ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်ကောင်စီ ဂုဏ်သိက္ခာဆယ်နိုင်ရေးအတွက် တပ်ပြန်ဆုတ်ရန် KNU တောင်းဆို
နိုင်ငံရေးတွင် စစ်တပ် ဝင်မရှုပ်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ခြင်းသည်သာလျှင် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအဖြေဖြစ်မည်ဟု KNU က ဆိုသည်။
စစ်ကောင်စီအနေဖြင့် ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းရန်အလို့ငှာ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို တိုက်ပွဲဖြစ်ပွားရာဒေသများမှ ပြန်လည်ရုတ်သိမ်းသွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုလိုက်သည်။
“စစ်ကောင်စီလက်အောက်ခံ တပ်ဗိုလ်၊ တပ်မှူးများအနေဖြင့် ကျရှုံးနိုင်ငံအဖြစ် ရောက်ရှိနေသော မိမိတို့နိုင်ငံကို ပြန်လည်ကယ်တင်ရေး ပြည်သူလူထုဘက်မှ ပူးပေါင်းပါဝင်ကြရန်” ဟုလည်း KNU ၏ ယနေ့ (ဒီဇင်ဘာ ၂၀) ညနေပိုင်း ထုတ်ပြန်ချက်က ဆိုသည်။
အနာဂတ်နိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေခြင်းမှ ဆုတ်ခွာကြောင်း စစ်တပ်က ကတိပေးလုပ်ဆောင်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းသည်သာလျှင် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအဖြေဖြစ်ကြောင်းလည်း KNU ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီရန်ကြောင့် ခိုလှုံလာသူများကို လူသားချင်းစာနာထောက်ထားမှုအခြေခံကာ စောင့်ရှောက်ကာကွယ်ပေးနေခြင်းဖြစ်ပြီး စစ်ကောင်စီက စစ်ရေးအရ အင်အားသုံး ဖိအားပေး၊ အကြမ်းဖက်တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများဖြစ်လာရသည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူလူထု ၃၀၀၀ ကျော်ကို လက်ခံနေရာချထားပေးသည့် ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍ ထပ်မံတိမ်းရှောင်သူ ၂၀၀၀ ကျော်ကို နေရာချထားပေးရန်၊ နိုင်ငံတကာအဖွဲ့အစည်းများကို ဝင်ရောက်တွေ့ဆုံခွင့်ပေးရန်၊ ထောက်ပံ့ကူညီပေးရန် KNU က တောင်းဆိုထားသည်။
ထို့ပြင် လေးကေကော်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်အတွက် ကုလသမဂ္ဂဦးဆောင်ကာ အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန်လည်း တောင်းဆိုထားသည်။
KNU ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်းမရှိသေးသည့်နည်းတူ KNU နှင့် စစ်ရေးရင်ဆိုင်နေခြင်းအပေါ် သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီမြို့နယ် လေးကေကော်နှင့် ဖလူးဒေသတွင် ဒီဇင်ဘာ ၁၅ ရက်မှစ၍ KNU/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ကာ ထိုးစစ်ဆင်နေဆဲဖြစ်သည်။
“တိုက်ပွဲအသေးစိတ်အခြေအနေက ပြောဖို့ ခက်တယ်။ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေတယ်”ဟု ယနေ့ ည ၈ နာရီအချိန် ဆက်သွယ်မေးမြန်းရာတွင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။
လေးကေကော်တောင်ဘက်ရှိ တောင်ကုန်းပေါ်နှင့် မြဝတီမြို့တောင်ပေါ်ရှိ ကျောက်လုံးကြီးဘုရားပေါ်မှ နေ၍ စစ်ကောင်စီတပ်က မယ်ထော်သလေးရွာနှင့် လေးကေကော်အုပ်ချုပ်ရေးရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
“ဒီနေ့ စကစဘက်က မြေပြင်လှုပ်ရှားမှု မရှိဘူး။ လက်နက်ကြီးနဲ့ပဲ ပစ်နေတာ” ဟု အဆိုပါဒေသခံက ဆိုပြီး ယနေ့ နံနက်ပိုင်းကတည်းက ညနေပိုင်းအထိ စကစဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် မယ်ထော်သလေးရွာဘက်တွင် အိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
“ထိုင်းဘက်က ဒီနေ့ ဘုရင့်အမလား၊ ညီမလား မသိဘူး၊ သူ့မွေးနေ့မို့လို့၊ အဲဒါကြောင့် အပစ်ရပ်ပေးပါလို့ ကျွန်တော့်လူကြီးတွေကို ပြောသံကြားတယ်။ ကျွန်တော်တို့ဘက်က အပစ်ရပ်ထားတယ်။ စကစ (စစ်ကောင်စီ) ဘက်ကတော့ ပစ်နေတာပဲ။ ရမ်းပစ်တာ။ ကျတဲ့နေရာ သူတို့ပစ်တာ။ အတည်တကျမရှိဘူး”ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းတော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံသည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့သို့ ရှောက်ရှိလာကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။
လေးကေကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်က အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
Myanmar Now News
လွိုင်ကော်မြို့နယ် ကွန်နားရွာတွင် နေအိမ်အများအပြား မီးထပ်ရှို့ခံရ
ရာဂဏန်းခန့်ရှိ စစ်တပ်က တပ်ပြန်ဆုတ်ရင်း ရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးက ဆိုသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နား(အပေါ်)ရွာတွင် ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်၌ စစ်တပ်က နေအိမ် ၁၉ လုံးကို မီးထပ်ရှို့သွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။
ကွန်နား(အပေါ်) ရွာရှိ နေအိမ်များကို နံနက် ၈ နာရီခန့်တွင် စစ်သားအချို့က မီးရှို့သွားခြင်းဖြစ်ပြီး မီးလောင်နေဆဲ နေအိမ်သုံးလုံးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါရွာအနီး ရောက်ရှိနေသည့် KNDF တပ်ဖွဲ့ဝင်က Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့က ရွာအစွန်မှာ၊ သူတို့က ရွာလယ်လမ်းမကြီးမှာ။ မီးရှို့ရင်းနဲ့ ထွက်သွားတာ။ မီးမရှို့ခင် သေနတ်နဲ့ ရွာထဲ ရမ်းသန်းပြီးပစ်တယ်။ သူတို့ဆုတ်ရင်းနဲ့ သေချာကို ရှို့သွားတာ” ဟု ၎င်းက ဆက်ပြောသည်။
ယနေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုရွာမှ ဆုတ်ခွာသွားသည့် စစ်တပ်မှာ အင်အား ၁၃၀ ခန့်ရှိသည်ဟု ဆိုသည်။
စစ်သားများက ဆုတ်ခွာစဉ် ရွာထဲရှိ နေအိမ်အလုံး ၅၀ ကျော်မှ စားစရာများကို ယူဆောင်သွားပြီး အိမ်ထဲရှိ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့သည်ဟု ထိုတပ်ဖွဲ့ဝင်က ပြောသည်။
ကွန်နားရွာခံတစ်ဦးကလည်း ယနေ့ နံနက်အစောပိုင်းက ရွာလမ်းမပေါ်ရှိ အိမ် ၇ လုံး မီးလောင်သည်ဟု ၎င်းကြားသိထားရပုံကို ပြောသည်။
“ကွန်နား(အောက်)ရွာမှာ နှစ်ရက်လား သုံးရက်လား မသိဘူး၊ နေပြီးမှ သူတို့ (စစ်တပ်) ဒီမနက်ဘဲ ထွက်ခွာတယ်။ စစ်ကြောင်းပြန်ထွက်တော့ တစ်ခါတည်း (အိမ်) ၇ လုံး မီးရှို့ခဲ့တယ်။ လမ်းနံဘေးမှာပဲ အကုန်လုံး အိမ်ကြီးအိမ်ကောင်းတွေပဲ” ဟု ကွန်နားရွာခံ ဦးရယ်က ပြောသည်။
ဒီဇင်ဘာ ၁၃ နှင့် ၁၆ တွင် ကွန်နားရွာအနီးတစ်ဝိုက် စစ်တပ်နှင့် KNDF, KA (ကရင်နီတပ်မတော်) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ ဒီဇင်ဘာ ၁၃ ကတည်းက ဒေသခံများ ထွက်ပြေးနေရသည်။
“ကျွန်တော်တို့ကို နိုင်ငံတကာက ကယ်မဲ့လူ မရှိတော့ဘူးလား မသိဘူး။ ဒုက္ခရောက်ကုန်ပြီလေ။ သူတို့ (စစ်တပ်) လာလာပြီးမှ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးကုန်ပြီလေ။ ကယ်မဲ့လူလည်း မတွေ့နိုင်တော့ဘူးထင်တယ်” ဟု ဦးရယ်က ဆိုသည်။
ယမန်နေ့တွင်လည်း ကွန်နားရွာတွင် နေအိမ် အလုံး ၂၀ ခန့် မီးရှို့ခံရသည်ဟု KNDF ဘက်က ထုတ်ပြန်ခဲ့သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
မေလနှောင်းပိုင်းမှစ၍ ဒီဇင်ဘာ ၇ အထိ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် နေအိမ်၊ ဘုရားကျောင်း စသည့် အဆောက်အအုံ ၄၀၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။
Myanmar Now News
လေကြောင်းဖြင့်ပါ တိုက်ခိုက်ခံရသည့် နှမ်းခါးရွာတွင် အလောင်း ၉ လောင်းတွေ့ရှိ
ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် သေဆုံးသူ ၂၀ ခန့်ရှိနိုင်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ခန့်မှန်းထားရာ ဒီဇင်ဘာ ၁၉ ရက်တွင် ကလေးတစ်ဦးအပါအဝင် ရုပ်အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ ဆုံရာ ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ယူဆရသော ရုပ်အလောင်း ၉ လောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၁၉) တွင် ရှာဖွေတွေ့ရှိခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီက စက်သေနတ်တပ်ဆင်ထားသည့် ရဟတ်ယာဉ်သုံးစီးဖြင့် နှမ်းခါးရွာကို တရပ်စပ်ပစ်ခတ်ခဲ့ရာ သေဆုံးသူ ၂၀ ခန့်ရှိနိုင်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က ခန့်မှန်းထားရာ ယမန်နေ့တွင် ကလေးတစ်ဦးအပါအဝင် ရုပ်အလောင်း ၉ လောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။
နှမ်းခါးရွာတွင် တပ်စွဲထားသည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် ယမန်နေ့တွင် ပြန်လည်ဆုတ်ခွာသွားချိန်မှသာ သေဆုံးနှင့် ဒဏ်ရာရရှိသူများကို ရှာဖွေနိုင်ခြင်းဖြစ်သည်ဟု ရှာဖွေရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ယနေ့ (ဒီဇင်ဘာ ၂၀) တွင် Myanmar Now ကို ပြောသည်။
“သူတို့ကို (အလောင်းများ) ရွာအစပ်မှာ တွေ့ရတာ။ ပြည်သူတွေက လေယာဉ်လာတဲ့အချိန် ပုန်းနေတာ။ ဟက်စကီးပေါ်ကနေ စစ်သားတွေ ဆင်းလာပြီး လိုက်ပစ်တာတွေဗျ။ နှစ်ယောက်ဆိုရင် လက်ပြန်ကြိုးတုပ်ထားပြီး နောက်စေ့ကို ပစ်သတ်သွားတာ” ဟု အထက်ပါခေါင်းဆောင်က ပြောသည်။
ရှာဖွေတွေ့ရှိသည့် အလောင်းများအရ သေဆုံးသူများမှာ နှမ်းခါးရွာသားနှစ်ဦး၊ နှမ်းခါးတောင်ဘက်ရှိ မွှေ့လယ်ရွာမှ ၆ ဦးနှင့် ဇဟောရွာမှ တစ်ဦးဖြစ်ပြီး နှစ်ဦးသာ PDF တပ်ဖွဲ့ဝင်ဖြစ်ကာ ကျန်သူများမှာ ဒေသခံအရပ်သားများဖြစ်ကြသည်ဟု သိရသည်။
နှမ်းခါးရွာသားနှစ်ဦးဖြစ်သည့် အသက် ၄၀ အရွယ် ကိုတင်ဌေးနှင့် အသက် ၄၅ အရွယ် ကိုကျော်ဌေးဆိုသူမှာ လက်ပြန်ကြိုးတုပ်၍ နောက်စေ့မှ ပစ်သတ်သွားသည့်ဒဏ်ရာ တွေ့ရှိရသည်ဟု ရှာဖွေရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။
“နောက်စေ့ကို တေ့ပစ်သွားတာ။ သူတို့က နွားကျောင်းသားတွေ။ ကောက်လှိုင်းတွေ သယ်နေကြတဲ့အချိန် အဖမ်းခံလိုက်ရတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ကျန်ရုပ်အလောင်းများတွင် လက်မောင်းနှင့် လည်ပင်းနေရာများအပြင် ဦးခေါင်းတွင် အနီးကပ်ကျည်ဆန်ထိမှန်ထားသည့် ရုပ်အလောင်း ၇ လောင်းတွေ့ရှိရပြီး ကနဦးထိမှန်ဒဏ်ရာကြောင့် မပြေးနိုင်တော့သည့်အချိန်တွင် ထပ်မံ၍ အနီးကပ်ပစ်သတ်ခံရခြင်းဖြစ်နိုင်သည်ဟု အထက်ပါရှာဖွေရေးအဖွဲ့ခေါင်းဆောင် ယူဆသည်။
“စစ်သားတွေက လေယာဉ်ပေါ်က ဆင်းပြီး လိုက်ပစ်တာတွေလည်းရှိတယ်။ ဒဏ်ရာအနာတရ ရနေတဲ့အချိန်မှာ ထပ်ပစ်သတ်တဲ့ပုံစံမျိုး။ ခေါင်းတွေထိထားကြတယ်။ လက်မောင်းတို့ ဘာတို့မှာ ထိတဲ့အချိန် မပြေးနိုင်တော့တဲ့သူတွေလည်း ဖြစ်နိုင်တယ်။ ၉ လောင်းမှာ ၇ လောင်းက ခေါင်းကျည်မှန် ဒဏ်ရာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက နှမ်းခါးရွာကို အကြမ်းပတမ်းတိုက်ခိုက်စီးနင်းစဉ် သေဆုံးခဲ့သူများအနက် အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး၊ ၁၈ နှစ်အရွယ်တစ်ဦး၊ အသက် ၂၀ အရွယ်နှစ်ဦး၊ အသက် ၃၀ အရွယ်တစ်ဦးနှင့် အသက် ၄၀ ကျော် အရွယ်သုံးဦးတို့၏ ရုပ်အလောင်းများကိုသာ ရှာဖွေနိုင်သေးသည်ဟု ဂန့်ဂေါ PDF က ယနေ့ ထုတ်ပြန်ထားသည်။
ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းတွင် နှမ်းခါးရွာနှင့် မွှေ့လယ်ရွာရှိ သုသာန်များတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ရွာမှ မထွက်ခွာခင် နေအိမ်သုံးလုံးကို မီးရှို့ခဲ့ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်နေ့က ဖမ်းဆီးထားသည့် အသက် ၂၀ အရွယ် လူငယ်သုံးဦးကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နှမ်းခါးရွာခံနှစ်ဦးထံမှ သိရသည်။
ယမန်နေ့တွင် စစ်တပ်က နှမ်းခါးရွာမြောက်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာသိုလှောင်ထားရာ အိမ်တစ်လုံးနှင့် အခြားအိမ်နှစ်လုံးကို မီးရှို့ပြီးနောက် နှမ်းခါးရွာအရှေ့မြောက်ဘက်ရှိ မြင်သားရွာဘက်သို့ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။
စစ်တပ်က မီးရှို့ခဲ့သဖြင့် ဆန်အိတ်အလုံး ၁၀၀ နှင့် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ရှိ ဆီနှင့် ငါးခြောက်အပါအဝင် ရိက္ခာများ မီးလောင်ပျက်စီးခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ပြည်သူများပေးပို့လှူဒါန်းသော ပစ္စည်းများဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့တွင် မြစ်သားရွာဘက်သို့ ဦးတည်ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မြစ်သာမြစ်ကူးတံတားထိပ်အနီးတွင် မိုင်းဆွဲ၍ ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၇ ဦးခန့် သေဆုံးနိုင်သည်ဟု မြေပြင်သတင်းများကို ကိုးကား၍ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ကိုနွေဦးဆိုသူက Myanmar Now ကို ပြောသည်။
“မနေ့က ၂ နာရီဝန်းကျင်မှာ သူတို့ (စစ်ကောင်စီတပ်) လာတဲ့အချိန်မှာ ချုံခိုတိုက်ခိုက်တာ။ အတည်ပြုချက်တော့ မရေသေးဘူး။ အလောင်းတွေ သယ်သွားတာပဲ မြင်ရတာပေါ့။ အဲဒီနားက အိမ်တစ်လုံးကို မီးရှို့သွားခဲ့တယ်ဗျ။ လက်နက်က မရှိဘူးဗျ။ မိုင်းနဲ့ပဲ ချုံခိုတိုက်ခိုက်ရတာ”ဟု ၎င်းက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် အိမ်ခြေ ၂၀၀ ခန့်ရှိ စန်းမြို့ရွာဘက်သို့ ချီတက်သွားကာ လက်ရှိထိုရွာတွင် တပ်စွဲလျက်ရှိကြောင်း၊ ပုလဲမြို့ဘက်မှ စစ်ကားအစီး ၅၀ တက်လာသည်ဟု သတင်းရသဖြင့် စစ်ရေးအရှိန်မြင့်လာနိုင်ကြောင်း ကိုနွေဦးဆိုသူက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်မှုအားကောင်းသည့် ယောဒေသမြောက်ပိုင်းရှိ နှမ်းခါးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက အကြိမ်ကြိမ်ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
နှမ်းခါးရွာအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
နှမ်းခါးရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်တွင် CNF ၊ PDF နှင့် YDF အမည်ခံခေါင်းဆောင်များ ရောက်ရှိနေကြောင်း သတင်းရသဖြင့် ဝင်ရောက်ဖမ်းဆီးရာတွင် အကြမ်းဖက်သမား အလောင်းခြောက်လောင်း၊ ပစ္စတိုနှစ်လက်၊ တစ်လုံးထိုးသေနတ်ငါးလက်နှင့် တူမီးသုံးလက် သိမ်းဆည်းရမိကြောင်း ဖော်ပြထားသော်လည်း ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်ခြင်းကို ထည့်သွင်းထားခြင်း မရှိပေ။
အလားတူ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို စစ်ကောင်စီက စစ်ကားဖြင့်တိုက်ကာ ဖြိုခွင်းခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ရုပ်သံမှတ်တမ်းများ ထင်ထင်ရှားရှားရှိနေသော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ကားဖြင့်တိုက်သည်ကို ထည့်သွင်းပြောဆိုခြင်း မရှိဘဲ ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လူစုခွဲထိန်းသိမ်းသည်ဟုသာ ဖော်ပြခဲ့သည်။
သို့သော် စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဇူလိုင်လအတွင်းက ဖြစ်ခဲ့သော လူပေါင်း ၄၀ ခန့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာတွင် ငြင်းဆိုခြင်းမရှိကြောင်း BBC World Service ၏ ယနေ့ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။
အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
Myanmar Now News
“စစ်ရာဇဝတ်မှုများအတွက် နိုးထခြင်း” အစီရင်ခံစာ အကျဥ်းချုပ်တွင် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက် မှုများအတွက် တာဝန်ယူ တာဝန်ခံရန် မြန်မာစစ်အာဏာရှင်တို့အား ND-Burma မှ တောင်းဆို
“စစ်ရာဇဝတ်မှုများအတွက် နိုးထခြင်း” အစီရင်ခံစာ အကျဥ်းချုပ်တွင် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက် မှုများအတွက် တာဝန်ယူ တာဝန်ခံရန် မြန်မာစစ်အာဏာရှင်တို့အား ND-Burma မှ တောင်းဆို
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်
ထုတ်ပြန်ချက်
မြန်မာစစ် အာဏာရှင်တို့၏ ပြင်းထန်သော ထိုးစစ်ကြောင့် လွန်ခဲ့သည့် ၁၀ လအတွင်း ထောင်နှင့်ချီသည့် အရပ်သားများ ထွက်ပြေးတိမ်းရှောင်ရသည့် အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- (ND-Burma) မှ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချသည်။ “စစ်ရာဇဝတ်မှုများအတွက် နိုးထခြင်း” အစီရင်ခံစာတွင် ဖေဖော်ဝါရီလမှစပြီး စစ်တပ်မှ အပြစ်မဲ့ပြည်သူများအား စနစ်တကျနှင့် ကျယ်ကျယ်ပြန့် ပြန့် ကျူးလွန်သည့် ချိုးဖောက်မှုများကို ဖော်ပြထားပြီး အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်ရန် တောင်းဆို ထားသည်။
ချင်း၊ ကယား (ကရင်နီ) ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ဖြစ်ပေါ်နေသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ပြစ်မှုများကို ND-Burma အနေဖြင့် သတင်းမီဒီယာများမှ စုဆောင်း သုတေသနပြုခြင်း၊ လူတွေ့ မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် အဖွဲ့ဝင်များမှ ပေးပို့သည့် အချက်အလက်များ အပေါ် အခြေခံ၍ ပြုစုထားသည်။ သြဂုတ်လမှ အောက်တိုဘာလအထိ ဖော်ပြပါ ပြည်နယ်နှင့် တိုင်းဒေသ ကြီး တခုစီမှ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ် ၃၅ နှင့် ၄၃ ကြားကို ပျမ်းမျှ ကောက်ယူ စုဆောင်း သုတေ သနပြုခဲ့သည်။ စစ်အာဏာရှင်တို့မှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ဂျီနီဗာကွန်ဗန်း ရှင်းကို အကြီးအကျယ် ချိုးဖောက်ပြီး စစ်ရာဇဝတ် ကျူးလွန်ခြင်းဖြစ်သည်ဟု ယူဆသည်။
ပြင်းထန်သည့် တိုက်ပွဲများကြောင့် ပဋိပက္ခဖြစ်နေသည့် ဒေသများရှိ အရပ်သားများမှာ ပိတ်မိနေကြသည်။ စစ်အာဏာရှင်များသည် လူသားချင်းစာနာသည့် အကူအညီများကို ပိတ်ဆို့ထားပြီး ရွာသားများ၏ ပိုင်ဆိုင်မှု အနည်းငယ်ကိုပင် ဥပဒေမဲ့ ခိုးဝှက် လုယူနေပြီး ရွာသားများ၏ အိုးအိမ်များကို မီးရှို့ပြာကျစေခဲ့သည်။ အကျင့်ပျက်မှုနှင့် ပရမ်းပတာလုပ်ရပ်များကြောင့် ရွာသားများမှာ နေ့စဥ် ဖမ်းဆီး၊ သတ်ဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာများ လုယက်ခြင်းခံနေရသည်။ မြန်မာစစ်အာဏာရှင်များ၏ ထိန်းမနိုင် သိမ်းမရ ကျူးလွန်သည့် ရာဇဝတ်မှု များ ရပ်တန့်စေရန်နှင့် ကျူးလွန်ခံနေရသည့် ပြည်သူများကို အကာအကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအ ဝိုင်းအနေဖြင့် တက်ကြွစွာ ဆောင်ရွက်ရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့ခြင်း၊ ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့ခြင်းနှင့် စစ်အာဏာရှင်တို့ အား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ ပို့ဆောင်ရမည်ဖြစ်သည်။ ထိုသို့ အရေးယူရန်မှာ ကြန့်ကြာနေသော်လည်း အချိန်မနှောင်းသေးပေ။
ပိုမိုသိရှိလိုပါက
NDBoffice@protonmail.com
[wpdm_package id=’5627′]
ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
၄။ အနာဂါတ်အလင်းတန်းဆုံမှတ်
၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ
၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း
၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့
၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ
ဆက်စပ်အဖွဲ့ဝင်းများ
၁။ ချင်းလူ့အခွင့်အရေးအဖွဲ့
၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်
၃။ ပအိုဝ်းလူငယ်များအစည်းအရုံး
၄။ ရှေ့ပြေးအသံ
စစ်ရာဇဝတ်မှုများအတွက် နိုးထခြင်း
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုကြောင့် ဆယ်စုနှစ်နှင့်ချီ၍ မရပ်မနားဖြစ်နေခဲ့သော ပြည်တွင်းစစ်တလျှောက် လူ့အသက်ပေါင်းများစွာကို ထိခိုက်သေကြေစေခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းလိုက်ချိန်မှစပြီး ပြည်သူတို့အပေါ် စနစ်တကျကျူးလွန်မှုများကြောင့် မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများ၏ ဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပိုမိုဆိုး ရွားလာခဲ့သည်။ သွေးခွဲတတ်သကဲ့သို့ ကောက်ကျစ်လှည့်ဖြားမှုလည်းရှိသည့် စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိသည်ဟု ထင်မြင်ပြီး ၄င်းတို့စိတ်ကြိုက် မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပင် လိုသလိုအသုံးပြုပြီး အာဏာရရှိရန် ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တုန့်ပြန်သည့်အနေဖြင့် နိုင်ငံအဝှန်း ပြည်သူများ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား အာဏာလွှဲအပ်ရန် တောင်းဆိုကြသည်။
စစ်အာဏာရှင်တို့က နိုင်ငံနှင့်အဝှန်း စစ်ဆင်ရေးများ တိုးမြှင့်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ တက်ကြွလှုပ်ရှားသူများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် စစ်အာဏာရှင်တို့အား ခုခံသောစစ်ကို ဆင်နွှဲပြီဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သည်။ လက်နက်ကိုင်တိုက် ပွဲအတွက် တက်ကြွလှုပ်ရှားသည့် လူငယ်များဖြင့် လေ့ကျင့်ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)နှင့် ပူးတွဲ တိုက်ပွဲဝင်လျှက်ရှိသည်။ ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သားများ တိုက်ပွဲအတွင်း ပိတ်မိခြင်းအပါအဝင် နှစ်ဖက်တပ်များ အကြား ထိခိုက်သေဆုံးမှုများ များပြားလာသည်။ အောက်တိုဘာလတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်ရသည့် လူဦးရေ ၂၁၉,၀၀၀ အပါအဝင် လူဦးရေ ၃ သန်းခန့် (အမျိုးသမီးနှင့် ကလေးများအပါအဝင်) မှာ အသက်ရှင်ရပ်တည်ရေးအတွက် အထောက်အပံ့ အကူအညီများ အကြီးအကျယ် လိုအပ်နေသည်။
စစ်အာဏာရှင်တို့က NUG နှင့် PDF တို့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေငြာခဲ့ပြီး ၄င်းအဖွဲ့ များ၏ တရားဝင်မှုရရှိစေရန် ကြိုးပမ်းမှုအား ပျက်စီးစေရန် လုပ်ဆောင်ခဲ့သည်။ ထိုသို့ကြိုးပမ်းမှု မအောင် မြင်ကြောင်းကို စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးဥပေဒ၊ စံသတ်မှတ်ချက်နှင့် အခြေခံမူများကို မည် သို့ ချိုးဖောက်နေသည်ဆိုသည့် သက်သေများက ပြသနေသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ အထူးကိုယ်စားလှယ် ခရစ်စတီးရှနာဘာဂျီနာ (Christine Schraner Burgener) က မြန်မာစစ်တပ်ခေါင်း ဆောင်နှင့် အာဏာသိမ်းမှုကို ဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရာထူးမှ ထုတ်ပယ်ရန် တောင်း ဆိုခဲ့သည်။ ထိုရပ်တည်ချက်ကို ထပ်လောင်းထင်ဟပ်မှုအဖြစ် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ် တွမ်အမ်ဒရူး (Tom Andrews) က မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြရန် ကုလသမဂ္ဂအထွထွေညီလာခံတွင် ထပ်ကာ ထပ်ကာ တောင်းဆိုခဲ့သည်။
နွေဦးတော်လှန်ရေး အစတွင် လမ်းပေါ်ထွက်ဆန္ဒပြသည့် ပြည်သူများသည် စစ်အာဏာရှင်တို့၏ အကြမ်း ဖက်ဖြိုခွဲသည့် အန္တရာယ်ကို ရင်ဆိုင်၍ အမှန်ကိုထုတ်ဖော်ကြသည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲ ဝင်သူများ ၄င်းတို့အသက်ကိုပင် ပဓာနမထား ပေးဆပ်သွားသကဲ့သို့ ထောင်နှင့်ချီသည့် တက်ကြွလှုပ်ရှားသူ များမှာလည်း ဖမ်းဆီးခံရသည်။ တိုင်းရင်းသား အသီးသီး၊ ကျား-မ မရွေး၊ လူမှုစီးပွားရေး အမျိုးမျိုးနောက်ခံ ရှိသူများသည် စစ်အာဏာရှင်တို့အား ဆက်လက်ဆန့်ကျင်၍ ၄င်းတို့၏ အသက်ရှင် ရပ်တည်မှုကို ဖျက်ဆီး နေမှုအပေါ် တာဝန်ယူ တာဝန်ခံရန် တောင်းဆိုနေကြသည်။
ယခုအစီရင်ခံစာ ပြုစုနေသည့်အချိန်တွင် စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့် အနည်းဆုံး ပြည်သူ ၁၂၀၀ မှာ ဖေဖော်ဝါရီလမှစပြီး သတ်ဖြတ်ခံရ၍ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၀ ၀၀၀ ကျော်အဖမ်းခံရသည်။ ထိုသေဆုံးသူ အရေအတွက်မှာ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝှန်း နိုင်ငံအဆင့် တပ်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် ဆန္ဒပြသူများအား သတ်ဖြတ်မှုအများဆုံး နိုင်ငံဖြစ် နေသည်။ သေဆုံးသူ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှာ ဆန္ဒပြနေစဥ် စစ်အာဏာရှင်တပ်များ၏ အင်အား အလွန် ကျွံသုံးပြီး ဦးခေါင်းကိုပစ်ခတ်ခံရ၍ သေဆုံးကြခြင်းဖြစ်သည်။ ကုန်ဆုံးသွားသည့် ကာလအတွင်း အကြမ်း ဖက်မှုများ လျော့နည်းသွားခြင်းမရှိပေ။ ပြည်သူများ၏ ဘဝအေးချမ်းသာယာ လုံခြုံစိတ်ချရမှုမှာ စိုးရိမ်ပူပန် စရာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ စစ်အာဏာရှင်တို့၏ ပြင်းထန်သည့် အကြမ်းဖက်လုပ်ရပ် များကို ဆယ်စုနှစ်များနှင့်ချီ၍ ဖိနှိပ် ရက်စက်မှုများကို ခံခဲ့ရသည့် တိုင်းရင်းသားများမှာ တွေ့ကြုံခံစား ကျွမ်း ဝင် ပြီးသားဖြစ်သည်။
ချင်းနှင့် ကချင်ပြည်နယ်များတွင် နေ့စဥ်ဘဝရှင်သန်မှုမှာ အထူးသဖြင့် အရပ်သားများအတွက် စိန်ခေါ်မှု အ ပြည့်နှင့်ဖြစ်သည်။ လက်နက်ကိုင် ခုခံသည့် PDF အဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာပြီး မြန်မာစစ်တပ်က စစ်ဆင် ရေးများ တိုးချဲ့ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးသည်လည်း စစ်အာဏာရှင်တို့၏ ဖြတ်လေးဖြတ် စီမံကိန်းအ ပါအဝင် အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ခံရသည်။ စစ်မက်ဖက်ပြိုင်တိုက်နေသည့် အဖွဲ့များအား ရိက္ခာ၊ လူသစ်၊ သတင်းအချက်အလက်နှင့် ငွေကြေးရံပုံငွေမရရှိစေရန် စစ်တပ်မှ ကာလကြာရှည်ကျင့်သုံးသည့် ဗျူ ဟာဖြစ်သည်။ စစ်အာဏာရှင်တပ်များက ရွာများသို့ ဝင်ရောက်၍ ဖျက်ဆီး၊ ခိုးယူခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း နှင့် ဥပဒေမဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုများကြောင့် ဒါဇင်နှင့်ချီသည့် ရွာသားများ အသတ်ခံရသည်။
အရာတော်မြို့နယ် ကဲဘာရွာတွင် စစ်တပ်က နေအိမ် ၁၀၀ ကျော်ကို မီးရှို့
အရာတော်မြို့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ ကဲဘာရွာကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီးနောက် အိမ်ပေါက်စေ့ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ PDF အဖွဲ့ဝင်များနှင့် ရွာသားတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကဲဘာရွာကို ယနေ့ (ဒီဇင်ဘာ ၁၃) မွန်းလွဲပိုင်းတွင် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး နေအိမ်အလုံး ၁၀၀ ကျော်ကို မီးရှို့သွားသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ငါးဦးနှင့် ရွာသားတစ်ဦးထံမှ သိရသည်။
အရာတော်မြို့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ ကဲဘာရွာကို စစ်တပ်က ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် စတင်ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အခုက အိမ်ခြေ ၁၀၀ နီးပါးလောက် လောင်သွားတာ။ လက်နက်ကြီးတွေနဲ့ ထုပြီး ဝင်လာပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ (မီး) ရှို့သွားတယ်။ အိမ်ပေါက်စေ့ လိုက်ရှို့သွားတဲ့ပုံမျိုး။ တစ်အိမ်ထဲကနေ ကူးသွားတဲ့ ပုံစံမျိုးမဟုတ်ဘူး။ အိမ်တွေကို လိုက်ရှို့သွားတဲ့ ပုံစံမျိုး။ သူတို့က ပြန်ဆုတ်သွားပြီဆိုတော့ မီးကတော့ စငြှိမ်းနေကြပြီ။ လောင်တော့လောင်နေတုန်းပဲ ရှိသေးတယ်”ဟု အထက်ပါ ရွာသားက ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် ရွာတောင်ပိုင်းရှိ စာသင်ကျောင်းကို ဖျက်ဆီးကာ အသက် ၄၀ အရွယ် ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။
ထို့အပြင် စာသင်ကျောင်းထဲရှိ ဆိုင်ကယ် ၁၀ စီးထက်မနည်းကိုလည်း မီးရှို့သွားကြောင်း၊ PDF များရှိနေသည်ဟူသော သံသယဖြင့် မီးရှို့သွားခြင်းဖြစ်သည်ဟု ကဲဘာရွာခံတစ်ဦးလည်းဖြစ်သူ ဒေသခံ PDF အဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးဆိုသူက ပြောသည်။
“ကျွန်တော်တို့ရွာမှာ PDF တွေရှိတယ်ဆိုတဲ့ သဘောမျိုးနဲ့ပေါ့ဗျာ။ သူတို့ အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးကြတယ်။ ရွာကိုမဝင်ခင် ပေတစ်ထောင်အကွာလောက်ကနေ လက်နက်ကြီးတွေ၊ အာပီဂျီတွေနဲ့ ပစ်ပြီးဝင်လာတာ။ ပစ်ပြီးမှ ကျွန်တော်တို့ ခေါင်းဆောင်အိမ်တွေကို ဓားစာခံနှစ်ယောက်ကို ပြခိုင်းပြီးတော့ အကုန်ဝင်ရှို့တယ်” ဟု ၎င်းက ပြောသည်။
ကဲဘာရွာမြောက်ဘက် နှစ်မိုင်အကွာရှိ ကလဲပါရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၅၀ ခန့်သည် ကဲဘာရွာမြောက်ဘက်ထိပ်တွင် အထိုင်ချကာ နံနက် ၉ နာရီမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မွန်းလွဲပိုင်းတွင် ရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်းဖြစ်သည်ဟု Zayar 7 အမည်ရှိ ဒေသခံ PDF အဖွဲ့ခေါင်းဆောင် ကိုမိုးအောင်ဆိုသူကလည်း ပြောသည်။
“သူတို့က ရွာထဲ မရောက်ခင်မှာ ၆၀ မမတွေ၊ RPG တွေနဲ့ ပစ်ခတ်တယ်။ ဒေသခံတွေက ဒီလိုလက်နက်ကြီး အသံတွေကို မကြားဖူးကြတော့ ထွက်ပြေးကြတယ်။ ကျွန်တော်တို့အဖွဲ့တွေက လက်နက်အင်အား မမျှတာနဲ့ ဆုတ်ပေးလိုက်ရတယ်။ ရွာထဲရောက်တာနဲ့ ၁၂ (နာရီ) လောက်မှာ ရွာကို မီးစရှို့တော့တာပဲ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ရွာကို စီးနင်းရန် လာစဉ် ဒေသခံ PDF အဖွဲ့ဝင်များက ပြန်လည်ခုခံသဖြင့် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးကြောင်း၊ ယင်းကို မကျေနပ်၍ ယခုကဲ့သို့ လက်နက်ကြီးများပစ်ခတ် စီးနင်းပြီး မီးရှို့သွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဒီဇင်ဘာ ၆ ရက်က ကလဲပါရွာမှ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးကို PDF က သတ်ဖြတ်လိုက်သောကြောင့် စစ်ကောင်စီတပ်က ကဲဘာရွာကို အငြိုးထားနေခြင်းဖြစ်သည်ဟု ၎င်းက ယူဆသည်။
အရာတော်မြို့နယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသည့် Local Ranger ဆိုသည့် အဖွဲ့မှ အဖွဲ့ဝင်တပ်သားတစ်ဦးကလည်း စစ်ကောင်စီတပ်က ဆိုင်ကယ်ဖြင့်ပတ်၍ ကဲဘာရွာကို မီးရှို့သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် တစ်အိမ်ချင်းမီးရှို့ပြီးနောက် မွန်းလွဲ ၂ နာရီကျော်တွင် ကလဲပါရွာသို့ ပြန်ထွက်သွားကြောင်း၊ စစ်ကောင်စီတပ်က လူသားတံတိုင်းဖြင့် စစ်ကြောင်းများတက်လာသည်ဟု သတင်းရသဖြင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း အခြားဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လက်နက်ကြီးတွေပါလို့ ရွာထဲကနေ ထွက်သွားတာ။ ကျွန်တော်တို့ဘက်ကနေ မိုင်းဆွဲတာတာ၊ တူမီးနဲ့ ပစ်တာလောက်ပဲ ရှိတယ်။ ကျွန်တော်တို့ ထောင်လိုက်တဲ့မိုင်းတွေ အကုန်ကွဲတယ်။ တောင်ပိုင်းက အိမ်တွေ ဖျက်ဆီးသွားတာတွေတော့ ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
အပြင်းအထန် ခုခံတော်လှန်နေသည် ဒေသခံ PDF များ အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများကို စစ်ကောင်စီတပ်က အင်အားသုံးကာ လိုက်လံဖိနှိပ်ဖြိုခွင်းလျက်ရှိပြီး ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့သည့်ဖြစ်စဉ်များလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။
Myanmar Now News