စစ်ကိုင်းတိုင်း၊ ပုလဲမြို့  နှောရိုးကျေးရွာမှ အိမ် ၂၅၀ ကျော်၊ သပြေကုန်းရွာမှ အိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့ဖျက်ဆီးသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီကို ဆန့်ကျင်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ခြေပေါင်း ၃၀၀ နီးပါး ၂ ရက်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်က   ပုလဲ-ဂန့်ဂေါလမ်းမနှင့် ၂ မိုင်အကွာအဝေးရှိ နှောရိုးကျေးရွာကို မတ် ၁၀ တွင် လည်းကောင်း၊ မတ် ၁၁ တွင် သပြေအေးကျေးရွာကိုလည်းကောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြသည်ဟုဆိုသည်။

ထို့ကြောင့် နှောရိုးကျေးရွာမှ အိမ်ခြေ ၂၅၀ ကျော်၊ သပြေကုန်းရွာမှ အိမ်ခြေ ၄၀ ကျော်   မီးလောင်ပျက်စီးခဲ့ရသည်။

မတ် ၁၀ နံနက် ၈ နာရီခန့်တွင် နှောရိုးရွာ၏မြောက်ဘက်သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ ချဉ်းကပ်လာခဲ့ပြီး လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ထို့နောက် လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းကာ  မီးရှို့ကြောင်း နှောရိုးကျေးရွာ အလယ်ပိုင်းတွင် နေထိုင်သူ အသက် ၃၉နှစ်အရွယ် ဒေသခံကပြောသည်။

“သူတို့တပ်ထိုင်ပြီးတော့ ညပိုင်းကျတော့ မီးရှို့တော့တာ။ မီးရှို့တော့ကျတော့ ကျွန်တော်တို့ မဝင်ရဲဘူး။ ရွာရဲ့တောင်ဘက်မှာသူတို့ လယ်ကွင်းထဲမှာ အိပ်ကြတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ဒေသခံက ပြောသည်။

“အဲဒီအချိန်မှာ ကျွန်တော်တို့သွားကြည့်တော့ ပစ်တာနဲ့ ပြန်ဆုတ်ပြေးခဲ့ရတယ်”

နှောရိုးကျေးရွာကို စီးနင်းပြီးနောက် ဒေသခံ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး   ထိုနေ့ည (မတ် ၁၀) တွင် ၄ ဦး ပြန်လွတ်လာကြောင်း၊ ကျန် ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နောက်တစ်နေ့ ညပိုင်း ပြန်လွတ်လာကြောင်း ၎င်းက ဆက်ပြောသည်။

ဒုတိယနေ့တွင် လွတ်မြောက်လာသူ ၄ ဦးမှာ  ၆၅ နှစ်အရွယ် ဦးမှတ်ရှိန်၊  ၆၇ နှစ်အရွယ် ဦးသန်းဝင်း၊  ၅၂ နှစ်အရွယ်  ဦးဌေးမောင် ၊ အမည်မသိရှိသူ အသက်  ၃၀ အရွယ် လူငယ်တစ်ဦးတို့ဖြစ်ကြောင်း နှောရိုးကျေးရွာ ဒေသခံများထံမှ သိရသည်။

ကျေးရွာအနီးရှိ ပုလဲ-ဂန့်ဂေါလမ်းမတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုများ၊ စစ်တပ်နှင့်ပျူစောထီးတပ်ဖွဲ့များ စခန်းချထားသည့် ဇီးဖြူကုန်းကျေးရွာ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များကို အဓိက စစ်မေးခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူ ဒေသခံများကို ကိုးကားပြီး ၎င်းက ဆက်ပြောသည်

“ဓားနဲ့ ဆတ်ဆတ်ဆတ်ဆတ်နဲ့ ထိုးပြီးတော့မှ ရွာမှာ ခေါင်းဆောင်တွေက ဘယ်သူတွေလဲဆိုပြီးတော့ သူတို့ကိုမေးတယ်တဲ့။ အဲဒီလိုတော့ပြောတယ်။ နှိပ်စက်ပြီးတော့ လက်ပြန်ကြိုးတုတ်ထားတယ်။ မျက်လုံးကို ပဝါစည်းထားတယ်” ဟု  နှောရိုးဒေသခံက ပြောသည်။

ထို့နောက် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့သည် နှောကုန်းကျေးရွာနှင့် ၁ မိုင်အကွာရှိ သပြေအေးကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးချီတက်သွားခဲ့ကြသည်။

ချီတက်လာသူတို့ကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းနက်အဖွဲ့၊ ပုလဲ ဂျိုကာအဖွဲ့ နှင့် ဗ.က.သ ကျောင်းသားများ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း တူမီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ငြိမ်သက်သွားချိန် စစ်တပ်က ပြန်သွားပြီဟု ယူဆ၍ သပြေအေးကျေးရွာကို ချဉ်းကပ်ခဲ့ရာ  လက်နက်ကြီး၊လက်နက်ငယ်များနှင့် တရစပ် ပစ်ခတ်ခံရသဖြင့် ဆုတ်ခွာခဲ့ရကြောင်း ဒေါင်းနက် အဖွဲ့မှ ရဲဘော်ပေက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် သပြေအေးကျေးရွာ၏ မြောက်ဖက် ၆ ဖာလုံအကွာရှိ အိမ်ခြေ ၃၀၀ နီးပါးရှိ တုန်းကံ ကျေးရွာသို့ စစ်ကြောင်းထိုး ချီတက်သွားခဲ့ကြသည်။ တုန်းကံ ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် မတ်လ ၁၂ ရက် နံနက်ပိုင်းမှ စတင်ကာ တပ်စွဲထားကြောင်းလည်း ဒေသခံတို့က ဆိုသည်။

“ကျွန်တော်တို့ အဲ့ဒီလိုမျိုး လက်နက်ကြီးတွေနဲ့ ဝင်ပြီးတော့ ကာလိုက်ပစ်လိုက်တဲ့ အတွက်ကြောင့် ချောင်း နားကို မရှို့ဘဲနဲ့ ပြန်သွားတာ” ဟုလည်း ရဲဘော်ပေက ပြောသည်။

သပြေအေးကျေးရွာ ယနေ့ ( မတ် ၁၂) နံနက်ပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း   မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သူ တော်ဝင်နဂါးတပ်တော် (MRDA) အဖွဲ့ဝင် အသက် ၄၅ အရွယ် အမျိုးသားက ပြောသည်။

“အိမ်ခြေ ၄၀ ကျော်လောက်ရှိတာ ၄ လုံးပဲ ကျန်တာ။ အကုန်လုံး မီးလောင်ပြီးစဟာလေးတွေကို မီးငြိမ်းပြီးမှ ပြန်လာခါစရှိသေးတယ်။ ဘုန်းကြီးကျောင်းကျန်တယ်။ အိမ် ၄ လုံးကျန်တယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ သပြေအေးကျေးရွာ၏ မြောက်ဖက် ၆ ဖာလုံအကွာအဝေးရှိ တုန်းကံကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာသူ ရွာသားများမှာလည်း တိမ်းရှောင်နေရသည်ဟုလည်းဆိုသည်။

ပြည်သူ့ခုခံစစ်အားကောင်းသည့် ပုလဲ-ဂန့်ဂေါလမ်းမအနီးရှိ ကျေးရွာများကို စီးနင်းနိုင်ရန် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကပြီးခဲ့သည့် ဖေဖော်ဝါရီ ကတည်းကပင် စတင်ကြိုးစားခဲ့သည်။

ဖေဖော်ဝါရီ ၄ ကလည်း ပုလဲ-ဂန့်ဂေါသွား လမ်းမအနီး ကိုင်းတွင်းရွာနှင့် လှော်ကားရွာများကို စစ်တပ်နှင့် အင်မထီးရွာခံ ပျူစောထီးများက အင်အားရာဂဏန်းဖြင့်  ဝင်ရောက်စီးနင်းခဲ့သည်။

အဆိုပါရွာများရှိ ပြည်သူတို့၏ ပစ္စည်းများကို ကား ၁၀ စီးဖြင့် သယ်ယူပြီးနောက် အိမ်များကို မီးရှို့ခဲ့ရာ အိမ်ခြေ ၈၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် ရွာလုံးကျွတ်မီးရှို့မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လုယက်မှုတို့နှင့် ပတ်သက်ပြီး  စစ်ကောင်စီက ငြင်းဆိုထားသည်။

Myanmar Now News

ထိုလမ်းပိုင်း တစ်လျှောက်တွင် လေကြောင်း၊ လက်နက်ကြီးနှင့် အတွဲလိုက် ဒုံးပါသုံး၍ စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ကြာပြီဖြစ်သည်။

လက်နက်နှင့် ကျည်ဆန် အလှူခံ တိုက်နေရသည့် ကရင်နီကာကွယ်ရေးတပ်များ ထိန်းချုပ်ရာ မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းကို လေကြောင်းအပါအဝင် လက်နက်ကြီးမျိုးစုံသုံးကာ တစ်လဝန်းကျင် ထိုးစစ် ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်မှာ ဒီးမော့ဆိုမြို့နှင့် လက်တကမ်းအကွာ ရောက်လာသည်။

နေပြည်တော်နှင့် လေးနာရီခွဲဝန်းကျင်သာ ခရီးကွာဝေးသည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲတွင် ဖေဖော်ဝါရီ ၁၅ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကရင်နီကာကွယ်ရေးတပ်များ ထိန်းချုပ်ရာ ဒီးမော့ဆို မြို့ဘက်ကို အင်အားအလုံးအရင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခြင်းဖြစ်သည်။​

လက်နက်အင်အားမမျှ၍ မိုးဗြဲ ဒီးမော့ဆို လမ်းပိုင်းတစ်လျှောက် ခံစစ်နေရာ တစ်ခုပြီးတစ်ခု ဆုတ်ခွာပေးခဲ့ရပြီးနောက် ယမန်နေ့ (မတ်၁၂) နံနက်တွင် ဒီးမော့ဆိုမြို့ပေါ်နှင့် မိနစ်ပိုင်းသာဝေးသည့် ဒေါငံခါးရပ်ကွက်သို့ စစ်ကောင်စီ၏ ထိုးစစ်ရောက်လာသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကာ ယမန်နေ့ည ၉ နာရီခန့်မှစ​ ၍ အတွဲလိုက်ပစ်ခတ်နိုင်သော ဒုံးလက်နက်များဖြင့်ပါ ပစ်ခတ်ကြောင်း KNDF တာဝန်ရှိသူက ဆိုသည်။​

စစ်ရေးအရ အရေးပါသည့် ဒေါငံခါးရပ်ကွက်ကို ဒေသကာကွယ်ရေးအဖွဲ့များ ယာယီလက်လွှတ်ခဲ့ရသည် ဟုလည်း KNDF တပ်ရင်း ၁ က ယနေ့ (မတ် ၁၃) နံနက်တွင် ထုတ်ပြန်ကြေညာထားသည်။

“ဒီလို(ဒုံးတင်ယာဉ်)နဲ့ ပစ်တာလေ။ ကျနော်တို့မှ ခံနိုင်စရာမရှိတာ။ အတွဲလိုက်ပစ်တယ်။ အဲဒါတွေတင်မကဘူး။ ၆၀၊ ၈၀၊ ၁၂၀၊၁၂၂ (မမ-လကနက်ကြီးများ) အဲဒီလိုတွေ ဆက်တိုက်ပစ်တာ။ (နယ်မြေ) မပေးချင်ပေမယ့် လက်နက်ကြီးကြားမှာ အသက်တွေ ထပ်မပေးရဖို့အတွက် ဆုတ်လိုက်ရပါတယ်” ဟု KNDF တပ်ရင်း ၁ တာဝန်ရှိသူက ပြောသည်။

သို့သော် ဒေသကာကွယ်ရေးအဖွဲ့များ ဒီးမော့ဆိုမြို့ကို လုံးဝစွန့်လွှတ်လိုက်ရသည့် အခြေအနေ မဟုတ် သေးဟု ၎င်းက ဆက်ပြောသည်။ စစ်ရှောင်များအခြေအနေနှင့် စစ်ကောင်စီကို မည်သို့ ခုခံနေသည်ကိုမူ အသေးစိတ် မသိရပေ။

“အရင်ကလို ဒီ ဒေါငံခါးကနေ မိုးဗြဲအထိ ကောင်းကောင်းထိန်းချုပ်နိုင်ရင် စစ်ရေးအရ‌ရော၊ စစ်ရှောင် ပြည်သူအတွက်ကော အဆင်ပြေတာတော့ မဟုတ်ပေမယ့် ပိုခံသာစေပါတယ်။ ပြောရရင် စစ်ရှောင်ဖို့ နေရာရှိခဲ့တယ်ဗျာ။ အခုတော့ သူတို့ စစ်ရှောင်‌ဖို့ နေရာလည်း မရှိတော့ပါဘူး” ဟု KNDF တပ်ရင်း ၁ တာဝန်ရှိသူက ပြောသည်။

“ဒေါငံခါးကို ပြန်လိုချင်ပါတယ်။ ရအောင် ပြန်လည်း ယူပါမယ်။ ဝိုင်းဝန်းကူပေးကြပါ” ဟု ၎င်းက ဆက်ပြောသည်။

Map.jpeg

မိုးဗြဲမှ ဒီးမော့ဆိုသို့ စစ်ကောင်စီ စစ်ဆင်ရာလမ်းကြောင်း တည်နေရာပြမြေပုံ။မိုးဗြဲမှ ဒီးမော့ဆိုသို့ စစ်ကောင်စီ စစ်ဆင်ရာလမ်းကြောင်း တည်နေရာပြမြေပုံ။

တိုက်ပွဲများတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ခြေလျှင်တပ်ရင်း ၁၀၂၊ ခြေမြန်တပ်ရင်း ၄၂၇၊ မြို့မ ရဲစခန်း၊ ပြည်အောင်ရတနာဆီဆိုင်၊ လွိုင်ကော်ရှိ ခြေလျှင်တပ်ရင်း ၂၆၁ ကဲ့သို့ စစ်ကောင်စီ တပ်စွဲရာ နေရာများမှ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေသည်ဟု အထက်ပါ KNDF တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ကင်းထောက်လေယာဉ်များ နေ့နေ့ညည ပျံသန်းနေပြီး စစ်ရှောင်စခန်းများပါမကျန် ရေတွက်၍ မရနိုင်တော့သည်အထိ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲနေသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မိုးဗြဲ-ဒီးမော့ဆို လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၊ လေယာဉ်ဖြင့် ဗုံးကြဲ၊ မီးရှို့၊ အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် အခြေအနေတွင် ဒေသတွင်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရ သဖြင့် အချက်အလက် အသေးစိတ်အတည်မပြုနိုင်သေးဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

တစ်လနီးပါးကြာ နေ့စဉ် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၀၀ ကျော်ရှိကာ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်းတို့ ဘက်မှ ၄၀ ဝန်းကျင် သေဆုံးကာ ဒဏ်ရာရသူများကြောင်း KNDF ၏ အပတ်စဉ် တိုက်ပွဲသတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။

ထိုကာလအတွင်း စစ်ရှောင်စခန်းများပါ ဗုံးကြဲခံရ၍ သေဆုံးသည့် အရပ်သား ၄ ဦး၊ စစ်ကောင်စီ၏ မြေပြင် စစ်ဆင်ရေးများအတွင်း သတ်ဖြတ်ခံရသည့် အရပ်သား ၁၅ ဦးထက် မနည်းရှိသည်ဟု KNDF စာရင်းက ဆိုသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် စစ်ဘေး ရှောင် ၁၇၀၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာရှားပါးမှုနှင့် ကြုံတွေ့နေရကာ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် မကြာခဏနေရာရွှေ့ပြောင်းနေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အကူအညီပေး နေသူအချို့ ထံမှသိရသည်။

3.Jpeg

အတွဲလိုက် ဒုံးပစ်ယာဉ်ဖြင့် စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ-စစ်ကောင်စီအတွဲလိုက် ဒုံးပစ်ယာဉ်ဖြင့် စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ-စစ်ကောင်စီ

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်အာဏာသိမ်းပြီးချိန် တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာတွင် ကရင်နီဒေသသည် ထင်ရှားသည်။

နှစ်ဆန်းပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ကယားပြည်နယ် မြို့တော်လွိုင်ကော်မြို့ကိုပါ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက ထိုဒေသသို့ အလုံးအရင်းဖြင့် စစ်ဆင်လာသည်။

အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်၊ လက်နက်မျိုးစုံနှင့် လေကြောင်းပါ သုံး၍ စစ်ကောင်စီက တိုက်ခိုက်ချိန်တွင် တိုက်ပွဲဝင်လက်နက် မပြည့်စုံသည့်ဒဏ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များ ကြုံနေရသည်ဟု ထိုတိုက်ပွဲများတွင် ကိုယ်တိုင်ပါဝင် တိုက်ခိုက်နေသူ အချို့ထံမှသိရသည်။

“လက်နက်အင်အားမညီမျှတာ တစ်ခုတည်းနဲ့ ကျွန်တော်တို့ ခုခံခုခံရင်း ကျွန်တော်တို့ တဖြည်းဖြည်း ဆုတ်လာတာ။ ဒါပေမယ့် မတရားမှုကို မခံချင်စိတ်နဲ့ ကျွန်တော်တို့ တော်လှန်ခဲ့တာပဲ”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(စစ်လက်နက်) ဒီလိုမျိုး သုံးလိမ့်မယ်လို့ မထင်ထားဘူး။ တအားရက်စက်တဲ့ အနေအထားမျိုးတော့ ရှိတယ်ပေါ့နော် စစ်ကောင်စီက” ဟု ကိုယ်ပိုင်မောင်းပြန်ရိုင်ဖယ် သေနတ်မရှိ၍ အလှည့်ကျ တိုက်ပွဲဝင် နေရသည့် ၎င်းက ဆက်ပြောသည်။

၂၀၂၁ စက်တင်ဘာ ၇ ကတည်းက လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့ တော်လှန်ရေးစပြီဟု ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနထံကမူ စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေသည့် အဖွဲ့များကို မည်သို့ လက်နက်တပ်ဆင်ပေးနေသည်ကို ရှင်း လင်းစွာ မသိရသေးပေ။

“တကယ့်လက်တွေ့မှာတော့ ရန်ပုံငွေကော၊ လက်နက်ရရှိဖို့ကော အားလုံးကို တစ်ပြိုင်တည်း မြှင့်တင်နိုင်ဖို့လုပ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ NUG ကာကွယ်ရေးဌာနရဲ့ အဓိကထားဆောင်ရွက်တဲ့ ကိစ္စရပ်ဖြစ်သလို ဒီကိစ္စကလည်း အခက်အခဲများစွာထဲက ဆောင်ရွက်ရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်” ဟု အတွင်းဝန် ဦးနိုင်ထူးအောင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် Myanmar Nowကို ပြောထားသည်။

လက်နက်ကိုင်အဖွဲ့များ၏ အဆင့်ဆင့်ကွပ်ကဲမှုစနစ် (Chain of command) ထူထောင်ရန် စစ်ရေး ဆိုင်ရာ ဗဟိုကော်မတီဖွဲ့ထားသည်ဟု လွန်ခဲ့သည့် လေးလကျော်က ပြောထားသည့် ဦးနိုင်ထူးအောင်က မည်သို့ဖော်ဆောင်နေသည်ကိုမူ ထိုတွေ့ဆုံမေးမြန်းမှုအတွင်း တိကျစွာထည့်သွင်းပြောဆိုခြင်းမရှိပေ။

စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ကရင်နီဒေသတွင်မူ တပြန့်တကျဲရှိနေသည့် ခုခံရေးအဖွဲ့များထဲမှ အချို့စု ပေါင်း၍ ၂၀၂၁ မေလတွင် ထူထောင်ထားသည့် ၎င်းတို့ အဖွဲ့မှာ ကရင်နီတပ်မတော် (KA) ၏ အမိန့်ပေးစနစ်အောက်တွင်ရှိသည်ဟု တပ်ရင်း ၁၈ ခုအထိရှိသော KNDF ဘက်က ပြောထားသည်။

မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို စသဖြင့် မြို့နယ်အလိုက်ရှိသည့် PDF အဖွဲ့များကမူ NUG၏ ချိတ်ဆက်ထားသည်ဟု ဆိုကြသည်။

အခြားအဖွဲ့များဖြစ်သည့် KPDF, KGZ, GZ-21-PDF, KDF, JPDF Rangers စသည့်အဖွဲ့များ မှာမူ စစ်ရေးအမိန့်ပေးကွပ်ကဲစနစ် မည်သူနှင့် ချိတ်ဆက်ထားသည်ကို ရှင်းလင်းစွာ မသိရသေးပေ။

လက်နက်ကိုင်တပ်ဖွဲ့များကို အမိန့်စီးဆင်းမှု စနစ်တစ်ခုအောက်တွင်ထားနိုင်မှ အထိအခိုက်နည်း၍ ရည်မှန်းချက် ပြည့်မြောက်မည်ဟု ကရင်နီဒေသရှိ ဝါရင့်လက်နက်ကိုင်အဖွဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

“စစ်ရေးအရ ဆိုလို့ရှိရင် အဆင့်ဆင့်ပေါ့နော်။ စစ်ရေးစီမံချက်ဆိုတာ လုပ်ရတယ်။ အဲလိုလုပ်တဲ့အခါမှာ ညွှန်ကြားမှုက တစ်ခုတည်း မရှိတဲ့အခါကျတော့ ကစဉ့်ကလျား ဖြစ်တာပေါ့နော်။ ကျွန်တော်တို့ အထိနာတာတွေက အများကြီး ဖြစ်သွားနိုင်တယ်ပေါ့နော်” ဟု ၎င်းက မှတ်ချက်ပြုသည်။

5.Jpeg

ကရင်နီဒေသရှိ စစ်ရှောင်စခန်းတစ်ခုကို မတ်လအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Nowကရင်နီဒေသရှိ စစ်ရှောင်စခန်းတစ်ခုကို မတ်လအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

တောင်ကုန်း၊ တောင်တန်းများပေါများပြီး ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်ကာ လူဦးရေသုံးသိန်း ဝန်းကျင်သာရှိသည့် ကယားပြည်နယ်တွင် စစ်ကောင်စီ၏ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထက်ဝက်ကျော် စစ်ရှောင်နေရသည်ဟု ဒေသခံအရပ်ဘက်အဖွဲ့ စာရင်းများအရ သိရသည်။

မြို့နယ် ၇ ခုဖြင့် ဖွဲ့စည်းထားသည့် ကယားပြည်နယ်အတွင်း လူဦးရေ နှစ်သိန်းခွဲကျော်နေထိုင်သည့် လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို မြို့နယ်များတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

ထိုဒေသအတွင်း စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များအတွက် လက်နက်၊ ကျည်ဆန်၊ ရိက္ခာနှင့် စစ်ရှောင်များအတွက် လိုအပ်သည့် အကူအညီများကို အထိုက်အလျှောက် ဖြည့်ဆည်းနိုင်ရန် အလှုခံသည့် နည်းဖြင့် တက်ကြွစွာ ဖြည့်ဆည်းနေသည်ကို Facbook စာမျက်နှာများ ထက်တွင် ထင်ရှားစွာတွေ့ရသည်။

ထိုတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။

Myanmar Now News

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံနှင့် လူ့အခွင့်အ ရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံတို့မှ ပူးတွဲထုတ်ပြန်သည့် “ခုခံတွန်းလှန်ခြင်း” အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် တရားမျှတမှု ရရှိရန် တောင်းဆိုလိုက်သည်။

၂၀၂၂ ခုနှစ် မတ်လ ၈ ရက်

နိုင်ငံတကာအမျိုးသမီးများနေ့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM), ကချင်အမျိုး သမီးအစည်းအရုံးထိုင်းနိုင်ငံ (KWAT) နှင့် လူ့အခွင့်အရေး မှတ်တမ်းကွန် ရက်-မြန်မာနိုင်ငံ (ND-Burma) တို့မှ “ခုခံတွန်းလှန်ခြင်း”: “စစ်အာဏာသိမ်းပြီးချိန်မ ှ စ၍ တနှစ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို စမ်းသပ်မှု” ဆိုသည့် ပူးတွဲစာတန်းကို ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှဆိုလျှင် ၁၃ လတာကြာမြင့်ပြီးနောက် မြန်မာပြည်သူများ၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို စစ်အာဏာ ရှင်များမှ အလျှင်အမြန် လုယူလိုက်ကြသည်။ မြန်မာစစ်တပ်မှ အတင်း အဓမ္မထောင်နှင့်ချီဖမ်းဆီးမှုနှင့် ရာနှင့်ချီ သတ်ဖြတ်ခံရမှုတွင် အမျိုးသမီးများ လည်း ပါဝင်ကြသည်။ ပြည်သူလူထု၏ ဘဝလုံခြုံစိတ်ချ ဘေးကင်းမှုမရှိသည်မှာ လပေါင်းများစွာ ရှိပြီဖြစ်သည်။ ပြည်သူလူထု၏ အသက်အိုးအိမ်အပေါ် အကြီးအကျယ် ခြိမ်းခြောက် အန္တရာယ် ပြုနေ သော်လည်း နွေဦးတော်လှန်ရေး သည် စစ်အာဏာရှင်တို့အောက် ဒူးမထောက် ဦးမညွတ်ဆန့်ကျင်သူများအား စုစည်း၍ ဆက်လက်တိုက် ပွဲဝင်လျှက်ရှိသည်။

မြန်မာတဝှန်းလုံးရှိ အမျိုးသမီးများသည် တန်းတူညီမျှမှုနှင့် ကဏ္ဌတိုင်းတွင် အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ကိုယ်စားပြုခွင့်ရရန် မမောနိုင် မပန်းနိုင် စည်းရုံးလှုံ့ဆော်လျှက်ရှိကြသည်။ အာဏာသိမ်းပြီး ချိန်မှစ၍ တိုင်းပြည်တဝန်း အမျိုးသမီးခေါင်းဆောင်များသည် ဆန္ဒပြပွဲများကို ဦးဆောင်ခြင်း၊ စစ်အာ ဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများကို စီစဥ်ခြင်းနှင့် ထွက်ပြေးတိမ်း ရှောင်ရသည့် မိသားစုများ ဒေသခံ အရပ်သား ကာကွယ်ရေးတပ်များအား ကူညီထောက်ပံ့ပေးရန် နောက်ကွယ်မှ ဆောင်ရွက်ပေးကြသည်။ ဆရာဝန်၊ ဆေးဝန်းထမ်း၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဘဏ်ဝန် ထမ်းများနှင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူ မျိုးစုံအဖြစ်မှ အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသည်။ ခြိမ်းခြောက်မှု များရှိနေ သော်လည်း မြန်မာပြည်ရှိ အမျိုးသမီးများမှာ ဆက်လက်ခုခံ တွန်းလှန်နေကြဆဲ ဖြစ်သည်။

အရပ်သားများအပေါ် အကြမ်းဖက်မှု အထူးသဖြင့် ကလေးနှင့် အမျိုးသမီးများ၏ ဘဝကို အန္တရာယ် ဖြစ်စေသည့် စစ်ပွဲအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန် HURFOM, KWAT နှင့် ND-Burma တို့မှ တောင်းဆိုပါသည်။ အမျိုးသမီးများသည် ၎င်းတို့နေထိုင်ရာ နေအိမ်များတွင် မိ သားစုနှင့် အတူရှိနေချိန်တွင်ပင် စစ်အာဏာရှင်တပ်များ၏ သေနတ်ဖြင့်ချိန်၍ ဖမ်းဆီးခံရပြီး စစ်တပ် အချုပ်စခန်းများတွင် ပြင်းထန်ဆိုးရွားသည့် အကြမ်းဖက်မှုများ ခံကြရသည်။ အတင်းအဓမ္မဖမ်းဆီး၊ ထိန်းသိမ်းမှုနှင့် ပျောက်ဆုံးခြင်းများ ပိုမိုများပြားလာသည့် အတွက် အလျင်အမြန်အရေးယူ ဆောင်ရွက် ခြင်းမရှိပါက စစ်အာဏာရှင်တို့အား ဆန့်ကျင်တော်လှန်နေသည့် အမျိုးသမီးများအတွက် အန္တရာယ် ပို၍ ရှိနေသည်။

ဆက်သွယ်ရန်
ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံသည်(KWAT)
kwat.office@gmail.com

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
auemon@gmail.com

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)(ND-Burma)
NDBoffice@protonmail.com

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM)

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ပြန်လည်ထွန်းကားလာစေရန် ရည်ရွယ် ချက်တို့ဖြင့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းကို ၁၉၉၅ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းတည် ထောင်ခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှ ကျောင်းသား လူငယ် မျိုးဆက်များနှင့် ဒေသ တွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖြင့် ဖွဲ့စည်းခဲ့သောလူ့အခွင့်အရေး အဖွဲ့အဖြစ် မြန်မာနိုင်ငံ တောင်ပိုင်းရှိလူ့အခွင့်အရေး အခြေအနေများကို စတင်ဖွဲ့စည်းခဲ့စဉ် ကတည်းက ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်အတွက် တိုက်တွန်းလှုံ့ဆော်မှုများ၊ ပညာပေးရေးအစီအစဉ်များ၊ သတင်းအချက်အလက်နှင့် အစီရင်ခံစာ ထုတ်ဝေခြင်းများ ပုံမှန်ဆောင်ရွက်နေသည့် လူ့အခွင့် အ ရေးဖောင်ဒေးရှင်း ဖြစ်သည်။

ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ (KWAT) သည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက် မှုများ ပပျောက်ရန် အကျိုးအမြတ်မယူဘဲ လုပ်ကိုင်နေ သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အမျိုးသမီးများ၏ နေထိုင်ဘဝ တိုးမြှင့်ပေးရန်၊ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်စေရန်၊ ကချင်ပြည်နယ်တွင် လူမှုရေး တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် လုပ်ဆောင် နေသောအဖွဲ့ဖြစ်သည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄)ခုနှစ်တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။

ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံအကြောင်းအဖြစ်မှန်အမှန်တရားကိုစုပေါင်းအသုံးပြုကာ၊လောလောဆယ် စည်းရုံးတိုက် တွန်းတင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်း စိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။

လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိုနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှာထည့်သွင်းပါသည်။ ထိုအပြင် ပူးတွဲအစီရင်ခံတင်ပြခြင်းနှင့် စည်းရုံလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမူများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏ လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့်အရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၄။ အနာဂါတ်အလင်းတန်းဆုံမှတ်

၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၃။ ပအိုဝ်းလူငယ်များအစည်းအရုံး

၄။ ရှေ့ပြေးအသံ

ဆယ်စုနှစ်များနှင့် ချီသည့် ပဋိပက္ခ စစ်ပွဲများအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ၎င်းတို့၏ ကြံ့ခိုင် သန်မာမှုကို ပြသခဲ့ကြသည်။ တိုင်းပြည်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် ဖိုဝါဒ ကြီးစိုး မှုကိုလည်း ပုံစံပြောင်းပစ်ကြသည်။ အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မှ ကာကွယ်ရန် ခိုင်မာသည့် ဥပဒေများ ပြဌာန်းပေးရန် တောင်းဆို စည်းရုံးလှုံ့ဆော်ကြသည်။ အသက် ရှင်သန် ကျန်ရစ်သူများအား အကာအကွယ်ပေးရန်နှင့် တရားမျှတမှု ရရှိစေရန် အာမခံမည့် ဥပဒေများ ပြဌာန်းရန် ဆန္ဒမရှိသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။

မြန်မာစစ်တပ်၏ ရန်လိုသော သက်သေအဖြစ် ပြည်တွင်းပဋိပက္ခအတွင်း နှစ်ပေါင်းများစွာ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သည်။ ထိုသို့ မချိမဆန့် ခံစားရသည့် အခြေအနေအောက်တွင် အမျိုးသမီးနှင့် လုံမပျိုများမှာ ဝန်ထုတ်ဝန်ပိုးကို ထမ်းထားရသည်။ တိုက်ခိုက်မှုနှင့် ကြံစည်ထားသည့် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် ကြိုးပမ်းသည့် အမျိုးသမီးများမှာ စစ်သားများ၏ ပစ်မှတ်ထား ခြင်း ခံရသည်။ အသက်ရှင်ကျန် လွတ်မြောက်လာသူများမှာလည်း စိတ်ဒဏ်ရာများ ရရှိထားပြီး လုံလောက်သည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုများ မရရှိပေ။ စစ်အာဏာရှင်တို့၏ လုပ်ရပ်ကြောင့် ၎င်းတို့၏ ဘဝ တသက်တာလုံး မိသားစုနှင့်အတူ အရှက်တကွဲ အကျိုးနဲမှုကို ခံစားကြရ သည်။

တရားရုံးတွင် ဖြေရှင်းသည့် ကုန်ကျစရိတ် ကြီးမြင့်မှုနှင့် စစ်အာဏာရှင် တပ်သားများအား အကာအ ကွယ် ပေးထားမှု အပါအဝင် တရားမျှတမှု ရှာဖွေရေး လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားသည်။ စစ်အာဏာရှင်များသည် တာဝန်ယူ တာဝန်မှုကို ရှောင်ကွင်းပြီး အကြိမ်ကြိမ် ထိုးစစ်ဆင်နေသည်။ နှစ် ပေါင်းရှည်ကြာ ကျင့်သုံးနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဓလေ့ကြောင့် တရားစီရင်မှု စနစ်ကို အားနည်း သွားစေပြီး နစ်နာသူများ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ငြင်းပယ်ရာ ရောက်သည်။

၂၀၂၁ ခုနှစ် ဖေော်ဝါရီ ၁ရက် အာဏာသိမ်းပြီးချိန်မှစ၍ စစ်သားများက ၎င်းတို့အား ဆန့်ကျင် ခုခံသူ များအား နည်းပေါင်းစုံဖြင့် ဖြိုခွဲခဲ့ရာ ပြည်သူလူထုမှာလည်း နှိကွပ်မှုပေါင်းစုံ ခံနေရသည်။ စစ်တပ်၏ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ပြည်သူ ၁၅၀၀ ကျော် သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာရသည်ဟု မှတ်တမ်း တင်သည့် အဖွဲ့အစည်းများက အစီရင်ခံကြသည်။ ထိုသို့ တင်းမာပြင်းထန်သည့် အကြမ်းဖက်မှုများ နောက်ခံတွင် အမျိုးသမီးများ၏ ခုခံတွန်းလှန် လှုပ်ရှားမှုမှာ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာသည်။ စစ်အာဏာရှင်တို့အား ဆန့်ကျင် တွန်းလှန်နေသူများ၏ ရုပ်ပိုင်း၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အင်တာနက် ဆက်သွယ်မှု လုံခြုံရေး ခြိမ်းခြောက်ခံနေရသော်လည်း ဒီမိုကရေစီရေး စည်းရုံးလှုပ်ရှားမှု များ ဆက်လက်လုပ်ဆောင်နေသည်။

မြန်မာစစ်တပ်များ နေရာယူ တပ်စွဲထားသည့်နေရာများတွင် အမျိုးသမီးများ၏ ဘဝမှာ လုံခြုံစိတ်ချရမှု မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အပြောင်းအလဲအတွက် အမျိုးသမီးများ၏ အသံမှာ မဆုတ်မနစ် ထွက် ပေါ်နေပြီး ဆန့်ကျင်တားဆီးမှုများကို ကြံကြံခံလျှက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။

ယခုပူးတွဲအစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma), မွန်ပြည်လူ့အ ခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) နှင့် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) မှ ပြုစုထားပြီး မြန်မာပြည်ရှိ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး ရှိ အမျိုးသမီး နှင့် လုံမပျိုများမှာ လွန်ခဲ့သည့် နှစ်အတွင်း စစ်အာဏာရှင်တို့၏ ခြိမ်း ခြောက် အကြမ်းဖက်မှုကို မည်သို့ ခံနေရကြောင်း ဖော်ပြထားသည်။ အစီရင်ခံစာတွင် အမျိုးသမီးများ ကြုံတွေ့နေရသည့် စနစ်တကျ ခြိမ်းခြောက်၊ အကြမ်းဖက်ခံရမှုများကို လည်း မည်သို့ ကျော်လွှားခဲ့ကြသည်ကို ဖော်ပြထားသည်။

မြန်မာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ရုရှား၏ကျူးကျော်ခြင်းခံရသော ယူကရိန်းနှင့် အတူရှိကြောင်း  ထောက်ခံအားပေးခဲ့သည်။

ယူကရိန်းနိုင်ငံ၏ အချုပ်အချာအာဏာ၊ လွတ်လပ်မှုနှင့် တည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်သော ရုရှား၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ မိမိနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ခုခံကြိုးပမ်းနေသော ယူကရိန်း ပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

တစ်သားထဲရှိကြောင်း အားပေးတိုက်တွန်းသည့်စာ ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယူကရိန်းနှင့် ၎င်း၏ပြည်သူ များအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လိုက်နာရန် တောင်းဆိုခဲ့သည်။

မတ်လ ၂ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အထူးအရေးပေါ်အစည်းအ၀ေးတွင် ရုရှားတပ်များကို ယူကရိန်းမှ ချက်ချင်း ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ တခဲနက်ပေးခဲ့ကြသည်။ အကြမ်းဖက်စစ်အာဏာရှင်မှ​ ဖယ်ရှားရန် ကြိုးပမ်းနေသည့် မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်သည် ထောက်ခံမဲပေးသူများထဲတွင် ပါ၀င်ခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် လုပ်ဆောင်ခဲ့သည် လုပ်ဆောင်ချက်ဖြစ်ကြောင်း စစ်အာဏာရှင်မှ ထောက်ခံပြောဆိုခဲ့သည်။ အဆိုပါ ရပ်တည်ချက်သည် ကမ္ဘာနှင့်အဝှမ်း လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် အာဏာရှင်ခေါင်းဆောင်များကြား ခိုင်မာသော ဆက်ဆံရေး ရှိနေသည်။ ဆန့်ကျင်ဘက်အားဖြင့် ရုရှားအရာရှိများသည် မြန်မာနိုင်ငံ၏ စစ်တပ်အာဏာသိမ်းမှုကို ချီးကျူးခဲ့ကြပြီး အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်ရန် အသုံးပြုခဲ့သည့် လက်နက်များ ပေးအပ်ခြင်းဖြင့် ၎င်းတို့၏ ထောက်ခံမှုကို ပြသခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေကြောင်းဖြင့်တိုက်ခိုက်မှုတွင်  ရုရှားလုပ် Mi-25 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်။

အရပ်သားပြည်သူများသည် ရုပ်သေးရုပ်မဟုတ်ကြောင်း မြန်မာနှင့်ယူကရိန်း နိုင်ငံသားတို့၏ ဆန့်ကျင်တွန်းလှန်မှုဖြင့် ဖော်ပြသနေသည်။

မြန်မာနှင့် ယူကရိန်းနိုင်ငံသားတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အသံများကို အကြမ်းဖက် နှိမ်နှင်းနေသော စစ်အာဏာရှင်ခေါင်းဆောင်များ၏ လုပ်ဆောင်မှုများကို နှိုင်းယှဥ်မှုများ ရှိသည်။ သို့သော်လည်း မြန်မာနှင့် ယူကရိန်းပြည်သူများ၏ ခုခံတော်လှန်မှုသည် အကာအကွယ်ပေးရမည့် အခြေခံလွတ်လပ်မှုနှင့် အခွင့်အရေးများ အချဥ်းနှီးဖြစ်ခြင်းထက်  အရပ်သားများသည် ရုပ်သေးများမဟုတ်ကြောင်းနှင့် ဗုံးကြဲခြင်း၊ ခြိမ်းခြောက်မှုများနှင့် မတည်မငြိမ်ဖြစ်စေမှုများသည်  စိတ်ဓာတ်ကို ပြောင်းလဲစေနိုင်ခြင်း မရှိကြောင်းပြနေသည်။

လူပုဂ္ဂိုလ် နှစ်ဦးစလုံးသည် ပြည်သူ့ဆန္ဒကို လုံး၀လျှော့တွက်ခဲ့ကြသည်။

မြန်မာနိုင်ငံသားများသည် ယူကရိန်းအကျပ်အတည်းကို ကမ္ဘာက ရည်ရွယ်ချက်ရှိရှိ၊ အရေးတကြီး တုံ့ပြန် ဆောင်ရွက်နေခြင်းနှင့် လူ့အခွင့်အရေးနှင့် အကာအကွယ်ပေးရေးကို အားပေးထောက်ခံနေသော်လည်း  နိုင်ငံတကာအသိုင်းအ၀ိုင်းမှ  မြန်မာပြည်သူတို့၏ အကျပ်အတည်းကို တုံ့ပြန်ရာတွင် နှေးကွေးသောကြောင့် စိတ်ပျက်နေကြရသည်။


စစ်ကိုင်းတိုင်း ကနီ၊ ဒီပဲယင်း၊ ကျွန်းလှ၊ ခင်ဦး စတဲ့ မြို့နယ်တွေက ရွာပေါင်း ခုနစ်ရွာ မှာ မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စီးနင်းပြီးနောက် နေအိမ် ၁၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ကနီမြို့နယ် ချောင်းမ အရှေ့ရွာမှာ နေအိမ် ငါးလုံး၊ ချောင်းမ အနောက်ရွာမှာ နေအိမ် ၁၃ လုံးနဲ့ ကျေးလက် ကျန်းမာရေးဌာနခွဲတစ်ခု၊ ခင်ဦးမြို့နယ် ကျွန်းလယ်ရွာမှာ နေအိမ် နှစ်လုံး၊ မှန်တောရွာမှာ နေအိမ် ၂၅ လုံးနဲ့ ဒါန်းကုန်းရွာမှာ နေအိမ် ၃၅ လုံး၊ ကျွန်းလှမြို့နယ် ဝေလမူရွာမှာ နေအိမ်သုံးလုံးနဲ့ ဒီပဲယင်းမြို့နယ် ဝေဘာရွာမှာ နေအိမ် အလုံး ၅၀၊ စုစုပေါင်း ၁၃၄ လုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်တွေအပြင် လယ်ယာသုံးပစ္စည်းတွေနဲ့ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ထွန်စက် စတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တချို့ နေအိမ်တွေကိုတော့ မီးမရှို့ ပေမယ့် နေအိမ်တွေကို ဖောက်ထွင်းတာ၊ ပရိဘောဂတွေကို ရိုက်ချိုး ဖျက်ဆီးတာ တွေလည်း ရှိခဲ့တယ်လို့ ပြောကြပါတယ်။

ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက် စီးနင်းမှုကြောင့် ရွာပေါင်း ၁၃ ရွာက ဒေသခံတစ်သောင်း ခွဲလောက် ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတယ်လို့ ခင်ဦးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ နေအိမ် ၁၃၀ ကျော် ဆက်လက်မီးရှို့ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုစားနေဆဲ ဖြစ်ပါတယ်။

ယခင်ကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့ လက်ချက် မဟုတ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

စစ်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုလုပ်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်း လိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့အထိ နိုင်ငံ တစ်ဝန်းမှာ နေအိမ်အလုံးပေါင်း ၆၁၅၈ လုံး မီးရှို့ခံခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၃၆၈၉ လုံးနဲ့ အများဆုံးဖြစ်ပါတယ်။

RFA News