ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကလေးမြို့နယ် ဒုက္ခသည်စခန်း ဗုံးကြဲခံရတာကြောင့် ရှစ်ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကုက္ကိုလ်ရွာအတွင်းက စစ်ဘေးဒုက္ခသည် စခန်းကို ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ရှစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကလေးမြို့နယ် ကျောက်ဆည်ရွာနဲ့ အင်းကျွန်းကျေးရွာတွေကနေ နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် လေးရာကျော်ဟာ ကုက္ကိုလ်ရွာအတွင်းက စာသင်ကျောင်းကို ဒုက္ခသည်စခန်းအဖြစ် ခိုလှုံနေထိုင်နေကြတာလို့ ဆိုပါတယ်။
“စစ်ရှောင်တွေနေတဲ့ တဲတည့်တည့်ကို ကျတာပေါ့နော်။ အကုန်လုံး တစ်စစီ စုတ်ပြတ်သွားတာပဲ။ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတာပါပဲခင်ဗျာ”
စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ နေအိမ်တွေအပေါ်ကို ပေါင် ငါးရာ ဗုံးနှစ်လုံး ကြဲခဲ့တာ ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးထိခိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေ နေတဲ့နေရာကို ကြဲသွားတာ။ စာသင်ကျောင်းထဲကို ကြဲသွားတာ။ ကုက္ကိုလ်စာသင်ကျောင်းထဲကို ပေါင် ငါးရာဗုံးနှစ်လုံးကြဲသွားတာတာ။ ညနေငါးနာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ တဲတည့်တည့်ကို ကျတာပေါ့နော်။ အကုန်လုံး တစ်စစီ စုတ်ပြတ်သွားတာပဲ။ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတာပါပဲခင်ဗျာ”
သေဆုံးသူ ရှစ်ဦးအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးဦး၊ ကိုယ်ဝန်ဆောင်တစ်ဦး၊ ကလေးအမေနှစ်ဦးနဲ့ အမျိုးသမီးကြီး တစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၁၅ ဦးထဲမှာ အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦး ပါဝင်တယ်လို့ သူက ပြောပါတယ်။
ကလေးမြို့နယ် ကုက္ကိုလ်ရွာနဲ့ တင်သားရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပါဝင်တဲ့ အင်အား သုံးရာနီးပါးက ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးနိုင်ဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ တင်သားကျေးရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲခေါ်တာတွေ ဘာတွေ မရှိဘဲနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမလိုလိုနဲ့ လူအင်အားတွေ စုပြီးတော့ ထွက်လာတယ်။ ပြီးတော့ လေကြောင်းတက်လာတယ် မနေ့ကတုန်းက။ လေကြောင်းတက်လာတော့ အရပ်ဘက်က ကာထားတဲ့ကင်းတွေကို ကြဲမလိုလိုနဲ့ ကြဲတော့ ကြဲသွားသေးတယ်။ ကျွန်တော်တို့ဘက်က အသေအပျောက်မရှိဘူးပေါ့နော်။ ကုက္ကိုလ်ဘက်ကိုကျတော့ တင်သားဘက်ကနေ လှမ်းထုလိုက်တာ။ နှစ်ချက်ချလိုက်တာ စစ်ဘေးရှောင်စခန်းကို ချလိုက်တာဗျ။ ပုန်းညက်တွေထဲမှာရော ကောက်ယူခဲ့ရတယ် အလောင်းတွေက”
စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကို ဝမ်းနည်းကြေကွဲရတယ်လို့ ကုက္ကိုလ်ရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဓိက ဝမ်းနည်းတာပေါ့နော်။ ပြည်သူတွေကျတော့ ကျန်တဲ့အဖွဲ့အစည်းတွေလောက် သတင်းအချက် အလက်လည်း မရဘူးလေ။ အဖွဲ့အစည်းတွေက ဝေဟင်သတင်းတွေ ဘာတွေရတော့ သူတို့က ဘာမှမသိတော့ ပိုပြီးမှ အန္တရာယ်များတယ်လို့ ခံစားရပါတယ်။ ပြီးတော့ နောက်တစ်ကြိမ်လည်း မဖြစ်စေချင်တော့ဘူးပေါ့”
လေကြောင်းက တိုက်ခိုက်ခံရပြီးနောက် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် ကျေးရွာဒေသခံတွေအားလုံးကို လေကြောင်းရန် ကင်းလွတ်တဲ့နေရာကို ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။
ကုက္ကိုလ်ရွာမှာ လေကြောင်းကတိုက်ခိုက်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ သေဆုံးရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာတော့ ကလေးမြို့နယ်က တင်သားနဲ့ ကုက္ကိုလ်ရွာမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ စခန်းတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အသေအဆုံးအထိအခိုက် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရုံး၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်းမှာ စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက ပြည်သူ ၆၂၃၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဥရောပသမဂ္ဂ အပါအဝင် သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်တို့က မြန်မာ့အရေးအတွက် ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ မြန်မာစစ်တပ်ရဲ့ အရှိန်မြှင့်ဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ပြည်သူတွေနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတာတွေ အပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့အတွက် ထုတ်ပြန်ချက်မှာ အလေးအနက်ထား တိုက်တွန်းထားပါတယ်။
RFA Burmese
စစ်သုံ့ပန်းနှစ်ဦးကို စစ်စည်းကမ်းချိုးဖောက်သတ်ဖြတ်ခဲ့ကြောင်း AA ဝန်ခံ
[Update: 4: 30 AM, Jan 25, 2025]
ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်ပြီး AA က ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဒီဗီဒီယိုနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့ AA ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ဇန်နဝါရီ ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒီလိုတောင်းဆိုပြီးနောက်ပိုင်း AA ရဲ့ ဝန်ခံချက် ထွက်ပေါ်လာတာပါ။ Fortify Right အဖွဲ့ကတော့ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ AA ကို ဆက်လက် တိုက်တွန်းလိုက်ပါတယ်။
Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဧဂျက်ဇ်မင်းခန့် (Ejaz Min Khant) က… “တရားလက်လွတ် သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့သူတွေကို အရေးယူဖို့က အရမ်းအရေးကြီးပါတယ်။ သူတို့ (AA) က ဒါကိုလက်ခံပြီး အရေးယူထားတယ်ပြောတာကို ကြိုဆိုပါတယ်။ တစ်ဖက်ကလည်း ဒေါသတကြီးနဲ့ သူတို့မိသားစုဝင်တွေ အသတ်ခံရလို့ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောတယ်။ ဗီဒီယိုထဲက စကားတွေနဲ့ သူတို့စကား မကိုက်တာတွေ တွေ့ရတယ်။ ဗီဒီယိုထဲမှာ တပ်မှူးက ဒီလူနှစ်ဦးကို သတ်ဖို့ခိုင်းထားတယ်ဆိုတဲ့ စကားတွေပါတယ်။ သူတို့ကို တရားစီရင်ထားတယ်ဆိုရင် သူတို့က ဘယ်သူတွေလဲ။ သူတို့ရဲ့ ရာထူးအဆင့်တွေက ဘယ်လိုရှိလဲ။ ဘယ်လိုပုံစံနဲ့ အရေးယူထားတယ်ဆိုတာ ပွင့်လင်းမြင်သာအောင် ချပြသင့်ပါတယ်” လို့ ပြောပါတယ်။
Fortify Rights အနေနဲ့ အာရက္ခတပ်တော် (AA) ကို နိုင်ငံတကာတရားစီရင်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်နိုင်အောင် တိုက်တွန်းသွားမှာဖြစ်ပြီး နောက်ထပ်အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင် စောင့်ကြည့်မှတ်တမ်းတင်သွားမယ်လို့လည်း ပြောပါတယ်။
AA ပြောခွင့်ရသူ ဦးခိုင်သုခက ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျောက်တော် စခခ ၉ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ကာလအတွင်း ဖြစ်ခဲ့တာလို့ သတင်းမီဒီယာတွေကို ပြောပါတယ်။
မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာစစ်သားတွေကို ဖမ်းမိချိန်မှာ ဒေသခံ ပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲ လက်စားချေတဲ့သဘောနဲ့ စစ်စည်းကမ်းချိုးဖောက်ပြီး ပြစ်မှုကျူးလွန်ခဲ့တာလို့ ပြောပါတယ်။
ဒီဖြစ်စဉ်မှာပါခဲ့တဲ့ AA ရဲ့ အောက်ခြေတပ်မှူးငယ်တချို့ အပါအဝင် ပါဝင်သူတချို့ကို ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးထားတယ်လို့ ဆိုပါတယ်။ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တိုက်ရိုက်အဆက်အသွယ်ရဖို့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
AA နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဝီလျံချင်းကတော့ AA အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးမိတဲ့အခါ အလားတူ ကျူးလွန်မှုမျိုး မလုပ်ဆောင်ဖို့ လိုတယ်လို့ မှတ်ချက်ပြုပါတယ်။
“ဒါက လုံးဝကို မဖြစ်သင့်တဲ့ကိစ္စလည်း ဖြစ်တယ်။ AA အနေနဲ့ သူတို့ရဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပြီးသားလည်း ဖြစ်တယ်။ ဒီလိုကိစ္စမျိုးတော့ နောက်ထပ် လုံးဝမဖြစ်အောင် AA တစ်ဖွဲ့တည်းမဟုတ်ဘူး။ နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းပွဲတွေ ဆင်နွှဲတဲ့အချိန်မှာ အနည်းနဲ့အများပဲ ကွာသွားမယ်။ စစ်သုံ့ပန်းတွေတော့ ကျွန်တော်တို့ ဖမ်းဆီးရမိကြတာပဲဆိုတော့ အဲဒီအချိန်မှာ ဆင်ခြင်ရမယ့်အရာလို့ပဲ မြင်တယ်။ တပ်မှူးတွေကိုယ်တိုင်က အကြမ်းဖက်စစ်ကောင်စီလို လုပ်ရပ်မျိုးမလုပ်ဖို့ အလွန်အရေးကြီးပါမယ်”
စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတာဖြစ်နိုင်တဲ့ ဗီဒီယိုမှတ်တမ်းနှစ်ခုကို Fortify Rights ရရှိခဲ့တယ်လို့ ဇန်နဝါရီလ ၂၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။ သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွပ်မျက်တာက စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှုပေးသင့်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို တရားစွဲဆိုရမယ်လို့ Fortify Rights အဖွဲ့က တောင်းဆိုထားပါတယ်။
(မှတ်ချက် – ဤသတင်းတွင် Fortify Rights အဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဧဂျက်ဇ်မင်းခန့် မှတ်ချက်နှင့် ချင်းညီနောင်တပ်ဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဝီလျံချင်း မှတ်ချက်တွေကို ဖြည့်စွက်ထားပါသည်။)
RFA Burmese
တရုတ်ကြေးနီစီမံကိန်းအနီးက ရွာတွေစီးနင်းခံရပြီး ဒေသခံ သုံးထောင်ခန့် ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ကြေးနီစီမံကိန်းထဲက ဝမ်ပေါင်ကုမ္ပဏီကိုလာတဲ့ ကားတွေကို စစ်ကောင်စီတပ်က လုံခြုံရေးယူပေးဖို့ အနီးနားရွာတွေကို စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် လူသုံးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီ ၂၄ ရက် ဒီနေ့ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ယင်းမာပင်ခရိုင် စစ်ကောင်စီ ရဲတပ်ရင်း (၂၈) အထိ စစ်ကောင်စီတပ်အင်အား လေးဆယ်ခန့်က လုံခြုံရေးယူထားသလို ဝမ်ပေါင်ကုမ္ပဏီဘက်မှာလည်း စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောရွာအထိ လုံခြုံရေးချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် တရုတ်ကြေးနီစီမံကိန်းကိုသွားတဲ့ ကားလမ်းမတစ်လျှောက်က ရွာဆယ်ရွာထက်မနည်းမှာ နေထိုင်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီနားက ဒေသခံတွေက ခဏခဏ ပြေးနေရတယ်။ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးအင်အားက များတယ်။ ကြေးနီထုတ်ပြီးဆိုရင်လည်း အခုလိုပဲ လုံခြုံရေးကင်းတွေ ချတယ်။ စစ်ကောင်စီတပ်သားတွေ လာပြီဆိုရင် လမ်းဘေးတစ်လျှောက်က ရွာတွေ ခဏရှောင်ပေးနေရတယ်။ မဟုတ်ရင် ရွာထဲကို ဝင်မွှေတယ်။ ဖမ်းတာ ဆီးတာလုပ်တယ်။ အဲဒါကြောင့် ဒေသခံတွေရှောင်နေရတာ”
တရုတ် ကြေးနီစီမံကိန်းထဲက ဝမ်ပေါင် တရုတ်ကုမ္ပဏီကိုသွားမဲ့ ရိက္ခာတင်ကား၊ အက်ဆစ် ဘောက်ဆာကားနဲ့ ကွန်တိန်နာကား အစီးပေါင်း ခြောက်ဆယ်ကျော်ကို စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်တွေ တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် လုံခြုံရေးချထားတာလို့ ဆိုပါတယ်။
ဒေသခံတွေ နေရပ်စွန့်ခွာရတာနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့က ဆားလင်းကြီးမြို့နယ် တရုတ် ကြေးနီစီမံကိန်းကနေ ကြေးနီနဲ့ ကြေးနီထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ သယ်လာတဲ့ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
RFA Burmese
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် အရေးယူမှုအသစ်ချမှတ်ဖို့ BROUK အဖွဲ့ တောင်းဆို
မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်ကနေ တိုက်ခိုက်နေတဲ့အပေါ် အရေးယူမှုအသစ်တွေ လုပ်ဆောင်ဖို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK)က နိုင်ငံတကာကို မနေ့က တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် စစ်တပ်ကို လေယာဉ်ဆီ၊ လောင်စာဆီ ရစေနိုင်တဲ့ ငွေကြေးအရင်းအမြစ်တွေကို ဖြတ်တောက်ဖို့နဲ့ မောင်းသူမဲ့လေယာဉ်တွေ ပံ့ပိုးပေးနေတဲ့ တရုတ်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဇန်နဝါရီ ၈ ရက်နေ့လယ်က စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၁ ဦး သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။
ကျောက်နီမော်ရွာဟာ အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး အရပ်သားတွေ နေထိုင်တဲ့ တံငါရွာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာနဲ့အမျှ သူတို့ကို တားဆီးဖို့ နိုင်ငံတကာက ကြိုးပမ်းတာတွေလျော့သွားတယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
လေယာဉ်ဆီပို့ဆောင်ပေးတဲ့ ဗီယက်နမ်ကုမ္ပဏီတွေအပြင် ဂျက်လေယာဉ်ထောက်ပံ့ပေးတဲ့ တရုတ်ကုမ္ပဏီတွေကိုလည်း ဒဏ်ခတ်အရေးယူသင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့စဉ်နဲ့အမျှ လေကြောင်းကနေ တိုက်ခိုက်နေတာတွေကြောင့် ဒီရက်စက်မှုတွေကို သာမန်အဖြစ် မစဉ်းစားသင့်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။
RFA Burmese
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အရပ်သားနှစ်ထောင်နီးပါး သေဆုံး
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ထောင်နီးပါး (၁၈၂၃ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသား ၁၁၉၄ ဦး၊ အမျိုးသမီး ၆၂၈ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦး သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၄၈ ဦး ပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၄၁ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် ၅၂၅ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အရပ်သား ၇၆၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီထဲမှာ အမျိုးသား ၅၅၀ ဦး၊ အမျိုးသမီး ၂၁၅ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ တစ်ဦးပါဝင်ပြီး ရန်ကုန်တိုင်းမှာ ၂၀၈ ဦး ဖမ်းဆီးခံရပြီး အများဆုံးလို့လည်း ဆိုပါတယ်။
AAPP ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၉ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ခြောက်ထောင်ကျော် (၆,၁၂၉ ဦး) သေဆုံးခဲ့ပါတယ်။
RFA Burmese
ရမ်းဗြဲမှာ ဗုံးကြဲခံရလို့ အရပ်သား လေးဆယ်ကျော် သေဆုံး၊ ငါးဆယ်ကျော် ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၁ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရသွားတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရမ်းဗြဲဒေသခံတွေက RFA ကို ပြောပါတယ်။
ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူအများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး နေအိမ် ငါးရာကျော်လည်း မီးလောင်ပျက်စီးသွားတယ်လို့ ရမ်းဗြဲမြို့နယ်မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“၄၁ ယောက် သေတယ်၊ ၅၂ ယောက် ဒဏ်ရာရတယ်။ ပြင်းထန်ဒဏ်ရာတွေလည်း ပါတယ်။ ကလေးတွေလည်း ဒဏ်ရာရတယ်။ မိန်းကလေးတွေ၊ ယောက်ျားလေးတွေလည်း ဒဏ်ရာရတယ်။ နေအိမ် ငါးရာ၊ ခြောက်ရာလောက်လည်း မီးလောင်သွားတယ်။ မီးလောင်တဲ့အိမ်ကတော့ ငါးရာထက်များမယ်။ ခြောက်ရာတောင် ကျော်သွားနိုင်တယ်။ ဘာလို့လဲဆိုရင် တစ်အိမ်နဲ့ တစ်အိမ်က ကပ်နေတာ။ အရှေ့ရော၊ အနောက်ရော ပူးကပ်နေကြတာဆိုတော့ မီးလောင်ရင် အကုန်လုံးပါသွားတာပေါ့”
သူတို့အဖွဲ့အပါအဝင် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ဗုံးကြဲခံရတဲ့ ကျောက်နီမော်ရွာကို သွားရောက်ကူညီပေးနေပြီး သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် ထပ်တိုးလာနိုင်သေးတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာပြင်းထန်သူတွေကို အရေးပေါ်ဆေးကုသမှုတွေ လုပ်ဆောင်နေပြီး ဆေးဝါးလည်း အရေးပေါ် လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
“အခု ဆေးဝါးတွေလည်း ထပ်ဝယ်ရမယ်လို့ ပြောတယ်။ ဆေးဝါးတွေက ရမ်းဗြဲမှာ အရေးပေါ် နည်းနည်းလောက်ပဲရှိတယ်။ တခြားဘက်တွေက မှာရမယ်။ ဆေးရုံကိုလည်း ဗုံးလာကြဲမှာကို စိုးရိမ်ရလို့ ဆေးရုံမှာ အကုန်လုံးကို မကုနိုင်ဘူး။ အရေးပေါ် သွေးသွင်းရမဲ့လူတွေကိုတော့ ဆေးရုံမှာ ကုတယ်။ တခြားလူတွေကိုတော့ တခြားနေရာမှာပေါ့။ ဗုံးလာကြဲမှာကို စိုးရိမ်ရတဲ့အနေအထားမှာ ရှိသေးတယ်။ ကျောက်နီမော်ရဲ့ အောက်ဘက် ပင်လယ်ထဲမှာ နေဗီတွေလည်းရှိတယ်”
ဗုံးကြဲခံလိုက်ရတဲ့ ကျောက်နီမော်ရွာမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရခက်ခဲတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မသိရသေးပါဘူး။
လူနေထူထပ်တဲ့နေရာကို ဦးတည်ပြီး ဗုံးကြဲခဲ့တာကြောင့် အခုလို လူ လေးဆယ်ကျော်အထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာလို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
“လူနေထူထပ်တဲ့ မွတ်စလင်အများစုနေတဲ့ရွာကို ဗုံးထိမှန်ခဲ့ပြီးတော့ မီးလောင်ခဲ့တဲ့အတွက် အခုလို အသေအပျောက် များခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးဌာန၊ ပြည်သူ့လုံခြုံရေးဌာနနဲ့ ဒေသခံတွေက မီးကို ကြိုးစား ငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ ဗုံးဘေးဒဏ်သင့် ပြည်သူတွေကိုလည်း တတ်နိုင်သမျှ ကူညီပေးနေကြတာရှိပါတယ်။ ကျွန်တော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနကလည်း ဒဏ်ရာရတဲ့ပြည်သူတွေကို လိုအပ်တဲ့ အရေးပေါ် ဆေးဝါးကုသမှုတွေ ပေးနေတာ ရှိပါတယ်”
ကျောက်နီမော်ရွာ တောင်ပိုင်းရပ်ကွက်ကို ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အဲဒီနေရာကမီးဟာ တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းရပ်ကွက်တွေကို ကူးစက်ပြီး လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ နေ့လယ် ၁ နာရီ ၂၀ မိနစ်ကနေ စတင်လောင်ကျွမ်းတဲ့မီးကို ညနေ ၆ နာရီခွဲမှ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဘာတိုက်ပွဲမှ မဖြစ်တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရမှာ သူ့အနေနဲ့ ဒီကိစ္စကို မသိရှိရကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အလားတူ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီထောက်ခံသူတွေက ကျောက်နီမော်ဟာ ရန်ကုန်ဘက်ကနေဝင်လာတဲ့ စားသောက်ကုန်တွေကို AA ထိန်းချုပ်တဲ့မြို့နယ်တွေကို ထပ်ဆင့်ဖြန့်ဝေတဲ့စျေးရှိတာကြောင့် ရိက္ခာလမ်းကြောင်းကို ပိတ်ဖို့လိုတဲ့အကြောင်း တယ်လီဂရမ်လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ပြီးနောက် စစ်ကောင်စီက ပစ်မှတ်ထားဗုံးကြဲခဲ့တာဖြစ်နိုင်တယ်လို့ ရခိုင်ဒေသခံအချို့က သုံးသပ်ပြောဆိုကြပါတယ်။
အာရက္ခတပ်တော် (AA) က နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ပြောဆိုထားတဲ့ အချိန် တစ်ပတ်ကျော်အတွင်းမှာပဲ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းသုံး ဗုံးကြဲမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာနဲ့ အောင်ဇုံပြင်ရွာကိုလည်း ဗုံးကြဲလို့ အရပ်သား ကိုးဦးသေဆုံးပြီး တစ်ဆယ်ကျော်ဒဏ်ရာ ရသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကို အသုံးပြုပြီး အရပ်သားတွေကို အဓိက ပစ်မှတ်ထားတိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကိုပြောပါတယ်။
“အဓိကတော့ စစ်ကောင်စီတပ်ရဲ့ ရက်စက်ယုတ်မာမှုကို ဆက်တိုက်လုပ်ပြီးတော့ အစွယ်ထုတ်ပြတာပေါ့။ အထူးသဖြင့် သူတို့မှာ လေယာဉ်ရှိတယ်၊ ပြည်သူတွေကို အချိန်မရွေးသတ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စိတ်ကြိုက် သတ်နေတာပေါ့။ နိုင်ငံတကာဥပဒေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို စိတ်ကြိုက် ကျူးလွန်ပြနေတာဖြစ်တယ်။ နိုင်ငံတကာအနေနဲ့ ဒီအတိုင်းရပ်ကြည့်နေတာကလည်း အတော်လေးကို အံ့သြစရာကောင်းတယ်။ ဒီလောက်လူမဆန်တဲ့ အစိုးရတစ်ရပ်ကိုလေ”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သား ခုနစ်ရာကျော်နဲ့ ဒဏ်ရာရသူ ၁၅၀၀ ကျော်ရှိတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် – ဤသတင်းတွင် အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် စစ်ဘေးဒုက္ခသည်များအား အကူအညီပေးနေသူ ကိုဝေဟင်အောင် တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)
RFA Burmese