အိမ်သုံးကားများပေါ်မှ အရပ်ဝတ် စစ်ကောင်စီတပ်သားများက မန္တလေးတက္ကသိုလ်အနီးလမ်းမပေါ်တွင် ကိုကျော်သီဟကို သေနတ်ဖြင့်ချိန်၊ ရိုက်နှက်ပြီး ဖမ်းခေါ်သွားသည်

စစ်အာဏာရှင်ကို အစဉ်တစိုက် ဆန့်ကျင်လာသော မန္တလေးဆန္ဒပြအင်အားစု (တပ်ပေါင်းစု) ဆန္ဒပြစစ်ကြောင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်သီဟသည် ယနေ့ ဩဂုတ်(၁၆)ညနေ ၅ နာရီခန့်က မန္တလေးတက္ကသိုလ်အနီးလမ်းမပေါ်တွင် ဖမ်းဆီးခံရကြောင်း သိရှိရသည်။

အိမ်သုံးကားဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သားအရပ်ဝတ်များက ဆိုင်ကယ်မောင်းနေသူ အသက်(၂၀)ကျော်အရွယ် ကိုကျော်သီဟကို ရပ်တန့်စေပြီး ဝိုင်းဝန်းထိုးကြိတ်ကာ သေနတ်များဖြင့် ချိန်ရွယ် ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

၎င်းနေထိုင်ခဲ့သည့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ် နေအိမ်သို့ စစ်ကောင်စီ တပ်သား ၂၀ ကျော်က ည ၈ နာရီခန့်၌ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်ဟု အတူနေ သူငယ်ချင်းဖြစ်သူ တပ်ပေါင်းစုဆန္ဒပြခေါင်းဆောင် ကိုသူရအောင်ထံမှ သိရသည်။

“အခု ကျွန်တော်တို့အတူနေတဲ့ အိမ်ကိုပါ ဝင်စီးတယ်၊အားလုံးထွက်ပြေးနေရတယ်” ဟု ကိုသူရအောင်က ပြောသည်။

“တခြားရဲဘော်တွေ အခြေအနေတွေ မသိရသေးဘူး၊ကျွန်တော်က လုံခြုံရာရောက်ပါပြီ”

မန္တလေး ဆန္ဒပြစစ်ကြောင်းများတွင် တပ်ပေါင်းစုစစ်ကြောင်းသည်  မကြာခဏ လိုက်လံဖြိုခွင်းခြင်း ခံထားရသည်။

ပြီးခဲ့သည့် ဧပြီနှင့် မေနှင့် ဇွန်လအတွင်းကဆိုလျှင် စစ်ကောင်စီတပ်သားတို့က ထိုစစ်ကြောင်းကို ကားဖြင့် ဝင်တိုက်၍ အကြမ်းဖက်ဖမ်းဆီခဲ့သည်။

(ဇွန် ၁၄) နံနက်ပိုင်းက မန္တလေးတက္ကသိုလ်အနီးတွင် စစ်ကောင်စီက ကားဖြင့်တိုက်၍ ဖြိုခွင်းခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရသည်။

မန္တလေးတွင် ဒေါင်းစစ်သည်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ပညာရေး၊ အလုပ်သမား၊ လယ်သမား၊  မန္တလေးတက္ကသိုလ်၊ အထက(၇)ကျောင်းသားများ၊ စိန်ပန်း  စသည့် ဆန္ဒပြစစ်ကြောင်းတို့သည် တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းအဖြစ် ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီကို လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

စစ်ကောင်စီကို ဆက်လက်အံတုသွားမည်ဟု တပ်ပေါင်းစု ခေါင်းဆောင်နောက်တစ်ဦးဖြစ်သည့် ကိုသူရအောင်က ပြောသည်။

“လူကိုသာဖမ်းလို့ရမယ်။ တော်လှန်ရေးစိတ်ကိုတော့ ဖြိုဖျက်လို့မရဘူး၊ တစ်လက်မမှ နောက်မဆုတ်ဘူး။ အမှန်တရားအတွက် အဆုံးထိကြိုးစားမယ်ဗျ”ဟု ကိုသူရအောင်က ပြောသည်။

Myanmar Now News

စစ်ကောင်စီတပ်က ဖမ်းဆီးထားသူကို မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားသလို သေဆုံးသွားသည့်အခါတွင်လည်း ရုပ်အလောင်းကို အနီးကပ်ကြည့်ခွင့် မပြုခဲ့ပေ 

စစ်ကောင်စီတပ်ဖွဲ့က တစ်လကြာ ဖမ်းဆီးထားသော မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျွဲခြံရွာသား ၅၅ နှစ်အရွယ် ဦးမောင်ဌေးသည် ယနေ့(ဩဂုတ် ၉) နံနက်ပိုင်းက မြင်းခြံထောင်တွင်း သေဆုံးသွားသည်။

နှလုံးနှင့်ပတ်သက်သည့် ရောဂါကြောင့် သေဆုံးသည်ဟု မြင်းခြံအကျဉ်းထောင်က ယနေ့ မနက် ၈ နာရီတွင် ဖုန်းဖြင့် ဖြေကြားကြောင်း၊ မြင်းခြံပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ရုပ်အလောင်းပို့ထားစဉ် ထောင်ဝန်ထမ်းများက ကိုဗစ်အကြောင်းပြပြီး အခန်းအပြင်ဘက်မှသာ ကြည့်ခွင့်ပြုကြောင်း  သေဆုံးသူ၏ သမီးက ပြောသည်။

ရင်ခွဲရုံထဲသို့ ဝင်ရောက်သည့် ဆရာဝန်များ၊ အကျဉ်းထောင်အရာရှိများ၊ နာရေးအသင်းများမှာ ကူးစက်ရောဂါအကာအကွယ်ဝတ်စုံ(PPE) မဝတ်ကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျွန်မတို့ကို စောစောစီးစီး ကြိုအကြောင်းကြားသင့်တာပေါ့လို့။ အရင်နေ့ကတည်းက ဆေးရုံတင်ခွင့်ရရင် ဒီရောဂါ သေရမယ့် ရောဂါမဟုတ်ဘူးလို့ အဲလို ပြောလိုက်သေးတယ်။ အဲဒီတော့မှ (ကိုဗစ်နိုင်တင်း) ရောဂါ အကူးခံရတယ်တွေ ပြောတာ… ကျွန်မတို့ မျက်စိနဲ့ တပ်အပ်မြင်ခဲ့လို့။ တစ်ယောက်မှ PPE ဝတ်စုံ မပါဘူး” ဟု ၎င်းက ပြောသည်။

မိသားစုက အလောင်းကို ရွာ၌ ကိုယ်တိုင်သဂြိုဟ်ခွင့် တောင်းဆိုသော်လည်း ရောဂါကြောင့်ဆိုကာ ခွင့်မပေးဘဲ အကျဉ်းထောင်အရာရှိများက ညနေ ၃ နာရီတွင် ဆူးခြုံကုန်းသုဿာန်၌ ဦးမောင်ဌေးကို မီးသဂြိုဟ်ခဲ့သည်။ မီးသဂြိုဟ်စက်ထဲ မသွင်းမီ ဦးမောင်ဌေး၏ ခန္ဓာကိုယ်ကို ကြည့်ရှုခွင့်တောင်းသော်လည်း မရရှိခဲ့ဟု သမီးဖြစ်သူက ပြောသည်။

ဦးဌေးမောင်ကို ဇူလိုင် ၁၀ ရက်ကတည်းက ဖမ်းဆီးထားပြီး ကျန်းမာရေးမကောင်းသည့် အကြောင်းကို မိသားစုထံ အကြောင်းမကြားပေးခြင်း၊ ဆေးရုံတင်၍ ကုသခွင့်မရရှိခြင်းကြောင့် ဖခင်ဖြစ်မှာ မသေသင့်ဘဲ သေဆုံးသွားရသည်ဟု ၎င်းက ပြောသည်။

“ဖမ်းသွားတဲ့အချိန်ကစပြီး တစ်ခါမှလည်း အဆက်အသွယ်မရဘူး။ သေမှ သိတာဆိုတော့ သူတို့လည်း ကျန်းမာရေးမကောင်းဘူးဆိုရင် ဆေးကုသခွင့် ပေးသင့်တာပေါ့။ အခုကျ မသေသင့်ဘဲနဲ့ ဒီတိုင်းကြီးသေသွားတာပေါ့။ အဖေက ဆေးတော့သောက် နှလုံးရောဂါအထိ မရောက်သေးဘူး။ ဘာဆေးဆရာမှ မလိုခဲ့ဘူး သူတို့ဖမ်းသွားလို့…” ဟု ၎င်းက ငိုလျက် ပြောသည်။

ဦးမောင်ဌေးတွင် ဇနီးတစ်ဦးနှင့် အရွယ်ရောက်ပြီးသူ သားသမီး ၄ ဦး၊ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူ သမီးတစ်ဦးတို့ ကျန်ရစ်သည်။

မြင်းခြံစစ်တပ်တွင်း စစ်ကြောရေးတွင် ၆ ရက်ကြာ နေထိုင်ရပြီးမှ ထောင်သို့ ပို့ဆောင်ခံရကာ ၎င်းကို နိုင်ငံတော်မတည်မငြိမ်အောင် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုပြီး အမှုစစ်ရန် စီစဉ်နေစဉ်မှာပင် သေဆုံးခြင်းဖြစ်သည်ဟု အမှုကို ကူညီပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။

ဦးမောင်ဌေးမှာ ရွာနီးချုပ်ဆက်ပတ်ဝန်းကျင်ရှိ တောစပ်တစ်နေရာတွင် ငါးမွေးမြူရေးလုပ်ကိုင်ပြီး ၎င်းထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) များက ဝင်ရောက် ခိုလှုံလေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကျွဲခြံရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်များသတ်ဖြတ်ခံရခြင်း၊ PDF အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ရွာကို ၁၂ ကြိမ်တိုင် ဝင်ရောက်၍ ရွာသားတို့၏ အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးလေ့ရှိပြီး ရွာသားများ မကြာခဏ ရှောင်ပြေးရလေ့ရှိသည်ဟု အဖမ်းခံရမည်စိုးသဖြင့် အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

ကျွဲခြံရွာ ဒေသခံတို့၏ ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့၏ တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

မြင်းခြံမြို့ ၌ ဇူလိုင်လအတွင်းပင် ဖမ်းဆီးခံရသော ဆုံရွာကုန်းရွာသား ကိုမိုးဇော်မှာလည်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၁ လ အကြာတွင် သေဆုံးခဲ့သည်။ ၎င်းမှာမူ မန္တလေးနန်းတွင်းစစ်ကြောရေးမှ မြင်းခြံအကျဉ်းထောင်သို့ မပို့မီ ဆေးကုသခွင့်ရရှိပြီး မြင်းခြံပြည်သူ့ဆေးရုံကြီး၌ စစ်ကြောရေးဒဏ်ရာများဖြင့် သေဆုံးသည်ဟု မိသားစုဝင်များက အတည်ပြုသည်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံရေးအကျဉ်းသားအများအပြားသည် ဦးမောင်ဌေးကဲ့သို့ပင်  မိသားစုနှင့် ဆက်သွယ်ခွင့်မရရှိခြင်း၊ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်း စသည့် အကျဉ်းသားအခွင့်အရေးများချိုးဖောက်ခံနေရသည်ဟု အကျဉ်းထောင်များကို စောင့်ကြည့်နေသည့်  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြင်းခြံမှ မဟုတ်ဘူး၊ အင်းစိန်မှ မဟုတ်ဘူး တစ်နိုင်ငံလုံးက ထောင်တွေမှာရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေက ညံ့ဖျင်းတယ်၊ တမင်ကို သတ်နေသလားလို့တောင် အောက်မေ့ရတယ်။ အခုချိန်မှာတော့ ဘာတာဝန်မှ ခံမှာ မဟုတ်ဘူး။ ဒါတွေဟာ မှတ်တမ်းမှတ်ရာတွေဖြစ်တယ်။ အခုလို မတရားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းလို့ သေဆုံးရတာနဲ့ ပတ်သက်ပြီး တစ်ချိန်မှာ အပြစ်ပေးအရေးယူမှုတွေ လုပ်ကို လုပ်လာရမယ် ” ဟု ၎င်းက မှတ်ချက်ပြုသည်။

AAPP ၏ ဩဂုတ် ၇ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သည့် ပြည်သူ ၉၆၀ ဦး အနည်းဆုံးရှိပြီး ဆက်လက်ထိန်းသိမ်းခံနေရသူ ၇၀၀၀ ကျော်ရှိသည်။

ထိုထဲတွင် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံသဖြင့် သေဆုံးသူ ၃၆ ဦး ရှိသည်ဟု AAPP ထံမှ သိရသည်။

Myanmar Now News

မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ တရားမဝင်စစ်အာဏာသိမ်းမှုကို ငြင်းပယ်နေကြသည်။ တရားဝင်အစိုးရဖြစ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ လှည့်စားနိုင်ခြင်း မရှိခဲ့ပါ။ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်နေ့အထိမ်းအမှတ်နေ့တွင် ဒီမိုကရေစီရေးအတွက်တောင်းဆို ဆန္ဒပြခဲ့ကြသည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဉ်းချုပ်တွင်ရှုပါ။

 

ဒေသခံ တစ်သိန်းကျော် နေရပ်စွန့်ခွာနေရသည့် ကယားပြည်နယ်တွင် လက်နက်ကိုင်အံတုသူတို့ကို ရင်ဆိုင်ရန် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည် 

ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်အရှိန်မြင့်လာသောကြောင့် ပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသခံ တစ်သိန်းဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာနေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူတို့က ပြောသည်။

ဇူလိုင်လအတွင်း တိုက်ပွဲအနည်းငယ်သာဖြစ်ပွားခဲ့ပြီး နေရပ်ပြန်သူတချို့ ရှိကြသော်လည်း ဩဂုတ်လဆန်းမှ စတင်ကာ တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလာ၍ ထောင်နှင့်ချီသည့် ဒေသခံများ ထပ်မံစစ်ရှောင်ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကရင်နီတပ်တော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့သည် စစ်ကောင်စီတပ်နှင့် လွိုင်ကော်၊ ဖရူဆို၊ ဘော်လခဲ၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ ၆ ကြိမ် ထက်မနည်းဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့သည်ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဩဂုတ် ၃ တစ်ရက်တည်းတွင် ဖရူဆို၊ ဘော်လခဲမြို့နယ်တို့တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ၁၁ ဦး သေ၊ ၂၀ ကျော်ဒဏ်ရာရကာ စစ်ကားသုံးစီး မီးလောင်ပျက်စီးခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

ဘော်လခဲမြို့ကို ဦးတည်လာသည့် စစ်ကားတစ်စီးကို ဩဂုတ် ၃၊ မနက် ၇ နာရီခွဲခန့်တွင် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီး ကရင်နီတပ်မတော် (KA) က တိုက်ခိုက်ခဲ့သည်။

ထိုနေ့မနက် ၁၁ နာရီခန့် လွိုင်ကော်မှ ဘော်လခဲမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကား ၂၇ စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ထားလဲကျေးရွာနှင့် မားခရော့ရှေ့ကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စစ်ယာဉ်တန်းက ရှေ့ဆုံးမှာ ပွိုင့်ယူထားသလို နောက်ဆုံးမှာလည်း ပွိုင့်ယူထားတယ်။ အလယ်မှာက လောင်စာဆီကားတွေ တင်ထားတာ။ အဲဒီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာပေါ့ဗျ၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ ဆက်ပစ်တယ်။ ဒါကြောင့် အကျအဆုံးများတာ” ဟု ၎င်းက ဆိုသည်။

၎င်း ဖရူဆိုနှင့် ဘော်လခဲမြို့နယ်နှစ်ခုတွင် တိုက်ပွဲများကြောင့် ထားလဲ၊ တော်ခူ (ရွာသစ်)၊ တော်ခူ (ရွာဟောင်း) စသည့် ရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၃၄၄၂ ဦးသည် နီးစပ်ရာကျေးရွာများသို့ စစ်ရှောင်နေရသည်ဟု သိရသည်။

ဖရူဆိုမြို့နယ်အနောက်ပိုင်းတွင် ရှိနေသည့် ၎င်းစစ်ရှောင်များအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ဖရူဆိုနှင့် ဘော်လခဲမြို့နယ်များမှ စစ်ရှောင်အရေးကူညီသူ ဦးဖားဘူက ပြောသည်။

တိုက်ပွဲများပြန်မဖြစ်မီက ကြိုတင်ပြင်ဆင်ထားသည့် စားနပ်ရိက္ခာများကို စစ်ဘေးဒုက္ခသည်များအတွက် အသုံးပြုနေကြောင်း၊ ရိက္ခာသယ်သည့် လမ်းမကြီးတလျှောက် တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ရေရှည်တွင် စားသောက်ရေး ခက်ခဲလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီဒေသက ဆန်မစိုက်တော့ ဆန်ဝယ်စားရတဲ့ဒေသ။ အခုက ဆန်ပါဝယ်မရတော့ စစ်ရှောင်တင်မကဘူး ဒေသခံတွေပါ စားနပ်ရိက္ခာပြတ်လပ်လာနိုင်တယ်” ဟု ဦးဖားဘူက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ တွင် ဘော်လခဲမြို့နယ်၊ နန်းဖဲရွာနှင့် ​ကပ်လျက်ရှိသည့် ဖရူဆိုမြို့နယ် တော်ခူ(ရွာသစ်)တို့အနီးတွင် တိုက်ပွဲများထပ်မံဖြစ်ပွားလာသည့်အတွက် အဆိုပါရွာနှစ်ရွာမှ စစ်ရှောင်များလည်း ရောက်ရှိလာသည်ဟု သိရသည်။

နန်းဖဲကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်များကို ဖောက်ထွင်းလုယက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်သားများက အရပ်သားတို့ထံမှ လူယူ၊ ခိုးယူသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။

တော်ခူ (ရွာသစ်) မှ စစ်ရှောင် လူဦးရေ ၈၀၀ ခန့်ရှိပြီး နန်းဖဲရွာနှင့် နှစ်ရွာပေါင်း မည်မျှတိမ်းရှောင်လာသည်ကို မခန့်မှန်းနိုင်သေးဟု ဦးဖားဘူက ပြောသည်။

ဖရူဆိုမြို့နယ်အရှေ့ဘက်နှင့် အနောက်ဘက်ဟူ၍ နှစ်နေရာခွဲ၍ တိမ်းရှောင်နေကြရာ ဖရူဆိုမြို့နယ်အနောက်ဘက် စစ်ရှောင်အရေအတွက်မှာ ၆,၀၀၀ ထက်မနည်းရှိနေပြီး နောက်ဆုံးရစာရင်းများကို ဆက်လက်ပြုစုနေသည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီး ၄ လအကြာ မေလနှောင်းပိုင်းမှစတင်ပြီး ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက် ဆန္ဒပြပွဲမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့  (KNDF) ဖြစ်လာမည့် တူးမီးသေနတ်ကိုင် ဒေသခံလူငယ်များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ရက်အနည်းငယ်အတွင်း ဒီးမော့ဆိုမြို့အပြင် ပြည်နယ်မြို့တော် လွိုင်ကော်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲများ ကူးစက်သွားခဲ့သည်။

စစ်ကောင်စီတပ်များက လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒီးမော့ဆိုမြို့ပေါ် နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများကို ထိမှန်ပျက်စီးခဲ့သည်။

ထို့နောက် မေလနှင့် ဇွန်လအကြားတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်များမှ ဒေသခံတစ်သိန်းခန့် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များထဲ စစ်ဘေးရှောင်ခဲ့ရသည်။

ဇွန်လလယ်ခန့်၌ စစ်ကောင်စီတပ်များနှင့် KNDF အကြား အပစ်ရပ်သဘောတူညီချက်ရရှိခဲ့ပြီး ဒေသခံအရပ်သားတချို့ နေရပ်ပြန်ခဲ့သော်လည်း ဒေသခံအများစုမှာ ဆက်လက်တိမ်းရှောင်ဆဲဖြစ်သည်။

သို့သော် အပစ်ရပ်ပြီး ရက်အနည်းငယ်အကြာတွင်ပင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မေလဆန်းတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၏ ကရင်နီတပ်မတော် (KA) နှင့် ဘော်လခဲမြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းတိုက်ပွဲများတွင် ကရင်နီတပ်မတော် ပါဝင်လာခဲ့သည်။

ထို့နောက် ဇူလိုင်လဆန်းမှ စတင်ကာ KNDF နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ KA ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

Kndf.Jpg

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အဖွဲ့ဝင်များအား ဇွန်လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF) ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အဖွဲ့ဝင်များအား ဇွန်လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF)

ကယား(ကရင်နီ) ပြည်နယ်အတွင်း KNDF နှင့် KA ပူးပေါင်းတပ်များက စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်းများကို မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် အုပ်ချုပ်ရေးယန္တရားဖြစ်သည့် ရဲစခန်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီကာ သေဆုံးခဲ့သည်။

လက်နက်အင်အားနည်းသော်လည်း နယ်မြေကျွမ်းကျင်သည့် ကရင်နီပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို နယ်မြေအသာ၊ သတင်းအချက်အလက်အသာဖြင့် အကြိမ်ကြိမ် ချုံခုံတိုက်ခိုက်၊ ကြားဖြတ်တိုက်ခဲ့ကြသည်။

ဇူလိုင်မှ စတင်ကာ စစ်ကောင်စီ၏ တပ်မ(၆၆) မှ အင်အားရာချီသည့် စစ်ကြောင်းများက လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်များအတွင်း တောတောင်များအတွင်းထဲအထိ လှုပ်ရှားလာခဲ့ပြီး KNDF, KA တို့နှင့် တိုက်ပွဲဖြစ်ပွားလာခဲ့သည်။

KNDF က ထုတ်ပြန်သည့် တိုက်ပွဲသတင်းများအရ ဇူလိုင်တစ်လလုံး တိုက်ပွဲ ၅ ကြိမ်ခန့်သာ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လဆန်း ၆ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ဩဂုတ် ၄ တွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ခူးပရာတောင်နှင့် ဘီသူ (အထက်) ကျေးရွာကြားတွင် တပ်မ (၆၆) မှ အင်အား ၁၂၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို KNDF နှင့် KA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါတပ်များမှာ ဖရူဆိုမြို့နယ်အတွင်းရှိသည့် တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရန် ရောက်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်းသေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက တိုက်ပွဲသတင်း၊ စစ်ဘေးဒုက္ခသည်သတင်းတို့ကို ထုတ်ပြန်လေ့မရှိပေ။

ဘီသူရွာမှ ရွာသား ၃၀၀ ခန့် မှာ တိုက်ပွဲလွတ်သည့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေးကူညီသူများက ပြောသည်။

လတ်တလောတွင် ကယားပြည်နယ်တစ်ခုလုံး၌ စစ်ရှောင်အရေအတွက် ရှစ်သောင်းမှ တစ်သိန်းကြားရှိမည်ဟု စစ်ရှောင်အရေးကူညီသူများက ခန့်မှန်းကြပြီး စစ်ရှောင်အများဆုံးရှိနေသည့် မြို့နယ်မှာ ဒီးမော့ဆိုမြို့နယ်ဖြစ်ကာ စစ်ရှောင်အရေအတွက် ၅ သောင်းခန့်ရှိနိုင်မည်ဟု ခန့်မှန်းကြသည်။

စစ်ရှောင်အများစုမှာ စခန်းများ မတည်ဆောက်နိုင်ဘဲ နီးစပ်ရာကျေးရွာများရှိ ဘာသာရေးအဆောက်အဦများနှင့် တောတွင်း၌ ရွက်ဖျင်တဲထိုးနေကြရပြီး နေရာအနှံ့ပြန့်ကျဲနေသည့်အတွက် စစ်ရှောင်အရေအတွက်ကို အတိအကျကောက်ယူရန်မှာ ခက်ခဲသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ဒီးမော့ဆိုမြို့အနောက်ဘက်မှာတော့ ကျေးရွာပေါင်း ၁၁ ရွာမှာ စစ်ရှောင် ၄,၀၀၀ ခန့် သောင်တင်နေပြီး အများစုမှာ ဒီမော့ဆိုမြို့ပေါ်ရပ်ကွက်များနှင့် ဒေါငံခါးရပ်ကွက်တို့မှဖြစ်သည်ဟု ဒီမော့ဆိုအခြေပြု စစ်ဘေးရှောင်ကော်မတီ၏ တာဝန်ခံတစ်ဦးက ပြောသည်။

ယခင်က အလှူရှင်များ၏ ကူညီထောက်ပံ့မှုများရရှိခဲ့သော်လည်း ကိုဗစ်နိုင်တင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ဇူလိုင်လမှ စတင်ပြီး အလှူရှင်များလျော့နည်းသွားသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၄ ဘီသူရွာအနီးဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးနား ဘာဒိုရွာမှ စစ်ရှောင် ၁၅၀ ခန့် ရောက်ရှိလာ၍ စစ်ရှောင်အရေအတွက် ထပ်တိုးနိုင်ဖွယ်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

“အခုကို တစ်ရွာနှစ်ရွာက စရှောင်နေကြပြီ၊ စစ်ကြောင်းထိုးလာပြီဆိုတော့ ရွာသူရွာသားတွေက ထွက်ပြေးနေရပြီ ။ နောက်လည်းထပ်လာဖို့ရှိနေတယ်” ဟု အဆိုပါ တာဝန်ခံက ဆိုသည်။

လက်ရှိတွင် လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်နှစ်ခုရှိ စစ်ရှောင်များကူညီရန်အတွက် လမ်းကြောင်းများ အခက်အခဲဖြစ်နေသလို စားရေးရိက္ခာများလည်း ခက်ခဲနေသည်ဟု စစ်ရှောင်ကူညီသူ ကိုခွန်အိုက်ကဖြူးက ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် ၂၅၀၀ ကျော်နေထိုင်သည့် ဆင်စခန်းတွင် ကိုဗစ်ကူးစက်ခံရသူ အသက် ၁၆ နှစ်မှ ၁၂ နှစ်ကြားကလေးငယ် ၇ ဦးအထိရှိနေပြီး ကိုဗစ်နိုင်တင်းကာကွယ်ရေးအတွက် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများလည်း လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

“အရေးမပေါ်တဲ့ မြို့နယ်က တစ်ခုမှမရှိဘူး၊ အကုန်လုံးအရေးပေါ်နေတယ် အခုက၊ မြို့နယ်အလိုက်ကလည်း လမ်းမကြီးတစ်လျှောက် တစ်ဆက်တည်းဖြစ်နေတော့ အကုန်လုံးအရေးပေါ်နေတယ်လို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု စစ်ရှောင်အရေးကူညီသူ ကိုခွန်းအိုက်ကဖြူးက ဆိုသည်။

ကယားပြည်နယ် မြို့နယ်တချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသလို စစ်တပ်က ကယားပြည်နယ်အတွင်း ထပ်မံထိုးစစ်ဆင်လာနိုင်သည့်အတွက် စစ်ရှောင်များနှင့် ဒေသခံပြည်သူများ ကြိုတင်ပြင်ဆင်ထားကြရန် ယခုရက်ပိုင်းအတွင်း KNDF က သတိပေးထားသည်။

ဩဂုတ် ၆ ၌ ကယားပြည်နယ်အတွင်း ယခင်လှုပ်ရှားနေသည့် ခြေလျင်တပ်ရင်း (ခလရ)  ၁၅၉ တပ်များအစား တိုက်ခိုက်ရေးတပ် ခြေမြန်တပ်ရင်းဖြစ်သော တပ်မ ၆၆ လက်အောက်ခံတပ်များဖြင့် တပ်အလဲအလှယ် ပြုလုပ်နေပြီး ရှမ်းပြည်နယ်ဘက်မှ စစ်ကား ၁၅ စီး၊ တပ်အင်အား ရာနှင့်ချီပြီးဝင်လာသည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုသို့ဝင်လာသည့် တပ်မ ၆၆ လက်အောက်ခံတပ်များကို KNDF က ဖယ်ခုံမြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျအဆုံးစာရင်းကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“တိုက်ပွဲတွေက ပိုများလာမယ်လို့ ကျွန်တော်တို့မှန်းထားတယ်၊ အကြောင်းအရင်းက သူတို့ဘက်ကလည်း ထိုးစစ်တွေ၊ နယ်ကျွံတာတွေကလည်း ပိုများလာသလို ကျွန်တော်တို့ KNDF ရော KA ရောကလည်း နေရာချထားပြီးသားမို့လို့ ထိတွေ့မှုတွေက အရင်ကထက်စာရင် မကြာခဏပိုဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်တစ်ခုလုံးတွင် စစ်တပ်က အင်အားထောင်နှင့်ချီကာ စစ်ဆင်ရေးပြုလုပ်နေသည်။ အဓိကအားဖြင့် တပ်မ ၆၆ လက်အောက်ခံတပ်များကို အသုံးပြုကာ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် စစ်ရေးလှုပ်ရှားလျက်ရှိကာ  ထပ်မံအင်အားဖြည့်တင်းမှုများလည်း လုပ်ဆောင်နေသည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယနေ့ ဩဂုတ် ၈ တွင်လည်း ရှမ်းပြည်နယ်၊ ဖယ်ခုံရှိ ဘီသူ( အထက်) နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA , KNDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး KA နှင့် KNDF ဘက်မှ အထိအခိုက်မရှိကြောင်း ညနေပိုင်း၌ ထုတ်ပြန်သည်။

ယနေ့ ဩဂုတ် ၈ တွင်လည်း ရှမ်းပြည်နယ်၊ ဖယ်ခုံရှိ ဘီသူ( အထက်) နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA , KNDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး KA နှင့် KNDF ဘက်မှ အထိအခိုက်မရှိကြောင်း ညနေပိုင်း၌ ထုတ်ပြန်သည်။

Myanmar Now News

ကိုဗစ်ဒဏ်ကြောင့် ကျန်းမာရေးဝန်ထမ်း အများအပြားလိုအပ်နေချိန်တွင် ပုသိမ်ဆေးရုံအုပ်ကြီးသည် ပုသိမ်ထောင်တွင် ၅ လနီးပါး ချုပ်နှောင်ခံရပြီးနောက် ပြန်လွတ်လာသည် 

ပုဒ်မ ၅၀၅-က ဖြင့် ချုပ်နှောင်အမှုရင်ဆိုင်နေရသော ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို ယနေ့ (ဩဂုတ်၂) တွင် အမှုပိတ်သိမ်းပြီး ပုသိမ်ထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်ကို ယနေ့ ၂၀၂၁ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၁ နာရီခန့်က ပုသိမ်မှာ အမှုပိတ်ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ၎င်း၏ ညီဖြစ်သူက ယနေ့ မွန်းလွဲပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားထားသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်သည် ဖေဖော်ဝါရီ ၅ တွင် အာဏာဖီဆန်သည့်လှုပ်ရှားမှု CDM တွင် ပါဝင်လာသည်။

မတ် ၁၂ တွင် ရဲတပ်ဖွဲ့က ဒေါက်တာသန်းမင်းထွဋ်ကို အစည်းအဝေးရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားပြီးနောက် ပုသိမ်ထောင်၌ ချုပ်နှောင်ကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်သည်။

တရားလို ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က ဒေါက်တာသန်းမင်းထွဋ်ကို “အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး ဆရာဝန်ကျင့်ဝတ်များကို ဖောက်ဖျက်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပြီး ပြည်သူများစိတ်တွင် စိုးရိမ်အောင် ပြုလုပ်ခြင်း” ဟု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ပင်းတယမီးအိမ်ရှင်ဆုကို ရရှိခဲ့သူ ဒေါက်တာသန်းမင်းထွဋ်သည် မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးအဖြစ်မှ ၂၀၂၀ ဖေဖော်ဝါရီတွင် ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီးအဖြစ် ပြောင်းရွှေ့လာသူဖြစ်သည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါတတိယလှိုင်းကြောင့် ရောဂါကူးစက်ပျံ့ပွားမှုနှင့် သေဆုံးမှုမြင့်တက်နေသောကြောင့် ကျန်းမာရေးဝန်ထမ်းအများအပြားလိုအပ်နေချိန်တွင် ဖမ်းဆီးတရားစွဲဆိုခံထားရသော ကျန်းမာရေးဝန်ထမ်းတချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးနေသည်။

ဒေါက်တာသန်းမင်းထွဋ်အပါအဝင် CDM ဆရာဝန်နှင့် သူနာပြုများအပါအဝင် အခြားဌာနဆိုင်ရာဝန်ထမ်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၇ ဦးကို ဩဂုတ် ၂ ရက်မတိုင်မီ အမှုမှ လွှတ်ပေးရန် ဧရာဝတီတိုင်းရဲတပ်ဖွဲ့သို့ စစ်ကောင်စီက ညွန်ကြားထားပြီး ၎င်း ၂၇ ဦးတွင် အများစုမှာ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများဖြစ်သည်။

ဒေါက်တာသန်းမင်းထွဋ်ကို နေပြည်တော်ဆေးရုံသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် လတ်တလော ဆက်သွယ်မရသေးပေ။

ပြီးခဲ့သည့် ဇွန် ၃၀ တွင် ပုဒ်မ ၅၀၅-က ဖြင့် အချုပ်ရင်ဆိုင်နေရသူ အများစုအပါအဝင် အရပ်သား ၂၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၃၁ အထိ စာရင်းများအရ ​​စစ်ကောင်စီကို အံတုဆန့်ကျင်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၅၄၄၄ ဦး ထက်မနည်းရှိပြီး ၎င်းတို့အနက်မှ  ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

Myanmar Now News

စစ်အာဏာသိမ်းခြောက်လအကြာ၌ မြန်မာနိုင်ငံ၏အခြေအနေ အရပ်ရပ်သည် လျင်မြန်စွာ နိမ့်ကျသွားခဲ့သည်။ သို့သော်လည်း မြန်မာပြည်သူတို့၏ ခံနိုင်ရည်စွမ်းအားသည် မလျော့တမ်းပင်ဖြစ်သည်။ ရေကြီးရေလျှံမှုများ၊ ကိုဗစ်ကူးစက်ကပ်ရောဂါနှင့် ပြည်တွင်းပဋိပက္ခများကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ပြန်လည်အားစိုက် တိုက်တွန်းတောင်းဆိုနေကြသည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဉ်းချုပ်တွင်ရှုပါ။