ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဖေဖော်ဝါရီ ၂၁ မှ ၂၇ ထိ ၂၀၂၂
“နှစ်ခြောက်လုံးလူထုအရေးတော်ပုံနေ့ ဆန္ဒပြပွဲကို အကြမ်းဖက်စစ်တပ်မှ ဖြိုခွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အရှိန်အဟုန်ဖြင့် ဆက်လက်လှုပ်ရှားနေသာ ဆန္ဒပြပွဲများနှင့် စည်းရုံးလှုံ့ဆော်မှုများဖြင့် နွေဦးတော်လှန်ရေး၏ စွမ်းအားကို ရှင်းလင်းပြတ်သားစွာ တွေ့ရသည်။ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် ‘နှစ်ငါးလုံး လူထုအရေးတော်ပုံ’ နှစ်ပတ်လည်နေ့အဖြစ် ‘နှစ်ခြောက်လုံး လူထုအရေးတော်ပုံနေ့’ အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန် တောင်းဆိုသည့် ပိုစတာများနှင့် ဆိုင်းဘုတ်များကို စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများသည် ဂုဏ်ယူစွာ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ ပန်းများပန်ဆင်ခြင်းနှင့် ရိုးရာသနပ်ခါးများ လိမ်းခြယ်ကာ လက်သုံးချောင်းထောင်ခြင်းကို ဆန့်ကျင်အံ့တုမှုအဖြစ် ရှုမြင်ကြသည်။ ပြီးခဲ့သည့်နှစ်တွင် မကောင်းဆိုး၀ါးများကို မောင်းထုတ်ရန် အိုးနှင့် သံဗုံးတီးခြင်းသည် ထင်ရှားသော အကြမ်းမဖက်သည့် ဆန္ဒပြမှုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် ငါးမိနစ်ခန့် အသံတိတ်နေခြင်းဖြင့် ပါဝင်ရန် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ပြည်သူများမှလည်း အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များဖြန့်၀ေခြင်းနှင့် စာတန်းများကို ချိတ်ဆွဲခဲ့ကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲသည် ပါဝင်သူအားလုံး၏ ရပိုင်ခွင့်များကို ဆန္ဒထုတ်ဖော်သည့် နေရာဖြစ်သည်။ သို့သော်လည်း စစ်အာဏာရှင်သည် မတရား အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူ ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။
ပြည်သူများသည် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ချိုးဖောက်ခံရသောကြောင့် အကြမ်းဖက်စစ်တပ်မှ ၎င်းချိုးဖောက်မှုများအတွက် အမြန် တာ၀န်ခံရန် လိုအပ်သည်။
အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် မွေးနေ့ပါတီကျင်းပနေသည့် လူငယ် ၃၄ ဦးအား သပိတ်လှုံ့ဆော်မှု စွဲချက်ဖြင့် အကြမ်းဖက် စီးနှင်းခဲ့သည်။ ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့်
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM မှ ဖမ်းဆီးမှုများနှင့် ဆက်စပ်၍ ဖမ်းဝရမ်း ထုတ်ထားခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးထားသူများအား လောင်းလုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦး အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်စာများဖြန့်ကြဲစဥ် အကြမ်းဖက်စစ်တပ်မှ ကားဖြင့်တိုက် ဖြိုခွင်းရာ နှစ်ဦးစလုံး ဆိုင်ကယ် ပေါ်မှ လဲကျသွားခဲ့သည်။ ထိုကဲ့သို့ဖြစ်ပြီးပြီးနောက် အမျိုးသမီးငယ်တစ်ဦးမှာ ကိုယ်၀န် ပျက်ကျသွားခဲ့သည်။
အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် မတရားပြုမှုခြင်းသည် စစ်အာဏာရှင်မှ မည်သည့်အခါမှ ဖုံးကွယ်ထားခြင်းမရှိသော ရက်စက်ကြမ်းကြုတ်မှု တစ်ဖန်ပြနေသကဲ့သို့ ဖြစ်နေသည်။
ကရင်ပြည်နယ်
တပ်ရင်း ၄ တပ်ရင်းအပြင် အကြမ်းစစ်တပ်၏ အခြေစိုက်စခန်းသည် ၂၈ ခုမှ ၃၂ ထိတိုးလာသောကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU သည် စစ်အာဏာရှင်အား ခုခံတိုက်ခိုက်မှု ပိုမိုအားကောင်းလာနေသည်။ တပ်မဟာ ၅ ဒေသတွင် အကြမ်းဖက်စစ်တပ်အင်အား ၄၀၀၀ ခန့်ရှိသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်လတာအတွင်း အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း ၃၂၂ ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ဘုရားသုံးဆူမြို့နယ်မှ ၃ ကီလိုမီတာအကွာ နာဂါးတောင်ကုန်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မက်ခထာဒေသခံ မီးဖွားပြီး ၂ ရက်သာရှိသေးသော အမျိုးသမီးငယ်တစ်ဦး၊ နေ့စားအလုပ်သမား နိုင်သစ်နှင့် စောဖဒိုတို့မှာ လက်နက်ကြိးကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာများမှ အိမ်ခြေပေါင်း ၁၂၀ သည် KNU တပ်မဟာ ၄ သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU မှ အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ကို ကရင့်နယ်မြေအတွင်းမှ ထွက်ခွာရန် သတိပေးခဲ့သည်။
ကရင်နီ (ကယား) ပြည်နယ်
မိုးဗြဲမြို့တွင် ကရင်နီပြည်သူ့ကွယ်ရေးတပ် (PDFs ) ပူးပေါင်းတပ်ဖွဲများနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်ပြီးနောက်အကြမ်းဖက်စစ်တပ်သည် လေကြောင်းဖြင့် တစ်ဖန် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်သည် မိုးဗြဲအနီးအနားရှိ ကျေးရွာများသို့၀င်ရောက်ခဲ့ပြီး လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကို နေ့စဥ်ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ကရင်အခြစိုက်PDFs
ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ ဒါဇင်ကျော်ကို သုတ်သင်နိုင်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြားမှ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကြီး ပေါက်ကွဲမှုအရှိန်ကြောင့် ၎င်းတို့၏ အိမ်များပါတုန်ခါသွားခဲ့သည်။ ထောင်ပေါင်းများစွာသော အရပ်သားများသည် ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့သော်လည်း စစ်ရေးရေးဂိတ်များစွာကို ဖြတ်ကြော်ခဲ့ရပြီး စစ်သားများ၏ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုအပါ၀င် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။
မြေလှန်စနစ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကရင်နီပြည်သူများ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေသည်။ နှစ်စကတည်းမှစတင်၍ စစ်ဘေးရှောင်စခန်းများသည် လေကြောင်းဖြင့် တိုက်ခိုက်မှုများ ခံခဲ့ရပြီး ထောင်နဲ့ချီ ထွက်ပြေးခဲ့ရသည်။ စိတ်ဒဏ်ရာဖြင့် အသက်ရှင်ကျန်ရစ်သူများသည် မိသားစု၀င်များကို ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းစစ်၏ ဆိုးရွားလှသော သက်ရောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အနီးကပ် မျက်မြင်တွေ့ခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်အစိုးရ၏ အကြမ်းဖက် တိုက်ခိုက်မှုဒဏ်ကို အခံရဆုံး ဒေသ တစ်ခုဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခ တည်နေရာနှင့် အဖြစ်အပျက် ဒေတာများ (ACLED) စီမံကိန်းအရ အထူးသဖြင့် စစ်အာဏာရှင်ကို ခုခံတော်လှန်ရာတွင် အောင်မြင်ခဲ့သည်ံ ဒေသများတွင် အကြမ်းဖက်စစ်တပ်၏ ကျူးလွန်နေသော အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာနေသည်။ အရပ်သားပြည်သူများသည် ပြည်တွင်းစစ်၏ အကျိုးသက်ရောက်မှုများကို ဆိုးဆိုးရွားရွား ဆက်လက် ခံစားနေရသည်။
စစ်ကိုင်းတိုင်းဒေသ ကြီးရှိ ကျေးရွာတစ်ရွာသို့ ဝင်ရောက်စီးနင်းမှုအတွင်း ဇနီး၊ သားနှင့်သမီးများ ဆုံးရှုံးရသည့်အတွက် ဝမ်းနည်းပူဆွေးနေသော အမျိုးသားတစ်ဦးသည် စပ်သားများထံ ပြေးလာကာ ၎င်းအားပစ်သတ်ရန် တောင်းဆိုခဲ့သည် အကြမ်းဖက်စစ်တပ်၏ ပို၍ ဆိုးရွားသော အကြမ်းဖက်မှုများ တိုးလာနေပြီး ၎င်တို့၏ ရက်စက်ကြမ်းကြုတ်သော ဆက်လက် ထွက်ပေါ်လာနေသည်။ မည်သည့်အရပ်သားမှ မလုံခြုံ၊ မည်သူမှ အသက်အပိုမပါပါ။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ အိုင်တောင် အနောက်ရွာကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် တစ်ဒါဇင်ကျော် ပျက်ဆီးခဲ့ပြီး ဒေသခံများ ထပ်မံထွက်ပြေးခဲ့ရသည်။ ချောင်းဦးကျေးရွာတွင်လည်း အကြမ်းဖက်စစ်တပ်မှ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၀င်ရောက်စီးနှင်းမှုနှင့်အတူ ငွေသား၊ အဖိုးတန်ပစ္စည်းများနှင့် တိရစ္ဆာန်များ အပါအဝင် အရပ်သားများ၏ ပစ္စည်းများ ခိုးယူခံခဲ့ရသည်။
ဂန့်ဂေါတွင် ရွာမီးရှို့သည့် စစ်တပ်က လူ ၁၁ ဦးသတ်ခဲ့ဟု ဒေသခံတို့ပြော
မကွေးမြောက်ပိုင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီအဖွဲ့ ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ်တွင် သေဆုံးသူအချို့ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ယနေ့ (ဖေဖော်ဝါရီ ၂၈)နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့သည့် ဖြစ်စဉ်တွင် ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဒေသခံ ၄ ဦးက ပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ထိဆက်နေသည့် ဂန့်ဂေါမြို့နယ် ကံတိုးရွာ(ရေသာရွာ)၊ ရွှေဘိုရွာ၊ သင်တောရွာတို့ကို စစ်ကောင်စီအဖွဲ့က အင်အား ၁၀၀ ခန့်ဖြင့် ဝင်မွှေခြင်းဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။
ကံတိုးရွာကို နံနက် ၈ နာရီဝန်းကျင်တွင် စတင်ရောက်ရှိလာကာ တစ်မိုင်ခန့်အကွာရှိ ရွှေဘို၊ ထိုမှ သင်တောရွာကို ရောက်လာသည်ဟု ဒေသခံများက ပြောသည်။
ကံတိုးရွာတွင် အိမ် ၁ လုံး၊ ရွှေဘိုရွာတွင် ၂၅ လုံးဝန်းကျင်၊ သင်တောရွာလုံးကျွတ် မီးရှို့ခံရကြောင်း၊ ရွှေဘိုရွာမှ ၈ ဦးသေ၊ ၁ ဦး ဒဏ်ရာရကြောင်း၊ သင်တောရွာမှ သက်ကြီးရွယ်အို ၃ ဦး သတ်ဖြတ်ခံရကြောင်း ၎င်းတို့က ပြောသည်။
“ပြေးတာ လွှားတာတွေလည်း သူတို့က ပစ်တာနေမှာပေါ့။ ၇ ယောက်၊ ၈ ယောက်လောက် သေသွားတယ်။ ကျည်ထိလို့” ဟု ကံတိုးရွာသားတစ်ဦးက ပြောသည်။
အိမ်ခြေ ၂၅၀ ခန့်ရှိသည့် သင်တောရွာတွင် ညနေ ၃ နာရီဝန်းကျင်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကာ ၁၀ လုံးကျော်သာ ကျန်တော့သည်ဟု ထိုသူက ခန့်မှန်းသည်။
“သင်တောမှာတော့ မယ်ကြီးအို လင်မယားနှစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် ၃ ယောက် မီးရှို့တဲ့အထဲ ပါတယ်လို့ ကြားနေရတယ်ဗျ။ ရွှေဘိုနဲ့ သင်တောကြားမှာ တပ်စွဲထားတုန်းဆိုတော့ အခြေအနေတော့ မသိရသေးဘူး။ ထပ်ပဲ ဝင်ဦးမလားလို့ ပြေးနေတယ်ဗျ” ဟု ကံတိုးရွာသားက ဆိုသည်။
ရွာခံ အမျိုးသမီးတစ်ဦး၏ အဆိုအရ ရွှေဘိုရွာတွင် စစ်တပ်က ဒေသကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင် ၅ ဦး၊ အရပ်သား ၃ ဦးတို့ကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ရေသာရွာကြားရှိ ကောက်ရိုးပုံပေါ်တွင် PDF များ သတ်ခံရကာ အရပ်သား ၃ ဦးမှာ ကျေးရွာအတွင်း ပြေးလွှားနေစဉ် သေနတ်ဖြင့် ပစ်ခံရသူများ ဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“ရွာထဲမှာ ပစ်သတ်ခဲ့တာ နှစ်ယောက်။ ဘုန်းကြီးကျောင်းဝန်းကျင်နားမှာလောက်မှာ ပစ်သတ်ခံရတာ။
တောင်ခင်ရမ်းဘက်ကို ကူးတဲ့ လမ်းမှာ ရွာသားတစ်ဦးကို ပစ်သတ်ခဲ့တယ်။ ပြေးရင်းလွှားရင်းနဲ့” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
“ကောက်ရိုးပုံပေါ်မှာ ဖမ်းမိတဲ့ ၅ ယောက်ကို အရှင်လတ်လတ်မီးရှို့သွားတယ်လို့ သတင်းရတယ်။ (PDF) ကင်းက ပြန်ဆုတ်ရင်းနဲ့ ပစ်တာလောက်ပဲ တိုက်ပွဲဖြစ်တာ”
PDF ဖြစ်သည့် နှမ်းခါးလူငယ်အဖွဲ့ဝင်တစ်ဦးက ရွှေဘိုရွာတွင် သေဆုံးသည့် အလောင်း ၅ လောင်း ကောက်ယူပြီးဖြစ်သည်ဟု ပြောသည်။
“အလောင်းတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ပြောပြလို့မရသေးဘူး။ စိစစ်နေတုန်းပါ” ဟု ၎င်းက ဆိုသည်။
ထိုသုံးရွာတွင် ယင်းသို့ ဖြစ်ခဲ့သည်ကို ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးကလည်း အတည်ပြုသည်။
“ရွှေဘိုမှာ အသတ်ခံရတာတွေလည်း များတယ်။ စာရင်းပြုစုနေပါတယ်။ ၆ ယောက်ကတော့ သေချာပြီ။ နောက်ထပ် ဘယ်လောက်ရှိဦးမလဲ မသိရသေးဘူးဗျ” ဟု ၎င်းက ပြောသည်။
ဒေသခံတို့၏ အဆိုအရ ထိုစီးနင်းမှုကို မြောက်ခင်ရန်းရွာ၊ ကုက္ကားရွာနှင့် ဟံသာဝတီရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ လုပ်ဆောင်သည်ဟု သိရသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အချက်အလက်နှင့် အထောက်အထား အသေးစိတ်တို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံ မေး၍မရသေးပေ။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးနှင့် စစ်ကိုင်းသည် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည်။
သို့သော် လွန်ခဲ့သည့်နှစ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ချိန်တွင် နိုင်ငံအနှံ့ ခုခံမှုများပေါ်ပေါက်နေရာ ထိုဒေသများလည်း တက်ကြွစွာပါဝင်နေသည်။
စစ်ကိုင်းနှင့် မကွေးတွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပါသုံး၍ ပစ်ခတ်နေပြီး ရွာများကို မီးရှို့၊ ဒေသခံများကို အစုအပြုံလိုက်သတ်ဖြတ်မှုများ မကြာခဏပြုလုပ်နေသည်။
Myanmar Now News
စစ်တပ်ဝင်သည့် ယင်းမာပင်တွင် ရုပ်အလောင်း ၉ ခု တွေ့၊ ကလေး ၁၀၀ ကျော် ပြန်လွတ်
စစ်တပ် ပြန်သွားသည့် စစ်ကိုင်းတိုင်း ချင်းပုန်းရွာတွင် ရုပ်အလောင်း ၉ ခု ကျန်ခဲ့သည်၊ ကလေးများအပါအဝင် ဒေသခံ ၂၀၀ ခန့်လည်း ၃ ရက်ကြာ ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ၃ ရက်ကြာ တပ်စွဲသွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာတွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် နှိပ်စက်ညှဉ်းပန်းခံထားရသူ ၉ ဦး၏ ရုပ်အလောင်းကို ယနေ့ ( ဖေဖော်ဝါရီ ၂၈) နေ့လယ်ပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်တပ်တပ်စွဲခဲ့သည့် ဘုန်းကြီးကျောင်းဘေးတွင် ၆ လောင်း၊ ထိုကျောင်းရှေ့ နေအိမ်ဝင်းတွင် ၁ လောင်း၊ ကျောင်းနောက်ဘက် အုတ်တံတိုင်းအနီးတွင် ၂ လောင်း တွေ့ရှိခဲ့ရသည်ဟု ချင်းပုန်းကျေးရွာ အရှေ့ပိုင်းတွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားက ပြောသည်။
“သေတာတွေကတော့ ရက်ရက်စက်စက်ကို မသေမချင်းလုပ်ထားတဲ့ ပုံမျိုးတွေ။ တချို့ကလည်း လက်ကျိုးတာမျိုးတွေ၊ တချို့ကလည်း ပါးချိတ်တွေ ရွဲ့နေတာမျိုးတွေ၊ မျက်လုံး၊ မျက်ကွင်းတွေ ဖူးရောင်ပိန်ရှုံ့ပြီးတော့ ရွဲ့နေတဲ့ပုံစံမျိုးတွေပါပဲ” ဟု ၎င်းက ပြောသည်။
“နှိပ်စက်ပြီး သတ်ထားတဲ့ အနေအထားမျိုးတွေဗျ”
ရွာမှ သေဆုံးသူ ၂ ဦးမှာ အသက် ၅၀ အရွယ် ဦးအောင်မောင်းနှင့် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ထိုအမျိုးသမီး၏ ဖခင်ဖြစ်သူ အသက် ၆၀ အရွယ် ဦးကျော်စိန်ကို စစ်တပ်က နှိပ်စက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။
ကျန်အလောင်း ၇ လောင်းမှာမူ ချင်းပုန်းရွာသားများမဟုတ်သည့်အတွက် ၎င်းတို့၏ အမည်နှင့် နေရပ်များကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ် ၄ စင်းဖြင့် ရွာမှ ထွက်ခွာချိန်တွင် ပစ်ခတ်သွားခဲ့ကြောင်း၊ ရွာရှိ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထိုရဟတ်ယာဉ်မှာ သပြေအေးကျေးရွာသို့ ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီးနေသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ခုလိုမျိုးလုပ်တာကတော့ တကယ်ကို အတ္တဆန်ပြီး လူမဆန်တဲ့ပုံစံမျိုးတွေ ဖြစ်တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
“ရွာအခြေအနေကတော့ ရွာနားမကပ်ရဲဘူးဗျာ။ (ရဟတ်ယာဉ်) ပြန်လှည့်လာမှာစိုးတာကြောင့်”
စစ်သားများ ပြန်သွားပြီဖြစ်သောကြောင့် ၎င်းတို့ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည် ကလေး ၁၀၀ ကျော် အပါအဝင် ဒေသခံ ၂၀၀ နီးပါး အိမ်ပြန်နိုင်ကြပြီဖြစ်သည်ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၂၆ နံနက်ပိုင်းက ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်(YMB PDF) သင်တန်းဆင်းပွဲပြုလုပ်နေစဉ် ရဟတ်ယာဉ် ၅ စီးနှင့် စစ်သားများ ရုတ်တရက်ရောက်လာပြီး ပစ်ခတ်ရာ ကျည်ထိမှန်သွားသူများရှိကြောင်း ရွာသားနှစ်ဦးနှင့် ကလေးဖခင်တစ်ဦးက Myanmar Now ကို ယမန်နေ့က ပြောသည်။
သတင်းရင်းမြစ်များထဲမှ တစ်ဦးမှာ စစ်တပ်ရောက်လာ၍ ပုန်းအောင်းနေရာမှ ဖမ်းမိသွားသည့် ပန်းမထုံးကျေးရွာမှ ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ညဘက်တွင် ရောက်လာသည့် စစ်အရာရှိက ၎င်း၏ ဖုန်းဖြင့် မှတ်တမ်းတင်ထားသည့် သေဆုံးသူ ၆ ဦး၏ အလောင်းပုံများကို ပြလျက် ရိုက်နှက် နှိပ်စက်သည်ဟု ထိုလူငယ်က ပြောသည်။
“သူတို့က ဘုန်းကြီးကျောင်းထဲကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်။ သူတို့ရဲ့ ဗိုလ်ကြီးအခန်းမှာ ဆက်ချုပ်ထားတယ်။ တစ်ညလုံး ကျွန်တော် ကြိုးတွေဖြည်ပြီးတော့ မနက်လင်းတော့ (၅ နာရီဝန်းကျင်) ကျွန်တော်ထွက်ပြေးလာခဲ့တယ်” ဟု ၎င်းက ပြောသည်။
ဘုန်းကြီးကျောင်းကို စစ်သားတို့က စစ်ကြောရေးစခန်းအဖြစ် အသုံးပြုနေပြီး ထိုညက ရိုက်နှက် နှိပ်စက်သံများ၊ အော်ဟစ်ညည်းညူသံများကို ကြားခဲ့ရသည်ဟု သူက ဆက်ပြောသည်။
ရိုက်နှက်ခံရသူများထဲတွင် ကျေးရွာလူကြီး အသက် ၆၀ အရွယ် ဦးကျော်စိန်ပါဝင်ကြောင်း၊ အမျိုးသမီးတစ်ဦးကို တိုင်တွင် ကြိုးတုပ်လျက် စစ်သားတို့ စစ်ဆေးမေးမြန်းနေသည်ကိုလည်း မြင်ခဲ့ရကြောင်း သူက ပြောသည်။
“ကျွန်တော်မခံချင်ဘူးဗျ။ ပြည်သူတွေကို နှိပ်စက်နေတာမြင်တော့၊ ကျွန်တော့်မှာ ဓားလည်း ပါမသွားဘူး၊ သေနတ်လည်း ပါမသွားဘူး။ အားမမျှလို့သာ ကျွန်တော် ကိုယ်လွတ်ရုန်းလာခဲ့ရတာ” ဟု သူက ပြောသည်။
စစ်တပ်ဖမ်းထားသည့် နေရာမှ မည်သို့ပြန်လည်လွတ်မြောက်လာသည်ကိုမူ ထိုလူငယ်ထံမှ အသေးစိတ် မသိရပေ။
စစ်တပ်စီးနင်းချိန်ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့သည့် ၃၂ နှစ်အရွယ် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း အထက်ပါလူငယ်ပြောသည့် ဖြစ်စဉ်များ မှန်ကန်ကြောင်း အတည်ပြုသည်။
စစ်တပ်က ပစ်၍ ကလေးတချို့ လဲကျသွားသည်ကို ရွာအလယ်ပိုင်းရှိ နေအိမ်တစ်လုံး၌ ပုန်းခိုနေစဉ် တွေ့ခဲ့ရသည်ဟု အထက်ပါ PDF အဖွဲ့ဝင်က ဆိုသည်။
စစ်တပ်က ဘုန်းကြီးကျောင်း၌ ဝင်ရောက်တပ်စွဲချိန်တွင် ထိုနေရာမှ ဝေးရာသို့ ပြေးနိုင်ခဲ့သည်ဟု ထိုသူက ပြောသည်။
“ကျွန်တော့်မျက်စိရှေ့မှာတင် ၂ ယောက်လောက်တော့ လဲတယ်။ ပစ်ခံရတဲ့သူတွေကတော့ ၁၃ နှစ်၊ ၁၄ နှစ် အရွယ်လောက်ရှိတာပေါ့။ သူတို့ကဝင်တော့ ကျွန်တော်တို့က ကြောက်အားလန့်အားနဲ့ ပြေးတဲ့အခါမှာ နောက်ကနေ လိုက်ပစ်တာပေါ့” ဟု ၎င်းက ပြောသည်။
ဒေသခံများကို ဖမ်းထားသည့် ဘုန်းကြီးကျောင်းအတွင်းမှ အော်ဟစ်သံများကြားခဲ့ရသည်ဟု ဆိုသည်။
“မျက်စိနဲ့တော့ မမြင်ရပေမဲ့ ရိုက်နှက်နေတာတို့ အော်သံ၊ တောင်းပန်နေတဲ့ အသံတွေကိုတော့ ကြားနေရတာပေါ့” ဟု ၎င်းက ပြောသည်။
သို့သော် ၎င်းပုန်းအောင်းနေသည့် နေရာနှင့် ဘုန်းကြီးကျောင်း အကွာအဝေးကိုမူ ရှင်းလင်းစွာမသိရပေ။
အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက မူကြိုကျောင်းမှာ ဘုန်းကြီးကျောင်းနှင့် ကပ်လျက်တည်ရှိပြီး ညောင်ကိုင်း၊ စံယား၊ သမင်ရပ် ကျေးရွာများမှ ရောက်နေသည့် ကလေးငယ်နှင့် မိခင်များပါ ပိတ်မိခဲ့သည်ဟု ပြောသည်။
“စိတ်ပူရတာပေါ့ဗျာ။ တချို့က ကလေးတွေ အမေတွေနဲ့ တကွဲစီ ပြေးရလွှားရ။ ကိုယ့်သားသမီးက ဘယ်မှာမှန်းမသိ။ တချို့ မျက်မမြင်၊ အဘိုးကြီးအို၊ အမယ်ကြီးအိုတွေကလည်း တောင်စမ်းမြောက်စမ်းနဲ့ တိမ်းရှောင်နေကြရတာပေါ့” ဟု ၎င်းက ပြောသည်။
ဖမ်းခံခဲ့ရသူများထဲတွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း လာတက်သည့် အသက် ၁၀ နှစ်မှ ၁၆ နှစ်ကြား ၃၀ ဦး၊ ထိုကလေးများကို ကျောင်းလာပို့သည့် မိဘအုပ်ထိန်းသူများလည်း ပါဝင်သည်ဟု ထိုသူ့ထံမှ သိရသည်။
ချင်းပုန်းရွာမှ ထွက်ပြေးတိမ်းရှောင်နေသူများ တစ်အိမ် တစ်ယောက် ပြန်လာရန်၊ မလာလျှင် နေအိမ်များကို ချိပ်ပိတ်မည်ဟု ယမန်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က လိုက်လံကြေညာနေသော်လည်း မပြန်ရဲကြဟု အထက်ပါ အမျိုးသားက ပြောသည်။
“အိမ်တွေ လေး၊ ငါး လုံးလောက် မီးလောင်တယ်လို့လည်း ကြားတယ်။ ကားတွေလည်း တော်တော်များများ မီးရှို့တယ်လို့ ကြားတယ်။ ကျွန်တော်တို့ကတော့ ရွာထဲ မဝင်ရဲလို့ မဝင်ဘူး” ဟု သူက ယမန်နေ့ ညနေပိုင်း စစ်သားများ ရွာထဲရှိနေချိန်တွင် ပြောသည်။
ထိုဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေသည်ဆိုသည့် YMB PDF မှ ကိုဘိုဦးက စစ်တပ်က ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို လူသားဒိုင်းသဖွယ် ဓားစားခံလုပ်ထား၍ အခက်တွေ့နေသည်ဟု ယမန်နေ့က ဆိုသည်။
“လူအသေအပျောက်ကတော့ အခုထက်ထိ မကြားရသေးဘူ။ ပိတ်မိနေတဲ့ ကလေးတွေတော့ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတယ်။ ဒီလိုမျိုးပိတ်မိနေတယ်။ ရွာကို မီးတိုက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့လဲ ဘယ်လိုပဲဖြစ်ဖြစ် ပစ်ဝင်ရတော့မှာပဲ” ဟု ကိုဘိုဦးက ပြောသည်။
ယမန်နေ့ စစ်ကောင်စီသတင်းစာများတွင် စစ်တပ်က ရွာကို ဝင်စီးခဲ့သည်ဟု ဖော်ပြထားသည်။
“သတင်းအရ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား လိုအပ်သည့် စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး ချဉ်းကပ်စဉ် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်နှင့် အနောက်ဘက်သို့ ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်” ဟု စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။
ရုပ်အလောင်းတချို့နှင့် ဒေသထွက်သေနတ် ၂၂ လက် ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပေ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ထားပြီး ပြင်းထန်စွာရှုတ်ချသည်ဟု ဆိုထားသည်။
ချင်းပုန်းရွာတွင် ၅ နှစ်အောက် မူကြိုအရွယ် ၈၀ ဦးနှင့် ၁၂ နှစ်အောက် ကလေးများ အဖမ်းခံရသည်ဟု NUG က ယမန်နေ့က အတည်ပြုထားသည်။
ကလေးများလွတ်မြောက်ရေး၊ ဘေးကင်းရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုများကို ကုစားနိုင်ရေး ကူညီကြပါရန် NUG ၏ လူ့အခွင့်အရေးဌာနက နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့သည်။
ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံမှုများပေါ်လာပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများပါဝင်သည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသော်လည်း အချိန်တိုအတွင်း PDF အဖွဲ့များ အားကောင်းမောင်းသန် ထူထောင်လာနိုင်သည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်တပ်က အလုံးအရင်းဖြင့် စစ်ဆင်နေသည်။
စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်နေပြီး ထိုဒေသအတွင်းရှိ ကျေးရွာများကို တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်း၊ နေအိမ်များကို မီးရှို့၊ ဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်အထိ ကြမ်းတမ်းစွာနှိမ်နင်းနေသည်။
Myanmar Now News
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ
လွန်ခဲ့သည့်လများအတွင်း တယ်လီနော သုံးစွဲသူ ၁၈ သန်း၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးမြင့်လာခဲ့သည်။ တယ်လီနော၏ ထွက်ခွာမှုသည် ထောင်ပေါင်းများစွာသော သုံးစွဲသူများ၏ အချက်အလက်များကို အကြမ်းဖက်စစ်တပ်မှ ရယူမည့် အန္တရာယ်အတွက် စိုးရိမ်နေကြရသည်။
တယ်လီနောအုပ်စုနှင့် နော်ဝေအစိုးရတို့အား ကုမ္ပဏီရောင်းချမှု ချက်ချင်းရပ်တန့်ရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခဲ့ကြသည်။ ထပ်လောင်းစိုးရိမ်ပူပန်မှုများမှာ အရပ်သားပြည်သူများအား ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို အကြမ်းဖက်စစ်တပ်မှ ဆက်လက်ကျူးလွန်ရန် ငွေကြးထောက်ပံ့မှုများ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။
တယ်လီနောအုပ်စု၏ အခြေခံလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နော်ဝေဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖိုရမ်တို့မှ တယ်လီနော၏ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားစာတင်သွင်းခဲ့သည်။ တယ်လီနောဘုတ်အဖွဲ့ဝင်များနှင့် နော်ဝေအာဏာပိုင်များသည် ‘လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီဆောင်ရွက်ပေးခြင်း’ ဖြစ်သည်ဟု မှတ်ချက်ပြုသူများထဲတွင် ထိပ်တန်းတရားသူကြီးတစ်ဦးလည်း ပါဝင်သည်။ သုံးစွဲသူများ၏ အချက်အလက်ကို ကာကွယ်ရမည် ဖြစ်သည်။အကြမ်းဖက်စစ်အာဏာရှင်၏ အသံသည် မြန်မာပြည်သူတို့ကို ကိုယ်စားမပြုပါ။ သို့သော်လည်း နိုင်ငံတကာဆက်သွယ်ရေးအင်စတီကျု့ (IIC)သည် အာဏာသိမ်းစစ်ရာဇဝတ်ဂိုဏ်းအား မြန်မာစစ်အာဏာရှင်အုပ်စုအတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ခဝါချကူညီပေးနေပြီး စစ်အာဏာရှင် ကိုယ်စားပြု ဆက်သွယ်ရေးညွန်ချုပ်အား နိုင်ငံသားနှင့် သုံးစွဲသူများကို ကာကွယ်ပေးခြင်း ဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးရန် ဖိတ်ကြားခဲ့သည်ကို Justice for Myamar ၏ အဆိုအရ သိရှိရသည်။ သတင်းထောက်များအား ပွဲမတက်ရန် ပိတ်ပင်ထားခြင်းသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၏ နောက်ထပ်သက်သေများပင်ဖြစ်သည်။
တစ်နှစ်ကျော်ကြာပြီးနောက် မြန်မာနိုင်ငံရှိ ပြည်သူတို့၏ အသံများသည် ယခင်ကထက် ပိုမို ပြတ်သားလာပါသည်။ မြန်မာပြည်သူတို့အား မည်သည့် တရားမဝင် အကြမ်းဖက်စစ်အာဏာရှင်များ၏ အဖွဲ့ဝင်မှ ကိုယ်စားမပြုရပါ။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ကရင်ပြည်နယ်
ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ရွာသားများသည် မတည်မငြိမ်ဖြစ်နေသော ပဋိပက္ခ နောက်ကွယ် မသေချာမရေရာ ဖြစ်နေဆဲဖြစ်သော ၎င်းတို့အနာဂတ်အတွက် စိုးရိမ်နေကြသည်။ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ် ကမ်းနံဘေးတစ်လျှောက်တွင် ခိုလှုံနေကြရသည်။ ဒေသခံအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် လေးကေကော်ဒေသမှ ရွာသား ၁၀၀၀၀ နှင့် အနီးနားမှ ရွာသား (ခန့်မှန်းခြေ ၄၀၀၀) ခန့် သည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ရေသော စစ်ဘေးရှောင်များအတွက် ထိုင်းနိုင်ငံ၏ အကူအညီသည် အကန့်အသတ်ရှိနေသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် မယ်ကော်ကင်း ယာယီစစ်ဘေးရှောင်စခန်းကိုထိုင်းအာဏာပိုင်တို့မှ ပိတ်သိမ်းခဲ့သည်။ ထိုအချိန်ကတည်းမှစ၍ စစ်ဘေးရှောင်တို့ လိုအပ်ချက်များသည် အဆမတန် ပိုမိုများပြားလာခဲ့သည်။
ကရင်နီ (ကယား) ပြည်နယ်
ကရင်နီ (ကယား) ပြည်နယ်တွင် တိုက်ပွဲများကြောင့် လူပေါင်း ၁၇၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး တော်လှန်ရေးအင်အားစုများမှ အပြင်းအထန် တော်လှန်တိုက်ခိုက်မှုကြောင့် ပြည်နယ်၏ ၁၀ % ကိုသာ စစ်အာဏာရှင်မှ ထိန်းချုပ်နိုင်တော့သည်။ ပြည်နယ်တစ်ဝှမ်းရှိ အဆောက်အအုံများနှင့် တောတောင်များတွင် အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ ခန့် တိမ်းရှောင် ခိုလှုံနေကြရသည်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)နှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့ပူးတွဲထုတ်ပြန်သည့်“ကမ္ဘာကြီး သိပါစေ” ဆိုသည့် အစီရင်ခံစာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ အရပ်သားတို့၏ ဘဝများအား အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်ရန် အာဏာသိမ်းစစ်တပ်အား အကြိမ်ကြိမ် တောင်းဆိုသော်လည်း ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စစ်ဘေးသင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် နှစ်ပတ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား လေးဆယ်ခန့် သေဆုံးခဲ့သည်။ သေဆုံးသူများတွင် မြို့နယ်လေးခုမှ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သည်။ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အတွင်း အကြမ်းဖက်စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ရွာသား ၃၈ ဦး သေဆုံးခဲ့သည်။ မြေလှန်အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ မင်းကင်းနှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာလေးရွာတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီးနောက် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ စီးနင်းမှုအတွင်း မုဿာကျေးရွာရှိ နေအိမ် ၂၀၀ အနက် ၁၇၈ လုံးနီးပါး မီးလောင်ကျွမ်းခဲ့သည်။ ထို့အပြင် မောက်တက်ကျေးရွာတွင်လည်း အိမ်ခြေ ၁၅၀ အနက် ၁၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် PDF စခန်းတစ်ခုရှိ သင်တန်းဆင်းပွဲတစ်ခုတွင် လေကြောင်းဖြင့် တိုက်ခိုက်ခံရပြီးသည့်နောက် အရပ်သား အလောင်း ၁၁ လောင်းကိုတွေ့ရှိခဲ့သည်။ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဒါဇင်နီးပါသေဆုံးခဲ့သည်။
တယ်လီနောမြန်မာ ရောင်းချမှုကို စုံစမ်းစစ်ဆေးရန် နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့်
လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နှင့် ပတ်သက်၍ နော်ဝေဥပဒေကို ချိုးဖောက်နိုင်ဖွယ်ရှိနေပြီး တယ်လီနောအုပ်စု အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌတို့ကိုပါ စုံစမ်းစစ်ဆေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်က တောင်းဆိုသည်။
နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီက ၎င်း၏မြန်မာနိုင်ငံတွင်ရှိသော ကုမ္ပဏီခွဲကို ရောင်းချမှုနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်မမြောက် စုံစမ်းစစ်ဆေးပေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၁ တွင် နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့် တိုင်ကြားလိုက်သည်။
တယ်လီနောမြန်မာအား စစ်တပ်နှင့် ဆက်နွှယ်နေသော ကုမ္ပဏီထံ ရောင်းချမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် မြန်မာပြည်ရှိ တယ်လီနောသုံးစွဲသူများ၏ ဖုံးခေါ်ဆိုမှုမှတ်တမ်းများကဲ့သို့သော အချက်အလက်လုံခြုံရေး ကျိုးပေါက်နိုင်မှုနှင့် ပတ်သက်၍ တယ်လီနောကုမ္ပဏီ၏အကြီးအကဲများကို စုံစမ်းစစ်ဆေးပေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၀ ပါဝင်သည့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နော်ဝေဖိုရမ် (ForUM) က နော်ဝေရဲတပ်ဖွဲ့နှင့် ရှေ့နေချုပ်ထံ အမှုဖွင့်တိုင်ကြားလိုက်ခြင်းဖြစ်သည်။
တယ်လီနောအုပ်စု အမှုဆောင်အရာရှိချုပ် Sigve Brekke နှင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Gunn Waersted တို့ကို စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း၊ တယ်လီနောမြန်မာရောင်းချတွင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နော်ဝေနိုင်ငံ၏ ရာဇသတ်ကြီးဥပဒေ အခန်း ၁၆ ပါ အချက်များကို ချိုးဖောက်နိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ForUM က ဆိုသည်။
နော်ဝေအစိုးရမှာ တယ်လီနောအုပ်စုတွင် ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်။
တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ ယခုလအတွင်း အပြီးသတ်ရောင်းချရန်ရှိပြီး စစ်တပ်နှင့် ဆက်နွှယ်မှုရှိသည့် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာအများစု ပိုင်ဆိုင်မည်ဖြစ်ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။
ထိုသို့ ရောင်းချရာတွင် တယ်လီနောမြန်မာကွန်ရက် အသုံးပြုသူ ၁၈ သန်းကျော်နှင့် ဆိုင်သည့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ တည်နေရာနှင့် အခြားအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကာ စစ်တပ်အနေဖြင့် ဆန့်ကျင်သူများကို ဖိနှိပ်ရာတွင် အသုံးချသွားနိုင်သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ခံအရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အရပ်သား ၁၅၀၀ ကျော်ကို သတ်ဖြတ်ကာ ၁၂,၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်။
“မြန်မာနိုင်ငံအခြေအနေအရ ဒီဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေက လက်နက်တစ်မျိုးအဖြစ် ယူဆနိုင်ပါတယ်” ဟု ForUM ၏ အထွေထွေမန်နေဂျာဖြစ်သူ Kathrine Sund-Henriksen က ပြောသည်။
“ဒါက အရေးပေါ်ကိစ္စပါ။ အပြီးသတ်ရောင်းချမှုမတိုင်ခင် ရက်အနည်းငယ်အတွင်း ဆောင်ရွက်ရမဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာရှိတဲ့ သန်းနဲ့ချီသော တယ်လီနောအသုံးပြုသူတွေအပေါ် အလွန်အရေးကြီးတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
တယ်လီနောက အချက်အလက်များ ပေးအပ်လိုက်ခြင်းသည် ဖမ်းဆီးခံရမှုများ၊ နှိပ်စက်ခံရမှုများနှင့် သတ်ဖြတ်ခံရခြင်းများ ထပ်မံဖြစ်ပွားစေနိုင်သည်ဟု ForUM ၏ အကြံပေးပညာရှင်ဖြစ်သူ Diego Alexander Foss က ပြောသည်။
နော်ဝေရာဇသတ်ကြီးဥပဒေအရ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုမြောက်ပါက ထောင်ဒဏ် နှစ်ပေါင်း ၃၀ အထိ ချမှတ်နိုင်သည်။
နော်ဝေအရပ်ဘက်ဖိုရမ်၏ ဥပဒေကြောင်းအရတိုင်ကြားချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ Cathrine Stand Lund က အတည်ပြုသည်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တယ်လီနောအနေနဲ့ ဒဏ်ခတ်အရေးယူမှု၊ လူ့အခွင့်အရေး၊ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုနဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံမှုအတွက် အဆက်မပြတ် သုံးသပ်ခဲ့ပါတယ်။ ဒီလိုသုံးသပ်မှုတွေအရ ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့အထောက်အထား မရှိပါဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့က Myanmar Now နှင့် အင်တာဗျူးတွင် နော်ဝေတရားသူကြီး Hanne Sophie Greve က အဆိုးဆုံးဖြစ်လာနိုင်ခြေရှိသည်ကို သတိပေးပြောကြားရာမှာ တယ်လီနောနှင့် နော်ဝေအစိုးရ တာဝန်ရှိသူများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
တယ်လီနောအနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်ခြင်းမရှိသည့် တာဝန်သိဝယ်လက်ထံ ရောင်းချခြင်း သို့မဟုတ် ထိုသို့တာဝန်သိဝယ်လက်ရှာမတွေ့ပါက ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို ပိတ်ချခြင်းပြုလုပ်နိုင်သည်ဟု သူက ဆိုသည်။
မည်သည့်အခြေအနေတွင်ဖြစ်စေ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းမရှိစေရန် တယ်လီနောအုပ်စု စီမံခန့်ခွဲသူများနှင့် ကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် နော်ဝေအစိုးရတွင် တာဝန်ရှိသည်ဟုလည်း တရားသူကြီး Greve က ပြောသည်။
“ဝယ်မဲ့သူက လက်ခံနိုင်ဖွယ်ရှိတယ်ဆိုတာမျိုး တယ်လီနောက သက်သေပြနိုင်ရမယ်။ မြန်မာနိုင်ငံက အသုံးပြုသူ ၁၈ သန်းကျော်နဲ့ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ပတ်သက်လို့ သံသယကင်းရှင်းတဲ့ ဝယ်သူဖြစ်ရမယ်” ဟု သူက ပြောသည်။
အာဏာသိမ်းပြီး နှစ်ပတ်ခန့်အကြာမှစ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် စစ်တပ်က တယ်လီနောထံ စာပို့ကာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် ပတ်သက်၍ အကြိမ် ၂၀၀ ထက်မနည်း တောင်းခံခဲ့ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။
စစ်တပ်က အချို့သော တယ်လီနောနံပါတ်များကို တစ်လတာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ အချို့သော နံပါတ်များကို လေးလမှ ခြောက်လတာအထိ မှတ်တမ်းများ တောင်းခံခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ဆိုသောကြောင့် တယ်လီနောမြန်မာကလည်း စစ်တပ်၏ တောင်းခံချက်အတိုင်း သုံးစွဲသူများ၏ အချက်အလက်များကို ပေးခဲ့ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။
“စစ်တပ်က တောင်းတာက တယ်လီနောတင်မကဘူး၊ ကျန်တဲ့ MPT၊ Ooredoo နဲ့ Mytel တွေလည်း ပါတာပဲ။ ဒီစစ်တပ်က တောင်းလာတဲ့ နံပါတ်တွေတော်တော်များများဟာ စစ်ကြောရေးမှာ ရိုက်နှက်.. နှိပ်စက်ပြီးတော့မှ ရလာတဲ့နံပါတ်တွေလို့ ပြောလို့ရတယ်။ သွေးစွန်းနေတဲ့နံပါတ်တွေလို့ ပြောလို့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသတင်းရင်းမြစ်က ဆိုသည်။
နော်ဝေရှိ တယ်လီနောရုံးချုပ်မှ တာဝန်ရှိသူကလည်း စစ်ကောင်စီ၏ အချက်အလက်တောင်းခံသည့် ညွှန်ကြားချက်များ ရရှိသည်မှာ မှန်ကန်ကြောင်း၊ လိုက်နာဆောင်ရွက်ပေးခဲ့ရကြောင်း သဘောသက်ရောက်သည့်မှတ်ချက်ပြုသည်။
“တည်ဆဲဥပဒေဘောင်အရ ဒီညွှန်ကြားချက်တွေကို မလိုက်နာခြင်း ဒါမှမဟုတ် ချိုးဖောက်မယ်ဆိုရင် တယ်လီနောဝန်ထမ်းတွေအတွက် လုံးဝ လက်ခံနိုင်ဖွယ်မရှိတဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်” ဟု တယ်လီနောရုံးချုပ်မှ ဆက်သွယ်ပြန်ကြားရေး ဒါရိုက်တာဖြစ်သူ Cathrine Stang Lund က ပြောသည်။
စစ်တပ်အဆက်အနွယ်ကုမ္ပဏီထံ တယ်လီနောမြန်မာရောင်းချမှုကို တားဆီးပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက နော်ဝေဝန်ကြီးချုပ် Jonas Gahr Store ထံ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စာပို့တောင်းဆိုခဲ့သည်။
တယ်လီနောတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် နော်ဝေအစိုးရအနေဖြင့် တယ်လီနောမြန်မာရောင်းချမှုကို နောက်ကြောင်းပြန်လှည့်ရန် သို့မဟုတ် ရွှေ့ဆိုင်းထားရန် ဒူဝါလရှီးလက တောင်းဆိုသည်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေးအကြံပေး Mathias Rongved က နော်ဝေသတင်းစာ Verdens Gang (VG) အား ပြောကြားရာတွင် နော်ဝေကုမ္ပဏီများအနေဖြင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ဆိုသည်။
နော်ဝေလွှတ်တော်အမတ်များဖြစ်သည့် Geir Jorgensen နှင့် Tage Pettersen တို့က နော်ဝေအစိုးရအနေဖြင့် မြန်မာပြည်သူများ၏ ဘဝကို အန္တရာယ်ကျရောက်စေနိုင်သည့် အချက်အလက်လွှဲပြောင်းပေးခြင်းကို တားဆီးရန် တယ်လီနောမြန်မာရောင်းချမှုကို ဆိုင်းငံ့ထားရန် လွှတ်တော်သို့ အဆိုပြုချက်တင်သွင်းထားသည်။
ထိုအဆိုပြုချက်အတွက် နော်ဝေအစိုးရ၏ တာဝန်ရှိဝန်ကြီးဌာနဖြစ်သော ကုန်သွယ်ရေး၊ စက်မှုနှင့် ငါးလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ခြောက်ရက်အတွင်း ဖြေကြားပေးရမည်ဖြစ်သည်။
Myanmar Now News
တန့်ဆည်ရှိ ရွာလေးရွာတွင် အိမ်ခြေ ၈၀ နီးပါး စစ်တပ်မီးရှို့သွား
ဖေဖော်ဝါရီလဆန်းမှစ၍ အင်အား ၁၅၀ ခန့်ဖြင့် ထိုဒေသသို့ ရောက်လာသည့် စစ်ကြောင်းက နှစ်ပတ်အတွင်း ထိုသို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း ရွာခံနှင့် PDF တို့က အတည်ပြုသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် နှစ်ပတ်အတွင်း စစ်တပ်က မီးရှို့သည့် ကျေးရွာလေးရွာအထိ ရှိနေပြီး အိမ်ခြေ ၈၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရွာခံနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အတည်ပြုသည်။
ထိုဒေသအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ အင်အား ၁၅၀ နီးပါးရှိသည့် စစ်ကောင်စီစစ်ကြောင်းက တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကာ ပုတီးရွာတွင် အိမ် ၂၀ နီးပါး၊ ပေချောင်ရွာတွင် လေးလုံး၊ ခရုတောရွာတွင် ၁၅ လုံးနှင့် ကပေါင်းကျရွာ ၃၉ လုံး မီးရှို့ခံရသည်ဟု တန့်ဆည် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်အတွင်း စစ်တပ်က ၁၃ ကြိမ် စီးနင်းခဲ့သည့် ကပေါင်းကျရွာသို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်တပ် ထပ်ရောက်လာကာ ယနေ့(ဖေဖော်ဝါရီ ၁၄) နံနက်ပိုင်းအထိ လေးရက်ကြာ တပ်စွဲခဲ့သည်ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ သုံးထောင်ကျော်နေထိုင်သည့် ကပေါင်းကျရွာခံများမှာ မကြာခဏ ရန်ရှာခံနေ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ပြီး ယခုတစ်ကြိမ် စစ်တပ်မွှေချိန်တွင် ကျေးရွာ၌ မည်သူမျှမရှိ ဟု ၎င်းထံမှ သိရသည်။
“ကျွန်တော်တို့ ရှောင်နေတာက သုံးလဝန်းကျင်လောက် ရှိသွားပြီ။ သူတို့ပြန်သွားတဲ့အချိန်မှာ ရှိတဲ့ပစ္စည်းလေးသယ်ပြီးတော့ တောထဲမှာ ပုန်းရှောင်နေရတော့တာပဲ။.. ရွာရဲ့ စီးပွားရေးကတော့ ရှိတဲ့စပါးလေးတွေ ဟိုနားဖွက်၊ ဒီနားသိုနဲ့“ဟု ထိုရွာခံက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ကပေါင်းကျရွာမှ ထွက်လာသည့် စစ်ကြောင်းကို ဒေသခံအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု အထက်ပါ တန့်ဆည် PDF တာဝန်ရှိသူက ပြောသည်။ အသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
တန့်ဆည် PDF ၏စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ကျော်တွင် မြို့နယ်အတွင်း၌ စစ်တပ်က မီးရှို့သည့် နေအိမ် ၁၂၀ ကျော်၊ ရိုက်ချိုးဖျက်ဆီးသွားသည့် နေအိမ် ၂၂၀ ကျော်ရှိပြီဟု သိရသည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် တန့်ဆည်မြို့နယ်သည်လည်း ပါဝင်ရာတွင် စစ်တပ်က PDF အားကောင်းသည်ဟု ယူဆသော ရွာများကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း အထက်ပါ ကပေါင်းကျရွာခံက သုံးသပ်သည်။
“ကျွန်တော်တို့ရွာကတော့ ရိုးသွားပြီ။ ခရုတောဆိုရင် ဝင်ပြီး အိမ်တွေမီးရှို့သွားတယ်။ ကျွန်တော်တို့ရွာဆိုရင် ရှိတဲ့ပစ္စည်းက အကုန်သယ်ပြီးပြီ။ ကျွန်တော်တို့ကတော့ ရွာစွန့်ထားတယ်။ ဘယ်သူ့အိမ်ပဲရှို့ရှို့ သိပ်လည်းမဖြစ်တော့ဘူး။ (အာဏာရှင်စနစ် အမြစ်ဖြုတ်ရန်) အောင်မြင်ရေးသာ ဂရုစိုက်ပြီး လုပ်နေကြတာချည်းပဲ”ဟု ၎င်းက ပြောသည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်တွင် ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းမှ ကျေးရွာများကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ စစ်တပ်က ဖျက်ဆီးမှုများ တောက်လျှောက်လုပ်နေသည်။
ထို့ပြင် လေကြောင်းပါသုံး၍ ပစ်ခတ်တိုက်ခိုက်နေသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။
Myanmar Now News