ထောင်အာဏာပိုင်များက မီးအမှောင်ချကာ လေးခွဖြင့် ပစ်ခတ်သည့်ပြင် လူ ၄၀ ခန့်သာ ဆန့်သော အဆောင်တွင် လူ ၈၀ ကျော်ကို ထောင်ပုံစံဖြင့် အိပ်စက်စေကာ မလိုက်နာသူများကို ဝါးချွန်ဖြင့် ထိုးခြင်း၊ ဝါးတုတ်ဖြင့် ရိုက်ခြင်းများရှိသည်ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ (တောင်ကလေး) အကျဉ်းထောင်တွင် ဇွန် ၆ က အကျဉ်းထောင် ဆူပူမှုဖြစ်ခဲ့ရာ ထောင်အာဏာပိုင်များ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး ကျည်ထိမှန်ထားပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိထားကြောင်း ဘားအံအကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ 

ထိုနေ့တွင် ဘားအံထောင်သို့ နေပြည်တော်အကျဉ်းဦးစီးမှ ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသားများကို မူလထားရှိသည့် ကြိုးကြာဆောင်မှ ထောင်မကြီးရှိ အဆောင် ၄ သို့ အဓမ္မပြောင်းရွှေ့ခိုင်းရာမှ ပစ်ခတ်ရိုက်နှက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

သာမန်အကျဉ်းသားများနှင့် ရောနှောနေရမည်ကို စိုးရိမ်၍ မပြောင်းရွှေ့လိုသော်လည်း ထောင်အာဏာပိုင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၊ ရိုက်နှက်ကာ အဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများ အဆောင် ၄ ရောက်ရှိချိန်တွင် လေးခွဖြင့်ပါ ပစ်ခတ်သည့်ပြင် ဝါးချွန်များဖြင့်လည်း ထိုးနှက်တိုက်ခိုက်ခဲ့ရာ အကျဉ်းသား ၆၀ ကျော် ဒဏ်ရာရရှိကြောင်း ဘားအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“ထောင်ထဲက အဆောင် ၄ ကို ပြောင်းရွှေ့ဖို့ဆိုပြီး အတင်းအဓမ္မဖိအားပေးတဲ့အခါမှာ အကျဉ်းသားတွေက ငြိမ်သက်စွာနဲ့ ထိုင်ပြီးတော့ ဆန္ဒပြကြတော့ ရိုက်နှက်ပြီး သေနတ်တွေဖောက်ပြီးတော့ မိုးရေထဲမှာ ရွှေ့ပြောင်းကြတယ်” ဟု ၎င်းက ဆိုသည်။

ထောင်အာဏာပိုင်များက မီးအမှောင်ချပြီး လေးခွတွင် ကုန်းသီးများ တပ်ဆင်ပြီး ပစ်ခတ်ခဲ့ကြောင်း၊ လူ ၄၀ ခန့်သာ ဆန့်သောအဆောင်တွင် လူ ၈၀ ကျော်ကို ထောင်ပုံစံဖြင့် အိပ်စက်စေကာ မလိုက်နာသူများကို ဝါးချွန်ဖြင့် ထိုးခြင်း၊ ဝါးတုတ်ဖြင့် ရိုက်ခြင်းများရှိသည်ဟု ဆိုသည်။

“သူတို့က ညာဘက်စောင်းဆိုရင် ညာဘက်စောင်းအိပ်ပဲ၊ ဘယ်ဘက်စောင်းဆိုရင် ဘယ်ဘက်စောင်းအိပ်ပဲ။ အဲဒါကို ပုံစံပျက်နေရင် ဝါးချွန်တွေ ဝါးလုံးတွေနဲ့ မိရာကို ထိုးတယ်၊ ရိုက်တယ်။ အဲဒီလိုရိုက်တော့ ထိခိုက်၊ ဒဏ်ရာတွေ အများကြီးရကြတယ်” ဟု ၎င်းက ပြောသည်။ 

ထိုသို့  နိုင်ငံရေးအကျဉ်းသားများကို အဓမ္မပြောင်းရွှေ့စေပြီးနောက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် နိုင်ငံရေးအကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားသောအဆောင်မှ သေနတ်သံ နှစ်ချက်ပစ်ဖောက်သံကြားရပြီး သွေးကွက်များကို တွေ့မြင်ရသည်ဟု အထက်ပါ ဘားအံအကျဉ်းထောင်နှင့် နီးစပ်သူက ဆက်ပြောသည်။ 

“တိုက်ပိတ်တဲ့ဘက်က လာတဲ့သူတစ်ချို့ပြောတာက သွေးကွက်တွေ့တယ်။ သေတယ်လို့တော့ ကြားရတယ်။ သေမသေကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ အတည်မပြုနိုင်ဘူး” ဟု ၎င်းက ပြောသည်။ 

ဘားအံထောင်နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ခုက ထိုပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ဒဏ်ရာရှိခဲ့ပြီး ကျည်ဆန်ထိမှန်သူ နှစ်ဦးရှိသည်ဟု ဆိုသည်။

“ထောင်ဝန်ထမ်းတွေနဲ့ အပြင်က စစ်သားတွေနဲ့ ဝင်လာပြီးတော့ ရိုက်နှက်တာကြောင့် တော်တော်များများလည်း အထိနာကြတယ်။ သေနတ်နဲ့ အပစ်ခံရတယ် ကြားတယ်။ သေသလား၊ ရှင်သလားတော့ သေချာ မသိသေးဘူး” ဟု ၎င်းက ပြောသည်။ 

ဘားအံအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်အာဏာပိုင်များ စည်းရုံးထားသည့် သာမန်အကျဉ်းသားများအကြား ရန်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။​

ထို့နောက် မေ ၈ တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၆၀ ကျော်ကို ကျိုက်မရောအကျဉ်းထောင်သို့ ရိုက်နှက် ပို့ဆောင်ခဲ့ရာ ဘားအံအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးကြွေးကြော်သံများ၊ သီချင်းများ သီဆိုပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

ဆန္ဒပြတောင်းဆိုသူ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ရာ ၅၀ နီးပါး ဒဏ်ရာရခဲ့ပြီး ၁၉ ဦး တိုက်ပိတ်ခံခဲ့ရကာ ယနေ့အချိန်ထိ ဆေးဝါး ကုသခွင့်မရရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။ 

ထို့နောက် ဇွန် ၄ တွင် နှာပိနှင့် ဆံပင်ညှပ်ဆရာဆိုသူ နှစ်ဦး အကျဉ်းထောင်အုတ်ရိုးကို ဖြတ်ကျော်ကာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများအကြား ပဋိပက္ခပိုဖြစ်လာခဲ့သည်ဟု ဆိုသည်။

ဇွန် ၈ ညတွင် နိုင်ငံရေးသီချင်းများ၊ ကြွေးကြော်သံများ အော်ဟစ်သီဆိုခဲ့ကြရာ ထောင်အာဏာပိုင် ၃၀ ဦးခန့်က လေးခွဖြင့် ပစ်ခတ်ခဲ့ရာ ၎င်း၏သားဖြစ်သူ ဒဏ်ရာရှိခဲ့ကြောင်း ဘားအံထောင်တွင် အကျဉ်းကျနေသူတစ်ဦး၏ မိခင်က ပြောသည်။

“အဖမ်းခံထားရတဲ့အထဲမှာ ဆရာဝန်တွေလည်း ပါတယ်။ ဆရာဝန်တွေက သူတို့မှာရှိတဲ့ ဆေးတွေထည့် ပေးထားတယ်လို့ သိရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။ 

ဘားအံအကျဉ်းထောင်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို ဖုန်းဖြင့်သာမက လူကိုယ်တိုင်ပါ သွားရောက်ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိသောကြောင့် ကူကယ်ရာမဲ့နေသည်ဟု နိုင်/ကျဉ်း မိသားစုဝင်များက ပြောသည်။

ဘားအံထောင်တွင် ဒဏ်ရာရရှိထားသည့် ၎င်း၏ မောင်ဖြစ်သူ၏ အခြေအနေနှင့် ပတ်သတ်ပြီး ICRC သို့ ဆက်သွယ် အကူအညီတောင်းခံခဲ့သော်လည်း ထူးခြားခြင်းမရှိ၍ စိုးရိမ်မိကြောင်း ရန်ကုန်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ဘာမှလည်း အခြေအနေကို မသိရဘူး။ ဘယ်သူ့ကိုမှလည်း သွားတိုင်လို့ မရဘူး။ ICRC ကလည်း ဘာအလုပ်မှ မလုပ်ဘူး။ ဖုန်းဆက်တာလည်း သေတော့မယ်။ လူကိုယ်တိုင်လာမှ ရမယ်ဆိုလို့ ဘားအံမှာ ရှိတဲ့သူ ကိုယ်တိုင်လည်း သွားပြီးပြီ။ ဘာမှ ထူးခြားမလာဘူး” ဟု ဆိုသည်။

သားဖြစ်သူ ဘားအံအကျဉ်းထောင် ရောက်သည့်အချိန်မှစ၍ ICRC ကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းမပြန်ခဲ့ကြောင်း၊ ယခုကဲ့သို့ တိုက်ခိုက်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည့် အချိန်တွင်လည်း သားဖြစ်သူအတွက် စိုးရိမ်၍ ထပ်မံဆက်သွယ်သော်လည်း ထူးခြားမလာကြောင်း ဘားအံမြို့တွင် နေထိုင်သူ နိုင်/ကျဉ်းတစ်ဦး၏ ဖခင်က ပြောသည်။

“ICRC ရဲ့ ပါဝင်မှုအခန်းကဏ္ဍက အင်မတန်အားနည်းတယ်လို့ပဲ ပြောချင်ပါတယ်။ ICRC သည် ကမ္ဘာ့ပြည်သူတွေရဲ့ ရန်ပုံငွေနဲ့ ရပ်တည်တဲ့ အသင်းအဖွဲ့ကြီးတစ်ခုဖြစ်ပြီးတော့ ဒီလောက် အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မဆောင်ရွက်ဘဲနဲ့ သူတို့က ဘာအတွက် ရပ်တည်လှုပ်ရှားနေသလဲလို့ ကျွန်တော်က မေးခွန်းထုတ်ချင်တယ်” ဟု ၎င်းက ပြောသည်။ 

၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာအာဏာပိုင်များက အကျဉ်းထောင်များသို့ သွားရောက်ခွင့်ကို ဆိုင်းငံ့ထား၍ လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ပေးအပ်နိုင်ရန်နှင့် အကျဉ်းထောင်စောင့်ကြည့်လေ့လာရန် မလုပ်ဆောင်နိုင်သေးကြောင်း ICRC Myanmar ​၏ Communication Manager Jacequeline Fernandez က ဝန်ခံသည်။ 

“အကျဉ်းထောင်နဲ့ အကျဉ်းသားတွေဆီကို ကိုယ်တိုင်သွားရောက်ခွင့်မရတဲ့အတွက် ကျွန်မတို့အနေနဲ့ စိတ်မကောင်းစွာနဲ့ပဲ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ရာနဲ့ အထောက်အပံ့တွေပေးအပ်ဖို့ရာ လုပ်ဆောင်နိုင်မှု မရှိဘူးဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။ 

သို့သော်လည်း အကျဉ်းထောင်အတွင်းသို့ ပြန်လည်သွားရောက်ပြီး အကူအညီပေးခွင့် ရရှိနိုင်ရန် ကြိုးပမ်းနေပြီး အကျဉ်းသားများကို အဝေးမှ ထောက်ပံ့ကူညီနေသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ဒီနေ့အထိ မိသားစုတွေဘက်က ချဉ်းကပ်လာတဲ့အခါမှာ ICRC အနေနဲ့ အဓိကကူညီပေးနိုင်တာကတော့ အဆက်အသွယ်ပြန်လည်ရရှိရေး အစီအစဉ်ရဲ့ ချမှတ်ထားတဲ့ မူဘောင်တွေနဲ့အညီ သူတို့ရဲ့ ဖမ်းဆီးခံထားရတဲ့ ဆွေမျိုးသားချင်းတွေ ဘယ်ဆီဘယ်ဝယ်ရောက်ရှိနေတယ်ဆိုတာကို သိရှိရအောင် ကြိုးစားရှာဖွေပေးတာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ဇွန် ၅ ရက်ကပင် မန္တလေးမြို့ အိုးဘိုထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်သဖြင့် သေဆုံးသူအချို့ရှိကာ ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု သိရသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ရိုက်နှက်ခြင်းများ မကြာခဏဖြစ်နေရာ ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန် အင်းစိန်ထောင်နှင့် ယခုနှစ် မတ်လတွင် စစ်ကိုင်းတိုင်း ကလေးမြို့ရှိ အကျဉ်းထောင်တို့တွင် လူသေဆုံးမှုများရှိသည်အထိ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၉၉၈ ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၁၄ ဦး ပြန်လည်လွတ်မြောက်လာသူ ၃၀၃၆ ဦးရှိသည်ဟု ယနေ့ (ဇွန် ၉) ညပိုင်းက ထုတ်ပြန်ထားသည်။ 

Myanmar Now News

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၂၀၀ ကျော်ထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ် ခံထားရသူပေါင်း ၂၀၉ ဦးထိ ရှိနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဇွန်လ ၆ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

လူပေါင်း ၂၀၉ ဦးမှာ ရန်ကုန်တိုင်းက ၂၀၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ကျန် ခုနစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီအထဲမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၁၂ ဦး ရှိနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံး မြို့နယ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတိယအများဆုံးကတော့ လှိုင်သာယာမြို့နယ်ကဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၇ ဦး၊ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၃၀ ဦးနဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပူးတွဲ ချမှတ်ခံထားရသူ သုံးဦး ရှိတယ်လို့ ဆိုပါတယ်။

အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရသူ ၂၀၉ ဦးထဲမှာ ဖမ်းဆီးခံရပြီး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံရသူ ခြောက်ဦး၊ ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူနဲ့ ဖမ်းဝရမ်း ထုတ်ခံရပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး၊ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူက ၈၆ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသားနှစ်ဦးလည်း ပါဝင်ဝင်နေတယ်လို့ ဆိုပါတယ်။

သေဒဏ်ပေးခံရသူတွေထဲက ၈၈ ကျောင်းသားဟောင်း ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကိုတော့ စစ်ကောင်စီက ကွပ်မျက်မိန့် အတည်ပြုထားပြီး ကုလသမဂ္ဂအပါအဝင် အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆန့်ကျင်ကန့်ကွက် ထားကြပါတယ်။

RFA News

ရက်စွဲ။ ။ ဇွန်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်

ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ ၄ ဦးအား အကြမ်းဖက်စစ်အုပ်စု၏ စစ်ခုံရုံးက ချမှတ်ခဲ့သည့် သေဒဏ်ကို အတည်ပြုလိုက်ပြီး ကွပ်မျက်ရန် ဆောင်ရွက်နေပြီဟု စစ်အုပ်စုမှ ဇွန်လ ၃ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
သို့သော်လည်း ထိုသူများကို မည်သည့် စစ်ခုံရုံး၊ မည်သည့်နေရာတွင် အမှုကို ကြားနာခဲ့ကြောင်းနှင့် အမိန့်ချမှတ်ခဲ့ကြောင်းကို သက်ဆိုင်ရာ မိသားစုများထံသို့ပင် အသိပေးခြင်း မရှိပါ။ စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ယန္တရားတခုလုံးအား အလုံးစုံ ဖျက်ဆီးနေပေသည်။

အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းယူပြီးသည်မှစ၍ ၎င်းတို့အား ဆန့်ကျင်သူများကို နေ့စဉ်နှင်အမျှ သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း၊ နေအိမ် ပစ္စည်းဥစ္စာများကို သိမ်းယူခြင်းများကို တစိုက်မတ်မတ်လုပ်ဆောင်လျှက်ရှိသည်။ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်ရန် ပြောကြားမှုမှာ နိုင်ငံတကာနှင့် ပြည်တွင်း တရားဥပဒေကို အလွဲသုံးစားလုပ်ကာ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ရန် ကြိုးစားမှုတရပ်ဖြစ်သည်။

ယနေ့အချိန် ကမ္ဘာ့နိုင်ငံအနှံ့တွင် သေဒဏ်စီရင်ရေးအား ဖျက်သိမ်းရန် အပူတပြင်း ကြိုးစားနေချိန်တွင် ထိုကဲ့သို့ ကွပ်မျက်ရန် ကြေညာခြင်းသည် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်နေမှုကို ပျက်ရယ်ပြု လိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်ရောက်နိုင်ရေး နိုင်ငံတကာမှ အာဏာသိမ်းစစ်အုပ်စုအား အပြင်းအထန် ဖိအားပေး တောင်းဆိုနေမှုများအား တစုံတရာ လျော့ကျစေရေးအတွက် အပေးအယူလုပ်ရန်နှင့် ပြည်တွင်းရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို ခြိမ်းခြောက်ရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို ဓားစားခံအဖြစ် အသုံးပြု တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့ ဓားစားခံအဖြစ်အသုံးချကာ ပြောင်ပြောင်တင်းတင်း ကွပ်မျက်ရန် ဆောင်ရွက်မှုကို တားဆီးရန်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း တာဝန်ရှိသည်ဟု ထင်မြင်ပါသည်။

မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းသည် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း တစ်ဦးတစ်ယောက်မျှ မရှိမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည်ဟု ယုံကြည်သည့်နည်းတူ အထက်ပါကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်ခြင်းသည် အာဏာသိမ်းစစ်အုပ်စုမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတည်ငြိမ်ရေးကို စိန်ခေါ် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သဘောထားသည်။

စစ်အုပ်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်ရေး လုပ်ဆောင်နေမှုသည် သမိုင်းဆိုင်ရာ ခွင့်လွှတ်၍ မရနိုင်သောလုပ်ရပ် ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိရေး ကြိုးစားဆောင်ရွက်နေသော နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံရေးအကြပ်အတည်းကို သဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရန် ကြိုးစား အဖြေရှာနေသည့် အာဆီယံ နိုင်ငံများ၏ သဘောထား နှင့် လုံးဝကိုက်ညီမှုမရှိကြောင်း ထင်ရှားသည့် သက်သေပြချက် ပင်ဖြစ်သည်။

သို့ဖြစ်၍ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးမှ အထက်ပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တားမြစ်ရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

Statement of Death Penalty for 4 PPs

မြန်မာနိုင်ငံအရှေ့ခြမ်းမှ # လူ့အခွင့်အရေးချိုးဖောက်မှု များသည် အရပ်သားတို့၏ လူသားဘ၀ကို ဆုံးရှုံးစေသည်။ ယခင်အပတ်တွင် @amnesty @HURFOM နှင့် @khrg တို့၏ အစီရင်ခံစာများတွင် ထုတ်ပြန်ခဲ့သည့်အတိုင်း အပြစ်မဲ့ပြည်သူများအပေါ် စစ်အာဏာရှင်တို့ ချိုးဖောက်သည့် အကြမ်းဖက်မှုများ အဆုံးသတ်ရမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီကို ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများမှတဆင့် ခွင့်ပြုရမည်။

ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို စစ်ကောင်စီ ကွပ်မျက်မည်ဆိုပါက အကန့်အသတ်မဲ့ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဟု နယ်ပယ်အသီးသီးမှ တုံ့ပြန်နေကြသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့အပါအဝင် သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက စစ်ကောင်စီအနေဖြင့် အကန့်အသတ်မဲ့ဆိုးကျိုး၊ ပိုမိုပြင်းထန်သည့် ခုခံတော်လှန်မှုများနှင့် ကြုံရမည်ဟု နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက တုံ့ပြန်ပြောဆိုလိုက်သည်။

အသက်မပြည့်သေးသူ ၂ ဦးအပါအဝင် သေဒဏ်ချခံထားရသူ ၁၁၄ ဦးရှိသည်ဟု စစ်ကောင်စီဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး စာရင်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သိရသည်။

သေဒဏ်စီရင်ခံထားရသူများအနက် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ အယူခံကို ပလပ်လိုက်ပြီး သေဒဏ်အမိန့်ကို အထမြောက်အောင် ဆက်လက်အကောင်အထည်ဖော်နေကြောင်း၊ အမှန်တကယ်သေဒဏ်ချမည့်အကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နယ်ပယ်အသီးသီးမှ ပြင်းထန်သည့် တုံ့ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

“သက်ရောက်မှုကတော့ အတိုင်းအဆ မှန်းလို့မရလောက်အောင်ကို ပြင်းထန်မယ်။ လက်စားချေမှုတွေ၊ မြေပြင်တိုက်ပွဲတွေ၊ သံတမန်တိုက်ပွဲတွေကတော့ အကြီးအကျယ်ဖြစ်မယ်။ ပြည်သူလူထုက အကြီးအကျယ်မုန်းတီးမယ်” ဟု နိုင်ငံရေးလေ့လာသူလည်းဖြစ်၊ ဥပဒေပညာရှင်လည်းဖြစ်သူ ဦးကြီးမြင့်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယင်းတို့အလိုကျ နှစ်ရှည်လများ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကာ အာဏာသိမ်းထားခြင်းဖြစ်ရာ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုများကို ကျူးလွန်ခဲ့သူများဖြစ်နေကြောင်း ဦးကြီးမြင့်က ထောက်ပြသည်။

“သစ္စာဖောက်မှုတွေကို ကျူးလွန်ထားတဲ့သူတွေတွေ လုပ်တယ်ဆိုတော့ ပိုပြီးတော့ နာကြည်းစရာတွေဖြစ်လာမယ်၊ အဲဒီတော့ တကယ်လုပ်မယ်ဆိုရင် သူပေးဆပ်ရမှာက အတိုင်းအတာအကြီးကြီးပဲ၊ ငါလုပ်ရဲတယ်ဆိုပြီး လုပ်မယ်ဆိုရင်တော့ အဆိုးဆုံးတွေ၊ တော်လှန်မှုတွေ အကန့်အသတ်မရှိဖြစ်မယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းကလည်း သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မည်ဆိုခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့လုပ်ရပ်ဟု ဆိုသည်။

“စစ်ကောင်စီကတော့ အကြမ်းဖက်အုပ်စုပဲ၊ သူသတ်ချင်သတ်မယ် လွှတ်ချင်လွှတ်မယ်၊ ဖမ်းချင်ဖမ်းမယ်၊ ဘာဥပဒေမှလည်း မရှိဘူး၊ သူတို့ထုတ်ချင်တိုင်း ထုတ်နေတာ၊ ဒါ အကြမ်းဖက်အုပ်စုတွေရဲ့ လုပ်ရပ်ပဲ” ဟု ပြောသည်။

နိုင်ငံတွင်း ဥပဒေမဲ့သတ်ဖြတ်မှုများ၊ အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံကျူးလွန်နေခြင်းကို တုံ့ပြန်ရမည်ဟု ပဒိုမန်းမန်းက ပြောသည်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကိုတော့ ကျွန်တော်တို့ ကာကွယ်သွားရမှာပဲ အခုဆို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချပြီးသားဖြစ်တယ်။ အဆိုးဆုံးအခြေအနေကိုလည်း ကျော်ဖြတ်ဖို့ ဆုံးဖြတ်ထားတော့ တော်လှန်ရေးကတော့ ဆက်ပြီးတော့ အရှိန်မြှင့်သွားရမယ်ဆိုတာတော့ သေချာပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူ ၁၈၈၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရကြောင်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရမှုများကို လေ့လာစောင့်ကြည့်နေသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် AAPP က ဇွန် ၃ တွင် ထုတ်ပြန် ကြေညာထားသည်။  

စစ်ကောင်စီကမူ ထိုကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းသာဖြစ်သည်ဟု တုံ့ပြန်သော်လည်း AAPP ကမူ အရေအတွက်အမှန်မှာ ထို့ထက် ပိုဖွယ်ရာသာရှိသည်ဟု ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများတွင် ပြည်သူတို့၏ အိုးအိမ်သောင်းချီ မီးရှို့ဖျက်ဆီးကာ ထောင်ပေါင်းများစွာသော ပြည်သူများကို အိုးမဲ့အိမ်မဲ့ဖြစ်၊ စစ်ဘေးဒုက္ခသည်များ ဖြစ်စေခဲ့သည်။

ဤအခြေအနေတွင် သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက လူထု၏ မုန်တီးနာကြည်းမှု၊ ပိုမိုအားကောင်းသည့် ဆန့်ကျင်တော်လှန်မှုများ မလွဲမသွေပေါ်ပေါက်လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“တကယ်တမ်း ကြိုးပေးပြီး သတ်ဖြတ်မယ်ဆိုရင် မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ၊ နာကြည်းမှုကြောင့် ပိုပြီးတော့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေဖြစ်လာမှာ မလွဲမသွေပါပဲ၊ အကြောက်တရားနဲ့ ခြိမ်းခြောက်ပေမဲ့ စစ်ကောင်စီကို စိန်ခေါ်ရင်ဆိုင်မဲ့ လူထုရဲ့ လှုပ်ရှားမှုတွေ အားကောင်းမယ်ဆိုတာ ကောင်းကောင်းနားလည်သဘောပေါက်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရာနှင့်ချီသည့် PDF ခေါ် လူငယ်အများစုနှင့် ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်း ရာနှင့်ချီ ပေါ်ပေါက်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတော်လှန်နေကြသည်။  

သေဒဏ်ချခံထားရသူများကို ကွပ်မျက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) ပါ “လူတိုင်း အသက်ရှင်ခွင့်ရှိသည်” ဟူသည့် ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

အလားတူ အာဏာသိမ်းပြီးနောက် တရားစီရင်မှုများတွင် စစ်ခေါင်းဆောင်၏ စီမံခန့်ခွဲမှု အပြည့်အဝရရှိထားသည့် စစ်ခုံရုံးများက စစ်ဆေးပြီး တရားစီရင်ခြင်းကြောင့် မှန်ကန်သည့် တရားစီရင်မှု မဖြစ်ဟုလည်း ဦးအောင်မျိုးမင်းက ပြောသည်။

“သေဒဏ်ပေးမှုအတွက် စွပ်စွဲခံရသူကို စစ်ဆေးတဲ့အခါမှာလည်း ခုခံခွင့်၊ ကာကွယ်ပိုင်ခွင့်၊ တရားဥပဒေအရ လျောက်လဲပိုင်ခွင့် ဒါတွေအားလုံး လိုအပ်တယ်။ လက်ရှိအခြေအနေမှာတော့ မှန်ကန်တဲ့ တရားစီရင်မှုအခွင့်အရေး ဘာမှမရကြတာတွေ့ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ သေဒဏ်ပေးကွပ်မျက်မှုအတွက် နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်လိုအပ်ပြီး ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရလက်ထက်မှစ၍ ယနေ့အထိ တရားရုံးများက သေဒဏ်အမိန့်ချမှတ်တတ်သော်လည်း အကျဉ်းထောင်တွင် ကွပ်မျက်စီရင်ခြင်း မရှိသေးဟု သိရသည်။

ယခု စစ်ခေါင်းဆောင်က ကွပ်မျက်မည်ဟူသည့် သတင်းကြောင့် အလွန်အမင်းစိုးရိမ်ကြောင်း ဇွန် ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောခွင့်ရက ပြောဆိုထားသည်။

အကျဉ်းသားကို ကွပ်မျက်ပါက တော်လှန်ရေးအဖွဲ့အစည်းများကလည်း အလားတူ လက်တုံ့ပြန်မည်ဟု စစ်ကိုင်းတိုင်းအခြေစိုက် Myanmar Defence Force – MDF က ဇွန် ၄ ရက်စွဲဖြင့် ၎င်းတို့၏ Facebook စာမျက်နှာတွင် ကြေညာထားသည်။ 

စစ်ကောင်စီကမူ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့သည် လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ပြုလုပ်ရန် ညွှန်ကြားခြင်းတို့ကြောင့် အမှုဖွင့်ခဲ့သည်ဟု ကြေညာခဲ့သည်။ ထို့နောက် စစ်ခုံရုံးက ၎င်းတို့ကို အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည)ပုဒ်မ တို့ဖြင့် ဇန်နဝါရီ ၂၁ ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ပေးခံထားရသူတို့ကို ကွပ်မျက်ရေးအတွက် အကောင်အထည်‌ဖော်ရန် ကြိုးပမ်းနေခြင်းသည် အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ယင်း၏ အပေါင်းပါများ နောက်ကျောမလုံခြင်းကို ပြသနေခြင်းဖြစ်သည်ဟု ဦးကြီးမြင့်က ပြောသည်။

“ကြောက်လို့ လုပ်နေတာပါဗျာ၊ ကြောက်ပြီး လုပ်နေတာ၊ သင်္ချိုင်းကုန်းတွေ ကျွန်တော်တို့ ငယ်ငယ်တုန်းကဖြတ်ရင် သူရဲ မကြောက်ဘူးကွဆိုပြီး သီချင်းဆိုပြီး ဖြတ်ပြေးသလိုပေါ့၊ အမှန်ကတော့ ကြောက်နေတာ” ဟု ဦးကြီးမြင့်က ပြောလိုက်သည်။

Myanmar Now News

ကိုးတောင်ဘို့ ရွာပြင်တွင် စခန်းချ၍ တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ကို ရွာအတွင်းမှနေ၍ တိုက်ခိုက်စဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခဲ့သည်ဟု PDF ဘက်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကိုးတောင်ဘို့ရွာတွင် လက်နက်ကြီးကျည် လူနေအိမ်ပေါ် ကျ၍ ၈ နှစ်အရွယ် မောင်ဇင်ဘုန်းနှင့် ၎င်း၏ မိခင်၊ အဖိုးဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးသွားသည်။ 

ထိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထဲမှ အင်အား ၅၀ ကျော်မှာ ဇွန် ၁ရက်နေ့က မြောက်ဘက် ၇ မိုင်ခန့်အကွာ ကောလင်းမြို့သို့ ပြန်ထွက်သွားပြီးနောက် ကျန်ရှိအဖွဲ့ကို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် စစ်တပ်က ထိုသို့ ပစ်ခတ်ကြောင်း ကိုးတောင်ဘို့တော်လှန်ရေးအဖွဲ့ (KTBR) ခေါင်းဆောင် ကိုချစ်က ပြောသည်။

“သူတို့က အိမ်ထဲတင် နေကြတာ။ ဟိုဘက်က ပစ်လိုက်တော့ လက်နက်ကြီးက အိမ်ပေါ် ကျသွားတာ၊ ကျွန်တော်တို့အဖွဲ့အစည်းတွေကလည်း တစ်နေကုန် (စစ်) တိုက်နေတော့ ညပိုင်းလည်းဖြစ်တော့ မကယ်နိုင်လိုက်ဘူးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

မောင်ဇင်ဘုန်းနှင့်အတူ သေဆုံးသူများမှာ အသက် ၂၆ နှစ်အရွယ် မလဲ့လဲ့စိုးနှင့် ၅၃ နှစ်ရှိ ဦးစိုးကျော်တို့ ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။ 

ရွာတွင် ကျန်ရှိနေသည့် စစ်သား ၃၀ ကျော်မှာ ရွာမြောက်ဘက်တွင် ကတုတ်ကျင်းများတူး၍ နေရာယူထားကြောင်း၊ PDF ပူးပေါင်းအဖွဲ့များက ကျေးရွာအတွင်း တပ်စွဲ၍ ၃ရက်ဆက် တိုက်ခိုက်နေကြောင်း ကိုချစ်ထံမှ သိရသည်။

လူနေအိမ်ပေါ် လက်နက်ကြီးကျသည့် ဇွန် ၁ ရက်နေ့တွင် တိုက်ပွဲမပြင်းထန်ခဲ့သော်လည်း ထိုဖြစ်စဉ်ပြီးနောက်တွင် ယနေ့ (ဇွန် ၃) အထိ PDF ပူးပေါင်းအဖွဲ့များက စစ်စခန်းကို ပြင်းပြင်းထန်ထန် ဝိုင်းဝန်းတိုက်ခိုက်နေကြကြောင်း ၎င်းက ပြောသည်။

“(၁) ရက်နေ့ကတော့ တိုက်ပွဲအကြီးအကျယ်မဖြစ်ဘူး၊ ကျွန်တော်တို့ ကပ်ရုံပဲကပ်တာ၊ သူတို့က ဝိုင်းပစ်တာ၊ ဟိုမိသားစုထိတော့ နောက်ရက်ကျ ကျွန်တော်တို့က အကုန်ဝိုင်းတိုက်တာ၊ ဒီနေ့ထိပဲ။ သူတို့ကတော့ ကတုတ်ကျင်းတွေထဲကနေ ခံပစ်နေတုန်းပဲ” ဟု ကိုချစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ကိုးတောင်ဘို့ရွာသို့ မတ်လကုန်မှစ၍ လာရောက်တပ်စွဲထားကြောင်း၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးတူးမြောင်း၊ တဲနှင့် ခြံစည်းရိုးများကာရံပြီး တပ်စခန်းတစ်ခုအသွင် နေရာယူထားကြောင်း အထက်ပါ PDF ခေါင်းဆောင်က ဆိုသည်။။

ကောလင်းဘက်သို့ အင်အား သုံးပုံနှစ်ပုံခန့် မပြောင်းရွှေ့မီအထိ စစ်သားတို့က ကျေးရွာအတွင်းရှိ လူနေအိမ်အချို့တွင် နေထိုင်ခဲ့ကြကြောင်း၊ ယခုတွင်မူ ကျန်ရှိစစ်သည်များမှာ တပ်စခန်းအတွင်းတွင် ရှိနေကြောင်း ၎င်းက ပြောသည်။

“သူတို့က စခန်းကနေ ပစ်နေတယ်။ ကျွန်တော်တို့ကတော့ ရွာထဲနေရော ပတ်ပတ်လည်ပါ ဝိုင်းထားတာ။ ညတွေရောပါကို ပစ်နေတာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများနှင့် နေအိမ်သို့ လက်နက်ကြီးကျသည့် ဖြစ်စဉ်ကြောင့် အိမ်ခြေ ၂၀၀၀ခန့်ရှိ ကိုးတောင်ဘို့ရွာမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း အထက်ပါ PDF ခေါင်းဆောင်ထံမှ သိရသည်။

PDF  ၏ ပြောဆိုချက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း ကောလင်းမြို့ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးအဖွဲ့များဘက်မှ ၁၆ ဦး ကျဆုံးခဲ့ရသည်။

မေ ၃၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကံကြီးကျေးရွာတွင် ကင်းစောင့်နေသည့် အမျိုးသား ၅ ဦးကို စစ်သားများက သတ်ဖြတ်ခဲ့သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ ခုခံသည့် ဒေသများထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများမှာ ထင်ရှားသည်။

PDF အများအပြားရှိသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများကို လက်နက်တပ်ဆင်ပေးကာ ခုခံမှုများအပေါ် တုံ့ပြန်နေသည်။

အရပ်ဘက်အချက်အလက်ကောက်ယူရေး Data for Myanmar အဖွဲ့၏ မေ ၁ ရက်စာရင်းအရ ခုခံမှုများကို နှိမ်နင်းနေသည့် စစ်ကောင်စီလက်ချက်ဖြင့် တစ်နိုင်ငံလုံးတွင် အိမ် ၁၀၀၀၀ ကျော် မီးလောင်ခဲ့ရာ စစ်ကိုင်းတိုင်းမှ ၇၀၀၀ ကျော်ပါဝင်သည်။ စစ်ကောင်စီကမူ ၎င်းတို့လက်ချက် မဟုတ်ဟု ငြင်းဆိုလေ့ရှိသည်။

Myanmar Now News