ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်ကောင်စီကိုယ်စားလှယ် ကုလအထွေထွေညီလာခံမှာ ပါဝင်ခွင့်မပြုဖို့ အမေရိကန်နဲ့ တရုတ်ကြား သဘောတူမှု ရနိုင်ပြီလို့ သတင်းထွက်ပေါ်
အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စကားပြောခွင့် မပေးဖို့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကြား သဘောတူမှု ရထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလအထွေထွေညီလာခံကနေ တားဆီးရေးကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သီတင်းပတ် တချို့ကြာ အချိန်ယူပြီး ကြိတ်ဆွေးနွေးနေခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် နိုင်ငံခြားရေး မူဝါဒ စာစောင် “ဖောရိန်းပေါ်လစီ FP” က ရေးပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ရလာတဲ့ သဘောတူမှုအရ ဦးကျော်မိုးထွန်း အနေနဲ့လည်း အထွေထွေ ညီလာခံမှာ စကားမပြောပဲ နေရမယ် ဆိုတဲ့ အချက် ပါဝင်တယ်လို့ ကနဦး သတင်းတွေက ဆိုပြီး ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြု နိုင်ဖို့ ကြိုးစား နေပါတယ်။
တရုတ်နဲ့ အမေရိကန် ကမကထလုပ် ညှိနှိုင်းတဲ့ ဒီ သဘောတူမှုကို ဥရောပ သမဂ္ဂ အီးယူရော၊ အာဆီယံ နိုင်ငံတွေရော၊ ရုရှားပါ မကျန် အလွတ်သဘော လက်ခံတယ် ဆိုပြီး ကုလ သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး FP က ပြောပါတယ်။
စစ်ကောင်စီ ကိုယ်စားလှယ် အထွေထွေ ညီလာခံမှာ စကားပြောခွင့် မရ၊ ပါဝင်ခွင့် မရ ဖြစ်သွားမယ် ဆိုရင် တရားဝင် အစိုးရ သဖွယ် ပုံဖော်နိုင်ဖို့ စစ်ကောင်စီရဲ့ ကြိုးစားနေမှု အကြီးအကျယ် ထိုးနှက် ခံရတာ ဖြစ်ပါတယ်။
အနည်းဆုံးတော့ စစ်ကောင်စီ အနေနဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြု ခံရဖို့ ဆိုရင် အနည်းဆုံး နိုဝင်ဘာလ အထိတော့ စောင့်ရနိုင်တယ်လို့ FP က ဆိုပါတယ်။
အရည်ချင်းစစ်ကော်မတီရဲ့ စိစစ်ထောက်ခံမှု ထွက်ပေါ်လာချိန်ကို ရည်ညွှန်းတာ ဖြစ်ပြီး အကယ်၍ စစ်ကောင်စီ ခန့်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတဲ့ အဖြေမျိုး ထွက်လာခဲ့ရင်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
နိုင်ငံကို ကိုယ်စားပြုခွင့် အရည်ချင်းစစ်ကော်မတီထဲမှာ ဘယ်နိုင်ငံတွေ ပါမလဲ ဆိုတာလည်း အခု စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာလာမယ်လို့ မျှော်လင့် ရပါတယ်။
ကုလ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကော်မတီ ဥက္ကဌက ဆွီဒင်၊ အဖွဲ့ဝင်တွေက ပါနေကျ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ကျန် ၅ နိုင်ငံကတော့ ဘဟားမားစ်၊ ချီလီ၊ ဘူတန်၊ ဆီယာရာလီယွန်း၊ တောင်အာဖရိကတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
BBC Burmese News
၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေး မြန်မာကိုယ်စားလှယ်တက်ခွင့်မရ
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၃ ရက် ဒီနေ့ စတင် ကျင်းပနေပါတယ်။
ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့စည်းအဝေးဆုံးဖြတ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်ကိုရော NUG အစိုးရ ကိုယ်စားလှယ်ကိုပါ ကုလသမဂ္ဂ အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု တက်ရောက်ခွင့်မပြုသေးပါဘူး။
အောက်တိုဘာ ၈ ရက်အထိကျင်းပမယ့် ဒီအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အစီရင်ခံတင်ပြမှု၊ စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ တွမ်အန်ဒရူးရဲ့ တင်ပြမှုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှု အစီအစဉ်တွေရှိတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
လတ်တလော စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်တွေ နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အချိန်နဲ့တပြေးညီ ပေးပို့နေသလို သီးသန့်အစီရင်ခံစာတစောင်ကိုလည်း မကြာမီ ဆက်လက်ပေးပို့သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက သတင်းစကားပါးထားပါတယ်။
မြန်မာနိုင်ငံက တင်သွင်းရမယ့် လူ့အခွင့်အရေးအစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမယ့် အစီအစဥ် (UPR report) ကတော့ ၂၀၂၂ ခုနှစ် မတ်လမှာ ကျင်းပမယ့် အစည်းအဝေးကို ထပ်မံရွေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
NUG အစိုးရရဲ့ကိုယ်စားလှယ်လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဏာသိမ်း စစ်ကောင်စီကိုယ်စားလှယ်တို့အနက် ဘယ်သူ့ကို ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် ရွေးချယ်မလဲဆိုတာ စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွညီလာခံကနေ ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။
Photo-UN
DVB News
မြန်မာပြည်သူများ၏ မှန်ကန်သော ကိုယ်စားပြုမှုအသံကို စစ်အုပ်စုမှ လုယူနိုင်သည့်အပေါ် စိုးရိမ်နေချိန် UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက UN ကို တောင်းဆို
[၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်] ကုလသမဂ္ဂ (UN) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ UN ဆိုင်ရာ လက်ရှိ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၎င်း၏ လက်ရှိရာထူး နေရာတွင် ဆက်လက်ထားရှိရန် မြန်မာနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့တို့က ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ အဖွဲ့ဝင်များထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် (တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင်) UN အဖွဲ့ဝင် နိုင်ငံ ၉ နိုင်ငံတို့ပါဝင်သော UN ၏ အထောက်အထားစိစစ်ရေးကော်မတီ (Credentials Committee) မှ တွေ့ဆုံပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ဖေဖော်ဝါရီလမှစ၍ သွေးစွန်းသည့် အာဏာသိမ်းရေး ကြိုးပမ်းမှုကို လုပ်ဆောင်နေသော တရားမဝင်စစ်အုပ်စု တို့အကြား UN တွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်ခွင့် အပြိုင်အဆိုင် လျှောက်ထားမှုကို စဉ်းစားဆုံးဖြတ်မည် ဖြစ်သည်။ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းခဲ့စဉ်မှစ၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာပြည်သူများနှင့် ၎င်းတို့၏ တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အတွက် အလွန်အရေးပါသော ကိုယ်စားပြုမှုအသံကို UN တွင် ပေးနေခဲ့သည်။ အထောက်အထားစိစစ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်ပတ်သက်သော ၎င်းတို့၏ ဆွေးနွေးမှုများအပြီးတွင် UNGA သို့ ၎င်း၏ အကြံပြုချက်များကို တင်ပြလိမ့်မည် ဖြစ်သည်။
ရှေ့ပြေးအသံအဖွဲ့ (PV) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက “UN အဖွဲ့ဝင်တွေက သူတို့အဆင်ပြေဖို့ အဓိကထားပြီး မလုပ်မရှုပ်သဘောနဲ့ ဆုံးဖြတ်ခဲ့ရင် မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ကိုယ်စားပြုမှုအသံကို UN မှာ လုယူခံလိုက်ရတာမျိုး၊ တစ်နည်းအားဖြင့် ပြည်သူကို အညှာအတာမဲ့ သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အုပ်စုကိုပဲ သူတို့သတ်နေတဲ့ ပြည်သူကို ကိုယ်စားပြုဖို့ ရွေးချယ်သတ်မှတ်လိုက်မျိုး ဖြစ်ပေါ်စေမယ့် အန္တရာယ်ရှိနေပါတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ လူသားဆန်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို တန်ဖိုးထားပြီး ပြည်သူ့ဆန္ဒကို လေးစားတဲ့ UN အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုချင်တာက မြန်မာပြည်သူတွေ ပြတ်ပြတ်သားသား တောင်းဆိုနေတဲ့အတိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ပြီး ဦးကျော်မိုးထွန်းနဲ့ NUG ကို လူသိရှင်ကြား ထောက်ခံရပ်တည်ပေးဖို့ ဖြစ်ပါတယ်။” ဟု ပြောသည်။
ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စုသည် လူဦးရေ ၁,၀၅၈ ဦးကို သတ်ဖြတ်ခြင်း၊ ၇,၉၉၂ ဦးကို ဖမ်းဆီးခြင်း၊ ကလေး ၁၀၄ ဦး အပါအဝင် ၆,၃၄၃ ဦးကို ထိန်းသိမ်းခြင်း၊ ၁၁၈ ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်း၊ ၃၉ ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ခြင်း နှင့် မရေတွက်နိုင်သော ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်းများကို ကျူးလွန်လုပ်ဆောင်နေလျက်ရှိသည်။ ထို့အပြင် စစ်အုပ်စုသည် အစိုးရလုပ်ငန်းများ လည်ပတ်စေရန် တည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ မြန်မာနိုင်ငံ၏ နယ်မြေများကိုလည်း ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထိုမျှသာမက စစ်အုပ်စုသည် COVID-19 ထိန်းချုပ်မှုကို ကြိုးပမ်လုပ်ဆောင်ရမည့်အစား ဆေးဘက်ဆိုင်ရာပစ္စည်းများကို သိမ်းပိုက်ခြင်း၊ အောက်စီဂျင်ကို သိုလှောင်ခြင်း၊ ကျန်းမာရေးလုပ်သားများကို ညှဉ်းဆဲခြင်း၊ နှင့် အကူအညီတောင်းဆိုသော လူအုပ်စုများကို ပစ်ခတ်ခြင်း တို့ကြောင့် ရောဂါကပ်ဆိုးကြီးကို မထိန်းချုပ်နိုင်ဘဲ ကမ္ဘာလုံးဆိုင်ရာ ရောဂါထိန်းချုပ်ရန် ကြိုးပမ်းမှုကို ထိခိုက်ပျက်စီးစေပါသည်။
ASEAN Parliamentarians for Human Rights (APHR) အဖွဲ့၏ ဘုတ်အဖွဲ့ဝင်နှင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမျာက “စစ်အုပ်စုဟာ ကုလသမဂ္ဂရဲ့ အဓိက တန်ဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လူမှုတိုးတက်ရေးတွေနဲ့ အလွန်ဆန့်ကျင်နေတယ်။ သူတို့ကို UN မှာ နေရာယူခွင့် ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ထပ်တွေ့နိုင်မယ့် အလားအလာကို ဖျက်ဆီး လိုက်ရုံသာမကဘဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကုလသမဂ္ဂအပေါ် လေးစားယုံကြည်မှုကိုပါ ပျက်စီးသွားစေမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။
Global Centre for the Responsibility to Protect အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ဆိုင်မွန် အဒမ်စ်က “မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကိုလည်း ဆက်လက်ပြီး ဖမ်းဆီးသတ်ဖြတ်နေတယ်။ ဇွန်လတုန်းက UNGA မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစလို့ မြန်မာစစ်တပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အလွန်အကျွံနဲ့ သေစေလောက်တဲ့ အကြမ်းဖက်မှုတွေအပေါ် ပြစ်တင်ရှုတ်ချဖို့အတွက် မဲပေးခဲ့ကြပြီး စစ်တပ်အနေနဲ့ လူထုရဲ့ဆန္ဒကို လေးစားဖို့လည်း UNGA က တောင်းဆိုခဲ့တယ်။ ဒီရှုတ်ချမှုက ဖော်ပြနေတာက စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေဟာ UN ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်၊ အခြေခံမူတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ပေးလိုက်တဲ့ ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်နိုင်ငံကမှ မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုတာ ဒါမှမဟုတ် ထောက်ခံတာမျိုး မလုပ်သင့်ဘူး။” ဟု ပြောသည်။
အိတ်ဖွင့်ပေးစာအပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
သတင်းထုတ်ပြန်ချက် PDF ဖိုင်ကိုရယူရန်။
View English version of the press release.
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ
အကြမ်းဖက်စစ်ကောင်စီမှ ပံ့ပိုးသည့် အပြစ်မဲ့ပြည်သူများအပေါ် အပစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေသာ အကြမ်းဖက်မှုများကို ပြည်သူများ ရင်ဆိုင်နေရသည်မှာ (၇) လတာ ကြာပြီဖြစ်သော်လည်း စစ်အာဏာရှင်ကျဆုံးရေး အတွက် ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှုများသည် လျော့ပါးသွားခြင်းမရှိပေ။ စက်တင်ဘာ ၇ ရက် အင်္ဂါနေ့ မှစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် စတင်ပြီဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ယာယီ သမ္မတ ဒူဝါလရှီးလမှ အာဏာသိမ်းစစ်ကောင်စီ အပေါ်စစ်ကြေညာလိုက်သည်။
စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် လူမဆန်မှုဒဏ်ကို လပေါင်းများစွာခံစားနေရသော အရပ်သားများသည် “ D-Day”ကို ကောင်းစွာ လက်ခံကြိုဆိုခဲ့ကြသည်။ အကြမ်းဖက်မှုများနှင့် ထိခိုက်ဆုံးရှုံးမှုများပိုတိုးလာမည်ကို ပြည်သူများ ရင်ဆိုင်ရမည်ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေး အောက်တွင်နေရသည့်ဘ၀လောက် ဆိုး၀ါးခြင်းမရှိဟု ပြည်သူအများစုမှ လက်ခံထားကြသည်။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ တိုးလာနိုင်သောကြောင့် အများပြည်သူများ အနေဖြင့် ယခုကာလတွင် မလိုအပ်ပဲ ခရီးမသွားကြရန်၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စုဆောင်းထားကြရန် NUG မှတိုက်တွန်းထားသည်။
NUG ၏ ကြေညာချက်သည် လာမည့်စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးကပ်လာချိန်တွင် ချိန်ကိုက် လုပ်ဆောင်ပြသမှု တစ်ရပ် ဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းမှ တုံ့ပြန်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာတွင် တက်ရောက်လာမည့် နိုင်ငံ့ကိုယ်စားလှယ်များမှ မည်သူကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
NUG ၏ဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ရာသာမက အာဆီယံနှင့်တစ်ခြားသော နိုင်ငံတကာအသိုင်းအ၀ိုင်းတို့မှ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့်ဆက်နွယ်သော ၎င်းတို့လုပ်ဆောင်ရမည့် နိုင်ငံတကာတာဝန်များကို ပျက်ကွက်ခြင်းကြောင့်ဖြစ်သည်။ D-Day မတိုင်မှီတွင် အာဆီယံအထူးကိုယ်စားလှယ်မှ လူသားချင်းစာနာမှုအထောက်အပံ့ပေးရေး၊ ၄ လတာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ရာ အကြမ်းဖက်စစ်ကောင်စီမှ ကတိုက်ကရိုက် သဘောတူ လက်ခံခဲ့သည်။ အပစ်ခတ်ရပ်စဲရေးသည် စစ်ကောင်စီနှင့် အာဆီယံမှ ကြားပွဲစားအနေဖြင့် လုပ်ဆောင်ပုံပေါ်ပြီး NUG (သို့) ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မည်သည့်ညှိနှိုင်းမှုမှ မလုပ်ခဲ့သောကြောင့် NUG မှ မေးခွန်းထုတ်ခဲ့သည်။ မြန်မာစစ်တပ်သည် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို အမြဲချိုးဖောက်ခဲ့သည့် သမိုင်းကြောင်းများရှိခဲ့သည်။
မြို့ပြနှင့်ကျေးလက်ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ ရန်ကုန်မြို့ရှိ ဆေးဆိုင်များနှင့် စျေးဆိုင်များတွင် ၀ယ်ယူသူများနှင့် ပြည့်နှက်နေခဲ့သည်။ မြို့ပေါ်တွင် ဂျက်လေယာဥ်များ ပျံဝဲခဲ့ပြီး စျေး၀ယ်စင်တာများတွင် ခုခံကာကွယ်ရေးအနေဖြင့် စစ်သားများ နေရာယူခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ် (CDF) ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအ၀င် တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့သည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စစ်အာဏာရှင်ပျက်သုန်းရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဂတိက၀တ်ပြုခဲ့သည်။ မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂမှလည်း လက်နက်ကိုင်တော်လှန်ရေးတွင် ကျောင်းသားများ အနေဖြင့် ထိပ်ဆုံးမှ ပါဝင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
တိုင်းရင်းသားဒေသများရှိပဋိပက္ခများ
ချင်းပြည်နယ်
စစ်အာဏာသိမ်းသည့်အချိန်မှစ၍ စစ်ကောင်စီ၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ် (၁၄)ဦးအပါအ၀င် ချင်းဒေသခံ ၁၀၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူ အနည်းဆုံး (၇)ဦးတို့၏ အလောင်းများအား သောကရောက်နေသောမိသားစုကို ပြန်မပေးခဲ့ပေ။ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်များအတွက် အရေးယူရန် ကုလသမဂ္ဂကိုတောင်းဆိုခဲ့ကြသည်။ နိုင်ငံတစ်၀န်းရှိဘာသာရေးအဆောက်အဦးများ ဆက်လက်ဖျက်ဆီးခံနေရသည်။ မင်းတပ်မြို့နယ်ရှိ ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီတပ်ဖွဲ့၀င်များမှ ဝင်ရောက် မွှေနှောက်ရှာဖွေ ဖျက်ဆီးခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီကို NUG မှစစ်ကြေငြာပြီးနောက် ချင်းပြည်ကာကွယ်ရေးတပ်မှ ချင်းပြည်သူများကို အကြမ်းဖက်မှုများတိုးလာနိုင်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။
ကရင်နီပြည်နယ်
ကယားပြည်နယ်သည် တစ်ပြည်နယ်လုံးအတိုင်းအတာနေဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)၏ မှတ်တမ်းများအရ
စစ်အာဏာသိမ်းကာလ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း အကြိမ် (၆၀) ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်နှင့် စစ်ဘေးရှောင်ပြည်သူ (၈၃)ဦး သေဆုံးခဲ့သည်။ ဒေသခံပြည်သူ ၁၂၀ ဖမ်းဆီးခံခဲ့ရပြီး ဒေသခံ ၁၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စက်တင်ဘာလ ၇ရက်နေ့ ဒီမောဆိုမြို့နယ်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KNDF)တို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်တပ်သား (၄)ဦးသေဆုံးခဲ့သည်။ D-Day ကြေငြာပြီးသည့်နောက် အကြမ်းဖက်တိုက်ခိုက်မှုများ တကျော့ပြန် တိုးလာခဲ့သည်။
ရှမ်းပြည်နယ်
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် လင်မယားနှစ်ဦးသည် ဖမ်းဆီးခံရပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ပြည်သူ့ကာကွယ်ရေးတပ်၏ ချုံခိုတိုက်ခိုက်မှုမှကာကွယ်ရန် လင်မယားစုံတွဲအား လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ ဤကဲ့သို့သောဖြစ်ရပ်များသည် တိုက်ပွဲများကြားတွင် ပိတ်မိနေသောပြည်သူများအနေဖြင့် ပုံမှန်ကြုံတွေ့နေရပြီး အကြမ်းဖက်တပ်၏ အမိန့်ကိုနာခံရုံမှလွဲ၍ မည်သည့် ရွေးချယ်စရာ လမ်းမရှိခဲ့ပါ။
စက်တင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PKPF) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
တောင်တွင်းကြီးတွင် ညီအကိုနှစ်ဦးကို စစ်တပ်က ပစ်သတ်
တောင်လျှောင်းရွာနှင့် မနီးမဝေးရှိ Mytel တာဝါတိုင် ဖျက်ဆီးခံရပြီးနောက် ရောက်လာသည့် စစ်သားများက နှစ်ဦးကို ပစ်သတ်ပြီး လေးဦးကို ဖမ်းသွားသည်
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် တောင်လျှောင်းရွာကို ယမန်နေ့(စက်တင်ဘာ ၁၂)တွင် စစ်တပ်က ဝင်စီးခဲ့ပြီး ညီအစ်ကိုနှစ်ဦးကို ပစ်သတ်ကာ လေးဦးကို ဖမ်းသွားသည်။
ယမန်နေ့ နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ကုက္ကိုလ်ကုန်းရွာရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မွန်းလွဲပိုင်းတွင် ၇ မိုင်ခန့်အကွာရှိ တောင်လျှောင်းရွာကို စစ်တပ်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်များကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲက ဒလန်ရဲ့သတင်းပေးမှုကြောင့် သူတို့က အတိအကျနဲ့လာတာ။ လာတော့လည်း စစ်ကားတွေနဲ့ လာတာမဟုတ်ဘူး။ ခြံ(တစ်ခြံ)ထဲမှာ လူငယ်တွေစုပြီးနေတဲ့နေရာကို နေ့ခင်း ၁ နာရီထိုးလောက်လာတာ။ ကလေးတွေအကုန်လုံးကို ဝိုင်းမိသွားတာ။ တစ်ယောက်ကို မပြေးနိုင်အောင် ပေါင်ကို ဟိုဘက်ဒီဘက် နှစ်ချက်ပစ်ပြီး အဲဒီကလေးကို ဖမ်းပြီး ကြိုးနဲ့တုပ်ပြီး နှိပ်စက်တယ်” ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။
အဆိုပါ စီးနင်းမှုအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူနှစ်ဦးမှာ အသက် ၃၆ နှစ်အရွယ် ကိုမြတ်စိုးလွင်နှင့် ၎င်း၏ ညီဖြစ်သူ အသက် ၂၀ အရွယ် ကိုပြည့်ကြီးတို့ဖြစ်ပြီး အခြား လူငယ်လေးဦးကို ဖမ်းခေါ်သွားကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
ပစ်ခတ်ဖမ်းဆီးစဉ် ခြံအတွင်းရှိနေသည့် လူငယ်ဦးရေ၊ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို စစ်တပ်က ယူဆောင်သွားခြင်းရှိမရှိ၊ ဖမ်းခံရသူတို့၏ အခြေအနေ စသည့် အသေးစိတ်ကိုမူ စုံစမ်း၍ မရသေးသလို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။
အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး လူဦးရေ နှစ်ထောင်နီးပါးရှိသည့် တောင်လျှောင်းတွင် စစ်တပ်၏ ရန်ကို ကြောက်၍ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
Myanmar Now က စုဆောင်းထားသည့် အချက်အလက်များအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ဇွန်လမှ စက်တင်ဘာ ၁၁ အထိ ဖျက်ဆီးခံရသည့် Mytel ဆက်သွယ်ရေးတာဝါတိုင် ၇၀ ကျော်ရှိသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ နှိမ်နင်း၊ ဖမ်းဆီးသည့် စစ်ကောင်စီ၏ အန္တရာယ်ကို ခုခံရန် လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် တိုက်ပွဲဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာ ၇ တွင် ကြေညာထားသည်။
ထို့နောက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသည့်အပြင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ဆက်သွယ်ရေးကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင်များလည်း နေ့စဉ်နီးပါး ဖျက်ဆီးခံနေရသည်။
Myanmar Now News
ရဲစခန်းဝင်စီးခံရသည့် မြောင်မြို့နယ် ကျောက်ရစ်ရွာကို စစ်တပ်က မီးရှို့
ပြည်သူ့တော်လှန်ရေး စတင်ကြောင်း NUG က ကြေညာပြီးနောက် မြောင်မြို့နယ်တောင်ပိုင်း ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ တွင် ကျောက်ရစ်ရဲစခန်းကို ဒေသခံ PDF အဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သည်
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တောင်ပိုင်းရှိ ကျောက်ရစ်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၁၂) တွင် မီးရှို့ခဲ့ပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းသူများကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်နှင့် ဒေသခံတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ တွင် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် မြောင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေစဉ် အိမ်ခြေ ၃၀၀ ရှိ ကျောက်ရစ်ရွာကို စစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ညပိုင်းတွင် ရွာမီးရှို့ခံခဲ့ရသော်လည်း ရွာထဲ၌ ကျန်ရှိနေသူများအနက် သက်ကြီးရွယ်အို ၁၀ ဦးခန့်ကို ယနေ့ (စက်တင်ဘာ ၁၃) နံနက်ပိုင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း အသက် ၃၆ နှစ်အရွယ် ကျောက်ရစ်ရွာခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ရွာထဲမှာ လူမရှိတဲ့အတွက် တခြားရွာတွေက မီးတောက်မြင်မှ ကျွန်မတို့ကို လှမ်းပြောမှ သိရတာရှင့်။ သေနတ်တွေလည်း တောက်လျှောက် အသံတွေပေးပါတယ်ရှင့်။ မီးလောင်နေတဲ့အချိန်မှာ သူတို့က ကင်းပုန်းတွေ ဝပ်ပြီးတော့ စောင့်ချင်စောင့်နေမှာဆိုတော့ မကယ်ရဲဘူးရှင့်။ အခု သက်ကြီးရွယ်အိုတွေက ဖင်တရွတ်တွန်းပြီးတော့ ထွက်လာတဲ့နေရာမှာပဲ သွားပြီးတော့ ကယ်ရတာပါရှင့်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်း မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် ထိစပ်နေသော မြောင်မြို့နယ်တောင်ပိုင်း ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ရေစကြိုနှင့် မြောင်မြို့နယ်ချင်း ထိစပ်နေသော ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေလှံ၊ မြစ်ဆုံနှင့် ကျောက်ရစ်ကျေးရွာများတွင် စက်တင်ဘာ ၈ ရက်မှစကာ သုံးရက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ဒေသခံ PDF အဖွဲ့များက ရဲစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် စစ်တပ်က ကျောက်ရစ်ရွာတွင် အထိုင်ချတပ်စွဲကာ ယမန်နေ့ညက ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းသည့် နေအိမ်ခြောက်လုံးခန့်ရှိကြောင်း ခန့်မှန်းထားသော်လည်း ရွာထဲသို့ ပြန်မဝင်နိုင်သေးသဖြင့် ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှု ရှိမရှိ မသိရသေးကြောင်းလည်း ကျောက်ရစ်ရွာခံအမျိုးသမီးက ပြောသည်။
“အရင်ရက်ကတည်းက ရွာထဲမှာ ကြိမ်းဝါးသွားတယ်တဲ့။ စစ်သား ၇ ယောက်လာတယ်။ တော်တော် မူးရူးနေကြတယ်။ သက်ကြီးရွယ်အိုတွေ ထွက်ချင်ထွက်ထား၊ ကျုပ်တို့က ခင်ဗျားတို့ ရွာတွေ မီးရှို့မှာလို့ ကြိမ်းသွားတယ်တဲ့” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။
ကျောက်ရစ်ရွာမှာ ယမန်နေ့ည ၉ နာရီခွဲကျော်က စတင်မီးရှို့ခံရခြင်းဖြစ်ကာ ည ၁၁ နာရီကျော်အထိ မီးငြိမ်းခြင်းမရှိသေးကြောင်း ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့ (စစ်တပ်) က ညပိုင်းမှာ မီးရှို့မယ်ဆိုတာ အသံတော့ ကြားတယ်။ ကောလာဟလလို့ ထင်တာ။ ဒီနေ့ညတော့ တကယ်ရှို့တယ်။ သူတို့က မနိုင်နိုင်ရာ မဲပြီးတော့ သူတို့ကို ကြောက်အောင်လုပ်တဲ့ ပုံစံမျိုးပဲ” ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။
ယနေ့ (စက်တင်ဘာ ၁၃) နေ့ခင်းပိုင်းအထိ ဒေသခံအများစုမှာ ကျောက်ရစ်ရွာသို့ ပြန်မဝင်ရဲကြသေးဘဲ ထွက်ပြေးပုန်းအောင်နေရဆဲဖြစ်သည်ဟု ဒေသခံအမျိုးသမီးကလည်း ပြောသည်။
“တော်တော်လေး ရုပ်ဆိုးပါတယ်။ လုံးဝ သူတို့ ဒီလောက်ကြီး မလုပ်သင့်ဘူး။ စိတ်နာတယ်။ PDF တွေက ပြည်သူတစ်စုံတစ်ယောက် နစ်နာအောင် ဘယ်တော့မှ မလုပ်ဘူး။ ရွာထဲမှာ သူတို့ (စစ်တပ်) ပဲ နေတယ်။ သူတို့ပဲ လုပ်တယ်။ ကားတွေလည်း သူတို့ စီးချင်ရာ စီးတယ်။ ပစ္စည်းတွေလည်း သူတို့ ယူချင်ရာ ယူတယ်။ ဆိုင်တွေလည်း ကျွမ်းထိုးမှောက်ခုံ သူတို့ သုံးချင်ရာသုံး၊ သူတို့ လုပ်ချင်ရာလုပ်နေတာ” ဟုလည်း အထက်ပါအမျိုးသမီးက ဆိုသည်။
မီးရှို့ခံရသော ကျောက်ရစ်ရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အဖွဲ့များ နှစ်ကြိမ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ရဲစခန်းကို PDF အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှူးအပါအဝင် သုံးဦးကို ဖမ်းမိခဲ့သည်။
သို့သော် စစ်တပ်က တပ်ကူရောက်လာပြီး ကျောက်ရစ်ကျေးရွာရဲစခန်းကို ပြန်သိမ်းနိုင်ခဲ့သည်။ စက်တင်ဘာ ၁၀ ရက်တွင်လည်း ကျောက်ရစ်ရွာအနီး စစ်တပ်နှင့် ဒေသခံ PDF အဖွဲ့များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ငါးဦး ဖမ်းဆီးခံခဲ့ရသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ နယ်နမိတ်ချင်း ထိစပ်နေသော ကျောက်ရစ်၊ ရွှေလံနှင့် မြစ်ဆုံကျေးရွာတို့တွင် စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အထိ သုံးရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ကျော် ကျဆုံးကာ ၎င်းတို့ဘက်မှ ကျဆုံးမှုမရှိကြောင်း ဒေသခံ PDF အဖွဲ့ဝင်များက ဆိုသော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်ပေ။
Myanmar Now News