စစ်ကိုင်းတိုင်း ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဒီပဲယင်း၊ တန့်ဆည်၊ ကောလင်း၊ မြောင် စတဲ့ မြို့နယ်ထဲက ရွာတွေမှာ PDF တွေကို သင်တန်းပေးနေတယ်၊ PDF တွေကို ထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တပ်က လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး တိုက်ခိုက် ခဲ့တာကြောင့် RFA က လက်လှမ်းမီ သလောက် ပြုစုထားတဲ့စာရင်းတွေအရ ဖေဖော်ဝါရီ တစ်လတည်းမှာတင် အရပ်သား ၄၇ ဦး သေဆုံးခဲ့တာ တွေ့ရပါတယ်။

အများစုဟာ မသေဆုံးခင် ညှဥ်းပန်းနှိပ်စက်ခံရတာရှိသလို၊ အသက်ရှင်လျက်နဲ့ မီးရှို့ သတ်ဖြတ်ခံရတာ၊ အမျိုးသမီးတွေဆိုရင် အဓမ္မကျင့်ခံရတာကို ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မွေ့တုံရွာက သစ်ခုတ်သွားတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ် တစ်ဦးနဲ့ အရပ်သား သုံးဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျွန်တော့်တူလေးက တောင်ပေါ်ကို သစ်သွားခုတ်တာ စစ်ကြောင်းနဲ့တိုးပြီး သတ်ဖြတ်ခံလိုက်ရတယ်၊ ကျွန်တော့် တူလေးက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်၊ တကယ့်ကို ငယ်ပါသေးတယ်၊ ကျွန်တော်တို့ အလောင်း မတွေ့လိုက်ရဘူး၊ တွေ့တဲ့လူတွေ ပြန်ပြောတာကတော့ ဆည်ဘောင်ပေါ်မှာ ဒဏ်ရာ ဗလပွနဲ့ သေနေတယ် လို့ ပြောတယ်။ အခု ကျွန်တော်တို့မှာ သားသမီးတွေလည်း ဆုံးရှုံးသွားပြီ၊ နေစရာ၊ ထိုင်စရာ ကလည်း မီးရှို့ခံလိုက်ရလို့ တော်တော်ကို အခက်အခဲဖြစ်နေတယ်။ ကျွန်တော်တို့မှာ ဥလည်း ကွဲသွားပြီ။ တိုင်လည်း ပျက်သွားပြီ၊ အဲလိုဖြစ်တာ။ ရွာရှိတယ်၊ နေစရာ အိမ် မရှိတော့ဘူး။ ရွာကိုလည်း ပြန်မကပ်ရဲကြဘူး။ တောထဲ၊ တောင်ထဲ နေနေကြရတယ်။ ဘာမှ မရှိတော့ဘူး”

 

သူတို့အားလုံး ပစ်သတ်မခံရခင်မှာ နှိပ်စက်ညှဉ်းပန်းပြီးမှ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာမျိုး ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်လို့လည်း အဲဒီ မိသားစုဝင်က ပြောပါတယ်။

ရွာတွေမှာသာမက မြို့ပေါ်တွေမှာပါ စစ်တပ်က မထင်ရင် မထင်သလို အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတယ်လို့လည်း တန့်ဆည်မြို့က အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပြပါတယ်။

“ဒီက ၂ လပိုင်းထဲမှာတင် စစ်ကြောင်းကြောင့် အသတ်ခံရတာ နှစ်ယောက် ရှိတယ်၊ အသတ်ခံရတဲ့သူက ဆိုင်ကယ်စီးပြီး ရွာထဲကို ဝင်လာတဲ့အချိန်မှာ ဖမ်းခေါ်နှိပ်စက်ပြီး မြေမြှုပ်ထားခဲ့တာ။ မြေမြှုပ်ထားတဲ့အချိန်မှာ ခြေထောက်က အရိုးတွေပေါ်နေတာ။ တစ်ကိုယ်လုံး ရစရာကို မရှိတော့ဘူး။ နောက်ထပ် တစ်ယောက်က ချောင်းဆုံ တာဆုံကို စစ်ကောင်စီတပ်တွေ ဝင်လာတဲ့အချိန်မှာ စပါးလှေ့နေတာ၊ အဲဒါကို စစ်ကောင်စီ တပ်တွေက တွေ့တွေ့ချင်း ပစ်သတ်လိုက်တယ်၊ ပြီးတော့ အိမ်ကို မီးရှို့တော့ အဲဒီလူပါ ပါသွားတာပဲ။ တချို့ရွာတွေဆို လက်နက်ကြီးတွေနဲ့ ထုတယ်။ ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းက ဆိုရင် ခရုတောရွာကို ထုလိုက်တဲ့ လက်နက်ကြီးက နားတောင်းစုံရွာကိုကျပြီး ကလေး တစ်ယောက်နဲ့ မိသားစုဝင် သုံးယောက် ဒဏ်ရာရတယ်။ တော်တော်ကို ဒဏ်ရာ ရသွားတယ်။ အဲဒီလိုဆိုတော့ ရွာက လူတွေက ပြေးကြတာပေါ့”

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်း စစ်ကိုင်းတိုင်း ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ကောလင်း၊ ဒီပဲယင်း၊ တန့်ဆည်၊ မြောင် အပါအဝင် မြို့နယ်ပေါင်း ၃၅ မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ကြား တိုက်ပွဲပေါင်း အကြိမ် ၅၀ နီးပါး ဖြစ်ခဲ့ပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး ကတော့ ရွာတွေကို ဝင်လာသမျှ စစ်သားတွေဟာ အရက်သေစာ သောက်စားထားလို့ မူးရူးနေပြီး မြင်သမျှ နှိပ်စက်ညှဉ်းပန်း နေတာကြောင့် သေဆုံးတဲ့သူ အရေအတွက်ဟာ ခန့်မှန်းလို့တောင်မရဘူးလို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီက ရွာတစ်ရွာကို ဝင်လာရင် ဘယ်တော့မှ မနှိပ်စက်၊ မဖျက်ဆီးဘဲ ထွက်သွားတယ်ဆိုတာ မရှိဘူး။ တချို့က စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ ကျန်နေခဲ့ တယ်။ တချို့က တစ်ချိန်က ကြံ့ခိုင်ရေး အားပေးတဲ့သူတွေ၊ တပ်ထောက်ခံတဲ့သူတွေပါ ဆိုပြီး ကျန်နေခဲ့ တယ်။ ဟိုတစ်နေ့က ရန်ကင်းရွာကို ဝင်တယ်၊ တချို့ကလည်း စစ်တပ်က လာပြီဆိုတာနဲ့ ပြေးကြတာပေါ့၊ တပ်ထောက်ခံတဲ့ သူတွေကျတော့ မပြေးကြဘူး၊ စစ်တပ်က လိုက်ရှာတော့ အိမ်တစ်အိမ်မှာ တပ်ထောက်ခံတဲ့သူ တွေ့သွားတယ်၊ တွေ့သွားတော့ လှမ်းခေါ်တာ ဘာလို့ မထွက်ခဲ့တာလဲပေါ့၊ မူးရူးနေပြီး လှမ်းခေါ်တာ ဟိုကောင်က ကြောက်နေတော့ လှမ်းခေါ်ပြီး နှိပ်စက်တယ်၊ ဟိုကောင်က တပ်ထောက်ခံတဲ့သူပါ၊ ကြံ့ခိုင်ရေးကို မဲထည့်ခဲ့တာပါ ပြောလည်း ရိုက်နှက်တယ်၊ မြေကြီးမှာ လေးဘက်ထောက်ထားတဲ့ အရာတွေ ရှိတယ်၊ ဒါက လိင်အကြမ်းဖက် ထားတာလား၊ ဘာလဲတော့ မသိဘူး၊ နောက် တရွတ်တိုက် ဆွဲသွားတဲ့ အရာတွေရော၊ ထုထောင်းနှိပ်စက်တဲ့ အသံတွေရော အဝေးက ကြားနေရတယ်။ အဲဒီလိုမျိုးတွေပေါ့။ တချို့တွေက သူတို့ကို မလုပ်လောက်ဘူးဆိုပြီး နေခဲ့တယ်၊ စစ်တပ်ကလည်း တစ်ခါတစ်ရံ ဉာဏ်များတယ်၊ တချို့ရွာတွေဆို ဘာမှမလုပ်ဘူး၊ ဘာမှမလုပ်ဘူးဆိုပြီး မရှောင်မိရင် အကုန်စုဖမ်းတယ်။ သေဆုံးမှုက ခန့်မှန်းရခက်လောက်အောင် များနေတယ်၊ စစ်တမ်းကောက်ဖို့ကလည်း တော်တော်ခက်ခဲတယ်”

thapyayaye-village-burn.jpg
၂၀၂၂၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက သပြေအေးရွာကို တွေ့ရစဉ် (Photo: CJ)

စစ်သားတွေဟာ ရွာတွေကို ဝင်ရောက်စခန်းချပြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေကို ယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို ပစ်သတ်တာ တွေကို ပုံမှန်ကျုးလွန်နေတယ်လို့ အမည်မဖော်လိုတဲ့ တန့်ဆည်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာတစ်ရွာကို စဝင်တယ်ဆို သူတို့လုပ်တဲ့ပုံစံအတိုင်း ပတ်မွှေတယ်၊ ပစ္စည်းတွေ ယူတယ်။ ပြီးရင် အနီးဆုံး သူတို့စခန်းကို သယ်တယ်။ သူတို့စိတ်တိုင်းကျ ရပြီဆိုရင် လူတွေကို နှိပ်စက်တယ်၊ အိမ်တွေကို မီးရှို့တယ်၊ ဒါ ကျွန်တော်တို့ရွာရဲ့ ဖြစ်ရပ်ပေါ့။ တခြားရွာတွေလည်း ဒီလိုပါပဲ၊ နှိပ်စက်ပြီး သေသွားရင် ထုံးစံအတိုင်း အကြောင်းပြချက် ပေးတယ်၊ PDF ကို ထောက်ပံ့လို့ ဆိုပြီး ပြောတယ်၊ ကျွန်တော်တို့ ရွာဘက်တွေဆိုရင် ဗိုလ်နဂါးကို ထောက်ပံ့လို့၊ ဗိုလ်နဂါး လာတာကို ကြိုဆိုလို့ဆိုပြီး အကြောင်းပြချက် ပေးတယ်၊ အကြောင်းပြချက် ပေးစရာမရှိရင် ကျွန်တော်တို့ ပရဟိတလုပ်နေတာကို အကြောင်းပြချက်ပေးပြီး နှိပ်စက်သွားကြတယ်”

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက် တစ်စုံတစ်ရာ သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

Data For Myanmar အဖွဲ့ကတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းမှာ လူနေအိမ် အလုံးပေါင်း ၃၁၂၆ လုံး မီးရှို့ခံခဲ့ရပြီး၊ အဲဒီအထဲက ၁၇၃၉ လုံးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တစ်လတည်းမှာတင် ဖျက်ဆီးခံခဲ့ရတာဖြစ်ကြောင်း ဖေဖော်ဝါရီ လကုန်ပိုင်းမှာ သတင်းထုတ် ပြန်ထားပါတယ်။

“စစ်အာဏာရှင်ဆန့်ကျင်ရေးက မလျော့သွားဘူး၊ အရှိန် ပိုကောင်းလာပါတယ်။ အကြောက်တရားအစား နာကြည်းမှုကို အစားထိုးနိုင်လာခဲ့တယ်

စစ်ကိုင်းတိုင်းက ဖြစ်ရပ်တွေကိုကြည့်ရင် စစ်တပ်ဟာ အောက်ခြေတပ်သားတွေကို အရပ်သားတွေအပေါ် သတ်ဖြတ်ခွင့်၊ အဓမ္မကျင့်ခွင့် လိုင်စင်ပေးထားသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပြောဆိုပါတယ်။

“ဒါမျိုး ရက်ရက်စက်စက် လုပ်ပြတဲ့အခါမှာ ပြည်သူတွေက သူတို့ကို ကြောက်လန့်ပြီး တော့ တပ်ဦးကျွံသွားတယ်၊ တပ်ဦးလန်သွားမယ်ဆိုတာ တပ်ဦးကျိုးသွားမယ် အဲလို ရည်ရွယ်တဲ့ သဘောဖြစ်ပေမယ့် ငါတို့ကို ဒီလို လုပ်လာနိုင်တယ်ဆိုပြီး ပြည်သူတွေ စိတ်ဓာတ်ပျက်ပြားသွားမယ် ထင်ထားပေမယ့် ကျွန်တော်တို့ အခုတွေ့နေရတဲ့အခါမှာ သာမန်ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးက မလျော့သွားဘူး၊ အရှိန် ပိုကောင်း လာပါတယ်။ အကြောက်တရားအစား နာကြည်းမှုကို အစားထိုးနိုင်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အကြမ်းဖက်တပ်တွေကို တမင်သက်သက် ကျုးလွန်ခွင့် ပေးထားတဲ့ သဘောပါ၊ အရင်ကပြောခဲ့သလို License to Rape မုဒိမ်းကျင့်ခွင့် လိုင်စင် ပေးပြီး တိုင်းရင်းသားအမျိုးသမီးတွေကို ကျုးလွန်လုပ်ဆောင်ခွင့် ပေးသလိုမျိုး License to Crime လို့ ခေါ်တဲ့ ရာဇဝတ်မှုကျုးလွန်ခွင့် လိုင်စင်ပေးထားသလိုပဲ ဖြစ်ပါတယ်”

စစ်အာဏာသိမ်းတဲ့ တစ်နှစ်ကျော်အတွင်း အပြစ်မဲ့အရပ်သား ၁၆၀၃ ဦး သေဆုံးခဲ့ပြီး၊ ၁၂,၅၃၄ ဦး အဖမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

RFA News

စစ်ကောင်စီတပ် စစ်ကြောင်းထိုးသွားလာလှုပ်ရှားခဲ့သည့်ရွာများမှ ဒေသခံများ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး တွေ့ရှိရသည့် ၃ လောင်းမှာ အရိုးများသာ ပြာပုံအတွင်း ကျန်ပြီး ၂ လောင်းမှာ မီးလောင်ကျွမ်းထားသည် 

ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ်တွင် ယခုလဆန်းပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့ရာ ကျေးရွာနှစ်ခုတွင် မီးလောင်ကျွမ်းထားသည့် အရပ်သားငါးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။​

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာတွင် မတ် ၂ ရက်က ရုပ်အလောင်းသုံးခု၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုတွင် မတ်လ ၄ ရက်က ရုပ်အလောင်းနှစ်ခု တွေ့ရှိခဲ့ခြင်းဖြစ်သည်။​

ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာတွင် တပ်စွဲခဲ့သော စစ်ကောင်စီတပ်က ဒေသခံသုံးဦးကို ပစ်သတ်ကာ နေအိမ်တစ်ခုအတွင်း အလောင်းများထည့်သွင်းလျက် အိမ်ကိုပါ ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် KNDF တပ်ရင်း (၃) ထံမှ သိရသည်။

ရုပ်အလောင်းများမှာ ပြာပုံအတွင်း အရိုးများသာ ကျန်တော့ကြောင်း၊ ရွာထဲရှိ အခြားနေအိမ်တစ်လုံးကိုလည်း မီးရှို့ခဲ့ကြောင်း၊ နေအိမ်များကို မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြောင်း ထိုတပ်ရင်းအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ (မတ် ၇) ပြောသည်။

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာမှ ရုပ်အလောင်းများမှာ အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကပင် သတ်ဖြတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း KNDF ၏ အခြားတပ်ရင်းတစ်ရင်းဖြစ်သော တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့က သာမန်ပြည်သူတွေပဲ။ ကျွန်တော်တို့ဘက်လည်း မပါဘူး။ ဟိုဘက်(စစ်တပ်)လည်း မပါဘူး။ စစ်ကောင်စီ စစ်ကြောင်းထိုးလာတာ ဘယ်သူမှ မသိဘူး။ ရွာသားလည်း တစ်ယောက်မှ မသိဘူး” ဟု ၎င်းက ဆိုသည်။

အမျိုးသမီး၏ မီးကျွမ်းရုပ်အလောင်းကို နေအိမ်ခြံဝင်းထဲရှိ ကျင်းတစ်ကျင်းတွင် တွေ့ရှိရပြီး ရွာထဲရှိ တောင်ကုန်းပေါ်တွင် ပြာပုံထဲ လဲကျသေဆုံးနေသူ အမျိုးသား၏ ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာများ တွေ့ရကြောင်း၊ အသက်အရွယ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

Cremated_body_found_in_kwat_thit_village_nang_phe_village_tract_between_hpruso_and_bawlakhe_kayah_4_march_2022_photo_kndf.jpeg

ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်ကြားရှိ နန်းဖဲကျေးရွာအုပ်စု ကွက်သစ်ကျေးရွာတွင် မီးလောင်ကျွမ်းထားသည့် အမျိုးသားရုပ်အလောင်းအား မတ် ၄ က တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF) ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်ကြားရှိ နန်းဖဲကျေးရွာအုပ်စု ကွက်သစ်ကျေးရွာတွင် မီးလောင်ကျွမ်းထားသည့် အမျိုးသားရုပ်အလောင်းအား မတ် ၄ က တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF)

မတ်လ ၄ ရက် နံနက် ၁၁ နာရီခန့်က အင်အား ၅၀ နှင့် ၁၀၀ ကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ယာလုပ်နေသည့် ရွာသားသုံးဦးကို လမ်းပြခိုင်းကာ တိတ်တဆိတ် စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်ဆုတ်သွားကြောင်း ပြောသည်။

“ကျွန်တော်တွေ့တာက ဘက်တံဆိပ်မှာ ၅၅ ပါတယ် ၆၆ ပါတယ်။ (သူတို့ကို) လေကြောင်းနဲ့ လာပို့မယ်လို့ ယူဆတယ်။ ဟိုး နှစ်ရက်နေ့ကတည်းက ဘောလခဲဘက် ရဟတ်ယာဉ်တွေဆင်းသက်နေတာ ကျွန်တော်တို့တွေ့တယ်”

စစ်တပ်က ပြန်ဆုတ်ချိန်တွင် ကွက်သစ်နှင့် သာယာကုန်းကျေးရွာတွင် နေအိမ်သုံးလုံးနှင့် ကားတစ်စီးကို မီးရှို့ခဲ့ပြီး အဆိုပါနေအိမ်များထဲမှ ပြည်သူသုံးဦး မီးလောင်ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲကြောင့် ဒေါခူသစ်၊ သာယာကုန်း၊ ကွက်သစ်၊ ဘူးခူ၊ စလဲလုံ စသည့်ကျေးရွာများမှ ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ကြရသည်။

ဖရူဆိုနှင့် ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများကို KA(ကရင်နီတပ်မတော်) နှင့် KNDF ပူးပေါင်းတပ်များက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းမှစ၍ ရှမ်းပြည်နယ်၊ မိုးဗြဲဘက်မှတစ်ဆင့် ကရင်နီဒေသအတွင်း စစ်ကောင်စီက ဆက်တိုက် ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်မှာ တစ်လတာနီးပါး ရှိနေပြီ ဖြစ်သည်။

ရွာများ၊ အရပ်သားများကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို စစ်ကောင်စီတပ်က ၎င်းတို့ကို ပြန်ခုခံသူများရှိသည့် ဒေသများအတွင်း ပြုလုပ်နေသော်လည်း ၎င်းတို့က ဝန်ခံခြင်း မရှိပေ။

Myanmar Now News

စစ်ကိုင်းတိုင်းကို အင်တာနက်ဖြတ်ထားသော စစ်တပ်က စစ်ဘေးဒုက္ခသည်များ ခိုလှုံနေသော စခန်းတစ်ခုကို ပစ်ခတ်ခဲ့ပြီး ထိုစခန်းမှ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားသည်။

စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါး အင်တာနက်ဖြတ်တောက်ခံရပြီး ရက်ပိုင်းအကြာ ယမန်နေ့ (မတ် ၆) တွင် စစ်ကောင်စီတပ်က တန့်ဆည်မြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုကို လက်နက်ကြီးနှင့် ပစ်ခတ်ပြီး ဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့မြောက်ဘက် မူးမြစ်ကမ်းအနီး ကျွန်းလည်ရွာတွင် တပ်စွဲထားသည့် စစ်တပ်နှင့် ပျူစောထီးများက ထိုနေရာမှ တစ်မိုင်ခန့်အကွာတွင်ရှိသော မြောက်အင်းရွာအပြင်ဘက်၌ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့်နေရာကို နံနက် ၆ နာရီဝန်းကျင်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပူးပေါင်းအဖွဲ့မှလည်း လက်နက်ကြီးဖြင့် တရစပ် ပြန်လည်ပစ်ခတ်ခဲ့ပြီး တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်။ ကိုယ့်ဘက်ကလည်း လိုက်ပစ်တယ်။ ပျူတွေရဲ့ ဆိုင်ကယ် ၄ စီးထက်မနည်း သိမ်းဆည်းရမိပါတယ်” ဟု သူက ပြောသည်။

ပစ်ခတ်မှုအပြီး စစ်ရှောင်စခန်းမှ အရပ်သား ၄ ဦးကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဆက်ပြောသည်။

စစ်ရှောင်စခန်းသည် အင်ပင်သာ၊ ကျွန်းလည်အပါအဝင် အနီးအနားကျေးရွာများမှ စစ်ဘေးရှောင်များ စုဝေးခိုလှုံနေသည့်နေရာဖြစ်ကြောင်း၊ စစ်ရှောင်အရေအတွက်ကိုမူ သီးခြားကောက်ယူထားခြင်း မရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ပြန်ဆုတ်သွားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယင်းနေ့ နေ့လယ်မှာပင် ကံဘဲ့ရွာသို့ ဦးတည် ချီတက်လာကြရာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲထပ်ဖြစ်ခဲ့သည်။

ကပ်လျက် ကျွန်းလှမြို့နယ်ဘက်မှ အင်အား ၁၁၀ ပါဝင်သည့် စစ်ကြောင်းတစ်ခုသည်လည်း ယနေ့ နံနက်က တန့်ဆည်မြို့နယ် ပုတီးရွာအနီး ရောက်ရှိလာကြောင်း တန့်ဆည်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကလည်း ပြောသည်။

“သူတို့ အခုလောလောဆယ် ပုတီးရွာကို ရောက်နေပြီ။ တပ်တော့မစွဲသေးဘူး။ စစ်ကြောင်းဆက်ထိုးဖို့ တိုင်ပင်နေပုံရတယ်” ဟု အမည်မဖော်လိုသည့် ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းရှိ မြို့ကြီးလေးမြို့မှအပ ကျန်မြို့နယ် ၂၀ ကျော်တွင် မတ် ၃ ညပိုင်းမှစ၍ မိုဘိုင်းအင်တာနက် ဖြတ်တောက်လိုက်ပြီး စစ်တပ်က ထိုဒေသအတွင်း အိမ်မီးရှို့ခြင်းကဲ့သို့ ဖျက်ဆီးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

မြို့နယ် ၈ ခုကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပိတ်ပင်မှုကြောင့် သတင်းအချက်အလက်စီးဆင်းမှုသာမက ငွေကြေးထောက်ပံ့မှုလမ်းကြောင်း အကြီးအကျယ်ထိခိုက်သွားသည်ဟု အထက်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

“ဒေသခံကာကွယ်ရေးအဖွဲ့တွေ အဓိကအားထားနေရတဲ့ ပြည်သူတွေဆီက ထောက်ပံ့တဲ့ ငွေကြေးထောက်ပံ့မှုတွေက မစီးဆင်းသလောက် ရပ်သွားတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီကလည်း အင်အားအများအပြားနဲ့ ဖိလာတယ်” ဟု သူက ပြောသည်။

မတ် ၅ တွင် ခင်ဦးမြို့နယ် ကျေးရွာ ၂ ရွာမှ နေအိမ် ၁၀၀ ကျော်၊ ဒီပဲယင်းမြို့နယ် ဝဘာရွာမှ နေအိမ် ၅၀ ကျော်၊ ကနီမြို့နယ် ချောင်းမရွာမှ နေအိမ် ၂၀ ကျော်၊ မတ် ၆ တွင် ထီးချိုင့်မြို့နယ် သခွပ်ချောင်းရွာမှ နေအိမ် ၁၄ လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းလိုသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းထိုးစစ်အခြေအနေကို သတင်းအမှောင်ချထားဆဲ ဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့မီးရှို့မှုကိုမူ စစ်တပ်က ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း၊ လက်နက်ကိုင်ခုခံသူတို့က ရှို့ခြင်းဖြစ်ကြောင်း ပြန်လည်စွပ်စွဲထားသည်။

Myanmar Now News

စစ်ကိုင်းတိုင်းထဲက ချင်းပုန်းရွာမှာ ဖမ်းဆီးခံထားရတဲ့ မူကြိုကလေး ၁၀၀ ခန့်နဲ့ ဒေသခံ တွေဟာ ဒီမနက်က အဲဒီရွာထဲ တပ်စွဲထားတဲ့ စစ်တပ် ထွက်ခွာသွားတာကြောင့် အားလုံး ပြန်လွတ်မြောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ထွက်သွားပြီးတဲ့ ရွာထဲမှာ အလောင်းတွေ တွေ့ခဲ့ရပြီး အိမ်လေးလုံး မီးရှို့ခံခဲ့ရတယ် လို့ ဒေသခံက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းရွာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေ ဝင်လာပြီးနောက် သုံးရက်အကြာ ဒီနေ့မှာတော့ ရွာထဲကနေ စစ်တပ်ထွက်သွားတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကလေးတွေနဲ့ ရွာသားတွေ ပြန်လွတ်လာပြီလို့ ဒေသခံတွေက RFA ကို ဒီနေ့ ညနေမှာ ပြောပါတယ်။

 

ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်က ယင်းမာပင်မြို့နယ်ထဲက သပြေအေးရွာ၊ ကျောက်ပြုတ်ရွာနဲ့ ဝါးစိမ်းတောင်ဒေသကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက် ခဲ့ပြီး တစ်ချိန်တည်းမှာလည်း ချင်းပုန်းရွာထဲမှာ ရောက်နေတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီတပ် ထွက်ခွာသွားခဲ့တာလို့ ဒေသခံက ဆိုပါတယ်။

ရွာထဲကို ဝင်လို့ရတဲ့အခါမှာတော့ သေဆုံးနေတဲ့ အလောင်း ၁၃ လောင်း တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“စာသင်ကျောင်းထဲမှာ တွေ့ခဲ့တာ။ အဲဒီအကိုတစ်ယောက် ကလေးသွားခေါ်ရင်း စာသင်ကျောင်းထဲ တွေ့ခဲ့တာ။ တစ်နေရာမှာ လေးလောင်း၊ တစ်နေရာမှာ နှစ်လောင်း၊ တစ်နေရာ တစ်လောင်းကို ပြောတာ၊ အဲဒါဆို ခုနှစ်လောင်း။ အခုတစ်ခါ ဘုန်းကြီး ကျောင်းရဲ့ တောင်ဘက် မူကြိုကျောင်း အပေါက်ဝမှာက ခြောက်လောင်း တွေ့တယ်။ အဲဒီမှာ မိန်းကလေး တစ်လောင်းပါတယ်။ ၁၃ လောင်းပေါ့။ ညီမတို့ရွာက နှစ်ယောက် ဖမ်းမိသွားတယ်လေ။ ဟိုလေယာဉ် (ရဟတ်ယာဉ်) နဲ့ လာသွားတာ နှစ်ယောက် ပါသွားတယ်”

ဒီနေ့ စစ်တပ်ထွက်သွားပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစလို့ ဖမ်းဆီးခံထားရတဲ့ မူကြိုကလေး ၁၀၀ ဝန်းကျင်၊ မူကြို ဆရာ၊ ဆရာမ ကိုးယောက်နဲ့ ရွာသားတွေကို ဒေသခံတချို့ သွားရောက် ခေါ်ယူပြီး လုံခြုံတဲ့နေရာကို ပို့ခဲ့တယ်လို့ သူက ပြောပါတယ်။

ရွာထဲမှာ စစ်တပ်မရှိတော့ပေမယ့် ဗုံးထောင်ထားမှာ စိုးရိမ်ရတာကြောင့် အလောင်း သွားမကောက်ရဲကြသေးသလို ရွာထဲပြန်နေထိုင်ဖို့ကိုလည်း လုံခြုံရေး စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

warplane-chinpone.jpg
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာအနီးမှာ ၂၀၂၂ ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီ ရဟတ်ယာဉ်ကို တွေ့ရစဉ် (Photo: CJ)

ဒီမနက် စစ်ကောင်စီတပ် မထွက်သွားခင်ကလည်း ချင်းပုန်းရွာထဲက နေအိမ်တချို့နဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အဲဒီ မီးခိုးလုံးတွေကို တစ်မိုင်အတွင်းမှာရှိတဲ့ ရွာတစ်ရွာကနေ လှမ်းမြင်နေရတယ်လို့ အနီးနားက ရွာခံတစ်ယောက်က ပြောပြပါတယ်။

“မီးခိုးတွေ ဒီကကို လှမ်းမြင်နေရတာ။ အခုလည်း လေယာဉ်ပျံ (ရဟတ်ယာဉ်) ရှိနေတယ်။ ဒီရွာက အဲဒီကို သင်တန်းဆင်းသွားသူတွေရဲ့ ဆိုင်ကယ်တွေရော မီးရှို့ခံရတာတဲ့။ အဲဒီမှာ မီးခိုးတွေကို လုံးတက်နေတာ။ အိမ်တွေကတော့ မနေ့ညက ဘယ်သူက တူမီးနဲ့ပစ်လဲတော့ မသိဘူး။ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာ အဲဒီဘက်က တိုက်လေးတစ်လုံးကတော့ ကြွသွားတယ်။ လက်နက်ကြီးနဲ့ ပစ်ချလိုက်လို့။ ရွှေတွေလည်း အကုန်ယူတာတဲ့၊ ပိုက်ဆံတွေလည်း မြေကြီးတူး မြှုပ်ထားတာတဲ့။ ဗုံးတွေရော၊ လက်နက်တွေရော အကုန်ရတဲ့ အဲဒီအိမ်တွေကို ဖြိုဖျက်ပစ်တာတဲ့”

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ချင်းပုန်းရွာ အရှေ့ပိုင်းမှာ နာရေးလုပ်နေချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ရွာအနောက်ပိုင်းက ဒေသခံ ကာကွယ်ရေး တပ် သင်တန်းဆင်းပွဲကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

အဲဒီလို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီးနောက် နောက်ထပ် ရဟတ်ယာဉ် နှစ်စင်းက ချပေးတဲ့ စစ်ကောင်စီ တပ်သား ၄၀ လောက်ရွာထဲကို ဝင်လာတာကြောင့် ဒေသခံတချို့ ထွက်ပြေး ခဲ့ရပြီး ထွက်မပြေးနိုင်တဲ့သူတွေ အဖမ်းခံရတာလို့ ချင်းပုန်းရွာကနေ ထွက်ပြေး လွတ်မြောက်လာသူက ပြောပြပါတယ်။

“ပိတ်မိနေတာ မဟုတ်ပါဘူး။ ကလေးငယ်တွေ အားလုံးကို သူတို့က ဓားစာခံအဖြစ် ခေါ်ထားတဲ့အခြေအနေ ဖြစ်ပါတယ်”

ဒေသတွင်း ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်က ကိုခန့်ကတော့ ချင်းပုန်းရွာမှာ ဒေသခံတွေကို စစ်ကောင်စီတပ်က သုံးရက်ကြာ ဖမ်းဆီးခဲ့တာဟာ လူသားဒိုင်း လုပ်ထားတာလို့ ပြောပါတယ်။

“အဓိကကတော့ သူတို့ကို လာတိုက်မှာ ကြောက်တဲ့အတွက်ကြောင့် လူသားဒိုင်းအဖြစ် ခေါ်ထားတဲ့ သဘောမျိုး ဖြစ်တာပေါ့။ ခုနပြောတဲ့အထဲမှာ ပိတ်မိနေတာ မဟုတ်ပါဘူး။ ကလေးငယ်တွေ အားလုံးကို သူတို့က ဓားစာခံအဖြစ် ခေါ်ထားတဲ့အခြေအနေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အင်အားက အရမ်းနည်းတဲ့အတွက် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရမယ့် ပုံစံမျိုးမှာ သူတို့ဘက်က အထိနာမှာ ကြောက်တဲ့ အတွက်ကြောင့် အားလုံးတစ်ယောက်မကျန် အရှင်းပြန်နိုင်တဲ့ အနေအထား မရှိပါဘူး။ အဲဒီအတွက် ဒေသခံတွေသာ ဖမ်းပြီး လွှတ်ပေးလိုက်မယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံး မျိုးပြုတ်မယ့် အနေအထားတော့ ရှိတာပေါ့နော်”

စစ်ကောင်စီဘက်ကတော့ ချင်းပုန်းရွာမှာ PDF တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ သတင်းရတဲ့ အတွက် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ဝင်စစ်ဆေးတဲ့အခါ တိုက်ပွဲဖြစ်ခဲ့သလို၊ အဲဒီနောက်မှာ PDF အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး အလောင်းတချို့ တွေ့ရပြီး၊ လက်လုပ် သေနတ်၊ လက်လုပ် စိန်ပြောင်းနဲ့ လက်နက်ခဲယမ်းတွေ အပါအဝင် ကားခြောက်စီး၊ ဆိုင်ကယ် ၄၅ စီး သိမ်းဆည်းရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် ပြီးခဲ့တဲ့ စနေနေ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီရွာထဲက နောက်ဆုံးအခြေအနေတွေ အတည်ပြုနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“PDF အမည်ခံ အကြမ်းဖက်တွေ သင်တန်းလုပ်တာရှိတယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဝင်စီးရာမှာ အရှင်မိတဲ့သူတွေရှိတယ်၊ သေနတ် ရှစ်လတ်၊ လက်လုပ်စိန်ပြောင်း လေးလတ်၊ လက်လုပ်ဗုံး စိန်ပြောင်းဗုံးသီးတွေ လက်လုပ်မိုင်းတွေ ရခဲ့ပါတယ်၊ ဆိုင်ကယ်တွေ ဒရုန်း နှစ်စင်း ရခဲ့တယ်၊ ဖမ်းဆီးရမိသူတွေကို တရားဥပဒေအရ စစ်ဆေးနေတာရှိတယ်၊ အရေအတွက်တော့ မသိဘူး၊ သူတို့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သင်တန်းလုပ်နေတာပဲလေ၊ ဝင်ရောက်တိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးတာတွေရှိမယ်၊ ကျွန်တော်တို့ဘက်ကလည်း တချို့ထိခိုက်ဒဏ်ရာရှိတယ်၊ အကြမ်းဖက်သမားတွေ ထွက်ပြေးလို့ မူကြိုကလေးတွေလည်း ပိတ်ရတာပဲ’’

စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ ရက်မှာ ချင်းပုန်းရွာကို ဝင်ရောက် ပစ်ခတ်စီးနင်း ခဲ့ပြီးနောက် ညောင်ကိုင်း၊ ညောင်ပင်သာ၊ သစ်ရာပင်၊ တာဝ စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၅၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ခြောက်လလောက်ကစလို့ အင်တာနက် ဖြတ်တောက်ခံထားသလို ချင်းပုန်းရွာကို ရဟတ်ယာဉ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ ဒီမနက် ၁၀ နာရီအထိ မိုဘိုင်းဖုန်းလိုင်းတွေလည်း ဖြတ်တောက် ခံထားရပြီး ဆက်သွယ်ရေး ခက်ခဲခဲ့ပါတယ်။

RFA News

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်များစွာ နေထိုင်နေသည့် လိုဘာခိုကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ ဗုံးစ စင်၍ ပျက်စီးမှုများရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၃ ထောင်နီးပါးမှာ ထပ်မံ၍ ဘေးလွတ်ရာ တောတောင်များသို့ ရှောင်တိမ်းနေရကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက် ရေး ကွန်ရက်က ပြောသည်။

ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က “ဗုံးကြဲတာကတော့ မနေ့က မနက်ပိုင်း ၆ နာရီဝန်း ကျင်လောက်က လိုဘာခိုဆိုတဲ့ ရွာကိုပေါ့။ အဲဒီမှာ များသောအားဖြင့် စစ်ရှောင်က ဒီးမော့ဆိုကနေ လာတဲ့သူက များ တယ်။ အထိအခိုက်တော့ မရှိဘူး။ အိမ်တအိမ်ကို လက်နက်ကြီး ထိခဲ့တာတော့ ရှိတယ်။ ဗုံးကြဲပြီး နာရီပိုင်းလောက်မှာ စစ်ရှောင်တွေက စိုးရိမ်ထိတ်လန့်စွာနဲ့ ရွှေ့ကြတာ။ လူဦးရေကတော့ ၂ ထောင်နဲ့ ၃ ထောင် ကြားမှာ ရှိတယ်” ဟု ပြော သည်။

အဆိုပါ လိုဘာခိုကျေးရွာမှာ ဒီးမော့ဆိုမြို့၏ အနောက်ဘက်ခြမ်းတွင်ရှိပြီး ဒီးမော့ဆိုမှ စစ်ရှောင်အများစု လာရောက် ခိုလှုံရာ နေရာတခုဖြစ်၍ ယခုကဲ့သို့ စစ်ကောင်စီမှ လာရောက် ဗုံးကြဲခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ရှိကြောင်း သိရသည်။

ဒီးမော့ဆိုရှိ စစ်ရှောင်ပြည်သူတချို့

“ကျနော်တို့ ပြေးစရာ မြေ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်နယ်က သေးသေးလေး သူတို့က အဆမတန် များတဲ့ အင်အားနဲ့ ထိုးစစ်ဆင်လာတယ်။ မနိုင်ရင် ဗုံးကြဲတယ်။ အခု ပြေးပြေးဆိုတော့ ဘယ်ပြေးရမလဲ မသိတော့ဘူး။ လောလောဆယ်တော့ တောထဲတောင်ထဲမှာ နေထိုင်တယ်။ မိုးကာတောင် မမိုးရဲဘူး။ အစိမ်းရောင် မြင်ရင် စစ်ရှောင်စခန်း ဆိုတာ သိပြီး ဗုံးထပ်ကြဲမှာ စိုးလို့။ သစ်ပင်ကြားထဲမှာပဲ နေနေရတယ်” စစ်ဘေးရှောင်ပြည်သူ တဦးက ပြောသည်။

လိုဘာခိုကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်စခန်းများလည်း ရှိနေခြင်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိနှင့် စစ်ဘေးရှောင်ပြည်သူများအား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ဘေးရှောင်ကူညီသူများက ပြောဆိုကြသည်။

“ဒါဟာ လူမဆန်တဲ့ ကိစ္စ၊ စစ်ရှောင်စခန်းတွေကို တမင်တကာ ဗုံးကြဲတာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ၊ ဒီမှာက ဘာလက်နက်ကိုင် အဖွဲ့အစည်းမှ မရှိဘူး။ ပြည်သူတွေ သီးသန့်နေပြီးတော့မှ စစ်ရှောင်တာဖြစ်တဲ့အတွက် တမင် တကာ ဗုံးကြဲတာ လုံးဝကန့်ကွက်တယ်။ အခု စစ်ရှောင်တွေ ထပ်ပြီး ရှောင်နေရတယ်။ လေယာဉ်က ကိုယ့်ဆီ ဘယ် တော့ လာကြဲမလဲ မသိဘူး ပြီးတော့ ရှောင်နေတဲ့ အနေအထားကလည်း ရိက္ခာအပြည့်အစုံ မပါလာဘူး။ ဆေးဝါး အလုံအလောက် မရှိဘူး။ ရိက္ခာပို့မယ့်လမ်းကြောင်းတွေလည်း ပိတ်ထားတယ်။ ဖြတ်လေးဖြတ်လည်း လုပ်ထားတယ်” ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြောသည်။

စစ်ကောင်စီသည် ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်များထံ ရိက္ခာပို့သည့် လမ်းကြောင်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်သွားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များသည် ဒီးမော့ဆိုမြို့နယ်၏ မြောက်ဘက်နှင့် နန့်မယ်ခုံ ဒေသတဝိုက်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် လိုဘာခိုကျေးရွာ အနီး တဝိုက်တို့တွင် တိုက်ပွဲများ မရှိခဲ့ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က “အဲဒီမှာက ဒီးမော့ဆိုမြို့နဲ့ အဝေးကြီး မိုင်က ၁၀ နဲ့ချီပြီး ဝေး တယ်။ ဗုံးကြဲတယ်ဆိုတာ တမင်သက်သက် လုပ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်” ဟု ပြောသည်။

စစ်ကောင်စီမှ ကယားပြည်နယ်အတွင်း ဖရူဆိုမြို့ ရီခီးဘူး စစ်ရှောင်စခန်းကိုလည်း ဇန်နဝါရီလ ၁၇ ရက်က လေယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ရှောင်ပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ကယားပြည်နယ်တွင် လက်ရှိ စစ်ရှောင်ဦးရေမှာ ၁ သိန်း ၇ သောင်းခန့် ရှိနေကြောင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့ က ပြုစုထားသည့် စာရင်းများတွင် ဖော်ပြထားသည်။

Irrawaddy News

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို အစောဆုံး ခုခံသည့် သပြေအေးရွာကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ကာ စစ်သားများဆင်းလာပြီး ရွာကို မီးရှို့နေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

လေကြောင်းဖြင့် ပစ်ခတ်၊ ရဟတ်ယာဉ်ပေါ်မှ စစ်သားများ ဆင်းလာကာ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးမှုများ တောက်လျှောက်ကြုံနေရသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းတွင် စစ်ကောင်စီက အလားတူပြုမူပြန်သည်။

ထိုဒေသရှိ သပြေအေးရွာသို့ နံနက် ၁၁ နာရီဝန်းကျင်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂ စီး ရောက်လာပြီး နာရီဝက်နီးပါး လာရောက်ပစ်ခတ်ကြောင်း ရွာသားနှစ်ဦးက အတည်ပြုသည်။

အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ရွာ၏အရှေ့ဘက်နှင့် တောင်ဘက်မှ ရောက်လာခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ပေါ်မှ စစ်သား ၆၀ ကျော် ချထားခဲ့ကာ ထိုတပ်ဖွဲ့က နေ့လည် ၁၂ နာရီခွဲခန့်မှစ၍ ကျေးရွာအတွင်း မီးရှို့နေကြောင်း ၎င်းတို့က ပြောသည်။

ရဟတ်ယာဉ် ဝင်ပစ်ချိန်ကတည်းက ရွာသားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရ၍ အခြေအနေအသေးစိတ်ကို အတိအကျ မပြောနိုင်သေးဟု ကိုယ်တိုင် တိမ်းရှောင်နေရသူများဖြစ်သည့် အထက်ပါ ရွာခံနှစ်ဦးက ပြောသည်။

“ရွာထဲမှာရှိတဲ့ အိမ်တွေ၊ အဆောက်အအုံတွေကို မီးရှို့တာလည်း တွေ့ရတယ်။ မီးခိုးလုံးတွေ လုံးနေတာပဲ” ဟု တစ်ဦးက ဆိုသည်။

“၃ နာရီဝန်းကျင်လောက်ထိ မီးခိုးလုံးတွေ တွေ့နေရတုန်းပဲ။ ဘာတွေရှို့မှန်းတော့ အတိအကျတော့ မပြောနိုင်သေးဘူး”

စစ်တပ်က လေကြောင်းမှ ပစ်ခတ်ချိန်တွင် ဆိုင်ကယ်ဖြင့် တိမ်းရှောင်ရန် ပြင်ဆင်နေသူတစ်ဦး ကျည်ထိမှန် သေဆုံးသည်ဟု အခြားရွာသားတစ်ဦးက ပြောသော်လည်း အသေးစိတ် မသိရသေးပေ။

ညနေသုံးနာရီခွဲဝန်းကျင်အထိ သပြေအေးရွာမှ သေနတ်သံများ ထွက်ပေါ်နေဆဲဖြစ်ကြောင်း၊ မည်သည့်အတွက် တိုက်ခိုက်ခံရသည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် သပြေအေးနှင့် အနီးတစ်ဝိုက်ရှိ မိုးကောင်း၊ ကျောက်ပြုတ်အပါအဝင် ကျေးရွာများမှ ဒေသခံ ၅၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ၎င်းတို့က ဆိုသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

သပြေအေးရွာသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို စစ်ကိုင်းတိုင်းအတွင်း အစောဆုံးခုခံခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

ထိုနှစ် ဧပြီ ၂ ရက်က ယင်းမာပင်နယ်တစ်ဝိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဦးဆောင်သူ သပြေအေးဆရာတော် ဦးသောပါကကို ဖမ်းရန် စစ်တပ်လာစဉ် ဒေသခံတို့က ရရာလက်နက်ဖြင့် ခုခံခဲ့သည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

နိုင်ငံအနှံ့ ခုခံမှုများ တိုးလာသည့် ကာလအတွင်း စစ်ကောင်စီပစ်မှတ်ထား၍ ဖိနှိပ်နေသည့် စာရင်းတွင် ယင်းမာပင်လည်း ပါဝင်ပြီး လွန်ခဲ့သည့် သုံးရက်ကပင် သပြေအေးနှင့် ၁၀ မိုင်ခန့်သာ ဝေးသည့် ချင်းပုန်းရွာကို စစ်တပ်က အထက်ပါအတိုင်း စစ်ဆင်ခဲ့သေးသည်။

ချင်းပုန်းရွာဖြစ်စဉ်တွင် ကလေးငယ် ၁၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကာ ရွာအတွင်းမှ စစ်တပ် ပြန်ထွက်ချိန်တွင် အရပ်သား ၉ ဦး၏ ရုပ်အလောင်းများကို ဒေသခံတို့ ရှာတွေ့ထားသည်။

Myanmar Now News