#အာဆီယံမှ ကမ်းလှမ်းမှုထက် ပိုမိုသည့် အကူအညီများ #မြန်မာပြည်သူများ ရရှိရန် ထိုက်တန်ပါသည်။ အတွေ့အကြုံရှိသော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် NUG အပါအဝင် လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေသူများ၏ အသံများကို အာဆီယံအနေဖြင့် နားထောင်ရမည်ဖြစ်ပြီး စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှုရှိစေမည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုသည်။

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်ခရိုင်)၊ ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ရာ ၁၂ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၅) က အတည်ပြုသည်။
ကူးဆိပ်ရွာ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၈) ၊ ခမရ (၄၀၈) တပ်ရင်းက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု အတွင်းရှိ တဒွီးခိုကျေးရွာ အတွင်းသို့ ၆၀ မမ လက်နက်ကြီး လေးချက် ပစ်ခတ်ခဲ့ရာ အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။
ယင်းတဒွီးခိုကျေးရွာ ဒေသခံ အသက် ၁၆ နှစ်အရွယ် နော်အယ်ဆိ၏ ရင်ဘတ်ကို လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် နော်သဒါး၏ ဝမ်းဗိုက်ကို လက်နက်ကြီးအစ ထိမှန်ခဲ့ရာ ဒဏ်ရာ ပြင်းထန်သော နော်သဒါး ကို ဆေးကုသရန် ကြိုးစားခဲ့သော်လည်း ယမန်နေ့ မေလ ၈ ရက်နေ့တွင် သေဆုံးသွားကြောင်း မူတြော်သတင်းစဉ်က ယနေ့ မေလ ၉ရက်တွင် ထုတ်ပြန်ထားသည်။
ရိက္ခာ ဖြတ်တောက် ခံထားရသော စစ်ကောင်စီ ရှေ့တန်း စခန်းများ အတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း များအား မြေပြင် ထောက်ပို့တပ်က ပို့ဆောင်ရန် ကြိုးပမ်းနေစဉ် ကတဲတိ(ကတိုင်တိ)နှင့် ကူးဆိပ် ကားလမ်းဘေးရှိ ကျေးရွာအများ အတွင်းသို့ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရွယ်ရည်ချက်ရှိရှိ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း KNU ဘက်က ဆိုသည်။
တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်သည် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း ပစ်ခတ်မှုဒဏ်ကို မကြာခဏ ကြုံနေရပြီး အရပ်သား သေဆုံးမှုများလည်း ရှိနေသည်။
ဖာပွန်ခရိုင်တွင် ဧပြီလ အတွင်းက KNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပေါင်း ၄၀၀ နီးပါး ဖြစ်ပွား ခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူး တစ်ဦး အပါအဝင် ၁၇၃ ဦးသေဆုံးပြီး ဦးရေ ၉၀ ဝန်းကျင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ထားသော KNU ထိန်းချုပ်ရာ ကော်သူးလေ နယ်မြေတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေပြီး လစဉ် တိုက်ပွဲပေါင်း ရာချီ ဖြစ်ပွားနေခြင်း ဖြစ်သည်။
မေ ၁၀ ၊ ၂၀၂၂
ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ တိုင်ပင်ခံအစည်းအဝေးမှာ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာ နိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုအပေါ် အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချတဲ့အကြောင်း မေ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မေ ၆ ရက်က ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံအစည်းအဝေးမှာ ဒေါက်တာနိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုက အာဆီယံအနေနဲ့ ကုလသမဂ္ဂကို စော်ကားလိုက်တာဖြစ်တယ်လို့ ရှုတ်ချရေးသားလိုက်တာပါ။
မူလက ဖိတ်ကြားခဲ့ပြီးမှ အစည်းအဝေးတက်ရောက်ခါနီး ကုလအထူးကိုယ် စားလှယ်ကို ဖျက်သိမ်းလိုက်မှုက အာဆီယံရဲ့ ကုလသမဂ္ဂကို စော်ကားမှုဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ဒါအပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin ကလည်း ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အ ရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးတော့ အစည်းအဝေးကို တက်ရောက်ခွင့် မပြုခဲ့တဲ့အပေါ် ဝေဖန်ထားပါတယ်။
အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး Saifuddin ရဲ့ ဝေဖန်မှုကိုလည်း ဖော်ပြထားပြီး အခုလို ဝေဖန်တာကို ကြိုဆိုတယ်လို့ ဖော်ပြထား တာတွေ့ရပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးရေးနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ အာဆီယံအတိုင်ပင်ခံအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ဖိတ်ကြားခြင်းမပြုဘဲ အကြမ်း ဖက်စစ်ကောင်စီကိုသာ ဗဟိုပြုပြီး ဆွေးနွေးပွဲတက်ရောက်စေခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဖော်ပြထားပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ် ဆောင်ဖို့ အသင့်ရှိနေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီမိုကရေစီ ရှင်သန်ဆဲနိုင်ငံအတွက် သတင်းလွတ်လပ်ခွင့်သည် အရေးကြီးပြီး အခြေခံကျသည်။ မြန်မာစစ်တပ်အောက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးထားရုံသာမက သေစေနိုင်လောက်သည့် အကျိုးဆက်များနှင့် ဆိုးရွားစွာ ကျဆင်းနေသည်။

စစ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် စစ်တပ်က ဒေသခံရာနှင့်ချီ ဖမ်းဆီးလိုက်ပြီး လက်နက်ကိုင်ခုခံသူတို့ကို ဆက်လက် ရှာဖွေနေသည်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကင်းလှည့်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ ငှက်အော်စမ်းကျေးရွာမှ ဒေသခံ အမျိုးသား ၄၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

မေလ ၃ ရက် ညနေ ၃ နာရီခန့်တွင် ငှက်အော်စမ်းကျေးရွာအနီး မကျည်းကန်-ကျိုက်ထော်လမ်းမပေါ်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကော့မှူးဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိုနေ့ ညပိုင်းမှာပင် အနီးရှိ ငှက်အော်စမ်းကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်ကာ ဒေသခံတို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နောက်တစ်နေ့ (မေ ၄) နံနက်တွင် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားများကို ဆက်လက် ဖမ်းဆီးထားပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“လူကြီး၊ လူလတ် ယောက်ျားမှန်သမျှ အကုန်ဖမ်းထားတယ်။ မိသားစုတစ်စုကို ယောက်ျား ၂ ယောက် အနည်းဆုံး ဖမ်းထားပါတယ်” ဟု သူက ပြောသည်။

ယာဉ်တန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တချို့ သေဆုံးရာ ထိုအထဲတွင် ဗိုလ်ကြီး ၁ ဦး ပါဝင်သည်ဟု ပကဖထံမှ သိရသည်။

ရွာရှိ အထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့် တပ်စွဲနေပြီး အမျိုးသမီးများက ထမင်းဟင်းများ ချက်ပြုတ်ကာ ပို့ပေးနေရသည်ဟုလည်း ကော့မှူးပကဖတာဝန်ရှိသူက ဆိုသည်။

ကော့မှူးမြို့နှင့် ၇ မိုင်ခန့်အကွာ ငှက်အော်စမ်းကျေးရွာသည် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၁၈ စာရင်းများအရ အိမ်ခြေပေါင်း ၃၃၀ ကျော်ရှိပြီး အမျိုးသားဦးရေ ၆၅၀ ကျော် အမျိုးသမီး ၇၀၀ နီးပါးရှိသည့် ရွာဖြစ်သည်။

ငှက်အော်စမ်းရွာအပြင် ရွာနီးချင်းများဖြစ်သော သံကြိုကျေးရွာ၊ ညောင်ထောက်ကျေးရွာ၊ ရေတာရှည်ကျေးရွာများမှ ဒေသခံ၂၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က မေလ ၃  မှ ၅ ရက်အထိ ဆက်တိုက်စစ်ဆေးခဲ့သည်။

ယနေ့ (မေလ ၇ ) ရက် နံနက်တွင် ညောင်ထောက်ကျေးရွာအနောက်ဘက်ရှိ တောတန်းအတွင်း ဆက်လက်ရှာဖွေနေသော စစ်တပ်က ငှက်အော်စမ်းရွာအတွင်း ကင်းပုန်းဝပ်နေသကဲ့သို့ ရွာထိပ်တွင် ကင်းချထားသည်ဟုလည်း အထက်ပါ ကော့မှူးပကဖတာဝန်ရှိသူက ဆက်ပြောသည်။

စစ်သားများက တပ်ဖြန့်ထားရာ ကော့မှူးမြို့နယ်အားကစားခန်းမတွင် အင်အား ၄၀ ခန့်၊ ညောင်ထောက်ကျေးရွာတွင် ၃၀ ခန့်၊ ကရင်စုကျေးရွာတွင် ၃၀ ခန့်၊ ဝါးသင်္ခကျေးရွာတွင် ၂၀ ခန့်၊ ရခိုင်စုကျေးရွာတွင် ၁၅ ဦးခန့် ရှိနေသည်ဟုလည်း ထိုသူက ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ကိုးကားပြီး ပြောသည်။

သို့သော် အဆိုပါ အချက်အလက်များကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ကော့မှူးမြို့နယ်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆက်တိုက် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေ ၆ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၅၄၅ ဦးထက်မနည်း ရှိနေသည်။

စစ်ကောင်စီတပ်များက PDF ကို ထောက်ခံသည်ဟု ယူဆရသော၊ အနာဂတ်တွင် PDF ကို ကူညီနိုင်ခြေရှိသော ရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု စစ်ကိုင်းတိုင်းဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း ပြည်နယ်၊ ကယားပြည်နယ် စသည့် ဒေသများမှ ပြည်သူတို့၏ အိုးအိမ်ပေါင်း ၁၁,၄၇၁ လုံးကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ မီးရှို့ခဲ့သည့် ပမာဏဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့ မီးမရှို့ကြောင်း တုံ့ပြန်ထားသည်။

Myanmar Now News

PDF လှုပ်ရှားနယ်မြေကို လိုက်လံဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က အရာတော်၊ ကလေး၊ တန့်ဆည်၊ ဖလမ်းမြို့ကျေးရွာများကို မီးတိုက်နေသည်ဟု ထိုဒေသတွင် နေထိုင်သူတို့ထံမှ သိရသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် မေလပထမပတ်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၂ ရက်နေ့က စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာရွာ၊ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတို့ကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး တန့်ဆည်မြို့နယ်၊ ကြောင်ဆင်းအိုင်ကျေးရွာတွင်လည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

တန့်ဆည်မြို့နယ် အနောက်မြောက်ပိုင်းကို ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဝင်မွှေခဲ့ပြီးနောက် ကြောင်ဆင်းအိုင်ရွာတွင် တပ်စွဲနေသည့် စစ်တပ်သည် ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ရွာကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့မနက် ၆ နာရီလောက်ကစပြီး မီးရှို့ဖျက်ဆီးနေတာ။ စစ်တပ်အင်အား ၉၀ လောက် တပ်စွဲနေတာ” ဟု တန့်ဆည်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကြောင်ဆင်းအိုင်ရွာ မီးရှို့မှုတွင် ပျက်စီးသည့်အိမ်အရေအတွက် မည်မျှရှိသည်ကို မသိရသေးပေ။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃၀၀၀ နီးပါးရှိသည့် ထိုရွာတွင် ဒေသခံတို့က စစ်တပ်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၊ မလဲသာရွာကို မေ ၂ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အိမ်ခြေ ၆၀၀ နီးပါးရှိသည့် မလဲသာရွာမှာ စစ်တပ်က ၄ ကြိမ်မြောက် ဝင်ရောက်စီးနင်းပြီးနောက် ရွာအရှေ့ဘက်ခြမ်းရှိ အိမ်ခြေအချို့မှအပ တစ်ရွာလုံးနီးပါး ပြာပုံဖြစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာတောင်ဘက်ကနေ စပြီးရှို့တာ။ လေက မြောက်လေတိုက်တာ။ အဲဒီတော့ အမြန်ကြီးကူးစရာမရှိဘူး။ ခဏလေးအတွင်းကို တော်တော်လောင်တာဆိုတော့ ပိုက်စိပ်တိုက် သေချာကိုရှို့သွားတယ်လို့ ယူဆတယ်။ မလဲသာရွာနဲ့ ကန်ရင်းရွာကြားက စျေးဆိုင်တန်းလေးတွေကိုလည်း ရှို့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ခြေကျဲတဲ့အိမ်နဲ့ ရွာရဲ့အရှေ့ဘက် သစ်ပင်တွေရှိတဲ့နေရာက ၂၀ ကျော် ၃၀ လောက် ကျန်ခဲ့တယ်။ ရွာအနောက်ဘက်က စာသင်ကျောင်းတွေတော့ မလောင်ဘူး။ ရွာအလယ်က မူကြိုကျောင်းနဲ့ စာကြည့်တိုက်တော့ မလောင်ဘူး” ဟု ၎င်းက ဆိုသည်။

မလဲသာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီးနောက်တွင် ကျေးရွာအတွင်း ပိတ်မိနေသည့် မျက်မမြင်အဘွားအိုတစ်ဦး မီးလောင်ပြီးသေဆုံးခဲ့ရကြောင်း သူက ဆက်ပြောသည်။

ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ PDF ကို ထောက်ခံလာမည့် ကျေးရွာအဖြစ် ယူဆပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

အရာတော်မြို့နယ်မှ မိုင်၂၀၀ ဝန်းကျင်အကွာ ကလေးမြို့နယ်၊ အရှေ့စည်းရွာကိုလည်း မေလ ၁ ရက်နေ့ ညနေပိုင်း စစ်တပ် ဝင်ရောက်မီးရှို့မှုကြောင့် အိမ်ခြေ ၈၀၀ ဝန်းကျင်အနက် ၇၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

“သူတို့က တော်လှန်ရေးမှာ မပါစေချင်လို့၊ ကြောက်သွားအောင်လို့ ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ပေမဲ့ အားမလျှော့ဘူး” ဟု မီးရှို့ခံရမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် အရှေ့စည်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ခုလိုတွေလုပ်တော့ တော်လှန်ဖို့က လျှော့သွားဖို့မရှိဘူး။ ပိုတိုးလာဖို့၊  ပိုမုန်းလာတာပဲ ရှိတယ်။ သူတို့လုပ်လေ တော်လှန်လေပဲ”

ချင်းပြည်နယ် ဖျက်ဆီးမှု

တောင်ကုန်းတောင်တန်း ထူထပ်ပြီး လက်နက်ကိုင်ခုခံမှုအားကောင်းရာ နယ်မြေဖြစ်သည့် ချင်းပြည်နယ်တွင်လည်း စစ်တပ်က လူနေအိမ်ခြေများကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံတို့က ဆိုသည်။

Burning_house_chin_state.jpeg

ဖလမ်းမြို့နယ် တလန်ဇာရ် ရွာမှ နေအိမ်များ မေ ၅ ရက်နေ့က မီးရှို့ခံရစဉ်။ (ဓာတ်ပုံ-ပေးပို့) ဖလမ်းမြို့နယ် တလန်ဇာရ် ရွာမှ နေအိမ်များ မေ ၅ ရက်နေ့က မီးရှို့ခံရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယမန်နေ့ မေ ၄ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါးမှ ဖလမ်းသို့ ဦးတည်လာသည့် သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကား အစီး ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် လမ်းတစ်လျှောက်ရှိ ရမ်ထလို (Ramthlo) နှင့် တလန်ဇာရ် (Tlangzar) ရွာတို့မှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

၂ ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု၊ ကြားဖြတ်ခြုံခိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး ပါဝင်သည့် ထိုစစ်ကြောင်းမှ ၁၈ ဦး သေဆုံးကြောင်း၊ ပြောက်ကျားတိုက်ခိုက်သည့် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်များဘက်မှ ၁ ဦး သေဆုံးကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်တပ်ဘက်မှ ထုတ်ပြန်ခြင်းမရှိသလို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ်က ခုခံမှုအားကောင်းသည့် နေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များ ဖျက်ဆီးနေရာ နေအိမ် ၁၁,၄၁၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု Data For Myanmar အဖွဲ့က မေ ၁ တွင် ထုတ်ပြန်ထားသည်။

အများဆုံး ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်းတွင် အိမ် ၇၅၀၃ လုံး၊ မကွေးတိုင်းတွင် ၂၁၃၁ လုံး၊ ချင်းပြည်နယ်တွင် ၁၁၄၇ လုံး မီးလောင်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့ မီးမရှို့ကြောင်း ငြင်းလေ့ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုနစ်နာမှုကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ပေးရေးအတွက် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟု ဧပြီ ၁၈ တွင် ပြောသည်။

“မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေကို ပြည်သူ့တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပါတယ်လို့ ကတိပေးလိုပါတယ်” ဟု သူက NUG အစိုးရဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

Myanmar Now News