မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေမှာ ပို၍ မတည်မငြိမ်ဖြစ်လျှက်ရှိသည်။ သိန်းနှင့်ချီသည့် ပြည်သူလူထု မှာ မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒဏ်ရာရ ပြည်သူများ၊ ဆန္ဒပြသူများနှင့် PDFs တပ်သားများအား ကြိုးစား ကုသပေးနေသူများမှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများဖြစ်သည်။ ထို့ကြောင့် လက်နက်အားကိုးဖြင့် ဆေးရုံ၊ ဆေးခန်းများအား ဖျက်ဆီး၍ဆေးဝါးများ မတရားသိမ်းဆည်းနေသည့် မြန်မာစစ်အာဏာရှင်တပ် များ၏ ပစ်မှတ်ထားခြင်းခံနေရသည်။ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ထိုသို့လုပ်ဆောင်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ပို၍ဖြစ်ပေါ်စေသည်။ 

CDM တွင် ပူးပေါင်းပါဝင်သည့် ဆရာဝန်နှင့် သူနာပြုများသည် တိမ်းရှောင်နေကြရသည်။ ဖမ်းဝရမ်းများ အထုတ်ခံထားကြရသော်လည်း ဆရာဝန်နှင့် သူနာပြုများက တိတ်တဆိတ် ကုသ၍ ကျန်းမာရေး စောင့်ရှောက်ပေးကြသည်။ ၎င်းတို့၏ စိတ်ဓာတ်နှင့် ဆန္ဒကို စစ်အာဏာရှင်များမှ ရိုက်ချိုး၍ မရပေ။ အာဏာကို ငန်းငန်းတက် လိုချင်၍ မြန်မာစစ်တပ်မှ ရက်ရက်စက်စက် ဆင်နွှဲနေသည့် စစ်ပွဲသည် ထိန်းချုပ် ပြုပြင်၍ မရလောက်အောင် မတည်မငြိမ်ဖြစ်ပေါ်စေသည်။ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဌသည် ဖျက်ဆီးခံရသည့် ကဏ္ဌများထဲမှ တခုဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုသည် နိုင်ငံတဝှန်း ပဋိပက္ခများကြောင့် အကြီးအကျယ်ထိခိုက်ကသောင်းကနင်း ဖြစ်နေပြီး အနိမ့်ဆုံးအဆင့်ဝင်ငွေဖြင့် အသက်ရှင်သန်ရန် ရုန်းကန်နေရသည့် အရပ်သားပြည်သူများ လက်လှမ်းမမီနိုင်သည့် အခြေအနေတွင် ရှိနေသည်။ 

ကမ္ဘာ့ကျန်းမာရေးနေ့တွင် မြန်မာစစ်တပ်မှ စစ်သားများက ကျန်းမာရေးလုပ်သားများအပေါ် မတရားမှုများကျူးလွန်နေသည်ကို မိမိတို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ သိရှိနားလည်သဘောပေါက်ပါသည်။ ယခုလို မတရား တိုက်ခိုက်နေမှုများကို ပြစ်တင်ရှုံ့ချပြီး ကျန်းမာရေးလုပ်သားများအား အလျင်အမြန် အကာအကွယ်ပေးရန်နှင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအားလည်း အမှုများမှ ရုပ် သိမ်း၍ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုပါသည်။

လွတ်ငြိမ်းသက်သာစာရင်းတွင် ပါဝင်ခဲ့သော သတင်းသမားကို စစ်ကောင်စီက ပြန်မလွှတ်ဘဲ အမှုထပ်ဖွင့်ကာ ထောင် ၅ နှစ် ချလိုက်သည်။

မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦး ယနေ့ (ဧပြီ ၅) တွင် အကြမ်းဖက်ပုဒ်မ၅၂ (က) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသည်ဟု မန္တလေးရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

အိုးဘိုထောင်တွင်းအထူးတရားရုံးက စီရင်ခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးက ဆိုသည်။

“အကြမ်းဖက်ပုဒ်မနဲ့ ချလိုက်တာ။ ဒီနေ့ နေ့လယ်ပိုင်းက ချလိုက်တာ။ သူ ကျန်းမာရေးတော့ ကောင်းပါတယ်” ဟု ထိုရှေ့နေက ပြောသည်။

သူ၏ အမှုတွဲများဖြစ်သော ကိုမင်းသွေး၊ ကိုကျော်ဦး၊ ကိုဇော်မင်းဦးတို့ကိုလည်း ယင်းပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ကြောင်း ရှေ့နေက ဆက်ပြောသည်။

ထို့ပြင် ကိုကျော်ဦးနှင့် ကိုဇော်မင်းဦးတို့သည် ပုဒ်မ၅၀၅ (က) ဖြင့်လည်းကောင်း၊ ကိုကျော်ဦးသည် လက်နက်ဥပဒေ ၁၉ (စ) ဖြင့်လည်းကောင်း သီးခြားထောင်ဒဏ်များ ချမှတ်ခံရသည်ဟု ရှေ့နေက ဆိုသည်။

“စုစုပေါင်း ကိုမင်းသွေးက ၅ နှစ်၊ ကိုဇော်မင်းဦးက ၈ နှစ်ဖြစ်ပြီး ကိုကျော်ဦးက ၁၀နှစ်ပေါ့။ ထောင်ထဲနေတဲ့ရက်တွေ ထုတ်နုတ်ခံစားခွင့်ပြုပါတယ်” ဟု ရှေ့နေက ပြောသည်။

စစ်ကောင်စီတပ်က အသက် ၃၅ နှစ်အရွယ် ကိုဝင်းနိုင်ဦး၊ ၎င်း၏ဇနီး၊ အိမ်အလည်လာရောက်သူ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးတို့ကို ဩဂုတ် ၃၁ တွင် စဉ့်ကိုင်မြို့နယ်ရှိ သရက်ခြံတစ်ခုအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ကျော်ခန့်အကြာတွင် ဇနီးဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု မိသားစုနီးစပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“သူတို့လင်မယားနေနေတဲ့ခြံမှာ စစ်ကောင်စီအလိုရှိနေတဲ့ ဧည့်သည်တစ်ဦးကို မိသွားတာ။ အဲဒီကနေ သူပါ ရောဖမ်းခံရတာ။ တကယ်တမ်းကျ သူက PDF လည်း မဟုတ်ဘူး။ သတင်းအလုပ်တွေကလည်း မလုပ်တော့တာ ကြာပြီ” ဟု ထိုအမျိုးသမီးက ပြောသည်။

သတင်းသမားဟောင်း ကိုဝင်းနိုင်ဦးကို စစ်ကောင်စီက ဖမ်းဆီးအပြီး (၁၅) ရက်အကြာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ပြီး၊ ယင်းအမှုဖြင့် အိုးဘိုထောင်တွင် တရားရင်ဆိုင်နေစဉ် လွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားစာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း သူ့ကို အကြမ်းဖက်ပုဒ်မဖြင့် ဇန်နဝါရီ(၁၇)တွင် အမှုဖွင့် တရားစွဲဆိုပြီး ဆက်ဖမ်းထားခဲ့ခြင်း ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေက ဆိုသည်။

ကိုဝင်းနိုင်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

ကိုဝင်းနိုင်ဦးသည် ၂၀၁၉၊ မေလကလည်း ပြင်ဦးလွင်မြို့အနီး တပ်သိမ်းမြေယာပြဿနာအကြောင်း Channel Mandalay တွင် ထုတ်လွှင့်သည့် ရုပ်သံသတင်းနှင့် ပတ်သက်ပြီး အမှတ် (၁၂၁) ထောက်ပို့တပ်၏ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံခဲ့ရသေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အထက်မြန်မာပြည်သတင်းသမားအများအပြားမှာ သတင်းလုပ်ငန်း ရပ်ဆိုင်းထားသော်လည်း အချို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဇန်နဝါရီတွင် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းသတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူးသူ ဒုအယ်ဒီတာ ကိုပြည့်ဖြိုးအောင်၊ သတင်းထောက် ကိုမြင့်မြတ်အောင် (ခေါ်) ကိုဒီမြတ်ငြိမ်းတို့ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂နှစ်စီ ချမှတ်လိုက်သည်ဟု အမှုလိုက်ပါကူညီပေးနေသူ ရှေ့နေထံမှ သိရသည်။

၎င်းတို့နှစ်ဦးထဲမှ ကိုဒီမြတ်ငြိမ်းမှာမူ ထောင်ဒဏ်၂နှစ်အပြင် အကြမ်းဖက်ပုဒ်မ၅၂ (က) ဖြင့် ထပ်မံတရားရင်ဆိုင်ရန် ကျန်ရှိသေးသည်ဟု ဆိုသည်။

စစ်ကောင်စီက အဆိုပါသတင်းဌာနမှ ကိုငြိမ်းဇော်လင်း၊ သတင်းထောက် ကိုဝဏ္ဏအောင်၊ အယ်ဒီတာချုပ် ကိုစောရန်ပိုင်တို့ကိုလည်း ဝရမ်းထုတ်ထားသည်။

Myanmar Now News

မိသားစု အသိုက်အမြုံ အလုံးစုံ ဖျက်ဆီးခြင်း
အာဏာလု စစ်အုပ်စုမှ ပြည်သူ့ ပိုင်ဆိုင်မှုများကို တရားမဲ့ သိမ်းပိုက်ခြင်း
၄-ဧပြီ-၂၀၂၂
အကြမ်းဖက်စစ်အုပ်စုသည် အာဏာကိုမတရားလုယူချိန်ကတည်းက နေ့စဉ်နှင့်အမျှ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်၊ အနိုင်ကျင့်၊ ဖျက်ဆီးမှုများ ပြုလုပ်နေခဲ့ရာ လက်ရှိအချိန်တွင် အကြမ်းဖက် မှုများမှာ ပိုမိုအရှိန်မြှင့် ဆိုးရွားရက်စက်လာလျက်ရှိသည်။
စစ်အုပ်စုအနေဖြင့် နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်ဟု အကြောင်းပြကာ အဆမတန် အင်အားသုံး၍ စစ်ရေးအရှိန် မြှင့်တင်ဆောင်ရွက်လျက်ရှိသလို တစ်ဖက်တွင်လည်း ပြည်သူများကို အကြောက်တရားလွှမ်းခြုံနေစေရေး အတွက် လူမဆန်သောနည်းလမ်းပေါင်းစုံအသုံးပြုလျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထား သော အချက်အလက်များအရ မတရားအာဏာလုရန်ကြိုးပမ်းချိန်ကတည်းက မတ်လ (၃၁)၊ ၂၀၂၂ အထိ နေအိမ်၊အဆောက်အအုံ စုစုပေါင်း (၅၄၇) ထက်မနည်း စစ်အုပ်စုက ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ပါ၀င်မှုကြောင့် လူငယ်များသည် အကြမ်းဖက်စစ်ခုံရုံးတွင် တရားမျှတမှုမရှိသော ပြစ်ဒဏ်ချခံနေရမှုများ တိုးလာနေသည်။ နေ့စဥ် ဖမ်းဆီးချုပ်နှောင်ခံထားမှုနှင့် ပျောက်ဆုံးမှုများသည် တိုင်းပြည်တွင်း စိုးရိမ်ပူပန်မှုများကိုသာ ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးအခြေအနေအား အကျဥ်းချုပ်တွင်ရှုပါ။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရပ်သား ငါးဦး သေဆုံးခဲ့ရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ တန့်ဆည်မြို့နယ် စိမ်းစားရွာက ပျူစောထီးတစ်ယောက် အသတ်ခံရပြီးနောက် စိမ်းစားရွာနဲ့ ၉ မိုင်လောက်ဝေးတဲ့ ရေဦးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ စစ်တပ်က တန့်ဆည်ဘက်ကို ချက်ချင်းရောက်လာရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့အခါ သူတို့ဘက်က ငါးယောက်ကျတယ်။ တစ်ယောက်အရှင်ဖမ်းမိတယ်။ သေနတ် ငါးလက်နဲ့ လက်နက်ခဲယမ်းတွေလည်း ရတယ်ပေါ့နော်။ မောင်းပြန်သေနတ်တွေ ရတာ။ သူတို့က ကားကြီးနဲ့ လာတာ။ မြေသယ်ကားနဲ့ လာတာ။ အကျများတော့ ပြန်ဆုတ် သွားတယ်။ ဆုတ်သွားပြီးတော့ ၁၂ နာရီ၊ ၁ နာရီ လောက်မှာ ပြန်ဝင်လာတယ်။ ပြန်ဝင် လာပြီးတော့ လမ်းဘေးက အိမ်တွေကို မီးရှို့တယ်။ သေနတ်တွေနဲ့ ရမ်းပစ်တဲ့အခါမှာ အသက် ၁၅ နှစ်လောက်ပဲ ရှိသေးတဲ့ မသဲဦးဖြူရဲ့ ရင်အုံနဲ့ လက်မောင်းကို မှန်တယ်။ ကျည်နှစ်ချက် ထိပြီး ဆုံးသွားတယ်”
စိမ်းစားရွာကို စစ်တပ်က ဆက်လက်ဝင်ရောက်လာပြီးနောက် နေအိမ် ငါးလုံး မီးရှို့ခံခဲ့ရသလို စိမ်းစားရွာနဲ့ ကပ်လျက် ချောင်းရိုးရွာကိုလည်း အလားတူဝင်ရောက်လာပြီးနောက် နေအိမ် ခုနစ်လုံးနဲ့ ကြက်ခြံတွေ မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စိမ်းစားရွာမှာတော့ ထွက်မပြေးနိုင်ဘဲ အိမ်မှာကျန်နေခဲ့တဲ့ အသက် ၇၀ ကျော် အဘွားအိုတစ်ဦး မီးရှို့ခံရတဲ့အိမ်ထဲ ပါသွားသလို ချောင်းရိုးရွာမှာလည်း နေအိမ်တွေ မီးရှို့ခံရလို့ ထွက်ပြေးလာတဲ့ ဦးသန်းစစ်နဲ့ သားဖြစ်သူ ကိုကျော်မင်းခိုင်တို့မှာလည်း ခေါင်းနဲ့ ရင်အုံတွေမှာ သေနတ်ထိမှန် ပြီးတော့ သေဆုံးသွားခဲ့တယ်လို့ ပြောတယ်။
ကျန်တစ်ယောက်ကတော့ ဦးခင်မောင်သိန်းလို့ ခေါ်တဲ့ အသက် ၇၀ ခန့်အရွယ် အဘိုးအိုတစ်ဦး ဖြစ်ပြီး သူဟာလည်း ချောင်းရိုးရွာမှာ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့ရာမှာ သေဆုံးခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ညနေ ၅ နာရီအထိ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဒေသခံတွေကတော့ ဒီနေ့အချိန်အထိ ရွာတွေဆီကို မပြန်ရဲသေးသလို စစ်တပ်ကလည်း PDF တွေကို အဲဒီရွာ ပတ်ဝန်းကျင်တွေမှာ လိုက်လံ ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တန့်ဆည်မြို့နယ်မှာ အနည်းဆုံး ကျေးရွာ ၁၅ ရွာနဲ့ အိမ်ခြေ ၃၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် မတ်လ ၉ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ သူ့ လက် အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၆,၇၁၉ လုံးခန့်ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က သတင်းထုတ်ပြန်ထား ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ဆယ်ကျော်သက်တစ်ဦး ကျည်ထိသေဆုံးပြီး အဘွားတစ်ဦး မီးရှို့ခံရသည့်အိမ်အတွင်း ပိတ်မိသေဆုံးသွားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တောင်ဘက် စိမ်းစားရွာတွင် ယနေ့ (မတ် ၁၂) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားစဉ် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးသေဆုံးရခြင်းမှာ စစ်ကောင်စီတပ်ကြောင့် ဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်က ရွာအတွင်း လိုက်လံ​ပစ်ခတ် ၁၅ နှစ်အရွယ် မသဲဦးဖြူ၏ ရင်ဘတ်နှင့် ပေါင်တို့တွင် ကျည်ထိမှန်ခဲ့ကြောင်း၊ စစ်တပ်က နေအိမ်အချို့ကို မီးရှို့စဉ် အသက် ၇၀ အရွယ်အမျိုးသမီး နေအိမ်အတွင်း ရှိနေကြောင်း တန့်ဆည်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက အတည်ပြုသည်။

“(အဘွားအိုက) နေအိမ်မှာမီးလောင်လို့ သေဆုံးတာ။ သူတို့က လမ်းဘေးက အိမ်တွေကိုရှို့တာ။ ပိတ်မိပြီး မပြေးနိုင်တဲ့အချိန်မှာဖြစ်သွားတာ” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ ဝင်ကပြောသည်။

ယနေ့ နံနက်  ၁၁ နာရီဝန်းကျင်က စိမ်းစားရွာတွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး သေနတ် ၅ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သူက ဆက်ပြောသည်။

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် စိမ်းစားရွာမှ နေအိမ် ၅ လုံး၊ အနီးအနားရှိ ချောင်းရိုးရွာမှ ကြက်ခြံနှင့်နေအိမ်အချို့၊ ဒယ်ရောက်ကျေးရွာမှ နေအိမ်အချို့တို့ကို မီးရှို့ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုရွာသုံးရွာတွင် မီးရှို့မှုကြောင့် နေအိမ် ၈ လုံးထက်မနည်း လောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။ အသေးစိတ် အခြေအနေကို မသိရသေးသလို ယနေ့ အမျိုးသမီး ၂ ဦး သေဆုံးမှု၊ မီးလောင်မှုများနှင့် ပတ်သက်ပြီး တန့်ဆည်မြို့နယ် မြို့မရဲစခန်းကိုလည်း ဆက်သွယ် မေးမြန်း၍ မရသေးပေ။

အရပ်သားများကို သတ်ဖြတ်ခြင်း၊ တော်လှန်ရေးသမားတို့နှင့် ဆက်စပ်ဖွယ်ရှိသည့် ရပ်ကွက်ကျေးရွာတို့ကို မီးရှို့ခြင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ဆက်တိုက် ငြင်းဆိုလေ့ရှိသည်။

တန့်ဆည်မြို့တွင် အာဏာသိမ်းပြီးချိန်မှ တစ်နှစ်တာကာလအတွင်း ရွာပေါင်း ၂၀ ကျော်မှ အိမ်ခြေ ၃၀၀ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူ ၆၀ ကျော် အသတ်ခံခဲ့ရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်ကို   မတ်လ ၃ ရက် ညပိုင်းမှစတင်ကာ အင်တာနက်ဖြတ်တောက်ထားသည့် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းခြင်း၊ နေအိမ်များကိုမီးရှို့ခြင်း၊ စစ်ဘေးရှောင်များ စုဝေးရှောင်ပုန်းသည့်နေရာများကို လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကို  ခပ်စိတ်စိတ်လုပ်ဆောင်လာသည်။

အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့်လက်အောက်ခံအဖွဲ့စည်းများ၏ မီးရှို့မှုကြောင့် လူနေအိမ်ခြေ ၆၇၀၀ ကျော်ဖျက်ဆီးခံခဲ့ရပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း အချက်အ လက်များကောက်ယူကာ စာရင်း ပြုစုနေသည့် အမှီအခိုကင်းသည့် အဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar အဖွဲ့က မတ် ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မတ်လအတွင်းမီးရှို့ခံရသည့်အိမ်ခြေ ၅၉၀ ကျော်ရှိကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ် လက်ချက်ကြောင့် သေဆုံးခဲ့သည့် အရပ်သား အရေအတွက်မှာလည်း ၁၆၅၂ ဦးထက်မနည်းရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကမူ ထိုအသင်း၏ ကိန်းဂဏန်း မှန်ကန်မှုမရှိဟု တုံ့ပြန်ထားသည်။

Myanmar Now News