ရေစကြိုမြို့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဟင်္သာရွာတွင် ဩဂုတ် ၂၂ ရက်က ရဲများ၏ ပစ်ခတ်စီးနင်းမှုကြောင့် အသက် ၂၁ အရွယ်လူငယ်တစ်ဦး သေဆုံးပြီး အခြားလူငယ် ၄ ဦးအဖမ်းခံခဲ့ရသည်

မကွေးတိုင်း ရေစကြိုမြို့နယ် ဟင်္သာရွာတွင် ရဲတပ်ဖွဲ့က လူနာတင်ယာဉ်ဖြင့် အယောင်ပြကာ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးစဉ် လူငယ်တစ်ဦးသေဆုံးပြီး ၄ ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။

ရေစကြိုမြို့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဟင်္သာရွာမှ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ယမန်နေ့ (ဩဂုတ် ၂၂) ညနေ ၃ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“လူနာတင်ကားလေးနဲ့ လာတာ။ ရဲဝတ်စုံနဲ့ ၁၀ ယောက်လောက်။ ကလေးတွေက ဂိမ်ဆော့တဲ့လူက ဆော့နေတာ။ အဲဒီအိမ်က အိမ်ထောင်ဦးစီးက စက်လာပြင်တဲ့သူရှိလို့ ပြင်ပေးနေတာ။ စက်လာပြင်တဲ့သူကိုပါ ဖမ်းသွားတာ”ဟု အထက်ပါ ရွာခံအမျိုသမီးက ပြောသည်။

အခင်းဖြစ်ပွားစဉ်၌ အဆိုပါနေအိမ်တွင် ကလေးနှစ်ဦး၊ အမျိုး သမီးနှစ်ဦးနှင့် အမျိုးသားငါးဦး ရှိပြီး ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အသက် ၂၁ အရွယ် ကိုချစ်ရဲရင့်ဆိုသူ လူငယ်မှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ အခြားအမျိုးသားလေးဦး ဖမ်းဆီးခံခဲ့ရသည်။

ဒဏ်ရာရရှိခဲ့သူ ကိုချစ်ရဲရင့်မှာ ဆေးရုံပို့ဆောင်စဉ်လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို ယနေ့ (ဩဂုတ် ၂၃) နံနက်ပိုင်းတွင် လာရောက်ထုတ်ယူရန် စစ်ကောင်စီက ရွာခံများကို အကြောင်းကြားထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ အမျိုးသားလေးဦးမှာ အသက် ၂၅ နှစ်အရွယ် ကိုပိုင်စိုးဦး(ခ)မောင်ငပိုင်၊ အသက် ၁၇ အရွယ် မောင်အံ့ဖွယ်ဦး၊ အသက် ၃၀ အရွယ် မောင်စိုးသူ(ခ) ကိုသူနှင့် အသက် ၂၀ အရွယ် ကိုကျော်ဇော်ဟိန်းဆိုသူတို့ဖြစ်သည်။

ရွာမြောက်ဘက်ခြမ်းမှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ကိုပိုင်စိုးဦး(ခ)မောင်ငပိုင်၏ နေအိမ် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ (ရဲများ) လာတာက လူနာတင်ကားတစ်စီးကို အရှေ့က မောင်းလာတယ်။ လိုက်ထရပ်က နောက်က လိုက်လာတယ်။ လူတွေကလည်း ကိုယ့်အလုပ်ကို လုပ်နေကြတာ။ သူတို့ဖမ်းသွားတဲ့ကလေးတွေဆိုတာက ဘာလက်နက်မှလည်း မရှိဘူး”ဟု ၎င်းက ပြောသည်။

အထက်ပါရွာခံအမျိုးသားကပင် ဆက်လက်၍ “အိမ်ကို ဝိုင်းပြီး အတွဲလိုက်ဖောက်တယ်။ သူတို့က (ရဲများ) သေနတ်ဖောက်တော့ ကလေးတစ်ယောက်က လန့်ပြီးတော့ တံခါးပေါက်ကနေ ခွအကျော်မှာ ပစ်ထည့်လိုက်တယ်။ အဲဒီကလေးက လမ်းမှာပဲ ဆုံးသွားတယ်။ ဆေးရုံတောင် မရောက်လိုက်ဘူး။ သွေးတွေလည်း တအားထွက်နေတယ်။ အဲဒီကလေးကို ကားပေါ် ဒီတိုင်းဆွဲတင်သွားတာ။ မှောက်လျက်ကြီးပါသွားတာ” ဟု ပြောသည်။

ရေစကြိုမြို့နယ် ဟင်္သာရွာတွင် ထိုသို့ဝင်ရောက်စီးနင်းခံရခြင်းမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ တိုင်တန်းမှုကြောင့်ဖြစ်ကာ ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ညပိုင်းတွင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးအပါအဝင် မိသားစုဝင် ငါးဦးကို ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု ရွာခံများထံမှ သိရသည်။

ဝင်ရောက်စီးနင်းခံရပြီး ဖမ်းဆီးခံခဲ့ရသူ ကိုပိုင်စိုးဦးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ဖူးသူဖြစ်သည်ဟု ရွာခံများထံမှ သိရသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။

အဆိုပါဖြစ်စဉ်ကြောင့် ဟင်္သာရွာတွင် သက်ကြီးရွယ်အိုနှင့် ကလေးများမှလွဲ၍ အရွယ်ရောက်အမျိုးသားများစုမှာ ယမန်နေ့ညပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

Myanmar Now News

ဖေဖော်ဝါရီ ၂ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားတစ်ထောင်ကျော် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ(ND-Burma) ၏အဖွဲ့၀င် အဖွဲ့အစည်းဖြစ်သော နိုင်ငံရေးအကျဥ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ  “စစ်တပ်မှ အာဏာရှိနေသမျှ လူငယ်များ၊ ကျွမ်းကျင်ပညာရှင်များဖြစ်သော ဆရာ၀န်များ၊ ကျောင်းဆရာများ၊ အမျိုးသား၊ အမျိုးသမီးများနှင့်ကလေးသူငယ်များကို ဆက်လက် သတ်ဖြတ်နေအုန်းမည်ဖြစ်သည်”ဟု စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်များသည်လည်း ကူးစက်ရောဂါကြား တိုးလာလျက်ရှိပြီး နေ့စဥ်နှင့်အမျှ ဒါဇင်နှင့်ချီ သေဆုံးလျက်ရှိသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကိုပြသည့် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုတွင် မူးယစ်သောင်းကျန်းနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးသည် အရပ်သားများကို ပရမ်းပတာပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦးကို နားထင်တွင် သေနတ်နှင့် တေ့ပစ်သတ်ခဲ့မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်အကြမ်းဖက်စစ်တပ်ကို ချေမှုန်းရန်နှင့် ဖျက်သိမ်းရန် ကြိုးပမ်းအန်တုနေသော အတိုက်အခံအင်အားစုများပြားနေချိန် အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တပ်၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ND-Burma နှင့် ဉာဏ်လင်းသစ်တို့မှ ဇူလိုင်လနှောင်းပိုင်းအတွင်း စစ်ကိုင်တိုင်းဒေသကြီး၊ ကနီမြို့နယ် ဒေသတစ်ဝိုက်တွင် အအပစ်မဲ့အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကို လေ့လာဆန်းစစ်ထားသော အစီရင်ခံစာကို ပူးတွဲထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာ၏ ခြုံငုံသုံးသပ်ချက်ကို ဓါတ်ပုံသက်သေဖြင့် အင်္ဂလိပ်၊

မြန်မာ နှစ်ဘာသာ ထုတ်ပြန်ခဲ့သည်။ မှတ်တမ်းပြုထားသော ရာဇ၀တ်မှုများသည် နိုင်ငံတကာဥပေဒကို ဆိုးဆိုးရွားရွားချိုးဖောက်နေကြောင်း တွေ့ရှိရသည်။ အစီရင်ခံစာတွင် အရပ်ဘက်အဖွဲအစည်းများ၏ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် ပူးပေါင်းတွေ့ရှိရသည့်အခြေအနေမှန်များ၊ ထုတ်ဖော်ပြောဆိုခဲ့သည့် သက်သေများသည် စစ်အုပ်ချုပ်ရေးကို တရား၀င်ဖြစ်ရေးအတွက် နိုင်ငံတော်ကိုကာကွယ်ရန် ဟူသော အကြမ်းဖက်စစ်ကောင်စီ၏ အကြောင်းပြချက်နှင့်  ဆန့်ကျင်ဘက်ဖြစ်နေသည်။

တိုင်းပြည်၏အခြေအနေ အကြီးအကျယ် ဖရိုဖရဲဖြစ်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီသည် တရား၀င်ရွေးကောက်တင်မြောက်ခြင်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား နည်းလမ်းပေါင်းစုံဖြင့် ပစ်မှတ်ထားကာ နှိပ်ကွပ်နေသည်။ NLD အဖွဲ့၀င် ၁၀၀ ကျော်သည် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တစ်ခြားသောအဖွဲ့၀င်များသည် ဖမ်းဆီးထိန်းသိမ်းခံထားရစဥ် အကျဥ်းထောင်အတွင်း ကိုဗစ်ကူးစက်မှုနှင့် ဆက်စပ်ရောဂါကြောင့် သေဆုံးခဲ့ရသည်။ အာဏာသိမ်းစစ်ကောင်စီ၏ အတိုက်အခံများကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် အသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏တပ်သားများသည် ပရမ်းပတာအခြေအနေကြားတွင် လူ့အသက်ကိုပဓာနမထားသည့်အတွက်  ထွက်ပြေးခိုလှုံမှုများလည်း ရှိနေသည်။ Myanmar Now ၏ သတင်းထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တပ်မတော်ကိုစွန့်ခွာသည့် တပ်မတော်သား ၁၅၀၀ ခန့်ရှိနေပြီး “ယခုအချိန်မှာတွင် ထွက်ပြေးခွင့်ရမည်ဆိုပါက တပ်ချုပ်ကြီးနှင့် အလံတိုင်သာ ကျန်ခဲ့လိမ့်မည်” ဟု တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးမှ မှတ်ချက်ပြု ပြောကြားခဲ့သည်။ တပ်မတောက်ကို စွန့်ခွာခဲ့သောတပ်သားများသည် အလားတူ မှတ်ချက်မျိုးကို ပြုခဲ့ပြီး မထတပ်မတော်သားများ သမိုင်း၏အမှန်တရားဘက်တွင်ရပ်တည်ရန်နှင့် ပြည်သူနှင့်အတူ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါ၀င်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် တနင်္သာရီနှင့် မကွေးတိုင်းဒေသကြီးမှ  တပ်သားအယောက် ၄၀ သည်လက်နက်များဖြင့် တပ်မတော်ကိုစွန့်ခွာထွက်ပြေးခဲ့သည်။ 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ 

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တွင် ပဋိပက္ခများကြောင့် အရပ်သားပြည်သူများသည် ဆက်လက်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ရှမ်းလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်ပွားသော ဒေသတွင် စစ်ဘေးရှောင်တစ်ဦးသည် လက်ဖက်ခြံထဲရှိ မြေမြှုပ်မှိုင်းကို နင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကိုဗစ်-၁၉ကူးစက်မှုလျော့ချရေးအတွက် နေအိမ်တွင်နေရန်ကန့်သတ်ချက်များကြောင့် လမ်းများလည်းပိတ်ဆို့ထားခံရပြီး ဆေးရုံသို့သွားရန်အခက်အခဲများရှိသည်။ လက်နက်ကိုင်အဖွဲများကို အရပ်သားပြည်သူများ၏ ဒေသတွင် မြေမြှုပ်မှိုင်းများ မြှုပ်နှံခြင်းမပြုရန် တောင်းဆိုခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး အရပ်သားပြည်သူများသည် သက်ဆိုင်ရာ နယ်မြေအသီးသီးတွင် ပစ်မှတ်ထားခံနေရသည်။ ဒေသခံရာနှင့်ချီ၍ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရသည်။

 

ကယားပြည်နယ်

ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့သည်  ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲများ ပုံမှန် ဖြစ်ပွားလျက်ရှိသည်။ ထွက်ပြေးတိမ်းရှောင်ရသော စစ်ဘေးရှောင်အများစုသည်  အမျိုးသမီးများနှင့်ကလေးများဖြစ်ပြီး တစ်လအရွယ် မွေးကင်းစကလေးနှင့် ကိုယ်၀န်ဆောင် အမျိုးသမီးများပါ၀င်သည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် ( KSCN) ၏ နောက်ဆုံးသတင်း ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့မှ ကရင်နီပြည်သူ (၈၂)ဦး  သေဆုံးခဲ့ပြီး (၁၅၀) ဦးဖမ်းဆီးခံရကာ (၁၀၆) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု တိုးလာသောကြောင့် စစ်ဘေးရှောင်စခန်းများတွင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။ လွတ်လပ်တဲ့အာရှအသံ (RFA)၏သတင်းများအရ (၆) လအတွင်း တိုက်ပွဲများကြောင့် ကယားပြည်နယ်တစ်ခုထဲတွင် စစ်ဘေးရှောင် ၁၇၀,၀၀၀ ကျော်ရှိသည်။

 

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် အရပ်သားပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပရမ်းပတာပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ရွာအပြင်ဖက်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ချင်းအမျိုးသားအဖွဲ့အစည်း(CNO)၏အဆိုအရထို့နေ့တွင်ပင် ကိုယ်၀န်ဆောင်အမျိုးသမီး၏ ပေါင်တွင် သေနတ်ထိမှန်ခဲ့သည်။ သက်ကြီးအမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံခဲ့ရပြီး တစ်ခြားသောဒေသခံများသည် မတရားဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားပြည်သူ အများစု မှာ စစ်အုပ်စု၏ နယ်မြေရှင်းလင်းရေးမူဝါဒအောက်တွင် မတရား ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ တရားမဲ့ သတ်ဖြတ် ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ အတင်းအကြပ် နေရာရွှေ့ပြောင်းခံရခြင်း စသည်များကို ခံစားနေရကြရသည်။ ထိုအခြေအနေများကို နိုင်ငံတဝှမ်းရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အစဉ်တစိုက် ထောက်ပြခဲ့ပြီး စစ်အုပ်စုအားအရေး ယူရန် တိုက်တွန်းချက်များ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂမှလည်း အချက်အလက်ရှာဖွေရေးအဖွဲ့ကို (၂၀၁၈) တွင် ဖွဲ့စည်းပြီး စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းမှတ်တမ်းတင်သည်အထိ ဆောင် ရွက်မှုများရှိနေသည်။ သို့သော် စစ်အုပ်စုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်သည်မရှိဘဲ စစ်ရာဇ ဝတ်မှုနှင့် လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့်ရာဇဝတ်မှုကို ဆက်လက်ကျူးလွန်သည်အထိ ဆိုးဝါးရက်စက် လှသော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

(၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ထားသည့် အရပ်သားရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် နိုင်ငံ့ခေါင်းဆောင်များကို မတရားဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက် လုယူ သွားသည့် စစ်အာဏာရှင်ကို တစိုက်မတ်မတ် တွန်းလှန်ခုခံလျက်ရှိသည့် မြန်မာနိုင်ငံအနှံ့အပြား ဒေသအသီးသီး အနက် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ ကနီမြို့နယ်သည် စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံ အသုံးပြု၍ ဆန့်ကျင်တော်လှန်နေသည့် ထင်ရှားသော အရပ်ဒေသတစ်ခု ဖြစ်သည်။

ထို့အတွက်ကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီက အညှိုးတကြီးဖြင့် နယ်မြေစိုးမိုးရေးအကြောင်းပြကာ ကနီ မြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ပစ်ခတ်ဖမ်းဆီးမှုများ၊ တောနင်းရှာဖွေမှုများ ပြုလုပ်လျက် ရှိနေသလို ကျေးရွာများအတွင်း စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုများကြောင့် ဒေသခံ ထောင် ပေါင်းများစွာမှာ နီးစပ်ရာ ကျေးရွာများ၊ တောအုပ်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။ ထို့အပြင် ကျေးရွာများအတွင်းဝင်ရောက်ကာ ကျွဲ၊ နွားများ အပါအဝင် ပစ္စည်းဥစ္စာများ လုယူခြင်း၊ သိမ်းပိုက်ခြင်းများကိုပါ ပြုလုပ်လာခဲ့သည်။

ကလေးမြို့ အခြေစိုက် တပ်ရင်း (၂၂၈) အပါအဝင် တပ်မ (၄၄) နှင့် (၉၉) လက်အောက်ခံတပ်ရင်းများမှ ဗျူဟာ သုံးခုခွဲ၍ အင်အားတစ်ထောင်ခန့်ဖြင့် ကနီမြို့နယ်အတွင်း ကျေးရွာတိုင်းနီးပါးသို့ ဝင်ရောက်စီးနင်းလျက်ရှိရာ ဒေသခံ အများအပြားမှာ အကြမ်းဖက်ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အသက်သေဆုံးသည်အထိ လူ မဆန်စွာ သတ်ဖြတ်ခံရခြင်းများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

ထို့အပြင် စစ်ဘေးရှောင် ပြည်သူများမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုဒဏ်ကို ခံစားနေကြရပြီး မုံရွာနယ် ဘက်သို့ သွားရောက်ဝယ်ယူရာတွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေများက ပမာဏများပြားသော ငွေကြေးများ ကောက်ခံခြင်းအပြင် စစ်ဖိနပ်ဖြင့်ကန်ခြင်း၊ သေနတ်ဒင်ဖြင့်ထုခြင်းစသည့် အနိုင်ကျင့်မှုများကို လည်း ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ကနီမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ဇူလိုင် (၉) ရက်နေ့မှစ၍ အူရီဒူးနှင့် တယ်လီနောအော်ပရေတာများ၏ အင်တာနက်နှင့်ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး ဩဂုတ်လ (၂) ရက်နေ့တွင် MPT လိုင်းပါ ထပ်မံ ပြတ်တောက် ခဲ့ရာ လက်ရှိအချိန်တွင် စစ်တပ်ပိုင် Mytel အော်ပရေတာ၏ ဖုန်းနှင့်အင်တာနက်လိုင်းသာ ရွာအချို့တွင် အသုံးပြု ၍ရနေကြောင်း ဒေသခံများကဆိုသည်။ ဤလုပ်ရပ်မှာ စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် ဖြတ် လေးဖြတ်ဗျူဟာကိုအသုံးပြု၍ တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားပြည်သူများအပေါ် လူမဆန်စွာ ပြုလုပ်မှုများ ကြောင့် ဇူလိုင်လ တစ်လတည်းမှာပင် ကနီမြို့နယ်ရှိ ကျေးရွာများ၌ အရပ်သားများ၏ အလောင်းများ အစုလိုက် အပြုံလိုက် သတ်ဖြတ်စွန့်ပစ်ထားသည်ကို လေးကြိမ်တိုင်တိုင် တွေ့ရှိခဲ့ကြသည်။ သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ် အလောင်းစုစုပေါင်းမှာ အနည်းဆုံး(၄၃) ဦး ရှိနေသည်။

ပထမအကြိမ်ဖြစ်စဉ် (ရုပ်အလောင်း ၄ လောင်း)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ မုံအိုကျေးရွာနှင့် ရွာသာကျေးရွာအကြား ရှစ်ခိုး တက် တောပြင်၌ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီနှင့် ၆ နာရီကြားအချိန်တွင် အမျိုးသား (၄) ဦးကို အကြမ်း ဖက်စစ်အုပ်စုမှ ဖမ်းဆီး၍ညှဉ်းပန်းနှိပ်စက်ကာ ဦးခေါင်းများကို သေနတ်နှင့်တေ့ပစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ထိုရုပ်အလောင်း (၄) လောင်းကို ဇူလိုင်လ (၃) ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ရာ ရုပ်အလောင်းများမှာ ဦးခေါင်းများ မရှိတော့သကဲ့သို့ ပျက်စီးနေပြီး အနီးတဝိုက်တွင်လည်း ဆိုင်ကယ် (၂၅) စီးခန့်ကို မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ မြင်ခဲ့ရကြောင်း ဒေသခံများကဆိုသည်။ သတ်ဖြတ်ခြင်းခံရသည့် ရုပ်အလောင်း (၄) လောင်းမှာ စိန်ကုန်းရွာမှ (၁) ဦး၊ ဖန်ခါးကုန်းရွာမှ (၁) ဦး၊ ဆူးလေကုန်း ရွာမှာ (၁) ဦးနှင့် အင်ချောင်ရွာမှ (၁) ဦး တို့ဖြစ်ကြသည်။

ဒုတိယအကြိမ်ဖြစ်စဉ် (ရုပ်အလောင်း ၁၆ လောင်း)

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ယင်းရွာ၊ ကုန်းသာရွာ၊ ကျောက်လှေကားရွာများသို့ ဇူလိုင် (၉) ရက် နှင့် (၁၀) ရက်နေ့များ၌ အကြမ်းဖက်စစ်တပ်မှ အလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ကြရသည်။ ထိုထွက်ပြေးတိမ်းရှောင်နေသူ ဒေသခံများအနက် (၂၆) ဦး ပျောက်ဆုံးနေသဖြင့် လိုက်လံ ရှာဖွေရာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းရွာ၏ အရှေ့ဘက် ခင်တန်းရှည် တောင်ကုန်းပေါ်မှ ချိုင့်ထဲတွင် တောထဲတွင် ဒဏ်ရာများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် အလောင်း (၁၅) လောင်းနှင့် နောက်တစ်ရွာတွင် အလောင်း (၁) လောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

အလောင်းများကို ဇူလိုင် (၁၁၊ ၁၂) ရက်နေ့များတွင် ယင်းရွာ၏ အရှေ့ဘက်တောင်ကုန်းပေါ်မှ ရှာတွေ့ခဲ့ ခြင်းဖြစ်ပြီး ယင်းရွာမှ (၁၃) ဦး၊ ကုန်းသာရွာမှ (၁) ဦး၊ ပလူဇဝ ရွာမှ (၁) ဦးနှင့် ထောက်ကြံ့ကုန်းရွာမှ (၁) ဦး စုစုပေါင်း (၁၆) ဦး ဖြစ်ကြောင်း ယင်းရွာဒေသခံက ဆိုသည်။ သတ်ဖြတ်ခံရသူများအနက် အများစုမှာ အသက် (၃၀) နှင့် (၅၀) ကြားအရွယ် အမျိုးသားများဖြစ်ပြီး အသက် (၆၀) ကျော်အရွယ် (၁) ဦးလည်း ပါဝင်သည်။

ရုပ်အလောင်းအားလုံးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းခံထားရသည့် လက္ခဏာများတွေ့ရပြီး အဆိုးရွား ဆုံးမှာ မျက်နှာနှင့် လည်ပင်းများကို လှီးဖြတ် နှိပ်စက်ညှဉ်းပန်းထားသည့် ဒဏ်ရာများတွေ့ရှိရခြင်းပင်ဖြစ်သည်။

တိယအကြိမ်ဖြစ်စဉ် (ရုပ်အလောင်း ၁၂ လောင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာအနီး ဇူလိုင် (၂၆) ရက် ညနေပိုင်းက အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ခဲ့ရာ ရွာသားတချို့နှင့် PDF အဖွဲ့ဝင်တချို့ ပျောက်ဆုံးနေ ၍  လိုက်လံရှာဖွေရာမှ ဇီးပင်တွင်းရွာ အနောက်ဘက်ယာတောထဲတွင် ဒဏ်ရာများနှင့် ရုပ်အလောင်း (၅) လောင်း ကို ပထမအကြိမ်ရှာဖွေမှုတွင်လည်းကောင်း၊ နောက်ထပ် အလောင်း (၇) လောင်းကို ဒုတိယအကြိမ် ရှာဖွေမှု တွင်လည်းကောင်း  စုစုပေါင်း ရုပ်အလောင်း (၁၂) လောင်းကို ဇူလိုင်လ ၂၇ ရက်နေ့၌ ရှာဖွေတွေ့ရှိခဲ့ပြန်သည်။

ဒုတိယအကြိမ်ရှာဖွေမှုတွင် ရွာသားများက မြေကျင်းတစ်ခုကို တူးဖော်ခဲ့ရာ မြှုပ်နှံထားသည့် အလောင်း (၄) လောင်း၊ သစ်ပင်တွင် ကြိုးဖြင့် ချိတ်ဆွဲထားသည့် အလောင်း (၁) လောင်း၊ မြေပြင်တွင် လဲကျနေသော ရုပ်အလောင်း (၂) လောင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ရုပ်အလောင်း (၇) လောင်းမှာ အသက် (၆၀) ကျော်အရွယ် သက်ကြီးပိုင်း (၂) ဦး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ (၁) ဦး၊ အသက်  (၁၈) မှ (၃၀) ကြား (၄) ဦး၏ ရုပ်အလောင်းများ ဖြစ်ကြသည်။

ဇူလိုင်လ (၂၇) ရက်နေ့က ရှာဖွေမှုနှစ်ခုတွင် တွေ့ရှိခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းမှာ ဇီးပင်တွင်းရွာမှ (၂) ဦး၊ ချင်းဖုန်းရွာမှ (၁) ဦး၊ သမင်ဇပ်ရွာမှ (၁) ဦး၊ သလောက်ရွာမှ (၁) ဦးနှင့် မုံရွာမှ (၇) ဦး ဖြစ်ကြောင်းသိရသည်။ ရုပ်အလောင်းအားလုံး၏ ခန္ဓာကိုယ်တွင် တူညီသည့်အချက်မှာ ရိုက်နှက်၊ နှိပ်စက်ညှဉ်းပမ်းခြင်းကြောင့် ဒဏ်ရာ အများအပြား ရှိနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စတုတ္ထအကြိမ်ဖြစ်စဉ် (ရုပ်အလောင်း ၁၁ လောင်း)

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်တပ်များနှင့် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များ ဇူလိုင်လ (၂၆) ရက်နှင့် (၂၇)ရက်နေ့တို့တွင် ကနီမြို့နယ် တောင်ပေါက်အုပ်စု ထူးကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသခံများက ပြန်လည်ခုခံရင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် နောက်တစ်ရက် (၂၈) ရက်နေ့ နံနက်တွင် အကြမ်းဖက်စစ်တပ်က ကြပ်ချောင်းတောတိုက်တွင် တောင်သူလုပ်ကိုင်နေသော သရက်တောရွာသား ကိုအောင်ကျော်မြင့်၏ တဲအိမ်အတွင်းဝင်ရောက်၍ ကိုအောင်ကျော်မြင့်အပါအဝင် ထမင်းစား နေသောအမျိုးသား (၁၁) ဦးအား ဖမ်းဆီးခဲ့ပြီး  တဲကိုပါ မီးရှို့ဖျက်စီးခဲ့သည်။

ထို့နောက် နံနက် (၁၀) နာရီခန့်အချိန်တွင် သရက်တောရွာသား ကိုမြင့်သိန်း၏ ယာခင်းအစပ်မှ သေနတ်သံ ဆယ်ချက်ကျော်ခန့် ကြားရကြောင်းကို သတ်ဖြတ်ခံရသည့်အထဲတွင် ပါဝင်သူ၏ ဇနီးပြောကြားချက်အရ သိရ သည်။

ဒေသခံများက လိုက်လံရှာဖွေရာ ကနီမြို့နယ် တောင်ပေါက် ကျေးရွာအုပ်စု ကျောက်တံခါးချောင်းနှင့် ကြပ်ချောင်း အဆုံ၊ ကိုမြင့်သိန်း (သရက်တောရွာ)၏ ယာခင်းအတွင်း အမျိုးသား (၁၁) ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံထားရပြီး ဆိုင်ကယ် (၂) စီး နှင့်အတူ မီးရှို့ခံထားရသည်ကို ဇူလိုင်လ (၃၁) ရက်နေ့က တွေ့ရှိခဲ့သည်။

သေဆုံးသူများမှာ အမျိုးသားများဖြစ်ပြီး ခိုတွင်းရွာမှ (၁) ဦး၊ သရက်တောရွာမှ (၆) ဦး၊ ကနီမြို့ပေါ်မှ (၃) ဦး နှင့် ညောင်သူများရွာမှ (၁) ဦး စုစုပေါင်း (၁၁) ဦးဖြစ်သည်။ ကနီမြို့ပေါ်မှ (၃) ဦးမှာ ညီအစ်ကိုများဖြစ် ပြီး သရက်တောရွာရှိ ဆွေမျိုးများထံ တောင်သူအလုပ်လုပ်ရင်း မီးသွေးဖုတ်နေကြသူများ ဖြစ်သည်ဟု သိရသည်။

တွေ့ရှိရသည့် ရုပ်အလောင်းများအနက် (၃) လောင်းတွင် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ညိုမည်းဒဏ်ရာ‌များဖြစ်ပေါ် နေခြင်း၊ ဦးခေါင်းနှင့် ရင်ဘတ်များတွင် သေနတ်ဖြင့်ပစ်ခတ်ထားခြင်း၊ မျက်နှာများအား ဓါတ်ဆီလောင်း မီးရှို့ ထားခြင်းစသည့် ဒဏ်ရာများလည်းတွေ့ရှိခဲ့ပြီး အလောင်းများမှာလည်း ပုပ်ပွလျက်ရှိသည်။

ထိုအခင်းဖြစ်ပွားပြီး နောက်ဆက်တွဲအနေနှင့် ကနီမြို့နယ် ကင်းတောင်အုပ်စု ခိုတွင်းကျေးရွာနေ ဦးမောင်မြင့်က စစ်အုပ်စု၏အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် စိတ်ဖေါက်ပြန်သွားပြီး နောက်တစ်ရက် ဩဂုတ်လ (၁) ရက်နေ့ ညနေတွင် ကနီမြို့ပေါ်ရှိ အထက ကျောင်းနားသို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည်။ ထို့နောက် ကျောင်းအတွင်း စခန်းချနေသော အကြမ်းဖက်တပ်သားများကို “မင်းတို့တွေကြောင့် တို့ပြည်သူတွေ သေရတာ” ဟုအော်ဟစ်ပြီး ကျောင်းအုတ်တံတိုင်းနားသို့ ကပ်သွားစဉ် မည်သည့်လက်နက်မျှမပါသော ဦးမောင်မြင့်အား  အကြမ်းဖက်အဖွဲ့၏ တပ်သားများမှ ပစ်သတ်ခဲ့ကြပြီး အလောင်းအား ညတွင်းချင်းဖျောက်ဖျက်လိုက်ကြကြောင်း မိသားစုထံမှ သိရ သည်။

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်သော လူမဆန်စွာကျူးလွန်မှုများမှာ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ် နှင့်အမျှ ဖြစ်ပေါ်နေလျက်ရှိပြီး အထက်ပါ ကနီမြို့နယ်ဖြစ်စဉ်များမှာ တိကျသော သက်သေအထောက်အထား များဖြင့် ပေါ်ပေါက်လာရသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ အဆိုပါဖြစ်ရပ်များမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ဆိုးဝါးရက်စက်သော ရာဇဝတ်မှုမြောက်ပြီး မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို စစ်အုပ်စုက အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိကြောင်း သက်သေခံလျက်ရှိသည်။ စစ်အုပ်စုသည် ၎င်းတို့ ကျူးလွန်သော ရာဇဝတ်မှုများကို တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်သည်။

ကနီမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများသည် နိုင်ငံတကာဥပဒေအရ အမြစ် ပြတ် သုတ်သင်ရှင်းလင်းရေးလုပ်ရပ်တစ်ခုဖြစ်သည်။ (၁၉၄၉) ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်းနှင့် (၁၉၇၇) ခုနှစ်၊ ဇွန်လ (၈) ရက်နေ့၌ ထပ်မံ ဖြည့်စွက်ထားသော နောက်ဆက်တွဲစာချုပ်များတွင် ပြည်တွင်း/ပြည်ပ စစ်ပွဲများကြောင့် အရပ်သားနှင့် အရပ်သားများ၏ ပစ္စည်းဥစ္စာများ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထားမတိုက်ခိုက်ရန် အစရှိသည့် စံနှုန်းများကိုလည်း တိကျစွာ ဖော်ပြထားသည်။

ဂျီနီဗာသဘောတူ စာချုပ် (၄) ဖြစ်သော စစ်အတွင်း၌ အရပ်သားများကိုကာကွယ်ခြင်းဆိုင်ရာသဘောတူစာချုပ် (၁၉၄၉) ၏ အပိုဒ်(၃၂) အရ စစ်ပွဲအတွင်း ကာကွယ်ပေးရမည့်ပုဂ္ဂိုလ်များအား ရုပ်ပိုင်းဆိုင်ရာနာကျင်မှုဖြစ်စေရန် ဆောင်ရွက်မှု (သို့) အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စေနိုင်သော ဆောင်ရွက်မှုများကို တားမြစ်ထားသည်။ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရိုက်နှက်အပြစ်ပေးခြင်း၊ ဆေးပညာ (သို့)  သိပ္ပံပညာအတွက် အသုံးချခြင်းတို့ကို အရပ်သားပြည်သူများ သာမက စစ်ဘက်ဆိုင်ရာအေးဂျင့်များကပင် ပြုလုပ်ခွင့်မရှိဟု ပြဌာန်းထားသည်။

ကနီဖြစ်စဉ်သည် ဂျီနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး အရပ်သားများကို ပစ်မှတ်ထား၍ အမြစ်ပြတ် သတ်ဖြတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိုသို့ လူသားမျိုးနွယ် အပေါ် ကျုးလွန်သော ရာဇဝတ်မှုကို ပြစ်တင်ရှုတ်ချရမည်ဖြစ်ပြီး ထိထိရောက်ရောက် တရားစွဲဆိုရမည်ဖြစ်သည်။ ယခုကဲ့သို့သော ဖြစ်ရပ်များမှာ ကနီဒေသ တစ်ခုထဲတင်မဟုတ်ဘဲ ဒီပဲယင်းမြို့နယ်နှင့် အခြားသော မြို့နယ်များ တွင်လည်း ဖြစ်ပွားလျက်ရှိသည်ကို သိရှိရပြီး အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ နောက်ပိုင်းတွင် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်သည်။

ဒုတိယဖြစ်စဉ်တွင် အသက် (၆၀) ကျော် (၂) ဦးနှင့် မသန်စွမ်းသူ (၁) ဦး သတ်ဖြတ်ခြင်းခံရသည်။ စစ်အုပ်စုသည် လူ့အဖွဲ့အစည်းအတွင်းတွင် အားနွဲ့ပြီးထိခိုက်အလွယ်ဆုံးဖြစ်သည့် ကလေးသူငယ်များနှင့် မသန်စွမ်းသူများကိုပင် ပစ်မှတ်ထား၍ ညှဉ်းပန်းနှိပ်စက်သည့် လုပ်ရပ်များကို အကြိမ်ကြိမ်ကျူးလွန်လျက်ရှိသည်။ ထိုကဲ့သို့ ထိခိုက်နစ်နာ ခံစားလွယ်သော လူအုပ်စုများကို  နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကာအကွယ်ပေးရမည်ဟု တိကျသော  ကတိက၀တ်များ ပြုထားသည်။

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၁၈၂) နိုင်ငံက အတည်ပြုခဲ့‌ရေးထိုးခဲ့သည့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၁၅) ၌ “စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်းသူများအား ညှဉ်းပန်း နှိပ်စက်ခြင်းမှ ကာကွယ်ရမည်” ဟု အသေးစိတ် ဖော်ပြထားသည်။ ထိုသူများအား လိုအပ်သော အကာအကွယ် ပေးမှုရရှိစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း တာ၀န်ရှိမှုကို စောင့်ထိန်းလိုက်နာရမည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိုကဲ့သို့သော ကိစ္စရပ်များအတွက် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ လုပ်ရပ်များကို အရေးယူ တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။ သို့ဖြစ်၍ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ တရားမ၀င်အာဏာသိမ်းခြင်း ကို ငြင်းပယ်ရမည်မှာ အသေအချာပင်ဖြစ်သည်။ တဆက်တည်းတွင် မြန်မာပြည်သူတရပ်လုံး၏ သဘောထားကို ထင်ဟပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ကို မြန်မာနိုင်ငံ၏ တရား၀င် အစိုးရအဖွဲ့အဖြစ် နိုင်ငံတကာမှ သတ်မှတ်ပေးရန် လိုအပ်ပါသည်။ NUG အစိုးရအဖွဲ့အနေဖြင့်လည်း ရောမ စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးပြီး အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး (International Criminal Court, ICC) သို့ တင်ရမည်ဖြစ်သလို အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice, ICJ) ၌လည်း မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုပေးရမည်ဖြစ်သည်။

ဆက်သွယ်ရန်

ကွမ်းဝါးနေသော အမျိုးသားတစ်ဦးကို နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် လူလယ်ကောင်တွင် နားထင်ကို သေနတ်ဖြင့် တေ့ပစ်သတ်ခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူက ဆိုသည် 

စစ်ကိုင်းတိုင်း မင်းကင်းမြို့တွင် ယနေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်း၌ အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်ခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူနှင့် မင်းကင်းဒေသခံများထံမှ သိရသည်။

ချင်းတွင်းမြစ်ပေါ်ရှိ မင်းကင်းမြို့တွင် မုံရွာ − မင်းကင်း ပြေးဆွဲသည့် အမြန်ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်း၌ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခံရမှုကြောင့် ဆိပ်ကမ်းအုတ်ခုံပေါ် ထိုင်နေသူ အသက် ၃၉ နှစ်အရွယ် ကိုဇော်မျိုးမြင့် ပွဲချင်းပြီးသေဆုံးပြီး အနီးအနားရှိ အမျိုးသမီးတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်။

ကိုဇော်မျိုးမြင့် ဆိပ်ကမ်းအုတ်ခုံပေါ်ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူ ကျွန်းတောရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မလုပ်ပါနဲ့ဗျာလို့ သူတို့ကို (စစ်သားများ) ကျွန်တော်တောင်းပန်သေးတယ်။ ပြောပြောဆိုဆိုနဲ့ ဝိုင်းကန်၊ ရွာနာမည်မေးပြီးတော့ မောင်းဆွဲပစ်တာဆိုတော့ ကျွန်တော်လည်း အံ့ဩသွားတာပဲ။ တဒင်္ဂလေးပဲ ဖြစ်သွားတာ။ ခေါင်းကတော့ တစ်ခြမ်းတော့ ပွင့်ထွက်သွားတာပဲ” ဟု ၎င်းက ပြောသည်။

စစ်သားနှစ်ဦးက နှာခေါင်းစည်းတပ်ခိုင်းစဉ် နေရပ်မေးမြန်းရာတွင် ပထမ မင်းကင်းဟု ပြောဆိုပြီး နောက် ဒုတိယအကြိမ်တွင် ကျွန်းတောအနောက်ရွာဟု ဖြေသဖြင့် လိမ်သည်ဟုဆိုကာ ပစ်သတ်ခြင်းဖြစ်ကြောင်း၊ ကိုဇော်မျိုးမြင့်မှာလည်း အရက်မူးနေခြင်းဖြစ်ကြောင်း အထက်ပါ ကျွန်းတောရွာသားက ဆိုသည်။

“ပြောရရင်တော့ ပြည်သူတစ်ယောက် ဘာအပြစ်မှ ရှိတာ မဟုတ်ဘူး။ သူတို့က သေနတ်တကားကားနဲ့ အနိုင်ကျင့်သလို ဖြစ်တာပေါ့” ဟု သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ ကိုဇော်မျိုးမြင့်၏ မိတ်ဆွေလည်းဖြစ်သူ ၎င်းက ပြောသည်။

စစ်သားများက ကိုဇော်မျိုးမြင့်ကို ပစ်ခတ်စဉ် သေနတ်သံသုံးချက်ကြားလိုက်ရပြီး အနီးအနားရှိ ဆိပ်ကမ်းအုတ်ခုံပေါ်တွင် ထိုင်နေသူများအနက် အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ဟု ဆိုသည်။

သေနတ်ကျည်ဆန်ထိမှန်သူ မဇင်မာဝင်းဆိုသူမှာ ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီဖြစ်သည်ဟု မင်းကင်းမြို့ခံများထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် မည်သို့ သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ကို အသေးစိတ်မသိရသေးပေ။

ကျွန်းတောရွာသား ကိုဇော်မျိုးမြင့်မှာ မိတ်ဆွေတစ်ဦးနှင့်အတူ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို အမြန်ရေယာဉ်ဖြင့် မင်းကင်းမြို့သို့ လိုက်ပါပို့ဆောင်စဉ် ဆိပ်ကမ်း၌ ထိုသို့ ပစ်သတ်ခံရခြင်းဖြစ်ကာ ၎င်းတွင် ဇနီးသည်နှင့်အတူ ၁၀ နှစ်အောက်အရွယ် သားတစ်ဦး၊ သမီးတစ်ဦးနှင့် နို့စို့အရွယ် အရိုးပျော့ရောဂါရှိသူ သားငယ်တစ်ဦး ကျန်ရစ်သည်ဟု သိရသည်။

ယနေ့ညနေပိုင်းအထိ ကိုဇော်မျိုးမြင့်၏ ရုပ်အလောင်းကို မည်သည့်နေရာ သယ်ဆောင်သွားသည် မသိရှိရဘဲ သေဆုံးကြောင်း မိသားစုထံ အကြောင်းကြားခြင်းလည်း မရှိသေးကြောင်း ကျွန်းတောရွာဒေသခံက ပြောသည်။

“သူ့ (ကိုဇော်မျိုးမြင့်) အဖေက သွားကြည့်သေးတယ်။ စစ်သားတွေ ဝိုင်းအုံနေလို့ဆိုပြီး ပြန်လှည့်လာတယ် ကြားတယ်။ ဘာမှလည်း မပြောသေးဘူး။ သူ့အမျိုးသမီးကျတော့လည်း ဘာမှလည်း နားမလည်လို့တဲ့။ အိမ်မှာ ငုတ်တုတ်။ ကြောက်တာတွေရော၊ မသွားရဲတာတွေရော ဖြစ်နေတာ။ ခုထိက ဘာမှ မကြားရသေးဘူး။ အလောင်းလည်း ပြန်မရသေးဘူး” ဟု မင်းကင်းဒေသခံ အခြားသူတစ်ဦးက ပြောသည်။

Myanmar Now News

မဇ္ဈိမ၊ဩဂုတ်-၁၇
အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ရဲ့ ကိုဗစ်အကြောင်းပြ သွားလာခွင့် ကန့်သတ်ထားတာဟာ လူထုကို အခက်အခဲ အကြပ်အတည်းတွေ ဖြစ်စေတယ်လို့ မန္တလေးမြို့ခံ သမိုင်းသုတေသီ ဦးအောင်ကျော်မိုး(ပန်းပျိုးလက်)ကမဇ္ဈိမကိုပြောပါတယ်။
“အခုက ပေးတဲ့အချိန်ကတိုတယ်။ဘာလုပ်စားကြမလဲ။စဥ္းစားလုပ်လို့ ​ပြောရအောင်ကလည်း စဥ္းစားမယ့်ကောင်တွေမဟုတ်ဘူး။မစဥ်းစားလို့ ဒီအခြေအနေဖြစ်နေတာလေ။”လို့ ဦးအောင်ကျော်မိုး(ပန်းပျိုးလက်)ပြောပါတယ်။
အခုဆိုရင် မန္တလေးမြို့တွင်းကို အလုပ်လာလုပ်တဲ့သူတွေ စျေးရောင်း စျေးဝယ်ပြုတဲ့တွေလည်း အလုပ်မသွားရတာ စျေးရောင်း စျေးဝယ် မလုပ်ရတာတွေကြောင့် စားဝတ်နေရေးပါခက်လာတယ်လို့ ဆိုကြပါတယ်။
“ကျွန်မတို့က ပုသိမ်ကြီးဘက်က စျေးလာရောင်းရတာ အခု ၉နာရီဆိုတော့ စျေးဗန်းရွက် ပြန်ရုံပဲ။ရောက်ပြန်ပဲ။ကလေးတွေနဲ့ ဘာသွားစားမလဲ။”လို့ ကုန်စိမ်းသည် မသိတာအေးကပြောပါတယ်။
“ကျွန်တော်တို့အဖွဲ့က ပန်းရံလုပ်သားတွေ အသွားက ပြဿနာမရှိပေမယ့် အပြန်က ပြဿနာဗျာ။၅နာရီအလုပ်သိမ်းတယ်။တောင်ပြုန်းအထိပြန်ရမှာ ၅နာရီခွဲကိုပဲ သူတို့ပိတ်စစ်နေတယ်။မနေ့ က ဒဏ်ငွေ ၅၀၀၀ ရိုက်တယ်။လုပ်အားခက ၈၀၀၀ရတယ်။”လို့ တောင်းပြန်းရွာက ကိုအပုလေးက ပြောပါတယ်။
သွားလာခွင့်ကဒ်ပါလည်း အချို့နေရာတွေမှာ အကြောင်းအမျိုးမျိုးပြ ဒဏ်ငွေရိုက် ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ရှိတယ်လို့ မျက် မြင်တွေ့ခဲ့တဲ့သူတွေကဆိုပါတယ်။
ဩဂုတ် ၁၅ရက်ကလည်း ၆၂လမ်း၊၁၁၂လမ်းနဲ့၁၁၂(A)လမ်းကြား၊သစ်တောရုံအနီးမှာ နယ်ကျော်ကဒ်စစ်ရင်း ဖမ်းဆီးထားသူတွေကို အချုပ်ကားနဲ့တင်ခေါ်သွားတာတွေ မြို့နယ်အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာ ဒဏ်မဆောင်နိုင်တဲ့သူတွေ အချိန်ကြာမြင့်စွာ စောင့်ခိုင်းတာတွေလည်း လုပ်နေတယ်လို့သိရပါတယ်။
“စား ဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို ကျွန်တော်တို့အဖွဲ့က နေ့စဥ် ထမင်းဗူးနေတာ နယ်ကျော်ကဒ်လည်းပါတယ်။ချက်တာ ပြုတ်တာနဲ့ဆိုတော့ ၁၀နာရီလောက် မှ ဝေမယ့်နေရာကို သွားနိုင်တာလေ။အခု ၉နာရီကျော်လို့ မသွားရဘူးဆိုပြီး ရစ်တယ်။ကျွန်တော်တို့ အတော်အခက်အခဲဖြစ်တယ်။ကျွန်တော်တို့ လာပေးမှ စားရမယ့်သူတွေ အများကြီးဗျ။”လို့ စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေ ထမင်းဗူးနေ့စဥ်လှူနေတဲ့ ပရဟိလူငယ်တစ်ဦးကပြောပါတယ်။
အဲဒီလို ထမင်း၊ဟင်းလူနေတဲ့ထဲကတစ်ဦးဖြစ်တဲ့ မန္တလေးက နာမည်ကြီး စတီဗင် ဇော်ကြီးကလည်း အသွားအလာတွေ ခက်ခဲလာတာကြောင့် ကိုယ်တိုင် သွားရောက် မလှူနိုင်တော့ပဲ လှူရမယ့်နေရာကသူတစ်ဦးကို ချိတ်ဆက် လှူဒါန်းပေးနေရတယ်လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“အဲဒီကောင်တွေက ကဒ်စစ်တာမဟုတ်ဘူးဗျာ။ကားထဲပါရှာတယ်။ဆိုင်ကယ်တွေလည်း ဟိုလှန် ဒီလှန်စစ်တာပဲ။လက်နက်ကိုင်ပြီး စစ်နေတာ ခြိမ်းခြောက်တာပဲ။”လို့ အစစ်အဆေး ခံခဲ့ရသူ တစ်ဦးကပြောပါတယ်။
“အဓိက ကျွန်တော့်အမြင်ပါ။ဆန္ဒပြတာတွေ မရှိအောင်ရယ်။ရဲစခန်းတွေ အုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏ ဖေါက်ခွဲ ခံနေရတော့ ကြောက်တာလည်း ပါမှာပေါ့။ဒါကြောင့် ဒီလို စစ်နေတာလို့ မြင်တယ်။”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့မှာ ဩဂုတ် ၁၆ ရက်ကနေ၂၉ ရက်အထိ နေအိမ်ပြင်ပ စျေးဝယ်ထွက်ခွင့်ကို နံနက် ၄ နာရီကနေ ၉ နာရီအထိနဲ့ညနေ ၃ နာရီခွဲကနေ ၆နာရီခွဲအထိ ကန့်သတ်ထားပြီး စျေးဝယ်ချိန်ပြင်ပဖြစ်တဲ့ မနက် ၉ နာရီကနေ ညနေ ၃ နာရီခွဲအတွင်း ကျန်းမာရေး၊ နာရေးကိစ္စမှအပ အပြင်ထွက်ခွင့်မပြုကြောင်းနဲ့စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ ဖမ်းဆီးသွားမယ်လို့ အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကြောက်ရွံ့မှုထက် အမှန်တရားကိုရွေးချယ်ခဲ့သည့် လူငယ် ၅ ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတပ် ၀င်ရောက်စီးနင်းဖမ်းဆီးချိန်တွင် တိုက်ပေါ်မှ ခုန်ချသွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် မိသားစု၀င်များ၏ ဆန္ဒမပါ၀င်ဘဲ မီးသင်္ဂြိုဟ် ခဲ့ကြသည်။ သေဆုံးသူများ၏ အရိုးပြာကိုလည်း မိသားစု၀င်များ ကောက်ခွင့်မရခဲ့ပါ။ ဤကြေကွဲ၀မ်းနည်းဖွယ် ကောင်းသော ဖြစ်ရပ်သည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကို လိုလားသူများအား ၀မ်းနည်းကြေကွဲ စေခဲ့ပြီး အသက်စွန့်ခဲ့သောလူငယ်များအတွက် အနုပညာဖြင့် အမျိုးမျိုးပုံဖော်ကာ ဂုဏ်ပြုခဲ့ကြသည်။ ထိုအဖြစ်အပျက်သည် အာဏာသိမ်းစစ်ကောင်စီ၏ ဆိုးကျိုးကို သိသာမြင်သာစေပြီး လူငယ်များသည် ၎င်းတို့၏ လွတ်လပ်မှုအတွက် ဘာမဆို စွန့်စားပေးဆပ် လိုကြောင်း လူငယ်မျိုးဆက်သစ်တို့အား အထင်ကြီးစေသည့် အမွေကိုပေးခဲ့သည်။ သူတို့ ငြိမ်းချမ်းစွာနဲ့ အနားယူနိုင်ပါစေ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener မှ မြန်မာနိုင်ငံတွင် အထူးသဖြင့် လက်ရှိရင်ဆိုင်နေရသော ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန် မြန်မာပြည်၏အခြေအနေသည် အလွန်ခက်ခဲ ဆိုးရွားသောကြောင့် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ စိုးရိမ်ပူပန်မှုသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရ ပြောင်းလဲဖွဲ့စည်းခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံရမည့်အရေးကြောင့် ဖြစ်သည်။ ထို့ပြင် ဘရူနိုင်းနိုင်ငံခြားရေးဒုဝန်ကြီး Erywan Yusof အားမြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ်ခန့်အပ်ရန် အာဆီယံ၏ဆုံးဖြတ်ချက်သည်လည်း နောက်ထပ်စိုးရိမ်စရာတစ်ခုဖြစ်နေသည်။ အာဆီယံသည် အမျိုးသားညီညွတ်ရေးအစိုရနှင့် အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးမှုလုပ်ရန် ပျက်ကွက်ခဲ့သောကြောင့် ထိုကဲ့သို့  မြန်မာအာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ ဘရူနိုင်းနိုင်ငံခြားရေးဒုဝန်ကြီး Erywan Yusof အပေါ်ယုံကြည်မှုမရှိခြင်းသည် အကြမ်းဖက်စစ်တပ်နှင့် စီးပွားရေးအရ ဆက်နွယ်သည့် သတင်းကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမှု မြန်မာပြည်သူတို့၏ အကြမ်းဖက်စစ်အာဏာရှင်ကို ခုခံတွန်းလှန်သည့် အရှိန်အဟုန်သည် ငြိမ်သက်သွားခြင်းမရှိပါ။ အသံများကိုတိတ်ဆိတ်စေနိုင်သည်ဟု မှတ်ယူရသော အကျဥ်းထောင်၌ပင်လျှင် အာဏာရှင်ကို တွန်းလှန်သည့် အသံကိုကြားနေရသည်။ ၁၉၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်  ဒီမိုကရေစီရေးအတွက် အားဖြည့်တောင်းဆို ဆန္ဒပြခဲ့ကြသည်။ မန္တလေးမြို့ရှိ အိုးဘိုအကျဥ်းထောင်တွင် လူငယ်နှင့်ကျောင်းသားအများစုပါ၀င်သော အကျဥ်းသားများ သည် ဒီမိုကရေစီရရှိရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့သောကြောင့် တိုက်ပိတ်ခံခဲ့ရသည်။ အကြမ်းဖက်စစ်ကောင်စီသည် အကျဥ်းသားများအား ရိုက်နှက်ခြင်းအားဖြင့် ပို၍ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းဖြင့် ဖြိုခွဲခဲ့သည်။

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများသည်လည်း ထိခိုက်လွယ်ဆုံးသောသူများကို ပို၍ ထိခိုက်စေသည်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၏ အဆိုအရ နေရပ်စွန့်ခွာ စစ်ဘေးရှောင် အနည်းဆုံး ၇၀၀၀၀ ရှိပြီး နေရပ်သို့ပြန်ရန် ကြောက်ရွံ့နေကြသည်။ ကုလသမဂ္ဂ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာရသူပေါင်း ၂၀၀,၀၀၀ ခန့်ရှိသည်။