အသွင်ကူးပြောင်းရေးကာလတရားမျှတမှု (TJ) ၏ လုပ်ငန်းစဥ် တခုမှာ အတိတ်မှ ဆိုးရွားသည့် အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် အာမခံခြင်း (Guarantees of non-recurrence) ဖြစ်သည်။ အတိတ်မှ ဆိုးရွားကြမ်းကြုတ် ရက်စက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် မတရား ဖိနှိပ်သည့် ဥပဒေများ၊ တရားဥပဒေစိုးမိုးရန် တာဝန်ရှိသည့် ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီးဌာနကဲ့သို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲခြင်း၊ နိင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိသည့် စစ်တပ်ကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ကြသည့် “အဖွဲ့အစည်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေး” (Institutional Reform) လုပ်ငန်းများဖြင့် ဆောင်ရွက်ကြသည်။

အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း သည် TJ လုပ်ငန်းစဥ် ၄ ခုအနက်မှ အနာဂတ်အတွက် ရည်ရွယ်၍ ဆောင်ရွက်သည့် လုပ်ငန်းလည်းဖြစ်သည်။ အဆိုပါ လုပ်ငန်းစဥ်များအား အကြမ်းအားဖြင့် အောက်ပါအတိုင်း တွေ့ရသည်။

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲခြင်း

၂။ ပညာရေးစနစ်အတွက် ပြုပြင်ပြောင်းလဲခြင်း

၃။ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲခြင်း

၄။ ကာကွယ်ရေး၊ လုံခြုံရေးတပ်ဖွဲ့များ ပြုပြင်ပြောင်းလဲခြင်း (SSR/DDR)

၅။ ရဲတပ်ဖွဲ့နှင့် အကျဥ်းထောင်စနစ် ပြုပြင်ပြောင်းလဲခြင်း

၆။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲခြင်း

၇။ မတရားသည့် ဥပဒေများ ဖျက်သိမ်း၍ လူ့အခွင့်အရေးအတွက် အာမခံသည့် ဥပဒေ များ ပြဌာန်း ခြင်း

အသွင်ကူးပြောင်းသွားသည့် နိုင်ငံတချို့တွင် တွေ့ရသည့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သာဓကများအဖြစ်-

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ပညာရေး ပြုပြင် ပြောင်းလဲမှုတွင် အတိတ်မှ ဖြစ်ပွားခဲ့သည့် သမိုင်းအမှန်များ ထည့်သွင်းပြဌာန်းရေး၊ တရား ဥပဒေ စိုးမိုးရန် တာဝန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များ ချိုးဖောက်နေသည့် ညှဥ်းပန်းနှိပ်စက်မှုနှင့် အတင်းအကြပ် လက်စဖောက်မှုများ ကာကွယ်ရေး ဥပဒေပြဌာန်းရေး စသည့်ပြုပြင်ပြောင်းလဲမှုများကို ကျောင်းသားများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် လူ့အခွင့်ရေးရှေ့နေများက ဦးဆောင် ကြိုးပမ်းကြသည်။ မြန်မာနိုင်ငံတွင်လည်း အရပ်ဖက်အဖွဲ့အစည်းများ ဦးဆောင်ကြိုးပမ်းသည့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များ ရှိခဲ့သည်။ ဥပမာ အနေဖြင့် မြန်မာ့လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို လွတ် လပ်သည့် အဖွဲ့အစည်းဖြစ်စေရေး ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု၊ အကျဥ်းထောင် စနစ် ပြုပြင်ပြောင်း လဲရေး ကြိုးပမ်းမှုများ ဖြစ်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ ပြုစုသည့် အစီရင်ခံစာအကျဥ်းချုပ်

အခြေအနေအကျဥ်းချုပ်သုံးသပ်ချက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်တပ်မှ အာဏာသိမ်းရန်ကြိုးပမ်းချိန်မှစပြီး မြန်မာပြည်သူများသည် အ ခက်အခဲစိန်ခေါ်မှုများစွာနှင့် တရားမျှတမှုကင်းမဲ့မှုကို ကြုံတွေ့ရသော်လည်း စုပေါင်းချမှတ်ထားသည့် ယုံကြည် ချက် သံဌိဓာန်များ ဆက်လက်ရှိနေကြပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် ရေးအ တွက်လည်း ကြိုးပမ်းလျှက်ရှိကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွန်ခဲ့သည့် ၄ နှစ်ကာလ ၂၀၁၅ ခုနှစ် အာဏာရချိန်မှစပြီး ဒုတိယ အကြိမ် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှု သည့် စစ်တပ်အား မဆိုင်းမတွ လက်နက်မဲ့ ငြိမ်းချမ်းစွာ တုန့်ပြန်ခဲ့သည့် ပြည်သူလူထုအား စစ်တပ် အနေဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ပါလီမန်အသစ်ကို ခေါ်ကာနီး အာရုံဦးအချိန်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါ များသည် ရွေးကောက်ပွဲရလဒ်ကို ပယ်ချ၍ အာဏာသိမ်းကာ လမ်းကြောင်းပြောင်းခဲ့သည်။ မည်သည့်သက်သေ အထောက်အထားမှ မရှိဘဲ ရွေးကောက်ပွဲလိမ်လည်မှုရှိသည်ဟု စစ်အာဏာပိုင်များမှ စွပ်စွဲခဲ့ပြီး သမ္မတ ဦးဝင်း မြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။

စစ်အာဏာရှင်တို့က ၎င်းတို့အား ပြည်သူလူထုက လက်ခံပြီး အုပ်ချုပ်ခွင့်ရှိသူ အာဏာပိုင်များအဖြစ် အသိအ မှတ်ပြုမည်ဟု မျှော်လင့်ခဲ့ကြသည်။ ထိုသို့ယူဆမှုသည် သိသာထင်ရှားသည့် ထင်မြင်ယူဆချက် လွဲမှားမှုဖြစ်ပြီး စစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုအပေါ် ဆက်လက်ဆန့်ကျင်နေသည့် ပြည်သူတို့၏ ခိုင်မာသည့် သန္ဓိဌာန်နှင့် ဒီမိုကရေစီ လိုအားမှုအပေါ် လျော့တွက်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြမှုများကို ဦးစွာစည်းရုံး စီစဥ်သူများထဲတွင် လူငယ်များ အထူးသဖြင့် အမျိုးသမီးများပါဝင်ပြီး။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အဆောတလျင် ကြားဝင်ဖြေရှင်းပေးရန်နှင့် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ အုပ်ချုပ် ခဲ့သည့် စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင်စေရန် ဆန်းသစ်တီထွင်သည့် နည်းများဖြင့် စည်းရုံးလှုံ့ဆော် ဆန့်ကျင် တိုက်ပွဲဝင်ကြသည်။ စစ်တပ်ကမူ လက်မရွံ့တပ်များ စေလွှတ်တုန့်ပြန်ခဲ့သည်။ နိုင်ငံသားလွတ်လပ်မှုအပေါ် ပထ မဆုံးအကြိမ် အကြမ်းဖက်နှိမ်နှင်းမှုအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် အမျိုးသမီး ငယ်တဦးကို ရဲတပ်ဖွဲ့မှ ပစ်ခတ်၍ သေဆုံးသွားသည့် ဖြစ်ရပ်ဖြစ်သည်။ ထိုသို့အကြမ်းဖက်မှုကြောင့် ဆန္ဒပြသူများ တောင်းဆိုနေသည့် မတရားမှုများ ဆုံးခန်းတိုင်ရန်၊ စစ်အာဏာရှင်တို့အနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသူများအား အာဏာပြန်လည်အပ်နှင်းရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများ ပြန်လွှတ်ပေးရန်စသော သံန္ဓိဌာန်ကို ပိုမိုခိုင်မာစေသည်။

၄ နှစ်ကြာပြီးနောက် ကံမကောင်း အကြောင်းမလှစွာပင် ထိုသို့တောင်းဆိုမှုများအတွက် အဖြေမရခဲ့သည်မှာ အကြမ်းဖက် စစ်အာဏာရှင်များသာမက နိုင်ငံတကာနှင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အရေးပေါ် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အပါအဝင် ဒေသတွင်းရှိ အင်အားစုများ၏ လျစ်လျူရှုမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်တို့၏ လုပ်ငန်းစဥ်ကို လျော့ပါးအောင်ကြိုးပမ်းနေသည့် တဦးချင်းအပေါ်ပို၍ အလျင်အမြန် အာရုံစိုက် ပစ်မှတ်ထားလာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အာဏာသိမ်းပြီးပြီးချင်း ၂ လမပြည့်မီပင် ဖွဲ့စည်းခဲ့သည်။ ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြုမှုကော်မတီ (CRPH) မှ ဖွဲ့စည်းပေးခဲ့သည့် NUG မှာ တရားဝင် ကိုယ်စားပြုမှုရှိသည့် အ ဖွဲ့ဖြစ်သည်။ NUG သည် ၂၀၂၀ ဒီမိုကရေစီ ရွေးကောက်ပွဲမှ အစပြုပေါ်ပေါက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအ တိုင်ပင်ခံကောင်စီ (NUCC) နှင့် ပူးပေါင်းဆောင်ရွက်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် NUG က စစ်အာဏာရှင်တို့အား “ခုခံတွန်းလှန်စစ်” စတင်ပြီဖြစ် ကြောင်း ကြေငြာခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာမှ လက်နက်ကိုင်တိုက်ပွဲကိုင်စွဲ၍ ပြည်သူ့တော်လှန် ရေးသို့ ကူးပြောင်းခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) သည် အရပ်သားများဖြင့် စစ်သင် တန်း လေ့ကျင့်သင်ကြားပေးကာ တိုက်ပွဲဝင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုအခါတွင် တိုင်းရင်းသား တော် လှန်ရေးတပ်ဖွဲ့များ (EROs)နှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည်။

ကုန်လွန်သွားသည့် ကာလများအတွင်း အပြောင်းအလဲများ များစွာဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ရေရှည်စိုး ရိမ်ရသည့် ပြဿနာများမှာ ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ လူ့အခွင့်အရေးအခြေအနေမှာ သိသိသာသာ ဆိုးရွားနေ ပြီး သန်းနှင့်ချီသည့်ပြည်သူများ စစ်ဘေးဒုက္ခသည်ဖြစ်နေပြီး ထောင်နှင့်ချီသည့် တက်ကြွလှုပ်ရှားသူများမှာလည်း မတရားဖမ်းဆီး အကျဥ်းချခံနေရသည်။ ၂၀၂၄ ခုနှစ်အကုန်တွင် ထုတ်ပြန်သည့် NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် မှတ်တမ်းအရ စစ်တပ်က အရပ်သားပြည်သူများအပေါ် နည်းမျိုးစုံသုံး၍ စနစ်တကျနှင့် ကျယ်ကျယ်ပြန့် ပြန့် တိုက်ခိုက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု ၇,၃၉၄ ခုရှိသည်။ ၎င်းတို့ မှတ်တမ်းအရ တရားလက်လွတ်သတ်ဖြတ်မှု ၁,၈၉၉ နှင့် ပြည်သူတို့၏ အိုးအိမ်ပိုင်ဆိုင်မှုပေါင်း ၁,၃၅၅ ခု ဖျက်ဆီးခံရသည်။

ND-Burma ၏ အဖွဲ့ဝင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အသက် ၁၈ နှစ်အောက် ကလေး ၁၄ ဦးအပါအဝင် ပြည်သူ ၁၀၀ ခန့် သတ် ဖြတ်ခံရသည်။ ခန့်မှန်းခြေအရ ပြည်သူ ၄၅ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ် သည်။ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပြန်သည့် “ကောင်းကင်ကြီးကိုပိတ်” အစီရင်ခံစာ တွင် စစ်တပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှု ၄,၀၀၀ ကျော် ပြုလုပ်ခဲ့သည်။

ASEAN အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်နှင့် အကြိမ်ကြိမ် ပူးပေါင်းဆောင်ရွက်နေခြင်းက စစ်အာဏာရှင်တို့ ငန်းငန်းတက်လိုလားနေသည့် တရားဝင်မှုကို အသိအမှတ်ပြုရာရောက်နေသည်။ ထို့အပြင် စစ်အာဏာရှင်တို့ ကျူးလွန်သည့် ရာဇဝတ်မှုများကို မသိကျိုးကျွံ့ပြုပြီး ၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် စစ်တပ်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် အားပေးတိုက်တွန်းလျှက်ရှိသည်။ စစ်တပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတော်များများတွင် ၎င်းတို့၏ အခြေစိုက်စခန်းများလက်လွတ် ဆုံးရှုံးနေသော် လည်း စစ်အာဏာရှင်တို့က လက်ရှိပကတိအနေအထားကို လက်ခံရန် ငြင်းဆန်၍ စစ်မှုထမ်းဥပဒေကို အပြင်းအ ထန် အသုံးပြု စစ်သားစုဆောင်းနေပြီး တုန့်ပြန်ရန်လုပ်ဆောင်နေသည်။ လွန်ခဲ့သည့် တနှစ်က ပြဌာန်းခဲ့သည့် အ ဆိုပါဥပဒေဖြင့် ၎င်းတို့၏ မဟာဗျူဟာ သြဇာအာဏာရရှိရန် အပြင်းအထန်ကြိုးပမ်းနေသည်။ သို့သော်လည်း စစ်မြေပြင်အသီးသီးတွင် စစ်တပ်မှ လက်နက်ချသည့်နှုန်းထားများ များပြားပြီး စိတ်ဓာတ်ပျက် ပြားနေ ကြသည်ကို တွေ့ရသည်။ ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက နယ်မြေအသီးသီးကို ပြန်လည်သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ ပြုလုပ်လာသည်။

စစ်အာဏာရှင်တို့၏ တုန့်ပြန်လက်စားချေခြင်းနှင့် ခွဲခြားမှုမရှိ တိုက်ခိုက်ခြင်းများ ရပ်တန့်စေရန်အတွက် နိုင်ငံတ ကာအသိုင်းအဝိုင်းအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ခြင်းအပါအဝင် ချိတ်ဆက်ဆောင်ရွက် ၍ အဆောတလျင် အရေးယူဆောင်ရွက်မှုမရှိပါက စစ်တပ်အနေဖြင့် ဆယ်စုနှစ် ၇ စုကျော်ကြာ အပြစ်ပေးအ ရေးယူခြင်းမှ ကင်းလွတ်မှုကို ကျင့်သုံး၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေမည်ဖြစ်သည်။

ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ခြင်း။ မအောင်မြင်သည့် အာဏာသိမ်းချိန်မှစ၍ ၄ နှစ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေဆိုသည့် အစီရင်ခံစာ အကျဥ်းချုပ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ ထုတ်ဝေဖြန့်ချိလိုက်သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၄ ရက်။

လွန်ခဲ့သည့် ၄ နှစ်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်ကို မျက်ကွယ်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ဦးဆောင်သည် မြန်မာ့တပ်မတော်သည် တိုင်းပြည်အာဏာကို မတရားရယူ၍ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် တိုင်းပြည်အား တရားဝင် အုပ်ချုပ်ပိုင် ခွင့်ရှိသူများအဖြစ် ၎င်းတို့ဘာသာ ကြေငြာခဲ့သည့် စစ်တပ်အား ဝေဘန်ပြောကြားသူများကို မဆိုင်းမတွ ဖမ်းဆီး အကျဥ်းချခဲ့သည်။ သက်သေအထောက်အထားမရှိဘဲ ရွေးကောက်ပွဲသည် ရိုးသားမှုမရှိဟု စွပ်စွဲ ခဲ့သည်။ နာရီပိုင်းအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေမှာ အမိုက်မှောင်ကျရောက်၍ ဒီမိုကရေစီ စံနှုန်းများ၊ အခွင့်အ ရေးနှင့် လွတ်လပ်မှုတို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံလိုက်ရသည်။

ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ခြင်း။ မအောင်မြင်သည့် အာဏာသိမ်းချိန်မှစ၍ ၄ နှစ် အတွင်း မြန်မာနိုင်ငံ၏ အခြေအနေ ဆိုသည့် အစီရင်ခံစာ အကျဥ်းချုပ်ကို လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ ယနေ့ ထုတ်ဝေဖြန့်ချိလိုက်သည်။ ပြည်သူ့တော်လှန်ရေးအတွင်း အဓိက ကျသည့်ဖြစ်ရပ်များနှင့် လှုပ်ရှားမှုများကို ဆန်းစစ်တင်ပြထားသည်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ မြန်မာပြည်နှင့် နယ်စပ်ဒေသတွင် ကြီးမားသည့် အခက်အခဲ စိန်ခေါ်ချက်များ ကြုံတွေ့ရလင့်ကစား ၎င်းတို့၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဆုတ်မနစ် ဇွဲလုံလ၊ သံန္ဓိဌာန် တို့ဖြင့် ကြိုးပမ်းနေမှုကြောင့် စစ်အာဏာရှင်တို့ အာဏသိမ်းမှု အချဥ်းနှီးဖြစ်စေရန် တားဆီးနိုင်ကြသည်။

စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် မြန်မာပြည်သူတို့၏ အခွင့်အရေးနှင့် လွတ်လပ်မှုမှာ နည်းပါး ကျဆင်းနေပြီး ထိုအထဲတွင် သန်းနှင့်ချီသည့် အပြစ်မဲ့အမျိုးသမီးနှင့် ကလေးများမှာ ဒုက္ခများ ဆက်လက် ကြုံတွေ့ ခံစားနေရသည်။ မအောင်မြင်သည့် အာဏာသိမ်းမှု ပထမနှစ်အတွင်း နေ့ခင်းကြောင်တောင်မှာပင် မြို့ပြနှင့် ကျေးလက်ရှိ ပြည်သူများ သတ်ဖြတ်ခံနေရသည်ကို အများအပြားတွေ့ရှိရသည်။ ဒုတိယနှစ်တွင် စစ်အာ ဏာရှင်တို့က လူသိထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ဦးဖြစ်သူ ကိုဂျင်မီ (ကိုကျော်မင်းယု)၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား ရက်ရက်စက်စက် သေဒဏ်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲများ ပြင်းထန်များပြားလာပြီး တိုင်းပြည်၏ ၈၀% သော မြို့နယ်များကို (မြို့နယ် ၃၃၀ တွင် ၂၂၅ မြို့နယ်) သက်ရောက် မှုရှိစေသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၅,၃၅၀ အသတ်ခံရပြီး စစ်ရှောင် ၃.၃ သန်းရှိသည်ဟု ဖော်ပြထားသည်။ ဒေသခံအဖွဲ့အစည်းများကမူ ၎င်းတို့၏ ဒေသများတွင် ယခုထက်ပိုမိုများပြားကြောင်း အစီရင်ခံထုတ်ပြန်ကြသည်။

အမျိုးသမီးနှင့် ကလေးများမှာ အကြမ်းဖက်မှုဒဏ်ကို အချိုးမညီစွာ ခံစားနေရသည်။ အပြစ်မဲ့ ပြည်သူများအပေါ် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းအပါအဝင် စစ်အာဏာရှင်တို့၏ တိုက်ခိုက်မှုများ ပိုမိုများ ပြားလာသည်။ ND-Burma အဖွဲ့ဝင်များသည် စစ်အာဏာရှင်တို့၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်မှုအပေါ် တာဝန်ယူ တာဝန်ခံမှုရှိစေရန်အတွက် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သက် သေများနှင့်တကွ အမြဲတစေ ရဲဝံ့စွာ မှတ်တမ်းတင်လျှက်ရှိသည်။ မြန်မာပြည်သူတို့၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်မှုအပေါ် ဗြောင်ကျကျ တိုက်ခိုက်ခံရမှုမှာ ၅ နှစ်အတွင်း ဝင်လာပြီဖြစ်သည်။ ပြည်သူ့တော်လှန်ရေး၏ ကြံ့ခိုင်သည့်အင်အားမှာ ယုတ်လျော့မသွားဘဲ ရပ်တန့်သွားမည့် လက္ခဏာလည်းမရှိပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အာဏာရှင်တို့အား တရားဝင် အသိအမှတ်ပြုရာရောက်သည့် ဆက်ဆံမှုအကုန်လုံးကို ရပ်ဆိုင်း၍ ၎င်းတို့၏ ဒီမိုကရက်တစ် တန်ဖိုးများအပေါ်ထားရှိသည့် ကတိကဝက်ကို ပြသရန်လိုအပ်သည်။ အရပ်ဖက်အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) မှ တောင်းဆိုနေသည့် အနာဂတ် မြန်မာနိုင်ငံတွင် ပြည်သူများအားလုံး ဘေးကင်းလုံခြုံစိတ်ချပြီး လွတ်လပ်စွာ နေထိုင်းရေးကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အလေး ဂရုပြုရန် လိုအပ်သည်။

အသေးစိတ် သိရှိလိုပါက-

ဆန်ထွယ်
Signal: +66 64 195 6721

နိုင်အဲမွန်
Signal: +66 86 1679 741  

ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း အရပ်သား ခုနစ်ရာကျော် (၇၀၉ ဦး) သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်နယ်တစ်ခုလုံးမှာ တိုက်ပွဲပေါင်း ၁၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်ချက်နဲ့ အရပ်သား ၅၃၆ ဦးနဲ့ စစ်ဘေးဒုက္ခသည် ၁၇၃ ဦး စုစုပေါင်း ခုနစ်ရာကျော် (၇၀၉ ဦး) သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကယားပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် မဟယ်လင်ကတော့ စစ်ကောင်စီတပ်ဟာ ကယားဒေသခံ တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုတိုးလုပ်လာတယ်လို့ ပြောပါတယ်။

“ဘန်ကောက် စစ်ဘေးဒုက္ခသည်စခန်းဆိုရင် ဘယ်နှကြိမ်မှန်းမသိအောင်ကို ကြဲတာပေါ့။ ဒုက္ခသည်စခန်းတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ပေမဲ့ ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက လုပ်လာတာပေါ့။ လေကြောင်းကနေ တိုက်ခိုက်တာက အခုနောက်ပိုင်း ပိုလုပ်လာတယ်”

ဒါ့အပြင် အာဏာသိမ်းလေးနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ကရင်နီတပ်မတော် (KA) ဘက်က ကျဆုံးသူ ၆၇၄ ဦးနဲ့ စစ်ကောင်စီတပ်သား သုံးထောင့်ခြောက်ရာကျော် (၃၆၀၁ ဦး) သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အအုံ ၅၄ လုံး၊ လူနေအိမ် ၂၈၆၆ လုံး၊ ဆေးရုံဆေးခန်း ၁၆ ခုနဲ့ စာသင်ကျောင်း ၂၆ ခု ပျက်စီးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

RFA Burmese

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ အရပ်သားနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ချင်းရေးရာအဖွဲ့ချုပ် (ICA) ဒုညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန် က ဒီလေးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်သူတွေ သေဆုံးတာ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ပြည်သူတွေ သေဆုံးတာ အများဆုံးကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဆိုတာ တွေ့ရတယ်။ ခုခံတော်လှန်တိုက်ပွဲဝင်နေသူတွေကတော့ တိုက်ပွဲတွေထဲမှာ သေဆုံးတာ အများဆုံးဖြစ်တယ်။ ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာ အများဆုံးပေါ့။ တခြားကတော့ ဖမ်းဆီးချုပ်နှောင်ခံရပြီးတော့ သေဆုံးတာ၊ လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်ခံရပြီးတော့ သေဆုံးတာ၊ လက်နက်ကြီးကြောင့် သေဆုံးတာတွေလည်းရှိတယ်”

ICA ဖော်ပြချက်အရ သေဆုံးသူတွေထဲမှာ သာမန်အရပ်သား ၄၉၁ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးပါဝင်ပါတယ်။ ဒီလေးနှစ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ၂၄၁ ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ တစ်ထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ICA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICA စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် လေကြောင်းကနေတိုက်ခိုက်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ သုံးထောင်ကျော် ပျက်စီးခဲ့ပါတယ်။

အဲဒီထဲမှာ ၂ဝ၂၄ ခုနှစ်အတွင်း တစ်ထောင်ကျော်နဲ့ အများဆုံးပျက်စီးခဲ့ပြီး ၂ဝ၂၃ ခုနှစ်မှာ ၄ဝ၇ လုံး၊ ၂ဝ၂၂ ခုနှစ်အတွင်း ၉၅၂ လုံး၊ ၂ဝ၂၁ ခုနှစ်မှာ ၇၈၄ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ၇၇ ဦးသေဆုံးခဲ့ပြီး ၁၀၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ICA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

လက်ရှိ ချင်းပြည်နယ်တွင်း မြို့ပေါင်း ၂ဝ ရှိတဲ့အထဲက ၁၅ မြို့ကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ နေရပ်စွန့်ခွာခဲ့ကြတဲ့ပြည်သူတွေနေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဆလိုင်းဗန်ဆွီးဆန် က ပြောပါတယ်။

“စစ်ကောင်စီဘက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေက နေရာအနှံ့မှာရှိနေတာတွေ့ရတယ်။ ဆိုတော့ ပြည်သူတွေပြန်နေဖို့ဆိုတာ မိုင်းအကုန်ရှင်းပြီးမှပဲ အဆင်ပြေပါလိမ့်မယ်။ နောက်တစ်ခုက လူနေအိမ်အပျက်အစီးအရမ်းများနေတာကြောင့်ပါ။ ပြည်သူတွေက အိမ်ပြန်လို့ရတယ်ဆိုပေမယ့် သုံညကနေပြန်စရမယ့်အခြေအနေမှာရှိနေပါတယ်။ နောက်ဆုံးအချက်က အခြေခံလူနေမှုဘဝပြန်လည်စတင်နိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုဖူလုံရေးကအစ အာမခံချက်မရှိသေးတာကြောင့်လည်း ပါပါတယ်”

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်းနီးပါးရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်နေသူ ခြောက်သောင်းခွဲကျော်နဲ့ ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သိန်းသုံးသောင်းကျော်ရှိတယ်လို့ ICA က ထုတ်ပြန်ထားပါတယ်။

ဂျီနီဗာသဘောတူညီချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတို့ကို ချိုးဖောက်ပြီး ပြည်သူတွေကို အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို ICA က တောင်းဆိုထားပါတယ်။

RFA Burmese

မြန်မာနိုင်ငံမှာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ဗြိတိန်က မေ့မထားဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောကြားပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းလိုက်တဲ့အကြောင်း The Standard သတင်းစာက ဖေဖော်ဝါရီ ၁ ရက်မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရပါတီကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နောက် အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ပေါင်းများစွာသော အတိုက်အခံတွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

“လေးနှစ်ကြာခဲ့ပေမဲ့၊ ကျွန်တော်တို့ မေ့မသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးပါ။ မြန်မာပြည်သူတွေအတွက် သူတို့နဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်ပေးပါလို့ ပြောချင်ပါတယ်” လို့ သူက ပြောတဲ့အကြောင်း သတင်းက ဖော်ပြပါတယ်။

RFA Burmese