စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက မူးကမ်းကြီးရွာ အပါအဝင် ရွာငါးရွာက အိမ်ပေါင်း ၂၇၀ ကျော် ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က​နေ ၁၅ ရက်အထိ ငါးရက်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မ ၈၈ တံဆိပ်ပါ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကစလို့ ရွှေဘို မြို့နယ်၊ ရွာဆိုးကျေးရွာအုပ်စုက ပေါက်ချိုင်ရွာကို ဝင်ရောက်လာပြီး အဲဒီနေ့ကစပြီး ရွာတွေ မီးရှို့ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

” ၁၁ ရက်နေ့က ပေါက်ချိုင်ရွာ၊ ၁၄ နဲ့ ၁၅ ရက်က မူးကမ်းကြီး၊ ရေကြည်ဝရွာရယ်၊ ထည်ပင်ရယ်ပေါ့။ ပထမ ပေါက်ချိုင်ထဲ ဝင်လာတာက တိုက်ပွဲမဖြစ်သေးဘဲ နယ်မြေ ရှင်းလင်းရေး သဘောမျိုးနဲ့ ဝင်လာတာဗျ။ ရွာထဲမှာ မိုင်းတွေ ဘာတွေ ထိတာတော့ရှိတယ်။ ပေါက်ချိုင်မှာ တစ်ညအိပ်ပြီးတော့ မီးရှို့ပြီး ထည်ပင်ဘက်ကို ထွက်လာတာပေါ့”

စစ်ကောင်စီတပ်ရဲ့ မီးရှို့ခဲ့တာကြောင့် မူးကမ်းကြီးရွာက အိမ် ၁၅၈ လုံး၊ ပေါက်ချိုင်ရွာက ၁၀၇ လုံး၊ ထည်ပင်ရွာက သုံးလုံး၊ သန်းတောရွာက နှစ်လုံးနဲ့ ရေကြည်ဝရွာက အိမ် နှစ်လုံး၊ စုစုပေါင်း နေအိမ် ၂၇၂ လုံး မီးလောင်ကျွမ်းခဲ့ရတယ်လို့ အဲဒီဒေသခံက ပြောပြပါတယ်။

အဲဒီမီးရှို့ခံခဲ့ရတဲ့ ရွာငါးရွာဟာ တစ်ရွာကို အိမ်ခြေ ၂၀၀ ကနေ ၃၀၀ ဝန်းကျင်အထိ အသီးသီး ရှိကြတဲ့ရွာတွေဖြစ်ကြပြီး လက်ရှိမှာ ဒီရွာတွေ အပါအဝင် အနီးတစ်ဝိုက်ရွာတွေက ဒေသခံရွာသား ၆၀၀၀ ဝန်းကျင်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

ဒေသခံကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေပေါင်းပြီး စစ်ကောင်စီတပ်ကို ထည်ပင်ရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် နဲ့ ၁၃ ရက်တွေမှာ တိုက်ခိုက်ခဲ့တယ်လို့ Snake Eyes PDF အဖွဲ့က ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်ဘဲ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ နေအိမ် အဆောက် အအုံပေါင်း ၁၈၈၈၆ လုံးဟာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေကြောင့် မီးလောင် ကျွမ်းခဲ့ရပြီး အဲဒီထဲက ၁၃၀၀၀ ကျော်ဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်နေတာကို Data For Myanmar ရဲ့ ဇွန် ၇ ရက်နေ့ စာရင်းတွေအရ တွေ့ရပါတယ်။

RFA News

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု၊ မိုင်းမတော်တဆပေါက်ကွဲမှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုများကြောင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ သေဆုံးနေသည်ဟု ဆိုသည်။

ရန်ကုန်တွင် စစ်ကောင်စီထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်မှု၊ မိုင်း မတော်တဆပေါက်ကွဲမှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုများကြောင့် ယခုရက်သတ္တပတ်အတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

ဇွန် ၁၇ ရက်က ရန်ကုန်မြို့အထွက် ထန်းတပင်မြို့နယ်ရှိ ပန်းတိုင်ဂိတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ဒီပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲမှာ အရပ်သားတွေလည်း ပါနေတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ တော်တော်များများ ကျဆုံးနေပြီးတော့ သတင်းတွေ ပျောက်နေတယ်။ ဒါက မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။ 

သေဆုံးသည့် အဖွဲ့ဝင်များနှင့် ပတ်သက်​၍ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဇွန် ၁၆ ရက်ကလည်း မိုင်းမတော်တဆမှုကြောင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်လေးဦး သေဆုံးကာ နောက်ထပ်တစ်ဦးမှာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ 

ထိုနေ့က တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားသော ပစ်ခတ်ဖမ်းဆီးခံမှုနှင့် ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်းတွင် မိုင်းမတော်တဆပေါက်ကွဲဖြစ်စဉ်တို့တွင် လူငယ်နှစ်ဦး သေဆုံးကြောင်း မြို့ခံများနှင့် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက အတည်ပြုထားသည်။ 

ထိုနေ့မွန်းလွဲပိုင်းက အခြားနေရာများတွင် ဖြစ်ပွားသော မိုင်းမတော်တဆမှုကြောင့် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၄ ဦး ထပ်မံသေဆုံးခဲ့ပြီး လုံခြုံရေးအရ ထိုသတင်းကို မထုတ်ပြန်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

“ခုနောက်ပိုင်းမှာ ဖုန်းနဲ့ (မိုင်း) ဆင်တာတွေက အန္တရာယ်အရမ်းများတယ်။ စ.က.စ ဘက်ကလဲ နည်းပညာ တော်တော်အဆင့်မြင့်မြင့်သုံးလာတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

၎င်းတို့အဖွဲ့ဝင်များ စစ်ကောင်စီ၏ အကျဉ်းထောင်ထဲတွင် ရောက်ရှိနေသည့်အတွက် အဖွဲ့အမည်ကိုလည်း မဖော်ပြရန် တောင်းဆိုသည်။ 

တွံတေးအခြေစိုက် Twantay Royal Defence Force – TRDF ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးမှာ ယနေ့အချိန်ထိ အဆက်အသွယ်မရဖြစ်နေကြောင်း၊ စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက်ခံခဲ့ရကာ သေဆုံးခဲ့သည်ဟု ယူဆကြောင်း ထိုအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ 

ဇွန် ၁၁ က TRDF ၏ အသက် ၂၇ အရွယ် မြေပြင်အဖွဲ့ခေါင်းဆောင် စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးမိရာမှ ဒုအဖွဲ့ခေါင်းဆောင်ကိုပါ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်စစ်ဆေးနေကြောင်း အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“မြေပြင်လှုပ်ရှားနေတဲ့ ခေါင်းဆောင်နှစ်ယောက် ပါသွားပြီ။ တစ်ယောက်ကတော့ စစ်ကြောရေးမှာ သေတယ်လို့ ယူဆရတယ်။ နောက်တစ်ယောက်ကတော့ စစ်ကြောရေးမှာပဲ ရှိသေးတယ်။ သူ့ကိုလည်း တော်တော်ညှဉ်းဆဲနှိပ်စက်ထားတယ်။ မိသားစုဝင်တွေလည်း အကုန်လုံး ပြေးနေရတယ်” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် စစ်တပ်က အဖွဲ့နှင့် မသက်ဆိုင်သည့် TRDF မိသားစုဝင်များနှင့် တွံတေးဒေသခံများကို လိုက်လံဖမ်းဆီးနေရာ အများအပြား တိမ်းရှောင်နေရပြီး ၉ ဦးကို ဖမ်းဆီးထားသည်ဟု ၎င်းက ဆက်ပြောသည်။  

ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်က မြို့ပြပြောက်ကျားအဖွဲ့ဝင်များကို ရှာဖွေဖမ်းဆီးနေပြီး ပြောက်ကျားအဖွဲ့ဝင်များမှာ လူမသိသူမသိ သေဆုံးနေကြရသည်ဟု မြို့ပြပြောက်ကျားခေါင်းဆောင်တစ်ဦးက ပြောသည်။ 

“မြေပြင်အခြေအနေက တကယ့်မလွယ်ကြောပဲဗျာ။ အဓိကကတော့ UG ဆိုတာဘာလဲ ပြည်သူတွေက မသိကြသေးဘူး။ UG တွေကို ဖမ်းချင်တိုင်းဖမ်း၊ သတ်ချင်တိုင်း သတ်ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီ၏ အဓိကထောက်တိုင်များကို ပစ်ခတ်တိုက်ခိုက်မှုများ၊ အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နေ့စဉ်ရှိနေသည့် ရန်ကုန်တွင် စစ်တပ်က ဧည့်စာရင်းအကြောင်းပြကာ နေ့စဉ် ဖမ်းဆီးနေသည်။

ဇွန် ၁၃ မှစ၍ ရန်ကုန်မြို့တွင် နေထိုင်သူ ၄၀ ဦးထက်မနည်းကို မြို့ပြပြောက်ကျားသပိတ်များတွင် ပါဝင်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရဘဲ အဆက်အသွယ်ပြတ်နေဆဲဖြစ်သည်။

စစ်ကောင်စီက ဖမ်းဆီးမှုများထဲမှ တချို့ကိုသာ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၉၆၃ ဦးထိ ရှိနေပြီး ဆက်လက်ဖမ်းဆီးခံထားရသူ ၁၁၀၉၆ ဦးထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က ဇွန် ၁၇ တွင် ထုတ်ပြန်ထားသည်။ 

Myanmar Now News

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF အကြား တိုက်ပွဲတွေဖြစ်ပွားနေချိန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုင်ကြားချက်တွေဟာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ – ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး၊ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြထားတာပါ။

ဆန္ဒပြမှုတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေနဲ့ စာနယ်ဇင်းသမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် အင်အား အလွန်အကျွံ သုံးခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။

လှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ကျန်းမာရေးပညာရှင်တွေ၊ ဆရာမတွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားခဲ့ပြီး၊ ဆေးရုံအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဋ္ဌာနတွေကို စစ်တပ်က ဝင်ရောက် နေရာယူထားတဲ့အတွက် အဓမ္မပြုကျင့်ခံရသူတွေအပေါ် ကုသမှုနဲ့ သန္ဓေတားဆီးရေး ဝန်ဆောင်မှုတွေမှာ အဟန့်အတား ဖြစ်ခဲ့ရတာပါ။

ဒါ့အပြင် ၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့လည်း တရားဝင် အလုပ်လုပ်ခွင့်မရတာကြောင့် လူကုန်ကူးခံရမယ့် အန္တရာယ်နဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမယ့်အန္တရာယ် ပိုများလာတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒီဒုက္ခသည်စခန်းတွေက စခန်းခေါင်းဆောင်တွေဆီ တိုင်ကြားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဆိုရင်လည်း ထုံးတမ်းစဉ်လာအရ ကျူးလွန်ခံရသူတွေကို ကျူးလွန်တဲ့သူတွေနဲ့ ပြန်ပြီး လက်ထပ်ဖို့ တွန်းအားပေးတဲ့ အန္တရာယ် မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီကနေ့ကျရောက်တဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ – လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလုပ်ရပ်အားလုံး ချက်ချင်းရပ်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ အခက်အခဲမရှိ ချက်ချင်းရောက်နိုင်ဖို့အတွက်ကို  ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

RFA News

လူသတ်ကြောင်းကိုယ်တိုင်ပြောနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံနဲ့ဓာတ်ပုံများ

စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတဲ့ ကာလအတွင်း တပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သိသာပေါ်လွင်စေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို RFA က ရရှိထားပါတယ်။

ရရှိထားတဲ့ဓာတ်ပုံပေါင်း ၁၄၄ ပုံဖြစ်ပါတယ်။ အဲဒီပုံတွေထဲမှာ အရပ်သား ၃ဝ လောက်ကို လက်ပြန်ကြိုးတုပ်ဖမ်းထားပြီး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းအောက်မှာ စုပြီးထိုင်ခိုင်းထားပုံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေကို ပုဆိုးစနဲ့စည်း၊ လက်ပြန်ကြိုးတုပ်၊ နောက်စေ့ကနေ ပစ်သတ်ခံထားပြီး သွေးအိုင်ထဲမှာလဲနေတဲ့ အရပ်ဝတ်နဲ့လူငါးယောက် အလောင်းနံဘေးမှာ ရုပ်သံဖိုင်ထဲက စစ်သားနှစ်ယောက်က ရပ်ကြည့်နေတဲ့ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။

ဒီဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဗီဒီယိုထဲမှာ စုဝေး‌ပြောဆိုနေကြတဲ့ စစ်သားသုံးယောက်အနက် လက်ယာဘက်အစွန်လူရဲ့ တယ်လီဖုန်းထဲက ရရှိတာ ဖြစ်ပါတယ်။ အဲဒီစစ်သားကျကျန်ခဲ့တဲ့ တယ်လီဖုန်းကို အရာတော်မြို့ နယ်မှာ ဒေသခံတစ်ဦး ကောက်ယူရရှိခဲ့ရာကနေ အဲဒီတယ်လီဖုန်းထဲက ပုံတွေနဲ့ ဗီဒီယိုကို RFA ဝါရှင်တန်ရုံးချုပ်က လက်ခံရရှိခဲ့တာပါ။

ပုံတွေထဲမှာ စစ်သားတစ်ယောက်က Selfie လို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ် ရိုက်ထားတဲ့ပုံတွေ ပါဝင်တဲ့အတွက် တယ်လီဖုန်းဟာ အဲဒီစစ်သားရဲ့ဖုန်းလို့ ကောက်ချက်ချနိုင်ပါတယ်။ သူက ဒီရုပ်သံကိုလည်း သူ့ဘာသာရိုက်ယူနေတာပါ။ ၁ဝ မိနစ်ခွဲနီးပါး ရှည်လျားတဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ အလောင်းတွေကို ရပ်ကြည့်နေတဲ့ ဓာတ်ပုံတွေထဲက လက်နက်ကိုင်စစ်သားနှစ်ယောက်၊ လက်မောင်းမှာ တပ်ကြပ်တံဆိပ်နဲ့ စစ်သားတစ်ယောက်၊ စုစုပေါင်းသုံးယောက်က လူတွေကို ဘယ်လိုဘယ်နည်း သတ်ဖြတ်ခဲ့တယ်၊ ဘယ်နှဦးကို သတ်ဖြတ်ခဲ့တယ်… စသဖြင့် ပြောနေကြတာကို တွေ့ရကြားရပါတယ်။

“၂၆ ယောက်သတ်တာ”
“…ခင်ဗျား ဘယ်လိုသတ်ဖူးလဲ”
“ဟင်…”
“၂၆ ယောက်တောင် သတ်ဖူးတယ်ဆိုတော့ ဘယ်လိုတွေ သတ်ဖူးသလဲလို့၊ သေနတ်နဲ့ပဲ ပစ်တာလား။
“မဟုတ်ဘူးလေကွာ၊ အဲဒီလိုတော့။ သေနတ်နဲ့ပစ်တာတော့ ရှိတယ်လေကွာ။ လက်နဲ့တော့ မသတ်ခဲ့ဘူးပေါ့”
“ကျနော်ကတော့ လည်ပါလှီးခဲ့တယ်”
” လည်ပင်းလှီးတာ။ အဲလို လည်လှီးခဲ့တာတော့ အများကြီးပေါ့”
“ကျနော်သတ်တာ ငါးယောက်ပဲ သတ်ဖူးတယ်။ ငါးယောက်ထဲပဲရှိတယ်”

“ငါမသတ်ဖူးဘူး”
“ကြောက်နေတယ်… သမီးကြောက်တယ်… ဟားဟားဟား…”
“ရှစ်ယောက်လောက် ရှိသွားပြီ။ ဟေ့ကောင် မင်းသိတယ်နော်။ ၈ ယောက်လောက်ရှိသွားပြီ”

ဒီဓာတ်ပုံတွေကို အသေးစိတ်ကြည့်တဲ့အခါ အင်္ကျီလက်မောင်းတံဆိပ်တစ်ခုက မြန်မာ့တပ်မတော်ရဲ့တံဆိပ် ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ထပ် ထင်ထင်ရှားရှားတွေ့ရတဲ့ လက်မောင်းတံဆိပ်က စစ်ကိုင်းတိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တံဆိပ် ဖြစ်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ လွယ်လေ့ရှိတဲ့ ခြင်းတောင်း၊ ဓာတ်ပုံတွေမှာမြင်ရတဲ့ တခြားအချက်အလက်တွေ၊ လက်နက်တွေကို ကြည့်ရင် စစ်ကောင်စီတပ်ကတပ်သားတွေ ဆိုတာ သိသာထင်ရှားနေပါတယ်။ ဘယ်တပ်မ၊ ဘယ်တပ်ရင်းကလဲ ဆိုတဲ့နံပါတ်တွေကိုတော့ သူတို့ရဲ့ဝတ်စုံတွေမှာ မတွေ့ရပါဘူး။

ဒါပေမဲ့ သေနတ်ဒင်မှာ “၇၀၈၊ လေး-မျဉ်းစောင်း-သုံး” ဆိုတဲ့နံပါတ်ကို တွေ့ရတဲ့အတွက် CDM ဗိုလ်ကြီးလင်းထက်အောင်ကို RFA က ဆက်သွယ်မေးမြန်း စုံစမ်းတဲ့အခါ… အဲဒီနံပါတ်ဟာ ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၇၀၈) ဖြစ်တဲ့အကြောင်း၊ နံပါတ်လေးဆိုတာက တပ်ခွဲ (၄) ကိုရည်ညွှန်းတာဖြစ်ပြီး၊ နံပါတ်သုံးကတော့ သေနတ်နံပါတ် ဖြစ်ကြောင်း၊ အဲဒီ ခမရ (၇၀၈) ဟာ လတ်တလော စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပူးတွဲစစ်ဆင်ရေးလုပ်နေတာ ဖြစ်နိုင်တဲ့အကြောင်း ပြောပြပါတယ်။

ဒီရုပ်သံနဲ့ ဓာတ်ပုံတွေကိစ္စအတွက် စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ရုံးချုပ်က မေးမြန်းတဲ့အခါ သူက အခုလိုပြောပါတယ်။

“ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျနော်တို့က မြေပြင်ကို မေးမြန်းစုံစမ်းပြီးမှသာ အကျိုးအကြောင်း ဖြေကြားနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ မေးမြန်းလျက်ရှိပါတယ်ဗျ”

ဓာတ်ပုံတွေကို RFA ရုံးချုပ်မှာ လေ့လာချက်အရ ရိုက်ကူးတဲ့တယ်လီဖုန်းဟာ တရုတ်နိုင်ငံလုပ် OPPO အမျိုးအစားဖြစ်တာ တွေ့ရပါတယ်။ အရပ်သားတွေကို လက်ပြန်ကြိုးတုပ်ပြီးဖမ်းထားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့နေ့စွဲက အခုနှစ် မေလ ၁ဝ ရက်နေ့ ဖြစ်ပြီး၊ လူငါးယောက်ကို သတ်ဖြတ်ထားတဲ့ဓာတ်ပုံ ရိုက်ကူးထားတဲ့နေ့စွဲက မေလ ၁၁ ရက်နေ့ ဖြစ်ပါတယ်။ ဒါ့အပြင် အဖမ်းခံထားရတဲ့သူတွေနဲ့ အသတ်ခံထားရသူတွေကို စစ်ဆေးကြည့်တဲ့အခါ တူညီနေတာတွေကို တွေ့ရပါတယ်။

ဓာတ်ပုံ ၁၄၄ ပုံစလုံးကို စစ်ဆေးတဲ့အခါ ဧပြီလ ၁၃ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့ အကြားမှာ ရိုက်ထားတယ်ဆိုတဲ့မှတ်တမ်းကို တွေ့ရပါတယ်။ အဲဒီထဲမှာ လူငယ်တစ်ယောက်ရဲ့ရင်ဘတ်ကို ဓားနဲ့စိုက်ပြီး စစ်ဆေးနေတဲ့ပုံက ဧပြီလ ၂၈ ရက်နေ့က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပုံတွေကို ဘယ်နေရာ ဘယ်ရွာတွေမှာ ရိုက်ထားတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ရုပ်သံဖိုင်ကိုလည်း ဘယ်နေ့က၊ ဘယ်နေရာမှာ ရိုက်ထားတယ်ဆိုတာကို စစ်ဆေးလို့ မရသေးပါဘူး။

ဒီလူတွေကိုဖမ်းထားတဲ့နေရာကို လေ့လာကြည့်တဲ့အခါ ခြံတံတိုင်းပုံစံနဲ့ တံခါးမှာတွေ့ရတဲ့ ၂၄ ပစ္စည်းစက်ဝိုင်းပုံ၊ ခြေတံရှည်အဆောက်အအုံ ဖွဲ့စည်းပုံတွေအရ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်တယ် ဆိုတာ သိသာနေပါတယ်။

၂၀၂၂ မေလ ၁ဝ ရက်နေ့က အရပ်သား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားသည့် ဓာတ်ပုံ။
၂၀၂၂ မေလ ၁ဝ ရက်နေ့က အရပ်သား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားသည့် ဓာတ်ပုံ။

ဒါကြောင့် အရာတော်မြို့နယ်မှာ မေလအတွင်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ လက်လှမ်းမီ သလောက် စုံစမ်းကြည့်တဲ့အခါ ချင်ပင်ရွာမှာ မေလ ၇ ရက်နေ့က စစ်ကောင်စီတပ်ကဝင်သွားပြီး ကင်းပုန်းဝပ်နေတဲ့သူ ၆ ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့သလို၊ လူ ၃၀ ကိုဓားစာခံအဖြစ် ခေါ်ဆောင်သွားတယ်လို့ “အရာတော်ပို့စ်” ဆိုတဲ့ ဒေသခံတွေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၁၁ ရက်နေ့က ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီသတင်းကို စုံစမ်းကြည့်တဲ့အခါမှာလည်း အဲဒီချင်ပင်ရွာမှာ မေလ ၇ ရက်နေ့က ရွာသား ၇ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းသွားတဲ့အကြောင်း၊ အဲဒီလူတွေ ဘယ်မှာရောက်နေသလဲဆိုတာ အခုထိ သတင်းမရသေးကြောင်းသာ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA က တင်ပြခဲ့ရာမှာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်အတွင်း စစ်ကောင်စီတပ်က လူ ၃၀ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အကြောင်း မေလ ၁၃ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

အသတ်ခံထားတဲ့သူ ငါးယောက်ထဲက တစ်ယောက်ဟာ ရေဦးမြို့မှာရှိတဲ့ ကြည်သာလျှပ်စစ်ပစ္စည်းဆိုင်တံဆိပ်နဲ့ တယ်လီဖုန်းနံပါတ်တွေပါတဲ့အင်္ကျီ ဝတ်ထားတဲ့အတွက် ရေဦးမြို့နယ်မှာရော ဒီလိုဖြစ်ရပ်ရှိခဲ့သလား ဆိုတာကို စုံစမ်းခဲ့ပါတယ်။ RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဓာတ်ပုံပါလူတွေကို ဖမ်းဆီးထားတဲ့ အဆောက်အအုံဟာ မုန်တိုင်ပင်ရွာကဘုန်းကြီးကျောင်း ဖြစ်တယ်လို့ ရေဦးမြို့နယ်ဒေသခံနှစ်ယောက်က အတည်ပြု ပြောပါတယ်။

ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ ဘုန်းတော်ကြီးကျောင်း တည်နေရာပြမြေပုံ။
ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ ဘုန်းတော်ကြီးကျောင်း တည်နေရာပြမြေပုံ။

ဒါပေမဲ့ အဲဒီဒေသမှာ အင်တာနက်မရတာ၊ တယ်လီဖုန်းဆက်သွယ်ရေးခက်ခဲတာ၊ သတင်းထောက်တွေကိုယ်တိုင် သွားရောက်စုံစမ်းဖို့ အခက်အခဲရှိတာတွေကြောင့် လူ ၃၀ ကိုဖမ်းဆီးထားတာနဲ့ လူ ၅ ယောက်ကို သတ်ဖြတ်ထားတာဟာ မုန်တိုင်ပင်ရွာက ဖြစ်တယ်လို့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရနိုင်သေးပါဘူး။

၂၀၂၂ မေလ ၁၁ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသူငါးဦး၏ အလောင်းနံဘေးတွင် ရိုက်ကူးထားသည့် ဓာတ်ပုံ။
၂၀၂၂ မေလ ၁၁ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသူငါးဦး၏ အလောင်းနံဘေးတွင် ရိုက်ကူးထားသည့် ဓာတ်ပုံ။

ဒီဗီဒီယိုထဲမှာ ပြောဆိုနေတဲ့ အကြောင်းအရာတွေဟာ စစ်ကောင်စီတပ်သားတွေက သူတို့ လူဘယ်နှယောက် သတ်ခဲ့တဲ့အကြောင်း၊ ဘယ်လိုသတ်ဖြတ်ခဲ့တယ် ဆိုတဲ့အကြောင်းတွေကို သာမန် ထမင်းစားရေသောက် ကိစ္စလို ပြောဆိုနေတာ ဖြစ်ပါတယ်။

“အကောင်းပြောတာ၊ လူသတ်ဖူးတယ်။ အဲဒီလောက်ထိ အစ်ကိုကြီးလောက်…၊ ကျနော် အခုလိုမျိုး သွေးတွေဘာတွေဆိုရင် ကျနော်ရွံတယ်။ ရွံတတ်တယ်သိလား။ လူသာ သတ်တာ”
“သုံးပိုင်းလောက် ပိုင်းပြီးလို့ရှိရင် (…မသဲကွဲ…) ဟိုနားလေးမှာ။ တပ်ရင်းမှူးက” 
“မှန်တယ်လေ ရွံတတ်တာကိုပြောတာ ကျနော်က”
” အဲ့ဒီကောင်တွေကို မနေ့တုန်းက ငါသတ်တာ။ ငါဖမ်းတဲ့ကောင်ကို ငါသတ်တာ၊ အဲဒါကို… ‘ဆာဂျင်ကြီး သုံးပိုင်းလောက်ပိုင်းပြီး မြှုပ်ခဲ့ပါဦး’…တဲ့”
“အဲဒါ သတ်တော့ ဘာဖြစ်လဲ၊ အသားတွေ ထွက်လာလား။ ဝက်သားတွေ ဒုတ်ထိုးတွေ ဘာတွေ ရောင်းလို့မရဘူးလား”
(မသဲကွဲ)

“အဝါ ၊ အဝါ၊ အဝါရောင်လေး”
“ခင်ဗျားအခုမှတွေ့ဖူးတာလား”

“အေးလေ၊ ငါအခုမှ တွေ့ဖူးတာလေ”
“ခေါင်းကိုဖြတ်တာ။ လေးငါးခြောက်ချက်လောက် ခုတ်ရတယ်။ ပြီးတော့ မြေကြီးထဲ မြှုပ်ထားခဲ့တယ်”

“နောက်စေ့ပွင့်ထွက်သွားတယ်နော်။ ပုဆိုးတွေ ဟိုဟာတွေ ခွာတာတောင် အသားတွေ ကွာထွက်ကုန်တယ်။ မီးလောင်ထားတာ။ အဲဒါကြောင့် တော်တော်လေး စိတ်ကုန်သွားတယ်၊ အသားတွေ ဘာလို့ပြဲကွဲနေတယ်။ ဘယ်သူလဲ ဟိုကောင်၊ ကျော်ဇင်ဦး၊ ကျော်ဇင်ဦးက စီနီယာဆိုပြီး ဒီဘက်ကိုမြှုပ်တယ်။ ဟိုကောင်ကပြုတ်ကျသွားတယ်။ မင်းလည်း ကံကောင်းလို့ ကျန်သွားတာ။ ဟုတ်လား ဟေ့ကောင်။ ကျနော်က ကံကောင်းတယ် အချိန်မရွေးကံကောင်းတယ် ဆရာ။ သေမထူးနေမထူး ဘဦး ထဲမှာပါတယ်။ ဆရာကြီး သေမထူးနေမထူး ကြည်ငြိမ်းတော့မဟုတ်ဘူးနော် ဘဦးနော်”

“ဒါလိုရင် ဒါလိုက်ရှာတယ်၊ အိမ်တွေလိုက်ရှာတယ်၊ ဒါရှိလား”
“ဝက်သားစားချင်ရင် ဝက်သတ်မယ်၊ ကြက်ပေါ်မယ်”
“မယုံဘူးလား၊ မယုံရင်လာကြည့်။ သတ်တဲ့နေရာမှာ ကျနော်က Expert (ကျွမ်းကျင်သူ) … ကျနော်က ငယ်ငယ်လေးကတည်းက သတ်တာကို ဝါသနာပါတာ သူများအသက်ကို။ ကျနော့်အသားနာမှာတော့ အရမ်းကြောက်တယ်”

RFA News

သေဒဏ်ပေးခံရသူများအား လက်တွေ့ကွပ်မျက်ရန် စစ်အာဏာရှင်တို့၏ ဆုံးဖြတ်ချက်သည် လူမဆန်သကဲ့သို့ ဥပဒေနှင့်လည်းမညီပါ။ #မြန်မာနိုင်ငံတွင် တရားမျှတမှုသည် နှောင့်နှေးပြီး ငြင်းပယ်ခံနေရသည်။ နိုင်ငံတကာအသိုက်အဝန်းမှ အရေးပေါ် တုန့်ပြန်ရန် ပို၍လိုအပ်နေသည်။

မန္တလေးမြို့ နေအိမ်တွင် ရိုက်နှက်ဖမ်းဆီးခံရပြီးနောက် တစ်လကျော်ကြာ သတင်းပျောက်နေသည့် ဒေါက်တာအောင်အောင်ထွန်းမှာ ထောင်တစ်သက်ချနိုင်သည့် ပုဒ်မဖြင့် ရင်ဆိုင်နေရသည်။

ဧပြီလကုန်ပိုင်းတွင် မန္တလေးမြို့ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး စစ်ကြောရေးတွင် သေပြီဟု သတင်းထွက်နေသော သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်း အိုးဘိုအကျဉ်းထောင်ရောက်နေသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်များကို လက်ခံထားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဧပြီ ၂၆ ရက်က အသက် ၂၈ နှစ်အရွယ် ဒေါက်တာအောင်အောင်ထွန်းနှင့် မိသားစုဝင်သုံးဦးကို စစ်ကောင်စီက ဖမ်းသွားခြင်းဖြစ်ကာ ၎င်းပိုင်သည့် ဆေးခန်းသုံးခုနှင့် နေအိမ်ကိုပါ စစ်ကောင်စီက ချိပ်ပိတ်ထားသည်။

ထို့နောက် တစ်လကျော်ကြာ သတင်းပျောက်နေပြီးနောက် ဖခင်နှင့် အခြားမိသားစုဝင်တစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း၊ အမဖြစ်သူနှင့်အတူ ဆက်လက် ဖမ်းဆီးခံထားရသည့် ဒေါက်တာအောင်အောင်ထွန်းကို ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ ထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲကာ အိုးဘိုထောင်သို့ ပို့ထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“သူ့ရဲ့ အဖေရယ်၊ အမရယ်၊ နောက်တစ်ဦးရယ်၊ သူအပါအဝင် လေးဦးဖမ်းခံရတာပေါ့။ ဒါပေမဲ့ နှစ်ဦးက လွတ်လာပြီ ကြားတယ်။ သူရယ် သူ့အမရယ်ပဲ ဆက်ဖမ်းခံထားရတယ် ကြားတယ်”

ဒေါက်တာမောင်မောင်ထွန်းနှင့်အတူ ဖမ်းဆီးခံထားရဆဲဖြစ်သည့် အမဖြစ်သူနှင့် ပြန်လည်လွတ်မြောက်လာသူတို့၏ အသေးစိတ်အချက်အလက်များ၊ တရားစွဲဆိုမှုနှင့် အကျဉ်းထောင်သို့ ရောက်ရှိသည့် ရက်စွဲ၊ ဖမ်းဆီးခံရသူတို့၏ ကျန်းမာရေးအခြေအနေတို့ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေါက်တာအောင်အောင်ထွန်းသည် လူနာများအပေါ် စိတ်ရှည်၍ စေတနာအပြည့်ထားသူ၊ ပရဟိတစိတ်ထက်သန်၍ ကူညီတတ်သူဖြစ်သောကြောင့် ၎င်းဖမ်းဆီးခံရခြင်းမှာ ကျန်းမာရေးကဏ္ဍအတွက် များစွာနစ်နာကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မန္တလေးမြို့ခံ ဆရာဝန်အချို့က မှတ်ချက်ပြုသည်။

မတ် ၁၂ရက် တွင် စစ်ကောင်စီက မန္တလေးမြို့မှ CDM အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့် ရုပ်သိမ်းကာ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၌ CDM တွင် ပါဝင်သူများကို လက်မခံထားရန်၊ ရပ်ကွက်ဆေးခန်းများပါမကျန် လူနာစာရင်း နေ့စဉ်ပေးရန် ဖိအားပေးထားသည်။

ထို့နောက် မန္တလေးမြို့ရှိ မန္တလာ၊ ညိမ်းနှင့် မင်္ဂလာဆေးရုံများအပါအဝင် ပုဂ္ဂလိကဆေးရုံအချို့သည် CDM ကျန်းမာရေးဝန်ထမ်းများကို အလုပ်ထုတ်ခဲ့ကြကြောင်း သတင်းများထွက်ပေါ်နေသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် ပစ်သတ်နေသည့် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။Thuriya_clinic_in_mandalay_owned_by_dr_aung_aung_tun_sealed_on_28_april_2022_photo_supplied.jpg

မန္တလေးမြို့ရှိ ဒေါက်တာအောင်အောင်ထွန်းပိုင် သူရိယဆေးခန်းတစ်ခုကို ဧပြီ ၂၈ ရက်က စစ်ကောင်စီအဖွဲ့ဝင်များ လာရောက်ချိပ်ပိတ်စဉ်။ ဓာတ်ပုံ-ပေးပို့

မန္တလေးမြို့ရှိ ဒေါက်တာအောင်အောင်ထွန်းပိုင် သူရိယဆေးခန်းတစ်ခုကို ဧပြီ ၂၈ ရက်က စစ်ကောင်စီအဖွဲ့ဝင်များ လာရောက်ချိပ်ပိတ်စဉ်။ ဓာတ်ပုံ-ပေးပို့

ဆေးလောကမှ ကောက်ယူထားသည့် CDM ဝန်ထမ်းများ၏စာရင်းအရ မန္တလေးတိုင်းရှိ ကျန်းမာရေးဝန်ထမ်း ၈၀ရာခိုင်နှုန်း ပါဝင်သည်ဟု သိရသည်။

ကျန်းမာရေးကဏ္ဍအတွင်းမှ အာဏာဖီဆန်သည့် ဆရာဝန်များကို စစ်ကောင်စီကလည်း အပြင်းအထန်နှိပ်ကွက်ပြီး မန္တလေးမြို့ခံ ဒေါက်တာမောင်မောင်ငြိမ်းထွန်း၊ ဒေါက်တာသီဟတင်ထွန်းတို့ သေဆုံးသည့် ဖြစ်စဉ်များမှာ ထင်ရှားသည်။

အာဏာသိမ်းပြီးနောက် ကမ္ဘာ့ရန်ပုံငွေ ပြန်အပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်းကို အဂတိမှုဖြင့် ဧပြီ ၂၀ တွင် ထောင် ၃ နှစ်ချသည့် ကိစ္စမှာလည်း လူသိများသည်။

“ပြသနာအားလုံးရဲ့ သော့ချက်ကတော့ ဒီစစ်ကောင်စီ ပြုတ်ကျမှပဲ ဒီကြုံတွေ့နေရတဲ့ဒုက္ခတွေ ပြီးဆုံးသွားမှာဖြစ်ပါတယ်။” ဟု မန္တလေးမှ ထင်ရှားသည့် CDM ဆရာဝန် ဒေါက်တာစိုးသူရဇော်က မတ်လအတွင်း မှတ်ချက်ပြုထားဖူးသည်။

စစ်ကောင်စီကို ပြည်တွင်းနှင့် နိုင်ငံတကာတွင် အုပ်ချုပ်ရေး၊ သံတမန်ရေး၊ စစ်ရေး၊ ဥပဒေပြုရေး အားပြိုင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းများအရ CDM ကျန်းမာရေးဝန်ထမ်း ၃၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန် တစ်သောင်းကျော်သာရှိသည်ဟု ၂၀၂၁ နှစ်ကုန်တွင် စစ်ကောင်စီဥက္ကဋ္ဌက ပြောထားဖူးသည်။

ထိုအခြေအနေတွင် စစ်ဘက်ဆိုင်ရာ ဆရာဝန်နှင့် သူနာပြု စုစုပေါင်း ၂၀၀ နီးပါးကို အရပ်ဘက်ကျန်းမာရေးကဏ္ဍသို့ ဖေဖော်ဝါရီနှင့် မတ်လအတွင်း ရွှေ့ထားသည်ဟု နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေဆဲ အရာရှိတစ်ဦးက အတည်ပြုထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။

Myanmar Now News