စစ်ကောင်စီရန်ကြောင့် သီးနှံစိုက်ခင်းများရှိရာ တောင်ယာများတွင် သွားရောက်ပုန်းခိုနေကြစဉ် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ယမန်နေ့ (ဒီဇင်ဘာ ၄) တွင် တဲအလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဒေသခံများ ပုန်းအောင်းခိုလှုံနေသည့် စစ်ရှောင်တဲများကို ယမန်နေ့ (ဒီဇင်ဘာ ၄) နံနက်တွင် စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ဆပ်ပြာကျင်း၊ အင်ဘုတ်၊ ဝန်းရံ၊ တပ်တည်၊ အောင်စည်မြေ၊ အိုးထိမ်း တွင်း၊ ဘုတ်ထမ်း၊ ရေဆိုး ကျေးရွာ အစရှိသည့် ကျေးရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ဒေသခံများမှာ စစ်ကောင်စီရန်ကြောင့် သီးနှံစိုက်ခင်းများရှိရာ တောင်ယာများတွင် သွားရောက်ပုန်းခိုနေကြစဉ် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ယမန်နေ့တွင် တဲအလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ရွာနှင့် တစ်မိုင်ကျော်ဝေးသည့် တောင်ယာကုန်းတွင် စစ်ရှောင်နေစဉ် အင်အား ၇၀ ကျော်ရှိ စစ်တပ်ရောက်လာပြီး တဲလေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အင်ဘုတ်ကျေးရွာမှ စစ်ရှောင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

အရပ်ဝတ်နှင့် ယူနီဖောင်းဝတ်များ ရောနှောနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  လူနေတဲလေးလုံး၊ ဆိုင်ကယ်လေးစီး၊ စက်ဘီးတစ်စီး၊ စပါးတင်း ၆၀၊ မြေဆီလေးကျင်းနှင့် မြေပဲမျိုးစေ့အိတ်များကို ဖျက်ဆီးသွားခဲ့သည်ဟု တောင်ယာကုန်းတွင် နေထိုင်သည့် အဆိုပါမိသားစုဝင်များထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းက နေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကိုပါ ယူဆောင်သွားခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၅ နာရီခန့်အထိ မီးရှို့ခံရသည့်တဲများ မီးမငြိမ်းဘဲရှိနေသည်ဟု အသက် ၅၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“တဲတွေကလည်း လေးလုံးတန်းထားကြတာ။ အိမ်တွေလည်း မရှိတော့ တောထဲကို ပြေးလာကြတာ။ တဲတွေ မီးရှို့သွားကြတာ အကုန်လုံးမီးကျွမ်းသွားတယ်။ သူများဒုက္ခရောက်သလို သူတို့တွေလည်း ဘေးဒုက္ခရောက်ပါစေလို့ ဆုတောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့သော်လည်း မလွတ်မြောက်တော့၍ ပုန်းအောင်းနေခဲ့ရာ စစ်ကောင်စီတပ်၏ လုပ်ရပ်များကို အစအဆုံး မြင်တွေ့ခဲ့ရသည်ဟု ထိုတောင်ယာကုန်းတွင် စစ်ဘေးရှောင်နေသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ဘောလုံးဘောင်းဘီတို ဝတ်ဆင်ထားသူများလည်း ပါဝင်ပြီး ၎င်းတို့နေထိုင်ရာ တောင်ယာကုန်းသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး ဒုတိယအကြိမ်တွင် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက မြင်တွေ့ရပုံကို ပြောပြသည်။

“ဆိုင်ကယ်နှစ်စီးရော၊ စက်ဘီးရော၊ စဉ့်အိုးတွေရော အကုန်လုံးရိုက်ခွဲပြီး မီးရှို့သွားတာ။ ကောက်ရိုးပုံတွေရော။ ဘာမှလည်း မတတ်နိုင်ဘူး။ သူတို့မီးရှို့တာလည်း မြင်ရတယ်။ မြင်လည်း ဒီအတိုင်းပဲ ကြည့်နေရတာ။ ဘာမှမှ လုပ်ပိုင်ခွင့်မရှိတာ” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

တောင်ယာကုန်းတစ်တစ်ခုတွင် အနည်းဆုံး စစ်ရှောင်တဲ နှစ်လုံးရှိပြီး တောင်ယာကုန်း ၁၀ ကုန်းရှိ စစ်ရှောင်တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတို့နေထိုင်ရာ တောင်ယာကုန်းတွင် စစ်ရှောင် ၄၀ ကျော်ရှိနေပြီး ယခုအခါ တောင်ယာကုန်း၏ အနောက်ဘက်တောထဲတွင် စစ်ရှောင် ၇၀ ခန့် ခိုအောင်း နေထိုင်နေရကြောင်း အင်ဘုတ်ကျေးရွာသားတစ်ဦးက ပြောသည်။

“တောကြားထဲမှာ သစ်ပင်ကြီးကြီးတို့ ခြုံကောင်းကောင်းတို့ အောက်မှာ နေနေကြရတယ်။ အစားအသောက်ကတော့ ဘာမှကို မပါတာ။ နောက်မှ ထမင်းချက်ဖို့အတွက် ဆန်နဲ့ဆီ ပြန်ယူကြရတယ်” ဟု ၎င်းက ဆိုသည်။

တောထဲသို့ တိမ်းရှောင်လာသည့် စစ်ရှောင်များတွင် ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများပါဝင်ပြီး စစ်ကြောင်းမှာ ထိုအနီးအနားတွင်ရှိနေသေး၍ စစ်ရှောင်တဲများသို့ မပြန်ရဲသေးကြောင်း ပြောသည်။

ထိုစစ်ကြောင်းမှာ လမ်းတစ်လျှောက်ရှိ စစ်ရှောင်များနေထိုင်ရာ တောင်ယာကုန်းများကို ဝင်ရောက်မွှေနှောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ညနေပိုင်းတွင် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် အောင်စည်မြေရွာကျေးရွာသို့ ရောက်ရှိလာခဲ့ရာ တစ်ရွာလုံးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အသက် ၄၂ နှစ်အရွယ် အောင်စည်မြေကျေးရွာသားတစ်ဦးက ပြောသည်။

၎င်းတို့နေထိုင်ရာ အောင်စည်မြေကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်မှာ လေးကြိမ်တိုင်ခဲ့ပြီဖြစ်ကာ ပြီးခဲ့သည့် နိုဝင်ဘာဒုတိယအပတ်တွင် စီးနင်းမှုတွင် ဒေသခံ အသက် ၄၂ နှစ်အရွယ် ကိုသိန်းထိုက်ကို သစ်ပင်တွင် ကြိုးဖြင့်တုပ်၍ သတ်ဖြတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့ကြောင့် အောင်စည်မြေကျေးရွာသားများမှာ စစ်ကောင်စီတပ် စစ်ကြောင်းတက်လာသည့် သတင်းကြားကတည်းပင် နီးစပ်ရာတောများအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ထွက်လာကတည်းက လှည်းတွေနဲ့ ပြေးလာခဲ့ရတာ။ စားရေရိက္ခာ စတာတွေ ယူပြီးတော့  သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ သစ်ပင်တွေအောက်မှာ မိုးကာခင်းပြီးတော့ ဖြစ်သလိုနေရတာပါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရန် ကြိုးပမ်းနေသည့် ဒီပဲယင်းမြို့အနောက်ခြမ်းတွင် မိသားစု ၇၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း စစ်ရှောင်များကို ကူညီနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း ဒီပဲယင်းမြို့ခံတစ်ဦးလည်းဖြစ်၊ စစ်ရှောင်များကို အကူအညီပေးနေသူလည်းဖြစ်သည့် ကိုဇီးရိုး (အမည်လွှဲ) က ပြောသည်။

“သူတို့ကို ကြောက်လို့ တိမ်းရှောင်နေပါတယ်ဆိုမှ အဲ့ဒီလူတွေကို လိုက်ပြီးတော့ ပစ္စည်းတွေကို ဖျက်ဆီးတယ်။ သူတို့ နေရာတွေကို မီးရှို့တယ်၊ တစ်ချို့ပစ္စည်းတွေကို ယူသွားတယ်။ ဒီလောက်ထိ ယုတ်မာတဲ့စိတ်ဓာတ်နဲ့ လုပ်နေတာက ကျွန်တော်တို့မှာက ပြောမယ်ဆိုရင်တော့ စကားလုံးတောင်မှ ရွေးစရာမရှိအောင်ကို ဖြစ်နေတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ဒေသခံတို့၏ စိုက်ခင်းများ၊ စားနပ်ရိက္ခာများ၊ နေအိမ်များကို ဆက်တိုက်ဖျက်ဆီးနေသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက် ရရှိရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

လက်နက်ကိုင်ခုခံမှုအားကောင်းပြီး မိုင်းခွဲတိုက်ခိုက်မှုများ၊ ပြောက်ကျားတိုက်ခိုက်မှုများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထိနာစေသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းအင်အားများ ထောက်ပံ့ပေးပြီး ခြေလျင်စစ်ကြောင်းများ အလုံးအရင်းအသုံးပြုကာ စစ်ဆင်ရေးအသွင် ချေမှုန်းနေသည်။

Myanmar Now News

ငါးဦးခန့်သေဆုံးပြီး အဖမ်းခံရသူ ၁၅ ဦးခန့်ရှိကြောင်း ဆန္ဒပြအင်အားစုများမှ လူငယ်နှစ်ဦးနှင့် အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူတစ်ဦးထံမှ သိရသည်။ 

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၅) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်တပ်က ကားဖြင့်တိုက်ကာ ပစ်ခတ်ဖမ်းဆီးသဖြင့် ငါးဦးခန့်သေဆုံးပြီး အဖမ်းခံရသူ ၁၅ ဦးခန့်ရှိကြောင်း ဆန္ဒပြအင်အားစုများမှ လူငယ်နှစ်ဦးနှင့် အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူတစ်ဦးထံမှ သိရသည်။

“ဟုတ်တယ်၊ ၅ ယောက်လောက်ကျသွားတယ် သိရတယ်။ ကားနဲ့တိုက်ဖမ်းတာ ၁၅ယောက်ထက်မနည်း ဖမ်းခံရတယ်။ အဲဒီမှာမှ ၅ ယောက်က သေလားရှင်လားမသိဘူး၊ လမ်းမပေါ်ဒီအတိုင်းပဲ” ဟု ရန်ကုန်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြအင်အားစုတစ်ခုမှ လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

နံနက် ၉ နာရီခန့်တွင် ကြည့်မြင်တိုင်ညဈေးအနီး ပန်းပင်ကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်၌ ဆန္ဒပြနေသူများကို အရှိန်ဖြင့် မောင်းနှင်လာသည့် ကားဖြင့် ဝင်တိုက်သဖြင့် ငါးဦးခန့် လွင့်ပါသွားခြင်းဖြစ်သည်ဟု နောက်ထပ်သပိတ်အင်အားစုတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။

“လေးယောက်ဆုံးတာ သေချာတယ်လို့ ညဈေးက ဈေးသည်တစ်ချို့က ပြောတယ်။ သူတို့မျက်စိရှေ့မှာတင်ဆိုတော့လေ။ အရှိန်နဲ့ပြေးဝင်ပြီးတော့ တိုက်တာ လေးငါးယောက်လောက် လွင့်ထွက်သွားပြီးတော့ ပါသွားတယ်။ အဲဒီကားအောက်မှာပဲ ဆန့်ငင်ဆန့်ငင်ဖြစ်နေတယ်လို့ ကြားတယ်။ ကျဆုံးတာက သေနတ်နဲ့ပစ်လို့ ကျဆုံးတာလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

Facebook လူမှုကွန်ရက်တွင် တွေ့ရှိရသော ရုပ်သံမှတ်တမ်းများအရ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြနေသူများကို အရှိန်ဖြင့်မောင်းနှင်လာသည့် စစ်ကား (Double Cup) က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“နောက်ကနေ အရှိန်နဲ့ ဝင်တိုက်တော့ ကျွန်တော်လည်း မလွတ်နိုင်ဘူး၊ အကုန်လုံးဝင်တိုက်ခံရတာ။ အရှိန်ကလည်းများတော့ လူတွေက အကုန်လွင့်ထွက်ကုန်တာ။ ကျွန်တော်က မလွင့်ဘဲနဲ့ ဒီကောင်တွေ ကားနဲ့တိုက်တော့ ကားရဲ့ အရှေ့ဘန်ဘာပေါ် ပြုတ်ကျပြီး ဘေးကိုလိမ့်ကျတာ” ဟု စစ်တပ်က ကားဖြင့်တိုက်ဖြိုခွင်းမှုကို ကြုံခဲ့ရသူတစ်ဦးက ပြောသည်။

“အဲ့ဒီမှာ ဒီကောင်တွေထဲက တစ်ယောက်က ဒင်နဲ့ ထုတာပေါ့ဗျာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကို မေ့အောင်ထုတဲ့သဘောထင်တယ်။ အဲ့လိုမေ့အောင်လုပ်ရင် နောက်တစ်ယောက်ကို လိုက်ဖမ်းနိုင်အောင် ထင်တယ်။ ကျွန်တော်ထင်တယ်။ ဒီကောင်တွေ ၁၀ ကျော်တောင်မရှိဘူး” ဟု ကားဖြင့်တိုက်ခံရပြီးနောက် ကြုံတွေ့ရသည့်အခြအနေအပေါ် ၎င်းက ဆက်ပြောသည်။

“အဖမ်းခံရသူက အယောက် ၂၀ လောက်တော့ရှိမယ်။ ဒါပေမဲ့ တချို့တွေ သေနိုင်တယ်ဗျာ။ လမ်းမှာ ဦးခေါင်းခွံတွေ၊ ဘာတွေ ကျွန်တော်တွေ့တယ်။ ကျွန်တော်ထင်တယ် အကုန်လုံးလိုလိုကိုထိမှာ” ဟုလည်း အဆိုပါအမျိုးသားက ဆိုသည်။

ကားဖြင့်တိုက်ပြီးနောက် လဲကျနေသူများအနက် လှုပ်နေသူများကို စစ်သားများက သေနတ်ဒင်ဖြင့် ထုရိုက်ကြောင်း၊ အနီးဝန်းကျင်ရှိ တိုက်ခန်းများကိုလည်း သေနတ်များဖြင့် ထိုးချိန်ကာ ဆဲဆိုခဲ့ကြောင်း၊ သေဆုံးသူများကိုလည်း သူတို့ (စစ်တပ်) ခွင့်ပြုထားသည့် လူနာတင်ကားဖြင့်သာ သယ်ဆောင်ခွင့်ပြုကြောင်းနှင့် လမ်းပေါ်ရှိ သွေးကွက်များကို သူတို့ကိုယ်တိုင်ဆေးကျောသွားသည်ဟု ပန်းပင်ကြီးလမ်းတွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ဆက်သွယ်ပြောကြားသည်။

ကားဖြင့်တိုက်ခံရသဖြင့် လမ်းပေါ်တွင် လဲကျနေသူ ခြောက်ဦးခန့်ရှိကာ အချို့မှာ မလှုပ်မယှက်ဖြစ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြောက်ကျားစနစ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်က ကားဖြင့်တိုက်ဖြိုခွင်းမှုအတွင်း သေဆုံးသူနှင့် ဖမ်းဆီးခံရသူအရေအတွက်ကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီး ၁၀ လကျော်သည်အထိ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားစနစ်ဖြင့် ဆန္ဒပြမှုများ နေ့စဉ်နီးပါး ရှိနေဆဲဖြစ်သည်။

Myanmar Now News

စစ်အာဏာသိမ်းတာကိုလက်မခံပဲ လက်နက်စွဲကိုင်တိုက်ခိုက်မှုတွေ မျးားပြားတဲ့ စစ်ကိုင်း နဲ့ မကွေးတိုင်တို့မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်။ တချိန်တည်းမှာပဲ ဒုက္ခသည် အရေအတွက်လည်းတိုးလာပြီး အကူအညီတွေလိုအပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ပိုင်း ကျေးရွာဖြစ်တဲ့ ညောင်လှကျေးရွာကို နိုဝင်ဘာ ၂၇ ရက်နေ့လည်ပိုင်းက စပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးဆောင်ရွက်နေရာမှာ လေကြောင်းကနေ ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုတွေပါ ရှိနေတယ်လို့ ဒေသခံတွေပြောသလို၊ ရဟတ်ယာဉ်သုံးတိုက်ခိုက်တဲ့ ဗွီဒီယိုဖိုင်လည်း လူမှုကွန်ယက်မှာ ပျံနှံနေပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာတွေရှိသလို၊ စစ်ကောင်စီရဲ့ လေကြောင်းကတိုက်ခိုက်မှုကြောင့် ဒီပဲယင်း ညောင်လှကျေးရွာက အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“အခြေအနေက အလောင်းကောက်လို့ရတဲ့ဟာပဲ အတည်ပြုလို့ရတာ။ ခပ်လှမ်းလှမ်းကနေ ဝင်ရင်း ပစ်ခတ်သွားတယ်။ အလောင်းကောက်လို့ရတာပဲ အတည်ပြုလို့ရတာ။ အလောင်းကောက်လို့မရတာက ဘယ်သူဘယ်ဝါ ဘယ်ရွာသားရယ်ဆိုတာက အတည်ပြုလို့က မရသေးဘူး။ သူတို့က ရွာထဲမှာပဲ မနေ့ညနေက ကင်းလှည့်ရင်းနဲ့ ရမ်းသမ်းပစ်နေတာတွေရှိနေတော့လေ။ လောလောဆယ် အလောင်းကောက်ပြီး နေ့ချင်းပဲ သဂြိုလ်လိုက်တာ ၄ လောင်း ဖြစ်သွားတယ်။ ရွာဝင်ဝင်ချင်းပစ်တဲ့ဟာက သူတို့စစ်ကြောင်းထိုးတဲ့အချိန် အလစ်အငိုက် ပြေးကောက်ရတာ။ ရွာထဲမှာ သေဆုံးတာတော့ အတိအကျ မသိသေးဘူး။ လောလောဆယ် ၄ လောင်း အတည်ပြုလို့ရပြီ။ ရဟတ်ယာဉ်က ဒီနေ့လာတာမရှိသေးဘူး။ စကစ တွေဘက်က ၁၀/၁၅ လောက် မိုင်းနင်းမိပြီးသေတာရှိတယ်။ စစ်ကြောင်းထိုးတဲ့ ပုံစံပါပဲ ဘာလို့ဆိုတော့ တရွာဝင် တရွာထွက် လှည့်ပတ်ပြီး မွှေနေတာလေ။”

နိုဝင်ဘာ ၂၇ ရက်က လေကြောင်း တိုက်ခိုက်မှုကြောင့် ညောင်လှကျေးရွာအပါအဝင် အနီးအနားက ကျေးရွာ ၁၅ ရွာနီးပါးက လူ ဦးရေ ၂၀၀၀ လောက်ဟာ နေရပ်ကို စွန့်ခွါပြီး စစ်ဘေးဒုက္ခသည်ဖြစ်နေပါတယ်။ ဒီနေ့မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒုက္ခသည် အရေအတွက် တိုးလာနေသလို စားနပ်ရိက္ခာ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ဒုက္ခသည်တွေ ထပ်တိုးတာတွေရှိတယ်။ ညောင်လှရွာကို အထိုင်ချပြီးလည်း မွှေနေတယ်။ စစ်ကြောင်းကလည်း ညောင်လှအနီးတဝိုက်က ရွာတွေကိုထိုးနေတယ်။ အဲ့ဒီမှာ ရှိတဲ့ စစ်ရှောင်တွေလည်း ရှောင်ရတယ်။ အဲ့ရွာခံတွေလည်း စစ်ရှောင်ဖြစ်သွားတယ်။ စစ်ရှောင်ဦးရေက ဒီနေ့ဆို ၁ ထောင်လောက် ထပ်တိုးတယ်။ အရင်က ၂ ထောင်လောက်ရှိတာ အခု ၃ ထောင်လောက် ပြန်ဖြစ်သွားပြီ။ ကျွန်တော့်ဆီမှာ ရှိနေတာ စောင်အခက်အခဲရှိတယ်။ အနွေးစောင်က နည်းနည်းအဆင်ပြေပေမယ့် စားနပ်ရိက္ခာက အဆင်မပြေကြဘူး။”

တဆက်တည်းမှာပဲ အခုလထဲ စစ်ကောင်စီက လေကြောင်းကနေပါ တိုက်ခိုက်တာတွေ လုပ်ခဲ့ရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မကွေးတိုင်း ဆောမြို့နယ်နဲ့ ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်း စစ်ဆင်မှုတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ နယ်မြေရှင်းလင်းဖို့ ရောက်ရှိလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံအဖွဲ့တွေကပြောပါတယ်။

အကြမ်းမဖက်ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့တဲ့နောက်၊ ဆန္ဒပြသူတွေဟာ မြန်မာပြည်နေရာအတော်များများမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ပြန်လှန် တိုက်ခိုက်တာတွေဖြစ်နေပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ မြန်မာပြည်အနောက်မြောက်ခြမ်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေမှာတော့ အခုနိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးတွေ ပိုလုပ်ဆောင်နေရာမှာ၊ လေကြောင်း ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်နှိမ်နင်းမှုတွေရှိနေတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေထဲမှာတော့ အနောက်မြောက်ခြမ်းက စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့သီးခြားဖော်ပြတာမရှိပေမယ့်၊ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ဆက်နွယ်နေသူတွေကို ရှာဖွေဖမ်းဆီးနှိမ်နင်းတာတွေကိုတော့ မကြာမကြာ ဖော်ပြနေပါတယ်။

VOA Burmese

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ စ၍  မြန်မာနိုင်ငံရှိ မိသားစု၀င်များသည် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်စီးနှင်းမှုများကြောင့်  ကွဲကွာရမည့်  အကြောက်တရားများနှင့် မသေချာမရေရာမှုများကို ဖိအားပေးရင်ဆိုင်နေရသည်။

တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားဟောင်းများကို ဖမ်းဆီးမှုများ ပိုများလာသည်နှင့်အမျှ ၎င်းတို့၏ ဆွေမျိုးသားချင်းများသည် ၎င်းတို့ကိုယ်စား ဖမ်းဆီးခံနေရသည်။​ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းအောက်တွင် စစ်ရာဇ၀တ်မှု မြောက်သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများနှင့် အခြေခံမူများကို မထီမဲ့မြင်ပြုခြင်းနှင့် လျစ်လျူရှုခြင်းတို့ကို ဆက်လက် လုပ်ဆောင်နေသည်။

စီးနှင်းမှုများကြောင့် မိသားစု၀င်များသည် ဆိုး၀ါး ခက်ခဲသော ဆုံးဖြတ်ချက်ကိုချရန်  ဖိအားပေးခံနေရသည်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကြောင့် တက်ကြွလှုပ်ရှားသူများ၏ ဆွေမျိုးသားချင်းများမှ  ၎င်းတို့နှင့် အဆက်အသွယ်များကို ဖြတ်တောက်နေကြသော်လည်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများမှ ဆွေမျိုးသားချင်းများကို ဒေါသအမျက်ထွက်ခြင်းမရှိပါ။ အကြမ်းဖက်စစ်ကောင်စီသည် သက်သေအထောက်အထားမရှိဘဲ သံသယဖြင့် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနေပြီး လူမျိုးရေးနှင့် ဘာသာရေးအခြေခံသည့် ဘက်လိုက်မှုများဖြင့် မကြာခဏ ဖမ်းဆီးနေသည်။​

ဓားစာခံအဖြစ်ဖမ်းဆီးခံရသော မိသားစု၀င်များသည် ဖမ်းဆီးခံရစဥ် သတ်ဖြတ်ခံနေရသည်။  ပြီးခဲ့သည့်သီတင်းပတ်အတွင်း စစ်ကောင်စီ အလိုရှိသူလူငယ်ကို မတွေ့ရှိသည့်အတွက် တူဖြစ်သူ၏နေရာတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသားတစ်ဦးသည်  စစ်ကြောရေးတွင် စစ်မေးခံရပြီး နာရီပိုင်းအတွင်း ပြင်းထန်သော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ သေဆုံးသူ၏ တူဖြစ်သူမှာ စစ်ကောင်စီ၏ ဖမ်း၀ရမ်း ထုတ်ခံထားရသည့်  ထင်ရှားသော ဆန္ဒပြပွဲစီစဉ်သူ တစ်ဦးဖြစ်သည်။ မကြာသေးမီက ဖခင်နှင့်အတူဖမ်းဆီးခံခဲ့ရသည့် အသက် ၁၉ နှစ်အရွယ် ဖုန်းမြင့်အောင်သည် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခံရစဥ်အတွင်း အသတ်ခံခဲ့ရသည်။ ၎င်း၏ စျာပနကို အရပ်၀တ် စစ်အာဏာရှင်တပ်များနှင့် ရဲတပ်ဖွဲ့၀င်များ တက်ရောက်ခဲ့သည်။ မတရားဖမ်းဆီးခံရသည့် ပမာဏ တိုးလာသည့်အတွက်ကြောင့် ဖေဖော်၀ါရီလကတည်းမှ စတင်၍ ဖမ်းဆီးခံရစဥ် သေဆုံးမှုပေါင်း ၁၇၅ မှု ရှိပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန်တောင်းဆိုခဲ့သော ကုလသမဂ္ဂမှ မတရားဖမ်းဆီးခံရမှုများကို ပြစ်တင်၀ေဖန်ခဲ့သည်။

ကလေးသူငယ်များသည်လည်း စစ်ကောင်စီ၏ အပေါင်ခံ ပစ္စည်းမဖြစ် အသုံးချခံနေရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းသမားတစ်ဦ’၏ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို ၎င်း၏မိခင်မှ သေနတ်များ ၀ယ်ထားသလားဟု မေးမြန်းခဲ့သည်။ ဤကဲ့သို့သော အပြုအမှုများသည် အဆန်းတော့မဟုတ်ပေ။ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့အလိုရှိသော အချက်အလက်များ ရရှိရန် ရမ်းကားကြမ်းတမ်းသော အကြပ်ကိုင်သည့်နည်းကို ပုံမှန် အသုံးပြုနေသည်။ အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို အာရုံစိုက်လာကြစေရန်အတွက် ယခုနှစ်တွင်ပြုလုပ်သော နှစ်စဥ်လုပ်ဆောင်နကျဖြစ်သည့် လူထုပညာပေး ၁၆ ရက်တာလှုပ်ရှားမှုတွင် ရမ်းကားကြမ်းတမ်းသည့် လုပ်ဆောင်ချက်များကို အရေးပေါ် ပြန်လည်လုပ်ဆောင်နေသည်။ အမျိုးသမီးငယ်များ၏ လုံခြုံရေးသည် တရားစီရင်ရေးကို လွှမ်းမိုးချုပ်ကိုင်ထားသော စစ်တပ်နှင့် ပစ်ဒဏ်ကင်းလွတ်ခွင့်ရနေသော စစ်သားများ၏ အောက်အန္တရာယ်ကျရောက်နေသည်။​ ဤအသိပေး နိုးဆော်လှုပ်ရှားမှုသည် အမျိုးသမီးများ နေ့စဥ်ကြုံတွေ့နေရသည့် အန္တရာယ်များကို အရေးကြီးသည့် သတိပေးချက်ဖြစ်ပြီး အရေးကြီးသည့် လှုပ်ဆောင်မှုများကို ဦးဆောင်လုပ်ကိုင်နေသည့် အမျိုးသမီးအဖွဲ့အစည်းများကို ဆက်လက်ပံ့ပိုးပေးရမည်ဖြစ်သည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ကယားပြည်နယ်

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းတစ်ခုအား နိုဝင်ဘာ ၂၂ ရက်နေ့တွင်  စစ်ကောင်တပ်များ ဝင်ရောက်စီးနင်းခဲ့သည်။ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ဆရာဝန်လေးဦး၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်နှင့် စေတနာ့ဝန်ထမ်း အပါအဝင် စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့အပြင် လူနာနှစ်ဒါဇင်ကျော်ကိုလည်း ဆေးခန်းမှ ဖိအားပေး ပြောင်းရွေ့စေခဲ့သည်။ ဆေးမှတ်တမ်းများကိုလည်း မတရား သိမ်းဆည်းခဲ့သည်။

အကြမ်းဖက်မှုများမှ ဘေးကင်းလုံခြုံရေးအတွက်  အရပ်သားပြည်သူများခိုလှုံသည့် ဘာသာရေး ပရိဝုဏ်များတွင် စစ်ကောင်စီ၏ ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးလာနေသည်။

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်ရာ ကယားပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘုရားကျောင်းများသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ခံရကာ မီးလောင်ပျက်ဆီး သွားခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လွိုင်ကော်သာသနာနယ်အတွင်းမှ ဘုရားကျောင်း ၁၀ ကျောင်းပျက်ဆီးခဲ့ပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

 

မကွေးတိုင်းဒေသကြီး ​

အာဏာသိမ်းစစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ် (PDF) ကြားတိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ဆက်လက်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင်  အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် ပိုမိုဆိုး၀ါးလာသော ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်  ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။​ အာဏာသိမ်းစစ်တပ်သည် ရဟတ်ယာဥ်ကို အသုံးပြုကာ PDF တပ်စခန်းကို ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာများမှ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအ၀င် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။​ တောထဲတွင် ထွက်ပြေး ပုန်းခိုရသည့် ဒေသခံများ၏ ပြောကြားချက်အရ တစ်နေရာမှ​တစ်နေရာသို အဆက်မပြတ် ထွက်ပြေးခဲ့ရပြီး ကောင်းစွာအိပ်စက်ခွင့်မရှိခဲ့ပေ။ အကြမ်းဖက်စစ်တပ်မှ တောထဲတွင်တွေ့ရှိသူမှန်သမျှကို သူပုန်ဟု သတ်မှတ်ကာ သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

 

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသော ကိုညီခင်အတွက် တရားမျှတမှုမရရှိသေးပါ။​ ဒေသခံကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲများကြောင့် ဤဒေသသည် အာဏာသိမ်းစစ်တပ်၏ ပြင်းထန်သော ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုအောက်တွင်ရှိသော နယ်မြေဖြစ်သည်။ ကိုညီခင်သည် ယခုလအစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရချိန်တွင် စစ်သားများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ စစ်ကြောရေးတွင် ၃ ရက်ကြာ စစ်ကြောခံရပြီးနောက် သေဆုံးသည်ဟု ထုတ်ပြန်သော်လည်း အလောင်းကို အာဏာပိုင်များမှ ထုတ်မပေးပါ။

ရှမ်းပြည်နယ် တောင်ပိုင်းမှ မြို့နယ်များတွင် အကြမ်းဖက်မှုများကြောင့် အရပ်သားများ ထွက်ပြေးတိမ်းရှောင်နရမှု ပုံမှန် ဖြစ်ပွားသည်။ အာဏာသိမ်းစစ်သားများသည် ဒေသခံတို့၏ နယ်မြေများတွင် တပ်စခန်းချနေထိုင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရမှုများကို ပုံမှန်ဖြစ်ပွားစေသည်။ အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခံရမည်ကို ကြောက်သော်လည်း ၀ေးလံခေါင်သီသောနေရာတွင် စားနပ်ရိက္ခာ၊​အမိုးအကာနှင့် ရေမရှိဘဲ ရှင်သန်ရန် အခက်ခဲ ရှိနေသည်။ တောင်သူလယ်သမားများသည် တိုက်ပွဲများကြောင့် အပင်များရိတ်သိမ်းရန် ဘေးကင်းလုံခြုံစွာ သွားရောက်နိုင်ခြင်း မရှိသဖြင့် အသက်မွေး၀မ်းကြောင်းကို ထိခိုက်စေသောကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသည် အသက်ရှင်သန်နေထိုင်ရန် စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။​


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် မနက်ဖြန် နိုဝင်ဘာ ၃၀ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

မနက်ဖြန်မှာ အမိန့်ချဖို့ တရားရုံးက လျာထားတဲ့ သဘာဝဘေးစီမံအမှုဟာ ၂၀၂၀ မဲဆွယ်ကာလမှာ ဥတ္တသီရိမြို့နယ်ထဲဖြတ်သွားတဲ့ NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့က ထွက်ပြီးလက်ပြနှုတ်ဆက်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့စွဲဆိုခံထားရတဲ့အမှုပါ။ ကိုဗစ်ကာလအတွင်းလူစုလူဝေးဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့စွဲဆိုခံထားရတာဖြစ်ပါတယ်။

နောက်ထပ်အမိန့်ချမယ့် ပုဒ်မ ၅၀၅(ခ)အမှုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ ၃ ဦး လုံးတစ်ပေါင်းတည်းစွဲဆိုခံထားရတဲ့အမှုဖြစ်ပါတယ်။

သူတို့ ၃ ဦးလုံး ရင်ဆိုင်နေရတဲ့ အဲဒီအမှုဟာ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ပါတီအကြီး အကဲတွေဖြစ်တဲ့ သူတို့ ၃ဦးလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

သူတို့ သုံးဦးလုံး ဖမ်းဆီးခံထားရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ စာ ၂ စောင်ကိုအကြောင်းပြုလို့ တရားစွဲခံထားတာဖြစ်တဲ့အကြောင်းနဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ပုဒ်မ ၅၀၅(ခ)နဲ့ပတ်သက်လို့ စွဲဆိုရန် မသင့်တဲ့အကြောင်း ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ ရက်က သမ္မတဦးဝင်းမြင့်ကိုယ်တိုင် သက်သေထွက်ဆိုထားပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်,AUNG HTET /GETTY IMAGES

ဓာတ်ပုံ ပုံစာ, သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒါပေမယ့် မနက်ဖြန်မှာ အဲဒီအမှုတွေကို အပြီးသတ်အမိန့်ချနိုင်မလား၊စစ်ဆေးချိန်အကန့်အသတ် အပါအဝင် တခြားအကြောင်းပြချက် တချို့ကြောင့် ထပ်မံရွှေ့ဆိုင်းနိုင်တဲ့အခြေအနေလည်းရှိတာကြောင့် တရားသူကြီးရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့ ဥပဒေရေးရာစိတ်ဝင်စားသူတွေက သုံးသပ်ကြတာ လည်းရှိပါတယ်။

သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅(ခ)ပုဒ်မတွေဟာ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တယ်လို့သိရပါတယ်။

တခါ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးဖြစ်တဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ အမှုအတွက်လည်း မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်မှာ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခံပြသက်သေအဖြစ်တင်ထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဘယ်လိုစစ်ဆေးမလဲဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ရှိတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်

ဓာတ်ပုံ ရင်းမြစ်,AFP

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်

ပြီးခဲ့တဲ့ အပတ်က ဒေါက်တာဇော်မြင့်မောင်ကို ခံပြသက်သေအဖြစ်စစ်ဆေးရမှာဖြစ်ပေမယ့် သူ့ကို ကျန်းမာရေးစစ်ဆေးတဲ့အစိုးရဆရာဝန်က ကျန်းမာရေးအခြေအနေအရ ခရီးသွားဖို့ခွင့်မပြုသင့်ဘူးဆိုတဲ့မှတ်ချက်ကို ပေးခဲ့တာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးအိုးဘိုထောင်ကနေ နေပြည်တော်အထူးတရားရုံးကို လာရောက်သက်သေ ထွက်ဆိုခွင့်မရခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်ကို ဘယ်လိုပုံစံနဲ့ စစ်ဆေးမလဲဆိုတဲ့ဆုံးဖြတ်ချက်ကို မနက်ဖြန်မှာတရားရုံးကချမှတ်ဖို့ရှိပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီးလာမယ့်နိုဝင်ဘာ ၃၀ရက်မှာတော့ စွဲဆိုခံထားရတဲ့အမှုတွေထဲက တချို့အမှုတွေကို အပြီးသတ် အမိန့်ချဖို့ရှိနေတာ ဖြစ်ပါတယ်။

BBC Burmese

အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရစဉ် ဒေသခံခြောက်ဦး သေဆုံးသည်ဟု ဒေသခံအချို့က ဆိုသည် 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်များအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံသုံးဦးက ဆိုသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၇) တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူဖြည့်တင်းကာ တိုက်ခိုက်ခဲ့မှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ ဆည်ကြီး၊ သရက်တော၊ မူခတွင်း၊ မဲအိုး၊ လက်ယက်ကုန်း၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး စသည့် ကျေးရွာများမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်များအသုံးပြုပစ်ခတ်သောကြောင့် ခြောက်ဦးသေဆုံးသည်ဟု ဒေသခံအချို့က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ညောင်လှရွာနှင့် ဆည်ကြီးရွာတွင် ယမန်နေ့ (နိုဝင်ဘာ ၂၇) ၌ စစ်တပ်က ရဟတ်ယာဉ်ငါးစီးဖြင့် စစ်ကူအင်အားဖြည့်တင်းကာ တိုက်ခိုက်ခဲ့သည့်ပြင် ယနေ့တွင်လည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု ကိုညီနောင်ဟု အမည်လွှဲခံယူထားသူ ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် အရှေ့တောင်ဘက် ၁၀ မိုင်အကွာ မူးမြစ်အနီးရှိ လူဦးရေ ၅၀၀၀ ကျော် နေထိုင်သော ညောင်လှရွာတွင် ယနေ့ နံနက်က မီးခိုးလုံးများ မြင်တွေ့နေရသည်ဟု ၎င်းက ပြောသည်။

“ပြောနေကြတာတော့ ဘုန်းကြီးကျောင်းထဲက ဆိုင်ကယ်တွေကို ရှို့နေတာတဲ့။ အဲဒီမှာ ရွာသားတွေက ဆိုင်ကယ်တွေ ထားခဲ့တာ။ အဲဒါကို ရှို့နေတယ်လို့ သိရတယ်။ လက်နက်ကြီးလက်ငယ်ပစ်သံတွေလည်း ကြားနေရတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုတွေက ကျန်ခဲ့တယ်။ မပြေးနိုင်တဲ့သူတွေပေါ့ဗျာ” ဟု ထွက်ပြေးတိမ်းရှောင်နေသူ ကိုညီနောင်က ပြောသည်။

လက်ရှိတွင် စစ်တပ်က ညောင်လှနှင့် ဆည်ကြီးရွာကို မူးမြစ်ကူး ယဉ်ကျေးတံတားပေါ်တွင် သုံးနေရာခွဲ၍ တပ်စွဲထားကာ ညောင်လှရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ကိုဇီးရိုးဆိုသူ အခြားဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

လုံခြုံရေးအခြေအနေအရ ကိုဇီးရိုးဟု အမည်ပြောင်းထာသူ အဆိုပါ ဒေသခံအမျိုးသားမှာလည်း လက်ရှိတွင် အခြားဒေသခံများနည်းတူ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“အိမ်တွေကို လက်နက်ကြီးနဲ့ ထုတယ်။ ရွာထဲကိုလည်း လက်နက်ငယ်နဲ့ တရစပ်ပစ်တယ်။ ရွာထဲမှာ ဘယ်သူတွေ ကျန်ရစ်လဲ။ ဘယ်သူတွေသေလဲဆိုတာတွေကိုက လောလောဆယ် ကျွန်တော်တို့ မသိနိုင်ဘူး” ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကိုဇီးရိုးက ပြောသည်။

ယမန်နေ့ညနေပိုင်းတွင် ညောင်လှရွာအနီးသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်ငါးစီးအနက် လေးစီးသည် စစ်သားများ တင်ဆောင်လာခြင်းဖြစ်ကာ စစ်သားများချပြီးနောက် ညောင်လှနှင့် ဆည်ကြီးရွာကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါဒေသခံနှစ်ဦးနှင့် ညောင်လှရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများအနီးတစ်ဝိုက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်တပ်က ရဟတ်ယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့ (စစ်တပ်)နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး။ PDF တွေက သူတို့ကို ဝိုင်းထားကြပြီ။ ထွက်ဖို့ မလွယ်တော့ဘူးဆိုပြီး စစ်ကူခေါ်တယ်လို့ မြင်တယ်။ (လက်လုပ်) မိုင်းတွေ ဘာတွေကြောက်ပြီး ဘယ်မှ မထွက်ရဲတော့ဘဲ စစ်ကူခေါ်တာ။ သူတို့က ဆည်ကြီးရွာထဲမှာ မွှေနှောက်နေကြတာ” ဟု ကိုဇီးရိုးက ပြောသည်။

အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် ညောင်လှရွာသားကလည်း “ရွာသားတွေကလည်း အသက်လုပြီး ထွက်ပြေးလာရတာ။ ရေရေရာရာ ဘာမှမပြောနိုင်သေးဘူး” ဟု ဆိုသည်။

စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်စဉ် ထွက်ပြေးနေသည့် ဒေသခံများအနက် ညောင်လှရွာသား ခြောက်ဦးခန့် သေနတ်ကျည်ဆန်ထိမှန်၍ လဲကျသေဆုံးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု အခြားထွက်ပြေးတိမ်းရှောင်သူ ရွာသားများထံမှ သိရသည်ဟု ကိုညီနောင်က ဆိုသည်။

“ဒီနေ့မနက် နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ ဟတ်စကီးတစ်စီး ထွက်လာတယ်လို့ ကြားတယ်။ အခုထိတော့ ရောက်မလာသေးဘူး။ မနေ့က ပြေးလာတဲ့သူတွေဆီက သိရတာက လေးငါးလောင်းလောက် တွေ့ရတယ်လို့ ပြောတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ အဲဒီ(ညောင်လှရွာ) တစ်ဝိုက်က ရွာတွေက အကုန်လုံးပြေးနေရတာ”ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့က ကျည်ဆန်ထိမှန်ခဲ့သည့်  ညောင်လှရွာသား လေးဦးအနက် တစ်ဦးသေဆုံးသည်ဟု ကြားသိရသည်ဟုလည်း ကိုဇီးရိုးက ပြောသည်။

ထွက်ပြေးနေရသည့် ပြည်သူများ လိုက်နာရန် အချက်များကို ဒီပဲယင်းမြို့နယ် PDF က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ရာ လယ်ကွင်းထဲတွင် အစုလိုက်နေထိုင်ခြင်းကို ရှောင်ရှားရန်၊ စစ်တပ်က မိုးကာအုပ်ထားသည့် ကားများဖြင့် ဝင်ရောက်နေသာကြောင့် ပြည်သူများအနေဖြင့် ကားကို မိုးကာအုပ်မောင်းနှင်ခြင်း မပြုရန် တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းမှုကို အပြင်းအထန်ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများကို စစ်ကောင်စီက အကြမ်းတမ်းဆုံး ဖိနှိပ်လျက်ရှိရာ ဒီပဲယင်းမြို့အနောက်ဘက်ရှိ ဝန်းရံ၊ ကုန်းရိုးနှင့် တပ်တည် စသည့် ကျေးရွာများကို ယခုလဆန်းပိုင်းတွင် ရဟတ်ယာဉ်လေးစီးဖြင့် ရောက်ရှိလာသည့် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

ဒီပဲယင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ၊ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းများအပေါ် စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။ ထို့အတူ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

Myanmar Now