ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တို့ စစ်ဒဏ် အလူးအလဲခံခဲ့ရပြီး စစ်အာဏာသိမ်းမှုဒဏ်ကိုပါ ဆက်လက်ရင်ဆိုင်နေရချိန်တွင် ၎င်းတို့ကို ကူညီထောက်ပံ့မှုများသည်လည်း ကန့်သတ်ခံနေရသည်

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် အကူအညီအထောက်အပံ့များ မရတော့သလို ယာယီခိုလှုံနေသည့်တဲအိမ်များမှာ ပျက်စီးယိုယွင်းနေသောကြောင့် ပြုပြင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ယခင်နှစ်များကဲ့သို့ မည်သည့်အဖွဲ့အစည်းမှ လာရောက်လှူဒါန်းခြင်းမရှိတော့ကြောင်း မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“နေအိမ်တွေလည်းပြိုနေပြီ။ စခန်းထဲမှာဆိုလည်း တံတားတွေ ထိုးထားရတယ်ဆိုတော့ အဲဒီတံတားလည်း ပြိုနေပြီ။ စားဝတ်နေရေးလည်း အခက်အခဲဖြစ်တယ်” ဟု  အမည်မဖော်လိုသော ထိုအမျိုးသမီးက ဆိုသည်။

“မနှစ်ကဆိုရင် ဟိုအဖွဲ့ ဒီအဖွဲ့တွေကလာလှူကြတယ်။ အခုဆိုရင် ဘယ်အဖွဲ့မှ မရောက်တော့ဘူး။ ဘာကြောင့်မရောက်တာလဲဆိုတာကို ကျွန်မတို့လည်း အတိအကျမသိဘူး”

အသက် ၄၀ အရွယ် ထိုအမျိုးသမီးမှာ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာမှဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA)နှင့် စစ်တပ်တို့ကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည့်ကာလအတွင်း နေရပ်စွန့်ခွာလာရာ စခန်းတွင် သုံးနှစ်ခန့်ရှိပြီဟု ပြောသည်။

“သောက်သုံးရေတွေဆိုလည်း သူများတွေဆီကတောင်းပြီးခပ်ရတယ်။ စောင်တွေ၊ အနွေးထည်တွေလည်း မရှိဘူး။ အဲဒါတွေလည်း တောင်းဆိုချင်ပါတယ်” ဟု အထက်ပါမျိုးသမီးက ဆက်ပြောသည်။

ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များလည်း အလားတူအခက်အခဲရှိသည်ဟု စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် မမေစုလှိုင်က ပြောသည်။

ယခင်ကမူ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆောင်းဝတ်အနွေးထည်များ၊ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက် စသော အခြေခံစားသောက် ကုန်ပစ္စည်းများကို လာရောက်ထောက်ပံ့ခဲ့ကြကြောင်း သူက ဆိုသည်။

ယခုအခါ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနတို့က စခန်းကို ကူညီနေသည်ဟု သူက ပြောသည်။

“(လက်ရှိမှာ) ရိက္ခာကတော့ လူကယ်ပြန်နဲ့ ICRC က ပုံမှန်ပေးပါတယ်။ လူမှုအဖွဲ့အစည်းက လာပြီးပံ့ပိုးတာ သိပ်မရှိဘူး။ ပြီးခဲ့တဲ့နှစ်ကနေစပြီး လူမှုအဖွဲ့အစည်းတွေက လာပြီးထောက်ပံ့တာတွေရပ်သွားတယ်။ အရင်ကတော့ အားလုံးက လာထောက်ပံ့တော့ ဖူဖူလုံလုံ သုံးလို့ရတယ်။ အခုတော့ အဲဒီလို မဖူလုံတော့ဘူး” ဟု မမေစုလှိုင်က ပြောသည်။

“လူတွေက အဲဒီတုန်းကနဲ့စာရင် အခုပိုပြီးခက်ခဲသွားတယ်။ ပျက်စီးနေတဲ့ တဲအိမ်တွေကို ပြုပြင်ဖို့ ICRC ကတော့ ဝါး၊ တာပေါ်လိမ်စနဲ့ ကြိုးခွေတွေထောက်ပံ့တာရှိတယ်” ဟု ဆိုသည်။

လက်ရှိတွင် စစ်တပ်၏  ပိတ်ပင်မှုများကြောင့် စစ်ရှောင်များမှာ မိသားစုဝမ်း‌ရေးအတွက် အပြင်ထွက် အလုပ် လုပ်ရန် အခက်အခဲနှင့်ရင်ဆိုင်နေရသည်ဟု မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီး နောက်တစ်ဦးက ပြောသည်။

“သူတို့  (စစ်တပ်)က အာဏာသိမ်းလိုက်ပြီဆိုတာနဲ့ ပြည်သူတွေလုပ်စားမယ့်နေရာတွေကို အကုန်လုံးပိတ်ပင် ထားတယ်လေ။ ဟိုနေရာဆိုလည်းမသွားရ၊ ဒီနေရာဆိုလည်းမသွားရ အကုန်လုံးကို ပိတ်ပင်ထားတယ်ဆိုတော့ ပြည်သူတွေက ဘယ်နားသွားလို့လုပ်စားမလဲ” ဟု သူက ပြောသည်။

“ဝါးခုတ်စားတဲ့လူတွေရှိတယ်။ တောင်မှာလုပ်စားနေတဲ့လူတွေရှိတယ်။ တောင်တွေဆိုလည်း ဂိတ်တွေချပြီးတော့ ပိတ်ထားတယ် သူတို့ (စစ်တပ်) က၊ တောင်ပေါ် မတက်ရဘူး။ အခု ချောင်းမှာလုပ်စားတယ်ဆိုရင်လည်း ချောင်းကို ဂိတ်ချပြီးတော့ပိတ်ထားတယ်။ စက်လှေတွေဆိုလည်း စစ်ဆေးတယ်ဆိုတော့ ပြည်သူတွေက အခက်အခဲဖြစ်တယ်”

Img_7281.Jpg

မြောက်ဦးမြို့ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူများအား ၂၀၂၂ ဇနဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) မြောက်ဦးမြို့ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူများအား ၂၀၂၂ ဇနဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

ရခိုင်တွင် နှစ်နှစ်တာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကြောင့် ပြည်သူနှစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းတွင် လူတစ်သိန်းနီးပါး ခိုလှုံနေကြရဆဲဖြစ်သည်။

စစ်ဒဏ် အလူးအလဲခံခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်များမှာ စစ်အာဏာသိမ်းမှုဒဏ်ကိုပါ ဆက်လက်ရင်ဆိုင်နေရသည်။

ကူညီထောက်ပံ့နေသည့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း လက်ရှိ၌ မလုံခြုံသည့်နေအထားတွင်ရှိနေကြောင်း၊ လိုအပ်နေသူများအတွက် အမျိုးသမီးအသုံးအဆောင်ပစ္စည်းမှအစ စားနပ်ရိက္ခာထောက်ပံ့မှုအဆုံး ပိတ်ပင်ခံနေရကြောင်း ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုထံမှ သိရသည်။

“ကျွန်မတို့ စစ်ရှောင်စခန်းတွေကိုသွားရင် ဟန့်တားခံရတာတွေဘာတွေရှိတယ်။ အခြေအနေတွေက မလုံခြုံတဲ့အနေအထားကို ရောက်သွားနိုင်သလို စစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုတွေ လျော့သွားနိုင်တဲ့အခြေအနေမျိုးမှာ ရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေး ပိုပြီးတော့အခက်အခဲဖြစ်လာနိုင်တယ်” ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာ၀န်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီအခြေအနေမျိုးမှာလည်း စစ်ရှောင်တွေကို အိမ်ပြန်ခိုင်းနေတာမျိုးလည်းရှိတယ်ပေါ့နော်။ သူတို့အိမ်ပြန်သွားလည်း ဟိုဘက်မှာ မလုံခြုံတာတပိုင်း။ ပြီးတော့ မိုင်းမရှင်းလင်းရသေးတာ၊ သူတို့ပြန်သွားတဲ့အခါ နေအိမ်တွေပျက်စီးနေက တစ်ပိုင်း။ လုပ်ကိုင်စားသောက်ဖို့ ကျွဲ၊နွားတွေဆုံးရှုံးတာတွေရှိတယ်။ အခုရခိုင်မှာ တိုက်ပွဲပြန်ဖြစ်နေတာဆိုတော့ စစ်ရှောင်တွေ ပိုများလာမယ်လို့ ထင်ပါတယ်”

လက်ရှိတွင် ICRC  နှင့် လူကယ်ပြန်ဌာနတို့က တစ်လတစ်ကြိမ်လျှင် ဆန်၊ စားနပ်ရိက္ခာ ထောက်ပံ့နေသော်လည်း မလုံလောက်သောကြောင့် ဖြစ်သလို စားသောက်နေကြရသည်ဟု မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဘောင်းဒွတ်ကျေးရွာ မှ အသက် ၃၀ အရွယ် မမိုးစန္ဒာက ပြောသည်။

ချက်ပြုတ်စားသောက်ရန် အို၊ ခွက်၊ ပန်းကန်များနှင့် အဝတ်အထည်၊ စောင်၊ ခြင်ထောင်များ အကူအညီ လိုအပ်နေကြောင်း သူက ဆက်ပြောသည်။

“အခုဆောင်းတွင်းဆိုတော့ ကလေးတွေက အေးကြတယ်။ စားဝတ်နေရေးကလည်းအဆင်အပြေ။ သူတို့က  တစ်လတစ်ခါ လာပေးလည်း လိုအပ်တယ်။ မလောက်ငဘူး။ အဆင်မပြေလည်း ပြေသလို စားနေရတာပါပဲ။ အခုနေရတာကလည်း တံခါးတွေကပျက် အိမ်တွေက ပြို၊ ဖြစ်သလိုနေနေရတယ်” ဟု မမိုးစန္ဒာက ပြောသည်။

Myanmar Now News

အာဏာသိမ်း စစ်ကောင်စီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၈၀၀ ကျော်အား လွတ်ငြိမ်းခွင့် ပြုပေးရာတွင် ပြစ်မှုအကျဉ်းသားများသာ ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အနေဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အား ကိုင်စွဲကာ ပြစ်ဒဏ်ကျ အကျဉ်းသား ၈၁၄ ဦးနှင့် အင်း စိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၇ ဦးတို့အား “နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသည့် စည်းကမ်းသတ်မှတ် ချက်ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင်း ဖမ်းဆီးတရားစွဲဆိုခံရသူများအား ရှေ့နေအဖြစ် လိုက် ပါဆောင်ရွက်ပေးနေသူ တဦးက “သဘောက နိုင်ငံတကာကိုတော့ အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုပြီး မျက်လှည့် ပြ ချင်တာ။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ထိန်းသိမ်းထားတဲ့ သူတွေကိုတော့ မလွှတ်ဘူးကွာဆိုတဲ့ ပုံစံပေါ့။ တကယ်က သက် သက်ကို ဦးနှိမ်ထားတဲ့ ပုံစံပြချင်တာပေါ့” ဟု ပြောသည်။

ယနေ့ လွတ်ငြိမ်းတွင် အင်းစိန်အကျဉ်းထောင်မှ ၉၆ ဦး၊ မန္တလေး အိုးဘိုထောင်မှ တရုတ်နိုင်ငံသား ၁ ဦး အပါအဝင် ၄၀ ဦး၊ ပဲခူး-ပြည်ထောင်မှ ၁၃ ဦး၊ မွန်ပြည်နယ်ရှိ အကျဉ်းထောင်နှင့် အလုပ်စခန်းများမှ ၇၀ ဦးနှင့် ရခိုင်ပြည်နယ်မှ ၂၁ ဦးတို့ ပါဝင် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ယနေ့အင်းစိန်ထောင်ရှေ့ အကျဉ်းသားလွှတ်ပေးမှုမြင်ကွင်း (ဓာတ်ပုံ – Nay Myo)

စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းခွင့် မပေးခဲ့သော်လည်း ထောင်နှစ် ၈၀ ချမှတ်ထားသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ထက်ဝက် လျှော့ပေါ့ပေးကြောင်းနှင့် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်နှင့် ဆက်စပ်သူများ ဟုဆိုကာ ဖမ်းဆီးထားသူ ၄၆ ဦးတို့အား အမှုပိတ်သိမ်းကာ လွှတ်ပေးကြောင်းလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ကြေညာခဲ့သည်။

AA နှင့် ပတ်သက်၍ အမှုပိတ်သိမ်းကာ လွှတ်ပေးသူများတွင် ၂၀၁၉ ဧပြီလကတည်းက ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု ပုဒ်မ များဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ၂၃ ဦးလည်း ပါဝင်ကာ ယနေ့ညနေ့ပိုင်းတွင် စစ်တွေထောင်မှ ပြန်လည် လွတ်‌မြောက်လာခဲ့ကြောင်း သိရသည်။

၎င်းတို့ ဖမ်းဆီးခံရစဉ်တွင် စုစုပေါင်း ၂၇ ဦး ဖြစ်ပြီး ၃ ဦးမှာ စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် သေဆုံးခဲ့ရကြောင်း သိရ သည်။

စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ အကျဉ်းသားများအား လွတ်ငြိမ်းခွင့် ပြုပေးခြင်းမှာ ကြိုဆိုရမည် ဖြစ်သော်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား များ လွတ်ငြိမ်းတွင် ပါဝင်ခြင်း မရှိသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ယနေ့အင်းစိန်ထောင်ရှေ့ အကျဉ်းသားလွှတ်ပေးမှုမြင်ကွင်း (ဓာတ်ပုံ – Nay Myo)

မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ၊ ထောင်ချခံနေရ သူတွေ ပါမလာတာတော့ စိတ်မကောင်းစရာပေါ့။ နိုင်ငံရေးအရ အဖမ်းခံရတဲ့သူတွေကို စကစက ကြောက်လို့ လွှတ်မပေးရဲ တာလို့ပဲ မြင်တယ်။ နိုင်ငံရေးသမားစစ်စစ်တွေက အမိန့်အာဏာနဲ့ အုပ်ချုပ်ချင်တဲ့ အာဏာရှင်ကို အမြဲတော်လှန်နေမှာ ပဲလေ။ ချုပ်ပြောရမယ်ဆိုရင် အခုဖြစ်နေတာက အာဏာရှင်ကြောင့် ဖြစ်နေရတာတွေဆိုတော့ အာဏာရှင်စနစ် လွတ်ငြိမ်း မှသာ ပြီးဆုံးမှု ဖြစ်တဲ့အတွက် စစ်အာဏာရှင်ကို အားလုံးတော် လှန်ကြဖို့လိုတယ်” ဟု ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံတဝှမ်း လူပေါင်း ၁၀,၀၀၀ ကျော် စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်ခြင်းနှင့် စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပန်း မှုများကြောင့် ၁,၅၀၀ ဦးကျော် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ထားချက် အရလည်း စစ်တပ် အာဏာသိမ်း သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၉,၀၈၇ ဦးရှိပြီး ၎င်းတို့ထဲမှ ၇၀၃ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခြင်းခံထားရကြောင်း သိရသည်။

ယင်းသို့ ထောင်ဒဏ် ချခံရသူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် ၄၅ ဦးမှာ သေဒဏ် ချမှတ် ခံထားရကြောင်းလည်း AAPP က ထုတ်ပြန်ထားသည်။

ယနေ့အင်းစိန်ထောင်ရှေ့ အကျဉ်းသားလွှတ်ပေးမှုမြင်ကွင်း (ဓာတ်ပုံ – Nay Myo)

အဆိုပါ အချက်အလက်များသည် AAPP အနေဖြင့် လက်လှမ်းမီ စာရင်းပြုစုထားနိုင်သည့် အရေအတွက်များသာ ဖြစ်ပြီး လက်တွေ့မြေပြင်တွင် သေဆုံး၊ ဖမ်းဆီးခံရသူများမှာ ယခုထက် ပိုများနိုင်ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတဦးက “ဒီနေ့ အကျဉ်းထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်က ကျနော်တို့လို ထောင်အပြင်မှာ ရှိနေသူတွေအားလုံး ညီညီညွတ်ညွတ် နဲ့ နွေဦးတော်လှန်ရေးကို နိုင်အောင်တိုက်မှ ရမှာပါ။ တော်လှန်ရေးနိုင်မှ စစ်မှန်တဲ့ လွတ်မြောက်မှု ဖြစ်မှာပါ” ဟု ပြော သည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ယနေ့တွင် စိန်ရတု ပြည်ထောင်စုနေ့ အမည်ခံကာ ငွေကုန်ကြေးကျများသည့် ဗိုလ်ရှု သဘင် အပါအဝင် အခမ်းအနားများ ကျင်းပခဲ့သော်လည်း ကျောင်းသားလူငယ်များက အတုအယောင် ပြည်ထောင်စုနေ့ အဖြစ် သမုတ်ခဲ့ကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကလည်း ယနေ့တွင်ပင် ရန်ကုန်မြို့၌ အတု အယောင် ပြည်ထောင်စုဝါဒ အမြစ်ပြတ်တော်လှန်ရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြ သည်။

တဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်ကာ အွန်လိုင်းမှတဆင့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်နေ့အဖြစ် အခမ်းအနား ကျင်းပခဲ့ရာ ပင်လုံစာချုပ်ပါ ကတိကဝတ်များအား NUG က ဦးဆောင်တာဝန်ယူ ရမည်ဖြစ်ပြီး တောင်တန်းဒေသနှင့် တိုင်းရင်းသားအင်အားစုများကလည်း ပူးပေါင်းပါဝင်ကြရန် အရေးကြီးကြောင်း ကချင် လွတ်လပ်ရေးတပ် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ် ဂမ်ရှောင်က အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။

Irrawaddy News

မြန်မာစစ်တပ်သည် အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်တလျှောက် ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ဖြိုခွင်းတတ်သည့် အစဉ်အလာရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ကာလကြာရှည်စွာ ဆွေးနွေးညှိနှိုင်းနေသော်လည်း စစ်တပ်၏ လွဲမှားစွာ တည်ဆောက်ထားသည့် အတွေးအမြင်မှ ကျော်လွန်ပြီး ဆွေးနွေးဖက်များ၏ အသံကို နားထောင် လေ့မရှိပေ။စစ်အာဏာရှင်တို့သည် အရပ်သားပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်စွာ ကျူးလွန်နေကြပြီး နိုင်ငံတကာ ရာဇဝတ်မှုကို မရပ်မနား ချိုးဖောက်နေကြသည်။

လွန်ခဲ့သည့် တနှစ်ခန့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မြန်မာစစ်တပ်သည် တိုတောင်းစွာ ရှင်သန်ခဲ့သည့် ဒီမိုကရေစီကာလကို ဖြိုချပစ်ခဲ့သည်။ စစ်တပ်သည် ဒီမိုကရေစီနည်းကျရွေးချယ်ခံရသည့် ခေါင်းဆောင်များကို ဖမ်းဆီးပြီး သက်သေမပြနိုင်သည့် “ရွေးကောက်ပွဲ မသမာမှုရှိသည်”ဟု ဆိုကာအာဏာ သိမ်းခဲ့သည်။  အကြောင်းပြချက်မှာ မခိုင်လုံဘဲ စစ်တပ်အနေဖြင့်အာဏာငန်းငန်းတက်ပြီး လူထုရွေးချယ် တင်မြှောက်ထားသည့်ကိုယ်စားလှယ်များထံမှ အတင်းအဓမ္မ လုယူခဲ့ခြင်းဖြစ်သည်။အာဏာသိမ်းပြီးသည့်နောက် စစ်အာဏာရှင်တပ်သည် မဆိုင်းမတွပင် လက်နက်တစုံတရာမရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြမ်းဖက် တိုက်ခိုက်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ကျူးလွန်ခဲ့သည်။ 

အာဏာသိမ်းပြီးချိန်မှစပြီး မရေတွက်နိုင်သည့် ဆန့်ကျင်ဆန္ဒပြသူများ ဖြိုခွဲခံရခြင်း၊ အရပ်သား ပြည်သူများ နေအိမ်ပေါ်တွင်အသတ်ခံရခြင်းနှင့် ခုခံတိုက်ပွဲဝင်သူများအား လိုက်လံ နှိမ်နင်းခဲ့သည်။ စီးပွားရေးတည်ငြိမ်မှုမှာ စောက်ထိုးကျသွားသည့်အတွက်သန်းပေါင်းများစွာသော ပြည်သူလူထုကို ဆင်းရဲတွင်းနစ်စေ သည်။ တရားဥပဒေစိုးမိုးမှုနင့် အခြေခံလွတ်လပ်ခွင့်များမှာဆိတ်သုန်းသွားသည်။ 

ကရင်နီ (ကယား) ပြည်နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်တခုဖြစ်ပြီး စစ်ဆင်ရေး တိုးမြှင့်တိုက်ခိုက်ခြင်း ခံနေရသည်။ ယခုပူးတွဲအစီရင်ခံစာအကျဉ်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)နှင့်လူ့အခွင့်အရေးမှတ် တမ်းကွန်ရက်  (မြန်မာနိုင်ငံ)တို့မှ  အမည်မဖော်လိုသည့်  ဒေသခံအမျိုးသမီးအဖွဲ့အစည်း တဖွဲ့၏ သတင်း အချက်အလက်များဖြင့် ပေါင်းစပ်၍ ကရင်နီ (ကယား) ပြည်နယ်၏ အခြေအနေ ကို သုံးသပ်တင်ပြထားခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ ဇန်နဝါရီ ၂၀၂၂ ခုနှစ်အထိ အဖြစ်အပျက် အနှစ်ချုပ် များကိုစစ်အာဏာရှင်တပ်များ၏ တိုက်ခိုက်ခြင်းကိုခံရသူများနှင့် ND-Burma မှ တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များနှင့်ပေါင်းစပ်ထားပါသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်

ထုတ်ပြန်ချက်

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG), လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့သည် ဒေသခံအမျိုးသမီးအဖွဲ့အစည်းတခုမှ ပေးပို့သည့် သတင်းအချက်အလက်များ ပေါင်းစပ်၍ “ကမ္ဘာကြီး သိပါစေ” ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်သည်။ ကရင်နီ (ကယား) ပြည် နယ်တွင် စစ်အာဏာရှင်တို့မှ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန် ချိုးဖောက်သည့် အထောက်အထားများကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရပ်သား ပြည်သူ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ များပြားလာခြင်းကို ရှုံ့ချပြီး အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်ရန် တောင်းဆိုသည်။

၂၀၂၁ ခုနှစ် မေလမှစပြီး ကရင်နီ (ကယား) ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည်။ မြန်မာ ပြည်ရှိ အသေးငယ်ဆုံး ပြည်နယ်လေးတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အထီးကျန်ဖြစ်ကာ လူဦးရေ လေးပုံတပုံမှာ လုံခြုံစိတ်ချရာ နေရာများသို့ မဖြစ်မနေ ထွက်ပြေး ရွှေ့ပြောင်းကြရသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ “ခရစ်စမတ်အကြိုနေ့ တိုက်ခိုက်မှု” တွင် ရွာသား ၄၀ ခန့်အား ဖမ်းဆီး၍ မော်တော်ယာဥ်များပေါ်တွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြင့်  ထိတ်လန့်တုန် လှုပ်ဖွယ် လုပ်ရပ်အား လက်မရွံ့ဘဲ ကျူးလွန်တတ်သည့် စစ်အာဏာရှင်တို့၏ အစစ်အမှန် ပုံစံအား ဖော်ထုတ် ပြသခဲ့သည်။ စစ်တပ်မှ ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် တရားဥပဒေနှင့် ဆန့်ကျင်၍ အပြစ်မဲ့ အရပ်သား ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေခြင်းကို ကမ္ဘာ့ ပြည်သူတို့အ နေဖြင့် သိရှိရန် လိုအပ်ပါသည်။

“စစ်သားတွေရဲ့လုပ်က ဘာနဲ့မှ နိုင်းလို့မရဘူး။ လူစိတ်မရှိတော့ဘူး။ နှိုင်းစရာ စကားလုံးတောင် မရှိတော့ ဘူး။ သူတို့လုပ်ရပ်က ဥပဒေနဲ့မညီဘူး။ နိုင်ငံကတာက ကူညီပေးကြပါ။ မြန်မာပြည်ကြီးကို ကယ်တင် ပေးပါ။ ကျွန်မတို့ ကယားပြည်နယ်ကို ကယ်တင်ကြပါ။ သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်ကို တစ်ခြားသူတွေ သိအောင်ပြောပေးကြပါ” ဟု ခရစ်စမတ်အကြိုနေ့ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု တွင် ပါဝင်သွားသူ၏ အမမှ ND-Burma နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုသည်။

အရပ်သားပြည်သူများမှာ ၎င်းတို့ရပ်ရွာများတွင် ကျူးလွန်နေသည့် ကြောက်မက်ဖွယ် အခြေအနေများ ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် လက်ငုပ်လက်ရင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်း များကိုလည်း လက်လွှတ်ဆုံးရှုံးကြရသည်။ ထောင်သောင်းချီသည့် ပြည်သူများမှာ စစ်ပြေးဒုက္ခသည် များအဖြစ် ထွက်ပြေး ရွှေ့ပြောင်းနေကြရပြီး လူသားချင်းစာနာသည့် အကူအညီများ အရေးပေါ် လိုအပ် နေသည်။ ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ့်အစား စစ်အာဏာရှင်များက ဒုက္ခသည်စခန်းများကို လေကြောင်းမှ တိုက်ခိုက်ပြီး ထပ်မံခြိမ်းခြောက် နေသည်။ စစ်အာဏာရှင်တို့မှ ကျူးလွန် ချိုးဖောက်မှုများက တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှု အရေးမစိုက်ကြောင်း ပေါ်ပေါ်ထင်ထင် ပြသနေ ခြင်းဖြစ်သည်။

စစ်အာဏာရှင်တို့အား ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံစေရန် နိုင် ငံတကာအသိုင်းအဝိုင်းမှ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ ကြီးမားပြင်းထန်သည့် လုပ်ရပ်များ အပေါ် တုန့်ပြန်ရန် ပျက်ကွက်ခြင်းသည် စစ်အာဏာရှင်တို့အား မည်သူမျှ ဖိအားပေးနိုင်ခြင်း မရှိ ကြောင်း အချက်ပြနေသကဲ့သို့ ဖြစ်နေသည်။ လွန်ခဲ့သည့်နှစ်မှစပြီး စစ်အာဏာသိမ်းခြင်းဖြင့် အာဏာကို ဆုပ်ကိုင်ထားသည့် စစ်အာဏာရှင်များက ၎င်းတို့အနေဖြင့် ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ထိန်းသိမ်း တန်ဖိုးထားရန် ဆန္ဒမရှိကြောင်း အတိအလင်း ပြသနေသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် ကြီးလေးသည့် ရာဇဝတ်မှုများကို ကျူးလွန်သည့် စစ်ရာဇဝတ်သားဖြစ်သည်။ ၎င်းနှင့် စစ်အရာရှိကြီးများအား အ မြင့်ဆုံး တရားခုံရုံးများတွင် တရားစွဲဆို၍ “ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်ပြီး တာဝန်ယူ တာဝန်ခံရမည်”ဆိုသည့် ပြင်းထန်သော သတင်းစကား ပေးရမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

 

NDBoffice@protonmail.com

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG)

banya1978@protonmail.com

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) သည် ကရင်နီပြည်နယ်အတွင်းရှိ လက်ရှိ အခြေအနေများနှင့် မြန်မာစစ်အာဏာရှင်တို့ ကျူးလွန်ချိုးဖောက်နေသည့် လူ့အခွင့်အရေး အခြေအနေများကို အစီရင်ခံ တင်ပြနေသည်။

ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၄။ အနာဂါတ်အလင်းတန်းဆုံမှတ်

၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၃။ ပအိုဝ်းလူငယ်များအစည်းအရုံး

၄။ ရှေ့ပြေးအသံ

[wpdm_package id=’5866′]

ဖေဖော်၀ါရီလ ၁ ရက်သည် ဥပဒေမဲ့ အာဏာသိမ်းသည့် ၃၆၅ ရက်နေ့ပြည့်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ အကြမ်းဖက်စစ်အာဏာရှင်သည် တစ်နှစ်ပတ်လုံး ဆန့်ကျင်တော်လှန်လှုပ်ရှားမှုကို ချေမှုန်းရန် ဒါဇင်နှင့်ချီသော အကြမ်ဖက်သည့် နည်းပရိယာယ်များကို အသုံးပြုခဲ့သည်။ အကြမ်းဖက် ဖိနှိပ်မှုများ မည်မျှပင် ပြင်းထန်နေစေကာမူ နွေဦးတော်လှန်ရေးစိတ်ဓါတ်ဖြင့် အာဏာရှင်ကို ဆက်လက်တော်လှန်နေကြသည်။ ငြိမ်းချမ်းစွာနေထိုင်ပိုင်ခွင့်ကို အရှုံးပေးရန် မထိုက်တန်သောကြောင့် ခေတ်အဆက်ဆက်ပြည်သူများသည် ဒီမိုကရေစီကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားရန် ပုံသဏ္ဌာန် မျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ တပ်သား အင်အားနည်းပါးသည်မှာ နှစ်အတော်ကြာနေခဲ့ပြီဖြစ်သည်။ တရားဥပဒေနှင့်မညီသော အာဏာသိမ်းခဲ့မှုကြောင့် ၎င်တို့အား အယုံအကြည် နည်းပါးလာသည်။ လေ့လာဆန်းစစ်မှုအရ ညဘက်တွင် တစ်ယောက်တည်း လမ်းလျှောက်ခြင်းသည် လုံခြုံမှုမရှိဟူသော အရေအတွက် မြင့်မားမှုနှင့်အတူ မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုသည် ၂၀၂၁ ခုနှစ်တွင် ရမှတ် ၆၀ ထိကျဆင်းခဲ့သည်။ လေ့လာတွေ့ရှိရသည့် စစ်တမ်းအရ နိုင်ငံအတွင်း ယုံကြည်မှုကျဆင်းခြင်းသည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း  အဆိုးဆုံး ဖြစ်ကြောင်းတွေ့ရှိရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးမတည်ငြိမ်မှုများနှင့်ပတ်သက်၍  ‘ထိုင်ကြည့်နေသည်’ ဟု စွပ်စွဲနေသည်မှာလည်း မှန်ပါသည်။ လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နှင့်ချီသော ဥပဒေမဲ့ ဖမ်းဆီးမှုများနှင့် ဖမ်း၀ရမ်းများထုတ်ခံရသည်။ ဘက်ပြောင်းလာသော တပ်မတော်သား အရေအတွက် စံချိန်တင် ဂဏန်းများနှင့်အတူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်လိုလားသူများ ကောင်းမွန်စွာ ရှင်သန်နေသည်။ သို့သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းသည် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်များကို တာဝန်ခံမှုရှိစေရန် လိုလိုလားလား စွက်ဖက်ခြင်းထက်၊ ကမ္ဘာလုံးဆိုင်ရာ ဇာတ်ဆောင်များသည်  တစ်ခြားလမ်းကို လှည့်သွားကြောင်း မကြာခဏ တွေ့ရသည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသူများမှာ ထူးခြားသော ရဲစွမ်းသတ္တိကို ပြသနေကြသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းသည် စစ်အာဏာရှင်များကို တာဝန်ခံမှုရှိစေရန် ၎င်းတို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများတွင် ဆက်လက် ပျက်ကွက်နေဆဲဖြစ်ကာ စိတ်မသက်မသာစွာဖြင့် နှုတ်ဆိတ်နေကြဆဲဖြစ်သည်။  ကလေးသူငယ်များနှင့် အမျိုးသမီးများအပါ၀င် အရပ်သားပြည်သူများကို သတ်ဖြတ်ရန် အမိန့်ပေးသည့် ထိပ်ပိုင်း အာဏာရှင် စစ်ခေါင်းဆောင်များကို ပိတ်ဆို့အရေးယူရမည်ဖြစ်သည်။ လေယာဥ်လောင်စာဆီနှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုများသည် အရပ်သားများကို ရမ်းသမ်း ပစ်ခတ်သတ်ဖြတ်ရာတွင် အသုံးပြုသည့် လက်နက်များအား စစ်အာဏာရှင်များ လက်လှမ်းမီနိုင်မှုကို ပြင်းထန်စွာ ဟန့်တားနိုင်မည်ဖြစ်သည်။

ရိုဟင်ဂျာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မဝေဝေနုမှ သူမ၏ The World Has Failed to Stand with Myanmar အယ်ဒီတာ့အာဘော်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) မှ  မြန်မာနိုင်ငံတွင်း အခြေအနေများကို အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုသည် “သမိုင်းဝင် အထောက်အပံ့ အားနည်းမှုကို “ကိုယ်စားပြုသည်ဟု ဖော်ပြခဲ့သည်။ UNSC သည် တခါးပိတ်အစည်းအဝေးသာ လုပ်ဆောင်ခဲ့ပြီး အရေးယူမှုများနှင့် တာ၀န်ခံမှုများအတွက် တောင်းဆိုနေကြသော အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် ပျက်ကွက်ခဲ့သည်။

ပြည်သူထံမှ သတင်းစကားသည် ရှင်းရှင်းလင်းလင်းဖြစ်ခဲ့သော်လည်း ကုလသမဂ္ဂ အထူးသံတမန် Dr Noeleen Heyzer မှ Channel News Asia နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စစ်အာဏာရှင်နှင့်အတူ အာဏာခွဲဝေမှုဆိုင်ရာ အကြံပြုချက်များအား မှတ်ချက်ပေးခဲ့သည်မှာ အံသြစရာပင် ဖြစ်သည်။ သူမ၏ အကြံပြုချက်ကို မြန်မာအရပ်ဘက်အဖွဲ့အစည်းများမှ ကန့်ကွက်ခဲ့သည်။ မြန်မာပြည်သူတို့၏ ရှေ့ခရီးလမ်းတွင် သွေးစွန်းနေသည့် စစ်အုပ်စုဖြင့် တွေ့ဆုံဆွေးနွေးရေး မပါဝင်ကြောင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုမှုကို သူမအနေဖြင့် အသိမှတ်ပြု ထောက်ခံသင့်သည်။ ပိတ်ဆို့အရေးယူမှုများနှင့်အတူ မြန်မာနိုင်ငံမှ အခြေအနေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ ချက်ချင်းလွှဲပြောင်းပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ရန်လိုသည်။

 

တိုင်းရင်းသားဒေသများရှိပဋိပက္ခများ

ကရင်ပြည်နယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏အဆိုအရ အကြမ်းဖက်စစ်တပ်သည် ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ကို လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် ဒေသခံများ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွားထွက်ပြေးခဲ့ရသည်။

အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အလွန်ထိခိုက်လွယ်ဆုံးဖြစ်ပြီး အန္တရာယ်ရှိနေသည်။ စစ်ဘေးရှောင် ဒုက္ခသည်များ ကြုံတွေ့နေရသော အခက်အခဲများစွာကို ရည်ညွန်း၍ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း  ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ နော်ကညောဖောမှ ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်အာဏာရှင်များ၏ ပရမ်းပတာပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီးနှင့် ကလေးတစ်ဦး၏ ရင်နာဖွယ် ဖြစ်ရပ်နှစ်ခုကိုလည်း မှတ်တမ်းတင်ခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်နေ့တွင်လည်း လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ၃ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ နောက်တစ်နေ့တွင်လည်း ထပ်မံ တိုက်ခိုက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အဘွားအိုတစ်ဦး၏  ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရရှိခဲ့သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ ဧပြီလ ၂၀၂၁ ခုနှစ်မှ ဇန်န၀ါရီလ ၂၀၂၂ ခုနှစ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၁၀၀,၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။  လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားများ မိမိနေရပ်သို့ ဘေးကင်းလုံခြုံစွာဖြင့် ပြန်နိုင်ရေးကို ဟန့်တားခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် အရပ်သားများနေထိုင်ရာ အနှံ့အပြားတွင် မြေမြှုပ်မှိုင်းများကို မြှုပ်နှံ၍ အရပ်သားတို့၏ နေအိမ်များကို ဖျက်ဆီးကာ အိမ်မွေး တိရိစ္ဆာန်များနှင့် ပိုင်ဆိုင်မှုများကို ခိုးယူခဲ့သည်။

 

ကယား (ကရင်နီ)ပြည်နယ်

ယခုနှစ် ဇန်နဝါရီလ တစ်လတည်းတွင် ကယား (ကရင်နီ) ပြည်နယ်တွင် လူပေါင်း ၄၅ ဦးသေဆုံးခဲ့သည်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့အပါအ၀င် လူ့အခွင့်အရေးအဖွဲ့အစည်းများသည် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သော ချိုးဖောက်များကို မှတ်တမ်းတင်ထားပြီး “လူမဆန်သောလုပ်ရပ် “ ဖြစ်သည်ဟု အပြင်းထန်ဆုံးထုတ်ဖော်ရှုတ်ချထားပြီး ထိုချိုးဖောက်မှုများအတွက် တရားစွဲဆိုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည် ကတိက၀တ်ပြုကြသည်။ ချိုးဖောက်ခံရသူများထဲတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံးခဲ့ပြီး ၄ ဦးမှာ လက်နက်ကြီးပစ်ခတ်စဥ် နှလုံးရောဂါကြောင့် သေဆုံးခဲ့သည်။ တွေ့ရှိရသည့် အခြားသောအလောင်းများတွင် ဦးခေါင်းဒဏ်ရာများနှင့် မြင်သာထင်သာရှိသော ပြတ်ရှဒဏ်ရာများ အပါအဝင် ပြင်းထန်သော ဒဏ်ရာများရှိကြောင်း အထောက်အထားများ တွေ့ရှိခဲ့သည်။ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ သေဆုံးခဲ့ပြီး လမ်းဘေးတူးမြောင်းများတွင် အလောင်းများအားတွေ့ရှိခဲ့သည်။ ကယား(ကရင်နီ)ပြည်နယ်တွင် လူ(၂၀၀)နီးပါးကို အကြမ်းဖက်စစ်တပ်မှ သတ်ဖြတ်ခဲ့သည်။

အကြမ်းဖက်စစ်တပ်မှ ချိုးဖောက်မှုများအားလုံးကို ငြင်းဆိုထားပြီး သက်သေအထောက်အထားမခိုင်လုံဘဲ ကယား (ကရင်နီ)ပြည်နယ် အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ လက်ချက်ဖြစ်ကြောင်းစွပ်စွဲပြောဆိုခဲ့သည်။ အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲများကြောင့် ဒေသခံ ၂၀၀,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ကယားပြည်နယ်၏ ၉၀ % ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF မှ ထုတ်ဖော်ပြောကြားခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ၀င်ရောက်လာပြီးနောက် အပြစ်မဲ့အရပ်သားပြည်သူတို့၏ နေအိမ်များ မီးလောင်ပျက်ဆီးခဲ့သည်။ ဖေဖော်၀ါရီလ ၂ ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်များ ခိုအောင်းနေသည်ဟု စွပ်စွဲကာ နေအိမ် ၄၀၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့သည်။   အိမ်ခြေ ၂၆၅ လုံးရှိသည့် မွေ့တုံရွာတွင် အိမ် ၂၂၀ ကျော်မီးလောင်ကျွမ်းခဲ့သည်ဟု နေအိမ်ဆုံးရှုံးခဲ့ရသည့် ရွာသားတစ်ဦးမှ ပြောပြခဲ့သည်။ မီးလောင်ပြင်ကဲ့သို့ဖြစ်နေခဲ့ပြီး တစ်ရွာလုံးပြာကျခဲ့သည်ဟု သက်သေများမှ ပြန်လည် ပြောပြခဲ့သည်။ လက်နက်ကြီးများ စတင် ပစ်ခတ်ချိန်တွင် ကျေးရွာသားများ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၎င်းတို့၏ ပစ္စည်းဥစ္စာများနှင့် အိမ်မွေးတိရစ္ဆာန်များကို သိမ်းယူရန် အချိန်မရရှိခဲ့ပေ။

ပြီးခဲ့သည့်နှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေလှန်ချေမှုန်းသော ရက်စက်ကြမ်းကြုတ်သည့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအနက် ယခုအကြိမ်သည်  နောက်ဆုံးဖြစ်သည်ဟု သိရှိရသည်။ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းနှင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒေသခံရွာသားများကို အာဏာရှင်အား ပိုမို နာကြည်းစေခဲ့ပြီး  စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်သည့်တပ်ဖွဲ့များအား ပိုမိုခိုင်မာသော ထောက်ခံမှုကို ရရှိစေခဲ့သည်။


ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှန်ယန်ရွာနဲ့ ဆွမ်ပီယန်ရွာတွေအနီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ပူတာအို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာဒေသခံ ၆ဝဝဝ လောက် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုံရှန်ယန်ရွာသားတဦးက RFA ကို ပြောပါတယ်။

အဲဒီမှာ မနေ့ကလည်း တနေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လုံရှန်ယန်ရွာဟာ ပူတာအိုမြို့နဲ့ ဆယ်မိုင်လောက်အကွာမှာ ရှိပြီး လူဦးရေ ငါးထောင်လောက် နေထိုင်ကြတာပါ။ အခု အဲဒီရွာကလူ လေးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က KIA နဲ့ PDF တို့ ပူးပေါင်းပြီး ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ ဆွမ်ပီယန်ရွာကို ပစ်ခတ်ခဲ့လို့ ဒေသခံ ငါးဦး ပြင်းထန် ဒဏ်ရာရပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဘေးလွတ်ရာ ထွက်ပြေးခဲ့သူတွေထဲက ကျန်းမာရေးမကောင်းတဲ့ အသက်ကြီးသူတစ်ဦး မနေ့ကပဲ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီဒေသမှာ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူပေါင်း ခြောက်ထောင်လောက် ရှိနေပြီလို့လည်း ဆိုပါတယ်။

RFA Burmese News