ပဏီတွေ အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ နိုင်ငံတကာက ပိုပြီး ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်မလာအောင် တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ ဒီလိုလုပ်တာလည်း ဖြစ်နိုင်ကြောင်း အချို့က ယုံကြည်ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်၊ မြန်မာနိုင်ငံမှာ အခြေခံ အကျဆုံး အရပ်ဘက်ဆိုင်ရာ လူ့အခွင့်အရေးတွေနဲ့ သမဂ္ဂအဖွဲ့အစည်းတွေ တည်ထောင်ခွင့် အခွင့်အရေးတွေကို ကန့်သတ်မှုတွေရှိနေပြီး၊ သူတို့ရဲ့ အကြံပြုချက်တွေကိုလည်း လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူးလို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ ILO အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ILO ဟာ မြန်မာနိုင်ငံက အခြေအနေတွေ ILO ရဲ့ စံနှုန်းတွေနဲ့ အညီဖြစ်အောင် ကြပ်မတ်ဖို့လိုတယ်လို့ တောင်းဆိုထားပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ICJ တရားရုံး ဆုံးဖြတ်ချက် ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေးကောင်မရှင် ရဲ့ ဆုံးဖြတ်ချက်တွေကို ငြင်းဆန်နေမယ်ဆိုရင် ILO ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ Article 33 အရ အရေးယူဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇွန်လက ILO ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ILO ရဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးပဲ ထားဖို့၊ မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေး တိုးတက်မှုအခြေအနေကို နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ဖို့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အတင်းအကျပ် လုပ်အားပေးစေခိုင်းမှုနဲ့ အလုပ်သမားသမဂ္ဂတွေကို လွတ်လပ်စွာဆောင်ရွက်ခွင့် ပိတ်ပင်တာတွေရပ်တန့်တဲ့အထိ မြန်မာနိုင်ငံနဲ့ ပူးပေါင်းတာတွေမလုပ်ဖို့ စတဲ့ အရေးယူဆောင်ရွက်ချက်တွေ အဆိုပြုထားပါတယ်။

အလုပ်သမားအချို့ကတော့ စစ်ကောင်စီရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအပေါ် ILO က အရေးယူဆောင်ရွက်တဲ့အနေနဲ့ ပိတ်ဆို့အရေးယူတာထပ်လုပ်ရင် အလုပ်အကိုင်ဆုံးရှုံးမှာကို စိုးရိမ်ပူပန် နေကြပါတယ်။

အားလုံးခြုံပြီး ပိတ်ဆို့အရေးယူမှုတွေ လုပ်လာမယ်ဆိုရင် အလုပ်သမားတွေ ငတ်ကုန်ကြတော့မယ်လို့ လုံခြုံရေးအတွက် အမည်မဖော်လိုသူ အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိရနေတဲ့ လခနဲ့တောင် မလောက်ငှပါဘူး။ နေ့တိုင်း မနည်း ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့မှာ ဝင်ငွေ နည်းပါတယ်။ ဒီအလုပ်ကိုပဲ မှီခိုနေရပါတယ်” လို့ သူက ပြောပါတယ်။

RFA ကနေ မေးမြန်းခဲ့တဲ့ အခြား စက်ရုံအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း အလုပ်သမားတွေအနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ကြိုးပမ်းတာကို ထောက်ခံပေမယ့်၊ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့ ကိုတော့ မထောက်ခံဘူးလို့ ပြောပါတယ်။


အားလုံးကို ခြုံပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ရင် ဘယ်လို ပြဿနာတွေ ဖြစ်လာနိုင်သလဲဆိုတာ သိပါတယ်။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုတွေကို မထောက်ခံပါဘူးလို့ အမည်မဖော်လိုသူ အခြား အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး အလုပ်သမားသမဂ္ဂ တစ်ခု ဖြစ်တဲ့ CTUM ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင် ကတော့ လိုအပ်ရင် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တာကို ထောက်ခံတယ်လို့ပြောပါတယ်။

“မြန်မာနိုင်ငံက လုပ်သားအများစုဟာ နိုင်ငံပြင်ပကို ရောက်နေကြပါတယ်။ ကျန်ခဲ့တဲ့ အလုပ်သမားတွေဟာလည်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားတဲ့အခါတိုင်း ထောင်ချခံရတာ၊ ခြိမ်းခြောက်ခံရတာတွေ မကြုံဘဲ ဖြေရှင်းလို့မရဘဲ ဖြစ်နေပါတယ်”

RFA Burmese

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ စစ်ကောင်စီ လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် မနေရဲတော့ဘဲ နီးစပ်ရာရွာတွေကို တိမ်းရှောင်နေကြတယ်လို့ သူတို့ကို အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေက လေကြောင်းကနေ ဗုံးထပ်ကြဲမှာကြောက်တာကြောင့် မနေရဲတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။

“လေယာဉ်ထပ်လာမှာကို၊ လေကြောင်းထပ်ပြီး တိုက်ခိုက်ခံရမှာကို တော်တော်ကို ကြောက်နေကြတယ်၊ စစ်ဘေးရှောင်စခန်းတွေမှာ မနေရဲတဲ့လူ တော်တော်များနေတယ်၊ တခြားနေရာတွေ သွားကြတာများတယ်၊ မြို့ပေါ်ကနေ ထွက်ခွာတဲ့လူများနေတယ်၊ လက်ရှိမှာ၊ စစ်ဘေးရှောင်စန်းတွေမှာ လုံးဝ မနေရဲတော့တဲ့ အနေအထားတွေ ဖြစ်နေတယ်၊ တချိုနည်းနည်းပါးပါးတော့ ကျန်သေးတာပေါ့ အားလုံးတော့လည်း မဟုတ်ဘူး”

ဒီလိုတိမ်းရှောင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လမ်းခရီးမှာ ကားတွေလည်းမရှိတာကြောင့် ခြေလျင်သွားနေကြတာဖြစ်ပြီး လူဦးရေ ထောင်နဲ့ချီရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းက သံတွဲမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့ မြို့တော်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည် ၁၅ ယောက်သေဆုံးခဲ့သလို အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုစစ်ဘေးဒုက္ခသည်စခန်းကိုပါ ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ ကျေးရွာတွေ၊ နယ်ဘက်တွေကို ထပ်ပြီး တိမ်းရှောင်နေကြတာလို့လည်း ပြောပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီသဘောထားသိရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ပြန့်ကျဲနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ နေအိမ်ပြန်သူတွေလည်းရှိတာကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် အတိအကျသိရဖို့ ခက်ခဲတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေမှာတော့ သံတွဲမြို့မှာ အရေးပေါ် အကူအညီလိုနေတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် ခုနစ်ထောင်ခန့် ရှိနေတယ်လို့ ဖော်ပြကြပါတယ်။

RFA Burmese