စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ခင်ပင်ရွာနဲ့ ရွာငယ်ရွာတို့ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းထား ပြီး ခင်ပင်ရွာထဲက နေအိမ်တချို့ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ကတည်းက စစ်တပ်က ဝင်ရောက်စီးနင်းတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေ ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုထိ သူတို့ဝင်နေတယ်။ ဖျက်ဆီးတာလည်း ဟုတ်တယ်။ လူငယ်တချို့ သူတို့စာရင်းပါတဲ့သဘော ရှိတယ်။ ရွေးပြီးတော့ ဖျက်ဆီးသွားတာ။ သူတို့က ခင်ပင်နဲ့ ရွာငယ်ကို ဟိုဘက်ရွာသွားလိုက် ဒီဘက်ရွာ သွားလိုက်လုပ်နေတာ”

ရွာနှစ်ရွာလုံးက လူဦးရေ နှစ်ရာနီးပါးလောက်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန် ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဒီဇင်ဘာ ၂၀ နဲ့ ၂၂ ရက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အပြင် နှစ်ကြိမ်တိုင် မီးရှို့ခံရတဲ့ ရေဦးမြို့နယ်ထဲက ရေမြက်ရွာမှာလည်း နေအိမ် ၆၂ လုံး အပါအဝင် ကားနှစ်စီးနဲ့ မော်တော်ဆိုင်ကယ် အစီး ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

RFA News

ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး အစုအပြုံလိုက် သတ်ဖြတ်မီးရှို့မှုနဲ့ ပတ်သက်လို့ ဒေသအခြေစိုက် ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က စာရင်းပြုစုနေပြီး ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ထိ သေဆုံးတဲ့ ရုပ်အလောင်း ၂၇  ခုကို အတည်ပြုနိုင်ပြီလို့ ပြောပါတယ်။

Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦး အပါအဝင် နောက်ထပ် လူ ၁၄ ဦးကတော့ ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

မိသားစုဝင်တွေရဲ့ စာရင်းပေးပို့ချက်အရ ပျောက်ဆုံးနေသူတွေထဲမှာ ဖရူဆိုမြို့နယ် လောဂျာကျေးရွာက လေးယောက်၊ ခိုးရခူရွာက တစ်ယောက်၊ Save The  Children ဝန်ထမ်း နှစ်ယောက်၊ လွိုင်ကော်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အပါအဝင် ခုနစ်ယောက် စုစုပေါင်း ၁၄ ယောက်ဖြစ်တယ်လို့ KnHRG တာဝန်ရှိသူက ပြောပါတယ်။

မိုဆိုရွာအနီးက အသတ်ခံရတဲ့ ရုပ်အလောင်းတွေကို စစ်တပ်က ဖျက်ဆီးဖို့ ကြိုးစားနေတဲ့အတွက် အခု ပျောက်ဆုံးနေသူ ၁၄ ယောက်ပါ သတ်ဖြတ်မီးရှို့ခံရမှု ရှိ မရှိဆိုတာကို အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ရဲ့ ညွှန်ကြားရေးမှူး ကိုဗညား က ပြောပါတယ်။

“အခု အဲဒီနေရာကိုတော့ ဒီဘက်ခြမ်း ကရင်နီအင်အားစုတွေပေါ့နော်။ KNDF နဲ့ KA ကတော့ အဲဒီအနီး အနားမှာတော့ ရှိတယ်ပေါ့နော်။ တပ်ကလည်း အဲဒီ အနီးအနားမှာပဲရှိတယ်။ ကျွန်တော်တို့ သိသလောက် က တပ်က အဲဒီနေရာကို အတင်းတိုးပြီးတော့မှ သူတို့ မီးရှို့သတ်ဖြတ်ခဲ့တဲ့ အလောင်းတွေကို ဖျက်ဆီးဖို့ အတွက် ကြိုးစားနေတယ်ဆိုတာကို ကနဦးသိရတယ်။ အဲဒီအတွက်ကြောင့်မလို့ ဒီဘက်ခြမ်းကလည်း နောက်ထပ်သွားပြီးတော့ စစ်ဆေးမှုတွေ အရိုးတွေကောက်ယူဖို့အတွက် ဘယ်လိုမှမလုပ်နိုင်တဲ့ အခြေ အနေမှာ ရှိတာပေါ့နော်”

သူ့ရဲ့မောင်ငယ်အပါအဝင် လောဂျာကျေးရွာက ပျောက်ဆုံးနေသူ လေးယောက်ဟာ စစ်ဘေးရှောင်ဖို့အတွက် ရွာကနေ လွိုင်ကော်ကို ထွက်အသွား လမ်းခုလတ်မှာ ပျောက်ဆုံးနေတာလို့ ပျောက်ဆုံးနေဆဲ လူငယ်တစ်ဦးရဲ့ အစ်မဖြစ်သူက RFA ကို ပြောပါတယ်။

“ကျွန်မတို့ စစ်ရှောင်တာက မိသားစုအလိုက် သွားကြတာလေ။ ကျွန်မအဖေနဲ့ သူ့ညီလေးတို့ သူ့အစ်မတို့ အဲဒီလို မိသားစုအလိုက် သွားကြတာပေါ့။ အဲဒီလိုသွားနေကြရင်း တစ်မိသားစု ကျန်နေသေးတယ်ဆိုပြီး သူတို့ ပြန်ခေါ်ဖို့ သွားတာ။ ကျွန်မမောင်လေးနဲ့ ကျွန်မအဒေါ်ရဲ့ ကလေးတစ်ယောက်နဲ့ နောက်ထပ် အဒေါ် ကလေး နှစ်ယောက်တောင် ပါသွားသေးတယ်။ သူတို့ လေးယောက်ပြန်ကြတာ လေးယောက်စလုံး ကားနှစ်စီးနဲ့ ပြန်တာ အကုန်ပါသွားတယ်လေ”

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ကယားပြည်နယ် က လူ ၄၀ ခန့် အစုအပြုံလိုက်သတ်ဖြတ်မှုဟာ စစ်ကောင်စီဘက်က လူသားမျိုးနွယ်ပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ပြစ်မှုဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီလိုအစုအပြုံလိုက် သတ်ဖြတ်မှုတွေအတွက် သူတို့အနေနဲ့ တရားမျှတမှုရအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေနဲ့လည်း ဒီကိစ္စကို အရေးယူနိုင်ဖို့အတွက် အချိန်နဲ့တပြေးညီ လုပ်ဆောင်သင့်တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Save The Children အဖွဲ့က ဝန်ထမ်းနှစ်ယောက်လည်း အခုချိန်ထိ ပျောက်ဆုံးနေပြီး၊ သူတို့အဖွဲ့သုံးတဲ့ ကားတစ်စီး အခင်းဖြစ်တဲ့ မိုဆိုရွာအနီးမှာ မီးလောင်ထားတာ တွေ့ရတယ်လို့ Save The Children Myanmar က ဒီဇင်ဘာ ၂၅ ရက်က အတည်ပြုထုတ်ပြန်ထားပါတယ်။

ဒီကိစ္စ အသေးစိတ် ထပ်မံသိရှိနိုင်ဖို့အတွက် ရန်ကုန်ရှိ Save the children ရုံးကို RFA က ဒီကနေ့ ဖုန်းခေါ် ခဲ့ပေမဲ့ ပျောက်ဆုံးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ အရေးပေါ်အစည်းအဝေးလုပ်နေကြောင်းသာ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ Save the children အဖွဲ့က ပျောက်ဆုံးနေတဲ့ ဝန်ထမ်းနှစ်ဦးနဲ့ ပတ်သက်ပြီး အတိအကျ ထပ်မံသိရှိနိုင်ဖို့အတွက် အဖွဲ့တာဝန်ရှိသူတွေထံ RFA က အီးမေးကတဆင့် စာရေးမေးမြန်းထားဆဲ ဖြစ်ပါတယ်။

“တပ်က အဲဒီနေရာကို အတင်းတိုးပြီးတော့မှ သူတို့ မီးရှို့သတ်ဖြတ်ခဲ့တဲ့ အလောင်းတွေကို ဖျက်ဆီးဖို့အတွက် ကြိုးစားနေတယ်ဆိုတာကို ကနဦးသိရတယ်”

ကုလသမဂ္ဂထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးအကြီးအကဲ Martin Griffiths  က ဒီသတ်ဖြတ်မှုအပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ်အရေး ယူပေးဖို့ စစ်ကောင်စီကို မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Save the children လိုပဲ ၁၉၉၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကူညီကယ်ဆယ်ရေးအလုပ်တွေ လုပ်ကိုင် နေတဲ့ Care International အဖွဲ့ကလည်း ဖရူဆိုမြို့နယ် မိုဆိုရွာ အစုအပြုံလိုက်သတ်ဖြတ်မှုကို ပြစ်တင်ရှုတ် ချလိုက်ပြီး အရပ်သားတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးကတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအတွေအနေနဲ့ မြန်မာနိုင်ငံက သတ်ဖြတ်မှုတွေအပေါ် ပြစ်တင်ရှုတ်ချနေရုံနဲ့ မပြီးဘဲ ဒီထက်ပိုလုပ်သင့်တယ်လို့ တိုက်တွန်းပါတယ်။

“ဓမ္မနဲ့ အဓမ္မကြားမှာ ကျွန်တော်တို့က တောင့်ခံနိုင်သလောက် ကြိုးစားပြီး တောင့်ခံတယ်။ အဆုံးထိတော့ ကျွန်တော်တို့သွားနေပြီ သွားလည်းသွားနေမှာပါ။ ဒီနိုင်ငံတကာကျတော့ ကျွန်တော်တို့ကို ဘယ်လိုမျိုး ပါဝင်ပတ်သတ်မှုရှိမလဲ။ သူတို့က တကယ်ပဲ ပြည်ပနိုင်ငံရေး မစွက်ဖက်ရေးကိုပဲ ဆက်သွားမလား။ EU သော်လည်းကောင်း၊ ကုလသော်လည်းကောင်း သူတို့က ဒီလိုပဲ စိုးရိမ်နေတယ်။ ရှုတ်ချတယ်။ အဲဒီလောက် ပဲ၊ အဲဒီလိုပဲ ရှိတော့မလား”

(ဖရူဆိုမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က  စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေကို သတ်ဖြတ်မီးရှို့ခဲ့စဉ်) Photo: KNDF
(ဖရူဆိုမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေကို သတ်ဖြတ်မီးရှို့ခဲ့စဉ်) Photo: KNDF

စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးတာလို့ တုန့်ပြန်ပါတယ်။

“ယာဥ် ခုနစ်စီးကို လုံခြုံရေးတပ်ဖွဲ့နဲ့ တွေ့တယ်။ ဆိုတော့ စစ်ဆေးပြီး ရပ်တန့်ခိုင်းတယ်။ ရပ်တန့်ခိုင်း တော့ မောင်းပြေးတယ်။ မောင်းပြေးတဲ့အတွက်ကြောင့်မို့ ကျနော်တို့ဆီက လက်နက်ငယ်နဲ့ ပစ်ခတ်တယ်။ အဲဒါကြောင့်မို့လို့ ကားပေါ်ကလည်း ကျနော်တို့ပြန်ပစ်တယ်။ အနောက်တောင်ဘက်ကပ်လျှက်ကလည်း အကြမ်းဖက် အင်အား ၂၀ လောက်က လုံခြုံရေးအဖွဲ့ကိုပဲ ပစ်တယ်။ RPG နဲ့ ပစ်တာရှိတယ်။ ကျနော်တို့ ကားကို ဟန့်တားခဲ့တာမျိုးလည်းရှိတယ်။ ယာဥ်တွေ မီးလောင်ခဲ့တာရှိတယ် အဲဒီအတွက် ပြန်လည်စစ် ဆေးတဲ့အခါ ကျည်ထိမှန်သေဆုံးတာရှိတယ်။ ပြီးရင် ကားမီးလောင်တာတွေရှိတယ်။ အဲဒီမှာတော့  အလောင်း ၂၅ လောင်း တွေ့တယ်။ ကျား ၂၄ ယောက် မတစ်ယောက် တွေ့ပါတယ်။ ကျား ၂၄ ယောက် မတစ်ယောက်ကလည်း ကျနော်တို့ခန့်မှန်းသလောက် အသက် ၂၀ နဲ့ ၄၀ ဝန်းကျင်ကြားရှိတယ်”

ဒီအဖြစ်အပျက်ကြောင့် ကရင်၊ ကယား၊ ချင်းနဲ့ မကွေးတိုင်းက သူတို့ရဲ့ စီမံကိန်းတွေကို ယာယီရပ်ဆိုင်း ထားမယ်လို့ ရန်ကုန်ရှိ Save The Children အဖွဲ့က ဒီဇင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မိုဆိုကျေးရွာဖြစ်ရပ်ကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ငန်းရပ်ဆိုင်းရမှုနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ဝမ်းနည်းစိတ်ထိခိုက်ရတယ်လို့ ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကို အကူအညီပေးနေတဲ့ ဒေါကလူကွန်ယက်အဖွဲ့ အထွေထွေအတွင်းရေးမှူး ယအဲ့န က ပြောပါတယ်။

“လုံးဝကို မြင်ရတာတွေက စိတ်မကောင်းဘူးပေါ့နော်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ကျွန်တော်တို့ ဒေသမှာလည်း အဲဒီလိုမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတာပေါ့နော်။ အဲဒီလို စစ်ဘေးရှောင်ကူညီတဲ့ သူကရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ဝင်ထဲမှာလည်း သူတို့အရင်တုန်းက ဖမ်းဆီးနှိပ်စက်ပြီးတော့ ဆေးရုံ တက်ရ အသက်ဆုံးရှုံးရတဲ့ လူငယ်တစ်ယောက်လည်းရှိခဲ့တယ်။ အခုလည်း သူတို့ဖမ်းထားတဲ့သူဖြစ်မှာကို ကျွန်တော်တို့လည်း စိုးရိမ်တွေးကြောက်မိတာပေါ့နော်”

(ဘေးလွတ်ရာကိုထွက်ပြေးလာတဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာအုပ်စု အနီးအနားရွာတွေက စစ်ဘေးဒုက္ခသည်တွေကို ဒီဇင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ်) ဓါတ်ပုံ - ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ
(ဘေးလွတ်ရာကိုထွက်ပြေးလာတဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာအုပ်စု အနီးအနားရွာတွေက စစ်ဘေးဒုက္ခသည်တွေကို ဒီဇင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ်) ဓါတ်ပုံ – ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

ကိုယ်တိုင် ဖမ်းဆီးခံရမယ့်အန္တရာယ်နဲ့ ကြုံခဲ့ဖူးတဲ့ ချင်းပြည်နယ်နဲ့ မကွေးက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးကတော့ ဒီဖြစ်ရပ်အပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး ကြောက်ရွံ့ပေမယ့် လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်လို့ RFA ကို ပြောပါတယ်။

“အဲဒီလိုမျိုးကျတော့ နားလို့လည်း မဖြစ်ဘူးလေနော်။ ဘယ်လိုပဲ အခက်အခဲရှိပါစေ။ အစ်မတို့ကို ဖမ်းဖို့ သုံးမိနစ်လောက်လေးအလိုမှာ လွတ်သွားတာရှိတယ်။ အဲဒီလိုမျိုး လေးငါးကြိမ်မကဘူး။ အစ်မ အမျိုးသား ဆိုလည်း သူတို့ အိမ်ထဲအထိ ခေါ်သွားတဲ့အခြေအနေတောင်မှရှိတယ်။ မိန်းကလေးဆိုတော့ ကြောက် လည်း ကြောက်တယ်။ ဒါပေမဲ့ ကြောက်တဲ့စိတ်က ပျောက်ပျောက်သွားပြီးတော့ အစ်မအနေနဲ့ အဆုံးအထိ ပါဝင်သွားမယ်ပေါ့နော်။ တခြားသူတွေကိုလည်း အဆုံးထိပါဝင်စေချင်တယ်”

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အရေးယူသင့်တဲ့ အချိန်ထက်ကို ကျော်လွန်နေပြီလို့လည်း သူက ဆိုပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ လက်အောက်ခံ ကရင်နီပြည်ရဲဌာန KSP ကတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာက အစုအပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို အတိအကျစုံစမ်းနေပြီး တစ်ကမ္ဘာလုံးသိအောင် ဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။

RFA News

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်

၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) နာရီခန့်တွင် ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာသော မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းက အမျိုးသမီးနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များအပါအ၀င် အပြစ်မဲ့ ရွာသူ၊ ရွာသား (၄၀) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ကို ယာဥ်များပေါ်တွင် နောက်ပြန်ကြိုးတုပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။ ဤရက်စက် ကြမ်းကြုတ်သော နိုင်ငံတကာရာဇဝတ်မှုအပေါ် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှ အရေးပေါ် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂။ ၂၀၂၁ ခုနှစ် မေလ (၂၀) ရက်နေ့မှစတင်၍ ကရင်နီပြည်တွင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်ဖြိုခွင်းမှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုမြောက်သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီပြည်၏ လူဦးရေထက်ဝက်မျှဖြစ်သော လူပေါင်း (၁၅၀,၀၀၀) ကျော်ခန့်ကို နေရပ်စွန့်စွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအဖြစ်သို့ ရောက်ရှိစေခဲ့သည့်အပြင် နေအိမ်နှင့် အဆောက်အဦး (၆၅၂) လုံးကျော်ခန့်လည်း ဖျက်ဆီးခံခဲ့ရပြီး အပြစ်မဲ့ပြည်သူလူထုများ ရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။

၃။ ကရင်နီပြည်တွင် အကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်သော နိုင်ငံတကာ ရာဇဝတ်မှုမြောက် လုပ်ရပ်အပေါ် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး တရားမျှတမှု ရရှိရန်အတွက် ကရင်နီပြည်သူလူထုနှင့်အတူ ရပ်တည်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ရပ်သည် ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့အရပ်သား ၁၁ ဦးတို့ မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရသည့်။ ထိုမတိုင်ခင် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကနီမြို့နယ်တွင် စုစုပေါင်း အနည်းဆုံးပြည်သူ ၄၀ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသော ဖြစ်ရပ်သုံးခုကို အကြမ်းဖက်စစ်အုပ်စုမှ လူမဆန်စွာ လုပ်ဆောင်ခဲ့သည်။ သို့ဖြင့် ဤကဲ့သို့သော လူမဆန်သည့် ဖြစ်ရပ်များ ထပ်မံဖြစ်ပွားမည်ကို မိမိတို့မှ အထူးစိုးရိမ်ပူပန်ပါသည်။

၄။ ကရင်နီပြည်ဘက်တွင် လူမဆန်သော ဤဖြစ်ရပ် ဖြစ်ပေါ်နေသည့် တစ်ချိန်တည်းတွင် အကြမ်းဖက် စစ်အုပ်စုသည် ကရင်ပြည်နယ်ရှိ လေးကေကော်ဒေသနှင့် ထိုဒေသအနီးတဝိုက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ကာ နောက်ပိုင်းတွင် ဗုံးကြဲလေယာဥ်များဖြင့် ပရမ်းပတာ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ကြရပြီး ထိုလူဦးရေ၏ တစ်ဝက်ခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရသည်။ အကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ်သော လက်နက်ကြီးတချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ကာ အိုးအိမ်တချို့ ပျက်စီးသဖြင့် ထိုင်းပြည်သူတချို့သည် လုံခြုံရေးအတွက် တခြားနေရာသို့ တိမ်းရှောင်နေကြရသည်။

၅။ အကြမ်းဖက်စစ်အုပ်စုမှ ယခုကဲ့သို့ ကရင်နီပြည်နှင့် ကရင်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူများအပေါ် လူမဆန်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းသည် ဆယ်စုနှစ်များစွာ ၎င်းတို့ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနှင့် တရားမျှတမှုတို့ကို မဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် မိမိတို့ပြည်သူများကို လွန်စွာဒုက္ခရောက်စေပြီး ပြည်သူများ၏ လူသားလုံခြုံမှုကို ကင်းမဲ့စေသည်။

၆။ သို့ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုအား အောက်ပါအတိုင်း ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေးအတွက် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ကြရန် မိမိတို့မှ တောင်းဆိုသည်။

  • အကြမ်းဖက်စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများနှင့် စစ်ရေးဆိုင်ရာ နည်းပညာများ မရောက်ရှိစေရေး ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်း ရောင်းချမှု တားမြစ်ပိတ်ဆို့ရန်၊
  • မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်ရန်၊ နှင့်
  • အကြမ်းဖက်စစ်အုပ်ထံ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရန်အတွက် နိုင်ငံတကာအစိုးရများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့မှုများအပြင် ၎င်းနှင့် ၎င်းခရိုနီများ၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ တိုးမြင့်လုပ်ဆောင်ရန်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ကိုဗညား၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့၊ banya7881@gmail.com
  • နော်ထူးထူး၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ htoothu@khrg.org
  • နိုင်အဲမွန်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ auemon@rehmonnya.org

 

လက်မှတ်ရေးထိုးသော အရပ်ဘက်လူထုအဖွဲ့အစည်းများ

  1. Ah Nah – Conversations with Myanmar
  2. All Arakan Student’s and Youths’ Congress
  3. Arakan CSO Network
  4. Assistance Association for Political Prisoners
  5. Association of Human Rights Defenders and Promoters
  6. Athan – Freedom of Expression Activist Organization
  7. Blood Money Campaign
  8. Burmese Canadian Network
  9. Burmese Democratic Forces USA
  10. Burmese People in Ireland
  11. Burmese Women’s Union
  12. CRPH & NUG Supporters Ireland
  13. CRPH Funding Ireland
  14. Democracy for Ethnic Minorities Organization
  15. Democracy, Peace and Women’s Organization – DPW
  16. Equality Myanmar
  17. Federal Myanmar Benevolence Group New Zealand
  18. Future Light Center
  19. Future Thanlwin
  20. Human Rights Foundation of Monland
  21. Kachin Women’s Association Thailand
  22. Karen Environmental and Social Action Network
  23. Karen Human Rights Group
  24. Karen Peace Support Network
  25. Karen Rivers Watch
  26. Karen Women’s Organization
  27. Karenni Civil Society Network
  28. Karenni Human Rights Group
  29. Karenni National Women’s Organization
  30. Karenni National Youth Organization
  31. Kayah State Students Union
  32. Kayan New Generation Youth
  33. Kayan Women Organization
  34. Keng Tung Youth
  35. La Commumauté Birmane de France
  36. Let’s Help Each Other
  37. Metta Campaign Mandalay
  38. Myanmar Democratic Force Denmark
  39. Myanmar People Alliance (Shan State)
  40. Network for Human Rights Documentation (ND-Burma)
  41. Olive Organization
  42. Pa-O Women’s Union
  43. Progressive Voice
  44. Save and Care Organization for Ethnic Women at Border Areas
  45. Save Myanmar USA
  46. Shan MATA
  47. Sisters 2 Sisters
  48. Sitt Nyein Pann Foundation
  49. Southern Youth Development Organization
  50. Support the Democracy Movement in Burma
  51. Ta’ang Women’s Organization
  52. Ta’ang Legal Aid
  53. Tanintharyi MATA
  54. Union of Karenni State Youth
  55. US Advocacy Coalition Myanmar
  56. Women Advocacy Coalition – Myanmar
  57. Women for Women Foundation
  58. Women’s League of Burma
  59. Women’s Peace Network

PDF ဖိုင်များဖြင့် ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

 

ထိုင်း- မြန်မာ နယ်စပ်ဒေသမှာ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်ထဲကနေ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အတွက် အကူအညီတွေပေးရေး အရေးပေါ်သွားရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထိုင်းအစိုးရကို တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ KNU ကရင်လက်နက်ကိုင်တပ်ဖွဲ့ နဲ့ မြန်မာစစ်တပ် တို့ကြား ထိုင်းမြန်မာနယ်စပ် လေးကေကော်ဒေသမှာ မကြာခင်ရက်ပိုင်းမှာပဲ တိုက်ပွဲတွေ စတင်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ကြာသပတေးနေ့က ထိုင်းနိုင်ငံ တာခ့် ပြည်နယ်ထဲကို စစ်ရှောင် မြန်မာဒုက္ခသည် ၇၀၀ လောက် နယ်စပ်မြစ်ကြောင်းကို ဖြတ်ကျော် ထွက်ပြေးလာသလို တိုက်ပွဲဆက်ဖြစ်နေတဲ့အတွက် တနင်္လာနေ့မှာအထိဆို ဒုက္ခသည်က ၃၉၀၀ လောက် အထိ တိုးလာနေတယ်လို့ UNHCR က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒီဒုက္ခသည်တွေ အတွက် UNHCR က စိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန် အကူညီပေးခွင့်ပြုဖို့ UNHCR ကရော NGO အဖွဲ့တွေကပါ ထိုင်းအာဏာပိုင်တွေကို ပန်ကြားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

တာခ် ပြည်နယ်အာဏာပိုင်တွေကတော့ နယ်စပ်မှာ တိုက်ပွဲတွေရပ်သွားပုံ ပေါ်ခဲ့ချိန်ကစပြီး ဒုက္ခသည် ဒါဇင်နဲ့ချီပြီး တဖြေးဖြေး နေရပ်ပြန်နေကြတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက နေရာ ၂ နေရာမှာ ဒုက္ခသည် ၃၅၀၀ လောက်ပဲ ကျန်တော့တယ်လို့ တနင်္လာနေ့ ညနေပိုင်းမှာ ပြောပါတယ်။ ဒါ့အပြင် သူတို့သဘောနဲ့သူတို့ နေရပ်ပြန်တဲ့ မြန်မာဒုက္ခသည်တွေအတွက် သောင်ရင်းမြစ်ကမ်းကနေ နေရပ်ပြန်ဖို့ရော လူသားချင်းစာနာမှု အကူညီတွေပါ ပေးနေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး KWO က နော်ကညောဖော ကတော့ တိုက်ပွဲတွေ တချို့နေရာတွေမှာ ဆက်လက်ဖြစ်ပွါးနေသလို တိုက်ပွဲပြင်းထန်တဲ့အတွက် အများစုက ကြောက်လန့်စိုးရိမ်နေကြ ကြောင်းပြောတယ်လို့ AFP မှာ ဖေါ်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်ထော်သလေးဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်လာတဲ့အတွက် တနင်္ဂနွေနေ့မှာပဲ နောက်ထပ် ဒေသခံ ၁၅၀၀ လောက် ထိုင်းဘက် ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မယ်ထော်သလေးဘက်မှာ တနင်္လာနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး အခြေနေကိုထိန်းနိုင်ဖို့ KNU နဲ့ ညှိနှိုင်းနေတယ်လို့ ပြောကြောင်းလည်း ဖေါ်ပြထားပါတယ်။

VOA News

ယခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အနည်းဆုံး လူ ၄၀ ကို အစုလိုက်အပြုံလိုက် မြှုပ်နှံမှုများကို ပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာန၏ စုံစမ်းစစ်ဆေးမှု တခုအရ သိရသည်။

BBC သတင်းဌာနသည် မျက်မြင်သက်သေ ၁၁ ဦးကို တွေ့ဆုံမေးမြန်းပြီး ၎င်းတို့၏ ပြောကြားချက်များကို မြန်မာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လေ့လာနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သော Myanmar Witness အဖွဲ့က စုဆောင်းထားသည့် ဗီဒီယိုများနှင့် နှိုင်းယှဉ်လေ့လာခဲ့သည်။

ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ ထိုသတ်ဖြတ်မှုများ မတိုင်မီလများအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖေဖော်ဝါရီလက ဖြုတ်ချခဲ့သော မြန်မာစစ်အုပ်စုနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေး တပ်များအကြား တိုက်ပွဲများ ပြင်းထန်နေသည်။

အပြင်းထန်ဆုံး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုသည် ယင်းရွာတွင်ဖြစ်ပွားပြီး စစ်ကောင်စီတပ်များက အနည်းဆုံးလူ ၁၄ ဦးကို ညှဉ်းပန်းနှိပ်စက်ကာ ရိုက်သတ်ပြီးနောက် လျှိုမြှောင်တခုအတွင်း ပစ်ချထားခဲ့သည်။

“ဘယ်လိုမှ မကြည့်ရက်လို့ ခေါင်းငုံ့ပြီး ငိုနေရတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်တာ သူတို့က ဂရုမစိုက်ဘူး။ သူတို့က ကျမတို့ကို အဲဒီအထဲမှာ နင်တို့ယောက်ျားတွေပါလား။ ပါရင် သရဏဂုံတင်ထား လို့ပြောတယ်” ဟု ပြောကြောင်း အမျိုးသမီးတဦးက ပြောသည်။

ထိုသတ်ဖြတ်မှုမှ လွတ်မြောက်လာသည့် အမျိုးသားတဦးကလည်း စစ်ကောင်စီတပ်များသည် ထိုသူများကို မသေမီ နာရီပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ပြောသည်။

“သူတို့ကို ကြိုးနဲ့ချည်ထားပြီး ကျောက်တုံးတွေနဲ့ထု၊ သေနတ်ဒင်တွေနဲ့ရိုက်ပြီး တနေကုန် ညှဉ်းပန်း နှိပ်စက်တာ” ဟု ထိုလွတ်မြောက်လာသူက ပြောသည်။ “တချို့စစ်သားတွေက လူငယ်တွေ ၁၇၊ ၁၈ ပဲ ရှိဦးမယ်။ တချို့က အရမ်းကြီးနေပြီ။ သူတို့နဲ့အတူ မိန်းမတယောက်လည်း ပါတယ်” ဟု ထိုလွတ်မြောက်လာသူက BBC သတင်းဌာနသို့ ပြောသည်။

အနီးရှိ ဇီးပင်တွင်း ကျေးရွားမှ ကလေးတဦးနှင့် မသန်စွမ်းသူတဦး အပါအဝင် ခုတ်ထစ်ပြတ်တောက် ဒဏ်ရာများဖြင့် သေဆုံးနေသော အလောင်း ၁၂ လောင်းကို တွေ့ရှိရသည်။ သတ်ဖြတ်ခံရသူများ၏ မိသားစုများက ၄င်တို့ မိသားစုဝင်များသည် လက်နက်ကိုင် တိုက်ခိုက်မှုတွင် မပါဝင်ကြောင်း ပြောသော်လည်း စစ်ကောင်စီသည် ခုခံရေးတပ်များ၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမျိုးသားများကို ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း ထင်ရှားသည်။ သတ်ဖြတ်ခံရသောသည့် မောင်ငယ်သည် လေးခွပင် မပစ်တတ်ကြောင်း အမျိုးသမီးတဦးက ပြောသည်။

ထိုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး BBC သတင်းဌာနက စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းအား မေးမြန်းသောအခါ စစ်ကောင်စီတပ်များက ထိုပြစ်မှုများကို မကျူးလွန်ကြောင်း ငြင်းဆန်ခြင်း မရှိပေ။ “ဒါမျိုးတွေဖြစ်နိုင်ပါတယ်။ သူတို့က ကျနော်တို့ကို တိုက်ခိုက်လာရင် ကျနော်တို့မှာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်” ဟု သူက ပြောသည်။

မကြာသေးမီက ကျင်းပသည့် စစ်ကောင်စီလေတပ် ၇၄ နှစ်ပြည့် ကျင်းပသောအခါ ဗိုလ်ချုပ်များက ATR-72 600 တစင်း အပါအဝင် ၎င်းတို့၏ ခေတ်မီအောင် ပြုလုပ်ထားသည့် လေယာဉ်များကို ပြသသည်။ ATR-72 600 လေယာဉ်များကို ပြင်သစ်မှ Airbus နှင့် အီတလီမှ Leonardo Corporation တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော ATR က ပြင်သစ်တွင် ထုတ်လုပ်သည်။ စက်ပစ္စည်း အစိတ်အပိုင်းများနှင့် စစ်ဘက် အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများ အပါအဝင် မြန်မာသို့ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ချမှတ်ထားပြီးဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International), Italy-Burma.Insieme, Rete Italiana Pace e Disarmo နှင့် Atlante delle Guerre အဖွဲ့များက ပြောသည်။

လေ့လာစောင့်ကြည့်နေသော အင်တာနက်စာမျက်နှာ Acled ၏ အဆိုအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အတွင်း ယီမင်နှင့် အာဖဂန်နစ္စတန်ထက် ပိုမိုများပြားသော တိုက်ပွဲများ မြန်မာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုးကား။ ။ BBC

Irrawaddy News

၂၀၁၆ ခုနှစ်တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ ၏အဖွဲ့အ၀င်အဖွဲ့အစည်း ဖြစ်သည့် နိုင်ငံရေးအကျဥ်သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မြန်မာနိုင်ငံ ၏ အကျဥ်းထောင်အခြေအနေနှင့် အရေးတကြီးပြုပြင်ရန်လိုအပ်သည့် အကျဥ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော  အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ အဓိကရှာဖွေတွေ့ရှိချက်များအနက် အကျဥ်းထောင်များထဲ လူဦးရေထူထပ်ခြင်းကြောင့် အကျဥ်းသားများ၏ ကျန်းမာရေးကို ယိုယွင်းပျက်ဆီးစေသည်။ အကျဥ်းသားများသည် ညှဉ်းပမ်းနှိပ်စက်ခံရခြင်းနှင့် လူမဆန်စွာ ပြုမှုဆက်ဆံခြင်းတို့ကြောင့် အကျဥ်းချခံရစဥ် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် AAPP မှ ထုတ်ပြန်ခဲ့သော “Activism and Agency” တွင်လည်း အမျိုးသမီးအကျဥ်းသူများ၏ အတွေ့အကြုံများဖြစ်သည့် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစား ချိုးဖောက်မှုနှင့် နှောင့်ယှက်မှုများအပါအဝင် အလားတူတွေ့ရှိချက်များ ပါ၀င်သည်။  ဆယ်စုနှစ်များတစ်လျှောက် မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသည့် အကျဥ်းသားများ လုံခြုံမှုမရှိပေ။ ဖေဖေါ်ဝါရီလမှစတင်၍ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အပါအဝင် ထောင်နှင့်ချီသော အပြစ်မဲ့ အရပ်သားများသည် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံပြုမှု ခံနေရသည်။ AAPP ကဲ့သို့သော အဖွဲ့အစည်းများ တောင်းဆိုနေသော်လည်း စစ်အစိုးရသည် အကျဉ်းထောင် အခြေအနေများကို နိုင်ငံတကာ စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်အောင် အနည်းငယ်မျှ ပြုပြင်ပြောင်းလဲခြင်း မရှိပေ။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပထမဆုံးစစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ခြင်းခံရသည့် အလွတ်ဓါတ်ပုံသတင်းထောက်တစ်ဦးအပါအ၀င်  အကျဉ်းသားများအား ဥပဒေနှင့်မညီသော ဆက်ဆံမှုဆိုင်ရာ အထောက်အထားများ ပိုမိုထွက်ပေါ်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် ပြုလုပ်သည့်နည်းတူ အင်းစိန်ထောင်အတွင်းမှ အကျဉ်းသား၊ အချုပ်သားများမှလည်း အိပ်ဆောင်အပြင်ဘက်သို့ မထွက်ခြင်းအားဖြင့်  ညီညွတ်စွာ သပိတ်ဆင်နွှဲခဲ့ကြသည်။  ထောင်တွင်းအသံတိတ်သပိတ် ဦးဆောင်သောသူအကြောင်းအား စစ်မေးသောအခါ အကျဥ်းသားများသည် အာဏာရှင်ဆန့်ကျင်ရေး သီချင်းကို သီဆိုခဲ့ကြသည်။ စစ်အာဏာရှင်သည် အကျဥ်းသားများအား လုံး၀သတိလစ် မေ့မျောသည်အထိ အကြမ်းဖက်ရိုက်နှက်ခဲ့ပြီး ဆေးကုသခွင့်ငြင်းပယ်ခဲ့သည်။

အသံတိတ်သပိတ် ပြုလုပ်မှုကြောင့် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် တိုက်ပိတ် ပြစ်ဒဏ်ခတ်ခံနေရသူများ၏ အခြေအနေ စိုးရိမ်နေရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်မှ သတင်း ထုတ်ပြန်သည်။ AAPP မှ ကိုဘိုကြည်သည် “အောင်မြင်မှုမရှိသော စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အကျဉ်းထောင်အခြေအနေသည် သိသိသာသာ ပို၍ဆိုးရွားလာကာ  ညှဉ်းပန်းနှိပ်စက်မှုများကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေသည်ဟု” ပြောခဲ့သည်။

အကျဉ်းထောင်များတွင်  စနစ်တကျညှဉ်းပမ်းနှိပ်စက်မှုများကို ကျူးလွန်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်းတို့၏ ဂုဏ်သိက္ခာ၊ ဘေးကင်းရေးနှင့် သုခချမ်းသာများ ဆုံးရှုံးစေမည့် အခြေအနေများကို ထပ်မံဖြစ်ပေါ်စေသည်။  Human Rights Watch၊ BBC၊ New York Times နှင့် Associated Press တို့သည် အကျဉ်းထောင်နောက်ကွယ်ရှိ အရပ်သားများအပေါ်  အာဏာသိမ်းစစ်တပ်မှ ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများကို မှတ်တမ်းတင်ထားသည့် အဖွဲ့တွင်ပါဝင်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာရုံးမှ ဖော်ပြထားသော အကျဉ်းသားများအား ကုသရေးဆိုင်ရာ အခြေခံမူများအရ ‘အကျဉ်းသားအားလုံးကို ၎င်းတို့၏ မွေးရာပါ ဂုဏ်သိက္ခာနှင့် လူသားအဖြစ် တန်ဖိုးထားခြင်းကြောင့် လေးစားမှုဖြင့် ဆက်ဆံရမည်’ ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ အကျဥ်းသားများ၏ အခွင့်အရေးကို တရားမ၀င်အာဏာသိမ်းစစ်တပ်မှ ကာကွယ်ရန် ပျက်ကွက်ခဲ့သည်။  ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ အရေးယူတုန့်ပြန်ဆောင်ရွက်ရန်၊ ဥပဒေအထက်မည်သူမှမရှိရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများ၏ အသက်ကိုကာကွယ်ရန်  နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာ၀န်ရှိသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ကရင်ပြည်နယ်

ဆောင်းရာသီတွင် အကြမ်းဖက်စစ်တပ်၏ တိုးချဲ့စစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ကရင်စစ်ဘေးရှောင် ၈၀၀၀၀ ကျော်သည် အနွေးထည်နှင့် ခြုံစောင်များလိုအပ်နေသည်။ စစ်အာဏာရှင်သည် ကရင်လူမျိုးများအပေါ် ဆယ်စုနှစ်များစွာ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများတွင် ပြေလျော့သွားခြင်းမရှိပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်ရာနယ်မြေ လေးကေကော်မြို့သစ်ကို တပ်အင်အား ၂၀၀ ကျော်ကျူးကျော် ၀င်ရောက်ခဲ့သည်။ တိမ်းရှောင်သူတက်ကြွလှုပ်ရှားသူ ဒါဇင်နှင့်ချီအဖမ်းခံခဲ့ရသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် မတည်ငြိမ်မှုများကို တိုးစေခဲ့သည်။

ကရင်သတင်းစဥ်၏ သတင်းအရ ဒေသခံကာကွယ်ရေးတပ်များ ပုန်းခိုမည်ထင်ရသော နေရာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။ တင်းမာမှုများသည် ဒီဇင်ဘာလ ၁၄ ရက်စတင်ခဲ့ပြီး ဒေသခံများ စတင်ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အရပ်သားများတည်ရှိရာ ဧရိယာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသခံများ ထောင်နှင့်ချီ၍ ထပ်မံထွက်ပြေးခဲ့ရသည်။  ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မယ်တော်သလေးကျေးရွာအနီးတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲများမှ သတင်းထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်တပ်မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ရန် လိုအပ်သော အဓိကလမ်းကြောင်းများကို တားဆီးပိတ်ဆို့ထားသည်။

 

ကယား (ကရင်နီ)ပြည်နယ်

ကယားပြည်နယ်မှ စစ်ဘေးရှောင်များသည် မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်ပူပန်နေကြရသည်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားနေသော အကြမ်းဖက်တပ်မတော်ကြောင့် ဒေသခံများသည် ရွာနှင့်အ၀ေးသို့ထွက်ကာ ၀င်ငွေရသောလုပ်ငန်းများကို မလုပ်ကိုင်နိုင်ပေ။ စိုက်ပျိုးရေးဖြင့်အသက်မွေး၀မ်းကြောင်းပြုနေသော ဒေသခံများသည် စိုက်ခင်းများတွင်း သွားရောက်လုပ်ကိုင်နိုင်ခြင်းမရှိသောကြောင့် ရိတ်သိမ်းရန်နှင့် ၀င်ငွေရသည့်လမ်းကြောင်းများကို ဆုံးရှုံးခဲ့ရသည်။

စစ်ပြေးဒုက္ခသည်များအတွက် လူသားချင်းစာနာသော အကူအညီသယ်ယူပို့ဆောင်ရန် လမ်းကြောင်းများကို တရားမ၀င် အာဏာသိမ်းစစ်တပ်မှ ပိတ်ပင်ထားဆီးသောကြောင့် အခြေအနေကို ပို၍ ဆိုး၀ါးစေသည်။ အရပ်သားပြည်သူများခိုလှုံလေ့ရှိသော ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် စစ်တပ်မှ အစားထိုးနေရာယူ စခန်းချနေသည်။ ဆောင်းရာသီ၀င်ရောက်လာသော်လည်း စစ်ဘေးရှောင်များသည် ရွေးချယ်စရာမရှိဘဲ ခက်ခဲသော အခြေအနေများဖြင့် တောတောင်ထဲတွင် ဘေးကင်းလုံခြုံရေးအတွက် တိမ်းရှောင်နေရသည်။

ကရင်နီလူ့အဖွဲ့အစည်းကွန်ရက်၏ အဆိုအရ ကယား (ကရင်နီ) ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကြောင့် အဆောက်အဦးပေါင်း ၄၀၀ ကျော်ပျက်ဆီး ဆုံးရှုံးခဲ့ရသည်။ နို၀င်ဘာလ ၅ ရက်နေ့နှင့် ဒီဇင်ဘာလ ၅ ရက်အတွင်း အရပ်သား ၁၅၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး

ဒီဇင်ဘာလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် အိမ်ခြေပေါင်း ၁၀၀ ကျော် ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်။​ စစ်တပ်၏ ရည်ရွယ်ချက်ဖြင့် မီးရှို့မှုကြောင့် ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်ဆီးခဲ့ကြောင်း ရွာသို့ပြန်လာသည့် ကျေးရွာသားများမှတဆင့် သိရှိရသည်။​ အာဏာသိမ်းစစ်တပ်တပ်သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအပါအ၀င် ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ပတ်သက်ဆက်နွယ်သောသူများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်ဆဲဖြစ်သည်။​ အာဏာသိမ်းစစ်တပ်မှ ဒေသခံ နှစ်ဦးကို ဓားစားခံအဖြစ်ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ဖျက်ဆီးခဲ့သည်။

ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။ အိမ်များအတွင်းရှိ အစားအသောက်များကို အကြမ်းဖက်စစ်သားမှ စားသောက်ခဲ့သည်။​ ပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ်များသို့ ပြန်လာခဲ့သော ဒေသခံများသည် အကြမ်းဖက် စစ်တပ်၏ စစ်အင်အားတိုးမြှင့်မှုတို့ကြောင့် ထပ်မံထွက်ပြေးခဲ့ရသည်။ နောက်ထပ်စိုးရိမ်စရာအခြေအနေတစ်ခုမှာ စစ်ကိုင်းတိုင်းဒေသအတွင်းရှိ သတင်းများကိုတင်ဆက်နေသော ဒေသအခြေစိုက် သတင်းထောက်တစ်ဦးဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရချိန်မှစ၍ မည်သို့ အခြေအနေရှိသည်ကို မသိရှိရသေးပေ။

တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျေးရွာတွင်းသို့ ပြန်လာသော ရွာသား ၃ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။  “သူတို့ကလူစိတ်မရှိတော့ဘူး။ အဓိကကတော့ မြင်ရင်သတ်မယ်ဆိုတဲ့ရည်ရွယ်ချက်ဘဲ”ဟု ခွဲခြားမှုမရှိဘဲ သတ်ဖြတ်နေမှုအပေါ်  ကျေးရွာသားတစ်ဦးမှ ပြောကြားခဲ့သည်။