အာဆီယံအကူအညီပေးရေးအဖွဲ့ သံတမန်တွေလိုက်ပါလာတဲ့ယာဉ်တန်း ရှမ်းပြည်နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို စင်ကာပူအစိုးရက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

ဒုက္ခသည်တွေဆီ လိုအပ်တဲ့ အကူအညီတွေ အရောက်ပို့ပေးနိုင်ဖို့အတွက် သံတမန် အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ အလုပ်လုပ်ကိုင်ခွင့်ပေးပါလို့လည်း မနေ့ညပိုင်းက ထုတ်ပြန်တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

စင်ကာပူနဲ့ အင်ဒိုနီးရှားက သံအရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းဟာ မနေ့မနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ်၊ ဆီဆိုင်- ဆိုက်ခေါင်လမ်းပေါ်မှာ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

အဲဒီယာဉ်တန်းပေါ်မှာ ရန်ကုန်-စင်ကာပူသံရုံးက ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ပြီး၊ သူတို့တွေဟာ ထိခိုက်မှုမရှိဘဲအန္တရာယ်ကင်းကင်းနဲ့ ရန်ကုန်ကိုပြန်ရောက်နေပြီလို့ ပြောပါတယ်။

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့ကတော့ ဒီပစ်ခတ်မှုဟာစစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် လက်ချက်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

NUG အစိုးရကလည်း သူတို့လက်အောက်ခံ PDF တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောထားပါတယ်။

စစ်ကောင်စီကတော့ ဒီပစ်ခတ်မှုဟာ အကြမ်းဖက်သမားတွေရဲ့လက်ချက်လို့ ထုတ်ပြန်ပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်အတိုင်း အကြမ်းဖက်မှုတွေကိုလျှော့ချဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့လည်း စင်ကာပူအစိုးရရဲ့ ထုတ်ပြန်ချက်မှာထပ်မံတိုက်တွန်းထားပါတယ်။

RFA Burmese