နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ယနေ့ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင်  အကြမ်းဖက်စစ်အာဏာရှင်မှ ကိုလိုနီခေတ်ကာလ ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဖိနှိပ်ချုပ်ချယ်သည့်  ဥပဒေများကို ဆက်လက်ကျင့်သုံးခြင်း၊ ထပ်မံပြင်ဆင်ခြင်းနှင့် ဥပဒေအသစ်များရေးဆွဲ အတည်ပြုခြင်းတို့ကို ပြုလုပ်ကာ ၎င်းဥပဒေများကို လက်နက်သဖွယ်အသုံးချ၍  မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို စနစ်တကျ စဉ်ဆက်မပြတ် ကျူးလွန်နေသည့် အခြေအနေကို ရေးသား တင်ပြထားပါသည်။

“စစ်အာဏာရှင်တွေက မတရားတဲ့ဥပဒေတွေ၊ စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေကို အသုံးချပြီး သူတို့ကို ပြည်သူလူထု မတော်လှန်ရဲအောင် အကြောက်တရားဝန်းကျင်ကို ဖန်တီးဖို့လုပ်ဆောင် နေကြ တယ်၊ တော်လှန်သူတွေကို နှိပ်စက်ညှဉ်းပမ်းဖို့ အသုံးချနေကြတယ်။ ဒါမျိုး မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းမှာထပ်မဖြစ်အောင်ကြိုးစားကြရပါမယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများမှာ အုပ်ချုပ်ရေး ယန္တရားတွေကို ဖေါ်ဆောင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအုပ်စုများ အနေနဲ့လည်း တည်ဆဲဥပဒေများ၊ ဥပဒေစိုးမိုးရေးဆောင်ရွက်နေသောအေဂျင်စီများ၊ အကျဉ်းထောင် များနဲ့ စစ်ကြောရေးစခန်းများကို အသုံးပြုပြီး ပြည်သူများကို ဖိနှိပ်မှာမဟုတ်ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ပါတယ်။” {ကိုဘိုကြည် – တွဲဘက်အတွင်းရေးမှူး (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း)}

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေသော နွေဦးတော်လှန်ရေးသည် မလွဲဧကန် အောင်မြင်မည် ဖြစ်သည်။ နိုင်ငံအနှံအပြားတွင် တော်လှန်ရေးအဖွဲ့များသည် နိုင်ငံ၏ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်နေ သည့် အခြေအနေကိုရောက်ရှိနေပြီး  ၎င်းနယ်မြေဒေသများတွင် တော်လှန်ရေးအဖွဲ့အစည်းများမှ အသုံးပြုမည် ဥပဒေများသည် ဒေသခံပြည်သူကို ဗဟိုပြုပြီး အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ချဉ်းကပ်မှုဖြင့် ပြဋ္ဌာန်းကျင့်သုံးရန် အရေးကြီးသည်။ ထို့အပြင် ၎င်းဥပဒေများသည် သက်ဆိုင်ရာပြည်သူတို့၏ အခြေခံ လွတ်လပ်ခွင့်များကိုလည်း လေးစားပြီး အကာအကွယ်ပေးရန်လည်းလိုအပ်သည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် စစ်အာဏာရှင်ကို ခုခံတွန်းလှန် နေသော တော်လှန်ရေး အဖွဲ့အစည်း အားလုံးအနေဖြင့် မိမိတို့ထိန်းချုပ်ထားသည့်နယ်မြေများတွင် လက်ရှိ အသုံးပြုနေသော ဥပဒေမူဘောင်များကို ပြန်လည်သုံးသပ်ရာတွင် ဤအစီရင်ခံစာသည် တစုံတရာ အထောက်အကူပြုမည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် မျှော်လင့်ထားပါသည်။ ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေတချို့ကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ၊ အခြားသောနိုင်ငံများ၏ ပြည်တွင်းဥပဒေများနှင့် နှိုင်းယှဉ်ကာ အနာဂတ်ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကြံပြုချက်များကို ရေးသားတင်ပြထားပါသည်။

တချိန်တည်းမှာပင် အကြမ်းဖက်စစ်အာဏာရှင်အနေဖြင့် တိုင်းပြည်ကို ရေရှည်ထိန်းချုပ်ရန် မဖြစ်နိုင် တော့ကြောင်းကို မြေပြင်အခြေအနေများအရ  ရှင်းလင်းစွာသိမြင်နေရသည်။  နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများစွာဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို ပို၍ဖိအားပေးရန်လည်း လိုအပ်ပါသည်။  သို့မှသာ မြန်မာနိုင်ငံသည် အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

AAPP: info@aappb.org

အစီရင်ခံစာဖိုင်ရယူရန် – law report.burmese.ebook

မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် ကွပ်မျက်မှုတွေ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က နေအိမ် တစ်သိန်းကျော်နဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ခြင်းစတဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအပေါ် ဗြိတိန်အစိုးရအနေနဲ့ အလွန်စိုးရိမ်ပူပန်ကြောင်း ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ မတ် ၂၀ ရက်နေ့အစည်းအဝေးမှာ ဗြိတိန်ကိုယ်စားလှယ် Eleanor Sanders က ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေတာ၊ အထူးသဖြင့် ဖေဖော်ဝါရီ တစ်လတည်းမှာတင် လေကြောင်းတိုက်ခိုက်မှု သုံးရာကျော်ရှိခဲ့ပြီး အရပ်သားတွေ သေဆုံးတာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေအပေါ် အထူးစိုးရိမ်ထိတ်လန့်မိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့အခြေအနေတွေကို အရေးယူနိုင်ရေး လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ သန်း နှစ်ဆယ်နီးပါးရှိပြီး စားနပ်ရိက္ခာမလုံလောက်မှု လူ ၁၅ သန်း ကြုံနေရတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီနဲ့ အာရုံစိုက်မှုတွေဟာ အခုအချိန်မှာ ပိုမိုအရေးကြီးလာနေတယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ကတိပြုထားကြောင်းနဲ့ အခု ဘဏ္ဍာနှစ်အတွင်း ပေါင် သန်း ခုနစ်ဆယ်ကျော် (အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်) အကူအညီ ပေးထားပြီးဖြစ်ကြောင်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဗြိတိန်အစိုးရက လူပုဂ္ဂိုလ် ၂၅ ဦးနဲ့ အဖွဲ့အစည်း ၃၉ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာရေး၊ လက်နက်ကိရိယာတွေ သုံးစွဲခွင့်ကို ပစ်မှတ်ထား ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့ ညနေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက ညနေ ၆ နာရီကျော်မှာ လက်ပံလှရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးသုံးဦးသေဆုံးခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

 “ပြည်သူ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ပြည်သူ ငါးဦးရှိပါတယ်”

 ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုပေး‌နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း လက်ပံလှရွာ ဈေးဆိုင်တန်းကို စစ်ကောင်စီတပ်ကလေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ကလေးခြောက်ဦးအပါအဝင် အရပ်သား ၂၇ ဦးသေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စဥ့်ကူးမြို့နယ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ MDY-PDF ဦးဆောင်တဲ့ ပူးပေါင်းတပ်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စစ်ကောင်စီကတော့ စဉ့်ကူးမြို့နယ်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ၃,၇၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

RFA Burmese

အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိနေမှုက စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နှင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အဆုံးသတ်ရန် အရေးတကြီးလိုအပ်နေမှုကို ဖော်ပြနေသည်။

သို့

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်

ကုလသမဂ္ဂအထွေထွေညီလာခံ

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၁၇ ရက်နေ့

အိတ်ဖွင့်ပေးစာ။   ။အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိနေမှုက စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နှင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အဆုံးသတ်ရန် အရေးတကြီးလိုအပ်နေမှုကို ဖော်ပြနေသည်။

            ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ (Julie Bishop) ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိကို အမြန်ဆုံးစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိချက်များကို အများပြည်သူသို့ အသိပေးချပြရန် အောက်တွင်လက်မှတ်ရေးထိုးထားသော မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၀ ဖွဲ့တို့က တောင်းဆိုလိုက်သည်။  ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly – UNGA) အနေဖြင့်လည်း ယင်းအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို အမြန်ဆုံးရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အထွေထွေအတွင်းရေးမှူးချုပ်မှ တိုက်ရိုက်ဦးစီးလုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

            အထူးကိုယ်စားလှယ်၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော Shenghe Resources နှင့် China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အတည်ပြုထားသော သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများရှိနေကြောင်းကို မိမိတို့မှ အံ့ဩဖွယ် သိရှိရသည်။ သူမ၏ တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့်ဆက်နွှယ်နေမှုသည် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရှိရမည့် သမာသမတ်ကျမှုနှင့် လွတ်လပ်အမှီအခိုကင်းမှုအပေါ် အလွန်ပင်ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ တရုတ်နိုင်ငံသည် တရားမဝင် မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုများနှင့် မှားယွင်းသောတရားဝင်မှုကို ပံ့ပိုးပေးနေသော ထိပ်တန်းအရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်ဖြစ်ရာ ထိုကဲ့သို့သော အကျိုးစီးပွားဆိုင်ရာပဋိပက္ခ ရှိနေခြင်းသည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုများစွာ ဖြစ်ပေါ်စေသည်။ မြန်မာစစ်အုပ်စုမှ မြန်မာပြည်သူများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို တရုတ်အစိုးရက အားပေးကူညီလျက်ရှိနေကြောင်းကို အထောက်အထားများက ဖော်ပြထားပြီး ဖြစ်သည်။

            ယခုအထိမြင်တွေ့ရသော ကုလသမဂ္ဂ၏ တုံ့ပြန်မှုသည် လုံးဝပင် လက်ခံနိုင်စရာမရှိပေ။ ခန့်အပ်တာဝန်ပေးခဲ့သူ ဖြစ်သည့်အားလျော်စွာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် အထူးကိုယ်စားလှယ်၏ သမာသမတ်ကျမှုနှင့် ဘက်လိုက်မှုကင်းစင်ရေး သေချာစွာလုပ်ဆောင်စေရန်အတွက် မြန်မာပြည်သူများအားတာဝန်ခံရန် တာဝန်အပြည့်ရှိနေ သည်။ ကုလသမဂ္ဂသည် မြန်မာပြည်သူများ၏ အသက်များစွာအပေါ်အန္တရာယ်ဖြစ်စေမည့် ဗြောင်ကျလှသော စီးပွါးရေး ဆိုင်ရာအကျိုးစီးပွားများရှိနေသည့် အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံ၏အကျပ်အတည်း ဖြေရှင်းရန်တာဝန်ကို ဆက်လက်ပေးအပ်ထားမည်ဆိုပါက အလွန်ပင်ကျိုးကြောင်းဆင်ခြင်မှု နည်းပါးလှသော လုပ်ရပ်ပင် ဖြစ်သည်။

            ယခုမြင်တွေ့ရသော အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခသည် အထူးကိုယ်စားလှယ်များနှင့် “တွေ့ဆုံဆွေးနွေးမှုများ” မှတစ်ဆင့် ငြိမ်းချမ်းရေးအကျိုးဆောင်ရန် ဆယ်စုနှစ်များစွာကြာ လုပ်ဆောင်သော ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများက မြန်မာပြည်သူများအတွက် အဓိပ္ပါယ်ရှိသည့် အပြုသဘောဆောင်သော အပြောင်းအလဲများ ဆောင်ကြဉ်းပေးနိုင်မှု လုံးဝမရှိကြောင်းကို နောက်ဆုံးထပ်မံသတိပေးမှုပင်ဖြစ်သည်။ ယင်းအစား ယခုကဲ့သို့သော ချဉ်းကပ်မှုသည် စစ်အုပ်စုမှ ၎င်း၏ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် ဆက်လက်ကျူးလွန်စေသည်သာမက မြန်မာပြည်သူများအား ထိခိုက်လုပ်ဆောင်ရန် ပိုမို အတင့်ရဲစေမည်သာဖြစ်သည်။ ထိုခေတ်နောက်ကျပြီး ထိရောက်မှုမရှိသော လုပ်ပိုင်ခွင့်အာဏာကို ဖျက်သိမ်းရန် ယခင်ကတည်းကပင် အရပ်ဘက်လူထုအဖွဲ့အစည်းများက ကုလသမဂ္ဂအား တောင်းဆိုခဲ့ကြပြီး ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ပျက်စီးဆုံးရှုံးမှုများအား ဖြစ်ပေါ်စေသည့် ၎င်း၏ချဉ်းကပ်မှုကို မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအား အပြည့်အဝလေးစားပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်မည့် ၎င်းတို့၏စုပေါင်းဆန္ဒကို ပံ့ပိုးမှု ဖြစ်စေမည့် အခြေခံမူများအပေါ်ရပ်တည်သော၊ ကျင့်ဝတ်နှင့်ညီသော ဟန်ချက်ညီ အားထုတ်မှုများအဖြစ် ပြောင်းလဲဆောင်ရွက်ရမည် ဖြစ်သည်။ 

            ယခုအချိန်သည် မြန်မာနိုင်ငံအကျပ်အတည်းအပေါ် ကုလသမဂ္ဂ၏ အဆင့်နှိမ့်တာဝန်လွှဲအပ်မှုကို နောက်ဆုံး အဆုံးသတ်ရမည့်အချိန်ဖြစ်သည်။ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အန္တရာယ်ကျရောက်စေသည့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရုပ်သိမ်းရန် UNGA အား မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

            အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ဤအကျိုးစီးပွားဆိုင်ရာပဋိပက္ခနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ခု အမြန်ဆုံးလုပ်ဆောင်ပြီး တွေ့ရှိချက်များကို အများပြည်သူအား ချပြရန် မိမိတို့မှ ထပ်မံတောင်းဆိုသည်။ အထွေထွေ အတွင်းရေးမှူးချုပ်သည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သောကျူးလွန်မှုများကို အဆုံးသတ်ရန်၊ နိုင်ငံတကာဥပဒေ အောက်တွင် ပြစ်မှုကျူးလွန်သူများအား တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေး ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး ကြိုးပမ်းနေကြသော မြန်မာပြည်သူများ၏ တော်လှန်ရေးကို ခိုင်မာအားကောင်းစွာ ထောက်ခံပံ့ပိုးပေးရန် တို့အတွက် ဦးဆောင်မှုအခန်းကဏ္ဍကို အရေးတကြီးရယူဆောင်ရွက်ရမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • မူလန်၊ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု၊ bloodmoneycampaign21@protonmail.com 
  • နော်အောင်၊ မြန်မာ့ဒီမိုကရေစီကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှု၊ communication@defendmyanmardemocracy.org 
  • နော်ချယ်ရီ၊ ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက် ၊ kpsn14@gmail.com 
  • ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org 

ယခုအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၁ ဖွဲ့အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၂၉၀ ဖွဲ့တို့က လက်မှတ်ရေးထိုးထားပါသည်။ လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများစာရင်း

အိတ်ဖွင့်ပေးစာကို PDF ဖိုင်ဖြင့်ရယူရန်၊ မြန်မာဘာသာ အင်္ဂလိပ်ဘာသာ

ဧရာ၀တီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၁) အတွက် လူငယ် ခုနစ်ဆယ်ခန့် စစ်မှုထမ်းဖို့ စုဆောင်းခံရပြီး မတ် ၁၄ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်းက စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်းကျွန်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၄) တပ်ရင်းကနေ စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေကို နေအိမ်တွေထဲထိ လိုက်လံဖမ်းဆီး ခေါ်ဆောင်စုဆောင်းပြီးနောက် စစ်သင်သန်းကျောင်းတွေဆီ ပို့လိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဓမ္မ စုစောင်းခံရတယ်ဆိုတာ ရွာတွေမှာက ကလေးတွေက အိမ်မှာ မအိပ်ရဲဘူး။ အဲဒါကို တွေ့တဲ့သူကို ဂုတ်ဆွဲခေါ်တာပေါ့။ တပ်ရင်းကလည်း ရှိနေတော့ ပိုဆိုးတာပေါ့။ တစ်ခါတလေကျရင် မိဘတွေက ဘယ်လိုက်လို့ လိုက်ရမှန်း မသိတဲ့အဖြစ်တွေ”

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် လူငယ်တချို့လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။ ဖမ်းဆီးစုဆောင်းခံရသူ လူငယ် ခုနစ်ဆယ်ကျော်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဖေဖော်ဝါရီအတွင်းကလည်း ဧရာဝတီတိုင်း ဟင်္သာတ၊ လပွတ္တာနဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ စစ်မှုထမ်းစာရင်းပါသူတွေကို မဲနှိုက်ရွေးချယ်တာ မရှိတော့ဘဲ နာမည်စာရင်းနဲ့ တိုက်ရိုက်ခေါ်ယူမှုတွေ ရှိတာကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese

စစ်ကောင်စီဟာ အကျဉ်းထောင်တွေမှာရှိတဲ့ ရာဇဝတ်အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အကျဉ်းသားတွေကို အဓမ္မစစ်မှုထမ်းခိုင်းတာတွေ့ရပြီး ဒီလုပ်ရပ်တွေကို ကန့်ကွက်ကြောင်း PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“အခုဆိုရင် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို အလိုမတူဘဲနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေတာတွေ၊ အလုပ်ခိုင်းစေတာတွေကို စစ်ကောင်စီဘက်က လုပ်လာတာ တွေ့ရပါတယ်၊ ဒီလုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်တယ်၊ ဒါဟာ ရှင်နေတဲ့သူတွေကိုပါ သေတွင်းပို့တဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်၊ အကျဉ်းသားတွေဟာ လက်နက်ကိုင်ပြီး တိုက်ရသည့်တိုင်အောင် ဆန္ဒမရှိဘဲ တိုက်ရတဲ့အခါမျိုးမှာ အသက်သေဆုံးဖို့ ရာခိုင်နှုန်းပိုများတယ်၊ လူ့အခွင့်အရေးချိုးဖောက်ဆုံးသော ကိစ္စရပ်တွေက အကျဉ်းထောင်တွေမှာ ပိုပြီးတော့တောင် တရားလက်လွတ်လုပ်လာတဲ့ လုပ်ရပ်တွေ ပိုပြီးတွေ့လာရတယ်”

ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်မှာ ထောင်လုံခြုံရေးအတွက် ရာဇဝတ်အကျဉ်းသားတွေ လက်နက်ပေးကိုင်ပြီး လုံခြုံရေးစောင့်ခိုင်းတာနဲ့ ဗန်းမော်ထောင်ကို တော်လှန်ရေးတပ်တွေ လာရောက်တိုက်ခိုက်တဲ့အခါမှာ ခုခံကာကွယ်တဲ့နေရာမှာ ရာဇဝတ်အကျဉ်းသားတွေကို လက်နက်ပေးကိုင်ပြီး ခုခံစစ်တွေမှာ အသုံးပြုတာတွေကို အတည်ပြုထားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီလို အကျဉ်းသာတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာ၊ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ စစ်တပ်နဲ့ ရဲတွေကို ပြစ်ဒဏ်လွတ်ငြိမ်းတာရဖို့ စစ်တပ်မှာ တာဝန်ထမ်းဆောင်စေတဲ့ တရားမဝင်လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ပြီး အင်အားဖြည့်တင်းလာမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ PPNM က ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီအကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

AAPP ရဲ့ မတ်လ ၁၄ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ သုံးသောင်းနီးပါး (၂၈,၈၄၆ ဦး) ရှိနေပြီး အဲဒီအထဲက တစ်သောင်းကျော် (၁၀,၆၂၇ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

RFA Burmese