စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ဘေးရှောင်ရင်း ဒေသခံရွာသား ၁၂ ယောက်တို့ရဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ မနေ့က ဇူလိုင် ၃၁ ရက်မှာ ရွာသားတွေက ရှာဖွေတွေ့ခဲ့ရပါတယ်။ အဲဒီထဲက ညီအစ်ကို အရင်း သုံးယောက်တို့လည်း ပါဝင်ခဲ့ပါတယ်။ သူတို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကို မေးမြန်းထားပါတယ်။
ညီအစ်ကိုသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ကြားတယ်။ ဘယ်လိုဖြစ်တာလဲ။
သူတို့မိသားစု စားဝတ်နေရေးအတွက် တောထဲမှာ တောင်သူလုပ်ရင်း မီးသွေးခုတ်ရင်းနဲ့ အလုပ်လုပ် နေတာပါ။ အဲလိုနေရင်းနဲ့မှ အဖမ်းခံရတာ။ ၂၈ ရက်နေ့က။ အဲနေ့မှာပဲ နေ့ချင်းပဲ သေတာပါရှင့်။ သေဆုံးတယ်ဆိုတာ သတင်းကတော့ သေပြီးပြီဆိုတဲ့ သတင်းပဲ ကြားရသေးတယ်။ ကျွန်မတို့ မျက်မြင် မတွေ့ရသေးဘူး။ သူတို့ကို မီးကို မသင်္ဂြိုဟ်ရဲသေးဘူး။ အဲနားကို ဘယ်သူမှ မကပ်ရဲကြဘူး။ သေပြီးပြီဆိုတာတော့ အတည်ပြုပြီးပြီ။
သူတို့ရဲ့ နာမည် အသက်တွေ ပြောပြပေးပါအုံး။
ကိုအောင်မြင့်သူ အသက် (၃၂) နှစ်ရှိပါပြီ။ ချင်းတွင်းမောင်က အသက် (၂၅) နှစ်ထဲမှာပါ။ ဖြိုးကျော်အောင် (၁၈) နှစ်ပဲရှိသေးတာပါ။ သူတို့က ညီအစ်ကိုအရင်း သုံးယောက်စလုံးပါ။
သူတို့ရဲ့ ရုပ်အလောင်းတွေကို ဘယ်နေရမှာ ဘယ်လိုပြန်တွေ့တာလဲ။
နွားကျောင်းတဲ့ ကလေးမလေးတွေကနေ အမှတ်မထင်တွေ့တာ။ အဝတ်အစားလေးတွေ မှတ်မိတာကနေ သူတို့သေတယ်လို့ အတည်ပြုတာပါရှင့်။ နေရာက ကျောက်တံခါးဘက်လို့ခေါ်တာ ။ ကျောက်တံခါး ချောင်းထဲမှာ ဖြစ်တာ။ တောတောင်သူလုပ်ရင်းနဲ့ဆိုတော့ ချောင်းနားနီး တောတောင်ရေမြေ ကောင်းတဲ့နေရာမှာ အလုပ်လုပ်နေတာ။
ရုပ်အလောင်းကိုရော ပြန်ယူလို့ရပြီးလား။
သူတို့က တစ်ခုခု လုပ်ထားခဲ့မှာတို့ သွားပြီးတော့ မီးသင်္ဂြိုဟ်ခဲ့ရင် မိုင်းတွေဘာတွေ ထောင်ထားခဲ့လို့ ကွဲမှာကြောက်လို့။ တောသူ တောင်သားတွေဆိုတော့ ပိုကြောက်ကြတာပေါ့။
ရုပ်အလောင်းပုံစံကို ဘယ်လိုမြင်ခဲ့ရလဲ။
ရိုက်နှက်ပြီးတော့ သတ်ထားတဲ့ ပုံစံမျိုးတွေလည်း တွေ့ရပါတယ်။ မျက်နှာတွေ ဖူးယောင်နေတာ။ ရိုက်နှက်ခံပြီး သေထားတဲ့ပုံစံ တွေ့ရတယ်လို့ ပြောတယ်။
ဘာကြောင့်ဖမ်းသွားတယ်ဆိုတာသိလား။
မသိပါဘူး။ သူတို့က မီးသွေးဖုတ်သွားမယ်။ တူဝရီးတတွေ ထိုင်ဝိုင်းပြီး တောရဲ့ဓလေ့ ထမင်းထိုင်စားရင်းနဲ့ လာဖမ်းသွားတယ်လို့ သိရတယ်။ မိန်းကလေးတွေကို တခြားတစ်နေရာမှာ သပြေပန်းချိုး ထွက်နေချိန်မှာ ယောင်္ကျားလေးတွေ စုဝိုင်းပြီး ထမင်းစားနေချိန် ဖမ်းသွားတာဆိုတော့ တိတိကျကျ မပြောနိုင် ဘူး။ စစ်ဝတ်စုံတွေနဲ့ လာဖမ်းသွားတယ်လို့ သိရတယ်။
သူတို့ တောင်ယာအလုပ် လုပ်တဲ့နေရာနဲ့ အသတ်ခံရတဲ့နေရာက ဝေးလား။
တအားကြီး မဝေးလှပါဘူး။ သူတို့တဲနား ပတ်ဝန်းကျင်မှာပဲ။
 
 

RFA News

နိုင်ငံရှိ စစ်တပ်၊ ရဲအစရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်း ထန်ထန် ကျူးလွန်နေသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း လူအသေအပျောက် များပြားလာခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ခြိမ်းခြောက်နေပြန်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် လူနာများကို ကုသပေးသည့် ကျန်းမာရေး လုပ်သားများအား စစ်အာဏာရှင်များက ဖိနှပ်ချုပ်ခြယ် ထိန်းချုပ်ထားသည်။ ကျန်းမာရေးလုပ်သားများ၏ ကျွမ်းကျင်မှုက ပြည်သူလူထု၏ အသက်ကယ်ဆယ်ရေးအတွက် သေ ရေးရှင်ရေးတမျှ အရေးကြီးသည်။ တိုင်းပြည်၏ သူရဲကောင်းများဖြစ်သည့် ကျန်းမာရေးနယ်ပယ်တွင် ကျွမ်း ကျင်သူများ ကို ကူညီရမည့်အစား စစ်တပ်သည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရွေးချယ် ဦးထိပ်ပန်ဆင် လျှက်ရှိသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစပြီး စစ်တပ်၏ တရားမဝင် ထင်ရာစိုင်း အုပ်စိုးမှုကြောင့် ပရမ်းပတာ၊ ဝရုန်းသုန်း ကားဖြစ်နေသည်။ စစ်အာဏာရှင်များသည် လူ့အသက်ပေါင်းများစွာကို တန်ဖိုးမထား လျစ်လျူရှု ပြီး လူသားမျိုး နွယ်အပေါ် ဆန့်ကျင်သည့်ပြစ်မှု (CAH) ကျူးလွန်ကြသည်။ ၎င်းတို့ အာဏာတည်မြဲရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက စစ်အာဏာသိမ်းချိန်မှစပြီး အပြစ်မဲ့ပြည်သူ ၉၀၀ ကျော်ကို အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်၊ ညှဥ်းပန်းနှိပ်စက်ကြသည်။ စစ်အာဏာရှင်များက လုပ်ငန်းကျွမ်းကျင်သူ ဆရာဝန်ကြီး များကို ဖမ်းဆီး ထိန်းသိမ်းထားပြီး သတင်းလွတ်လပ်မှုနှင့် နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူများကို ကြောက် ရွံ့စေရန် ဖန်တီးထားသည်။ ကပ်ရောဂါ၏ ခြောက်လှန့်မှုနှင့် ပြည်သူလူထုအပေါ် ဆိုးကျိုးသက်ရောက်မှု တို့က “အားအပြင်းဆုံး မုန်တိုင်းတခု” ပမာဖြစ်သည်ဟု ကုလသမဂ္ဂက ပြောဆိုသည်။ လတ်တလောတွင် ကိုဗစ်-၁၉ အတည်ပြုလူ နာ ၂၀၀,၀၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူ အရေအတွက်မှာ တိုးလာနေသည်။ အာဏာသိမ်း စစ်အာဏာရှင်များသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာအလုံးစုံအား ထာဝရယူလိုသည် ကလွဲ၍ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ခြင်းမရှိသဖြင့် လူထုမှာ အောက်စီဂျင်နှင့် တကိုယ်ရေ အ ကာအကွယ်သုံး ကျန်းမာရေးပစ္စည်းများအပါအဝင် အသက်ကယ်ဆယ်ရေး အထောက်အပံ့များကို လက်လှမ်းမီ ရယူနိုင်ခြင်း မရှိပေ။

ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပိုမိုလိုအပ်လာသည့်အတွက် ဈေးမှာလည်း ထိုးတက်သွားပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု အခြေခံအဆောက်အအုံအပေါ် နောက်ထပ် ခြိမ်းခြောက်မှု ဖြစ်လာ သည်။ တိုင်းပြည်အနှံ့ရှိ ပြည်သူများမှာ ဆေးဆိုင်များရှေ့တွင် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက် ဆိုးနှင့် ဗစ်တာမင်စုံဆေးတို့ကို တန်းစီဝယ်သူနေကြပြီး ဆေးများမှာ အချိန်တိုအတွင်း ရောင်းကုန်သွား၍ ဈေးမှာလည်း နှစ်ဆခန့်တက်သွားသည်။ မျက်နှာဖုံးများမှာလည်း လုံလောက်မှုမရှိပဲ သာမန်ပြည်သူများ ဝယ် ယူနိုင်သည့် ဈေးထက်ကြီးမြင့်နေသည်။ သုဿာန်နှင့် မီးသဂြိုလ်စက်များတွင် ရာနှင့်ချီသည့် အလောင်းများ ကို နာရေးကူညီမှုအသင်းများက နေ့စဥ်မှတ်ပုံတင်၍ သဂြိုလ်ပေးနေရသည်။ သေဆုံးသူအများစုမှာ အောက် စီဂျင်ပြတ်လတ်၍ သေဆုံးကြခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်တို့ ၏ ကိုင်တွယ်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး “ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည် သူများ၏ ကျန်းမာရေးစောင့်ရှောက်ပိုင်ခွင့်ကို စစ်အာဏာရှင်တို့ က ငြင်းပယ်နေသည်”ဟု ထုတ်ပြန်ခဲ့ သည်။

ND-Burma မှ ယခုစာတန်းငယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်သည်ဆိုသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူ ၄ ချက်အပေါ်တွင် အခြေခံ၍ သုံးသပ်တင်ပြထားသည်။ မြန်မာစစ်တပ်၏ အားနည်းချက်များကို မီးမောင်းထိုးပြထားပြီး ကပ်ရောဂါအပေါ် ၄င်းတို့၏ တုန့်ပြန်ဆောင် ရွက်မှု မရှိခြင်းကြောင့် လူ့အသိုင်းအဝိုင်းအတွင်း အထိခိုက် အနစ်နာအလွယ်ဆုံးသူများကို ကျောခိုင်း ဥပက္ခောပြု ချန်လှပ်ထားသည်။ စစ်ကောင်စီသည် လူသားချင်းစာနာသည့် အကူအညီပေးရေးအဖွဲ့ မဟုတ် သော်လည်း ၎င်းတို့လက်ထဲတွင် အရေးပေါ်ကူညီ ကယ်ဆယ်နိုင်သည့် ပစ္စည်းကရိယာနှင့် အရင်းအမြစ်များ ရှိနေသည်။ ကျန်းမာရေးသည် လူ့အခွင့်အရေးဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ကျန်းမာရေးစောင့် ရှောက် ပိုင်ခွင့်၊ ကုသခံပိုင်ခွင့်နှင့် အန္တရာယ် တစုံတရာမရှိပဲ အရင်းအမြစ်ရရှိခွင့်တို့ကို စစ်အာဏာရှင်တို့က ထိန်းချုပ်ဖယ်ရှားနေသည်။

မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ပုံကို ပြစ်တင်ရှုံ့ချထားသော“ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း” ဖော်ပြထားသည့်စာတန်းငယ်တစောင် ကို လူ့အခွင့်အရေးမှတ် တမ်းကွန်ရက် (မြန်မာနိုင်ငံ), (ND-Burma) မှ ထုတ်ပြန်သည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးချိန်မှစပြီး တိုင်းပြည် မတည်ငြိမ်မှုနှင့် ပရမ်းပ တာ ဖြစ်နေချိန်တွင် ပြည်သူလူထုသည် မိမိတို့ဘာသာ မိမိတို့ ကာကွယ်နေရသည်။ ကိုဗစ်-၁၉ ကပ် ရောဂါသည် ပြည်သူများ နောက်ဆုံးတိုက်ပွဲဝင်နေရသည့် ရောဂါဖြစ်သည်။ “ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း” အသစ်ထုတ်ပြန်သည့်  စာတန်းငယ်တွင် စစ်အာဏာရှင်တို့သည် ကိုဗစ်-၁၉ အား ထိရောက်စွာ တုန့်ပြန်မှု မရှိကြောင်းနှင့် အရေးပေါ်ကာလအတွင်း ထိရောက်စွာကု သပေးရန် ကျိန်းသေစေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို မည်သို့ချိုး ဖောက်နေကြောင်းကို ND-Burma မှ တင်ပြထားသည်။ စစ်အာဏာရှင်များအနေဖြင့် ပြည်သူလူ ထုအား ကျန်းမာရေးအတွက် အရင်းအမြစ်နှင့် ငွေကြေးခွဲဝေပေးမည်မှာ ယုံကြည်စရာ မဟုတ်ပေ။

နေအိမ်များနှင့် လူနာများပြွတ်ကြပ်နေသည့် ဆေးရုံများတွင် သေလုမြောပါး ခံစားနေရသော ထောင်နှင့်ချီသည့် ကိုဗစ်-၁၉ လူနာများ၏ လိုအပ်ချက်နှင့်အညီ ကုသပေးရမည့်အစား စစ်အာဏာ ရှင်များသည် ဆရာဝန်နှင့် ကျန်းမာရေးလုပ်သားများအား ဖမ်းဆီးထိန်းသိမ်းနေပြီး မြို့ပြနှင့် ကျေး လက်များသို့ အသက်ကယ်ပစ္စည်းများ ပေးဝေရန် ငြင်းပယ်နေသည်။ အပစ်အခတ်ရပ်စဲရေး မှာလည်း ချိုးဖောက်ခံနေရပြီး အရေးပေါ်အကူအညီများမှာလည်း စစ်အာဏာရှင် တပ်များ၏ ကြားဖြတ် လုယူခံနေရသည်။ ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်သည်ဆိုသည့် လူသားချင်းစာနာထောက်ထားမှု အခြေခံမူများကို စစ်အာဏာရှင်များ၏ အပြုအမူတို့က တိုက်ရိုက် ချိုးဖောက်နေသည်။ လူသားခြင်း စာနာထောက်ထားခြင်းခွဲခြားမှု မရှိခြင်းကြားနေခြင်းလွတ်လပ်ခြင်း စသည့် လူသားချင်းစာနာထောက်ထားသည့် အခြေခံမူများကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်ခြင်းဖြင့် လူထုအပေါ် ပျက်ကွက်နေသည်။

စစ်အာဏာရှင်များအနေဖြင့် တရားမဝင် အာဏာရရယူထားမှုကို စွန့်လွှတ်ရန် ND-Burma မှ တောင်းဆိုသည်။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းနှင့် လူထုအတွက် ဆောင်ရွက်ပေးလိုစိတ် မရှိခြင်းတို့ ပေါင်းစပ်ထားခြင်းဖြင့် စစ်အာဏာရှင်တို့သည် ပြည့်စုံကုံလုံသည့် လူသားချင်းစာနာမှု ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်နိုင်စွမ်းမရှိသည်ကို ပြသနေသည်။

လူ့အသက်များ ကယ်ဆယ်ရေးမှာ သေရေးရှင်ရေးတမျှ အရေးကြီးနေပေရာ ထိခိုက်နစ်နာ အလွယ်ဆုံးသူများအား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ကျန်းမာရေးလုပ်သားများ ကုသရေးလုပ်ငန်းများကို လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်နိုင်ရန်  နိုင်ငံတကာ အသိုင်းအဝိုင်းမှ အလျင်အမြန် ကြားဝင်ဆောင်ရွက်ရမည် ဖြစ်သည်။

  

ဆက်သွယ်ရန်

 

၁. မမွန်းနေလီ

kwat.office@gmail.com


ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။

 

အဖွဲ့ဝင်အဖွဲ့အစည်းများ 

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၄။ အနာဂါတ်အလင်းတန်းဆုံမှတ်

၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ

 

ဆက်စပ်အဖွဲ့ဝင်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၃။ ပအိုဝ်းလူငယ်များအစည်းအရုံး

၄။ ရှေ့ပြေးအသံ

 

အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ၉ ဦး ရှိပြီဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၂၆ ရက်) ထုတ် စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ တတိယလှိုင်းအနေဖြင့် ကူးစက်မှု မြင့်တက်နေချိန်တွင် နိုင်ငံတဝှမ်း အကျဉ်းထောင်၊ အချုပ်ထောင်များအ တွင်း ဇူလိုင် ၁၅ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၅၆၆ ဦး ရှိလာပြီး ၃၁၄ ဦးမှာ ဆက်လက် ကုသနေဆဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဇူလိုင် ၂၀ ရက် ပြောကြားချက်အရ ထောင်များအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေ ဆုံးသူ ၆ ဦးသာ ရှိခဲ့ရာမှ ငါးရက်အတွင်း ၃ ဦး ထပ်မံ သေဆုံးခြင်း ဖြစ်သော်လည်း မည်သည့် အကျဉ်းထောင်များမှ ဖြစ်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယင်းပြင် သေဆုံးသူများသည် မူလရောဂါအခံ ရှိသူများဖြစ်ကြောင်းနှင့် ကုသဆဲ လူနာများတွင်လည်း သာမန်ကူး စက်မှု အဆင့်သာဖြစ်ပြီး စိုးရိမ်ရသည့်လူနာများ မရှိကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း မှာ အင်းစိန်ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကုသနေစဉ် ကွယ်လွန်ခဲ့ရ သည်။

ယင်းပြင် ဦးဟံသာမြင့်မှာလည်း အင်းစိန်ထောင်အတွင်း ကိုဗစ်ကူးစက်ရမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင်ပင် ဆေးကု သမှုခံယူနေလျက်ရှိသည်။

အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုများပြားနေမှုနှင့် ကိုဗစ်သံသယဖြစ်ဖွယ် ဖျားနာနေသူများအား လုံလောက် သည့် ဆေးကုသခွင့်ပေးရန် ဇူလိုင် ၂၃ ရက် မနက်ပိုင်းက အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများက ဆန္ဒပြ ထုတ်ဖော်တောင်းဆိုခဲ့သည်။

ယင်းသို့ တောင်းဆိုမှုအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်များ ဝင်ရောက် ရိုက်နှက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၂၀ ဦးခန့် သေဆုံးကြောင်းနှင့် အချို့မှာလည်း တိုက်ပိတ်ပြစ်ဒဏ် ပေးခံရကြောင်း လွတ်လပ်သည့် သတင်းမီဒီယာ အချို့က သတင်းများတွင် ဖော်ပြလျက်ရှိသည်။

ထိုသို့ သေဆုံးမှု သတင်းများနှင့် ပတ်သက်ပြီး အကျဉ်းဦးစီး တာဝန်ရှိသူများက ငြင်းဆိုထားကြပြီး “သူတို့ကို မတရား ရိုက်နှက်တာ၊ မတရား တိုက်ပိတ်တာ ဒါမျိုးတွေ တယောက်မှ မရှိပါဘူး၊ ဒီလိုမျိုး ကျနော်တို့ လုပ်လည်း မလုပ်ပါဘူး” ဟု အကျဉ်းဦးစီး ပြောရေးဆိုခွင့်ရှိသူ ဦးအေးချမ်းကျော်က ဇူလိုင် ၂၅ ရက်က ပြောထားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်ကတော့ ထောင်အတွင်းဆန္ဒပြတောင်းဆိုမှုမှာ ဦးဆောင်ပါဝင်ခဲ့သည့် သမဂ္ဂအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင်(ခ) ဆစ်နိုင် အပါအဝင် တခြားရဲဘော်များ အင်းစိန်ထောင်၊ သီး သန့်တိုက်အတွင်း၌ မတရား တိုက်ပိတ်ခံထားရကြောင်း သတင်းထုတ်ပြန်ထားသည်။

ထောင်အတွင်း ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်ပြီး စစ်အာဏာရှင် အဆက်ဆက် အကြမ်းဖက် ဖြိုခွဲမှုကြောင့် လူသေဆုံးမှု မှတ်တမ်းများ ရှိထားသည့်အတွက် ယခု ဆန္ဒပြတောင်းဆိုမှု အပေါ်မှာလည်း အကြမ်းဖက်ဖြိုခွင်းခြင်းများ ပြုလုပ်မည်ကို စိုးရိမ်မှုများရှိနေကြပြီး ထောင်ဝင်စာ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုမှုများ ရှိနေသည်။

အင်းစိန်ထောင်အတွင်း ဆန္ဒပြ တောင်းဆိုမှုတွင် စစ်တပ်ကားများ ထောင်အတွင်း ဝင်ရောက်သွားကြောင်း ပတ်ဝန်း ကျင်က မြင်တွေ့ခဲ့ရသည့်အတွက်လည်း စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၂၃ ရက်တွင်ပင် သတင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ နော်ဝေ စတဲ့ နိုင်ငံ ၁၅ နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများကလည်း အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ဖမ်းဆီးထားသူများ၏ ကျန်းမာရေး စောင့်ရှောက်ရန်နှင့် လူအခွင့်အရေး လေးစား လိုက်နာရန် စုပေါင်း လက်မှတ်ရေးထိုးကာ တောင်းဆိုခဲ့ပြီး အခြေအနေများအား စောင့် ကြည့်နေကြောင်း ထုတ်ပြန်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကလည်း အကျဉ်းထောင်အတွင်း ဖြစ်ပေါ်မှုများအား အနီးကပ် စောင့်ကြည့်နေပြီး အကျဉ်းထောင်များ အပါအဝင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံစားရမှုများ မြင့်တက်လာမှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း ဇူလိုင် ၂၄ ရက်က ထုတ်ပြန်သည်။

ယင်းပြင် လူသားချင်း စာနာထောက်ထားမှုအတွက် အကျဉ်းထောင်များအတွင်း သွားရောက် လေ့လာမှုနှင့် အကျဉ်း ချထားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါနှင့် အထွေထွေ ကျန်းမာရေးဆိုင်ရာ အကူအညီများ ထောက်ပံ့နိုင်ရေး ထပ်မံ ကမ်းလှမ်းကြောင်းလည်း ICRC က ပြောထားသည်။

မြန်မာနိုင်ငံအတွင်း ဇူလိုင် ၂၅ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၂၆၉,၅၂၅ ဦး ရှိရာ သေဆုံးသူ ၇၁၁၁ ဦး ရှိပြီဖြစ်ပြီး စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း သေဆုံးမှု အများဆုံး ဖြစ်သည်။

အဆိုပါ အချက်အလက်များသည် စစ်ကောင်စီ လက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နေသည့် အရေအ တွက်သာဖြစ်ပြီး လက်တွေ့ မြေပြင်အခြေအနေတွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူ (သို့) သံသယ လူနာများ သေဆုံးမှုမှာ ပိုမို များပြားလျက်ရှိနေသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ ဆေး၀ါး၊ ကာကွယ်ဆေးများ၊ အောက်ဆီဂျင်နှင့် တစ်ခြားသော ကာကွယ်ကုသရေးဆိုင်ရာ ပစ္စည်းများ အပါအ၀င် ကိုဗစ်ထိန်းချုပ်ကုသရေးကို အရပ်သားပြည်သူများမရရှိအောင် တားဆီးပိတ်ပင်ထားဆဲဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည်။ အရေးပေါ်လိုအပ်လျက်ရှိသော ဆေး၀ါးပစ္စည်းများကို တားဆီးပိတ်ပင်မှုကြောင့် ပြည်သူများသည် ဆေး၀ါးများကို စျေးကြီးပေး၀ယ်နေရသည်။ အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် တုန့်ပြန်ဆောင်ရွက်ခြင်းမရှိပါ။ နိုင်ငံတကာမှ ကြား၀င်ဆောင်ရွက်ပေးရန် အရေးပေါ်လိုအပ်သည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

၂၃၊ ဇူလိုင်၊ ၂၀၂၁
ယနေ့ ဇူလိုင် (၂၃) ရက် နံနက် ၈ နာရီခန့်အချိန်တွင် အင်းစိန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့်ပတ်သက်သော ကြွေးကြော်သံများဟစ်ကြွေး၍ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရသည်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အတွက် ဖမ်းဆီးခံထားရသူများကို ထိန်းသိမ်းထားသော အင်းစိန်သီးသန့်ထောင်၏ အမျိုးသမီးဆောင်မှ စတင်၍ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်တစ်ခုလုံး ပူးပေါင်းပါဝင်ကာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့လည်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြသည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်းသို့ စစ်ကားများ ဝင်ရောက်၍ ထောင်ကို စီးနင်းမှုပြုလုပ်ကာ ထောင်ရှိလက်နက်များအားလုံးကိုလည်း သိမ်းဆည်းခဲ့ကြောင်း အကျဉ်းဦးစီးဌာန၏ ဝန်ထမ်း တချို့က အတည်ပြုပြောဆိုခဲ့သည်။
အင်းစိန်ထောင်၏ အမျိုးသမီးအဆောင် နှစ်ဆောင်တွင် COVID-19 ရောဂါ အခြေအနေဆိုးရွားလျက်ရှိနေ သော်လည်း အာဏာပိုင်များက အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို လျစ်လျူရှုထားပြီး အထူးတိုက်နှင့် ဆေးရုံတွင်သာ ကျန်းမာရေးစောင့်ရှာက်မှုကို ပေးထားသည့်အပြင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများအတွက်လည်း မည်သည့်ကာကွယ်စောင့်ရှောက်မှုကိုမှ စီမံဆောင်ရွက်ခြင်းမပြုထားသော ကြောင့် ဆန္ဒထုတ်ဖော်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရှိရသည်။ ဇူလိုင်လ ၂၂ နေ့တွင် အခြားသောပြစ်မှုများဖြင့် ဖမ်းဆီးခြင်းခံထားရသည့် အချုပ်သား တစ်ထောင်ကျော်ကို အင်းစိန်ထောင်မှ လွှတ်ပေးရန် စီစဉ်နေပြီး အသုတ်လိုက်ခွဲ၍ လွှတ်ပေးနေကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောဆိုခဲ့ပြီး‌နောက် ယခု ဖြစ်ရပ်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
၁၉၉၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက အင်းစိန်အကျဉ်းထောင်အတွင်း၌ပင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ အာဏာအပ်နှင်းရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း အစာငတ်ခံဆန္ဒပြရာမှတစ်ဆင့် သပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြရာ အာဏာပိုင်များက ရက်ရက်စက်စက် နှိပ်ကွပ်ချေမှုန်းခဲ့သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၀ ကျော် ဆေးရုံတက်ရမည့်အခြေအနေသို့ ရောက်ရှိခဲ့ဦး ၆ ဦးမှာ သေလုမြောပါး ရိုက်နှက်ခြင်းခံခဲ့ရသည်။
အကျဉ်းသားများအား ပြင်းထန်စွာရိုက်နှက်သဖြင့် ရိုက်နှက်သံများ၊ ကြိမ်းမောင်းဆဲဆိုသံများနှင့် အကျဉ်းသားများ၏ နာကျင်အော်ဟစ်သံများအား ထောင်တွင်း နှင့် ထောင်ပြင်ပမှ မကြားနိုင်အောင် အကျဉ်းထောင်ပတ်လည်ရှိ လုံခြုံရေးမျှော်စင်များမှ သီချင်းများကို လော်စပီကာများဖြင့် ကျယ်လောင်စွာဖွင့်ခဲ့သည်။ သို့ရာတွင် နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အစိုးရက အကျဉ်းသားများကို ရိုက်နှက်ရာတွင် နိုင်ငံတကာအသိအမှတ်ပြုနံပါတ်တုတ်ဖြင့်သာ ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ၃ ဦးသာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် ယနေ့ဖြစ်ပွားခဲ့သော အင်းစိန် ထောင်တွင်း ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ အကျဉ်းသားများအပေါ် ပြင်းထန်ပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ် စက်ခြင်းများကို ထောင်အာဏာပိုင်များနှင့် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်မည်ကို များစွာစိုးရိမ်မိ ပါသည်။ နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားများ၏ အသက်ရှင် သန်ခွင့်နှင့် အမြန်ဆုံးလွှတ်ပေးရေးတို့အတွက် အာဏာသိမ်းစစ်အုပ်စုကို အဖက်ဖက်မှ ဖိအားပေးရန် မိမိတို့မှ အလေးအနက် တောင်းဆိုလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
ဒေါင်းလော့ရယူရန် https://aappb.org/…/Burmese_Prison-Strike-Statement…