မေလ ၃၀ ရက်

နွေဦးတော်လှန်ရေး ရန်ပုံငွေရရန် ရည်ရွယ်၍ ဒါရိုက်တာ ဏကြီး ဖန်တီးပုံဖော်ထားသော “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်လမ်းတိုသည် ထုတ်လွှင့်ပြီး ၁၂ နာရီအတွင်း ကြည့်ရှုသူ တစ်သန်းကျော် အထိ ရှိလာသည်။

နိုင်ငံပျောက်သူ ရုပ်ရှင်ဇာတ်လမ်းတိုကို ယနေ့ မေလ ၃၀ ရက် နံနက် ၈ နာရီမှ စတင်၍ ပဒေသာပင် ယူကျု့ချန်နယ် https://www.youtube.com/c/PaDayTharPin တွင် ကြည့်ရှုနိုင်ပြီး ည ၈ နာရီ အထိ ကြည့်ရှုသူ တစ်သန်းကျော် ရှိသည်။

အဆိုပါ ဇာတ်လမ်းတိုတွင်ပါဝင်သော တစ်ဦးချင်းစီနှင့် ကြည့်ရှုသူများကို ကျေးဇူးတင်ကြောင်း ဒါရိုက်တာဏကြီး၊ ဒေါင်းနှင့် ပိုင်ဖြိုးသုတို့က ပြောကြားထားသည်။ ထို့အတူ တော်လှန်ရေးအတွက် ရန်ပုံငွေရရန် ရည်ရွယ်ထားခြင်းကြောင့် ‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတိုကို ပဒေသာ ပင်ယူကျု့ချန်နယ်တွင်သာ တိုက်ရိုက်ကြည့်ရှု ပေးကြရန်နှင့် ဒေါင်းလုဒ်ဆွဲ ကူးယူပြီး ပြန်လည် ဖြန့်ဝေခြင်းများ မလုပ်ကြရန် မေတ္တာ ရပ်ခံထားသည်။

၎င်းဇာတ်ကားကို ကြည့်ရှု ပြီးသူများနှင့် အနုပညာရှင် အများစုက ကြိုက်နှစ်သက်ကြောင်း၊ မျက်ရည်ကျရကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပြန်လည် မျှဝေထားကြသည်။

ဒါရိုက်တာ ဏကြီး ၊ ဒေါင်း ၊ပိုင်ဖြိုးသုတို့ အပါအဝင် အဆိုပါ ဇာတ်ကား ဖန်တီးထားရာတွင် ပါဝင်သူများသည် စစ်အာဏာရှင်ကို ဆန့်ကျင်၍ ပြည်သူနှင့် အတူ ရပ်တည်ခဲ့သောကြောင့် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားသည်။

Mizzima News

၂၀၂၂ ခုနှစ် မေလ ၃၁ ရက်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma အနေဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အ ရေးချိုးဖောက်မှုများ မှတ်တမ်းတင်သည့်လုပ်ငန်းကို ကွန်ရက်စတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။

ကွန်ရက်အဖွဲ့ဝင်များ အခြေစိုက်ရာဒေသများသည် ပြည်တွင်းစစ်ဖြစ်ပွားရာဒေသများဖြစ်ပြီး တိုက်ပွဲများနှင့် နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသကဲ့သို့ တချို့ ကွန်ရက်အဖွဲ့ဝင်များမှာ အကြောင်းအရာကို အခြေခံ၍ မှတ်တမ်းတင်နေသည့် အဖွဲ့များရှိသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်တလျှောက် တိုင်းရင်းသားဒေသများရှိ ပြည်သူလူ ထုသည် စစ်ပွဲများ၏ အနိဌာရုံနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို နှစ်ပေါင်းများစွာ ခံစားကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ တဝှမ်းလုံးရှိ ပြည်သူလူထုအားလုံးမှာ စစ်အာဏာရှင်တို့၏ အပြင်းအထန် ဖိနှိပ်မှုနှင့် လူ့အခွင့်အ ရေးချိုးဖောက်မှုများကို ခံစားကြရသည်။

ထိုအခြေအနေတွင် စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ မှတ်တမ်း တင်ခြင်းဖြင့် နစ်နာခဲ့သူများအတွက် အမှန်တရားနှင့် တရားမျှတမှုဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းသင်တန်းနှင့် မြေပြင်တွင်လက်တွေ့ မှတ်တမ်းတင်ခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ ယခု သင်တန်းနည်းပြလက်စွဲကို ခေတ်နှင့်အညီ မွမ်းမံ ထုတ်ဝေခြင်းဖြစ်ပါသည်။

ဆက်လက်၍လည်း လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း သင်တန်းနည်းပြ (မွမ်းမံ) ကိုလည်း ထပ်မံ ထုတ်ဝေရန်ပြင်ဆင်လျှက်ရှိပါသည်။

ယခု သင်တန်းနည်းပြလက်စွဲ ထုတ်ဝေနိုင်ရန် ကြိုးပမ်းပေးကြသော သင်တန်းအဖွဲ့နှင့် ပါဝင်ဆောင် ရွက်ကြသူအားလုံးအား အထူးကျေးဇူးတင်ရှိပါသည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)

မေလ ၃၀ ရက်

ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား သပိတ်အပြီးတွင် အသက် မပြည့်သေးသည့် ကျောင်းသား ငါးဦး စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးခံရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟို အမှုဆောင် တစ်ဦးက မဇ္စျိမကို ပြောသည်။

“ဒီကနေ လှုပ်ရှားမှုက သင်္ဃန်းကျွန်းမြိုနယ်မှာ ဗကသများအဖွဲ့ချုပ်က မဟာမိတ်တွေနဲ့ ပေါင်းပြီး လုပ်တာပါ။ လှုပ်ရှားမှု ပြီးချိန်မှာ ဖမ်းဆီး ခံခဲ့ရတာပါ။ ဦးခေါင်း၊ နောက်ကျော၊ လက်၊ ခြေထောက် စတာတွေမှာ ပွန်းပဲ့ ထိခိုက်ပြီး ဒဏ်ရာရသူတွေ ရှိပါတယ်။ ဖမ်းဆီး ခံရသူတွေကိုလည်း သေနတ် ဒင်တွေနဲ့ ထုရိုက် နှိပ်စက်တာတွေ ရှိပါတယ်။ ဖမ်းခံရတဲ့ ရဲဘော် ငါးဦးရှိပါတယ်။ ဘယ်က လာဖမ်းသွားတယ် ဆိုတာလည်း အခုထိ စုံစမ်းလို့ မရသေးပါဘူး။ ဖမ်းခံရသူ‌တွေထဲ အမျိုးသမီး တစ်ဦး ပါပါတယ်။ အခြေခံပညာ ကျောင်းသားတွေ ဖြစ်တဲ့အတွက် အားလုံး လိုလိုက အသက် မပြည့်ကြ သေးပါဘူး ” ဟု ၎င်းက ပြောသည်။

ဗကသများအဖွဲ့ချုပ်ဝင်ကျောင်းသား သမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းကာ အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် နေရာတစ်နေရာ၌ ယနေ့ မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်မှု အပြီး အဖမ်းခံရခြင်း ဖြစ်သည်။

အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို “ခွေးပါးစပ်ထဲက တိုင်းပြည်ကို ရအောင် ပြန်ယူမယ်” စာသားပါ ပိုစတာဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး လူစု ခွဲပြီးသည့်အချိန် တက္ကစီ ငှားပြန်စဉ် သပိတ်တွင် ပါဝင်သူ ငါးဦး၏ ကားကို အနီးတွင် ရှိသည့် ဒလန်များ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က အရပ်ဝတ် မောင်းနှင်သည့် အိမ်စီးကား တစ်စီးဖြင့် လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ငါးဦးသည် ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)မှ အသက် မပြည့်သေးသည့် အခြေခံပညာ ကျောင်းသားများ ဖြစ်ပြီး စစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူများ ရှိကာ တောင်ဥက္ကလာပ မြို့နယ်ရဲ စခန်းတွင် ဖမ်းဆီး ခံထားရသည်။

“အခု ဖြစ်စဉ် အပါအဝင် နွေဦးတော်လှန်ရေး အတွင်းမှာရော ဒီမိုကရေစီ တိုက်ပွဲ အဆက်ဆက်မှာရော အကြမ်းဖက် ဖမ်းဆီး နှိပ်စက် ခံရတဲ့ ကျောင်းသား၊ ပြည်သူတွေ၊ ကျဆုံး သွားကြတဲ့ ပြည်သူလူထုတွေ၊ မီးရှို့ ဖျက်ဆီးခံရတဲ့ ကျေးရွာတွေ၊ မုဒိမ်းကျင့် နှိပ်စက် သတ်ဖြတ် ခံရတာတွေ၊ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ် ခံရတာတွေ အစရှိတဲ့ စစ်ရာဇဝတ်မှု အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ ဒါတွေ အားလုံးအတွက် တစ်နေ့မှာတော့ ပြည်သူ လူထုရဲ့ တရား စီရင်မှုကို ဖက်ဆစ် အုပ်စု အနေနဲ့ မလွဲမသွေ ခံကြရလိမ့်မယ် ” ဟု ဗကသများ အဖွဲ့ချုပ် ဗဟို အမှုဆောင်က ဆိုသည်။

နိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူလူထုများ၊ ကျောင်းသား သမဂ္ဂများနှင့် မြို့နယ် အခြေစိုက် သပိတ်ကော်မတီများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျား သပိတ်နှင့် လှုပ်ရှားမှုများ အားကောင်းနေဆဲ ဖြစ်ပြီး စစ်ကောင်စီ တပ်ကလည်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် လူငယ်များကို စစ်ကောင်စီ တပ်က အနောက်မှ ကားဖြင့်တိုက် သေနတ်များဖြင့် ပစ်ခတ်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့သည်။ ထို့အတွက် ဆန္ဒပြ လူငယ် အချို့ ကျဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြည်သူ ၁၁ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

Mizzima News

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နေ့စဉ်နှင့်အမျှ ဆိုးရွားလာနေသည်။ မုတ်သုံမိုး စတင်လာသည်နှင့်အမျှ ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံနေရသည့် ပြည်သူတို့၏ အတိဒုက္ခမှာ ပိုများလာပြီး ပို၍ အန္တရာယ်များလာနေသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအား တုံ့ပြန်ရာတွင် ရန်ပုံငွေအား NUG အပါအ၀င်  နယ်စပ်ဖြတ်ကျော် အကူအညီပေးနေသည့် အဖွဲ့များမှတစ်ဆင့် ကူညီပံ့ပိုးပေးရမည်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ်အားလုံးနီးပါးမှာ ဆန့်ကျင်တော်လှန်မှုတွေ အနည်းနဲ့အများ တောက်လျှောက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း တုံ့ပြန်ချေမှုန်းနေပါတယ်။ အဲဒီလိုအင်အားသုံးချေမှုန်းခံရတဲ့အထဲမှာ အခုလပိုင်းတွေအတွင်း အဆိုးဆုံးခံနေရတာက စစ်ကိုင်းတိုင်း ဖြစ်နေတာ တွေ့ရပါတယ်။

စစ်ကိုင်းက ပြည်သူတွေရဲ့အခြေအနေတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

RFA News

ဂျပန်နိုင်ငံသည် ၂၀၁၅ မှစ၍ မြန်မာစစ်တပ်မှ ဗိုလ်လောင်းများနှင့် အရာရှိများကို စစ်သင်တန်းပေးခဲ့ရာ အာဏာသိမ်းပြီးနောက်တွင်လည်း ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦး ထပ်မံလက်ခံခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

အရပ်သားများအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ဂျပန်နိုင်ငံ၌ စစ်ပညာသင်ယူခဲ့သော ဒုတိယဗိုလ်မှူးကြီးတစ်ဦး ပါဝင်နေကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ယနေ့ (မေ ၂၃) ထုတ်ဖော်ပြောဆိုသည်။

မကွေးလေတပ်စခန်းဌာနချုပ်တွင် ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုးသည် ဂျပန်နိုင်ငံရှိ လေတပ်ဌာနချုပ်နှင့် စစ်ဦးစီးကောလိပ်တို့တွင် ၂၀၁၆ ဩဂုတ်လမှ ၂၀၁၇ မတ်လအထိ သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း Human Right Watch နှင့် Justice For Myanmar အဖွဲ့၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးများတွင် ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုး မည်သို့မည်ပုံပါဝင်သည်ကို ဖော်ပြမထားသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများကို ဗုံးကြဲတိုက်ခိုက်ရာတွင် အခြားလေတပ်စခန်းများနည်းတူ မကွေးလေတပ်စခန်းဌာနချုပ်လည်း အပါအဝင်ဖြစ်သည်။ 

စစ်သင်တန်းပေးနေခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် မြန်မာစစ်တပ်၏ ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမြန်ဆုံးအရေးယူရန် ဂျပန်အစိုးရကို တောင်းဆိုကြောင်း Justice For Myanmar အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို သိလျက်နဲ့ မြန်မာစစ်တပ်ရဲ့ ဗိုလ်လောင်းတွေကို ဆက်ပြီးလေ့ကျင့်ပေးနေတာကို ဂျပန်နိုင်ငံအနေနဲ့ ဆင်ခြေဆင်လက်တွေပေးပြီး ကာကွယ်ပြောဆိုနေတာက လုံးဝလက်ခံနိုင်စရာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။​

ဂျပန်နိုင်ငံသည် ၂၀၁၅ မှစ၍ မြန်မာစစ်တပ်မှ ဗိုလ်လောင်းများနှင့် အရာရှိများကို စစ်သင်တန်းပေးခဲ့ကြောင်း၊ ၂၀၂၁ တွင် ၂၀၂၁ တွင် ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦး လက်ခံသင်ကြားပေးခဲ့ပြီးနောက် အာဏာသိမ်းပြီးနောက်တွင်လည်း ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦး ထပ်မံလက်ခံခဲ့ကြောင်း Human Right Watch အဖွဲ့က ဆိုသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၅ မှ ယနေ့အထိ အသက် ၂၀ ကျော်နှင့် ၃၀ ကျော်အရွယ်ရှိ မြန်မာစစ်သား ၃၀ ကို စစ်ပညာသင်ပေးထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ၁၀ ဦးမှာ ပညာသင်ကြားနေဆဲဖြစ်ကြောင်း ဂျပန်သတင်းဌာန အဆာဟိ၏ ယခုနှစ် ဖေဖော်ဝါရီလဆန်း သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။​

အာဏာသိမ်းပြီးနောက်ပိုင်း တပ်တွင်းအခြေအနေများကို စုစည်းဖော်ထုတ်နေသည့် Operation Spitfire ဆိုသောအဖွဲ့က ယခုနှစ် ဇန်နဝါရီလအတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ လေတပ်အရာရှိပေါင်း ၁၂၄ ဦးကို အမည်၊ ကိုယ်ပိုင်နံပါတ်နှင့်တကွ ထုတ်ပြန်ရာတွင် မကွေးလေတပ်မှ ဒုတိယစခန်းဌာနချုပ်မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးလွှမ်းမိုးလည်း အပါအဝင်ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုးသည် ပုံမှန်အားဖြင့် စကားနည်းသူဖြစ်ကာ အထက်လူကြီးခိုင်းသည်ကို တသွေမတိမ်းလိုက်နာလေ့ရှိသူဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ လေတပ်အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

“သူက တသွေမသိမ်းလိုက်လုပ်တာ လူကြီးက ဆူမှာကြောက်တတ်တဲ့ သဘောမျိုးပေါ့။ ကျွန်တော့်ဆရာပါပဲ။ ပင်ကိုယ်စိတ်ရင်းကောင်းပါတယ်။ တပ်ထဲနေတဲ့သူတွေအနေနဲ့ ဘယ်လိုပဲ စိတ်ရင်းကောင်းကောင်း အမိန့်ပေးလာခဲ့ရင် အဲဒီအမိန့်ကို အောင်မြင်ဖို့ လုပ်ကြရပါတယ်။ အဲဒီအတွက် သူတို့တွေ ပင်ကိုစိတ်ရင်းကောင်းလည်း မကောင်းတဲ့အလုပ်တွေ လုပ်ကြရတာပါပဲဗျာ” ဟု ၎င်းက ပြောသည်။

ဂျပန်နိုင်ငံ၏ စစ်တပ်မှာ Professional ဖြစ်ပြီး မြန်မာစစ်တပ်မှာ နိုင်ငံရေးနှင့် စီးပွားရေးတွင် ပါဝင်ပတ်သက်နေသည့်အတွက် စစ်တပ်ချင်း ပုံစံမတူကြောင်းလည်း ထို CDM လေတပ်အရာရှိက ပြောသည်။​

“ဒီမိုကရေစီအတွက် သင်တန်းတွေပေးကြတာလို့ သိပါတယ်။ သင်တန်းအများစုက ဒီမိုကရေစီအတွက် စစ်နဲ့ ပတ်သက်တာရော အုပ်ချုပ်ရေးနဲ့ ပတ်သက်တာရောပေါ့။ ဒါပေမဲ့ မြန်မာစစ်တပ်က အယူဝါဒကို မချေဖျက်နိုင်ပါဘူး” 

ဂျပန်အစိုးရအနေဖြင့် အဆိုပါ သင်တန်းအစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းရန် Human Right Watch အဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက တောင်းဆိုခဲ့ဖူးသည်။

အာဏာသိမ်းစစ်ကောင်စီကို အနောက်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဒဏ်ခတ်အရေးယူခြင်းများ၊ ပြစ်တင်ဝေဖန်မှုများရှိလင့်ကစား ဂျပန်အစိုးရက စစ်ကောင်စီနှင့် ပတ်သက်၍ တစ်စုံတစ်ရာအရေးယူခြင်း မရှိသေးပေ။ 

ယခင်အစိုးရလက်ထက်များကတည်းက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ငြိမ်းချမ်းရေးအကျိုးဆောင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ မြန်မာနိုင်ငံသို့ မကြာခဏလာရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခြင်းများရှိသည်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ၏ လှုပ်ရှားမှုများမှာ ပုဂ္ဂိုလ်ရေးဆောင်ရွက်ချက်များသာဖြစ်ပြီး ဂျပန်အစိုးရနှင့် မသက်ဆိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ထုတ်ဖော်ပြောဆိုဖူးသည်။ 

စစ်အာဏာသိမ်းပြီး နှစ်လကျော်အကြာ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ရန်ကုန်ရှိ ဂျပန်သံရုံးဝန်ထမ်းတစ်ဦးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့ဝင်တစ်ဦး၏ နေအိမ်များကို စစ်တပ် ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

ထိုလုပ်ရပ်နှင့် ပတ်သက်၍ နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက တောင်းပန်ခဲ့သည်ဟု သိရသော်လည်း အသေးစိတ်အချက်အလက်များကိုမူ နှစ်ဖက်လုံးက ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။​

Myanmar Now News