မေလ(၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက မွန်ပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းတို့ကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်စီး ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ညောင်ပင်သာကျေးရွာမှ ပြည်သူ ၁၈ ဦးကို စစ်အာဏာရှင်တပ်သားများက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်အာဏာရှင်တပ်သားများက အမျိုးသမီးများ အများစုပါဝင်သည့် ဒေသခံ (၃၀) ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် တပတ်အတွင်း ကလေးငယ် (၃)ဦး သေဆုံးခဲ့ရသည်။

စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာနှင့်ချောင်းဦးဆက်ထားသော လမ်းပိုင်းနှင့် ကရင်ပြည်နယ် ကော့ကရိတ်မှ လမ်းများကို ဖျက်ဆီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်တွင် စစ်အာဏာရှင်တပ်နှင့် SNAတို့ ပူးပေါင်းပြီး နေအိမ် ၁၀ အိမ်လျှင် တပ်သားသစ် ၁ ဦးနှုန်း အတင်းအကျပ် စုဆောင်းလျှက်ရှိသည်။ စစ်အာဏာရှင်တပ်က ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူပိုင်အဆောက်အဦးများ နှင့် နေပြည်တော်မှ ဘုန်းကြီးကျောင်းများ အပါအဝင် လူနေအိမ်များကို အတင်းအဓမ္မဖျက်ခိုင်းခဲ့သည်။