ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို အာဏာသိမ်းစစ်ကောင်စီဘက်က ကျူးလွန်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မျက်မြင်သက်သေ အထောက်အထားတွေနဲ့အတူ ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။

အဲ့ဒီနေ့က ဖြစ်ရပ်မှာ သေဆုံးတဲ့ ဒေသခံတွေဟာ တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့တာလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့်၊ NUG အစိုးရက ထုတ်ပြန်လာတဲ့ မျက်မြင်သက်သေတွေကတော့ သေဆုံးသူတွေဟာ သာမန်အရပ်သား ဒေသခံတွေဖြစ်ပြီး၊ စစ်တပ်က အစုအပြုံလိုက် ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ပြောကြပါတယ်။

မီးလောင်ကျွမ်းတဲ့ အလောင်းတွေကို စစ်ဆေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ခွဲစိတ်ဆရာဝန်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“အလောင်းတွေမှာ လက်နောက်ပြန်ကြိုး တုပ်ခံထားရပါတယ်။ ရုပ်အလောင်းတွေရဲ့ ဦးခေါင်းခွံတွေဟာ ပြည့်ပြည့်စုံစုံ ပါမလာတော့ပါဘူး။ ကျားအင်္ဂါ၊ မအင်္ဂါ ရင်ဘတ်အပေါ်ပိုင်း လုံးဝ မပါတာ တွေ့ရပါတယ်။ ရုပ်အလောင်းဟာ ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး ချည်ခံထားရပါတယ်။ ရက်ရက်စက်စက် မီးရှို့ခံထားရတာပါ။ ခန္ဓာကိုယ်အတွင်းထဲက အူတွေ၊ အသဲတွေ၊ ကျောက်ကပ်တွေ၊ ဒီလိုအရာတွေတောင် မှန်းဆလို့မရအောင် မီးလောင်ခံထားရပါတယ်။ တော်တော်ကို ဆိုးဆိုးရွားရွားပါပဲ”

ဒီစစ်ဆေးတွေ့ရှိချက်တွေကို ကြည့်ရင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့သတ်ဖြတ်ခဲ့တာကို မြင်တွေ့နိုင်တယ် လို့ ဆိုပါတယ်။

အဲ့ဒီနေ့က အလောင်းတွေကို သွားရောက်ကောက်ယူခဲ့တဲ့ထဲမှာ CDM ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) လည်း ပါပါတယ်။ သက်သေအထောက်အထားတွေအရ လွိုင်ကော်- ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ (၅၃၁) နဲ့ တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ KSP ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။

“ဒီကိစ္စမှာ အဓိကကျူးလွန်သူကတော့ မြန်မာတပ်မတော် ကွပ်ကဲမှု စစ်ဌာနချုပ် လွိုင်ကော်လက်အောက်ခံ ခမရ ၅၃၁ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တွေလို့ ကနဦး သိရှိထားပါတယ်။ သွေးကွက်ထဲမှာ တွေ့တဲ့ ကျည်ဆံပေါ်မှာဆိုရင် မြန်မာလို ၅.၅၆ လို့ရေးထားတဲ့ စာပါပါတယ်။ ဒါကြောင့် ကပစထုတ် မြန်မာစစ်တပ်သုံး ကျည်တွေဆိုတာ အတည်ပြုလို့ရပါတယ်။ ပြီးရင် အဲ့ဒီနေရာမှာတွေ့တဲ့ ကျနော်တို့အလောင်းလာ သယ်တာကို အရိပ်ယောင်မြင်လို့ ပစ်ထားတဲ့ မြန်မာစစ်တပ်သုံး မော်တာကျည်ခွံကိုလည်း မြင်ရပါတယ်”

ဒီအလောင်းတွေကို မမြှုပ်နှံသေးဘဲ DNA စစ်ဆေးနိုင်ဖို့ အတွက် လုံခြုံတဲ့နေရာမှာ သိမ်းထားတယ်လို့လည်း NUG ပြောခွင့်ရှိသူတွေက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ဒေသခံ ၄၅ ဦးနဲ့ နယ်ခြားစောင့်တပ် KNPLF/ BGF တပ်သား ၄ ဦး၊ စုစုပေါင်း ၄၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ကပြောပါတယ်။

KNPLF/ BGF တပ်သားလေးဦးက လွဲလို့ ကျန်တဲ့သူတွေ အားလုံးဟာ မီးရှို့ သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။ မမှတ်မိလောက်အောင် ရုပ်ပျက်ဆင်းပျက် မီးလောင်နေတဲ့ ဒေသခံ အရပ်သား ၃၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရရှိထားပြီး ကျန်တဲ့သူတွေကတော့ ပြာပုံတွေပဲ ပြန်ရတယ်လို့ ဆိုပါတယ်။

nug-press.jpg
ဇန်နဝါရီလ ၃ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နှင့် ပြုလုပ်သော NUG အစိုးရ သတင်းစာရှင်းလင်းပွဲ။

ဒီပြာတွေကို ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” အပါအဝင် နိုင်ငံတကာ အကူအညီနဲ့ DNA စစ်ဆေးမယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

“ဖရူဆိုမှာဖြစ်တဲ့ အဖြစ်အပျက်အကုန်လုံးကို တစ်ခုမကျန် IIMM အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ အလောင်းတွေမှာ တွေ့ထားတဲ့ အချက်အလက်တွေကို သီးခြားလွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့IIMM နဲ့ စစ်သွားပါမယ်။ NUG ကလည်း ပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိ ဆောင်ရွက်သွားမယ်”

မီးရှို့ခံထားရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်း ၃၁ လောင်းထဲမှာ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေး ၃ ဦးပါဝင်တယ်လို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) က ပြောပါတယ်။

ကယားပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children ကလည်း… မီးရှို့ ခံရတဲ့အထဲမှာ အနီးအနား ကျေးရွာတစ်ခုမှာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်ပြီး ပြန်လာတဲ့ သူတို့ ဝန်ထမ်းနှစ်ယောက်လည်း ပါဝင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး အမြန်ဆုံးစီစဉ်ဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်တာတွေ ပိတ်ဆို့ဖို့လည်း Save the Children အမှုဆောင်ချုပ် Inger Ashing က ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ အခုအဖြစ်အပျက်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းက ဒေသတချို့နဲ့၊ ကရင်ပြည်နယ်က Save the Children အဖွဲ့ရဲ့ စီမံကိန်းတွေကို ယာယီ ရပ်ဆိုင်းထားပါတယ်။

ထော်လာဂျီမောင်းသွားရင်း အဲ့ဒီနေ့က မီးရှို့သတ်ဖြတ်ခံခဲ့ရသူ ကိုဦးရယ်ရဲ့ ကျန်ရစ်သူ ဇနီးကလည်း တရားမျှတရေး ဝိုင်းဝန်းရှာဖွေပေးကြဖို့ တောင်းဆိုပါတယ်။

“တကယ်ဆို စစ်ကောင်စီက ဘာမှမလုပ်သင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဝါးသွားခုတ်တာ၊ သူတို့ကို သွားပစ်မယ်ပြောတာ မဟုတ်ပါဘူး၊ တောင်ယာ ရိုးရိုးသားသားလုပ်ကိုင်တဲ့သူတွေပါ။ ထော်လာဂျီပေါ်မှာ အစုလိုက်မီးရှို့ထားတယ်ပြောတယ်၊ ကျမတို့လည်း သူများပြောမှ သိရတာ၊ ကျမတို့ကို သနားပါ၊ ကူညီပါ၊ အခုကျမတို့ ယောက်ျားတွေ မရှိဘူး၊ ကျမတို့ ဘယ်သူ့ကို အားကိုးရမလဲ”

“အလောင်းတွေမှာ လက်နောက်ပြန်ကြိုး တုပ်ခံထားရပါတယ်။ ရုပ်အလောင်းတွေရဲ့ ဦးခေါင်းခွံတွေဟာ ပြည့်ပြည့်စုံစုံ ပါမလာတော့ပါဘူး။”

အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေက အမြန်ဆုံး အရေးယူပေးဖို့ ရခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်နက်ကိုင် ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

NUG သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လောလောဆယ် မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ဒေသခံ ရွာသားတွေဟာ မီးရှို့သတ်ဖြတ်ခံရတာ မဟုတ်ဘဲ အပြန်အလှန် ပစ်ခတ်ကြရင်း သေဆုံးရတာလို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီအစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုသက်သေတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာကို တင်ပြသွားမယ် လို့ ပြောပါတယ်။

“အခုမျက်မြင်သက်သေတွေနဲ့ IIMM အပါအဝင် နိုင်ငံတကာသံရုံးတွေနဲ့ တိုက်ရိုက်တွေ့နိုင်အောင် စီစဉ်သွားပါမယ်။ ဒီအချက်တွေက တချိန်ချိန်မှာ အာဂျင်တီးနားပဲဖြစ်ဖြစ် သြစတေးလျတရားရုံးပဲဖြစ်ဖြစ်၊ ICC မှာပဲဖြစ်ဖြစ် တရားရုံးမှာ အမှန်တရားရှာဖွေချိန်မှာ တိကျခိုင်လုံပြီး အမှန်တရား ဖော်နိုင်အောင် သက်သေတွေဖြစ်ဖို့ IIMM နဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရော မကြာခင်ကျင်းပမယ့် လုံခြုံရေးကောင်စီကိုလည်း ထပ်မံအရေးဆိုပါမယ်။ ဒါတွေကိုထောက်ခံဖို့ နိုင်ငံတကာ သံရုံးများ၊ သံအမတ်များနဲ့ တစ်ခုချင်း တစ်ခုချင်း တွေ့ဆုံသွားမယ်”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေကလည်း ကယားပြည်နယ်က အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှတ်ချထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးအကြီးအကဲ Martin Griffiths ကလည်း ဒီသတ်ဖြတ်မှုမှာ အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ စစ်ကောင်စီကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထား ပါတယ်။

RFA Burmese News

စစ်ကိုင်းတိုင်း ကလေးမြို့ပြင်ကို လေတပ်နှင့် ကြည်းတပ် ဝင်တိုက်စဉ် တိုက်ပွဲအတွင်း ပိတ်မိသူတို့သေဆုံးသည်ဟု ဒေသခံများက ပြောသည်၊ စစ်ကောင်စီကမူ PDF တို့ သေဆုံးခြင်းဖြစ်သည် ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေတပ်နှင့် ကြည်းတပ် လက်ချက်ကြောင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၂၀ သေဆုံးပြီး အိမ် ၅၇ လုံး မီးလောင်သွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး စသည့် ရွာများတွင် တိုက်ပွဲပြင်းထန်စဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး စာရင်းပြုစုထားသည်ဟု ပကဖအဖွဲ့က ပြောသည်။

လေကြောင်းမှ တိုက်ခိုက်ခံရသော နတ်ချောင်းရွာမှ သေဆုံးသူ အရပ်သားများထဲတွင် ၆ ဦးကို အမည်၊ အသက် မသိရှိရသေးပေ။​

စာရင်းတွင် ၇၂ နှစ် အရွယ် ဦးထူးအောင်၊ ၆၂ နှစ်အရွယ် ဦးမင်းဒင်၊ ၆၀ အရွယ်များဖြစ်ကြသော ဒေါ်ဝင်းမြင့်ရီနှင့် ဦးအေးကို၊ ၅၈ နှစ်အရွယ် ဦးမောင်ကြည်၊ ၅၇ နှစ်အရွယ် ဦးဌေးမောင်တို့ ပါဝင်ပြီး ကျန်သေဆုံးသူတို့မှာ အသက် ၂၀ ၀န်းကျင်နှင့် ၄၀ ဝန်းကျင်ကြား ဖြစ်ကြသည်ဟု သိရသည်။

တိုက်ပွဲကာလ ချက်ချင်းတိမ်းရှောင်နိုင်သူတို့သာ ဘေးလွတ်ရာသို့ ရောက်သွားကြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော နတ်ချောင်းဒေသခံတစ်ဦးက ရှင်းပြသည်။

အပြစ်ရှိသူတို့သာ ထွက်ပြေးကြောင်း၊ အပြစ်မရှိသူတို့ကို ထိခိုက်အောင် ပြုလုပ်မည် မဟုတ်ကြောင်း ရွာသို့ အကြိမ်ကြိမ်ဝင်ရောက်ဖူးခဲ့သော စစ်ကောင်စီတပ်သားတို့က သတင်းဖြန့်ခဲ့ကြောင်း၊ အဆိုပါဝါဒဖြန့်ချက်ကြောင့် ရွာသားတချို့ တွေဝေသွားကြကြောင်း အဆိုပါ အသက် ၄၀ အရွယ် အမျိုးသားက ပြောသည်။

“ရွာထဲကို သူတို့ ဖြတ်တိုင်းဖြတ်တိုင်း အဲလိုစကားတွေ ပြောတယ်။ ဒီလိုအနေအထားမှာ လေပေါ်ကနေ ပစ်တော့ လက်နက်ကြီးတွေ ပစ်တာမျိုးတွေ၊ ရွာထဲမှာ လှည့်ပြီးတော့ စစ်ဆေးမေးမြန်းပြီး ပစ်သတ်တာမျိုးတွေ လုပ်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားတို့ ရွာမှ ထွက်ခွာသွားမှန်း သေချာမှ ရွာထဲ ဝင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း ပြန်လုပ်နိုင်ခြင်းဖြစ်သည်ဟု သိရကြောင်း တိုင်းဒေသကြီးလွှတ်တော် ကလေးမဲဆန္ဒနယ် ၁ မှ ရွေးကောက်ခံထားရသူ ဒေါ်သန့်ဝေကျော်က ပြောသည်။

“တချို့အလောင်းတွေက လမ်းပေါ်မှာ။ အခု ဝင်တဲ့အချိန်မှာ ကောက်လို့ မရတော့လို့ကို လမ်းပေါ်တင် မီးရှို့လိုက်ရတယ်။ ရက်ကြာလို့” ဟု ထိုရွာနှင့် အဆက်အသွယ်ရှိသော ဒေါ်သန့်ဝေကျော်က Myanmar Now ကို ပြောသည်။

Natchaung_1.Jpg

နတ်ချောင်းရွာ လမ်းမပေါ်၌ ရက်အတန်ကြာကပင် ပစ်သတ်ခံရထားရသူတချို့၏ ရုပ်ကလာပ်များကို ကောက်ယူရန် အခြေအနေမပေးသဖြင့် သေဆုံးရာနေရာ၌ပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးသင်္ဂြိုဟ်ပေးခဲ့သည်။ ( ဓာတ်ပုံ − ပေးပို့)နတ်ချောင်းရွာ လမ်းမပေါ်၌ ရက်အတန်ကြာကပင် ပစ်သတ်ခံရထားရသူတချို့၏ ရုပ်ကလာပ်များကို ကောက်ယူရန် အခြေအနေမပေးသဖြင့် သေဆုံးရာနေရာ၌ပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးသင်္ဂြိုဟ်ပေးခဲ့သည်။ ( ဓာတ်ပုံ − ပေးပို့)

စစ်ကောင်စီတပ်က ထိုဒေသတွင် ဆက်ရှိနေပြီး သေဆုံးသူတို့၏ မိသားစုဝင်များ ရှောင်တိမ်းနေရသည်။ ၎င်းတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲကာလ စစ်ကောင်စီတပ် မီးရှို့သွားသည့် နေအိမ်အရေအတွက်မှာ နတ်ချောင်းတွင် အိမ်ခြေ ၃၈ လုံး၊ ချောင်းခွတွင် ၁၈ လုံး၊ ဟားခါးလေးတွင် ၁ လုံး ဖြစ်သည်ဟု သိရသည်။

ကျေးရွာ ၃ ရွာခန့်၏ သေဆုံးပျက်စီးမှုကို မသိရသေးကြောင်း ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နတ်ချောင်း၊ နတ်မြောင်းဒေသရှိ အနည်းဆုံး ကျေးရွာ ၆ ရွာမှ ရွာလုံးကျွတ်မှ လူဦးရေ သောင်းဂဏန်းကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး အများအပြားမှာ ချင်းပြည်နယ်၊ ဝေဘူလမြို့ဘက်တွင် ရှိနေကြောင်း၊ အနွေးထည်၊ စောင်၊ စားနပ်ရိက္ခာ အဓိကလိုအပ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ရက်ရှည်လာရင် စားနပ်ရိက္ခာ လိုလာမယ်။ ခက်တာက စားနပ်ရိက္ခာပို့မယ်ဆိုရင်တောင် ဘယ်က ပို့မလဲဆိုတဲ့ ပြဿနာရှိတယ်။ ဝေဘူလဘက် ရှောင်နေတဲ့ စစ်ရှောင်တွေအတွက် ခုအနေအထားဆို ဘာမှ ပို့လို့ မရဘူး။ မြေပြန့်ကနေ သူတို့က လမ်းကြောင်းမှာ ထိုင်ထားတာကိုး” ဟု ၎င်း ကဆိုသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၂ မှ စ၍ နတ်ချောင်းရွာအထက်တန်းကျောင်းတွင် တပ်စွဲခဲ့သည်။

နောက်တစ်နေ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ကလေး(PDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်းကာ ထိုနေရာကို ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ရဟတ်ယာဉ် ၂ စီး လာရောက်ပစ်ခတ်ပြီး ဒီဇင်ဘာ ၂၆ တွင် ရဟတ်ယာဉ် ၃ စီးဖြင့် စစ်သည်နှင့် လက်နက်အင်အား ဖြည့်တင်းကြသည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောသည်။

ဒီဇင်ဘာ ၂၂ မှ ၂၉ အတွင်း သီတင်းတစ်ပတ်ကျော် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅၇ ဦး ကျဆုံးသည်ဟု ကလေး (PDF) ၏ ထုတ်ပြန်ချက်များကို စုစည်းတွက်ချက်မှုအရ သိရသည်။

အဆိုပါ ကိန်းဂဏန်းကို Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင်  PDF ( ၉) ဦး သေဆုံးသည်ဟု ဖော်ပြထားသည်။ PDF ကမူ သေဆုံးသူတို့မှာ အရပ်သားများဖြစ်သည်ဟု တုံ့ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသမှာ လက်နက်ကိုင်တော်လှန်ရေး အားအလွန်ကောင်းသော ချင်းပြည်နယ်သို့ သွားရောက်ရန် လမ်းကြောင်းများအနက် တစ်ခုဖြစ်၍ မဟာဗျူဟာကျသော နယ်မြေဖြစ်နေသည်။

အာဏာသိမ်းစစ်ကောင်စီတပ် ချင်းပြည်နယ်တွင်လည်း အရပ်သားများကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ချင်းဒေသမီးရှို့မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာကလည်း အပြင်းအထန်ကန့်ကွက်နေချိန်တွင် စစ်ကောင်စီက ထိုရှို့မီးမှာ ဒေသခံ လက်နက်ကိုင်တို့၏လက်ချက်ဖြစ်သည်ဟု အကြိမ်ကြိမ် သတင်းထုတ်ပြန်နေသည်။

Myanmar Now News

မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ CDF နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့နယ်ခွဲကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တွေမှာလည်း အကူအညီတွေ လိုအပ်နေပါတယ်လို့ ဒေသခံတွေပြောပါတယ်။ မကွေးတိုင်းအတွင်း စစ်ပြေးဒုက္ခသည်တွေအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကစလို့ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းနေပြီး စစ်ကြောင်းတွေ ထိုးစစ်ဆင်နေတဲ့အတွက် ဒေသတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အခုလို တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်နေတဲ့အတွက် မင်းတပ်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့နယ်ခွဲက စစ်ဘေးရှောင်စခန်းကို စစ်ပြေးဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနေတယ်လို့ ကျောက်ထု ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“သူတို့က အခု ၁၇ ရက်နေ့ကတည်းက တောင်ပေါ်ဒေသနယ်တွေကို ထိုးစစ်ပြန်ဆင်နေတော့လေ နယ်က စစ်ဘေးရှောင်တွေက ကျောက်ထုဒေသကို ဆင်းပြေးလာကြတာ။ ကျောက်ထုက မင်းတပ်နယ်နဲ့ အနီးဆုံးဖြစ်နေတာပေါ့လေ။ လောလောဆယ် ကျောက်ထုမြို့က နည်းနည်းလေး လုံခြုံတယ်ပြောရမလားပေါ့လေ ထိုးစစ်မရှိသေးဘူးပေါ့။ ဒီမှာပဲ အကုန်လာစုကြတဲ့ သဘောပေါ့။ ဒီမှတော့ လက်ရှိက လောလောဆယ် ၃ ထောင် ဝန်းကျင်ရှိတယ်။ ၃ ထောင်ဝန်းကျင်ရှိနေတာကို နောက်ထပ် ဆက်ပြီး ဘယ်လောက်ထိတိုးလာမလဲပေါ့လေ။ တိုးလာတဲ့အပေါ်မှာ အရေအတွက်ကို အတိအကျတော့ ပြောလို့မရသေးဘူးခင်ဗျ။ လောလောဆယ်ကတော့ နေရာထိုင်ခင်းပေါ့- ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို နေထိုင်ဖို့ နေရာထိုင်ခင်းတွေ အခက်အခဲဖြစ်နေတယ်။ စောင်နဲ့အနွေးထည်ပေါ့လေ ဆောင်းရာသီအရမ်းအေး နေတဲ့ အချိန်ဆိုတော့လေ စောင်နဲ့အနွေးထည်ပေါ့လေ ဆန်ဆီဆားပေါ့။ ဒီ ၃ မျိုးက လတ်တလော အရေးတကြီး လိုအပ်နေတာပေါ့။”

ရောက်လာတဲ့ စစ်ဘေးဘေးဒုက္ခသည်တွေဟာ ကျောက်ထုမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသလို နေရာထိုင်ခင်းမလောက်တဲ့အတွက် တချို့မှာလည်း မြို့ပေါ်က နေအိမ်တွေမှာ စုပေါင်းငှားရမ်းပြီးနေထိုင်နေရ တာတွေရှိနေပါတယ်။ ကျောက်ထုမြို့ပေါ်မှာ စစ်ကောင်စီက ဖွင့်လှစ်ပေးထားတဲ့ စစ်ဘေးရှောင် စခန်းတွေရှိပေမယ့် လာရောက်ခိုလှုံသူ အနည်းငယ်သာ ရှိပါတယ်။

တဆက်တည်းမှာပဲ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ဝန်ကျုံးရွာသားတွေဟာလည်း ရွာထဲ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့အတွက် တောတောင်တွေထဲ စစ်ဘေးရှောင်နေရတယ်လို့ ပေါက်ဒေသခံတဦးကပြောပါတယ်။

“ရွာကိုမပြန်ရဲတာ။ အခုဆို ဝန်ကျုံးဆိုရင် အဓိကပေါ့နော်။ ကင်းမဆိုရင် မီးလောင်လို့ နေစရာမရှိလို့သာ တောထဲမှာ စစ်ရှောင်တဲလေးတွေဖွင့်ပြီး နေနေရတယ်။ ဝန်ကျုံးဆိုရင် မီးမလောင်ဘူး။ ဒါပေမယ့် ရွာမှာ ပျူစောထီးက အထိုင်ချထားတာပေါ့။ ပျူစောထီးရယ်၊ ရဲရယ် စစ်သားရယ်၊ အဲ့လိုအထိုင်ချထားတော့ ရွာမပြန်ရဲဘူး။ တောတွေထဲမှာ နေတယ်။ တချို့ ကျတော့ ဘေးလွတ်ရာ အမျိုးတွေရှိတဲ့နေရာနေတယ်။ တချို့က တောထဲမှာ စစ်ရှောင်တဲလေးတွေ ဆောက်ပြီးတော့နေတယ်။”

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းဟာ စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေ လုပ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားပါတယ်။ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း

ပေါက်မြို့နယ် တောင်ပိုင်းက ကင်းမရွာကို မီးရှို့သွားတဲ့အတွက် နေအိမ် ၁၀၀ ကျော်မီး လောင်ကျွမ်းခဲ့ပြီး ရွာသား ၂ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတချို့မီးလောင်မှုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ဆိုပြီး အပြန်အလှန်စွပ်စွဲမှုတွေလည်းရှိနေပါတယ်။

VOA News 

အားလပ်ရာသီကာလတွင် မြန်မာပြည်သူများသည် ဇာတိမြေတွင် ငြိမ်းချမ်းရေးနှင့် အကာအကွယ်များမရရှိကြပေ။ တိုင်းပြည်တဝှမ်း အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း ၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းအားဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသည်။ မည်သူမျှလုံခြုံသည်ဟု မခံစားရပါ။

ကရင်ပြည်နယ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းမှ စတင်၍ အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြားတိုက်ပွဲများ ပြင်းထန်နေသည်။ လေကြောင်းနှင့် မြေပြင်တွင် ညှာတာမှုမရှိသော ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ် လေးကေကော်ဒေသမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နောက်ထပ်ထိုးစစ်ဆင်တိုက်ခိုက်နိုင်မှုများမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ရသော ဒေသခံပြည်သူများသည် စားနပ်ရိက္ခာ၊  အမိုးအကာများ၊ အနွေးထည်နှင့် ခိုလှုံရန် နေရာများ အရေးပေါ်လိုအပ်လျက်ရှိသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့များ၏အဆိုအရ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုအောက်ရှိ လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက်စစ်တပ်မှ စီးနင်း၀င်ရောက်ခဲ့ပြီး လာရောက်ခိုလှုံကြသော လွတ်တော်အမတ်နှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအပါအ၀င် လူပေါင်း တစ်ဒါဇင်ကျော် အားဖမ်းဆီးပြီးနောက် တင်းမာမှုများမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ KNU မှ ၎င်းတို့၏ လူမျိုးနှင့်ရပ်ရွာကို ခုခံကာကွယ်ရန်အတွက် ဖြောင့်မတ်စွာ ကြား၀င်ဆောင်ရွက်ပေးခြင်းကို အကြမ်းဖက်စစ်တပ်မှ လေးကေကော်မြို့ထဲ့သို့ လက်နက်ကြီး  ၁၀၀ ကျော်ခန့်အား ရမ်းသမ်းပစ်ခတ်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။ အဆောက်အဦးနှင့် လူနေအိမ်များစွာ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ND-Burma ၏ အဖွဲ့၀င်အဖွဲ့အစည်း ဖြစ်သော မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ၏ အဆိုအရ ဒီဇင်ဘာလ ၁၅ ရက်ကတည်းမှ စတင်၍ လူပေါင်း ၆၉၀၀ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူပေါင်း ၄၀၀၀ ကျော်မှာ ထိုင်းနိုင်ငံအတွင်းသို့ ခိုလှုံနေရသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေသော ကရင်ပြည်နယ်၊ လေးကေကော်မြို့နှင့်ပတ်၀န်းအပါအ၀င် တိုင်းရင်းသားဒေသများအားလုံးကို “လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံ” သတ်မှတ်ပေးရန် UN အား HURFOM မှတောင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံအတွင်းနှင့် ထိုင်းနယ်စပ်တစ်လျောက်ထွက်ပြေးတိမ်းရှောင်သူများအား လူသားချင်းစာနာမှု အကူအညီနှင့်အကာအကွယ်များ ထိုင်းနိုင်ငံမှ အရေးပေါ် အကူအညီပေးရန်လိုသည်။

၎င်းကဲ့သို့ တိုက်ခိုက်မှုများသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများမြောက်သည့်အပြင် ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခြင်းသည် အံ့သြစရာတော့ မဟုတ်ပေ။  မြန်မာစစ်တပ်သည် ၎င်းတို့၏ ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှု အကျိုးစီးပွားအတွက်  သဘောတူညီချက်များကို ပုံမှန် ချိုးဖောက်လေ့ရှိပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့်  အပစ်အခတ်ရပ်စဲရေးကို ပို၍ ယုံကြည်မှုမရှိရန် လှုံ့ဆော်နေသည်။

အကြမ်းဖက်စစ်တပ်မှ စစ်အင်အားတိုးချဲ့ထားသော ဒေသတွင်နေထိုင်သော အပြစ်မဲ့ အရပ်သားများသည် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းခံရနိုင်မည့် အသက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးနှင့် သူမ၏ ခင်ပွန်းတို့သည် တောင်ယာထဲတွင်အလုပ်လုပ်နေစဥ် ခမရ ၁၀၁ မှစစ်သားနှင့် အတူနယ်ခြားစောင့်တပ် BGF စစ်သား ၅ ဦးတို့သည် ရောက်ရှိလာခဲ့သည်။ သူမ၏ ခင်ပွန်းသည် ကြောက်လန့်ပြီး သူမအား တစ်ယောက်ထဲ ချန်ထားကာ ထွက်ပြေးသွားခဲ့သည်။ KNLA စစ်သားများ မည်သည့်နေရာတွင်ရှိကြောင်း မေးမြန်းသောအခါ မသိဘူးဟု ပြန်ဖြေသောကြောင့် နာခေါင်းကျိုးအောင် ရိုက်နက်နှိပ်စက်ခဲ့သည်။ ထို့နောက် သူမ၏ ပါးစပ်တွင်းသို့ သေနတ်ဖြင့်တေ့ကာ ပစ်သတ်ခံခဲ့ရသည့် အမျိုးသမီး၏ ဖြစ်ရပ်ကို ကရင်အမျိုးသမီးအစည်းအရုံးမှ ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည်။  ဤကဲ့သို့သောဖြစ်ရပ်သည် သီးခြားဖြစ်ရပ်မဟုတ်ဘဲ  နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများနှင့် အရပ်သားများအပေါ် ချိုးဖောက်မှု မြင့်တက်လာသော ဖြစ်ရပ်များစွာထဲမှ တစ်ခုဖြစ်သည်ဟု KWOမှ  ရှင်းပြခဲ့သည်။

ND-Burma အပါအ၀င် လူ့အခွင့်အရေးအဖွဲ့များစွာတို့၏ တစ်နှစ်ပတ်လုံး မှတ်တမ်းပြုချက်အရ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများသည် စနစ်ကျ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှု အားနည်းသောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်သည့် သံသရာအတွင်း ရဲရဲတင်းတင်း အဆုံးမရှိ ချိုးဖောက်နေကြသည်။ အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်သော လူသတ်လက်နက်များ ၀ယ်ယူမှုများကို ရပ်တန့်ရန်အတွက်  ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ ရောင်းချမှုကို ပိတ်ဆို့ရေးသည်​ မရှိမဖြစ်လိုအပ်သည်။ ထို့အပြင် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်းပေးပို့ခြင်းသည် မြန်မာစစ်တပ်အား တရားဥပဒေ အထက်တွင် မည်သူမျှ မရှိစေဘဲ လူ့အခွင့်အရေး ချိုးဖောက်သူများသည် တာဝန်ခံရမည်ဟူသော ပြတ်သားသည့် သတင်းစကား ပေးပို့နိုင်မည် ဖြစ်သည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းလူ့အခွင့်အရေးအဖွဲ CHRO မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း  သတင်းထုတ်ပြန်ထားသည်။  ဖေဖော်၀ါရီလ ၁ ရက်နေ့ကတည်းမှ စတင်၍  နွေဦးတော်လှန်ရေးအတွက် မျိုးဆက်သစ်လူငယ်များနှင့် ရဲရင့်သော လှုပ်ရှားမှု အသစ်များ ထွက်ပေါ်လာခဲ့ခြင်းသည် ခုခံတော်လှန်ရေးလှုပ်ရှားမှုကို အားကောင်းစေခဲ့သည်။  ဘာသာရေးအဆောက်အဦးများ ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး အထူးသဖြင့် ချင်းလူမျိုးအများစု ကိုးကွယ်သည့် ခရစ်ယာန်ဘာသာ၀င်များ၏ ဘုရားကျောင်းများ တိုက်ခိုက်ခံနေရသည်။ CHRO ၏ သတင်းထုတ်ပြန်ချက်အရ ခရစ္စမတ် အကြိုနေ့တွင် အကြမ်းဖက်စစ်တပ်မှ​ ဗျူဟာမြောက် ကင်းစခန်းအဖြစ် ပြောင်းလဲခဲ့သည့်

ဆုတောင်းတောင်သို့သွားကြသော အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးသည် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော လူငယ်တစ်ဦးသည် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ယခင်ကတည်းမှ စိုးရိမ်နေကြရသော အရပ်သားများ၏ စိတ်ဖိစီးမှုကို တိုးလာစေသည့် COVID-19 ဖြစ်ပွားမှု  မြင့်တက်လာသည့် အရေအတွက်ကိုလည်း CHRO မှတ်တမ်းတင်ထားသည်။

 

ကယား (ကရင်နီ) ပြည်နယ်

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်မှ​ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအ၀င် စစ်ဘေးရှောင် ၃၀ ကျော်သည် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။ ကရင်အမျိုးသမီးအစည်းအရုံး KWO နှင့် အရပ်ဘက် အဖွဲ့အစည်းများသည် အာဏာသိမ်းစစ်တပ်၏ ရက်စက်ယုတ်မာသောလုပ်ရပ်များကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည်။ အာဏာသိမ်းစစ်တပ်ပိုင် မီဒီယာများမှ  အသတ်ခံရသော အပြစ်မဲ့အရပ်သားများကို အကြမ်းဖက်သမားများ’ ဟု လွဲမှားစွာစွပ်စွဲကာ  မြေပြင်တွင် ဖြစ်ပျက်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ရန် လုပ်ကြံထားသည့်နောက်ထပ် လိမ်ညာမှုတစ်ခုလည်းဖြစ်သည်။

ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုက်ပွဲဖြစ်ပွားနောက်  နေအိမ် ၂၀ လုံးကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ခဲ့သည်ဟု ကရင်နီအမျိုးသာကာကွယ်ရေးတပ်မတော် KNDF  တပ်ဖွဲ့၀င်မှ ပြောကြားခဲ့သည်။ အိုးအိမ်များဆုံးရှုံးခဲ့ရသော အရပ်သားပြည်သူများသည် နေအိမ်များ၊ ပိုင်ဆိုင်မှုများ၊ အစားအသောက်နှင့် ငွေကြေးများကိုလည်း ဆုံးရှုံးခဲ့ရသည်။ ကယား (ကရင်နီ) ပြည်နယ်တွင် ဒေသခံ ၁၅၀,၀၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရသည်။

 

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးကို အကြမ်းဖက်စစ်တပ်မှ ဆက်လက်ပစ်မှတ်ထားနေသည်။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးရွာကို လေကြောင်းဖြင့် စီးနင်းတိုက်ခိုက်မှုကြောင့် လူပေါင်း နှစ်ဒါဇင်နီးပါး သေဆုံးခဲ့သည်။ သေဆုံးသူများသည် စစ်သားနှင့် အပြစ်မဲ့အရပ်သားများ ဖြစ်ကြပြီး စာရင်းအတိအကျ အတည်မပြုနိုင်သေးပေ။ အလောင်းများရယူရန် ကြိုးပမ်းသော ဒေသခံများသည်လည်း ပစ်ခတ်ခံခဲ့ရသည်။

တိုက်ပွဲများကြောင့် လူပေါင်းများစွာထွက်ပြေးခဲ့ရသည်။ တိုက်ပွဲကို ကြုံတွေခဲ့ရသော မျက်မြင်များ၏ ပြောပြချက်အရ သက်ကြီးရွယ်အိုများသည် လမ်းမလျှောက်နိုင်၊  မပြေးနိုင်သောကြောင့် ချီပိုးကာ ထွက်ပြေးခဲ့ရသည်။


ကချင်ပြည်နယ် ရွှေကူမြို့ ဟင့်အွန်ရွာမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ကျောင်းဆရာ ဦးဇော်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာ ဦးဇော်ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာက ရွာမှာ သူ့ညီမ မင်္ဂလာဆောင်အတွက် ဝါးသွားခုတ်ပြီးအပြန် စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်နေလို့ ထွက်ပြေးတဲ့အချိန်မှာ ခြေထောက်ကို အရင်အပစ်ခံရတာ ပြီးတော့ အဖမ်းခံရတယ်၊ ပြီးတော့ စစ်ကောင်စီက သတ်လိုက်ပြီး မြေမြှုပ်လိုက်တယ်”

ဆရာရဲ့အလောင်းကို ဒေသခံတွေက ပြန်လည်တူးဖော်တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျောင်းဆရာ ဦးဇော်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။

ဦးဇော်ဦးဟာ ရွှေကူမြို့ဇာတိဖြစ်ပြီး ကချင်ပြည်နယ် မြောက်ပိုင်းစွန်း နောင်မွန်မြို့မှာ မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် CDM လုပ်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA News

ကယားပြည်နယ်ထဲမှာ လူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၃၅ ယောက် အသတ်ခံရတဲ့ သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိပြီး အဲဒီအဖြစ်အပျက်မှာ Save the Children ရဲ့ ဝန်ထမ်းနှစ်ဦးလည်း ပျောက်ဆုံးနေသလို အဲဒီဝန်ထမ်းတွေရဲ့ ကားလည်း မီးရှို့ခံထားရတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ နိုင်ငံတဝှမ်းက အရပ်သားတွေ တိုက်ခိုက်ခံရတာ တွေကို ရှုတ်ချသလို ကျူးလွန်သူတွေကိုလည်း အမြန်ဆုံးတရားစီရင်နိုင်ဖို့ အာဏာပိုင်တွေကို တောင်းဆို တယ်လို့လည်း Martin Griffiths ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း အရပ်သားတွေ ထိခိုက်မှုကနေ ကာကွယ်ပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။

သန်းနဲ့ချီတဲ့ မြန်မာလူထုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပြီး ကုလသမဂ္ဂ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အကူအညီပေးဖို့ ကတိပြုထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

RFA News