မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂယူနက်စကိုအဖွဲ့က သတ်မှတ်ထားပါတယ်။ ဒီနှစ်မှာတော့ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းလောကသားတွေရဲ့ ညီလာခံကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းထောက်တွေရဲ့လုံခြုံရေး၊ လူတွေရဲ့သတင်းသိရှိပိုင်ခွင့်တွေကို ဒီညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာပြန်သိမ်းတဲ့အခါမှာ သတင်းမီဒီယာတွေ၊ သတင်းထောက်တွေ ဖမ်းဆီးသတ်ဖြတ်ထောင်ချခံရ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရတာတွေ ဖြစ်နေပါတော့တယ်။ ဒီလိုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက အခုလို ပြောပါတယ်။

“အာဏာမသိမ်းခင်တုန်းကတော့ ကျွန်တော်တို့က ၂၀၁၀ ကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲရဲ့ အကျိုးဆက်ကြောင့်ပေါ့နော်၊ အတိုင်းအတာတခုအထိ ကျွန်တော်တို့ လုပ်ပိုင်ခွင့် ရခဲ့တယ်။ လုပ်ပိုင်ခွင့်ရခဲ့တယ်ဆိုတာ ဥပမာအားဖြင့် ကျွန်တော်တို့တွေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အတိုင်အတာတစ်ခုအထိ ရေးလို့ရနိုင်တဲ့ အခြေအနေရှိခဲ့တယ်။ ဥပမာအားဖြင့် ဦးပိုင်ကုမ္ပဏီကို သွားပြီး အင်တာဗျူးလုပ်တာမျိုးတွေ။ နောက်တစ်ခါ ဦးကိုနီလုပ်ကြံခံရတဲ့ကိစ္စမျိုး ဆိုလို့ရှိရင်လဲ ကျွန်တော်တို့တွေ လိုက်လံစုံစမ်းတယ်။ ရဲတပ်ဖွဲ့လဲမကျေနပ်ဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်မှာ။ သူတို့ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အတိုင်းအတာတစ်ခုအထိတော့ ကျွန်တော်တို့တတွေ လုပ်ပိုင်ခွင့်ရခဲ့တယ်။ အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးတာ မှန်တယ်။ သို့ပေမဲ့လဲ NLD တက်လာတဲ့နောက်ပိုင်းအခြေအနေက ဘာနဲ့တူလဲဆိုတော့ ပိုပြီးတော့မှ လုပ်ပိုင်ခွင့်တွေခက်ခဲလာတယ်လို့ ကျွန်တော် ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းမယ့် အငွေ့အသက်တွေက ပြောရမယ်ဆိုရင် ၂၀၁၇ ဦးကိုနီကို စတင်လုပ်ကြံလိုက်ကတည်းကိုက တိုင်းပြည်က အခြေအနေ မကောင်းနိုင်တော့ဘူးဆိုတာ အမြဲတမ်း ကျွန်တော်တို့ ခံစားရတယ်။ အထူးသဖြင့် မဘသလှုပ်ရှားမှုတွေ အကြီးအကျယ် ဖြစ်ပေါ်လာတာ။ မဘသဆိုတာ ဘာလဲဆိုတာ အခု အဖြေပေါ်တာပဲ။ မကြာသေးခင်က CDM လုပ်လာတဲ့ သတင်းတပ်ဖွဲ့က အဆင့်မြင့်ရဲမှူးကြီးပြောတဲ့အတိုင်းဆိုရင် မဘသလှုပ်ရှားမှုကြီး တစ်ခုလုံးက စစ်တပ်ကနေ အဓိက ကိုင်တွယ်တာပဲ။ ဒါတွေအကုန်လုံးက ကျွန်တော်တို့သတင်းသမားတွေ အကုန်လုံးအတွက် အန္တရာယ်တွေချည်းပဲ”

၂၀၁၈ ခုနှစ်ကစလို့ ဧရာဝတီတိုင်းမှာ Delta News Agency စတင်တည်ထောင်ခဲ့တဲ့ ကိုစိုးရကလဲ အခုလို ပြောပြပါတယ်။

“၂၀၁၀ နဲ့ ၂၀၁၅ ကြားမှာက မီဒီယာတွေက ပြည်ပကနေ ပြည်တွင်းထဲကို ပြန်ဝင်လာတယ်၊ မီဒီယာကြီးတွေပေါ့။ လုပ်သာကိုင်သာ အခွင့်အလမ်းတွေ ပိုရလာတယ်။ ဒါပေမဲ့ ဒေသတွင်း သတင်းမီဒီယာဖွံ့ဖြိုးမှုကတော့ ပထမ ငါးနှစ်တာမှာ အားနည်းခဲ့တယ်”

1065c4d0-a4c1-403e-ba85-1a7d30f360e9.jpeg
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန် ဆန္ဒပြပွဲတစ်ပွဲမှာ ပြေးလွှားရင်း သတင်းယူနေသည့် သတင်းထောက်များ။ (Photo-RFA)

၂၀၁၁ ခုနှစ်ကစပြီး ဓာတ်ပုံသတင်းထောက်တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့တဲ့ ကိုရဲနောင်က ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ ဓာတ်ပုံလိုက်ရိုက်ရင်း၊ သတင်းယူရင်းနဲ့ စစ်တပ်ရဲ့ဘေးကနေ ရှောင်တိမ်းခဲ့ရပုံကို အခုလို ပြောပြပါတယ်။

“ဖေဖော်ဝါရီ ၂၅ ရက်မှာ တပ်မတော်ထောက်ခံတဲ့လူတွေက ဒီမိုကရေစီ လိုလားတဲ့သူတွေနဲ့ အချင်းများ ကြတာပေါ့။ အချင်းများတော့ ဓားထိုးမှုဖြစ်တယ်။ ကျွန်တော်က အဲဒါကို ဗီဒီယိုရိုက်ထားတယ်။ ညနေပိုင်းမှာ အွန်လိုင်းပေါ် တင်လိုက်တယ်။ တင်လိုက်တော့ ခြိမ်းခြောက်မှုတွေ အများကြီး ကြုံရတယ်ပေါ့နော်။ ဒီဖိုင်က ကျွန်တော်ပဲ ရလိုက်တာကိုး။ ကျွန်တော်ကို ခြိမ်းခြောက်ကြတယ်၊ သတ်မယ် ဘာညာ ပြောတာပေါ့။ အဲဒီက စပြီးတော့ ကျွန်တော်နေရာတစ်နေရာ ပြောင်းလိုက်ရတယ်”

 

 

စစ်တပ်က အာဏာသိမ်းမှာကို ကြိုတင်တွက်ဆထားတဲ့အတွက် သူတို့ပြင်ဆင်ခဲ့တယ်လို့ မြန်မာနောင်း ကိုဆွေဝင်းက ပြောပါတယ်။

“အာဏာမသိမ်းခင် သုံးလေးရက်လောက် ကတည်းက အာဏာသိမ်းတော့မယ်လို့ ကျွန်တော်တို့ သတင်းဆောင်းပါးတစ်ပုဒ် မြန်မာနောင်းကနေ ရေးလိုက်တယ်။ အာဏာသိမ်းပြီဟေ့ ဆိုတဲ့နေ့မှာတင် ကျွန်တော်တို့တွေရုံးမှာရှိတဲ့ အရေးကြီးတဲ့ပစ္စည်းတွေအားလုံးကို သိမ်းလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့လူတွေအားလုံးကို နယ်တွေမှာ ခတ္တခဏ တိမ်းရှောင်ခိုင်းတယ်။ ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ စဉ်းစားတာက… သူတို့က အမြစ်ပါမကျန် ဆော်မယ့် အနေအထားရှိတယ်ပေါ့။ ကျွန်တော်တို့ဆက်ပြီး လှုပ်ရှားလို့ရအောင် တချို့လူတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့နယ်မြေကို ကျွန်တော် ပို့လွှတ်လိုက်တယ်။ အဲဒီတောတွင်းမှာ မီးမရှိရေမရှိ အခြေအနေမှာ ကျွန်တော်တို့တွေ မီးစက်တွေနဲ့ သတင်းတွေကို ဆက်လက် ထုတ်လွှင့်ခဲ့ရတဲ့အခြေအနေ ရှိပါတယ်ခင်ဗျ”

Delta News Agency ကလည်း သူတို့ရုံးကိုပိတ်ပြီး တိုင်းရင်းသားနယ်မြေဘက် ပြောင်းခဲ့ရတဲ့အကြောင်း ကိုစိုးရက ပြောပြပါတယ်။

“အာဏာသိမ်းပြီးတော့ ရက်ပိုင်းအတွင်းပဲ ကျွန်တော်တို့ ပုသိမ်ရုံးကိုပိတ်ပြီး ရန်ကုန် ပြောင်းလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်က ဖမ်းလို့တော့မဟုတ်ဘူး၊ ကြိုပြင်တာပေါ့နော်။ ရန်ကုန်မှာပဲဆက်ပြီးတော့ လှုပ်ရှားတယ်။ ဒါပေမဲ့ အင်တာနက်ဖြတ်တာတွေ ပိုပြီးတော့တင်းကြပ်တာတွေ ဖြစ်လာတယ်ပေါ့။ အိမ်တွေကို လိုက်စစ်တာတွေ ဖမ်းတာတွေ ဖြစ်လာတဲ့အခါမှာ ကျနော်တို့နေရတာ မလုံခြုံတော့ဘူး။ နောက်ပြီးတော့ ပိုဆိုးတဲ့အခြေအနေမှာ ပိတ်မိသွားမှာထက်၊ အလုပ်တွေ ဆက်လုပ်နိုင်ဖို့အတွက် ရန်ကုန်က ထွက်မှဖြစ်တော့မယ်ဆိုပြီး စဉ်းစားတယ်။ ဒါနဲ့ ကျွန်တော်တို့ ကရင်ပြည်နယ် လေးကော့ကော်ဘက်ကို ရွှေ့တယ်။ လေးကေ့ကော်ကျတော့ နယ်စပ်နဲ့အနီးဆုံးမှာလဲ ရှိတယ်၊ လျှပ်စစ်မီးလဲ ထိုင်းဘက်ကနေ ၂၄ နာရီ ရတယ်၊ အင်တာနက်ကလဲ ရတယ် ဆိုတော့ ကျွန်တော်တို့အတွက် အဆင်အပြေဆုံးဆိုပြီး လေးကေ့ကော်ကို ရွှေ့တာ”

အဲဒီနောက် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလထဲမှာ လေးကေ့ကော်ကို စစ်ကောင်စီဘက်က ဝင်ပြီးတိုက်တဲ့အတွက် Delta News Agency အဖွဲ့သားတွေလည်း အဲဒီကနေ လွတ်မြောက်ရာ ဒေသတစ်ခုကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ပြောပါတယ်။

Htet.jpg
တိုင်းရင်းသားလွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း Delta News Agency နှင့် PVTV Myanmar အွန်လိုင်းသတင်းအတွက် သတင်းများကြေညာပေးနေသည့် မထက်ထက်အိန္ဒြာအောင်။ (Photo – CJ)

မတ်လနဲ့ ဧပြီလတွေမှာ သတင်းလိုက်ရတာ ပိုပြီး အန္တရာယ်ရှိလာတဲ့အကြောင်း ကိုရဲနောင် ပြောတာက ဒီလိုပါ။

“ဧပြီ ၃ ရက်နေ့မှာ ဝန်ကြီးများရုံးရှေ့မှာ လူငယ်တွေဆန္ဒပြတာ၊ ဗီနိုင်းတွေနဲ့ ချိဆွဲနေတာ… အဲဒါ ကျွန်တော်တို့ သတင်းသွားယူတယ်။ တခြားသတင်းဌာနတွေလဲ ပါတယ်။ စစ်ကောင်စီက ကျွန်တော်တို့ကားကိုအရှိန်နဲ့ပြေးတိုက်တာ။ ကျွန်တော်တို့ကားလဲ မောင်းပြေးတာပေါ့။ ဘေးနားမှာ တခြား ဆန္ဒပြကားတစ်စီး ပါတယ်။ ကျွန်တော်တို့ကားက ရှေ့တည့်တည့်သွားလိုက်တယ်။ ဆန္ဒပြကားက ကွေ့လိုက်တေ့ သူတို့ ကျွန်တော်တို့ကားကို မလိုက်တော့ဘဲနဲ့ ဆန္ဒပြတဲ့ကားနောက်ကို လိုက်သွားတယ်။ အဲဒါ ကျွန်တော်တို့လွတ်သွားတယ်”

အဲဒီနောက်မှာတော့ သတင်းထောက်မှန်း မရိပ်မိအောင် အသွင်မျိုးစုံနဲ့ ပုံစံပြောင်းပြီး အပြင်ထွက် သတင်းယူရတယ်လို့ ကိုရဲနောင်က ပြောပြပါတယ်။

“သင်္ကြန်လမှာ သင်္ကြန်သပိတ်တွေရှိတော့ ကျွန်တော်တို့ ပုံစံအမျိုးမျိုးနဲ့ ထွက်ရတယ်ပေါ့နော်။ ပုဆိုးနဲ့ ခပ်မွဲမွဲပုံသွားရတယ်။ ကင်မရာဆိုရင်လဲ ကျောပိုးအိတ်နဲ့မလွယ်ဘဲနဲ့ ဈေးဝယ်တဲ့အိတ်နဲ့ ထည့်ရတယ်”

ဘယ်လိုပဲ ကြိုတင်ပြင်ဆင်ပေမယ့် မြန်မာနောင်းသတင်းထောက် မကေဇွန်နွေးဟာ သတင်းလိုက်ရင်း အဖမ်းခံလိုက်ရသလို သူတို့သတင်းတိုက်က အယ်ဒီတာတွေ ဝရမ်းထုတ်ခံရ၊ အိမ်တွေအသိမ်းခံရ၊ အဖမ်းခံရတာတွေ ရှိခဲ့တဲ့အကြောင်း ကိုဆွေဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ အမျိုးသမီးသတင်းထောက်မကေဇွန်နွေးဟာ စမ်းချောင်းမှာ သပိတ်တွေ ပထမဆုံးဖြိုခွင်းခံရတော့ အဖမ်းခံလိုက်ရတယ်။ လေးလတိတိ အဖမ်းခံလိုက်ရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို လိုင်စင်ရုပ်သိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်ရယ်၊ အယ်ဒီတာကိုအောင်ရှင်နဲ့ နောက်အယ်ဒီတာတစ်ယောက်ရယ်၊ ကျွန်တော်တို့ဆီက အယ်ဒီတာဟောင်း အမေရိကန်နိုင်ငံသား ဒန်နီဖန်းစတားရယ်၊ အားလုံးပေါင်း ၄ ယောက်ကို ပန်းပဲတန်းမြို့နယ်ရဲစခန်းက ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲတယ်။ အကြမ်းဖက်မှုပုဒ်မတွေ ပါတယ်၊ တရားမဝင်အသင်းပုဒ်မတွေ ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အားလုံးကတော့ တိမ်းရှောင်နိုင်ခဲ့တယ်။ ကျွန်တော်ကတော့ အာဏာမသိမ်းခင်ကတည်းက နိုင်ငံပြင်ပရောက်နေလို့ သက်ရောက်မှုမရှိခဲ့ဘူး။ ကျွန်တော့်ရဲ့အိမ် အသိမ်းခံရတာပဲ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ တခြားမြန်မာလူမျိုး အယ်ဒီတာတွေရဲ့ အိမ်တွေအသိမ်းခံရတယ်။ ဒါပေမဲ့ ဒန်နီဖန်းစတားကတော့ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်။ အခုတော့ သူလဲ အမေရိကန်နိုင်ငံကို ပြန်ရောက်နေပါပြီ”

000_93W2J3.jpg
၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က မြန်မာနောင်းသတင်းထောက် မကေဇွန်နွေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့စဉ်။ (Photo – AFP)

အခုလို သတင်းဌာနတွေ၊ သတင်းထောက်တွေ အန္တရာယ်ရှိနေပေမယ့် စစ်ကောင်စီဘက်က ရပ်တည်ရေးသား ပြောဆိုနေတဲ့သူတချို့ကတော့ အန္တရာယ်ကင်းကင်းနဲ့ သတင်းလောကမှာ နေရာယူနေကြတာ တွေရတယ်လို့ ပြောကြပါတယ်။ ဒီလိုစစ်ခေါင်းဆောင်တွေဘက်က သတင်းလောကကို ထိန်းချုပ်ဖို့ ကြိုးစားတာ၊ သူတို့သြဇာခံ သတင်းဌာနတွေ၊ သူတို့အကြိုက်သတင်းတွေ တင်ပြမယ့် သတင်းထောက်တွေ မွေးတာကလည်း အာဏာမသိမ်းခင်ကတည်းကလို့ ကိုစိုးရက ပြောပြပါတယ်။

“ကျွန်တော် နေပြည်တော်မှာရှိကတည်းက အခြေအနေက သတင်းထောက်တွေကို သူတို့က ဝယ်တယ်ပေါ့နော်၊ ငွေအင်အားသုံးပြီးတော့ စည်းရုံးတယ်။ ပြီးရင် သတင်းဌာနအသစ်တွေ လုပ်တယ်ပေါ့။ အဲဒါက အာဏာမသိမ်းခင် ၂ နှစ်လောက်ကတည်းက နေပြည်တော်မှာ ဟိုးလေးတကျော် ဖြစ်နေတဲ့၊ လူတိုင်းသိနေတဲ့ကိစ္စ။ နောက်တခုက ပြီးခဲ့တဲ့ငါးနှစ်လောက်မှာ နယ်တွေမှာလဲ ကျွန်တော်တို့ဒေသတွင်းမီဒီယာတွေ ဖွံ့ဖြိုးတာကနောက်ကျသေးတယ်၊ သူတို့က အရင်ဆုံး ဘာလုပ်ထားလဲဆိုတော့… မှုခင်းရှုထောင့်တို့ မှုခင်းသတင်းထောက် လိုဟာမျိုးကို ရဲလူထွက်တွေ ရဲဟောင်းတွေ စစ်တပ်လူထွက်တွေကို “သတင်းထောက်တွေ” ဆိုပြီး နယ်တွေမှာ လိုင်းကြေးတောင်းတယ်၊ ငွေညှစ်တယ်၊ KTV တွေကို ‘သတင်းရေးလိုက်ရမလား’ ဆိုပြီး ခြိမ်းခြောက်ငွေတောင်းတယ်။ ပြောရရင် ရဲတွေနဲ့ပေါင်းပြီးတော့ အမှုပွဲစား လုပ်နေတာ။ အဲဒါတွေက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတာတွေ”

အခုလို သတင်းဌာနတွေ သတင်းထောက်တွေအနေနဲ့ သက်စွန့်ဆံဖျားလုပ်ကိုင်ရတာ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိတာတွေက သတင်းရဲ့အရည်အသွေးကိုလည်း ထိခိုက်စေတယ်လို့ ကိုဆွေဝင်းက ဆိုပါတယ်။ ဒါကြောင့် မြန်မာ့စာနယ်ဇင်းနဲ့ သတင်းလောကဟာ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်တို့လို အာဏာရှင်လက်အောက်က အခြေအနေ ဖြစ်သွားပြီလို့ ကိုဆွေဝင်းက သုံးသပ်ပါတယ်။

“အခု အာဏာသိမ်းလိုက်ပြီဆိုတဲ့ အခြေအနေကတော့ ကျွန်တော်တို့ တခါမှမမြင်ဖူးခဲ့တဲ့၊ မီဒီယာတွေအပေါ်တင် မကပါဘူး၊ တခြား ဖိနှိပ်ရက်စက်မှုတွေကို ကျွန်တော်တို့ ကြုံတွေ့ကြားသိရတာပါပဲနော်။ မီဒီယာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုယူဆလဲဆိုတော့ မီဒီယာကို နှိမ်နင်းရမယ့်ရန်သူထဲမှာ ထပ်တူပြုပြီးတော့မှ နှိမ်နင်းတဲ့အခါကျတော့ မီဒီယာသမားတွေ ဖမ်းဆီးခံရတာတွေ ရှိတယ်။ နောက်တစ်ခါ သတင်းနဲ့ပတ်သက်ပြီးတော့ လုံးဝလုပ်လို့မရအောင် နှိပ်ကွပ်ပစ်တာ အကုန်လုံးကို၊ သတင်းသမားဆို အကုန်ဖမ်းမယ်ပေါ့။ အများအားဖြင့် လက်ရှိ ခွင့်ပြုထားတဲ့သူတွေကလဲ အရင်တုန်းက ၂၀၁၀ အလွှဲအပြောင်းမလုပ်ခင်က ရှိခဲ့တဲ့ သူတို့ control လုပ်လို့ရနိုင်တဲ့ မီဒီယာတွေကို သူတို့ အတိုင်းအတာတခုအထိ ခွင့်ပြုတယ်။ ဒါတွေကလဲ သူတို့အသုံးချချင်လို့ပါ။ အခုဆိုရင် အံ့သြစရာကောင်းတာက ၂၀၂၀ မတိုင်ခင် မှာ နည်းပညာလဲ အင်မတန်အားနည်းတယ်။ အင်တာနက်ရော၊ နောက်ပြီးတော့ ကင်မရာတွေသုံးစွဲနိုင်မှု၊ မိုဘိုင်းဖုန်းသုံးစွဲနိုင်မှုတွေ သတင်းထောက်လောကထဲမှာ တော်တော်အားနည်းတယ်။ အခုဆိုရင် အများကြီးကို သုံးစွဲနိုင်တယ်။ သို့ပေမဲ့ အဲဒီလို သုံးစွဲနိုင်တာတောင်မှ ပြည်တွင်းက သတင်းထောက်တွေ လုံးဝ မလှုပ်သာဘူး။ ဘာလို့လဲဆိုတော့ မထင်ရင် မထင်သလို ဖုန်းတွေစစ်တယ်၊ သတင်းထောက်တွေ ဓာတ်ပုံရိုက်လို့ မလွယ်ဘူး၊ နောက်ပြီးတော့ သတင်းထောက်တစ်ယောက်မိသွားရင်တောင်မှ သတင်းထောက်ပုဒ်မ တင်မကဘဲ တခြားပုဒ်မတွေ မျိုးစုံတပ်တယ်။ မိသားစုတွေကိုပါ ဒုက္ခပေးတယ်။ ကျွန်တော်တို့ အခုမြင်ရတဲ့အခြေအနေက ပြောရမယ်ဆိုရင် မြန်မာပြည်က တရုတ်တို့ မြောက်ကိုရီးယားတို့ အီရန်တို့လိုပေါ့”

ကိုစိုးရကလည်း မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ အနှုတ်လက္ခဏာ ပြသွားပြီလို့ ပြောပါတယ်။

“ဇီးရိုးတောင် မဟုတ်တော့ဘူး။ မိုင်းနပ်စ် ရောက်သွားပြီ။ သတင်းထောက်တွေက အဖမ်းခံရသည့်တိုင်အောင် သတင်းထောက်လို့ မပြောရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်ဆိုရင် သတင်းထောက်တွေမို့လို့ ပိုလုပ်တယ်ဆိုတာ ပိုဖြစ်တယ်။ ပိုဖမ်းတယ်၊ ပိုရိုက်တယ်၊ ပိုပြီးတော့ ထောင်ချတယ်။ အဲဒီတော့ သတင်းလွတ်လပ်ခွင့် မပြောနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးတောင်မှ စိတ်မချရတဲ့ အခြေအနေ။ အဲဒါက ဇီးရိုးလယ်ဗယ် (သုညအခြေအနေ)။ ဒါ့ထက်ပိုပြီးတော့ မိုင်းနပ်စ် (အနှုတ်လက္ခဏာ) က ဘာလဲဆိုတော့ သတင်းထောက်အတုတွေကို ဖန်တီးပြီးတော့ သူတို့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပတယ်။ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဇော်မင်းထွန်းကို လာမေးတဲ့သူတွေကို ကြည့်လိုက်ရင် အဲဒီလူတွေက သတင်းထောက်အစစ်တွေ မဟုတ်ဘူးဆိုတာ သိသာတယ်။ ကျွန်တော်တို့လဲ တခါမှမမြင်ဖူးဘူး။ သူတို့မေးတဲ့ ပြောတဲ့ ပုံစံတွေကလဲ သတင်းထောက် မဟုတ်ဘူးဆိုတာ အသိသာကြီးပဲ။ အဲတော့ သတင်းထောက်မဟုတ်တဲ့သူတွေကို သတင်းထောက်အတု ဖန်တီးထားတာ Zero Level မဟုတ်တော့ဘူး၊ Minus Level ဖြစ် သွားပြီ။ ဒါကရှက်ဖို့ကောင်းတယ်။ သတင်းလောကကို ဖျက်ဆီးလိုက်တာပေါ့”

Soe Naing.jpg

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရသည့်အတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သေဆုံးသွားသည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်။ (Photo – CJ)

CPJ လို့ခေါ်တဲ့ “သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ” က မြန်မာ့သတင်းလောကနဲ့ ပတ်သက်လို့ ၁၉၉၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အနှစ်သုံးဆယ်အတွင်းမှာ ၂၀၂၁ ခုနှစ်ဟာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမှုအများဆုံးနဲ့ သတင်းထောက်တွေ အန္တရာယ်အရှိဆုံးနှစ်ဖြစ် ဖော်ပြထားတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအနှံ့မှာ အသတ်ခံရတဲ့ သတင်းထောက်က သုံးယောက်၊ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၁၁၅ ယောက်၊ အဲဒီထဲက တချို့ကိုပြန်လွှတ်ပေးပေမယ့် ၁၄ ယောက်ထောင်ချခံရပြီး ၅၇ ယောက်ကို ထိန်းသိမ်းတရားစွဲထားတယ်လို့ RSF ခေါ် နယ်စည်းမခြားသတင်းထောက်အဖွဲ့က တင်ပြထားပါတယ်။

မြန်မာနောင်းအပါအဝင် DBV၊ မဇ္ဈိမ၊ 7 Day နဲ့ ခေတ်သစ် စတဲ့သတင်းဌာနငါးခုကို လိုင်စင်ရုပ်သိမ်းပြီး သတင်းတိုက်တွေကို ဝင်စီးနင်းခဲ့သလို၊ အခုချိန်မှာ အပိတ်ခံထားရတဲ့ သတင်းဌာန စုစုပေါင်း ၁၂ တိုက်ရှိပြီး ဒေသနှစ်ခုမှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်ထားတယ်လို့လည်း RSF ကထောက်ပြထားပြီး မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာမှာ အဆင့် ၁၄၀ ရောက်သွားတယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese

ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ထားမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ သေနတ်ဒဏ်ရာများနှင့် ရုပ်အလောင်း လက်ထိတ်ခတ်ခံထားရသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသူကို တစ်ရက်အကြာတွင် မျက်စိပွင့်လျက်အနေအထားဖြင့် အသက်မရှိတော့သော ရုပ်အလောင်းအဖြစ်သာ ဥယျာဉ်ခြံတစ်နေရာတွင် ပြန်တွေ့ခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ ဒေါက်တာလင်းမောင် (ခေါ်) ဦးလင်းမောင်ဖြစ်ပြီး ၂၀၂၂ ဧပြီ ၁ ရက်နေ့က တောင်ပျောက်တိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြောသည်။

“လက်ထိတ်လည်း ခတ်ထားတယ်။ ပြီးရင် ကြိုးနဲ့လည်း ချည်ထားတယ်” ဟု ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရဲဘော်ကျောက်ခဲက ဆိုသည်။

ဦးလင်းမောင်မှာ ၁၉၈၈ လူထုအုံကြွမှုကာလကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကျောင်းသားတပ်မတော် (ABSDF) ၏ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဖမ်းတာက ၄၀၅ တပ်ရင်းက တံတားမှာ စောင့်နေတဲ့ အဖွဲ့တွေပဲ၊ မီးရှို့တာက အပေါ်က ဆင်းလာတဲ့ တပ်ရင်းလို့ ပြောတယ်၊ ၁၀၄ တပ်ရင်းလား ၁၀၃ တပ်ရင်းလား မသိဘူး

“သူ့ကို ဒေါက်တာလင်းမောင်၊ ဒေါက်တာလင်းမောင်ဆိုပြီး ခေါ်ကြတယ်။ ချစ်ပြီးခေါ်တာလောက်ပဲ၊ သူက တကယ်တော့ (ဆေးပညာ) ဒေါက်တာဘွဲ့ရတဲ့သူတော့ မဟုတ်ဘူး၊ ဆေးဝါးကျွမ်းကျင် ဆေးမှူးအဆင့်လောက်ပဲရှိတယ်” ဟု ရဲဘော်ကျောက်ခဲက ပြောသည်။

002.Jpg

ဧပြီလဆန်းပိုင်းက တောင်ပျောက်တိုက်နယ်မှ မီးရှို့ခံရသည့် တိုက်အိမ်တစ်လုံး၏ အတွင်းပိုင်း မြင်ကွင်း (ဓာတ်ပုံ - ပေးပို့)ဧပြီလဆန်းပိုင်းက တောင်ပျောက်တိုက်နယ်မှ မီးရှို့ခံရသည့် တိုက်အိမ်တစ်လုံး၏ အတွင်းပိုင်း မြင်ကွင်း (ဓာတ်ပုံ – ပေးပို့)

 

ကျောက်အိုင်ရွာတွင် ဥယျာဉ်ခြံလုပ်ကိုင်စဉ် ကျေးရွာများတွင် ဆေးကုသပေးနေသူ တောင်ပျောက်တိုက်နယ်ဇာတိ ၅၆ နှစ်အရွယ် ဦးလင်းမောင်သေဆုံးမှုမှာ တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် တရားမဲ့သတ်ဖြတ်မှုများထဲမှ သာဓကတစ်ခုဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ထိုဖြစ်ရပ်များကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကလည်း စစ်ကောင်စီတပ်လက်ချက်ကြောင့် သေဆုံးသူ ၁၈၀၃ ဦးထက်မနည်း ရှိနေပြီဖြစ်သည်ဟု ဧပြီ ၂၉ တွင် ထုတ်ပြန်ကြေညာထားသည်။

တရားမဲ့သတ်ဖြတ်မှုများ  

ဧပြီ ၁၇ တွင် သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာအနီး စစ်တပ်မော်တော်ယာဉ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဆိုကာ ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားကြောင်း၊ ထိုအထဲမှ ၂ ဦးကို စစ်တပ်က အလောင်းဖျောက် မီးရှို့သတ်လိုက်ကြောင်း ဒေသခံများက ဆိုသည်။

မီးရှို့အသတ်ခံရသူနှစ်ဦးမှာ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ဦးတင်လတ်ရော်ဘာခြံတွင် အလုပ်လာလုပ်နေသည့် မွန်ပြည်နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်မှ အသက် ၃၄ နှစ်ခန့်ရှိ အလုပ်သမား ကိုကျော်သူစိုးနှင့် သရက်ချောင်းဇာတိ ပိတောက်ငယ်ရွာမှ ကိုဝင်းကျော်တို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ကိုဝင်းကျော်မှာ မိဘများကို ကန်တော့ရန် ညီမဖြစ်သူကို သွားကြိုရာ ရငဲရွာအထွက် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီး အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး စစ်တပ်က သတ်ဖြတ်ပြီး အလောင်းဖျောက် မီးရှို့ကြောင်း ဒေသခံအချို့က ပြောသည်။

“ဖမ်းတာက ၄၀၅ တပ်ရင်းက တံတားမှာ စောင့်နေတဲ့ အဖွဲ့တွေပဲ၊ မီးရှို့တာက အပေါ်က ဆင်းလာတဲ့ တပ်ရင်းလို့ ပြောတယ်၊ ၁၀၄ တပ်ရင်းလား ၁၀၃ တပ်ရင်းလား မသိဘူး” ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။

ယင်းသို့ပင် သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ဧပြီလ ၂၂ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က ညောင်ဇင်ရွာဘက်မှ ဆိုင်ကယ်စီးလာသည့် အသက် ၃၀ ခန့်ရှိ ကိုစိုင်းမောင်ဆိုသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က နောက်မှ ကားဖြင့် လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

003.Jpg

ဧပြီလက တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုအပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ပေးပို့)ဧပြီလက တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုအပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု (ဓာတ်ပုံ – ပေးပို့)

ကားပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်း သွေးယိုစီးနေသည်ကို တွေ့ရကြောင်း ဒေသခံအမျိုးသားက ပြောသည်။

ကားဟွန်းတီးသံ ကြားရပြီးသည်နှင့် တစ်ပြိုင်နက် ပစ်ခတ်ခံရသည့် ကိုစိုင်းမောင် သေဆုံးပြီးသည့်နောက် စစ်ကောင်စီတပ်က လူမှားပြီးပစ်မိသည်ဟု ပြောဆိုကြောင်း ၎င်းက ပြောသည်။

ဧပြီ ၂၃ နေ့လယ် ၁၁ နာရီတွင် ကိုစိုင်းမောင်အလောင်းကို စစ်ကောင်စီတပ်က ပြန်လာပို့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

အလားတူ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ဧပြီ ၂၂ နံနက် ၄ နာရီခန့်က ဦးသိန်းယားဆိုသူကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က‌ ပြောသည်။

အသက် ၄၀ ခန့်ရှိ ဦးသိန်းယားမှာ အရက်မူးလာလျှင် အော်ဆဲနေတတ်သူဖြစ်သည်ဟု စော်ဖျားကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။

ဦးသိန်းယား၏ အလောင်းကို စစ်တပ်က ယင်းနေ့နံနက်တွင်ပင် သယ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆယ်ကျော်သက်များ ပစ်သတ်ခံရခြင်း

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ပန်းရံလုပ်နေသည့် ၁၆ နှစ်အရွယ် မောင်ခန့်ဇင်ထွေး၊ ၁၇ နှစ်အရွယ် မောင်ရဲဇော်ထိုက်နှင့် ၁၈ နှစ်အရွယ် မောင်အောင်သက်ဖြိုးတို့ကို ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

ကင်းရှေ့ရွာမှာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ထားဝယ်မြို့နှင့် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။

သုံးယောက်ကတော့ အနီးကပ်အပစ်ခံရတယ်၊ အဝေးကနေ လှမ်းပစ်ပြီး မသေသေးလို့ သေနတ်ဒင်နဲ့ ဆောင့်ပြီးမှ အနီးကပ် ပြန်ပြီးပစ်သတ်တာ။ ခန့်ဇင်ထွေးလည်း တင်ပါးမှာ ထိတာကို မသေသေးလို့ သေနတ်ဒင်နဲ့ ထောင်းတာမှာ ဦးနှောက်တွေ ထွက်ကုန်တယ်၊ ပြီးမှ သေနတ်နဲ့ ထပ်ပစ်တာ

ယင်းနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆေးဖြတ်ကုန်းရွာနှင့် ကင်းရှေ့ရွာကြား ကင်းရှေ့ရွာထိပ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ကား ၃ စီး ထပ်မံမိုင်းဆွဲခံခဲ့ရသည်။

မိုင်းထိသည့် စစ်ကောင်စီတပ်ဖွဲ့ ကင်းရှေ့ရွာထဲသို့ ပစ်ခတ်ဝင်‌‌ရောက်လာမှုကြောင့် ပန်းရန်လုပ်ကွက်တွင် လုပ်နေသည့် အလုပ်သမား ၁၁ ဦး ထွက်ပြေးကြကြောင်း၊ လယ်ကွင်းထဲအထိ လိုက်လံပစ်ခတ်သဖြင့် အလုပ်သမား ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့သည့် အလုပ်သမားတစ်ဦးက ပြောသည်။

“သုံးယောက်ကတော့ အနီးကပ်အပစ်ခံရတယ်၊ အဝေးကနေ လှမ်းပစ်ပြီး မသေသေးလို့ သေနတ်ဒင်နဲ့ ဆောင့်ပြီးမှ အနီးကပ် ပြန်ပြီးပစ်သတ်တာ။ ခန့်ဇင်ထွေးလည်း တင်ပါးမှာ ထိတာကို မသေသေးလို့ သေနတ်ဒင်နဲ့ ထောင်းတာမှာ ဦးနှောက်တွေ ထွက်ကုန်တယ်၊ ပြီးမှ သေနတ်နဲ့ ထပ်ပစ်တာ” ဟု ၎င်းက ဆိုသည်။

၁၆ နှစ်အရွယ် မောင်ခန့်ဇင်ထွေးမှာ သာမဏေလူထွက်ပြီး တစ်ရက် ၆၀၀၀ ကျပ်ဖြင့် ပန်းရန်ဝင်လုပ်နေသည်မှာ တစ်လကျော်သာ ရှိသေးသည်ဟု သိရသည်။

မောင်အောင်သက်ဖြိုးနှင့် ရဲဇော်ထိုက်တို့မှာလည်း ဆယ်တန်းကျောင်းသားများဖြစ်ပြီး ပန်းရန်ဝင်လုပ်နေခြင်းဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

ယင်းအပြင် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ လှည်းတန်းရပ်ကွက်၊ ရတနာလမ်းတွင် စစ်ကောင်စီတပ်နှင့် ပက်ပင်းတိုးသည့် အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးမှာလည်း စစ်ဆေးမခံဘဲ ဆိုင်ကယ်မောင်းပြေးရာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး အသက် ၁၉ နှစ်အရွယ် ကိုဟိန်းဟိန်း သေဆုံးကာ အဖော်လိုက်ပါလာသူမှာလည်း ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ် ဧပြီလ ၄ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သေးသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်များက စစ်ဘေးရှောင်များကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်း၊ ထွက်ပြေးသူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရွားများကို ဝင်ရောက်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများလုယက်ယူဆောင်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ဆိုသည်။

ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ဝင်းကဖော်ကျေးရွာမှ နေအိမ် ၁၀ လုံး၊ ကျောက်အိုင်ကျေးရွာမှ နေအိမ် ၂ လုံး၊ တဲတစ်လုံး၊ မယ်ကဲကျေးရွာမှ နေအိမ် ၂ လုံး စုစုပေါင်း နေအိမ် ၁၅ လုံးခန့်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၁၄ စီး၊ ကား၁ စီး၊ စပါးကျီ ၁ ခု၊ ငွေသား သိန်း ၂၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က‌ ဆိုသည်။

ကျွန်မတို့လည်း စဉ်းစားနေတာပဲ၊ ဘယ်မှာနေရင် ကောင်းမလဲလို့၊ ဘယ်နားမှလဲ နေလို့မလုံခြုံတော့ဘူး

တနင်္သာရီတိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှာ သရက်ချောင်းမြို့နယ်အခြေစိုက် ခ.မ.ရ ၄၀၃၊ ၄၀၄၊ ၄၀၅ ခြေမြန်တပ်ရင်းများနှင့် ထားဝယ်အခြေစိုက် ခ.လ.ရ ၂၅ တပ်ရင်းတို့ဖြစ်သည်ဟု သိရကြောင်း ရဲဘော်ကျောက်ခဲက ဆိုသည်။

ဒေသခံတို့အတွက် လုံခြုံမှု

ပြည်သူများအပေါ် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုတို့ကို စစ်ကောင်စီက စစ်ရေးဗျူဟာအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ် ၁၆ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထိုသို့လုပ်ဆောင်ခြင်းမှာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်သည်ဟု ကောက်ချက်ချနိုင်ကြောင်း ၎င်းက ဆိုသည်။

004.Jpg

တနင်္သာရီတိုင်း တောင်ပျောက်တိုက်နယ်အတွင်း ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီတပ်က နေအိမ် ၁၄ လုံး မီးရှို့ခဲ့သည်။ (ဓာတ်ပုံ - ပေးပို့)တနင်္သာရီတိုင်း တောင်ပျောက်တိုက်နယ်အတွင်း ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီတပ်က နေအိမ် ၁၄ လုံး မီးရှို့ခဲ့သည်။ (ဓာတ်ပုံ – ပေးပို့)

မတ် ၂၁ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိ Tom Andrews က လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာတွင်လည်း စစ်ကောင်စီ၏ လုပ်ရပ်များမှာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်သည်ဟု ပြောဆိုထားသည်။

စစ်ကောင်စီကမူ Tom Andrews သည် “၎င်း၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့” သည်ဟု တုံ့ပြန်ခဲ့သည်။

“အထူးအစီရင်ခံစာတင်သွင်းသူ၏ ဆန်းစစ်လေ့လာမှုများသည် မျှတမှုမရှိ ဘက်လိုက်မှုရှိကြောင်း ထင်ရှားစွာ တွေ့ရသည်” ဟု ဧပြီ ၄ ရက်နေ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည့်နည်းနှင့် တုံ့ပြန်လိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မြန်မာလူ့အခွင့်အရေးအခြေအနေကို နာရီပေါင်းများစွာ အချိန်ဖြုန်း ဆွေးနွေးကြခြင်းမှာ နိုင်ငံရေးအရ ဖိအားပေးလိုသည့် ဆောင်ရွက်ချက်သာ ဖြစ်သည်ဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတကာက မည်မျှပင် စောင့်ကြည့်ထောက်ပြလင့်ကစား မြန်မာပြည်တောင်ပိုင်းမှ ဒေါက်တာလင်းမောင်ကဲ့သို့ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခံရမှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။

ဤအခြေအနေတွင် သရက်ချောင်းမြို့နယ်၊ အလယ်စုရွာမှ တိုက်ပွဲရှောင်ခဲ့ရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြည်သူအများအပြားမှာ ခိုကိုးရာမဲ့ပြီး လုံခြုံမှုကင်းမဲ့သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောသည်။

“ကျွန်မတို့လည်း စဉ်းစားနေတာပဲ၊ ဘယ်မှာနေရင် ကောင်းမလဲလို့၊ ဘယ်နားမှလဲ နေလို့မလုံခြုံတော့ဘူး” ဟု ထိုအမျိုးသမီးက ပြောလိုက်သည်။

Myanmar Now News

မအောင်မြင်သော အာဏာသိမ်းမှု၏ အကျိုးသက်ရောက်မှုများကို အမျိုးသမီးများနှင့် ကလေးငယ်များ ခံစားနေရသည်။ ထိခိုက်လွယ်သော အုပ်စုများကို စနစ်တကျ ဖိနှိပ်ခြင်းသည် အမျိုးသမီးများနှင့် ကလေးများ၏ လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော ကာလကြာရှည် အားနည်းသည့် ဥပဒေများကို ပို၍ဆိုး၀ါးစေသည်။ ၎င်းတို့အားကာကွယ်ပေးရမည်။

ဒီနေ့ကမ္ဘာပေါ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ စစ်ရေးဆိုင်ရာ အကျပ်အတည်းတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေပြီး၊ တရားဥပဒေစိုးမိုးမှု ကျဆင်းလာတာနဲ့အမျှ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ တိုးပွားလာနေတယ်လို့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းအကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Pramilla Patten က ဧပြီလ ၂၅ရက်နေ့ မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဂျော့ချ်တောင်းတက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အမျိုးသမီးများဆိုင်ရာ အင်စတီကျုက ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆူဒန်၊ မာလီနဲ့ မြန်မာနိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီး နောက်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကပ်ရောဂါအလား တိုးလာတာ တွေ့ရတယ်လို့ ကုလအထူးကိုယ်စားလှယ် Pramilla Patten က ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာဆိုရင် မနှစ်က ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက အမျိုးသမီး ဆန္ဒပြသူတွေ၊ နိုင်ငံရေးအကျဉ်းသူတွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်ခံခဲ့ရတာ တွေ့ရပါတယ်” လို့ ပြောသွားတာပါ။

“ဒီအထဲက ၇ဝ ရာခိုင်နှုန်းဟာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးအရေးယူခြင်း လုံးဝမရှိတဲ့အတွက် ဒီစာရင်းထဲမှာ ငါးနှစ်ဆက်တိုက် ပါဝင်နေခဲ့တာ တွေ့ရပါတယ်”

ဒီလိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ ကျူးလွန်သူတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှု ဖြစ်ပါတယ်။

“အခုအချိန်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့အတွက် ကုလသမဂ္ဂကနေ ပစ်မှတ်ထားပိတ်ဆို့အရေးယူထားတဲ့ အစိုးရနဲ့ အဖွဲ့အစည်း ၁၄ခုရှိနေပြီး ဒီအထဲက ရှစ်ခုက ပဋိပက္ခကာလအတွင်း ကျူးလွန်မှုတွေအတွက် အရေးယူထားတာဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့က ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဆီကို နောက်ဆုံးတင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်မှုတွေအတွက် တာဝန်ရှိကြောင်း သံသယရှိခံရတဲ့ အစိုးရနဲ့အဖွဲ့အစည်းပေါင်း ၄၉ ခုကို စာရင်းပြုစုပြီး တင်ပြထားပါတယ်။ ဒီအထဲက ၇ဝ ရာခိုင်နှုန်းဟာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးအရေးယူခြင်း လုံးဝမရှိတဲ့အတွက် ဒီစာရင်းထဲမှာ ငါးနှစ်ဆက်တိုက် ပါဝင်နေခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်မို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူတွေကို စာရင်း ထုတ်ပြန်တာနဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တဲ့ ကော်မတီက အမှန်တကယ် လိုက်နာအောင် ဖိအားပေး ဆောင်ရွက်တာတွေကို ဟန်ချက်ညီညီလုပ်သွားဖို့ အရေးတကြီး လိုနေတာကို ပြသနေပါတယ်” လို့ ကုလအထူးကိုယ်စားလှယ်က ပြောသွားပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တယ်လို့ အတည်ပြုနိုင်တဲ့အဖွဲ့အစည်းတွေကို Women’s Peace Network အဖွဲ့ တည်ထောင်သူ ရိုဟင်ဂျာအမျိုးသမီး မဝေဝေနုက မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေတဲ့အကြောင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာဟာ မြန်မာစစ်တပ်ရဲ့အမှတ်အသားလို့ ပြောလို့ရနိုင်ကြောင်း၊ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူနိုင်မှ ကျူးလွန်မှုတွေကို ရပ်တန့်နိုင်မှာ ဖြစ်တဲ့အကြောင်း Dr. Robert Nagel ကပြောသွားပါတယ်။

women2.jpg
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က မန္တလေးမြို့က စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှာတွေ့ရသော အမျိုးသမီးများ။ (Photo: AFP)

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ရာဇဝတ်မှုတွေဖြစ်ပွားခဲ့တာဟာ ၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူခြင်းမရှိခဲ့တာရဲ့ အကျိုးဆက်ဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အမျိုးသမီးတွေအပြင် အမျိုးသားတွေနဲ့ လူငယ်ယောက်ျားလေးတွေ၊ LGBT တွေလည်း ကြုံခဲ့ရတာ တွေ့ရတဲ့အကြောင်း ဂျော့ချ်တောင်းတက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အမျိုးသမီးများဆိုင်ရာ အင်စတီကျုက ပါရဂူဘွဲ့သုတေသီ ဒေါက်တာ ရောဘတ်နာဂျယ်က ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

မြန်မာစစ်တပ်အပေါ်မှာ နိုင်ငံတကာက ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုတွေကို တိုးချဲ့ဖို့၊ မြန်မာစစ်တပ်အတွက် အဓိကဝင်ငွေရှာပေးနေတဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရာမှာ ထည့်သွင်းသွားဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး အိုင်စီစီမှာ တရားစွဲဆိုစစ်ဆေးဖို့၊ ကမ္ဘာ့နိုင်ငံတွေကလည်း Universal Jurisdictionနဲ့ တရားစွဲဆိုအရေးယူဖို့ စတာတွေကို လုပ်ဆောင်ကြဖို့ သူက တိုက်တွန်းပြောကြားသွားပါတယ်။

RFA Burmese

ရှုပ်ထွေးလှသော မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် ၎င်းတို့၏ ဒီမိုကရေစီအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဥပဒေမဲ့ မတရား ဖမ်းဆီးခြင်းခံခဲ့ရသည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ လူပေါင်း ၁၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံရေးအကျဥ်းသားများအားလုံးကို ပြန်လွှတ်ပေးရမည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNDO/KNLA တပ်ဖွဲ့တွေနဲ့၊ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည် ခုနစ်ထောင်လောက်ရှိလာနေတယ်လို့ KNU ဘက်က ဧပြီလ ၂၅ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ BGF နယ်ခြားစောင့်တပ်တွေ ပေါင်းပြီး၊ ဒေသခံတွေနေတဲ့ ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေတာကြောင့်၊ ဘီးလင်းမြို့နယ် KNU ထိန်းချုပ်နယ်မြေထဲက ဝင်းတာပန်၊ မြစ်ကျိုးစတဲ့ ရွာကိုးရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဧပြီလ ၂၃ ရက်နေ့မှာ ဒေါဇံကြီးရွာက ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၆၆ နှစ်အရွယ် အဘွားအိုတစ်ဦး စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

kayin.jpg

ဧပြီလ ၂၄ ရက်နေ့မှာလည်း လေးကေကျေးရွာရှိ စစ်ကောင်စီ-BGF ပူးပေါင်းစခန်းကနေ ၆ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။

ထွက်ပြေးနေရတဲ့ ဒေသခံ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းသုံး ပစ်ခတ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်စခန်းတွေကို ဘီးလင်းဘက်ကနေ ဧပြီလ ၂၃ ရက်နေ့မှာ နောက်ဆုံး ထွက်ခွာပေးဖို့ KNDO တပ်ရင်း ၂ ဘက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သတ်မှတ်ရက်ကျော်လာတဲ့အထိ ထွက်သွားတာ မရှိတာဘဲ တိုက်ပွဲတွေ ပြင်းထန်လာနေတာဖြစ်ပါတယ်။

RFA Burmese