ချင်းပြည်နယ် မင်းတပ်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRကနေ စစ်ဘေးရှောင် ကူညီရေး စခန်းတွေအတွက် သယ်ဆောင်လာတဲ့ပစ္စည်းတွေမှာ တချို့ဟာ စစ်ကောင်စီဘက်က ခွင့်ပြုချက်မရလို့ ဒုက္ခသည်တွေဆီ အကုန်မရောက်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက်မှာ ဝေခွဲရေးတွေ လုပ်နေပေမဲ့ လက်ရှိ ထောက်ပံ့နေတဲ့ပစ္စည်းတွေဟာ မြို့ပေါ်က စစ်ကောင်စီသတ်မှတ်ထားတဲ့ စစ်ဘေးရှောင်စခန်း ၈ ခုအတွက်ပဲဖြစ်ပြီး ကျန်တောတောင်တွေထဲ ပုန်းနေရသူနဲ့ မင်းတပ်အနီးအနားက ရွာတွေအတွက်တော့ မရောက်နိုင်ဖြစ်တယ်လို့ မင်းတပ်မြို့ ခရစ်ယာန် သာသနာပြု ဆရာတော် ရှယ်ဟာဟုမ်းက ပြောပါတယ်။

အခုကိစ္စ နဲ့ ပတ်သက်လို့ မြို့မိမြိုဖတွေဘက်က နှစ်ဖက်လက်ခံမယ်ဆိုရင် ဝင်ရောက်ညှိနှိုင်းပေးဖို့ အသင့်ဖြစ်တယ်လို့ ဆရာတော် ရှယ်ဟာဟုမ်းက ဆိုပါတယ်။

လုံခြုံရေးအခြေအနေ တာဝန်မယူနိုင်တာကြောင့် ကျန်စစ်ရှောင် စခန်းတွေဆီ ပို့ဆောင်ရေး ခက်ခဲနေတာဖြစ်တယ်လို့ သိရပါတယ်။

UNHCR ဘက်ကတော့ စစ်ကောင်စီ အသိအမှတ်မပြုတဲ့ ဒုက္ခသည် စခန်းတွေအတွက်ပါ ပစ္စည်းတွေ ယူဆောင်လာတာဖြစ်ပြီး တကယ်လို့ အဲဒီပစ္စည်းတွေကို မပေးနိုင်ဘူးဆိုရင် မင်းတပ်မြိုမှာလည်း ထားစရာ မရှိတာကြောင့် ပြန်ယူသွားနိုင်တယ်လို့ ဆရာတော်က ဆိုပါတယ်။

UNHCR ဘက်ကတော့ မင်းတပ်က မြို့မိမြို့ဖတွေနဲ့ပါ ဆွေးနွေးပြောဆို သွားမယ်လို့ ပြောပေမယ့် အခုချိန်အထိ ဖိတ်ကြားချက် တစုံတရာမရသေးဘူးလို့ ဆရာတော်က ဆိုပါတယ်။

မင်းတပ်မြို့ပေါ်မှာ အခုဆိုရင် ကိုဗစ်သံသယ လူနာတွေလည်း တွေ့ရှီလာရပြီ ဖြစ်တာကြောင့် ကိုဗစ် ကာကွယ်ရေးနဲ့ ဆိုင်တဲ့ ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ မင်းတပ်မြို့ မိတ်ဆွေ လူမှုကူညီရေးက ကိုလိန်းလောက ပြောပါတယ်။

UNHCR ရဲ့ထုတ်ပြန်ချက်အရ သယ်ဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ ကိုဗစ်ကာကွယ်ရေးအသုံးအဆောင် တာပေါ်လင် ခြင်ထောင်၊ စောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပါဝင်ပြီး မင်းတပ်က အိမ်ထောင်စု တစ်ထောင်ကျော် လူဦးရေ ၅၀၀၀ အတွက် ရည်ရွယ်ထောက်ပံ့မယ်လို့ ပါရှိပါတယ်။

ဒါပေမဲ့ လက်ရှိ မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က ဖွင့်လှစ်ထားတဲ့ စခန်းတွေမှာ နေထိုင်နေသူတွေဟာ အနည်းငယ်ပဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် မိမိနေအိမ်တွေမှာ နေထိုင်နေသူတွေနဲ့ မြို့ပေါ်က မဟုတ်ဘဲ တောတောင် ကျေးလက်ကရွာတွေက စစ်ဘေးရှောင်တွေအတွက်လည်း အကူအညီတွေ ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC News

အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်ပါက အဝါရောင်အမှတ်အသားပြု အလံထောင်ထားခြင်းဖြင့် ဘေးပတ်ဝန်းကျင်မှ တွေ့ရှိကာ အဆင့်ဆင့် ဆက်သွယ်ကူညီပေးနိုင်မည်ဖြစ်သည်

ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေ ဆက်လက်ဆိုးရွားလျက်ရှိရာ မိသားစုလိုက် (သို့မဟုတ်) မိသားစုဝင်အများစု မကျန်းမာသောကြောင့် နေအိမ်တိုက်ခန်းများတွင် အဝါရောင်အလံထောင်ကာ အကူအညီတောင်းခံသူ များပြားလာသည်။

ယနေ့ (ဇူလိုင် ၂၀) တွင် တောင်ဥက္ကလာ၊ တာမွေ(မေတ္တာညွန့်)၊ လှိုင်၊ မရမ်းကုန်း(သမိုင်း) ၊ ရွှေပြည်သာ ၊ သာကေတ၊ လှိုင်သာယာ အစရှိသည့် မြို့နယ်များတွင် အကူအညီလိုအပ်သူများက နေအိမ်အခန်းများရှေ့တွင် အဝါရောင်အမှတ်အသားဖြင့် အလံထောင်ထားပုံများ လူမှုကွန်ရက်တွင် တွေ့ရှိရသည်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်သီတာက မိသားစုလိုက် ဖျားနာပြီး ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ကျခြင်းများကြောင့် အဝါရောင်အလံထောင်ကာ အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့မှာ မိသားစုဝင် သုံးယောက်ရှိတာ။ သုံးယောက်လုံး ကိုဗစ်ဖြစ်နေလို့ အကူအညီတောင်းတာ ဖြစ်ပါတယ်။ အလံဝါထောင်တဲ့အကြောင်းရင်းကတော့ အွန်လိုင်းမှာ လူငယ်တွေတင်ထားတဲ့ အဝါရောင်ကမ်ပိန်းဆိုတဲ့ ပို့စ်တစ်ခုကို တွေ့မိတာနဲ့ အလံထောင်ဖြစ်တာပါ” ဟု ၎င်းက ပြောသည်။

အဝါရောင်အလံထောင်ပြီးနောက် အမှန်တကယ် အကူအညီရခဲ့ကြောင်းလည်း အသက် ၅၄ နှစ်အရွယ် ခင်ပွန်း၊ ၁၄ နှစ်အရွယ် သမီးတို့နှင့်အတူ မိသားစုတစ်ခုလုံး နေထိုင်မကောင်းဖြစ်နေသည့် ဒေါ်သီတာက ပြောသည်။

အလားတူ အဝါရောင်အလံထောင်၍ အကူအညီတောင်းခံခဲ့သူ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်နေ အမျိုးသားတစ်ဦးကလည်း ၎င်းတို့မိသားစုဝင်သုံးဦးစလုံး ကိုဗစ်ကူးစက်ခံထားရသည်ဟု ပြောသည်။

“ကျွန်တော်နဲ့ ကျွန်တော့်အမေက ဖျားပြီး ၁၁ ရက်လောက်မှာ သက်သာလာပြီ။ ဒါပေမဲ့ ကျွန်တော့်အဖေက ခုထိ အောက်စီဂျင်ပေးထားရတုန်း။ သူက အောက်စီဂျင် လုံးဝအပြတ်ခံလို့မရဘူး။ တောက်လျှောက်တပ်ထားရတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ခုမှ သက်သာလာတာဆိုတော့ အဖေအမေတို့ရဲ့ ဝေယျာဝစ္စကို အားလုံးလိုက်မလုပ်နိုင်ဘူးလေ။ ဒါကြောင့် အကူအညီတောင်းရတာပါ” ဟု ၎င်းက ဆိုသည်။

မိဘနှစ်ပါးမှာ အသက် ၅၀ ကျော်အရွယ်များဖြစ်ပြီး တစ်မိသားစုလုံး ၁၀ ရက်ကျော် ကိုဗစ်နောက်ဆက်တွဲ ဝေဒနာများကို ခံစားထားရသောကြောင့် လိုအပ်သည့် အောက်စီဂျင်အပါအဝင် အစားအသောက်နှင့် ဆေးဝါးများအတွက် အကူအညီလိုအပ်နေသည်ဟုလည်း အဆိုပါအမျိုးသားက ဆိုသည်။

ဗဟန်းမြို့နယ်အပါအဝင် ဆက်စပ်မြို့နယ်များသို့ “ပြည်သူမှ ပြည်သူသို့” အစီအစဉ်ဖြင့် အကူအညီပေးနေသည့် ဗဟန်းစေတနာ့ဝန်ထမ်း လူငယ်များအဖွဲ့ဝင်တစ်ဦးက ယနေ့နံနက်ပိုင်း၌ပင် ၎င်းတို့အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံလာသည့် မိသားစုသုံးစုရှိပြီဖြစ်ကြောင်း ပြောသည်။

“လူငယ်တွေစုဖွဲ့ပြီး ဒီအစီအစဉ်လေးလုပ်ဖြစ်တာ ၄ ရက်လောက်ရှိပြီ။ ကျွန်တော်တို့အားလုံးက ကျောင်းသားတွေဖြစ်တော့ ကိုယ်ရတဲ့မုန့်ဖိုးလေးတွေ၊ တချို့ စေတနာနဲ့ကူညီပေးတာလေးတွေနဲ့ စုပေါင်းပြီး ပြည်သူမှ ပြည်သူသို့ အစီအစဉ်လေးလုပ်ဖြစ်တာ” ဟု အထက်ပါလူငယ်အဖွဲ့က ပြောသည်။

၎င်းက ဆက်လက်ပြီး “အစားအသောက်၊ ဆေးဝါးလိုအပ်တာဖြစ်ဖြစ်၊ အိမ် ဒါမှမဟုတ် အခန်းကို ဆေးဖျန်းချင်တာဖြစ်ဖြစ် ကျွန်တော်တို့ အခမဲ့လုပ်ဆောင်ပေးပါတယ်။ အဓိကကတော့ ခက်ခဲနေတဲ့ ခုလိုကာလမှာ ပြည်သူအတွက် ပြည်သူတွေပဲရှိတယ်ဆိုတဲ့စိတ် တတ်နိုင်သမျှ ကူညီပေးနေတာဖြစ်ပါ တယ်” ဟု ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် လှိုင်သာယာမြို့နယ်၊ (၁၃) ရပ်ကွက်၊ စစ်တွေလမ်း၊ ပင်လုံဈေးအနီး နေအိမ်တစ်ခုတွင်လည်း အဝါရောင်အလံထောင်ကာ အကူအညီတောင်းခံထားသည်ကို လူမှုကွန်ရက်တွင် တွေ့ရသည်။ အလားတူ လှိုင်မြို့နယ်၊ (၉) ရပ်ကွက်။ အင်းစိန်လမ်းမပေါ်ရှိ တိုက်ခန်းတစ်ခုတွင်လည်း အလံဝါထောင်ထားသည်ကို တွေ့ရသည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၄ လမ်း၊ ကန်တော်လေးရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် အဝါ ရောင်အလံရော အဖြူရောင်အလံပါ လွှင့်တင်ထားပြီး အဖိုးအဘွားများသာ နေထိုင်သည်ဟု သိရကြောင်း သက်ထားဆွေနွယ်ဆိုသည့် အကောင့်ပိုင်ရှင်က လူမှုကွန်ရက်တွင် ရေးတင်ပြီး ထပ်ဆင့်အကူအညီ တောင်းခံထားသည်။

လက်ရှိအခြေအနေတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်နေသည့် ရန်ကုန်မြို့၌ လူမသိသူမသိ နေအိမ်အတွင်းသေဆုံးမှုများလည်း ရှိလာသည်။ 

ဇူလိုင်လဆန်းမှ စတင်ကာ ရန်ကုန်မြို့တွင် ကိုဗစ်ကူးစက်နှုန်း မြင့်တက်လာပြီး မိသားစုလိုက် ဖျားနာနေကြသောကြောင့် နေအိမ်ပြင်ပထွက်၍ လိုအပ်သည်များဝယ်ယူရန် လူအများစုအခက်အခဲဖြစ်နေသောကြောင့် မိမိနေထိုင်ရာ နေအိမ်တိုက်ခန်းရှေ့တွင် အဝါရောင်အလံထောင်ပြီး အကူအညီတောင်းခံ​ရေးလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဝါရောင်အလံ၏ အဓိပ္ပါယ်မှာ ဈေးဝယ်ပေးရန်၊ ဆေးဝယ်ရန်၊ အောက်စီဂျင်နှင့် အစားအသောက်အထိ အကူအညီလိုအပ်နေကြောင်း ညွှန်းဆိုခြင်းဖြစ်ပြီး၊ ထိုသို့အဝါရောင်အမှတ်အသားပြု အလံထောင်ထားခြင်းဖြင့် ဘေးပတ်ဝန်းကျင်မှ တွေ့ရှိကာ အဆင့်ဆင့် ဆက်သွယ်ကူညီပေးနိုင်မည်ဖြစ်သည်။

Myanmar Now News

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာပြည်သူတို့ဘ၀ကို ဆိုး၀ါးစွာထိခိုက်စေမှုသည် အကြမ်းဖက်စစ်ကောင်စီ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုနှင့် ပြည်သူအား ကာကွယ်လိုစိတ်မရှိကြောင်းကို ဆက်လက်သက်သေပြနေသည်။ အသက်ကယ်ဆယ်ရေးဆိုင်ရာ ဆေး၀ါးနှင့် ပစ္စည်းများ ပိတ်ပင်ထားဆီးခံနေရပြီး ကာကွယ်ကုသရေး ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေသည်။သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ဆေး၀ါးပစ္စည်းများကို လက်၀ါးကြီးအုပ် ထိန်းချုပ်သိုလှောင်ပြီး မိမိ၏ကိုယ်ကျိုးအတွက်သာ စိတ်၀င်စားသည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

ကိုဗစ်နိုင်တင်း ကာကွယ်၊ ကုသရေးလုပ်ဆောင်နေသည့်အဖွဲ့ကို ထောင်ချောက်ဆင်၍ နေရာတစ်ခုသို့ ဖုန်းဆက်ချိန်းဆိုကာ စစ်ကောင်စီက ဖမ်းခဲ့ခြင်းဖြစ်သည်

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ယနေ့ (ဇူလိုင် ၁၉) နံနက်ပိုင်းက Covid 19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး အဖွဲ့ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။

ယနေ့ နံနက် ၁၀ နာရီခန့်က ကိုဗစ်သံသယ အရေးပေါ်လူနာရှိသည်ဟု ဖုန်းဆက်သဖြင့် အဆိုပါအဖွဲ့၏ မြေပြင်ကုသရေးဆရာဝန်သုံးဦး (အမျိုးသား) နှင့် ယာဉ်မောင်းဖြစ်သူတို့ လူနာတင်ယာဉ်တစ်စီးဖြင့် ချိန်းဆိုသည့် တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်ခဲ့ရာတွင် ထိုသို့ဖမ်းခံရခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“ဟိုရောက်လည်းရောက်ရော ၂ လွှာအိမ် အပေါ်ထပ်ကို ခေါ်တယ်။ ယာဉ်မောင်းကတော့ ကားနဲ့ အောက်မှာ စောင့်နေတယ်။ အပေါ်ဆုံးထပ်လည်းရောက်ရော တံခါးတွေအကုန်ပိတ်လိုက်တယ်။ လူနာမရှိဘဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရောက်နေတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည့် အခြေအနေကို တိုက်အောက်တွင် စောင့်နေသော ယာဉ်မောင်းက ရိပ်စားမိသဖြင့် မြောက်ဒဂုံမြို့နယ် ၇/၈ လမ်းဆုံအနီးရှိ ရုံးခန်းသို့ ပြန်၍ အကြောင်းကြားခဲ့ရာ အခြေစိုက်ရုံးရှိ စေတနာ့ဝန်ထမ်းအချို့ အချိန်မီထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင်က ပြောသည်။

သို့သော် အင်တာနက်မှတစ်ဆင့် ဆေးကုသရေးဝန်ဆောင်မှုပေးနေသည့် အမျိုးသမီးဆရာဝန်နှစ်ဦးမှာမူ ပစ္စည်းသိမ်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာကာ ဖမ်းသွားကြောင်း ၎င်းက အတည်ပြုသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုအတွင်း ရုံးခန်းရှိ အောက်ဆီဂျင် ၄၀ လီတာဆန့်  ၂၀ အိုးခန့်၊ ၁၅ လီတာဆန့် ၁၂ အိုး၊ ငွေကျပ် ၃၂ သိန်းတန်ဖိုးရှိ ဆေးဝါးနှင့် PPE ဝတ်စုံများ သိမ်းဆည်းခံလိုက်ရကြောင်း အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

ဖမ်းဆီးခံလိုက်ရသည့် အမျိုးသမီးဆရာဝန်နှစ်ဦးနှင့် အမျိုးသားဆရာဝန်သုံးဦးစလုံးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသူများဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ရန်ကုန်အခြေစိုက်  Covid 19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့သည် လွန်ခဲ့သော နှစ်လခန့်မှစ၍ ကိုဗစ်နိုင်တင်းလူနာများကို ကုသပေးရန် အစီအစဉ်ဆွဲခဲ့ပြီးနောက် ဇူလိုင်လတွင် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို Facebook ၌ ကြေညာခဲ့ခြင်းဖြစ်သည်။

“အဓိက ဂရု(Facebook ရှိ Group များ) ထဲမှာ ပေါ်လာတဲ့ဟာကို သူတို့သိသွားတယ်လို့ ယူဆရတယ်။ public (လူသိရှင်ကြား) တော့ ကျွန်တော်တို့ (သတင်း) မလွှင့်ဘူး။ ဂရုတွေပေါ်မှာပဲ ကြေညာတာပေါ့နော်၊ တောင်ဥက္ကလာဆို တောင်ဥက္ကလာဂရု မြောက်ဒဂုံဆို မြောက်ဒဂုံဂရုပေါ့” ဟု အဖွဲ့ခေါင်းဆောင်က ပြောသည်။

ဇူလိုင်လဆန်းမှစ၍ လူ ၇ သန်းကျော်နေထိုင်သည့် ရန်ကုန်မြို့တွင် ကိုဗစ်သံသယဖြင့် သေဆုံးမှုများစွာ မြင့်တက်နေပြီး ပရဟိတအသင်းများ၏အဆိုအရ သုဿန်များတွင် နေ့စဉ် ပုံမှန် ၁၀၀ ခန့်သာ သဂြိုလ်ရန် ပို့ဆောင်ပေးနေရာမှ ၆၀၀ ဝန်းကျင်အထိ ရောက်နေပြီဖြစ်သည်။

အဆိုပါ အခြေအနေတွင် စစ်ကောင်စီ၏ ကိုဗစ်နိုင်တင်း ကုသ၊ ကာကွယ်ရေးလုပ်ငန်းများမှာ ၎င်းတို့ ဝါဒဖြန့်နေသည့် သတင်းစာနှင့် ရုပ်မြင်သံကြားသတင်းများတွင်သာ တွေ့ရပြီး လက်တွေ့၌ မည်သည့် စမ်းသပ်၊ ကုသမှုမျှ မရဘဲ လူ့အသက်များဆုံးရှုံးနေရကြောင်း ပရဟိတနှင့် ကျန်းမာရေးဝန်ထမ်းအချို့က အတည်ပြုထားသည်။

“ဆေးရုံကြီးတွေမှာ ပြည်သူလူထုကို ဝန်ဆောင်မှု လုံးဝမပေးပါဘူး။ မပေးတဲ့အပေါ်မှာ ကျွန်တော်တို့က နေပြီးတော့ နိုင်သလောက်ဝန်ကို ဝင်ထမ်းနေတာပါ။ ပြည်သူကို ပြည်သူအချင်းချင်း စောင့်ရှောက်တဲ့ သဘောမျိုးပေါ့နော်။ သူတို့လုပ်ပေးတာကို စောင့်နေမယ်ဆိုရင် ဒီထက်များတဲ့ လူသေဆုံးမှုတွေ ဖြစ်လာမှာကို မြင်တွေ့နေရတယ်” ဟု အထက်ပါ အဖွဲ့ခေါင်းဆောင်က သုံးသပ်သည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းနှင့် ရင်ဆိုင်တိုးချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကိုလည်း တစ်ပြိုင်နက်ရင်ဆိုင်နေရသည်ဖြစ်ရာ ပြည်သူများအနေဖြင့် တက်နိုင်သမျှ နေအိမ်တွင် နေထိုင်ခြင်း၊ လိုအပ်၍ အပြင်ထွက်ရပါက Mask တပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ အဟာရရှိသည့် အစားအစာများ ဂရုတစိုက်စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း စသည့် နည်းလမ်းများ သုံး၍ ကပ်ရောဂါကိ​ု ရင်ဆိုင်ကျော်လွှားကြရန် ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းထားကြသည်။

Myanmar Now News

ဆေးရုံဆေးခန်းများတွင် လူနာပြည့်နက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ ဆိုးရွားနေသည်ဟု စစ်ကောင်စီက ၀န်ခံသော်လည်း ဆေးစစ်မှုတိုးမြှင့်ရန် မရှိဟုဆိုသည် 

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရချိန်တွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ထပ်မံဖြစ်ပွားလာရာ ရန်ကုန်မြို့တော်တွင် ကိုဗစ်ကြောင့် သေဆုံးမှုမြင့်တက်နေပြီး အဓိကအားဖြင့် အောက်ဆီဂျင်ပြတ်တောက်မှုကြောင့်ဖြစ်သည်ဟု လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးဝါးနှင့် ဆက်စပ်အထောက်အပံ့ပစ္စည်းလိုအပ်ချက် မြင့်တက်လျက်ရှိကာ လူမှုကွန်ရက်ပေါ်၌ အရေးပေါ်ဆောက်ဆီဂျင်ရရှိရေး အကူအညီတောင်းခံသူများ၊ အောက်ဆီဂျင်ရရှိရန် တန်းစီစောင့်ဆိုင်းနေသူများနှင့် ကိုဗစ်ဖြင့်သေဆုံးရသော မိသားစုဝင်များအကြောင်း ရေးတင်နေသူများလည်း တွေ့ရှိရသည်။

ဆေးရုံဆေးခန်းများတွင် လူနာများနှင့် ပြည့်နှက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်တက်နေသည်ဟု ယနေ့ (ဇူလိုင် ၁၂) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ဝန်ခံပြောကြားခဲ့သော်လည်း ဆေးစစ်မှုတိုးမြှင့်ရန် မရှိဟုဆိုသည်။

“ကျွန်တော်တို့ ဝန်ခံပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတယ်။ ကွာရန်တင်းစင်တာတွေမှာလည်း ပြည့်နေတယ်။ ထပ်ပြီးလက်မခံနိုင်တဲ့ဟာတွေလည်း ရှိပါတယ်” ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုဗစ်လူနာများကို ကျန်းမာရေးဝန်ကြီးဌာနက လက်ခံဆောင်ရွက်ပေးနေသည့်နည်းတူ တပ်မတော်ဆေးရုံများကိုလည်း ပြင်ဆင်ထားသည်ဟု စစ်ကောင်စီက ဆိုသော်လည်း ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ငါးခုကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အောက်ဆီဂျင်လိုအပ်ချက် မြင့်မားလျက်ရှိသည့်အပြင် သေဆုံးမှုမြင့်တက်လျက်ရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် သေဆုံးမှုမြင့်တက်နေ 

Signal-2021-07-12-170253_001.Jpeg

ရန်ကုန်၊ ဒေါပုံမြို့နယ် နွယ်အေးဗလီရှေ့တွင် ယနေ့ (ဇူလိုင် ၁၂) မွန်းလွဲပိုင်းက အောက်ဆီဂျင်ဖြည့်ရန် မိုးထဲလေထဲ တန်းစီးစောင့်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now) ရန်ကုန်၊ ဒေါပုံမြို့နယ် နွယ်အေးဗလီရှေ့တွင် ယနေ့ (ဇူလိုင် ၁၂) မွန်းလွဲပိုင်းက အောက်ဆီဂျင်ဖြည့်ရန် မိုးထဲလေထဲ တန်းစီးစောင့်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

ယမန်နေ့ (ဇူလိုင် ၁၁) တွင် ဓာတ်ခွဲနမူနာ ၁၀,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၃၄၆၁ ဦးတွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၈၂ ဦးရှိသည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် ကိုဗစ်သံသယလူနာသေဆုံးမှု များပြားလာကာ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံနှင့် တောင်ဒဂုံမြို့နယ်တွင် ဇူလိုင် ၉ မှ ၁၁ အထိ သုံးရက်အတွင်း သေဆုံးသူဦးရေတိုးလာသည်ဟု လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

အဆိုပါမြို့နယ်များတွင် ဇူလိုင် ၁ ရက်မှ ၁၁ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံထားရသူဟု ယူဆရသည့် လူနာများတွင် အသက်ရှူကြပ်၍ သေဆုံးရသူဦးရေ ၁၀၅ ဦးခန့်အထိ ရှိလာသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကြားရသလောက် ဆေးရုံတွေက လက်မခံဘူး။ ဖျားနာ၊ လူနာဆို လက်မခံတော့တာ။ အောက်စီဂျင်လည်း ပြတ်လပ်နေတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ဂြိုဟ်ပေးရန် ၎င်းတို့အဖွဲ့ထံ ဆက်သွယ်လာသည့် သေဆုံးသူအရေအတွက်မှာ ဇူလိုင် ၉ ရက်မှ ၁၁ ရက်နေ့အထိ ၄၀ ကျော်ရှိပြီး အောက်စီဂျင်ပြတ်လပ်ခြင်းကြောင့် သေဆုံးရသည့် ကိုဗစ်သံသယလူနာများဖြစ်သည်ဟု ၎င်းက ပြောသည်။

ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက ကောက်ယူထားသည့် စာရင်းအရ တောင်ဒဂုံမြို့နယ်တွင်လည်း ဇူလိုင် ၁ မှ ၁၁ ရက်နေ့အထိ အသက်ရှူကြပ်၍ သေဆုံးသူဦးရေ ၅၀ ခန့်ရှိသည်။

အလားတူ ရွှေသန်လျင်နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောကြားသည်မှာ ပုံမှန်အားဖြင့် တစ်ရက်လျှင် ၁၅ လောင်းသာ သင်္ဂြိုဟ်ရလေ့ရှိသော်လည်း အထက်ပါသုံးရက်အတွင်း ရုပ်အလောင်း ၂၀ ကျော်အထိ သင်္ဂြိုဟ်ပေးနေရပြီး သေဆုံးသူများအနက် ငါးဦးမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်သည်ဟု ဆိုသည်။

ကိုဗစ်ကြောင့်သေဆုံးသူများကို သင်္ဂြိုဟ်ပေးလျက်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန် တာဝန်ရှိသူနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

စစ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြပွဲဖြိုခွင်းခံရစဉ် ဒဏ်ရာရပြည်သူများကို ကူညီကုသပေးမှုကြောင့် အညှိုးထားဖမ်းဆီးခံရမည့် အခြေအနေကြောင့် လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် ယခင်ကဲ့သို့ ပွင့်ပွင့်လင်းလင်း မလှုပ်ရှားရဲတော့ကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တချို့တွေကြတော့ ပေါ်ပေါ်တင်တင်မပြောရဲဘူး။ ခိုးကြောင်ခိုးဝှက်လုပ်ရတာပေါ့။ အခုပုံစံအတိုင်းဆိုရင် သိပ်အဆင်ပြေတော့မှာ မဟုတ်ဘူး အောက်ဆီဂျင်တွေ သူတို့ဖြတ်လိုက်ပြီလေ။ ပရဟိတအဖွဲ့အစည်းတွေကိုလည်း တစ်နည်းနည်းနဲ့ ဩဇာပေးဦးမယ့်ပုံစံရှိတယ်” ဟု ၎င်းက ပြောသည်။

အောက်ဆီဂျင်ပြတ်လပ်နေ 

ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ငါးခုကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကိုဗစ်ကူးစက်ခံထားရသူများအတွက် အောက်ဆီဂျင်လိုအပ်ချက် မြင့်မားလျက်ရှိသည်ကို တွေ့ရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အခြေစိုက် ရွှေသန်လျင်နာရေးကူညီမှုအသင်းသို့ အောက်ဆီဂျင်ရရှိရန် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု နေ့စဉ်အကြိမ် ၃၀၀ ခန့်ရှိသော်လည်း ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘယ်လောက်များလဲဆိုရင် ကျွန်တော်တို့နားတောင်မှ မီးခိုးထွက်နေမလားတောင် ထင်မိတယ်။ နှစ်မိနစ်တစ်ကြိမ်၊ သုံးမိနစ်တစ်ကြိမ်ပဲ။ အဲဒါ အောက်စီဂျင်တောင်းတာနော်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၁) နံနက်ပိုင်းက အောက်စီဂျင်အိုးကြီးသုံးလုံး ထုတ်ယူရရှိခဲ့ရာ ရွှေသန်လျင်နာရေးကူညီမှုအသင်းရုံး၌ စောင့်ဆိုင်းနေသူများကို ပြန်လည်ဖြန့်ဝေပေးရာ အချိန်နာရီဝက်အတွင်း ကုန်သွားခဲ့ကြောင်း လှိုင်သာယာ၊ အင်းစိန်၊ အလုံမြို့နယ်များမှ ပြည်သူများသည်လည်း အောက်စီဂျင်ရရှိရန် ရန်ကုန်မြို့အစွန်ရှိ ဒဂုံဆိပ်ကမ်းအထိ လာရောက်ထုတ်ယူနေကြရကြောင်း သိရသည်။

“အဓိကတော့ အောက်စီဂျင်လုံလောက်ဖို့ လိုတယ်။ ရန်ကုန်တိုင်းမှာ ဖြစ်နေတဲ့ပြဿနာက ဖျားတယ်၊ နာတယ်။ နှစ်ရက်လောက်နေရင် အောက်စီဂျင်က ကျလာတာ။ အောက်စီဂျင်အချိန်မီမပေးနိုင်ရန် လူတွေက ဆုံးရှုံးကုန်တာ။ အများကြီးပဲ” ဟု ရွှေသန်လျင်နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောသည်။

ယခုရက်ပိုင်းတွင် လူနာများကို ဆေးရုံပို့သော်လည်း ဆေးရုံက လက်မခံဘဲ ပြန်လွှတ်ခြင်းနှင့် အောက်ဆီဂျင်ပြတ်လပ်ခြင်းများကြောင့် ကိုဗစ်သံသယလူနာသေဆုံးမှု နေ့စဉ်နှင့်အမျှ များပြားလာကာ လူမှုရေးအသင်းအဖွဲ့များ မနိုင်မနင်းဖြစ်နေသည်ဟု တောင်ဒဂုံမြို့နယ်အခြေစိုက် ရှင်သန်ခွင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက ပြောသည်။

“မနိုင်မနင်းကတော့ အကုန်ဖြစ်ပြီ။ ကျွန်မတို့ဆို စိတ်မကောင်းဘူး။ ရပ်တောင်ရပ်ထားချင်စိတ် ပေါက်နေပြီ။ လူနာအခြေအနေကို တချို့ဆေးရုံကတော့ စမ်းသပ်တယ်။ တချို့ဆေးရုံက စမ်းတောင်မစမ်းပါဘူး။ လူနာပြည့်သွားပြီ၊ လူနာပြည့်သွားပြီ ဆိုတာပဲ။ သူတို့က အောက်ဆီဂျင် ၉၀ အောက်တွေတောင်မှ ပြန်လွှတ်နေတာလေ” ဟု ၎င်းက ဆိုသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများသည် သွေးထဲရှိ အောက်စီဂျင်လျော့ကျလာချိန်တွင် အသက်ရှူကျပ်ကာ အောက်စီဂျင်စက်ဖြင့် မကူနိုင်ပါက အသက်အန္တရာယ်ရှိသည်။ ပုံမှန်လူတစ်ဦး၏ သွေးထဲရှိ အောက်စီဂျင်ပမာဏမှာ ၉၅ % အထက်ရှိပြီး ရောဂါပိုးကူးစက်ခံရသူများသည် ယင်းပမာဏအောက်ကျလာတတ်ကာ ၉၀ % အောက်ဆိုပါက ဆေးကုသမှုခံယူရန် လိုအပ်သည်။

ရှင်သန်ခွင့်လူမှုကူညီရေးအသင်း၌ အောက်ဆီဂျင် အလုံး ၈၀ ရှိသော်လည်း ရန်ကုန်တိုင်းတစ်ခုလုံးတွင် အောက်ဆီဂျင်လိုအပ်မှု မြင့်တက်လာကာ စက်ရုံ၌ သုံးရက်ခန့် တန်းစီစောင့်ရသည်အထိ ပြတ်လပ်နေသည်ဟုလည်း ဒေါ်သန်းသန်းစိုးက ပြောသည်။

“အိမ်မှာလည်း အောက်ဆီဂျင်ရှိရင်တော့ ရှူကြတာပေါ့။ မရှိရင်တော့ မရှူကြဘူးပေါ့။ ကျွန်မတို့လည်း ငှားရင်းငှားရင်းနဲ့ လက်ပန်းကျနေပြီ။ စိတ်မကောင်းစွာနဲ့ပဲ ငြင်းနေရတာများနေပြီ” ဟုလည်း ၎င်းက ဆက်ပြောသည်။

အောက်ဆီဂျင်ထုတ်လုပ်ရာ စက်ရုံများ ကန့်သတ်ခံနေရ 

Signal-2021-07-11-164916_003.Jpeg

တောင်ဒဂုံမြို့နယ်တွင် အောက်ဆီဂျင်ဖြည့်သွင်းရန် စောင့်ဆိုင်းနေသူများကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now) တောင်ဒဂုံမြို့နယ်တွင် အောက်ဆီဂျင်ဖြည့်သွင်းရန် စောင့်ဆိုင်းနေသူများကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

ကိုဗစ်နိုင်တင်း ကူးစက်ခံထားရသူများအတွက် အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေချိန်တွင် ရန်ကုန်မြို့ရှိ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် စက်ရုံအချို့ကို ပုဂ္ဂလိကသို့ ရောင်းချခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီက တားမြစ်လျက်ရှိသည်။

ဗိုလ်တထောင်မြို့နယ် သိမ်ဖြူသင်္ဘောကျင်းရှိ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံမှာ ဌာနဆိုင်ရာ စက်ရုံဖြစ်သဖြင့် ထွက်သမျှအောက်စီဂျင်ကို ကိုဗစ်စင်တာများသို့ ပေးပို့ရမည်ဟုဆိုကာ ပုဂ္ဂလိကသို့ ရောင်းချခြင်းကို ဇူလိုင် ၁၀ ရက်တွင် စစ်ကောင်စီက တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ရွှေပြည်သာမြို့နယ်ရှိ ပုဂ္ဂလိကပိုင် Unity အောက်ဆီဂျင်စက်ရုံ၌ ယမန်နေ့ နံနက်ပိုင်းတွင် စစ်တပ်က လီတာ ၄၀ ဆန့် အောက်ဆီဂျင်အိုးကြီး ၆၂ လုံး လာရောက်ဝယ်ယူပြီးနောက် ပြည်သူများကို ဝယ်ယူခွင့်မပြုတော့ကြောင်း သိရသည်။

“တပ်ကနေ ပြောသွားတယ်။ ကိုဗစ်စင်တာတွေကိုပဲ အဓိက ရောင်းပေးရမယ်ပေါ့နော်။ ပရဟိတတို့ ဘာတို့၊ ပုဂ္ဂလိကကိစ္စပေါ့နော် တစ်ဦးတစ်ယောက်ချင်းစီကို မပေးနဲ့လို့ပြောတာ။ တချို့တွေ အခြေအနေတော်တော်ဆိုးတယ်။ ငိုယိုပြီး တောင်းပန်းပြီးယူတာတောင် မရဘူး” ဟု အဆိုပါစက်ရုံ၌ အောက်ဆီဂျင်ဖြည့်ရန် သွားရောက်တန်းစီခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

စက်ရုံများကို ဝင်စီးခြင်းမျိုး မရှိဟုဆိုသော်လည်း ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံအချို့တွင် တစ်ဦးချင်းလာဖြည့်ခြင်းကို လက်မခံရန် ညွှန်ကြားထားသည်ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ဝန်ခံပြောကြားခဲ့သည်။

ရာနှင့်ချီသော ပြည်သူများသည် အောက်စီဂျင်ထုတ်ယူခွင့်ရရန် နေ့စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီနေရသဖြင့် အောက်စီဂျင်ထုတ်ယူရင်းပင် ကိုဗစ်ကူးစက်ခံရမည့်အခြေအနေဖြစ်နေသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

တောင်ဒဂုံစက်မှုဇုန် စစ်ကိုင်းလမ်းရှိ  နိုင်’ အောက်စီဂျင်စက်ရုံ၌ အောက်စီဂျင်ထုတ်ယူရန် စောင့်ဆိုင်းခဲ့ရသည့် အတွေ့အကြုံနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ “ရောဂါက ဘယ်သူ့မှာ ပါလာမှန်းလည်း မသိဘူး။ ပါလာရင် ကျွန်တော်တို့လည်း ကူးမှာပဲ။ ဒါပေမဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့လူတွေကို မကြည့်ရက်လို့ ဒုက္ခခံပြီးလာတာ” ဟု ၎င်းက ပြောသည်။

တောင်ဒဂုံစက်မှုဇုန်ရှိ ‘နိုင်’အောက်စီဂျင်စက်ရုံ၌ စက်နှစ်လုံးပျက်နေသဖြင့် စောင့်ဆိုင်းရသူများပြားကာ အလွတ်တကူဝယ်မရကြောင်း၊ အောက်ဆီဂျင်ဈေးများလည်း အဆမတန်မြင့်တက်နေကြောင်း ရန်ကုန်လူငယ် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“အခုလက်ရှိ အိုးကြီးတစ်အိုးကို လေးသိန်းရှိတယ်။ အဲဒါတောင် တဖြည်းဖြည်းနဲ့ ဝယ်လို့မရဘူး။ အရေးပေါ်ဆောင်ထားဖို့ သွားမေးတော့ မရှိတော့ဘူးတဲ့၊ ကုန်သွားပြီလို့ပြောတယ်။ စစ်အာဏာရှင်က ရပ်ခိုင်းလို့ မရောင်းတော့တာလား။ ပိုက်ဆံပေးပြီး ဝယ်တာတောင်မှ မရောင်းတော့တဲ့အခြေအနေက ဘာလို့ဖြစ်နေတာလဲ” ဟု အဆိုပါအဖွဲ့ဝင်တစ်ဦးက မေးခွန်းထုတ်သည်။

မြဝတီဒေသခံတစ်ဦးကလည်း “အောက်ဆီဂျင်အိုးတွ သွင်းလို့မရတော့ဘူး။ ပစ္စည်းပြတ်လပ်နေတယ်လို့ ပြောတယ်။ ဘန်ကောက်ကနေ မှာတာတောင် လကုန်ထိ စောင့်ရမယ်တဲ့” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် မနက်သုံးနာရီထ၍ အောက်ဆီဂျင်ဖြည့်ရန် တန်းစီစောင့်ဆိုင်းကာ လိုအပ်သည့်လူနာများထံ လိုက်လံပို့ဆောင်ရခြင်း၊ ကိုဗစ်သံသယလူနာအပါအဝင် အခြားလူနာများကို လူနာတင်ယာဉ်ဖြင့် လိုက်လံပို့ဆောင်နေရခြင်းအပြင် အောက်ဆီဂျင်လိုအပ်သူများ၏ စုံစမ်းမေးမြန်းမှုများကိုလည်း ဖြေဆိုနေရသည့်အတွက် ဝန်နှင့်အားမမျှဖြစ်နေသည်ဟု ဆိုသည်။

“ဒီတစ်ခေါက်ကတော့ ကျွန်မတို့ သေမယ်နဲ့တူပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက ဘာမှမဖြစ်ပေမဲ့ ဒီလှိုင်းမှာတော့ ကျွန်မတို့ပါသွားမယ်ထင်တာပဲ။ ပင်ပန်းပြီး စိတ်ဆင်းရဲလွန်းလို့” ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက ပြောလိုက်သည်။

Myanmar Now

အာဏာသိမ်းပဋိပက္ခကာလတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု နေ့စဥ်မြင့်တက်လာနေသည်။ မြန်မာပြည်တွင် အာဏာသိမ်း စစ်ကောင်စီ ၏ စစ်အင်အားတိုးချဲ့မှုသည် တိုင်းပြည်၏အခြအနေ အရပ်ရပ်ကို ပို၍ ဆိုး၀ါးစေသည်။ ကျန်းမာရေး၀န်ထမ်းများသည် ပစ်မှတ်ထားခံနေရပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လူနာထောင်ပေါင်းများစွာကို မျှော်လင့်ချက်မဲ့စေသည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။