ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရွှေဘိုမှာ အမျိုးသမီးငယ်တွေအပါအဝင် PDF ကိုးဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာအနီးမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဝက်လက်မြို့နယ်အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့က PDF တပ်ဖွဲ့ဝင် ကိုးဦးကို စစ်ကောင်စီ တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ GZ Special Task Force (Wetlet) အဖွဲ့နဲ့ မိသားစုဝင်တွေက ဇွန်လ ၃၀ ရက် ဒီနေ့မှာ RFA ကို အတည်ပြုပြောဆိုပါတယ်။
ဇွန်လ ၂၉ ရက် မနေ့ နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်နေ ရွှေဘိုမြို့နယ်ကို ဖြတ်သန်းပြီး အရာတော်မြို့နယ်ထဲကို ဆေးသင်တန်း သွားတက်ဖို့အသွားမှာ စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ GZ Special Task Force (Wetlet) အဖွဲ့တာဝန်ရှိသူ ဗိုလ် GZ က ပြောပါတယ်။
“သူတို့မှာ ဘာလက်နက်မှမပါဘူး။ ဆေးသင်တန်းတက်ဖို့သွားတဲ့ကလေးတွေ၊ စစ်ကြောင်း လည်းမရှိဘူး အကုန်လုံးရှင်းတယ်ဆိုပြီး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးမှ လွှတ်လိုက်တာ။ ကြား ထဲမှာ စစ်ကောင်စီတပ်က ဘယ်လိုဖမ်းမိသွားတယ်မသိဘူး။ မနေ့ကထိ ဖမ်းခံရတယ်ဆိုတာပဲ သတင်းရတာ။ ဓာတ်ပုံတွေမြင်မှ ကိုယ့်အဖွဲ့က လူတွေဆိုတာ ဒီနေ့မှာ အတည်ပြုနိုင်တယ်”
သေဆုံးသူအမျိုးသမီးတွေက အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်နဲ့ အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်တို့ ဖြစ်ကြပါတယ်။ သေဆုံးသူ အမျိုးသားတွေကတော့ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်နဲ့ ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုး၊ ကိုဖိုးငြိမ်း တို့ ဖြစ်ကြပါတယ်။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ဖြေမဆည်နိုင်အောင် ခံစားရတယ်လို့ သေဆုံးသွားတဲ့ PDF အမျိုးသမီးရဲ့ မိခင်တစ်ဦးက ပြောပါတယ်။
“သူက ဒီလုပ်ငန်းကို အရွယ်မရောက်ဘဲနဲ့ကို တအားကိုလုပ်ချင်တာ။ ဘယ်လိုမှကို တားမရတာ သူနိုင်တဲ့ဝန်ကို ထမ်းချင်တာပါဆိုပြီးတော့ အမြဲတမ်း အဲဒီလိုပြောနေကျ။ အခုဒီလိုဖြစ်သွားတော့ ဖြေတော့ မဖြေနိုင်ဘူး။ ခံစားရတာတော့ ရင်ထဲ၊ အသည်းထဲမှာ ဘာမှမရှိသလိုကို ခံစားနေရတယ်”
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
ဖမ်းဆီးရမိတဲ့သူတွေကို ဥပဒေနဲ့အညီ မဆောင်ရွက်ဘဲ တရားလက်လွတ် သတ်ဖြတ်ခံရတဲ့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမျှတမှု ရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံတကာသိအောင် တင်ပြသွားမယ်လို့ GZ Special Task Force (Wetlet) အဖွဲ့က ပြောဆိုထားပါတယ်။
RFA Burmese
ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့ နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုလိုက်ပါတယ်။
နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းရွှေ့တဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အလွန်အမင်း စိုးရိမ်တဲ့အပြင် မူလနေအိမ်မှာပဲထားဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ စာပေးပို့တောင်းဆိုထားတာလို့ ဇွန်လ ၂၇ ရက် ဒီကနေ့ ကမ္ဘော ဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်ဆောင်ကို ယခု ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံ မူလအခြေအနေပြန်ရောက်ဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်အတွင်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တဲ့သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက မှတ်ယူထားတယ်လို့လည်း ဦးဝဏ္ဏမောင်လွင်ကို ပေးပို့ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ စာမှာ ရေးသားဖော်ပြ ထားပါတယ်။
ပဋိပက္ခနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုကို ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်လိုက်ရင် ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မျှော်လင့်နိုင်မှာ မဟုတ်ဘူးလို့လည်း အထူးကိုယ်စားလှယ်က ပြောထားပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဟာ အခု ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ခရီးစဉ်အဖြစ်လာရောက်ဖို့ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင် အထည်ဖော်ရေးကို ဆွေးနွေးသွားဖို့ရှိတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထား ပါတယ်။
ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့က စစ်ကောင်စီထံ တောင်းဆိုထားပေမယ့် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အမှုရင်ဆိုင်နေရတဲ့သူတွေနဲ့ တွေ့ခွင့်ပြုမှာမဟုတ်ဘူးလို့ RFA ကို ဖြေဆိုထား ပါတယ်။
RFA News
အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ
#အာဆီယံသည် #မြန်မာပြည်သူများအတွက် တစ်ဖန်ပျက်ကွက်ပြန်သည်။ အာဆီယံသည် မြန်မာနိုင်ငံတွင် အကျပ်အတည်းမျိုးစုံကို တုံ့ပြန်ရာတွင် သမာဓိနှင့် စည်းကမ်းရှိစွာ ဦးဆောင်ရန် အခွင့်အလမ်းများစွာရှိသည်။ ယင်းအစား၊ ၎င်းတို့သည် ဒီမိုကရေစီ၏ အခြေခံမူများကို ကျောခိုင်းပြီး တိုင်းပြည်ငြိမ်းချမ်းရေး အလားအလာကို ယိုယွင်းစေသော အာဏာရှင်များအတွက် ဆင်ခြေ ပေးခဲ့သည်။
တနင်္သာရီတိုင်းမှ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ် ပစ်သတ်
လောင်းလုံးမြို့ ကျေးလက်ဒေသ နေအိမ်များကို ဝင်စီးသည့် စစ်ကောင်စီတပ်က ဇွန် ၂၆ တစ်ညတည်းတွင် ပြည်သူ ၃ ဦးကို ပစ်သတ်ကာ ပစ္စည်းလုယူသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ ပြည်သူ ၃ ဦးကို ယမန်နေ့ (ဇွန် ၂၆) ညတွင် စစ်ကောင်စီတပ်သားတို့က အနီးကပ်ပစ်သတ်သွားသည်ဟု ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လောင်းလုံးမြို့နယ်နှင့် ၆ မိုင်ခန့် ဝေးသော ကဒက်ကြီးကျေးရွာသို့ ထိုနေ့ည ၁၁ နာရီခွဲခန့်တွင် စစ်သား ၁၅ ဦးခန့် ကား ၂ စီးဖြင့် ရောက်လာပြီး နေအိမ် ၅လုံးကို ဝင်ရောက်စီးနင်းသည်ဟု ၎င်းက ပြောသည်။
အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို ကူညီဖူးသည့် အသက် ၆၀ အရွယ် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး (ခ) မိကြုံးတို့ ဇနီးမောင်နှံကို လက်ပြန်ကြိုးတုပ်လျက် ဖမ်းခေါ်သွားကာ ရွာလယ်လမ်းမတွင် မျက်လုံးနှင့် ခါးတို့ကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားကြောင်း ထိုသူ့ထံမှ သိရသည်။
“သူတို့ လိုက်ရှာတဲ့သူကို မတွေ့တော့ အပြန်မှာ လမ်းပေါ်တင် ပစ်သတ်သွားတာ။ ….. “PDF (ဒေသကာကွယ်ရေးတပ်ဖွဲ့) တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး တခြားသူတွေက တိုင်လိုက်လို့ အခုလိုလုပ်သွားတာလို့ ထင်တယ်”
ကျေးရွာနေပြည်သူများက ရုပ်အလောင်းများကို ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ယနေ့ (ဇွန် ၂၇) တွင် မီးသင်္ဂြိုဟ်မည်ဟု အထက်ပါ သပိတ်ကော်မတီတာဝန်ရှိသူထံမှ သိရသည်။
ကဒက်ကြီးကျေးရွာတွင် ဝင်စီးသည့် နေအိမ်များကို ဖျက်ဆီး၊ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့က အပြန်တွင် လောင်းလုံးမြို့နှင့် ၄ မိုင်ခန့်ဝေးသည့် ဂေါ့အင်းကျေးရွာသို့ ဝင်ရောက်ပြီး အသက် ၅၀ အရွယ် ဦးဆန်းဝင်းကို ပစ်သတ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
နေအိမ်အနီး ယမန်နှစ်အတွင်း စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲခံရစဉ်ကလည်း ဦးဆန်းဝင်းကို စစ်ကောင်စီက လာရှာဖူးသည်ဟု ထိုသူ့ထံမှ သိရသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပါ။
“အရင် လာရှာတုန်းက သူ့ကို မတွေ့ခဲ့ဘူး။ အခု တွေ့လို့ ပစ်သတ်သွားတယ်လို့ သိရတယ်” ဟု အထက်ပါ ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဦးဆန်းဝင်းကို ပစ်သတ်ချိန်တွင် အတူနေ ဇနီးနှင့် သမီးရှိနေကြောင်း၊ ဇနီးသည် သတိလစ်သွားကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က ဦးဆန်းဝင်း၏နေအိမ်မှ ပိုက်ဆံ၊ ရွှေထည်နှင့် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားကာ နေအိမ်ရှိပစ္စည်းများကို ဖျက်ဆီးသွားသည်ဟု ထိုသူက ဆိုသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။House_that_was_raided_by_military_council_kadatgyi_village_launglon_tanintharyi_26_june_2022_photo_supplied.jpeg
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကဒက်ကြီးကျေးရွာတွင် ဇွန် ၂၆ ရက်က စစ်ကောင်စီတပ် ဝင်မွှေခဲ့သည့် နေအိမ်တစ်လုံး။ ဓာတ်ပုံ-ပေးပို့
တစ်ညတည်း ပြည်သူ ၃ဦးကို ပစ်သတ်ခဲ့သည့် တပ်ဖွဲ့တွင် စစ်သားများအပြင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး ပန္ဒလဲကျေးရွာတွင် စခန်းချထားသည့် အရပ်သားအဖွဲ့ ပျူစောထီးလည်းပါသည်ဟု ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ယနေ့ (ဇွန် ၂၇) တွင် ထုတ်ပြန်ထားသည်။
ဇွန်တစ်လတည်းတွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသည့် အရပ်သား ၆ ဦးရှိပြီဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အားကောင်းနေဆဲဖြစ်သည်။
Myanmar Now News
ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့
ဒီစကားဝိုင်းအစီအစဉ်ကို…… ရက်စွဲ – ဇွန်လ ၂၆ ရက်နေ့၊ ၂၀၂၂ အချိန် – ညနေ ၅ နာရီခွဲ တို့တွင် ကျင်းပသွားမှာဖြစ်ပြီး
ပါဝင်ဆွေးနွေးပေးမဲ့သူများကတော့……
Panelist အဖြစ်
– ဟိန်းကို (ရှင်သန်လွတ်မြောက်သူ)
– ကိုပီတာ (တတ်ကြွလှုပ်ရှားသူ)
– မိုင်း (ရှင်သန်လွတ်မြောက်သူ)
– စောဟန်နွေဦး (စာရေးဆရာမ)
– လင်းလက်ဆူး (GENERATION WAVE)
ဦးဆောင်ဆွေးနွေးမဲ့သူကတော့……..
– နာင်းမို့မို့ (အမျိုးသမီးများအဖွဲ့ချုပ်၊မြန်မာနိုင်ငံ) တို့မှ ဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ဒီစကားဝိုင်းကိုတော့ Mizzima TV Facebook page, Mizzima News In Burmesse Facebook page, Mizzima Youtube Channel နှင့် Mizzima TV Channel တို့မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
မုန်တိုင်ပင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဘယ်လိုဖြစ်ခဲ့သလဲ
“သုံးနာရီခွဲလောက်။ အဲဒီကျတော့ သူတို့က ဘယ်လိုပြောလဲဆိုတော့… အချိန်ကျပြီ၊ တုတ်လိုက်တော့လို့ ခိုင်းတော့တာခင်ဗျ။ တုတ်လိုက်တော့ဆိုတော့ သူတို့က မျက်နှာစည်းတဲ့လူက စည်းပေါ့ခင်ဗျာ”
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ စစ်ကောင်စီ တပ်သားတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ ရွာသားတစ်ယောက်က ပြန်ပြောပြနေတာပါ။
စစ်ကောင်စီတပ်သားတွေက စစ်ကိုင်းတိုင်းမှာ လူတွေသတ်ထားတဲ့အကြောင်း ဝိုင်းဖွဲ့ပြောဆိုနေကြတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ သူတို့ကိုယ်တိုင်ရိုက်ထားတဲ့ဓာတ်ပုံတွေကို RFA ဝါရှင်တန်ရုံးချုပ်က ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်ဆက်လက်စုံစမ်းတဲ့အခါ၊ လူ ၃၀ ကျော်ကိုလက်နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားတဲ့နေရာဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာဘုန်းကြီးကျောင်းဝင်းထဲက ဇရပ် ဖြစ်တယ်ဆိုတာကို အတိအကျသိခဲ့ရသလို၊ အသတ်ခံရသူတွေရဲ့ အမည်စာရင်းတွေကိုပါ ရရှိခဲ့ပြီး၊ အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ မုန်တိုင်ပင်ရွာသား တချို့နဲ့လည်း ဆက်သွယ် မေးမြန်းခွင့်ရခဲ့ပါတယ်။
မေလ ၁ဝ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ဟာ ရွာပြင်ကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ရာမှာ ရွာသားအများစုက ရရာကားတွေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေး သွားကြပါတယ်။ ထွက်မပြေးနိုင်သူ တချို့ကတော့ ရွာဘုန်းတော်ကြီးကျောင်းကို သွားရောက်ခိုလှုံခဲ့ကြပါတယ်။ ရွာအဝင်မှာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရွာထိပ်မှာရှိနေတဲ့ PDF လူငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရသူတွေကတော့ အရပ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ရွာအရှေ့ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းထဲကို ဝင်ပေါက်သုံးခုကနေ ဝင်ရောက်လာကြတယ်လို့ အဲဒီအချိန်က ကျောင်းဝင်းထဲမှာ ခိုလှုံနေတဲ့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“၉ နာရီလောက်ကျတော့ သူတို့ရောက်လာတယ်။ အုန်း…ဒိုင်း…နဲ့ သေနတ်တွေဖောက်ပြီးတော့ ဝင်လာတယ်။ အနောက်ပေါက်ကရော၊ အရှေ့ကရော၊ မြောက်ကရော ခင်ဗျ။ သူတို့က ကျောင်း (ဘုန်းကြီးကျောင်း) အောက်က ရှိတဲ့လူတွေကို ဦးပဇင်းပေါက်စကို ထုတ်ခိုင်းတယ်ခင်ဗျ။ ကျောင်းအောက်ကလူတွေ ပရိသတ်အကုန် ထုတ်ပေးဆိုတော့ ဦးပဇင်းက ထုတ်ပေးလိုက်တဲ့အခါကျတော့ ကျောင်းရှေ့မှာ တန်းပြီးတော့ ထိုင်ခိုင်းတာ၊ ယောကျ်ားသီးသန့် မိန်းမသီးသန့် ခွဲပြီးတော့။ ခဏနေတော့ ယောကျ်ားတွေကို အရှေ့ဘုရားတိုက်ကြီးအောက်ကို ခေါ်သွားတယ်ခင်ဗျ။ ဒူးတုတ်ထိုင်ခိုင်းပြီးတော့ မိန်းမတွေကို တခါ ပြန်ခေါ်တယ်။ မိန်းမတွေက ငိုလားရယ်လားလုပ်တော့ မိန်းမတွေကို တော်တော်လေးကြာတော့ ပြောဆိုပြီးတော့ ကျောင်းကြီးအောက်ကို ပြန်သွင်းပြီးတော့ သော့ခတ်ထားခဲ့တယ်”
အဲဒီရွာသားရဲ့ပြောပြချက်တွေဟာ အရာတော်ဒေသခံတွေ ကောက်ရခဲ့တဲ့ စစ်သားရဲ့လက်ကိုင်ဖုန်းမှာ တွေ့ရသလို ရွာသား ၃၀ ကျော်ကို အင်္ကျီတွေ၊ နဖားကြိုးတွေနဲ့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားတဲ့ ပုံတွေထဲက အချက်အလက်တချို့နဲ့ တူညီနေပါတယ်။
“အဲဒီကနေ ရွာ့တောင်ပိုင်းကိုပတ်ပြီး အိမ်ကြိုအိမ်ကြားကနေ ခေါ်သွားပြီးတော့ စာသင်ကျောင်းကို ထွက်လိုက်တယ်။ စာသင်ကျောင်းကျမှ ကြိုးတုပ်တာခင်ဗျ။ အင်္ကျီတွေချွတ်ခိုင်းပြီးတော့ (အင်္ကျီတွေကို ကြိုးအဖြစ်သုံးပြီး) ကြိုးတွေတုပ်သွားတာ။ နောက်ကျတော့ ကြိုးတွေရောက်လာတော့ နဖားကြိုးတွေနဲ့ တုပ်တယ်ခင်ဗျ၊ ဈေးဆိုင်က နဖားကြိုးတွေနဲ့။ နောက်ပြန်ကြိုးတုပ်ပြီးတော့ ရှိသမျှ ပါသမျှ ပိုက်ဆံတွေဘာတွေ အကုန်ဆွဲ လုယူတယ်။ ပိုက်ဆံပါတယ်၊ တယောက်ကတော့ ဆွဲကြိုးလေး ပါသွားတယ်ခင်ဗျ။ ရွှေပါရင်လည်း ရွှေယူတယ်။ အဲဒီ အထက်တန်းကျောင်းကနေပြီးတော့ ကြိုးတုပ်ပြီးတော့တခါ ငါးယောက်တစ်တွဲ ဘုန်းတော်ကြီးကျောင်းကို ပြန်ခေါ်သွားတယ်။ အဲဒီတော့ ၁၀ နာရီခွဲ ၁၁ လောက်ရှိမယ်။ ဘုန်းကြီးကျောင်း အနောက်မုဒ်ပေါက် ဇရပ်ကြီးရှိတယ်၊ အောက်က အကာမရှိဘူး အပေါ်ကတော့ အကာရှိတယ်”
“စစ်တယ်။ ကြိုးတုပ်ပြီးတော့ ရိုက်ရိုက်ပြီးတော့ အင်္ကျီတုံးလုံးချွတ်ပြီးတော့ ရိုက်တယ်နှိပ်စက်တယ်။ နဖားကြိုးငါးပင်နဲ့ ပူးရိုက်တာ။ ဓားတွေနဲ့ထိုးတဲ့လူ ထိုးပေါ့။ ‘ဒီရွာက PDF တွေ ဘယ်လောက် မွေးထားတာလဲ’…တို့၊ ‘သေနတ်တွေ ဘယ်နှလက်ရှိတာလဲ’ တို့။ အဲဒါကိုမဖြေနိုင်လို့ ရိုက်နှက်စစ်ပြီးတော့ ဓားတွေနဲ့ထိုးတာပဲ။ တချို့က ဗိုက်ကိုထိုးတာ။ သေအောင်တော့ မထိုးသေးဘူး၊ ခြိမ်းခြောက်ရင်းနဲ့ထိုးတာ။ သေနတ်တွေနဲ့ရိုက်တယ်၊ ပါးတွေ ဘယ်ပြန်ညာပြန်ချတယ်၊ ကန်တယ်။ ခေါင်းကတော့ မထောင်လေနဲ့၊ ခေါင်းထောင်လို့ကတော့ ပါးရိုက်ပြီး နောက်ကနေကန်ထုတ်တာ”
အဲဒီနေ့ ညနေ ၅ နာရီလောက်အထိ သူတို့ကို ဇရပ်ထဲမှာ ရိုက်နှက်စစ်ဆေးပြီးနောက် ဘုန်းကြီးကျောင်းဝင်းအရှေ့ဘက်အခြမ်းမှာရှိတဲ့ ရိပ်သာဆောင်က အခန်းတစ်ခန်းထဲမှာ ထည့်ပြီး သော့ခတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီအခန်းထဲမှာ သောက်သုံးရေနဲ့ အညစ်အကြေးစွန့်စရာနေရာ မရှိသလို သူတို့ကို ဖမ်းဆီးထားစဉ်ကာလ တလျှောက်လုံးမှာလည်း အစားအစာလုံးဝ မကျွေးဘူးလို့ ဆိုပါတယ်။ နောက်တနေ့ မေလ ၁၁ ရက်နေ့မှာတော့ လူသတ်ပွဲစတင်ပါတယ်။
“၁၁ ရက်နေ့ မနက်ခင်းကျတော့ ၆ နာရီလောက်ကျတော့ လူငယ် ၁၀ ယောက် ဆွဲထုတ်သွားတယ်။ ကြိုးတုပ်ပြီးတော့ မျက်နှာတွေဘာတွေ စည်းပြီးတော့၊ ရွာထဲ လှည့်ခေါ်သွားပြီးတော့ ပစ္စည်းတွေဘာတွေ ထမ်းခိုင်းပြီးတော့၊ ရွာ့အရှေ့ဘက်က မူးမြစ်ကြီးရှိတယ်ခင်ဗျ။ အဲဒီမူးမြစ်ထဲ သယ်ပိုးခိုင်းပြီးတော့ နောက်ဆုံးခေါက်ကျတော့ မီးရှို့သတ်လိုက်တာ၊ မသေမရှင် ခုတ်သတ်ပြီးတော့။ သွေးပုံတွေက ပေါက်ပြားတွေနဲ့ ယက်ဖုံးထားတယ်”
နေ့လယ်ပိုင်းမှာတော့ ကျန်ရှိသူတွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီတပ်ဖွဲ့က စတင်လုပ်ဆောင်ပါတယ်။
“၂ နာရီခွဲလောက်ကျတော့ ကျနော်တို့ကို ဆွဲထုတ်တယ်။ စေတီအကြီးကြီးခင်ဗျ။ ဇေယျသိဒ္ဓိ လို့ အမည်ပေးထားတယ်။ နှစ်ယောက်တစ်တွဲ တွဲပြီးတော့ ဘုရားကြီးအရှေ့ကို တန်းစီပြီးထိုင်ခိုင်းတယ်ခင်ဗျာ။ ဘေးက လက်ဝဲလက်ယာ ရပ်နေတဲ့လူတွေက အဲဒီမှာ ကျနော့်အမြင်ကတော့ ကြွနေကြတာခင်ဗျ။ သူတို့က ‘ဆရာလုပ်လိုက်ရတော့မလား’၊ ‘ဆရာလုပ်လိုက်ရတော့မလား’၊ တုတ်လိုက်ရတော့မလား၊ ‘အချိန်ကျပြီလား’ နဲ့ အဲဒီလိုတွေ မေးနေတာ”
“ကျနော်တို့က အဲဒီတော့ ဟာ… သွားပြီ မရတော့ဘူး၊ သတ်တော့မှာ နေမှာပဲလို့။ ကျနော်တို့ကတော့ အဲဒီလို တွေးမြင်လိုက်တော့ အဲဒီကဘုရားတွေကန်တော့ပြီး နေလိုက်တာပေါ့ ခင်ဗျာ။ နေလိုက်တော့ လေးခါမြောက်ကျတော့ ဆရာက ‘အချိန်ကျပြီ၊ ကဲ တုတ်တော့’ လို့ အဲလို ခိုင်းလိုက်တာခင်ဗျ”
“ဆရာဖြစ်တဲ့လူက အဆောင်လေးထဲမှာ ထိုင်နေတာခင်ဗျ၊ ကုလားထိုင်နဲ့။ ‘ဆရာ ကျနော်တို့ တုတ်လိုက်ရတော့မလား’ ဆိုပြီး ပုဆိုးဆွဲဆုတ်တဲ့သူနဲ့။ မျက်နှာစည်းအောက် ပုဆိုးတွေဆွဲဆုတ်ပြီးတော့ ကိုင်ထားတာခင်ဗျ။ ကြိုးတွေနဲ့။ သူတို့က အရန်သင့်ပဲခင်ဗျ။ တမြှောက်မြှောက်တကြွကြွနဲ့ နေတာ။ လူတွေ ပေါ့မှပေါ့၊ လုပ်ချင်လှချည့် လုပ်ချင်လှချည်နဲ့ နေတော့တာခင်ဗျ။ စိတ်ကြွဆေးတွေ ထိုးထားခင်ဗျ။ စိတ်ကြွဆေးဗူးခွံတွေ ကျောင်းထဲမှာ တွေ့တယ်ခင်ဗျ။ ထိုးဆေးရော ဆေးပြားရောခင်ဗျ”
“၃ နာရီခွဲလောက်။ အဲဒီကျတော့ သူတို့က ဘယ်လိုပြောလဲဆိုတော့ အချိန်ကျပြီ တုတ်လိုက်တော့လို့ ခိုင်းတော့တာ ခင်ဗျ။ တုတ်လိုက်တော့ဆိုတော့ သူတို့က မျက်နှာစည်းတဲ့လူကစည်းပေါ့ခင်ဗျာ။ မျက်စေ့ကိုပိတ်တဲ့လူကပိတ် ပုဆိုးစုတ်တွေနဲ့စည်းပြီးတော့။ အဲဒီ နောက်ပြန်ကြိုးတုတ်။ နှစ်ယောက် တစ်တွဲတွဲထားပြီးတော့ ရွာ့တောင်ပိုင်းကို ခေါ်သွားတယ်ခင်ဗျ။ ဘုန်းကြီးကျောင်းရဲ့ တောင်ဘက်”
သူအပါအဝင် ကျန်ရစ်တဲ့ရှစ်ဦးကို ရိပ်သာအတွင်းပြန်ထည့်ပြီး တံခါးကို သော့ခတ်လိုက်ပါတယ်။ ဒါပေမယ့် သံတိုင်တွေစိုက်ထားတဲ့ ပြူတင်းပေါက်တွေကို ဖွင့်ပေးထားတဲ့အတွက် ရွာအတွင်းဘက်ကို အဝေးက လှမ်းပြီး မြင်နေရတယ်လို့ အဲဒီရွာသားက ဆက်ပြောပြပါတယ်။
“၃ နာရီကျော်လောက်ကို သေနတ်သံတွေကြားရပြီးတော့ မီးတွေမြင်ရတော့တာပဲခင်ဗျ။ ကျောင်းထဲ ကနေပြီးတော့။ ပြူတင်း ပေါက်တွေက သံတိုင်တွေဆိုတော့ ဖွင့်ပေးထားတယ်ခင်ဗျ။ သေနတ်ကတော့ မိုးအပေါ် ထောင်ဖောက်သံတွေ ပါခင်ဗျ။ တဒိုင်းဒိုင်းနဲ့ အချက်တစ်ရာလောက်ဖောက်တယ်ခင်ဗျ”
အဲဒီနေ့ညနေမှာ စစ်တပ်အရာရှိတဦးက သူတို့အခန်းကိုလာရောက် သတိပေးပြီး ပြန်ထွက်သွားပါတယ်။
“၁၁ ရက်နေ့ ညနေ ၆ နာရီလောက်ကျတော့ သုံးပွင့်ဗိုလ်လား၊ အဲဒီ ဗိုလ်တစ်ယောက်ကတော့ လာပြောပါတယ်။ သူ့ခါးမှာ သေနတ်ချိတ်ထားတာ။ မနက်ကျတော့ ‘ငါတို့က ပြန်တော့မှာ။ သော့ဖွင့်ထားခဲ့မယ်။ အဲဒီတော့ မင်းတို့လဲ မနက်ကျတော့ ကိုယ့်အိမ်ကိုယ်ပြေးကြတော့။ ပြေးပြီးတော့ နောက် ဒီလို ရုန်းရုန်း ရုန်းရုန်းနဲ့ အသံဗလံကြားရင် ပုန်းကြပြေးကြ၊ လွတ်အောင်ပြေးကြ’ လို့ မှာသေးတယ်ခင်ဗျ”
ဒါဟာစစ်သားတွေကို သူတို့ နောက်ဆုံးမြင်ရတာပါ။ အစာရေစာမရှိပဲ ဒုတိယ အချုပ်ညကို ဆက်လက် ကျော်လွန်ပြီး နောက်တနေ့ မနက် ၂ နာရီလောက်မှာ ဘုန်းကြီးကျောင်းထဲက စစ်သားတွေ ပြန်ထွက်ခွာသွားခဲ့ပါတယ်။ မနက်ပိုင်းမှာ ပိတ်ထားတဲ့ ရိပ်သာတံခါးကို ကိုရင်တစ်ပါးက လာရောက်ဖွင့်ပေးခဲ့တဲ့ အတွက် ကံကောင်းလို့ အသက်မသေတဲ့ သူတို့ ၈ ယောက် လွတ်မြောက်ခဲ့ပါပြီ။
ရွာအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားခဲ့လို့ မီးလောင်နေဆဲဖြစ်တဲ့ အိမ်တွေကို တခြားရွာသားတွေနဲ့အတူ လိုက်လံငြှိမ်းသတ်ရင်း သူတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဘဝတူရွာသားတွေရဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို မြင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
“အိမ်တွေမှာ ကြည့်လိုက်တဲ့အခါကျတော့ အိမ်မျက်နှာစာခြံဝင်းထဲမှာ ခုတ်ထားတာထင်တယ်၊ သွေးပုံတွေခင်ဗျ။ သွေးပုံတွေတွေ့ပြီးတော့ ဒရွတ်ဒရွတ်ဆွဲပြီးတော့ ပထမဦးဆုံးစရှို့တဲ့အိမ်က ခြောက်လောင်းတွေ့တယ်ခင်ဗျ။ ကုတင်ပေါ်ကို အနောက်ခေါင်းပြုပြီးတော့ ကားယားမှောက်ပြီ းရှို့ထားတာ။ ဓားနဲ့ခုတ်သတ်တာ များတယ်ခင်ဗျ။ တချို့လည်းသုံးလေးပိုင်း ပိုင်းထားတယ်။ ကုတင်ကြီးကြီးရှိတဲ့အိမ်က ကုတင်ပေါ်၊ ကုတင်မရှိတဲ့အိမ်က အောက်မှာ၊ ဒီအတိုင်းတန်းပြီးတော့ တုံးတွေဘာတွေဖိပြီးတော့ လောင်စာကောင်းတဲ့အိမ်က အဲဒီလိုရှို့တာ”
နောက်ထပ်ရွာသားတစ်ယောက်ရဲ့ ပြောကြားချက်အရ စစ်သားတွေဟာ ရွာကဘုန်းတော်ကြီးတစ်ပါးနဲ့ နေပြည်တော်မှာ သီတင်းသုံးနေတဲ့ မုန်တိုင်ပင်ဇာတိ ဘုန်းတော်ကြီးတစ်ပါးရဲ့ ပန်ကြားချက်အရ ရွာသား ၈ ယောက်ကို မသတ်ဘဲထားခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေအပြင် အမျိုးသမီးနဲ့ ကလေး ၅ဝ ခန့်လည်း ပါဝင်ပြီး၊ စစ်သားတွေ ပြန်သွားတဲ့ မေလ ၁၂ ရက်နေ့ မနက်မှာမှ သူတို့လည်း ပြန်လည်လွတ်မြောက်ခဲ့ တာပါ။ သူတို့ကိုတော့ စစ်သားတွေက နှိပ်စက်တာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“မိန်းကလေးတွေက လူငယ်ရယ်လို့ မပါဘူးလေ။ လူကြီးတွေက များတယ်ဆိုတော့ သူတို့က၊ တချို့ ကလည်း မျက်စိမှုံတယ်ပေါ့နော်။ ကလေးလေးတွေလည်းပါတယ်ဆိုတော့ ကြောက်တော့ ငိုကြတာပေါ့။ ဆိုတော့ အမျိုးသမီးတွေကိုတော့ မခေါ်ခဲ့တောနဲ့။ အမျိုးသားတွေပဲခေါ်မယ်ဆိုတော့ အမျိုးသမီးတွေက ပိဋကတ်တိုက် အောက်မှာပဲ နေခဲ့ရတော့တာ။ မိန်းကလေးတွေကို ဘာမှမလုပ်ဘူးဗျ”
အိမ်ခြေ ၄ဝဝ ကျော်နဲ့ လူဦးရေ ၁၉ဝဝ ခန့် ရှိတဲ့ မုန်တိုင်ပင်ရွာဟာ ဒီဖြစ်ရပ်အပြီးမှာတော့ မီးလောင်ပြင် လူသတ်ကွင်း တစ်ခုအဖြစ် ကျန်ရစ်တာကို ဓာတ်ပုံအထောက်အထားတွေအရ တွေ့ရပါတယ်။ မေလ ၁၄ ရက်နေ့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားချက်အရ သင်္ကန်းစတစ်စပေါ်မှာ အပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းတစ်ခုကိုလည်း တွေ့ရပါတယ်။
စစ်သားတွေ ဝင်လာတဲ့မနက်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ မုန်တိုင်ပင်ရွာသားတစ်ဦးကလည်း မေလ ၁၂ ရက်နေ့ က တွေ့ရတဲ့ မြင်ကွင်းကို သူ့တစ်သက် မမေ့နိုင်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့က အိမ်ဘေးမှာတွေ့တဲ့ သွေးကွက်သုံးကွက်တွေ့လို့ သုံးယောက်လို့ အဲဒီလိုယူဆတာဗျ။ အရိုးစု ရောက်တော့ အကုန်လုံးထပ်ပုံနေတာဆိုတော့ ရုပ်ကလပ်က မပီတော့ဘူးခင်ဗျ။ ဟိုတအိမ်က မီးကျွမ်း ထားတာဆိုတော့ ခွေးစားလို့ ရသေးတယ်။ အဲဒီလိုရုပ်ကလပ်ကခြောက် ယောက်၊ ခြောက်ယောက် နှစ်အိမ်တွေ့ တာဗျ။ ပထမကြည့်တုန်းကတော့ ခွေးမစားသေးဘူး။ တခေါက် ပြန်ကြည့်တော့ အဲဒီအတွင်းဗိုက်ကဟာ ခွေးကစားသွားပြီ။ ကျွမ်းတော့ကျွမ်းပြီးသားပေါ့ ခွေးစားလို့ရသေးတယ်”
သူ့ မိသားစုဝင်တစ်ဦးလည်း သတ်ဖြတ်ခံရသူ ၂၉ ဦးထဲမှာ ပါဝင်တယ်လို့ပြောပါတယ်။ အခုသတ်ဖြတ် ခံခဲ့ရတဲ့ မုန်တိုင်ပင်ရွာသားတွေထဲမှာ NLD ပါတီဝင်တွေသာမက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ၅ ဦးခန့် လည်း ပါဝင်တယ်လို့ အဲဒီရွာသားကပြောပါတယ်။
“အဲဒီအသတ်ခံရတဲ့ထဲက ကျနော်နာမည်ပြောပြရမယ်ဆိုရင်တော့ အောင်ဆန်းဝင်းတဲ့ ကံဝင်းတဲ့ မြင့်ထွန်းတဲ့ နေလင်းတဲ့ မိုးခိုင်တဲ့ ကျနော်သိသလောက်လေ။ အဲဒီလေးငါးယောက်လောက် အသတ်ခံရတယ်”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အတည်ပြုချက် မပေးနိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက ဖြေကြားပါတယ်။
ဖမ်းဆီးခံရပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ အမျိုးသားကတော့ ကံကောင်းထောက်မလို့ အသက်ရှင် လွတ်မြောက်လာခဲ့ပေမယ့် ဒီရာဇဝတ်မှုကြီးကိုတော့ သူဘယ်လိုမှ မေ့ဖျောက်ထားလို့ မရနိုင်ပါဘူးလို့ ပြောပါတယ်။
“အဲဒါကတော့ လုံးဝမှကို မကျေနပ်နိုင်ဘူးခင်ဗျ။ ကျေနပ်လို့လဲ မရတော့ဘူးခင်ဗျ။ စိတ်ကတော့”
မေလ ၁၁ ရက်နေ့ မုန်တိုင်ရွာလူသတ်မှုမှာ အသတ်ခံရသူတွေဟာ အသက် ၂၅ နှစ်နဲ့ ၆၄ နှစ်ကြားအရွယ် အမျိုးသား စုစုပေါင်း ၂၉ ဦးဖြစ်ပါတယ်။ အဲဒီ ၂၉ ဦးအနက် ဦးကျော်ခိုင်၊ ဦးကျော်ပိုင်နဲ့ ဦးအောင်ကျော်သူတို့ ၃ ဦးက ညီအကို အရင်းတွေ ဖြစ်သလို ဦးဇော်မိုးလှိုင် နဲ့ ဦးဇော်လွင် တို့ကလည်း ညီအစ်ကို အရင်းတွေဖြစ်သလို ဦးကျော်စွာလင်းနဲ့ ဦးညီညီမင်း တို့ကလည်း ညီအစ်ကိုအရင်းတွေပါ။
ရွာထဲကိုဝင်လာတဲ့စစ်သားတွေထဲမှာ စစ်ကောင်စီသြဇာခံ ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စစ်သားတွေဟာ မုန်တိုင်ပင်ရွာထဲကို ရွှေတန်ကြီးရွာကနေ တဆင့် ခြေလျင် ဝင်ရောက်လာတာဖြစ်ပြီး ၁၂ ရက်နေ့ မနက်မှာတော့ ပုန်းတကားကျေးရွာကို ထွက်ခွာသွားခဲ့ပါတယ်။
RFA က ရရှိခဲ့တဲ့အထောက်အထားတွေအရ ဒီရာဇဝတ်မှုကြီးကို ဦးဆောင်ကျူးလွန်သူတွေထဲမှာ ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်အခြေစိုက် ခမရ ၇ဝ၈ က တပ်သားတွေပါဝင်နေတာ တွေ့ရပါတယ်။ ခမရ ၇ဝ၈ ရဲ့ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်ပြီး၊ သူတို့ကိုကွပ်ကဲတဲ့ ရန်ကုန်တိုင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၄ ရဲ့ ခေါင်းဆောင်က ဗိုလ်မှူးချုပ်ကြည်သိုက် ဖြစ်တယ်လို့ CDM ဗိုလ်ကြီး မင်းမောင်မောင်က ပြောပါတယ်။
“အဲဒီ ၇၀၈ ဆိုတာ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) စကခ (၄) က။ စကခ (၄) ကစစ်ဆင်ရေးထိုးနေတာလဲ ရေဦးဘက်မှာထိုးနေတာ။ စကခ (၄) ဆိုတာမြန်မာပြည်မှာ ရှိနေတဲ့ တပ်မတွေထဲမှာ အညံ့ဆုံး တပ်မ။ စစ်ဆင်ရေးအရရော။ စိတ်ဓါတ်၊ စည်းကမ်းအရရော အညံ့ ဆုံးတပ်မ။ စစ်ကိုင်းက အင်းဒင်လို ဖြစ်သွား ပြီ။ သူတို့က သက်သေဖျောက်ပစ်တာလေ။ သတ်ဖြတ်ပြီး တခါတည်းမီးရှို့ခဲ့တော့ဘာသက်သေမှမကျန်ဘူးလေ”
CDM ဝင်ရောက်ထားသူ စစ်အရာရှိနောက်တဦးဖြစ်တဲ့ ဗိုလ်ကြီးထက်မြက်ကလည်း ဒီလို လုပ်ရပ်တွေ လုပ်ဆောင်ဖို့အတွက် တပ်လုပ်ထုံးလုပ်နည်းအရ အထက် အရာရှိကြီးတွေရဲ့ အမိန့်ကိုယူရတယ်လို့ပြောပါတယ်။
“ရွာသားတွေကို အခုလိုဖမ်းမိပြီ ဆိုတဲ့အချိန်မှာ သူတို့အထက်ကို တင်ပြတဲ့အပေါ်မှာလဲ မူတည်တယ်။ အဓိကက သူတို့တင်ပြပုံပေါ့။ ရွာသားကို အကြမ်းဖက်လုပ်ရပ်တွေလုပ်တဲ့ PDF တွေဆိုပြီး တင်ပြမလားပေါ့နော်။ အဲဒါမျိုး တင်ပြတယ်ဆိုရင်တော့ အထက်ကပေးတဲ့အမိန့်က တမျိုးဖြစ်မယ်။ ပြီးတော့ အဲဒီလိုမျိုးအမိန့်ပေးတိုင်းမှာ အမိန့်နဲ့ပဲသွားတာ များတယ်ပေါ့။ တစ်ခုရှိတာက အထက်ကိုမမေးပဲနဲ့ အောက်မှာပဲဖြေရှင်းလိုက်တာတွေလည်း ကျနော်တို့တပ်မှာ အများကြီး ရှိတယ်။ ဒါပေမဲ့ သေချာသလောက်ကတော့ အခုအယောက် ၃၀ ကြီးဆိုရင်တော့ သူတို့မတင်ပြဘဲ မနေဘူးပေါ့နော်။ တခါတလေကျရင်တော့ အထက်ကလူတွေက မင်းတို့ ဘာတွေ့ထားလဲ ပေါ့နော်။ လက်နက်တွေ တွေ့သလား၊ ဖောက်ခွဲဖျက်ဆီးမှုလုပ်တဲ့ဟာတွေ တွေ့သလား၊ ဒါမှမဟုတ်လဲ သူတို့ကို ဖမ်းတဲ့အချိန်မှာ မင်းတို့ကို ရန်ပြုသလားပေါ့။ အဲဒီလိုမျိုး မေးတာတွေရှိတယ်။ အဲလိုမျိုး ပြနိုင်တယ်ဆိုရင်တော့ တချို့လူကြီးတွေက တခါတည်းရှင်းပစ်လိုက်တာတို့ ဘာတို့ရှိတယ်”
ဒါပေမယ့် မုန်တိုင်ရွာအဖြစ်အပျက်မှာ ဒုဗိုလ်မှူးကြီးထွန်းလင်းအောင်နဲ့ ဗိုလ်မှူးချုပ်ကြည်သိုက်တို့ တိုက်ရိုက်ပါဝင် ပတ်သက်တယ်ဆိုတဲ့ သက်သေအထောက်အထားကိုတော့ RFA က မရရှိခဲ့ပါဘူး။
မုန်တိုင်ပင်ရွာဟာ PDF အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်တွေရဲ့ ပစ်မှတ်ထားခံရတာ ဖြစ်နိုင်တယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီကို RFA ကမေးမြန်းတဲ့အခါ…
“ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျနော်တို့မြေပြင်ကိုစုံစမ်းမေးမြန်းပြီးမှသာ အကျိုးအကြောင်းဖြေကြား နိုင်မှာဖြစ်ပါတယ်။ ကျနော်တို့မေးမြန်းလျက်ရှိပါတယ်ခင်ဗျ”
… လို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
RFA Burmese