ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC ကနဦးရုံးတော်တင်ပြီ
၎င်းအာဏာရှိစဥ် မူးယစ်ဆေးဝါးနှိမ်နှင်းမှုခေါင်းစဥ်ဖြင့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့မှုကြောင့် မကြာမီရက်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်ခ်မြို့သို့ ပို့ခံခဲ့ရသော ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရစ်ဂို ဒူတာတေးကို ၎င်း၏ ကိုယ်ရေးအချက်အလက်များ စစ်မေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC က ကနဦး တရားခွင် ကြားနာပွဲ ယနေ့မနက်က ကျင်းပခဲ့သည်။
ကြားနာပွဲတွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သူ ဒူတာတေး၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် နာမည်၊ မွေးသက္ကရာဇ်နှင့် မွေးဖွားရာဇာတိတို့ကို ICC တရားသူကြီးတစ်ဦးက မေးမြန်းခဲ့သည်။ ထိုမေးမြန်းချက်များကို ရုပ်မြင်ဖန်သားပြင်မှ တစ်ဆင့် ဒူတာတေးက ဖြေကြားခဲ့သည်။
တရားခွင်တွင် ဒူတာတေး၏ ရှေ့နေဖြစ်သူက ၎င်း၏ အမှုသည်သည် ဖမ်းဆီးခံခဲ့ရစဥ် မည်သည့်ဥပဒေကြောင်းနှင့်မှ ဖြေရှင်းခွင့်မရခဲ့ကြောင်း၊ ဖမ်းဆီးခံရသည်ဟု မဆိုနိုင်ပဲ ပြန်ပေးဆွဲခံခဲ့ရသည်သာဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံရေးအရလက်စားချေလိုမှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်းနှင့် ဖမ်းဆီးခံခဲ့ရစဥ်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာ မရခဲ့ကြောင်း တရားသူကြီးများကို ပြောကြားခဲ့သည်။
ဒူတာတေးကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော ဖမ်းဝရမ်းဖတ်ပြပြီးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်သူလည်းဖြစ်ကြောင်းနှင့် ၎င်း၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် အခြားအခွင့်အရေးများကို တရားရုံးတော်က ဖြည့်ဆည်းပေးနေကြောင်း တရားသူကြီးက တုံ့ပြန်ပြောကြားသည်။
တရားခွင်တွင် တရားသူကြီးသုံးဦးတက်ရောက်ခဲ့ပြီး အကြီးအမှုးတရားသူကြီးမှာ ယူလီရာ အန်တိုလာ မော်တို့ (Iulia Antoanella Motoc) ဖြစ်သည်။ ယနေ့တရားခွင်သည် အမှုသည်နှင့် တရားသူကြီးများ မိတ်ဆက်ခြင်း၊ ၎င်းကို ဖမ်းဝရမ်းထုတ်ခဲ့သည့် စွပ်စွဲချက်များကို ဖတ်ပြခြင်းနှင့် အမှုကို စစ်ဆေးမည့် အချိန်ကာလကို ရှင်းပြခြင်းသာ ဖြစ်ကြောင်း တရားသူကြီးက ရှင်းပြခဲ့သည်။
ဖိလစ်ပိုင် သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပို၏ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ ဒူတာတေးအတွက် ဖမ်းဝရမ်းကို အင်တာပိုမှ ရရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းသာဖြစ်ကြောင်း ရှင်းလင်းထားသည်။
လက်ရှိတွင် ဒူတာတေးကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများ ဖိလစ်ပိုင်နိုင်ငံတွင် ဆန္ဒပြမှုများပြုလုပ်နေသည်။
ပုံများ- ICC
Myanmar Now News
စဉ့်ကူးလက်ပန်လှရွာကိုစစ်တပ်ဗုံးကြဲ၊ အနည်းဆုံးအရပ်သား ၉ ဦးသေဆုံး
မတ်လ ၁၄ ရက်ညပိုင်းသတင်းများအရ သေဆုံးသူ ၂၇ ဦးအထိတိုးလာကြောင်း ကယ်ဆယ်ရေးသမားများထံမှသိရသည်။
စဉ့်ကူးလက်ပန်လှရွာကိုစစ်တပ်ဗုံးကြဲ၊ အနည်းဆုံးအရပ်သား ၉ ဦးသေဆုံး
——-
စစ်တပ်လေယာဉ်သည် ရွာပေါ်လှည့်ပတ်ပျံသန်းပြီး လူစည်ကားသည့် စျေးကိုရွေးကာဗုံးကြဲခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ပုခက်အတွင်းမှ ကလေးငယ်အပါအဝင် အရပ်သားသေကြေဒဏ်ရာရခဲ့သည်။
——-
NUG အစိုးရ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲအချိန်က စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၉ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။
စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ်သည် လက်ပံလှကျေးရွာအပေါ် လှည့်ပတ်ပျံသန်းပြီး လူစည်ကားသည့် ကျေးရွာစျေးထဲသို့ ဗုံးကြဲချခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။
ယင်းတိုက်ခိုက်မှုကြောင့် ပုခက်အတွင်းမှ ကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စျေးနေရာမှ စျေးသည်နှင့် ဈေးဝယ်နေသူ အရပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
“တကယ့်လူစည်ကားတဲ့ နေရာကို ကြဲချသွားတာ၊ စျေးရောင်းနေတဲ့၊ စျေးဝယ်နေတဲ့သူနဲ့ လမ်းသွားလမ်းလာ ရှုပ်တဲ့နေရာကြီး၊ ထိခိုက်သူတွေရော၊ သေသူတွေရော အများကြီးပဲ”ဟု လက်ပန်လှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနိုင်ပြီး အရေအတွက်အတိအကျကို မသိနိုင်သေးကြောင်းလည်း ပြောသည်။
ဗုံးကြဲမှုကြောင့် ထိခိုက်သူများ လမ်းပေါ်တွင် အတုံးအရုံးဖြစ်နေခဲ့ပြီး၊ အနည်းဆုံး ၇ဦးခန့် သေဆုံးနေသည်ကို မြင်တွေ့ခဲ့ရပြီး ထိခိုက်သေဆုံးသူများကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ကူညီမှုများပေးခဲ့သည်။
ဗုံးဆံတိုက်ရိုက်ထိမှန်သည့် လက်ဖက်ရည်ဆိုင်မီးလောင်ပျက်ဆီး သွားခဲ့ကြောင်း ဗုံးကြဲခံရသည့် နေရာ အနီးနေထိုင်သူအမျိုးသမီးတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီလေယာဉ်သည် လက်ပံလှကျေးရွာပေါ်တွင် သုံးကြိမ်ခန့် လှည့်ပတ်ပျံသန်းပြီး ဒုတိယအကြိမ်တွင် ဗုံးသီးကြဲချခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း လက်ပန်လှရွာ ရဲစခန်းကို စစ်ကောင်စီက ဗုံးကြဲခြင်း လေယာဉ်စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ခဲ့သေးပြီး ရဲစခန်းအနီး ဈေးရောင်းသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ဖြည့်စွက်ချက် – မတ်လ ၁၄ ရက်ညပိုင်းသတင်းများအရ သေဆုံးသူ ၂၇ ဦးအထိတိုးလာကြောင်း ကယ်ဆယ်ရေးသမားများထံမှသိရသည်။
သတင်းနှင့်ဓာတ်ပုံ – မိုးဦး / Myanmar Now
အိတ်ဖွင့်ပေးစာ – ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်မည့် အနာဂတ်အား တည်ဆောက်နေသည့် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှု များကို ပံ့ပိုးရန်အတွက် ခိုင်မာသောလုပ်ဆောင်ချက် ချမှတ်လုပ်ဆောင်ရမည်
သို့
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများ
မိတ္တူ –
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်
ရက်စွဲ။ ။၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ ရက်
အိတ်ဖွင့်ပေးစာ။ ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်မည့် အနာဂတ်အား တည်ဆောက်နေသည့် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှု များကို ပံ့ပိုးရန်အတွက် ခိုင်မာသောလုပ်ဆောင်ချက် ချမှတ်လုပ်ဆောင်ရမည်။
လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့် ၎င်း၏ ၅၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို ကာကွယ်ပေးသော၊ ၎င်းတို့၏ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးသော၊ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများကို စစ်အုပ်စုအား ဆက်လက်ကျူးလွန် နိုင်စေသည်များကို ဟန့်တားပေးသော၊ ဖြစ်နိုင်သော လမ်းကြောင်းအားလုံး မှတစ်ဆင့် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေး မြှင့်တင်လုပ်ဆောင်သော အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးရန် အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့တို့က တောင်းဆိုလိုက်သည်။
စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို အသိအမှတ်ပြုဖော်ပြထားသည့် ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အတည်ပြုချမှတ်လိုက်သော UNHRC ၏ ဆုံးဖြတ်ချက်ကို မိမိတို့မှ ကြိုဆိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏အကျပ်အတည်းကို UNHRC ဆွေးနွေးမှုအစီအစဉ်များ၏ ထိပ်ပိုင်း၌ ဆက်လက်ထားရှိခြင်းကိုလည်း မိမိတို့မှ ကြိုဆိုသည်။ သို့သော် တစ်ဘက်တွင် ငါးနှစ်တာကာလထဲသို့ ဝင်လာနေပြီဖြစ်သည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၏ ဆိုးရွားပြင်းထန်မှု အတိုင်းအတာအပေါ်တွင်မူ ဤဆုံးဖြတ်ချက်က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိနေသည်ကိုလည်း တွေ့ရသည်။
စိုးရိမ်စရာကောင်းသည့်အရာမှာ တရားဝင်မှု သို့မဟုတ် ကျင်းပနိုင်သည့် ဥပဒေအကြောင်းခံ တရားမရှိသည့်အပြင် မြန်မာနိုင်ငံ၏နယ်မြေများကိုလည်း ထိရောက်သော ထိန်းချုပ်နိုင်မှု မရှိနေဘဲ ယခုနှစ် သို့မဟုတ် လာမည့်နှစ်ထဲတွင် ရွေးကောက်ပွဲကို ကျင်းပမည်ဟုပြောသည့် မြန်မာစစ်အုပ်စု၏ အစီအစဉ် ပင်ဖြစ်သည်။ ယင်းအတုအယောင်ရွေးကောက်ပွဲသည် ဖက်ဒရယ်ဒီမိုကရေစီ လိုလားသည့် ပြည်သူများ၏ဆန္ဒကို ဆိတ်သုဉ်းသွားစေရန်၊ အာဏာရယူရန်နှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ဆိုးကို နောက်ထပ်တစ်ကြိမ် တရားဝင်မှုပြုရန်နှင့် ပုံမှန်အခြေအနေပြန်ရောက်ပြီးသည့်ပုံစံအဖြစ် သွတ်သွင်းရန် ရည်ရွယ်ထားသည့် စစ်အုပ်စု၏ ကျရှုံးနေသော အာဏာသိမ်းရေးကြိုးပမ်းမှု ထွက်ပေါက်ဗျူဟာသာ ဖြစ်သည်။ စစ်အုပ်စုသည် ၎င်း၏ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သောနှစ်ထဲတွင် ပြုလုပ်သည့် ၎င်းတို့၏ အတုအယောင် သန်းခေါင်စာရင်း ကောက်ယူမှု၌ ပြည်သူများပါဝင်စေရန် လက်နက်ကိုင်များကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းများကဲ့သို့ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ကျူးလွန်နေပြီးသားဖြစ်သည်။ UNHRC သည် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သော အစီအစဉ်များမှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ရမည်။ ဤအဓိပ္ပာယ်မဲ့သော လုပ်ရပ်များတွင် အရပ်သားပြည်သူများကို အတင်းပါဝင်လာစေရန် စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် အတင်းအဓမ္မ နည်းလမ်းများ အသုံးပြုမှုကို တားဆီးကာကွယ်ရန် UNHRC အနေဖြင့် အလေးထားလုပ်ဆောင်ရမည် ဖြစ်သည်။
ယနေ့တွင် မြန်မာပြည်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC)၊ နှင့် တိုင်းရင်းသားကောင်စီများအပါအဝင် ဖက်ဒရယ်ယူနစ်များမှတစ်ဆင့် ဒေသခံအုပ်ချုပ်ရေး အစိုးရများ တည်ထောင်ခြင်း၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ဂျန်ဒါတန်းတူညီမျှမှု၊ နှင့် လူနည်းစုအခွင့်အရေး ဆိုင်ရာမူဝါဒများ ရေးဆွဲခြင်း၊ နှင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီကို အောက်ခြေမှ အထက်သို့ ဦးတည်တည်ဆောက်လျက်ရှိသည်။ ဤကြိုးပမ်းအားထုတ်မှုများသည် ပြည်သူတစ်ရပ်လုံးနှင့် လူမှုအသိုင်းအဝိုင်းများအားလုံးအတွက် လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းနှင့် တရားမျှတမှုကို လက်လှမ်းမီခြင်းတို့ အမှန်တကယ်ဖြစ်လာနိုင်သည့် အားလုံးပါဝင်သော ငြိမ်းချမ်းသည့် မြန်မာနိုင်ငံတစ်ခု ဖြစ်ပေါ်လာရေးကို ရှေးရှုနေသည်။ စစ်အုပ်စု၏ စဉ်ဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများ ခံနေရချိန်၌ပင် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်မည့် မြန်မာပြည်သူများ၏ မမောမပန်းအားထုတ်မှုနှင့် တိုင်းဆမရနိုင်သော စတေးမှုများကို UNHRC အနေဖြင့် ခိုင်ခိုင်မာမာ အားပေးထောက်ခံရန်နှင့် အသိအမှတ်ပြုမှုကိုဖော်ပြရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ ထို့အပြင် မိမိတို့သည် မြန်မာပြည်သူများနှင့်အတူ အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်နိုင်ရေး လုပ်ဆောင်နေသည့် NUG အား မြန်မာနိုင်ငံ၏ တရားဝင်ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုပြီး ၎င်း၏ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ် ပြုရန်နှင့် ထောက်ခံပံ့ပိုးပေးရန် UNHRC အား ထပ်လောင်းတိုက်တွန်းလိုက်သည်။
လွန်ခဲ့သောလေးနှစ်တာကာလအတွင်းတွင် စစ်အုပ်စုသည် မြန်မာနိုင်ငံတစ်ဝန်း လေကြောင်း တိုက်ခိုက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အစုလိုက်အပြုံလိုက်ဥပဒေမဲ့ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို အရပ်သားပြည်သူများအပေါ်ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေခဲ့သည်။ ကျရှုံးနေသောအာဏာသိမ်းရေးကြိုးပမ်းမှုနောက်ပိုင်းတွင် စစ်အုပ်စုသည် အနည်းဆုံးလူဦးရေ ၂၈,၆၀၀ ဦးကို တရားလက်လွှတ်ဖမ်းဆီးခြင်း၊လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်အပါအဝင် လူဦးရေ ၆,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၃၁၀ ကျော်ကို ကျူးလွန်ထားပြီဖြစ်သည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့အထိတွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၃.၅ သန်းကျော် ရှိပြီဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိတွင် လူဦးရေ ၁၄၂,၈၀၀ ဦးခန့်သည် မြန်မာနိုင်ငံမှ အာရှဖစိဖိတ်ဒေသတွင်းနိုင်ငံများတွင် ထွက်ပြေးတိမ်ရှောင်နေကြရပြီ ဖြစ်သည်။ အဆိုပါကိန်းဂဏန်း များသည် အမှန်တကယ် ဖြစ်ပေါ်နေသော နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရမှုပမာဏကို လျှော့ပေါ့တွက်ချက်ထားသည့် အရေအတွက်များ ဖြစ်နိုင်သည်။
လွန်ခဲ့သောနှစ်နှစ်အတွင်းတွင် စစ်အုပ်စုသည် အရပ်သားအသိုက်အမြုံများနှင့် အခြေခံ အဆောက်အအုံများအပေါ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (Internally displaced person – IDP) စခန်းများ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် သာသနိကနယ်မြေများအပေါ် ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု ၂,၅၀၄ ကြိမ် ပြုလုပ်ခဲ့ရာ ယင်းသည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်နှုန်းခန့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၀၄ ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်အုပ်စုသည် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ရှိ IDP စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့ရာ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများ သေဆုံးခဲ့သည်။ စစ်အုပ်စုသည် ပြီးခဲ့သောနှစ်လအတွင်း အရပ်သားပြည်သူများကို တိုက်ခိုက်ရန်နှင့် သတ်ဖြတ်ရန် ပါရာမော်တာများ စတင်သုံးစွဲလာကာ ၎င်းတို့၏ရွာများနှင့် နေအိမ်များကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် သေဆုံးသူ တစ်ဒါဇင်ကျော် ရှိလာပြီ ဖြစ်သည်။
ယခုအခင်းအကျင်းအောက်တွင် UNHRC ၏ ယခင်နှစ်ဆုံးဖြတ်ချက်ထဲတွင်ပါရှိသော စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကြောင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြင်းထန်သောသက်ရောက်မှုများအပေါ် မှန်ကန်သော အသိအမှတ်ပြုထောက်ပြခြင်းကို မိမိတို့မှ ထောက်ခံကြိုဆိုသည်။ သို့သော် စစ်အုပ်စုသည် ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်စွာဖြင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်နေသည်ဖြစ်ရာ UNHRC အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ခြင်းနှင့် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများကို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ရေးလိုအပ်သည့်ခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းသည်။ စစ်အုပ်စုအား လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်ဆိုင်ရာအသုံးအဆောင်များကို ပို့ဆောင်၊ ရောင်းချ သို့မဟုတ် လွှဲပြောင်းပေးနေခြင်းများက နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုများနှင့် အခြားသောရာဇဝတ်မှုများကို အထောက်အပံ့ ပေးနေခြင်းနှင့် အားပေးကူညီနေခြင်းပင်ဖြစ်သည်။ မြန်မာပြည်သူများ အသက်အန္တရာယ်များနှင့် ဆက်လက်ရှင်သန်နေရသည့် အနေအထားတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားလူထုအသိုင်းအဝိုင်းများအပေါ် ဗုံးကြဲတိုက်ခိုက်မည့် စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းကို လျှော့ချရန်အတွက် စစ်ရေးအရအသုံးပြုသည့် လေယာဉ်ဆီ ထောက်ပံ့ခြင်းကို ပိတ်ဆို့အရေးယူရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ဆို့မှုတစ်ရပ်ကို ချမှတ်ပေးရန် မိမိတို့မှ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီဖြစ်သည်။ ပြီးခဲ့သောနှစ်အတွင်း ရုရှားနှင့် တရုတ်တို့က မြန်မာစစ်အုပ်စုကို တိုက်ခိုက်ရေးဒရုန်းများ ပံ့ပိုးကူညီခဲ့ကြောင်း မီဒီယာသတင်းများ ဖော်ပြထားပြီး မိမိတို့၏ တောင်းဆိုမှုများ ဆက်လက်လျစ်လျူရှုခံနေရဆဲဖြစ်နေခြင်းက အလွန်ပင်စိတ်မကောင်းဖွယ်ဖြစ်သည်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ရာထူးနေရာ ဆက်လက်ထားရှိခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရအတွက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များ အောင်မြင်ပြီးမြောက်မည့် လမ်းကြောင်းများ” နှင့်ပတ်သက်၍ လာမည့်အစီရင်ခံတင်ပြမှု အပါအဝင် UNHRC ၏ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ပုံမှန်စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံတင်ပြခြင်း ဆက်လက်အလေးထားလုပ်ဆောင်မှုကို မိမိတို့မှ ထပ်မံကြိုဆိုလိုက်သည်။ ယင်းအချက်များသည် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ၏ မီးမောင်းထိုးဖော်ပြမှုအောက်တွင် ဆက်ရှိနေစေရေးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုခိုင်မာအားကောင်းသော အရေးယူဆောင်ရွက်မှု ရှိလာစေရေးအတွက် အလွန်ပင် အရေးကြီးသည်။
သို့ရာတွင် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး သေချာစေရန် UNHRC အနေဖြင့် ၎င်း၏ကြိုးပမ်းအားထုတ်မှုကို ပိုမိုအားကောင်းစေရေး နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ရန် လိုအပ်သည်။ အရေးကြီးဆုံးအချက်အနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့မှ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) သို့ လွှဲပြောင်းရန် သို့မဟုတ် မြန်မာနှင့်ပတ်သက်သော ရာဇဝတ်ကြောင်းအရ တရားစွဲဆိုရေးဆိုင်ရာအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းရေး တောင်းဆိုရန်နှင့်ပတ်သက်၍ UNHRC က ဦးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ရောမစာချုပ်အပိုဒ် ၁၂(၃) အရ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်ကတည်းက မြန်မာနိုင်ငံအတွင်း ကျူးလွန်ထားသည့် နိုင်ငံတကာရာဇဝတ်မှုများအပေါ် ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည့် NUG ၏ ကြေညာချက်ကို UNHRC မှ ကြိုဆိုလက်ခံရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။
ထို့အပြင် အာဂျင်တီးနားအပါအဝင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ဆိုင်ရာ ဆက်လက် အားထုတ်လုပ်ဆောင်မှုများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အေဂျင်စီများနှင့် ယန္တရားများမှ ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူများ ပံ့ပိုးကူညီပေးရေးကို UNHRC မှ တောင်းဆိုပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တောင်းဆိုထားသကဲ့သို့ ရောမစာချုပ်အပိုဒ် ၁၄ အရ၊ အတိအကျ ပြောရလျှင် ရောမစာချုပ်၏အဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ICC ကိုလွှဲပြောင်းပေးခြင်းအားဖြင့် တရားမျှတရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေးကို ရှေးရှုသည့် ခိုင်မာသောလုပ်ဆောင်ချက်ကို ဆောင်ရွက်ရန် မိမိတို့ ထပ်မံတောင်းဆိုလိုက်သည်။
တာဝန်ယူမှု တာဝန်ခံမှုနှင့် မြန်မာနိုင်ငံအခြေအနေမှတ်တမ်းတင်ခြင်း ရည်ရွယ်ချက်အတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Institutions – GANHRI) က မြန်မာစစ်အုပ်စု လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ၏ အဆင့်သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏ကွန်ရက်မှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ MNHRC အား ဖယ်ရှားလိုက်ခြင်းသည် ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ လေးနှစ်နီးပါးကြာ တစိုက်မတ်မတ် ကြိုးပမ်းမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းသည် ပါရီအခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေသော စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အလိုတူအလိုပါ ရှိနေခြင်းကို ထင်ဟပ်နေသည်။ MNHRC နှင့်ပတ်သက်သည့် GANHRI ၏ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ အခွင့်အရေးများကိုကာကွယ်မည့် အနာဂတ်ဆီသို့ ဦးတည်နေသည့် အရေးပါသော တိုးတက်မှုတစ်ခုအဖြစ် ယင်းကို အသိအမှတ်ပြုရန် UNHRC အား တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂက မြန်မာနိုင်ငံ၏အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျရှုံးနေသော ဘုံသဘောတူညီချက်ငါးရပ် (5PC) အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကသာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခုအဖြစ် အလေးပေးလုပ်ဆောင်နေသည့်အပေါ် မိမိတို့မှ စိတ်ပျက်၊ စိုးရိမ်ပူပန်မိပါသည်။ စစ်အုပ်စုက ဗြောင်ကျကျ အရေးမစိုက်ဘဲနေနေသည့်တိုင် 5PC အပေါ် အာဆီယံ၏ ရေလိုက်လွဲနေသော မှီခိုအားထားနေမှုသည် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏အကြမ်းဖက်မှုများကို အရှိန်မြှင့်ပေးကာ၊ ယင်းသည် ပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ဟန့်တားရေးနှင့် ပြည်သူများ၏ လူ့အခွင့်အရေးကို ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပေးရေးနှင့် အသက်များကယ်တင်ရေးတွင် အာဆီယံအပေါ် ယုံကြည်မှုကို လုံးဝပျက်စီးသွားစေမည် ဖြစ်သည်။ အာဆီယံက စစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေခြင်းနှင့် အထောက်အကူပေးနေခြင်းကလည်း မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်များတစ်လျှောက်တွင် အကွက်ချကျူးလွန်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို အလျင်အမြန်ပျံ့နှံ့ဖြစ်ပွားခွင့်ပြုနေသကဲ့သို့ ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေပြီး ကမ္ဘာတစ်ဝန်းပြည်သူများအတွက်လည်း အန္တရာယ်ကျရောက်နိုင်ခြေ ရှိနေသည်။ ကုလသမဂ္ဂသည် အာဆီယံနောက်ကွယ်တွင် ပုန်းကွယ်မနေသင့်ဘဲ မြန်မာပြည်သူများကို အကာအကွယ်ပေးရေးအတွက် ခိုင်မာသောလုပ်ဆောင်ချက်များကို တိုက်ရိုက်လုပ်ဆောင်သွားရမည် ဖြစ်သည်။ UNHRC သည် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြန်မာပြည်သူများ ဦးဆောင်ပြီး ပြည်သူကိုဗဟိုပြုသည့် ဖြေရှင်းချက်တစ်ရပ် ရရှိရန် အာဆီယံမှ ၎င်း၏ 5PC ကို ကျော်လွန်၍ ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းပြီး ပံ့ပိုးကူညီပေးရမည်ဖြစ်သည်။
UNHRC သည် အောက်မှအထက်သို့ဦးတည်သည့် ဖက်ဒရယ်ဒီမိုကရေစီကို အုတ်မြစ်ချရန် မြန်မာပြည်သူများ၏ အားထုတ်ကြိုးပမ်းမှုများနှင့် ၎င်းတို့၏ “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု၊ အားလုံးပါဝင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာရေး မျှော်မှန်းချက်များ” ကို အပြည့်အဝ ထောက်ခံပံ့ပိုးပေးရမည် ဖြစ်သည်။ UNHRC အနေဖြင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်မည့် အထူးခုံရုံးတစ်ခုဖွဲ့စည်းရေးအတွက် ဖြစ်နိုင်ခြေရှိသည့်လမ်းကြောင်းအားလုံး ရှာဖွေပေးရေးအပါအဝင် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များ အတွက် အကူအညီများ တိုးမြှင့်ပေးရန်လည်း မိမိတို့မှ တောင်းဆိုသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ယခုအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့်အဖွဲ့အစည်း ၂ ဖွဲ့ အပါအဝင် အဖွဲ့အစည်းစုစုပေါင်း ၁၂၁ ဖွဲ့ တို့က လက်မှတ်ရေးထိုးထားသည်။
PDF ဖိုင်ဖြင့် ရယူရန်။ မြန်မာဘာသာ ၊ English
စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK)က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ညွှန်ကြားတာနဲ့ ကျူးလွန်ရာမှာပါဝင်ခဲ့သူတွေကို အပြည်ပြည်ဆိုင်ရာဖမ်းဝရမ်းထုတ်လိုက်တာဟာ တရားမျှတမှုသမိုင်းမှတ်တိုင်တစ်ခုပဲလို့ BROUK ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ တရားရေး ကိုယ်စားမှုပြု နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK )က ဖွင့်ခဲ့တာပါ။
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကလည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်း ဝရမ်းထုတ်ရေးစိစစ်နေဆဲကာလမှာ အခုလို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လာတာပါ။
ဒါဟာ ICC ဖမ်းဝရမ်း ထုတ်ပေးရေးတောင်းဆိုမှုအတွက် အားဖြည့်လိုက်တာဖြစ်တယ်လို့ BROUK က ဆိုပါတယ်။
BBC Burmese
အမေရိကန်အကူအညီ ရပ်တန့်မှု လူ့အခွင့်အရေးကို ခြိမ်းခြောက်နေကြောင်း AI ပြော
အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအကူအညီတွေကို ရုတ်တရက်ဆိုင်းငံ့လိုက်တာဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအပါအဝင် ပဋိပက္ခဒေသတွေက အရပ်သားတွေနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့သူတွေအားလုံးရဲ့ လူ့အခွင့်အရေးအခြေအနေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေကြောင်း Amnesty International အဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
“အမေရိကန်နိုင်ငံကနေ နိုင်ငံခြားအကူအညီပေးနေတဲ့ လုပ်ငန်းတွေကို ချက်ချင်းရပ်တန့်ဖို့ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ မြန်ဆန်ပြီး ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မြန်မာပြည်သူတွေအတွက် အမှောင်မိုက်ဆုံးအချိန်မှာ ထိခိုက်မှုတွေ ဖြစ်စေပါတယ်”လို့ AI အဖွဲ့ရဲ့ မြန်မာ့အရေး သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အမြန်ဆုံး ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ ဒါမှမဟုတ် အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီတွေကို ခြွင်းချက်အဖြစ် ချက်ချင်းခွင့်ပြုပြီး၊ မြေပြင်မှာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပေးတာမျိုး မလုပ်ရင် အသက်ဆုံးရှုံးတဲ့အထိ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း AI အဖွဲ့က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ဝ ရက်နေ့က သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံက ပေးနေတဲ့ နိုင်ငံခြားအကူအညီအားလုံးကို ရက် ၉ဝ ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး အဲဒီနောက်ပိုင်းမှာတော့ အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုအကူအညီတွေကို ချွင်းချက်အနေနဲ့ ခွင့်ပြုထားဖို့ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ AI အဖွဲ့ရဲ့သုတေသနတွေ့ရှိချက်တွေအရ ဒီလိုခြွင်းချက်ပေးမဲ့ အစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က အကူအညီပေးရေးအဖွဲ့တွေအတွက် ခွင့်ပြုပေးတာ မတွေ့ရသေးဘူးလို့ AI ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်က AI အဖွဲ့က သုတေသီတွေဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နယ်စပ်ဖြတ်ကျော်အကူအညီပေးနေတဲ့ အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေ အပါအဝင် အဖွဲ့ ၁၄ ဖွဲ့က တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပြောဆိုရာမှာ အခုအချိန်အထိ သူတို့လုပ်ငန်းတွေ ဆက်လုပ်ခွင့်ပေးတဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာ အမေရိကန်အစိုးရဆီက မရသေးတဲ့အကြောင်း ပြောကြပြီး အကူအညီတွေ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်တာ ဒါမှမဟုတ် ပြင်ဆင်တာ မလုပ်ရင် ဆိုးဝါးပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့တဲ့အကြောင်း AI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံက ပေးအပ်တဲ့အကူအညီတွေ ရပ်တန့်သွားတာဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းကိုးခုမှာ နေထိုင်တဲ့ လူတစ်သိန်းကျော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေရဲ့ ပြောဆိုချက်အရ ဆေးရုံကပေးတဲ့ အောက်စီဂျင်မရတော့လို့ သေဆုံးသွားရတဲ့ လူနာ လေးဦးအထိ ရှိသွားပြီလို့လည်း ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် အကူအညီပေးနေတဲ့ Thai Border Consortium (TBC) အတွက် ရန်ပုံငွေ ၆ဝ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံက ပေးအပ်နေတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Amnesty International အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနကို RFA က အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းရာမှာ…နိုင်ငံတကာအကူအညီတွေအပေါ် အမေရိကန်အကျိုးစီးပွားနဲ့ ကိုက်ညီမှု ရှိ မရှိ ပြန်လည်သုံးသပ်နေတဲ့ကာလအတွင်း ကင်းလွတ်ခွင့်ရတဲ့လုပ်ငန်းတွေကလွဲပြီး အကူအညီအားလုံးကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်းနဲ့ အသက်ကယ်ဆယ်ရေးလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုထားကြောင်း စာနဲ့ အကြောင်းပြန်ပါတယ်။
(မှတ်ချက်။ ။ ဤသတင်းတွင် အမေရိကန်နိုင်ငံခြားရေးဌာန တုံ့ပြန်ချက်ကို ဖြည့်စွက်ဖော်ပြထားပါသည်)
RFA Burmese
မြန်မာတစ်ဦးကို ထိုင်းစစ်တပ် နှိပ်စက်သတ်ဖြတ်မှု ထိုင်းရှေ့နေများကောင်စီ စစ်ဆေးမည်
ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလက ထိုင်း-မြန်မာနယ်စပ်အနီးမှာ မြန်မာနိုင်ငံသား ကိုအောင်ကိုကိုကို ထိုင်းစစ်သားတွေက အသက်သေဆုံးစေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အမှုကို စုံစမ်းဖော်ထုတ်ဖို့ ထိုင်းရှေ့နေများကောင်စီက လက်ခံလိုက်တယ်လို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Fortify Rights က တရားဝင်တိုင်ကြားစာ တင်သွင်းပြီး အရေးယူပေးဖို့ ထိုင်းရှေ့နေများကောင်စီကို တိုက်တွန်းလိုက်တာပါ။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီအမှုကို ဘက်မလိုက်ဘဲ တရားမျှတမှုအတွက် သေချာစုံစမ်းဖော်ထုတ်ပေးဖို့လည်း Fortify Rights က တောင်းဆိုလိုက်ပါတယ်။
အချက်အလက်တွေကို စစ်ဆေးဖို့နဲ့ သက်ဆိုင်ရာဌာနတွေဆီက အထောက်အထားတွေ စုဆောင်းဖို့ အဖွဲ့တစ်ခုဖွဲ့ပြီး အရပ်ဘက် ဒါမှမဟုတ် ရာဇ၀တ်မှုနဲ့ဖြစ်ဖြစ် အရေးယူနိုင်မဲ့နည်းလမ်းကို ရှာဖွေဖော်ထုတ်သွားမယ် လို့ ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌက ပြောကြောင်းလည်း ရေးသားထားပါတယ်။
၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ တာ့ခ်ပြည်နယ်မှာ ထိုင်းစစ်သားလေးဦးက ကိုအောင်ကိုကို ကို ဖမ်းဆီးခဲ့ပြီး သုံးဦးက သစ်သားတုတ်ရှည်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြောင်း Fortify Rights က ဆိုပါတယ်။
အဲဒါကြောင့် ကိုအောင်ကိုကိုဟာ ပွန်းပဲ့ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ကြောင်း၊ အလောင်းကို တရားဝင်ခွဲစိတ်စစ်ဆေးရာမှာလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကြောင့် ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးတယ်လို့ အဖြေရခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီသေဆုံးမှုမှာ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို မှားယွင်းပြီး ပြစ်ဒဏ်ချမှတ်ထားတယ်လို့လည်း ရေးသားထားပါတယ်။
ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ကိုအောင်ကိုကိုဟာ ထိုင်းအာဏာပိုင်တွေက စီစဉ်လေ့ကျင့်သင်ကြားပေးထားတဲ့ ရပ်ရွာလူထုအခြေပြု လုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ရဲ့ စေတနာ့ဝန်ထမ်းဟောင်းတစ်ဦး ဖြစ်ပါတယ်။
သူဟာ ချော်ရော်ဘော်အဖွဲ့ရဲ့ အပေါ်ထပ်အင်္ကျီကို ဝတ်ထားတာကြောင့် ထိုင်းစစ်သားတွေက ဖမ်းဆီးစစ်ဆေးရာက အခုလိုသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တာလို့ Fortify Rights က ဖော်ပြပါတယ်။
ထိုင်းရှေ့နေများကောင်စီအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး တရားမျှတမှုရအောင် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Fortify Rights အဖွဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဆိုပါတယ်။
RFA Burmese