ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ပုလဲမြို့နယ်မှာ ဒေသခံတစ်သောင်းခန့် ထပ်မံထွက်ပြေးရ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်လင်းမှုတွေကြောင့် မနေ့ကစပြီး မြို့ပေါ်နဲ့ အနီးနားမှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်သောင်းခန့် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ည ၈ နာရီလောက်က ပုလဲမြို့မရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
နောက်နေ့မနက်မှာပဲ မသင်္ကာတဲ့နေရာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ် တာကြောင့် ပုလဲမြို့ပေါ်နဲ့ အနီးနားမှာရှိတဲ့ ညောင်ကုန်း၊ ကန်ကြီး၊ ဖိုကုန်း၊ ညောင်ကန်၊ ရွာသာ၊ လိပ်ကုန်း၊ ရထင်၊ အေးကုန်း၊ မြကုန်း၊ ရိုး စတဲ့ ရွာပေါင်း ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ပုလဲမြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့အဝင်၊ အထွက်တွေကို ပိတ်လိုက်တယ်။ ဘုန်းကြီးကျောင်းတွေမှာ မီးလောင်တယ်၊ ရှို့တာမဟုတ်ဘူး။ စစ်ကောင်စီက ထုလိုက်တဲ့ လက်နက်ကြီးက မြတ်လေးအိမ် တဲပေါ် ကျပြီး လောင်သွားတယ်။ မီးလောင်တော့ မြို့ပေါ်ရှိတဲ့ ပြည်သူတွေက မနေရဲကြတော့ ဘူး။ ရှိတာလေးတွေထုတ်ပြီး ဘုန်းကြီးကျောင်းတွေကို ရွှေ့နေလိုက်တယ်။ နေ့လယ်ကျ ကိုယ်နဲ့မဆိုင်ရင် ကိုယ်အိမ်ကိုပြန်ဆိုပြီး ဆက်သွယ်မရအောင် ဖုန်းဆင်းကဒ် နှုတ်လိုက် တယ်။ အဲဒါတော့ အတိအကျ မသိရဘူး။ ရွှေတို၊ ငွေစတွေ ပါတာတွေတော့ ယူသွား တယ်”
ဒေသခံတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ည မြို့ပေါ်တိုက်ပွဲအပြီးမှာပဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ် ကောင်စီ တပ်သားတွေဟာ မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေဘက်ကို ရောက်ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းက ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့တယ်လို့ စစ်ကောင်စီတပ် ဖွဲ့ကို တိုက်ခိုက်နေတဲ့ ကျားသစ်နက် အဖွဲ့က ကိုဖိုးသားက ပြောပါတယ်။
“မနေ့ကတော့ ဒီကောင်တွေ မြို့ပေါ်မှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက် လာပါတယ်။ ဝင်ရောက်လာပြီး မြို့ရဲ့ နှစ်မိုင်အကွာ ရွာတွေမှာ စစ်ကြောင်းထိုးပါတယ်။ စစ်ကြောင်းထိုးတဲ့အခါမှာ တာဝေးပစ်တွေနဲ့ပစ်ပြီး ဝင်ရောက်ပြီး လူငယ်၊ လူကြီးတွေကို ရိုက်တယ်၊ ဖုန်းတွေသိမ်းတယ်လို့ သတင်းကြားပါတယ်။ ဖမ်းဆီးခံရတာတော့ ခဏ တဖြုတ်ပဲ ပြီးတော့ ပြန်လွှတ်တယ်လို့ ကြားပါတယ်ခင်ဗျ။ ဝင်ရောက်တဲ့ လမ်းကြောင်း တွေ အားလုံးကို တပ်တွေဖြန့်ပြီး ဆင်းတဲ့အခါမှာ ပုလဲမြို့နယ်နဲ့နီးတဲ့ ရွာတော်တော် များများက ရှောင်တိမ်းသွားကြပြီ ရွာလုံးကျွတ် တချို့ရွာတွေဆို ပြေးနေကြရပြီခင်ဗျ”
အင်အားမမျှပေမယ့် စစ်ကောင်စီတပ်ကို အတတ်နိုင်ဆုံး ခုခံသွားမယ်လို့ ကျားသစ်နက် အဖွဲ့က ပြောပါတယ်။
ကျေးရွာ ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၃ နာရီခွဲလောက်အထိ အကြောင်း မပြန်သေးပါဘူး။
စစ်ကောင်စီရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ ပုလဲမြို့မရဲစခန်း တိုက်ခိုက်ခံရတဲ့ကိစ္စ နဲ့ဆက်နွယ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံစစ်ကြောင်းတွေ ပူးပေါင်းပြီးတော့ လုံခြုံရေးဆောင်ရွက်နေတယ်လို့ ပါရှိပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကနေ လက်ရှိ ဖေဖော်ဝါရီ ၇ ရက်အတွင်း မွေ့တုံရွာ၊ ပန်းရွာ၊ ကိုင်းကြီး၊ လှော်ကား စတဲ့ရွာလေးရွာက နေအိမ် တစ် ထောင်ကျော် မီးရှို့ခံခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ မြို့ပေါ်တိုက်ပွဲအပြီး စစ်ကေင်စီဘက်က စစ်ကြောင်းလှုပ်ရှားမှု တွေကြောင့် အဲဒီရွာတွေက ဒေသခံတွေပါ ဆက်လက်တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ မွေ့တုံရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကို မပြန်နိုင်ကြသေးဘူးခင်ဗျ။ မွေ့တုံရွာရော၊ ပန်းရွာရော၊ လှော်ကားရွာရော အဲဒီ နားလေးကလူတွေ ရွာကို မပြန်ရဲကြသေးဘူး။ ဘာကြောင့်မပြန်ရဲကြသေးလဲဆိုတော့ ဒီစစ်ခွေးတွေက ပုလဲပတ်ဝန်းကျင်မှာလည်းရှိတယ်။ လှော်ကား ပတ်ဝန်းကျင် ဥပမာဆို အင်ကြင်းစုမှာလည်းရှိတယ်။ အဲဒီအခါကျတော့ လှော်ကားတို့၊ ကိုင်းကျွန်းတို့က ဒေသခံ တွေက သူတို့ရွာနဲ့ အဝေးမှာပဲ ပုန်းနေရတယ်။ အဲဒီတော့ ပုလဲပတ်ဝန်းကျင်ဆိုရင် အခု အချိန်အထိ ရှောင်နေကြရတုန်းပဲ”
ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ အခြေအနေ ငြိမ်သက်နေတယ်လို့ မွေ့တုံ ဒေသခံက ပြောပါတယ်။
ဒါပေမဲ့ ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား အခြေအနေတွေ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese News
ကလေးတွင် စစ်တပ်၏လက်နက်ကြီးကြောင့် ကလေးလူကြီး ၈ ဦးထက်မနည်း ဒဏ်ရာရ
တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ချိန်တွင် တစ်လုံးမှာ ရွာသားများ ပုန်းခိုနေသော နေရာအနီးရှိ နေအိမ်ပေါ်သို့ ကျခဲ့၍ ဒဏ်ရာရသည်ဟု ဒေသခံအချို့က အတည်ပြုသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီ ၆) နံနက်က လက်နက်ကြီးဖြင့်ပစ်ရာ ကလေးသုံးဦးအပါအဝင် အရပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရသည်ဟု မိသားစုဝင်အချို့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က အတည်ပြုသည်။
ထိုနေ့ နံနက် ၉ နာရီကျော်တွင် ဒေသခံများ စုဝေးပုန်းခိုနေသည့် နေအိမ်ပေါ်ကို လက်နက်ကြီးကျခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများမှာ အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် အမျိုးသားငယ်နှစ်ဦး၊ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ ၂၀ မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားငါးဦးဖြစ်သည်ဟု သိရသည်။
အသက် ၉ နှစ်အရွယ် အမျိုးသားငယ်မှာ ခါးနှင့် တင်ပါးဆုံတွင် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိဟု ဖခင်ဖြစ်သူက ဆိုသည်။
“ပုန်းနေတဲ့အချိန် လက်နက်ကြီးက အိမ်ပေါ် ကျတာ။ ပုန်းတာကတော့ လုံခြုံတဲ့နေရာ ပုန်းတာပဲ။ ကျွန်တော့်သားလေး ခါးနဲ့ တင်ပါးဆုံနဲ့ ထိသွားတယ်”ဟု ၎င်းက ဆိုသည်။
ခေါင်းနှင့် မေးစေ့မှ ဒဏ်ရာများကို ချုပ်ထားရပြီး ခြေထောက်တွင် အသေးစားထိခိုက်မှုများ ကြုံခဲ့ရသူ အသက် ၂၇ နှစ်အရွယ် အမျိုးသား၏ အဆိုအရ တင်သားရွာသို့ ထိုနေ့ နံနက်က စစ်တပ်က ပစ်သည့် လက်နက်ကြီး ၁၅ လုံးခန့် ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။
ထို့ကြောင့် ပြေးမလွတ်နိုင်ဟု ယူဆ၍ အုတ်တံတိုင်းအနီးတွင် ပုန်းခိုနေစဉ် ထိုပရိဝုဏ်ရှိ နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“၈ ချက်မြောက်မှာ ကျွန်တော်တို့ ခံခဲ့ရတာ။ မနက် ၁၀ နာရီခွဲလောက်မှာ ထိတာ။ ပြီးတော့ ပူထူသွားတော့ ဘာမှ မသိလိုက်ရဘူး” ဟု အထက်ပါ ဒဏ်ရာရ အမျိုးသားက ပြောသည်။
အခြားကလေးငယ်နှစ်ဦး၊ လူကြီးလေးဦး၏ ဒဏ်ရာအခြေအနေ အသေးစိတ်ကို လုံခြုံရေးအခြေအနေအရ အသေးစိတ် ထုတ်မပြောနိုင်ဟု ကလေး PDF တပ်ရင်း ၄ မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ AMT ဆိုသူက ပြောသည်။
သို့သော် နံရိုးထိမှန်သူပင် ပါဝင်ပြီး စိုးရိမ်ရသူများရှိနေကာ PDF ၏ ဆေးအဖွဲ့က ဆေးကုသပေးနေရသည်ဟု ၎င်းက ဆိုသည်။
ထိုနေ့တွင် PDF နှင့် တိုက်ပွဲမရှိဘဲ နံနက် ၆ နာရီခန့်မှစ၍ ၁၂၀ မမ လက်နက်ကြီးဖြင့် တင်သားရွာနှင့် ၆ မိုင်ခန့်ဝေးသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာမှလည်းကောင်း၊ ၈၀ မမဖြင့် ရွာချင်းကပ် ကြံသာရွာမှလည်းကောင်း စစ်တပ်က ပစ်သည်ဟု ကလေးနယ်တောင်ပိုင်း ကလေး PDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“(အဲဒီနေ့က)တိုက်ပွဲလည်း မရှိဘူး။ ကြောက်အောင် လုပ်တယ်ပဲ ပြောရမှာပေါ့” ဟု ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄၊ တပ်စုဖွဲ့မှုကော်မတီခေါင်းဆောင် AMT က ပြောသည်။
ထိခိုက်ဒဏ်ရာရသူများမှာ ရွာသူ၊ ရွာသားများသာဖြစ်၍ လက်နက်ကြီးပစ်၍ ပစ်မှန်းပင် မသိခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။
“ပြေးနိုင်တဲ့အခြေအနေ မရှိလိုက်တာဗျ။ လက်နက်ကြီးလာပြီဆိုတာမျိုးလည်း သိနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ကျလိုက်ခါကျမှ ကျသွားပြီဆိုတာမျိုး။ လက်နက်ကြီးက တစ်ခါပစ်ရင် တစ်နေရာဆိုတာမျိုး သူကျချင်တဲ့နေရာ ကျတာ။ သာမာန်ရွာသူရွာသားဆိုတော့ လက်နက်ကြီးက ဘယ်လိုလာတတ်တယ်၊ ဘယ်လိုပစ်တယ်ဆိုတာ၊ အသံဘယ်လိုကြားတတ်တယ်ဆိုတာ မသိကြဘူးလေ” ဟု AMT က ပြောသည်။
Damaged_house_tin_thar_village_southern_kale_sagaing_6_feb_2022_photo_supplied.jpg
ယနေ့ (ဖေဖော်ဝါရီ ၇)တွင်လည်း တင်သားရွာသို့ နံနက်အစောပိုင်းမှစ၍ ညနေ ၄ နာရီဝန်းကျင်အထိ စစ်တပ်က လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ၍ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသည်ဟု ၎င်းထံမှ သိရသည်။
တင်သားရွာအနီး ကြံသာရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဖေဖော်ဝါရီ ၃ ရက်တွင် PDF (Kalay) ၊ CDF (KKG) ၊ RKDF ၊ CDF (Hakha) နှင့် ပ.က.ဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)တို့ ပေါင်း၍ တိုက်ရာ ၂ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု PDF (Kalay)က ဖေဖော်ဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ နှစ်ဦး လက်နက်ကြီးဒဏ်ကြောင့် မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ပါဝင်သည်။
ဖေဖော်ဝါရီ ၂၊ ၃၊ ၄ နှင့် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတို့တွင် ကလေးမြို့တောင်ပိုင်း၌ စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းများကို ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု PDF (Kalay)က ဆိုထားသည်။ ထိုတိုက်ပွဲများအတွင်း PDF နှစ်ဦးသေ၊ နှစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တင်သားရွာ လက်နက်ကြီးဖြင့် ပစ်ခံရသည့် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ကလေးမြို့နည်းပညာတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်လာသော အင်အား ၆၀ ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြားတွင် လက်တုံ့ပြန်တိုက်ခိုက်ရာ ၁၅ ဦးခန့် သေဆုံးသည်ဟု PDF (Kalay) က နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။
အထက်ပါ ဖြစ်စဉ်များ၊ ထိခိုက်၊ ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းအထိ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။
Myanmar Now News
စစ်ကြောင်းဝင်သည့် ဝက်လက်တွင် ၆ ဦး သတ်ဖြတ်မီးရှို့ခံရ
တပ်မတော်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှ ရွာသား ၆ ဦးကို သတ်ဖြတ်ပြီးချိန်တွင်ပင် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း လိမ်ညာပြောဆိုခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဇန်နဝါရီ ၃၀ နံနက်တွင် စစ်သားများက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာမှ ၆ ဦးကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခဲ့ကြောင်း ဒေသခံများနှင့် PDF အဖွဲ့ဝင်များက Myanmar Now ကို ပြောသည်။
ထိုနေ့နံနက် ၂ နာရီခန့်က ဧရာဝတီမြစ်ကမ်းဘေးရှိထိုရွာသို့ စက်လှေ ၃ စင်းဖြင့် ရောက်လာသည့် စစ်သား တို့က စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်စီးနင်းခဲ့သည်၊ အင်အား ၄၀ ခန့်ရှိသည်ဟု သိရသည်။
ထိုစစ်တပ် ဖေဖော်ဝါရီ ၃ တွင် ရွာမှ ပြန်ထွက်သွားသောကြောင့် ယမန်နေ့ ( ဖေဖော်ဝါရီ ၄ ) နံနက်တွင် ရွာသားတချို့ ရွာထဲ ပြန်လာကာ ဖမ်းဆီးခံရသူများကို လိုက်လံ ရှာဖွေခဲ့ကြသည်၊ ကျေးရွာအနီးရှိ ယာတောတစ်ခုတွင် ရုပ်ကြွင်းများကို တွေ့ကြသည်ဟု ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ အခုတွေ့တာကတော့ တပြုံကြီး ကပ်လျက် အပုံကြီးပေါ့နော်၊ သေနေတာပဲ တွေ့တာပေါ့။ ခေါင်းတွေကတော့ အကုန်လုံး မီးလောင်ပြီးသား၊ ကိုယ်လုံးတွေကလည်း မီးလောင်ပြီးသား” ဟု ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ရန် အကူအညီပေးနေသူ ထိုအမျိုးသားက ပြောသည်။
“အင်္ကျီတွေလည်း လောင်ထားတာ၊ လူလို့ မှန်းလို့ရရုံလောက်ပဲရှိတော့တာ။ အပြုံလိုက်ကြီး၊ အထပ်လိုက်ကြီး ဖြစ်နေတယ်”
စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းမနှင့် ၃ မိုင် အကွာအဝေးတွင် တည်ရှိသည့် ထိုရွာသည် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ရွာလုံးကျွတ်ပါဝင်ခဲ့သည့် အတွက် စစ်ကောင်စီက ရန်ငြိုးဖွဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ဇန်နဝါရီ ၃၀ စစ်ကြောင်းထိုးမှု
ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ ၂၇ နှစ် အရွယ် အမျိုးသားက စစ်ကောင်စီတပ် အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခံခဲ့ရသဖြင့် လုံခြုံရေးယူ ကင်းစောင့်ခဲ့ကြသည်ဟု ပြောသည်။
“ ကျွန်တော်တို့ ကင်းကနေပြီးတော့ မော်တော်မြင်တော့ တားတယ်။ သူတို့က မရပ်ပေးဘူးဗျ။ ကျွန်တော်တို့ ဘက်ကနေစပြီး တူမီးနဲ့ ပစ်လိုက်တယ်။ သူတို့က မောင်းပြန်နဲ့ ပြန်ပစ်တယ်” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ တူမီးနဲ့ ပစ်တဲ့အချိန်ကို ဟန့်တားပြီးတော့ သူတို့လှေက မှောက်သွားတယ်ဗျ။ မှောက်သွားပြီးတော့ လက်နက်ကြီးတွေနဲ့ပိတ်ထုတာ”
ထို့နောက် စစ်တပ်က ရွာမြောက်ဘက်ပိုင်းနှင့် ရွာလယ်မြစ်ကမ်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ရာ ဒေသခံရွာသားများကို ခေါ်ဆောင်ပြီး ဘေးလွတ်ရာသို့ ဆုတ်ခွာခဲ့ရကြောင်း သူက ဆက်ပြောသည်။
လူအင်အား ပြန်လည်စုစည်းပြီးနောက် ဇန်နဝါရီ ၃၁၊ ဖေဖော်ဝါရီ ၁ တို့တွင် ကျေးရွာကို စီးနင်းထားသည့် စစ်ကြောင်းကို ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“လူအင်အားက ကျွန်တော်တို့က ရှိတယ်ဗျာ။ ဘာဖျက်လဲဆိုတော့ လက်နက်ခဲယမ်းပဲဗျာ၊ အဓိကကတော့။ အတွေ့ အကြုံလည်း မရှိတော့ မတက်ရဲဘူးဗျာ။ ကျွန်တော်တို့မှာက ဗျူဟာမှူးဆိုတာလည်း မရှိဘူး” ဟု သူက ဆိုသည်။
“သူတို့က မောင်းပြန်နဲ့ ဆိုတော့၊ ပြေးရတော့ ကျွန်တော်တို့မှာ အဖိခံရသလိုမျိုးဖြစ်တာ”
ထို့နောက် အဆိုပါစစ်ကြောင်းထံ စစ်ကူများ ထပ်မံရောက်လာခဲ့ပြီး နေအိမ်များမှ ၎င်းတို့ အလိုရှိသည့် ပစ္စည်းများကို ယူဆောင်ကြကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့ အင်အားနည်းနေတုန်းအချိန်မှာ ကျွန်တော်တို့ စီးနိုင်ရမှာကို လူကြီးတွေက ဓားစာခံ ၆ ယောက် လည်း မိထားတယ်၊ ရွာအတွက်လည်း စိုးရိမ်ရတယ်ဆိုတော့ မတိုက်ဘဲနဲ့ သူတို့ဘက် အခြေအနေကို စောင့်ကြည့်လိုက်ဦးဆိုတဲ့ အချိန်မှာ သူတို့ဘက်က ပိုပိုဆိုးလာတာ” ဟု ၎င်းက ပြောသည်။
ဓားစာခံ ၆ ဦး
သတ်ဖြတ်ခံရသူ ၆ ဦးတွင် သားအဖ တော်စပ်သူ ၂ ဦး၊ ညီအစ်ကို တော်စပ်သူ ၂ ဦးတို့လည်း ပါဝင်သည်။
ရွာအလယ်ပိုင်း မြစ်ဆိပ်အနီး နေထိုင်သူ ကိုမင်းမင်းထွန်း၊ ကျေးရွာမြောက်ပိုင်းမှ ဦးမြင့်အောင်နှင့် ကိုသဲထွန်းအောင်တို့ သားအဖတို့မှာ နေအိမ်တွင် အဖမ်းခံခဲ့ရသူများဖြစ်သည်ဟု သိရသည်။
Wl2_1.Jpg
အသက် ၄၀ အရွယ် ကိုဇော်မင်းထွန်းမှာ ပစ်ခတ်မှုများ ငြိမ်သက်သွားချိန်တွင် နေအိမ်သို့ ပစ္စည်း သွားရောက်ယူဆောင်ချိန်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
ကိုကိုလင်းမောင်နှင့် ကိုသူရထွန်းတို့ ညီအစ်ကိုလည်း အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများ သွားရောက် ယူဆောင်စဥ် စစ်သားများနှင့် တွေ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဇနီးသည်များက ပြောသည်။
“ဘုန်းကြီးကျောင်းရောက်တော့ နည်းနည်းလေး ငြိမ်တော့ ဆိုင်ကယ် အိမ်ပြန်ယူတာ၊ အိမ်ပြန်ယူတော့ လမ်းမှာ ဖမ်းမိတာ။ ကျွန်မတို့က ဘုန်းကြီးကျောင်း နေရစ်တာ သူနဲ့ သူ့ညီနဲ့က သွားတော့ ဆိုင်ကယ်နဲ့ ဖမ်းမိတာ” ဟု ကိုကိုလင်းမောင် (အသက် ၂၈ နှစ်) ၏ ဇနီးဖြစ်သူ မထက်ထက်က ဆိုသည်။
၅ ရက်ကြာတပ်စွဲထားသည့် စစ်တပ်သည် ကျေးရွာဘုန်းကြီးကျောင်းတွင် ပုန်းခိုနေသည့် သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများကို ချက်ပြုတ်ခိုင်းပြီး လာရောက်စားသောက်ကြကြောင်း၊ ဖမ်းဆီးခံထားရသူ ၆ ဦး နှင့်ပတ်သက်ပြီး မေးသည့်အခါ ကောင်းမွန်စွာထားရှိသည်ဟု ဖြေကြားကြောင်း ကိုသူရထွန်း (၁၉ နှစ်) ၏ ဇနီးဖြစ်သူက ပြောသည်။
“ကျွန်တော်တို့ (စစ်သားတွေ)က ဘာမှမလုပ်ဘူးလို့ပြောတယ်။ နောက်ပြီးကျတော့ သတ်ပစ်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
လူသားဒိုင်းအဖြစ် အသုံးပြုခြင်း
အမျိုးသား ၆ ဦးကို စစ်သားတို့က လူသားဒိုင်း အဖြစ်အသုံးပြုခဲ့ပြီးနောက် ထို့နေ့တွင်ပင် သတ်ဖြတ်ခဲ့ သည်ဟု ဒေသခံများက ပြောသည်။
ရွာအနှံ့ စစ်ကြောင်း ထိုးကြသည့် စစ်သားတို့နှင့်အတူ ထို ၆ ဦးကို တွေ့လိုက်ရသူများရှိသည်ဟု ရွာမြောက်ပိုင်းတွင် နေထိုင်သူ ၅၅ နှစ်အရွယ် အမျိုးသားက ပြောသည်။
“ဖမ်းပြီးတဲ့ မနက်ပိုင်းမှာတော့ ရွာထဲမှာ ဒီလူတွေကို ကြိုးနဲ့တုပ်ပြီးတော့ ရှေ့က သွားခိုင်းပြီးတော့ ရွာထဲကို လျှောက်သွားတာတွေတော့ရှိတယ်” ဟု အလောင်းများကောက်ယူ သင်္ဂြိုဟ်ရာတွင် ကူညီခဲ့သည့် ၎င်းက ဆိုသည်။
နေ့လယ်ပိုင်းတွင် ရွာ၏ အနောက်တောင်ဘက် ယာတောရှိရာ တောင်ကုန်းပေါ်သို့ ထို ၆ ဦးကို ခေါ်ဆောင်သွားခဲ့သည်၊ ညနေပိုင်း ထိုစစ်ကြောင်း ဘုန်းကြီးကျောင်းသို့ ပြန်လာသည့် အခါတွင် ဓားစာခံများ မပါရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။
“ရွာက ဘုန်းကြီးကမေးတော့ သူတို့ကို ထမင်းလည်း ကျွေးပါတယ်၊ ကောင်းကောင်းမွန်မွန် ထားပါတယ် လို့ အဲဒီလိုပဲ သူတို့က ဖြေတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်းရှိ သစ်ဆိမ့်ကြီးကျေးရွာကို လက်နက်ကိုင်ခုခံသူများ ရှိသည်ဟူသော ယူဆချက်ဖြင့် အကြိမ်ကြိမ် စီးနင်းခဲ့ပြီး ယခုတစ်ကြိမ်တွေတော့ အကြမ်းတမ်းဆုံး ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ် ပ.က.ဖ ပြန်ကြားရေး တာဝန်ခံ ကိုဂျင်ကိုက ပြောသည်။
“သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နေရာနဲ့ အနီးကပ်ဆုံးမှာရှိတဲ့ ပြည်သူတွေကတော့ သူတို့ အော်ဟစ်ပြီးတော့ အကူအညီတောင်းနေတဲ့ အသံတွေနဲ့ လူကိုမီးရှို့တဲ့ ညှော်နံ့ပေါ့၊ အဲဒီ အနံ့တွေ ရထားတဲ့အတွက်ကြောင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ပြောသည်။
ကျေးရွာမြောက်ပိုင်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးကမူ တော်လှန်ရေး အောင်မြင်ရေးအတွက် ဆက်လက် အကူအညီပေးသွားမည်ဟု ပြောသည်။
“ပြေးတယ်ဆိုတာကတော့ အင်အားမမျှလို့ လက်နက်ခြင်းမမျှလို့ ပြေးရတာ။ ကျွန်တော်တို့ စိတ်ထဲ မှာတော့ ကြောက်စိတ် လုံးဝမရှိပါဘူး။ တစ်ရွာလုံးပါပဲ” ဟု ၎င်းက ပြောသည်။
လူသားဒိုင်း အဖြစ်အသုံးပြုခံရသည့် ထို ၆ ဦး၏ ရုပ်ကြွင်းများ၊ စစ်သားတို့၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဌာနကို မေးမြန်းရန် ယနေ့ ညနေပိုင်းတွင် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရပေ။
ပြီခဲ့သည့်နှစ် ဒီဇင်ဘာမှ စတင်ပြီး စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရှိ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက် မြို့နယ်များ တွင် စစ်ကောင်စီတပ်က ကြည်း၊ရေ၊လေ စစ်ဆင်ရေး အသုံးပြုကာ စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ထောင်နှင့်ချီ သည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာရှိ ဒေသခံ ၁၁ ဦးကို ဒီဇင်ဘာ ၇ တွင် စစ်ကောင်စီတပ်က အစုလိုက်အပြုံ လိုက် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင်လည်း ဒေသခံ ၃၀ ကျော်ကို မီးရှို့ သတ်ဖြတ်ခဲ့သည်။
ထိုသို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသော်လည်း စစ်ကောင်စီဘက်က ၎င်းတို့ အပြစ်ကင်းစင်ကြောင်း တုံ့ပြန်လေ့ရှိသည်။
Myanmar Now News
ပုလဲနယ်တွင် အိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ၊ အသတ်ခံရသူ ၄ ဦးရှိ
ပုလဲ – ဂန့်ဂေါလမ်းမပေါ်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာတို့တွင် စစ်တပ်နှင့် ပျူစောထီးများက ပစ္စည်းများယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ မင်းတိုင်ပင်ရွာတွင် တစ်ညတာ တပ်စွဲခဲ့သည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဖေဖော်ဝါရီ ၃ မှ ၅ ရက် အတွင်း စစ်တပ်က ရွာလေးရွာကို ဆက်တိုက်စီး နင်းကာ မီးရှို့ဖျက်ဆီးနေသဖြင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ရွာသားလေးဦး လည်း သတ်ဖြတ်ခံရသည်ဟု ဒေသခံ ၅ ဦးထံမှ သိရသည်။
ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း အနောက်တောင်ဘက်ခြမ်း ပုလဲမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စီးနင်းစဉ် ပျူစောထီးလက်နက်ကိင်များလည်းပါဝင်ပြီး၊ နေအိမ်များ မီးရှို့ ဖျက်ဆီးခံရ ခြင်းအပြင် ပစ္စည်းများလည်း လုယက်ခံရသည်ဟု ဒေသခံများက ဆိုသည်။
ပုလဲမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် ဆက်သွယ်ရာ လမ်းမပေါ်ရှိ ကျေးရွာများကို စစ်တပ်နှင့် ပျူစောထီးများ စီးနင်းနေခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၃ တွင် ပုလဲမြို့အနောက်ဘက်ရှိ မင်းတိုင်ပင်ရွာ၊ နောက်တစ်ရက်တွင် ပုလဲ – ဂန့် ဂေါလမ်းမပေါ်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာ ဝင်ရောက်ပြီးနောက် လက်ရှိတွင် အင်ကြင်းစုရွာ၌ တပ်စွဲထားကြောင်း သိရသည်။
အိမ်ရာနှင့်ချီ မီးရှို့ခံရသည့် ကိုင်းတွင်းနှင့် လှော်ကားရွာ
ပုလဲ-ဂန့်ဂေါသွား လမ်းမအနီးရှိ ကိုင်းတွင်းရွာနှင့် လှော်ကားရွာများကို အင်အားရာဂဏန်းရှိ စစ်တပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၄ ရက်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ကိုင်းတွင်းရွာကို ဝင်ရောက်ပြီးနောက် ပစ္စည်းများကို ကား ၁၀ စီးဖြင့် ၎င်းတို့ အခြေချလှုပ်ရှားနေသည့် အင်ပင်ထီးရွာသို့ သယ်သွားကြောင်း၊ ထို့နောက် တစ်ခေါက်ပြန်လာကာ ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ပုလဲမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ကိုင်းတွင်းရွာမြောက် တစ်မိုင်အကွာရှိ လှော်ကားရွာကိုလည်း အလားတူပင် ပစ္စည်းများ ယူဆောင်ပြီးမှ မီးရှိ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကိုင်းတွင်းက ရွာလုံးကျွတ်နီးပါးပဲ။ ကျွန်တော်တို့ဝင်ရောက်စစ်ဆေးဖို့လုပ်နေတယ်။ အပျက်အစီးစာရင်း နဲ့ အရှို့ခံရတဲ့ အရေအတွက်ကို အတည် မပြုနိုင်သေးဘူး။ လှော်ကားက ရွာလယ်ကောင်တည့်တည့်မှာရှို့ သွားတာ”ဟု အထက်ပါ ပုလဲမြို့ခံက ပြောသည်။
လှော်ကားရွာခံ အမျိုးသားတစ်ဦးကမူ အိမ်ခြေ ၄၀၀ ကျော်နှင့် ၈၀၀ ကျော်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာ များတွင် မီးလောင်ပျက်စီးသွားသည့် အိမ်ခြေ ၈၀၀ ကျော်ရှိသည်ဟု ဆိုသည်။
Img_2693.Jpg
စစ်တပ်က လှေကားရွာကို ဖေဖော်ဝါရီ ၅ နံနက် ၁ နာရီခွဲတွင် တစ်ကြိမ်၊ နံနက် ၇ နာရီတွင် တစ်ကြိမ် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ရွာသားက ဆိုသည်။
“ဝက်တွေ၊ နွားတွေ မီးထဲပါသွားတယ်။ မီးက မနက် ၁ နာရီကတည်းက တစ်ညလုံးလောင်တာ။ ရွာထဲကို သူတို့ထွက်သွားတော့ ဝင်ကြည့်တုန်းကတောင် သုံးအိမ်လောင်နေသေးတယ်”
“မီးလောင်ထားတဲ့ အိမ်တွေ နားမှာ မီးလောင်ဗုံးအခွံတွေ တွေ့ရတယ်။ တစ်အိမ်နဲ့ တစ်အိမ်ကူးတဲ့နေရာ ဝန်းထရံ (ခြံစည်းရုံး)တွေနားမှာဆိုရင် မီးတုတ်တွေလည်း တွေ့ရတယ်။ မီးကူးပြီးရှို့တဲ့ပုံပဲ။ တော်တော်ကြီး ကို ရက်ရက်စက်စက် ရှို့သွားတာ” ဟု အထက်ပါ လှော်ကားရွာသားက ပြောသည်။
ပုလဲမြို့အနောက်ဘက်ရှိ ၎င်းတို့ရွာတွင် တစ်ညတာ တပ်စွဲပြီးနောက် စစ်တပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၄ ညပိုင်းတွင် ကိုင်းတွင်းနှင့် လှော်ကားရွာကို ဝင်ရောက်ကာ နံနက်ပိုင်းတွင် မီးရှို့ခဲ့ခြင်းဖြစ် သည်ဟု မင်းတိုင်ပင်ရွာသားတစ်ဦးက ပြောသည်။
“ကိုင်းတွင်းရွာကို မီးရှို့တယ်။ (ဖေဖော်ဝါရီ ၅) မနက် ၁ နာရီလောက်မှာ လှော်ကားကို ထပ်ရှို့တယ်။ အဲဒီရွာ တွေကို မီးရှို့ပြီး အင်ကြင်းစုရွာကို တပ်စွဲနေတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်နှင့် ပျူများ တပ်စွဲထားသည့် အင်ကြင်းစုရွာမှာ လူဦးရေ ထောင်ချီနေထိုင်သည့် ရွာကြီးတစ်ရွာ ဖြစ်ကြောင်း၊ ရွာသားများ ထွက်ပြေးနေရသဖြင့် အခြေအနေအသေးစိတ် မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။
ပျူစောထီးများကို စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် စစ်တပ် ရောက်လာကာ မီးငြှိမ်းနေသည့်ဟန် ဓာတ်ပုံရိုက်ပြီးနောက် ထပ်မီးရှို့သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နောက်ထပ် လှော်ကားရွာခံ တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရွာထဲကို ပျူစောထီးတွေက အရင်ဝင်တာ။ ပျူစောထီးတွေက မီးရှို့ပြီး စစ်ကောင်စီတွေ ရောက်လာတယ်။ ရောက်လာပြီး မီးငြိမ်းနေပါတယ်ဆိုပြီး ဓာတ်ပုံတွေရိုက်ယူတယ်။ ပြီးတော့ ထပ်ရှို့သွား တာ” လှော်ကားရွာခံ အမျိုးသားက ပြောသည်။
ကိုင်းတွင်းရွာကိုလည်း အလားတူ မီးရှို့သွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
လူ ၄ ဦးအသတ်ခံရသည့်အပြင် ရွှေငွေများ ဆုံးရှုံးသည့် မင်းတိုင်ပင်ရွာ
ပုလဲမြို့အနောက်ဘက် ပုလဲ – ဂန့်ဂေါ်လမ်းပေါ်ရှိ မင်းတိုင်ပင်ရွာကို စစ်တပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၃ တွင် ဝင်ရောက်လာကာ တစ်ညတာ တပ်စွဲခဲ့သည်။ စစ်တပ်က ရွာသားလေးဦးကို သတ်ဖြတ် ခဲ့သည့်အပြင် ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ရွှေနှင့် ငွေများ ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။
နံနက် ၁၁ နာရီခန့်တွင် သေနတ်များပစ်ဖောက်ဝင်ရောက်လာသည့် စစ်တပ်က အရပ်သားလေးဦးကို ကြိုးတုပ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးလာကြောင်း မင်းတိုင်ပင်ရွာခံနှစ်ဦးက Myanmar Now ကို ပြောသည်။
ထို့နောက် စစ်တပ်နှင့် ပျူများက ရွာထဲ၌ တစ်အိမ်တက်ဆင်း ဝင်ရောက်ကာ ရွာခံ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို ရွာလယ်ရှိ စာသင်ကျောင်းအတွင်း ချုပ်နှောင်ထားကာ ရွာထဲရှိနေအိမ်များနှင့် ရွှေဆိုင် ဖုန်းဆိုင်များကို မွှေနှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူ ရွာသားများတွင် သက်ကြီးပိုင်းအရွယ် ၁၅ ဦး ပါဝင်ပြီး ပထမဆုံး မဌေးကြည်ဆိုသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု မင်းတိုင်ပင်ရွာခံ အမျိုးသားက ပြောသည်။
“ရွာထဲမရောက်ခင်ကတည်းက (ကျည်) အတောင့်လိုက်တွေ ဖောက်တယ်။ ပြေးတဲ့လူက ပြေးတယ်။ အရင်က လာတာတွေက ဒီလိုမျိုးမလုပ်တော့ မပြေးတဲ့လူတွေလည်းရှိတယ်။ ဒီတစ်ခေါက်ကျတော့ တော်တော်ကြမ်းကြမ်း လုပ်သွားတာ” ဟု ၎င်းက ပြောသည်။
“တံခါးပိတ်တဲ့အိမ်တွေ၊ လမ်းဘေးအိမ်တွေ အကုန်ဝင်မွှေတယ်။ သူတို့လိုချင်တဲ့ပစ္စည်းတွေ အကုန်ယူတယ်။ ဓားပြတိုက်သလိုပါပဲ”
အိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးခဲ့သည့်အပြင် ရွှေဆိုင်တစ်ဆိုင်အတွင်းရှိ ရွှေထည်များနှင့် ငွေတန်ဖိုး ကျပ်သိန်း ၇၀၀၀ ကျော်၊ ငွေလဲပေးသည့်ဆိုင်တွင် ငွေကျပ် သိန်း ၄၀၀ နှင့် သိန်း ၅၀ တန်ဖိုးရှိ ဖုန်းငွေဖြည့်ကဒ်များကို စစ်တပ်က ယူသွားသည်ဟု နောက်ထပ် မင်းတိုင်ပင်ရွာသားတစ်ဦးက ပြောသည်။
“အဓိကတော့ ဆန်၊ ဆီ၊ စားနပ်ရိက္ခာတွေ ယူသွားတယ်။ ဖုန်းဆိုင်တွေ ဖောက်တယ်။ ရှိသမျှဖုန်း အကုန်ယူတာ။ ဖုန်းဆိုင်က သုံးဆိုင်။ Power Bank တွေ၊ နားကြပ်တွေ၊ ဆက်စပ်ပစ္စည်းအကုန်ယူတယ်။ မီးခံသေတ္တာထဲ ထည့်ထားတာကို ရအောင်ရိုက်ဖွင့်ပြီး ယူသွားတာ”ဟု ၎င်းက ဆိုသည်။
မင်းတိုင်ပင်ရွာမှ ပစ္စည်းများကို စစ်ကား ၇ စီးဖြင့် သိမ်းယူသွားခြင်းဖြစ်သည်ဟု ရွာခံအမျိုးသားများက ဆိုသည်။
“မင်းတိုင်ပင်ရွာက ဘာမှ ရစရာမရှိတော့ဘူး။ ရွှေဆိုင်၊ အဝတ်ထည်ဆိုင် အကုန်မွှေသွားတာ။ ပြောရရင်တော့ အမှိုက်ပုံကြီးလိုဖြစ်သွားတာပါဗျာ။ တန်းဖိုးကြီးတဲ့ဟာတွေ အကုန်ယူသွားတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသူရွာသားများကို ကူညီပေးနေသူတစ်ဦးကလည်း ပြောသည်။
စစ်တပ်က ဓားစာခံအဖြစ် ၎င်းတို့ ဖမ်းဆီးလာသူ လေးဦးကို ပစ်သတ်ကာ ရွာအပြင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းမထွက်ခင် လေးယောက်ကို မီးရှို့သွားတာ။ ပြန်ထွက်ခါနီးမှာ မျက်နှာတွေမမြင်ရအောင် လုပ်သွားတာ”ဟု ၎င်းက ပြောသည်။
ထိုသို့ ပစ်သတ်ပြီး မီးရှို့သွားသည့် အလောင်းလေးလောင်းကို စစ်တပ်ပြန်ထွက်သွားချိန်တွင် ရွာသားများကတွေ့ရှိခဲ့ခြင်းဖြစ်ကာ နာမည်အတည်မပြုနိုင်သေးသော်လည်း ဦးနှောက်နှင့် အင်ကန်ရွာမှ ဖြစ်သည်ဟု သိရသည်။
စစ်တပ်က မင်းတိုင်ပင်ရွာကို တစ်ညတာ တပ်စွဲခဲ့စဉ် ဖမ်းဆီးထာသူများအနက် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်ငါးဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟုလည်း ဆိုသည်။
“မိန်းကလေးတွေက စစ်သားလာတဲ့အချိန် ပုန်းနေကြတာပေါ့ဗျာ။ တွေ့တော့ အဖမ်းခံလိုက်ရတာ။ ၂၀ ကျော်ဝန်းကျင်တွေ။ မိန်းကလေးတွ ကာယိအိန္ဒြေအရ သိပ်လည်း ပေးမသိစေချင်ဘူးဗျ။ တချို့လည်း ကြောက်ပါတယ်၊ မလုပ်ပါနဲ့ဆိုတဲ့ အော်သံတွေလည်း ကြားရတယ်တဲ့။ ကျွန်တော်ကိုယ်တိုင်လည်း ကြားရတာတော့ မဟုတ်ဘူးပေါ့ဗျာ။ သူတို့လာကတည်းက ပြေးရတာ”ဟု မင်းတိုင်ပင်ရွာသားတစ်ဦးက ပြောသည်။
ထိုသို့ အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရသည်ဆိုသော အချက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ကျေးရွာများကို အင်အားသုံး ဝင်ရောက်စီးနင်းစဉ် စစ်တပ်က ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်း၊ အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီ က မည်သည့်အခါမျှ သတင်းထုတ်ပြန်လေ့ မရှိပေ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နေ့စွဲမှတ်တမ်းများ
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-(မြန်မာနိုင်ငံ)မှ စုစည်းတင်ပြသည်။
မြန်မာနိုင်ငံတွင် ကျူးလွန်နေသော ရာဇ၀တ်မှုများအတွက် လက်ရှိအခြေအနေ၏ အရေးပေါ်အခြေအနေနှင့် ကိုက်ညီသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းတုံ့ပြန်မှုအတွက် နိုင်ငံတကာမှ အရေးယူဆောင်ရွက်ရန် လိုအပ်သည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကြာမြင့်စွာ ခံစားခဲ့ရသည့်အတွက် အကြမ်းဖက်မှုများ ပိုမိုကျူးလွန်ရန် တွန်းအားပေးနေခဲ့သည်။ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှုပိတ်ဆို့ရေး နှင့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ အလေးပေး တောင်းဆိုလိုက်သည်။
နွေဦးတော်လှန်ရေးတနှစ်ပြည့်မှတ်တမ်း
နွေဦးတော်လှန်ရေးကာလ ဖက်ဆစ်အာဏာလုစစ်တပ်ကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် မဆုတ်မနစ် ဆန့်ကျင်ကန့်ကွက်တော်လှန်ခဲ့ကြသည့် ကျဆုံးသူရဲကောင်းများ၊ ဖမ်းဆီးခံများ၊ CDM ဝန်ထမ်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ စွန့်လွှတ်အနစ်နာခံမှုများကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးပြု မှတ်တမ်းတင် တင်ဆက်လိုက်ပါသည်။