စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးမြောက်ရွာမှာ ဒီနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက နာရေးတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ဘန့်ဘွေးမြောက်ရွာမှာ ပြုလုပ်နေတဲ့ နာရေးတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ နာရေးအဖြစ် စစ်ကောင်စီက ယူဆပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆရာစံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဆရာစံက RFA ကို ပြောပါတယ်။

“ဘန့်ဘွေးမြောက်ရွာရဲ့ တောတိုက်လေးမှာ ရိုးရိုးပြည်သူ အသုဘရှိတယ်။ အဲဒီအသုဘကို PDF ကျဆုံးရဲဘော်အတွက် ဈာပနအခမ်းအနားနဲ့ အလေးပြုတယ်ဆိုပြီး သူတို့တွေက ဝင်ရောက်ပစ်ခတ်သွားတဲ့ ဖြစ်စဉ်ပါပဲ။ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်ရယ်၊ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရယ်က တစ်ခါတည်း ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။ ဒဏ်ရာရသူက နို့စို့အရွယ် ကလေးရဲ့ မျက်လုံးကို မှန်ပြီး ကျန်တဲ့အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်”

သေဆုံးသွားတဲ့ မိန်းကလေးနှစ်ဦးရဲ့ ရုပ်အလောင်းမှာလည်း သေနတ်နဲ့ပစ်ခတ်ခံထားရတဲ့ ကျည်ဒဏ်ရာတွေ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက်ခြောက်နှစ်အရွယ် မချယ်ရီနဲ့ အသက် ၁၄ နှစ်အရွယ် မငွေဌေးတို့ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြနေပေမဲ့ ဒါကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တစ်ဦးရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာလည်း ပြန်လည်ကောင်းမွန်ဖို့ အတိအကျမပြောနိုင်တဲ့ အနေအထားဖြစ်တယ်လို့ ဆရာစံက ပြောပါတယ်။

မေလ ၁၁ ရက်နေ့က နဘူးတောရွာအဝင်မှာ စစ်ကောင်စီတပ်နဲ့ ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က PDF သုံးဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အတည်ပြုနိင်ဖို့ နောက်ထပ်ဒေသခံနှစ်ဦးကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖြစ်စဉ်မှန်ကန်ကြောင်း ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ဒီနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ယင်းမာပင်မြို့နယ်၊ နဘူးတောရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး PDF နှစ်ဦးသေဆုံးခဲ့တယ်လို့ ပြောက်ကျားဘောင်းဘီ ဝတ်ဆင်ထားတဲ့ သေဆုံးသူအမျိုးသားနှစ်ဦးရဲ့ ဓာတ်ပုံကို ဖော်ပြထားကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေကတော့ ဒီနေ့မှာ တိုက်ပွဲမရှိခဲ့သလို ကျဆုံးသူမရှိခဲ့ဘူးလို့ ငြင်းဆိုထားကြပါတယ်။

မတ်လ ၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် မြောက်နုံးရွာဟာ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၅၀ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese