ကရင်ပြည်နယ်မှာ မေလ ၃၀ ရက်နေ့က ကျုံဒိုးရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။

မနက် ၉ နာရီလောက်မှာ ကျုံဒိုးရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ခလရ (၅၄၆) စစ်တပ်က လက်နက်ကြီး ပြန်ပြီးပစ်ခတ်တဲ့အခါ ကမ်းနီ-ညောင်ရိပ်သာလမ်းမပေါ်ကို ကျပြီးပေါက်ကွဲလို့ ထိခိုက်သေဆုံးတာလို့ သရက်တောရွာသား ကိုဟန်တလက RFA ကိုပြောပါတယ်။

“ကျုံဒိုး စစ်တပ် ၅၄၆ က မနေ့ကလည်း ကျွန်တော်တို့ရွာတွေဘက် ပစ်ထုတ်တယ်။ ကွင်းတွေဘက် ကျတယ်။ သရက်တောရွာသား သုံးဘီးမောင်းတဲ့ အဖောင် ဆိုတဲ့သူ ပေါင်ရင်းနေရာရယ်၊ ခေါင်းရယ် အလုံးကြီးအစထိပြီး ဆုံးတယ်၊ လမ်းဘေးခြံမှာ မြေပေါက် မြက်ရှင်းလုပ်နေတဲ့ ကိုချဲကတုံး ကတော့ ဗိုက်ကို အစမှန်တာမှာ အခုတော့ ဘားအံဆေးရုံကို ပို့ထားရတယ်”

ကျုံဒိုးရဲစခန်းထဲကို KLNA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်လို့ ရဲနှစ်ယောက်၊ စစ်သားသုံးယောက် ဒဏ်ရာရတယ်လို့ ကျုံဒိုးဆေးရုံက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မေလ ၂၈ ရက်ကလည်း ည ၈ နာရီလောက်မှာ ခမရ (၅၄၆) တပ်က ကျုံဒိုး အရှေ့ဘက် ကော့ကာရွာဘက်ကို ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးတွေ နဲ့ပစ်ခတ်ခဲ့လို့ အဲဒီရွာက ၁၅နှစ်အရွယ် စောထိန်လင်းအောင်၊ ၂၁ နှစ်အရွယ် နော်အေးမာန်ထက်၊ ၅၇ နှစ်အရွယ် ဒေါ်သိန်းရွှေတို့သုံးယောက် လက်နက်ကြီးစတွေ ထိမှန်လို့ ဒဏ်ရာရခဲ့ပြီး အိမ်ခြောက်လုံး ပျက်စီးသွားတယ်လို့ KNU တပ်မဟာ ၆ က ထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ နေ့လယ် ၁၂နာရီလောက်မှာလည်း ကော့ကရိတ် ခနိမ်းမူကွက်သစ်လမ်းမပေါ်ကို စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျလို့ ဆိုင်ကယ်စီးလာတဲ့ ၇၃ နှစ်အရွယ် ဦးဖိုးကျားနဲ့ အသက် ၅၀ အရွယ် ဒေါ်ခင်မြတ်ထွေး ၅၀ တို့ လင်မယားနှစ်ယောက် လက်နက်ကြီးစတွေ မှန်ပြီး သေဆုံးခဲ့တယ်လို့ ကော့ကရိတ်လူမှုကယ်ဆယ်ရေးအသင်းကတစ်ဆင့် သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ခရိုင်ထဲမှာ မေလ ၂၅ ကနေ မေလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးတစ်ဦး အပါအဝင် လူ လေးဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် လူ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။ အဲဒီအပြင် အိမ် ၁၀ လုံးနဲ့ ကားတစ်စီးပျက်စီးပြီး နွားနှစ်ကောင် သေဆုံးတယ်လို့လည်း သိရပါတယ်။ 

RFA Burmese