မေ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက ကရင်ပြည်နယ် မြဝတီမြို့နှင့် ကယားပြည်နယ် ဒီမော့ဆိုတို့ကို လေကြောင်းအသုံးပြုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်ကိုလည်း ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ကာ လေကြောင်းအသုံးပြု တိုက်ခိုက် ဗုံးကြဲ ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နှင့်ရွှေဘိုမြို့နယ်တို့မှ ကလေးငယ်များ အပါအဝင် ပြည်သူ (၆၀)ခန့်ကို စစ်အာဏာရှင်တပ်သားများကဖမ်းဆီးကာ ဓားစာခံအဖြစ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်၏ လက်အောက်ခံ အကျဉ်းဦးစီးဌာနသည်ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်တွင် စွန်ရဲဟုခေါ်သောထောင်တွင်းအကြမ်းဖက်အဖွဲ့ ဖွဲ့စည်းကာ ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသားများကို လူ့အခွင့်အရေး ချိုးဖောက်ကာ မတရား ရိုက်နှက် နှိပ်စက်ကာအလုပ်ကြမ်းများ ခိုင်းစေပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်၏ လက်အောက်ခံဖြစ်သော ပျုစောထီးများနှင့်စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင်ဒေသခံပြည်သူများကို ဖမ်းဆီး၊ စစ်ဆေး ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံမှုများ ပြုလုပ်လျှက်ရှိသည်။ပဲခူးတိုင်းဒေသကြီး တောင်ငူ-သံတောင် လမ်းပိုင်းက ၄ မိုင်ဂိတ် ကို ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများကို ဖမ်းဆီး၊စစ်ဆေးကာ ငွေကြေးများကို စစ်အာဏာရှင်တပ်သားများက အတင်းအဓမ္မ သိမ်းယူနေသည်။ စစ်အာဏာ ရှင်တပ်၏ လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် တပတ်အတွင်း ကလေးငယ် တဦး အပါအဝင် ပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။