ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊စက်တင်ဘာလ(၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
စက်တင်ဘာလ (၈)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့နယ်တို့မှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့ နယ် တွင် စစ်အာဏာရှင်တပ်သားများက ပြည်သူ (၃၀)ကျော်ကို အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ် ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်မှုထမ်းရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးမှ ပြည်သူ များကို အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၁၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့ရသည်။
Infogram
ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ သုံးရာကျော် အထိ ရှိလာ
RFA ရဲ့ စက်တင်ဘာလ ၁၉ ရက် ညနေအထိရရှိတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။
ရေဘေးကြေင့် လူဦးရေ နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။
ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ၅၆ မြို့နယ်မှာ ရေကြီးရေလျံမှုနဲ့ မြေပြိုမှုတွေဖြစ်ခဲ့တာပါ။
ရှမ်းပြည်နယ် ကလောမြို့မှာ တစ်ရာ၊ ရမည်းသင်းမှာ ၇၁ ဦး၊ နေပြည်တော်မှာ ၄၇ ဦး၊ ရှမ်းနဲ့ ကယားအစပ်မှာ ၂၄ ဦး၊ တာချီလိတ်မှာ ၁၅ ဦး၊ ညောင်ရွှေမှာ ကိုးဦး၊ တောင်ငူမှာ ဆယ်ဦး၊ မိုင်းကိုင်၊ ပုသိမ်ကြီးနဲ့ ရေတာရှည်မှာ တစ်ဦးစီ၊ ကရင်ပြည်နယ်မှာ ငါးဦး၊ ပျော်ဘွယ်မှာ သုံးဦး၊ ၀မ်းတွင်းမှာ ငါးဦး၊ လွိုင်လင်မှာ ရှစ်ဦး၊ အောင်ပန်းမှာ နှစ်ဦး၊ ဧရာဝတီတိုင်းမှာ တစ်ဦး သေဆုံးပါတယ်။
စက်တင်ဘာလ ၁၂ ရက်က ရေကြီးရေလျှံမှုကြောင့် ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ရွာအနီး စမုံချောင်းဘေးမှာ နေထိုင်တဲ့ မိသားစု လေးဦးစလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၄ နှစ်အရွယ် အမွှာညီအစ်ကိုတွေဖြစ်တဲ့ ကိုသန်းတိုးလင်း၊ ကိုသန်းတိုး၀င်းနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် မဇင်မာမိုး၊ သမီးဖြစ်သူ အသက်နှစ်နှစ်အရွယ် မကြယ်ဇင်မိုးတို့ဖြစ်ပါတယ်။
စမုံချောင်းဘေးမှာ နေထိုင်ကြရင်း ရေကြီးလာချိန် ရေစီးအရှိန်နဲ့ မျောပါသေဆုံးသွားတာလို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ရမည်းသင်းမြို့က ဆရာတော် အရှင်အာဒိစ္စဝံသ က RFA ကို မိန့်ကြားပါတယ်။
“သူတို့ နေတာက ချောင်းဘေးမှာ နေကြတာ၊ ရွာထဲမှာ မနေဘူး၊ ချောင်းဘေးမှာနေပြီး လုပ်ကိုင်စားသောက်ကြတာ။ ရေကြီးတဲ့အချိန် ချောင်းဘေးဆိုတော့ ပိုပြီးအထိနာတာပေါ့၊ ရေစီးနဲ့ မျောပါသွားတော့ အထိအခိုက် အသေအပျောက်တွေ ဖြစ်ရတာပေါ့။ အလောင်းတွေတော့ ပြန်ရတယ်၊ မနေ့က သူတို့ရဲ့ ရက်လည်လေ”
ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ကြောင့် ရမည်းသင်းမြို့နယ် တစ်ခုတည်းမှာပဲ သေဆုံးသူ ၇၁ ဦးအထိရှိလာပါတယ်။
ဒီအပြင် ရွှေတူးဖော်ရာ တောင်ပေါ်ဒေသတွေမှာ ကူညီကယ်ဆယ်ရေး အခုအထိ မလုပ်နိုင်ကြတဲ့ ရွာတချို့လည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၆၈ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိတယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ မိုးကြီးရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း ပြောထားပါတယ်။
RFA Burmese
တောင်ငူမှာ ရေဘေးဒုက္ခသည် ရှစ်သောင်းကျော် အကူအညီ လိုအပ်နေ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ငါးဆယ်ကျော်က လူရှစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးကြုံနေရသူတွေက ပြောပါတယ်။
တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင် စတဲ့မြို့နယ်က ပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဆိုပါတယ်။
တောင်ကျချောင်းရေနဲ့ စစ်တောင်းမြစ်ရေ တက်လာတာကြောင့် အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို ကိုးပေကျော် ရေဝင်နစ်မြုပ်ခဲ့တာပါ။
လတ်တလောမှာတော့ ရေလေးပေကျော် ပြန်ကျသွားပေမဲ့ သွားလို့ လာလို့ မရသေးဘဲ ချက်ပြုတ်စားသောက်ဖို့အတွက် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ တောင်ငူမြို့ ရေဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“ထမင်းထုပ်တွေ ဝေပေမဲ့လေ သိုးကုန်တာတွေ ရှိတော့။ ညစာဆို နေ့တိုင်း မစားရဘူးပေါ့နော်။ ဆန်တို့ ဘာတို့ရရင်တော့ ချက်ပြုတ်စားလို့ ရနိုင်တာပေါ့။ အခုက ရေကလည်း လုံးဝကျသေးတာမဟုတ်တော့ အိမ်ပြန်ပြီး အိုးခွက်ပန်းကန် ကောက်လို့မရဘူး ဖြစ်နေတယ်”
ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတချို့လည်း ဝမ်းလျှောတာနဲ့ ဖျားနာတာတွေ ရှိတာကြောင့် ဆေးဝါးတချို့လည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ရေကြီးရေလျှံမှုကြောင့် နိုင်ငံတစ်ဝန်းက လူပေါင်း သုံးသိန်းနှစ်သောင်းကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
RFA ရဲ့ စက်တင်ဘာ ၁၉ ရက် ဒီနေ့အထိပြုစုထားတဲ့စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ရေကြီး၊ မြေပြိုတာကြောင့် သေဆုံးသူ ၃၀၃ ဦးအထိ ရှိလာပါတယ်။
RFA Burmese
ဖမ်းဆီးခံထားရစဉ် အနည်းဆုံး လူ နှစ်ထောင်နီးပါး သေဆုံးခဲ့ကြောင်း UNHRC ပြော
စစ်တပ်အာဏာသိမ်းပြီးနောက် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသူ အနည်းဆုံး ၁,၈၅၃ ဦး ရှိတယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ခိုင်လုံတဲ့သတင်းရင်းမြစ်တွေအရ သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီး ၁၂၅ ဦးနဲ့ ကလေး ၈၈ ဦး ပါဝင်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ဆိုးဝါးပြင်းထန်တဲ့ ပြုမူဆက်ဆံပုံတွေနဲ့ စစ်ဆေးမေးမြန်းတာကြောင့် သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ အာဏာသိမ်းပြီးကတည်းက အရပ်သား ၂၇,၄၀၀ ဖမ်းဆီးခံခဲ့ရပြီး၊ အခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုမထမ်းမနေရ ဥပဒေ စတင်ကျင့်သုံးခဲ့တဲ့နောက် ဖမ်းဆီးခံရသူ ဦးရေ မြင့်တက်လာနေတယ်လို့လည်း ပါရှိပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မေးမြန်းထားချက်တွေအရ စစ်ကောင်စီ တာဝန်ရှိသူတွေဟာ အကျဉ်းသားတွေကို တွဲလောင်းဆွဲထားပြီး အစားအစာနဲ့ ရေမပေးဘဲထားတာ၊ ချွန်ထက်မာကြောတဲ့ အရာတွေရှိတဲ့ ကြမ်းပေါ်မှာ ဒူးထောက်ပြီး သွားခိုင်းတာ၊ မြွေနဲ့ ပိုးမွှားအကောင်ပလောင်တွေနဲ့ ကြောက်အောင် ခြောက်လှန့်တာ၊ သံတုတ်၊ ဝါးချောင်း၊ ရိုင်ဖယ် သေနတ်ဒင်၊ သားရေပြား၊ ဝါယာကြိုး၊ ဆိုင်ကယ်ချိန်းကြိုးတွေနဲ့ ရိုက်နှက်တာ၊ အသက်ရှုမရအောင် လုပ်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ခြောက်လှန့်တာ၊ လျှပ်စစ်နဲ့ တို့တာ၊ ကျင်စက်၊ မီးခြစ်၊ ဆေးလိပ်မီး၊ ရေနွေးပူတွေနဲ့ လောင်းပြီး နှိပ်စက်တာ၊ ကိုယ်အင်္ဂါအချို့ကို ဖြတ်တောက်တာ၊ ဒဏ်ရာထဲကို အရက်ပျံ လောင်းထည့်တာ၊ လက်သည်းခြေသည်းတွေ ဆွဲထုတ်တာ စတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပြီး၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တာတွေလည်း ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလို ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူခြင်းမရှိတာဟာ၊ ထပ်တလဲလဲ ကျူးလွန်ဖို့ အကြောင်းပြချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျူးလွန်သူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ရှာဖွေ မှတ်တမ်းတင်ပြီး၊ တာဝန်ခံခိုင်းဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။
လူအခွင့်အရေး ကော်မရှင်နာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က မြန်မာနိုင်ငံ အခြေအနေတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဆက်လက်တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ပြီး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း သူကထပ်ပြီး တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး၊ ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကျပ်အတည်းတွေ ပိုမိုပြင်းထန်လာကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး အရပ်သားပြည်သူ ၅,၃၅၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ပြည်သူ ၃.၃သန်းက နေအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ တစ်နိုင်ငံလုံး လူဦးရေရဲ့ တစ်ဝက်လောက်က ဆင်းရဲမွဲတေမှုသတ်မှတ်ချက်ထက် ပိုဆိုးတဲ့အခြေအနေမှာ နေထိုင်နေရပြီး၊ ဒီဖြစ်ရပ် အများစုက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊စက်တင်ဘာလ(၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
စက်တင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် အသုံးပြု ဗုံးက တိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်က ၎င်းတို့အနေဖြင့် လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်များကို လေကြောင်းအသုံးပြု တိုက်ခိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် စစ်မှုထမ်းရန်အတွက် တက္ကသိုလ်ကျောင်းသားများကိုပါ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ သည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်အကျဉ်းထောင်တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ထောင်ဝင်စာတွေ့ရာတွင် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၄၀)ကျော် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၂၀)ကျော် သေဆုံးခဲ့ရသည်။
Infogram
ဘိုကလေးတွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူငယ် ၄ဝ ကျော် အဓမ္မစုဆောင်းခံရ
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ကနေ စစ်မှုထမ်းအမှတ်စဉ် ၅ အတွက် အသက် ၄၀ အရွယ်တွေ အပါအဝင် အရပ်သား အယောက် ၄၀ အဓမ္မ စစ်သားစုဆောင်းခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘိုကလေးမြို့နယ်ကနေ စစ်မှုထမ်း အမှတ်စဉ် ၅ အတွက် စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီတပ်နဲ့ပေါင်းပြီး အသက် ၄၀ ကျော်အရွယ်တွေ အပါအဝင် အရပ်သား အယောက် ၄၀ ကျော်အထိ စစ်မှုထမ်းဖို့ အဓမ္မ စစ်သားစုဆောင်းခဲ့တာလို့ ဆိုပါတယ်။
စစ်သားစုဆောင်းခံရတဲ့ မိသားစုဝင်တယောက်က “အမှတ်စဉ် ၅ အတွက် အယောက် ၄ဝ ခေါ်တာ။ မဲနှိုက်ပြီး ရွေးချယ်တာမဟုတ်ဘဲ အိမ်တွေထဲအထိ လိုက်ဆွဲခေါ်သွားတာ။ အခေါ်ခံရတဲ့သူတွေထဲမှာ အသက် ၄၀ ကျော် အရွယ်တွေ ပါတယ်။ အဲ့အသက် ၄၀ ကျော်တွေကိုလည်း သိသိကြီးနဲ့ ခေါ်သွားတာ။ ထွေအုပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ ပေါင်းလုပ်တာ။ စစ်သားစုဆောင်းတာခံရတဲ့ မိသားစုတွေကတော့ အချိန်ပြည့် စိတ်သောကတွေရောက်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အခေါ်ခံရတဲ့သူတွေထဲက ကျန်းမာရေး မကောင်းလို့ တကယ်မကောင်းကြောင်း စနစ်တကျ တင်ပြထားတဲ့ လူငယ်ကိုတောင် မချန်ထားခဲ့ဘူးလို့ သိရတယ်။ အမှတ်စဉ် ၅ အတွက် စစ်သားစုဆောင်းခံရတာ အားလုံး အယောက် ၄၀ ကျော်ပေ့ါ။ ကျေးရွာတွေဘက်က အယောက် ၂၀ ကျော်နဲ့ ရပ်ကွက်တွေထဲက အယောက် ၂၀ လို့ သိရတယ်။ လက်ရှိ သင်တန်းပေးနေပါပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း အပတ်စဉ် ၅ အတွက် အဓမ္မ စစ်သားစုဆောင်း ခေါ်ခံခဲ့ရတဲ့ အရပ်သားတွေကို မော်လမြိုင်ကျွန်းမြို့ အမှတ် ၅၃၄ ခြေလျင်တပ်ရင်းမှာ စုဆောင်းထားပြီး သက်ဆိုင်ရာ သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲက အဓမ္မ စစ်သားစုဆောင်းခံရတဲ့ အရပ်သားတွေကို ပုသိမ်စစ်တိုင်းရုံးနဲ့ ရန်ကုန်ဘက်က တိုင်းစစ်ဌာနချုပ်တွေမှာ စက်တင်ဘာ ၁၀ ရက်ကစပြီး စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ စစ်မှုထမ်း အမှတ်စဉ် ၂ နဲ့ ၃ တုန်းက အဓမ္မစစ်သားစုဆောင်းခံရတဲ့ အရပ်သားတွေကို စစ်သင်တန်းပေးပြီး စစ်ကောင်စီက ရှင်းပြည်နယ်မှာ စစ်ဆင်ရေး တာဝန်ထမ်းဖို့ဆိုပြီး ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
DVB News