ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဘားအံထောင်မှ နိုင်ကျဉ်း ၁၀၀ကို သာယာဝတီထောင်သို့ရွှေ့
Myanmar Now က ရရှိထားသည့် ထောင်ပြောင်းရွှေ့ခံရသူ အများစု စာရင်းတွင် နိုင်ကျဉ်း ၁၀၀ ပါဝင်ပြီး ဘားအံမြို့ခံများနှင့် ကရင်ပြည်နယ်တွင် နေထိုင်သူ အများစုဖြစ်ကြောင်း တွေ့ရသည်။
ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို ဇူလိုင် ၉ နံနက် ၃ နာရီဝန်းကျင်က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများ၊ အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။
ဝေးလံသည့် နေရာသို့ ရွှေ့လိုက်သဖြင့် ထောင်ဝင်စာပို့ရန် အခက်အခဲများစွာ ကြုံနေရသည်ဟု ဘားအံမြို့ခံ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောသည်။
“ကိုယ့်သား၊သမီးတွေနဲ့က အဆက်အသွယ်မရဘူး။ သာယဝတီထောင်ကို လိုက်သွားဖို့ လုပ်နေတာ။ ခုက သာယာဝတီထောင်မှာလည်း ထောင်ဝင်စာပိတ်ထားတယ်လို့ ကြားနေတယ်” ဟု ၎င်းက ပြောသည်။
ထောင်တွင်းသတင်းများ မကြာခဏပေါက်ကြားနေသည်ဆိုသော အကြောင်းပြချက်ဖြင့် အငြိုးထားခြင်းဖြစ်နိုင်ကြောင်း ထိုသူက ဆက်ပြောသည်။
“မြို့ခံနိုင်ငံရေးအကျဉ်းသားမိသားစုတွေကိုပါ သူတို့က ဒဏ်ခတ်တဲ့သဘောမျိုးလို့ ကျွန်တော် ယူဆတယ်။ ထောင်သတင်းတွေထွက်တဲ့အပေါ်မှာ မကျေမလည်ဖြစ်တော့ ယုတ်မာတာပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။
Myanmar Now က ရရှိထားသည့် ထောင်ပြောင်းရွှေ့ခံရသူ အများစု စာရင်းတွင် နိုင်ကျဉ်း ၁၀၀ ပါဝင်ပြီး ဘားအံမြို့ခံများနှင့် ကရင်ပြည်နယ်တွင် နေထိုင်သူ အများစုဖြစ်ကြောင်း တွေ့ရသည်။
၂၀၂၁ နိုဝင်ဘာက အဂတိလိုက်စားမှု အမှု ၅ မှုဖြင့် ထောင်ဒဏ် ၇၅ နှစ် ချခံထားရသူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည်လည်း ဘားအံအကျဉ်းထောင်တွင် ရှိနေသည်။ အကျဉ်းထောင်ပြောင်းရွှေ့ခံရသူများစာရင်းတွင် ၎င်း၏ အမည်ကို မတွေ့ရပေ။
ဘားအံထောင်တွင် ထောင်အာဏာပိုင်များနှင့် နိုင်ကျဉ်းများအကြား မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လက ထောင်အာဏာပိုင်များ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ကျဉ်း ၂ ဦး ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရသူလည်း ၆၀ ခန့် ရှိခဲ့သည်။
နိုင်ကျဉ်းများကို သာမန်အကျဉ်းသားများနှင့် ရောနှောထားရှိရန် အာဏာပိုင်များက စတင်ကြိုးစားခဲ့ရာမှ ပြဿနာတက်ကာ ပစ်ခတ်ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၁၁,၃၉၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၁၂၁၂ ဦးကို ထောင်ဒဏ်ချမှတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးထောင်ချလျက်ရှိရာ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသူများမှာ နည်းလမ်းမျိုးစုံဖြင့် လူအခွင့်အရေးချိုးဖောက်ခံနေရကြောင်းလည်း တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များက ထုတ်ဖော်ပြောဆိုသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ပြီး အကျဉ်းထောင်များသို့ သွားရောက်ခွင့် ဆိုင်းငံ့ခံထားရပြီး အကျဉ်းထောင်စောင့်ကြည့်လေ့လာရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးအပ်နိုင်ရန် ခက်ခဲနေသည်ဟု ဇွန်လက Myanmar Now ကို ဖြေကြားထားသည်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပါ။
Myanmar Now News
အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ
နိုင်ငံတကာဥပဒေ၏ အခြေခံနှုန်းစံများအားဖေါက်ဖျက်သည့်ရာဇဝတ်မှုများအတွက် အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်များ၏ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းကို တားဆီးရပ်တန့်ရန် ဤအစီရင်ခံစာက ရည်ရွယ်ပါသည်။ ပြည်သူလူထုကို တရားဝင်ကိုယ်စားပြုသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် လက်ရှိတွင် ပြည်တွင်းတရားရုံးများကို လွတ်လပ်စွာ လုပ်ငန်းလည်ပတ်စေနိုင်သည့် အခြေအနေ မရှိသေးရာ၊ ရောမစာချုပ်၏ ပုဒ်မ ၁၂(၃) အရ နိုင်ငံတကာရာဇဝတ်ခုံရုံး တရားခွင်တွင် ICC ၏ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက်၊ ၂၀၀၂ ခုနှစ်မှ နောက်ပိုင်းကျူးလွန်ခဲ့သော ဖိနှိပ်ရက်စက်၊ သတ်ဖြတ် မှုများအတွက် ကျူးလွန်သူများအား တရားစွဲအပြစ်ပေးရန် ခုံရုံးက စီရင်ပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။ ရောမစာချုပ်အရ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ (ပုဒ်မ ၂၅)၊ အခြားသူများကြောင့်ဖြစ်စေ(ပုဒ်မ ၂၈) ဖြစ်ပေါ်စေခဲ့သော အဆိုပါဖြစ်စဉ်များ အားလုံးတွင် ၎င်းတို့၏ လက်အောက်ငယ်သားများကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံကြရမည်ဟု အေအေပီပီက အခိုင် အမာယုံကြည်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ မှ ဇူလိုင်လ ၃ ရက်နေ့ထိ
ခုခံတော်လှန်ရေးအားကောင်းသော်လည်း အကူအညီအထောက်အပံ့များ ပိုလိုအပ်နေသည်။ စစ်အုပ်စု လိုလားသော ပြည်သူ့စစ်များ ပေါ်ပေါက်လာပါက အရေးတကြီး ဆောင်ရွက်ရမည့် အရပ်သားတို့၏ ဘေးကင်းလုံခြုံရေးကို ပို၍ ခြိမ်းခြောက်လာမည် ဖြစ်သည်။ ၎င်းတို့၏ ရပ်ရွာ အသိုင်းအဝိုင်းအား ကာကွယ်စောင့်ရှောက်နေပြီး မတရား အာဏာရယူထားသည့် စစ်အာဏာရှင်တို့အား တွန်းလှန်နေသည့် PDFs နှင့် EROs များအား အပြည့်အစုံ တပ်ဆင်ပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အားပံ့ပိုးပေးရမည်ဖြစ်သည်။
ဖလမ်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းဝင်စဉ် မသန်စွမ်းနှစ်ဦး အသတ်ခံရ
ကလေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက ချင်းပြည်နယ်မြောက် ပိုင်းရောက်ရှိစဉ် ဆွံ့အနားမကြားသူ အမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ကို ဝင်ရောက်နေသော စစ်ကောင်စီစစ်ကြောင်းက မသန်စွမ်းနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ တစ်ဦးမှာ အသက် ၆၀ ကျော်အရွယ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန် ၂၉ ရက်တွင် ကလေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဖလမ်းမြို့မြောက်ဘက် မိုင် ၄၀ ကျော်အကွာရှိ ဗားလုံရွာ (Valung) ကို ရောက်ရှိစဉ် ဇွန် ၃၀ ရက်က အသက် ၆၀ ကျော်အရွယ် ဆွံ့အနားမကြားဖြစ်နေသူ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခြင်းဖြစ်သည်။
ဦးခေါင်းကို ပစ်သတ်ခံထားရသည့် ရုပ်အလောင်းကို ယမန်နေ့ (ဇူလိုင် ၃) တွင် ဗားလုံရွာအနီး၌ ဒေသခံများက တွေ့ရှိခြင်းဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
“အလောင်းကလည်း ပျက်နေပြီဆိုတော့ ခေါင်းက ဒဏ်ရာပဲတွေ့တယ်။ ..ဆွံ့အနားမကြားဆိုတော့ ဒီလိုလုပ်မယ်လို့လည်း မထင်လို့ ထားခဲ့တာဖြစ်မယ်။ ရွာထဲမှာ ဒီအတိုင်းထားခဲ့တာဖြစ်မယ်။ ရွာထဲက လူတွေက အကုန်လုံး စစ်ရှောင်နေကြပြီ” ဟု ၎င်းက ပြောသည်။
ဗားလုံရွာမှ ၁၀ မိုင်ခန့်အကွာ လှာန်ဇောလ် (Hlanzawl) ရွာကို ဇူလိုင် ၂ တွင် ရောက်ရှိလာသော စစ်တပ် က မသန်စွမ်း အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“အောက်ပိုင်းချိနဲ့နေတဲ့သူကို လက်ပြန်ကြိုးတုပ်ပြီး တရွတ်တိုက်ဆွဲပြီးတော့ ပစ်ကြတယ်လို့ပြော တယ်” ဟု ဒေသခံများကို ကိုးကား၍ CNDF ပြောရေးဆိုခွင့်ရှိသူကပင် ပြောသည်။
ဇူလိုင် ၂ ရက်နေ့၌ပင် သတ်ဖြတ်ခံထားရသည့် အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သော်လည်း စစ်တပ်ရှိနေသဖြင့် ရွာနားမကပ်နိုင်ဘဲ နောက်တစ်ရက်မှသာ ရုပ်အလောင်းကောက်ယူပြီး မီးသဂြိုလ် ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းသို့ အင်အားဖြည့်တင်းလာသည့် ထိုစစ်ကြောင်းသည် လှာန်ဇောလ်ရွာမှ သုံးမိုင်ကျော်အကွာရှိ ထင်းရှူးစခန်းဆိုသောနေရာတွင် ကတုတ်ကျင်းများတူးကာ အထိုင်ချတပ်စွဲရန် ပြင်ဆင်နေကြောင်း၊ ပါရ်သဲ၊ လုံဘန်း၊ လှာန်ဇောလ်အပါအဝင် ရွာ ၅ ရွာမှ ဒေသခံ တစ်ထောင်ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
စစ်ကောင်စီစစ်ကြောင်း ချီတက်လာသည့်အတွက် ကလေး – ဖလမ်း ကားလမ်းကို ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုရန် ချင်းအမျိုးသားအဖွဲ့ချုပ်က ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ဒီကောင်တွေက လူစိတ်မရှိတော့ ကြုံတဲ့နေရာဖမ်း၊ ကြုံတဲ့နေရာသတ်ဆိုတော့ ခရီးမသွားဖို့ရယ်၊ တောင်ယာတွေ မသွားဖို့၊ လုံခြုံတဲ့နေရာတွေမှာ ရှောင်နေဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသည့် ချင်းပြည်နယ်ကို ပြီးခဲ့ သည့်နှစ်ကတည်းက အပြင်းအထန် တိုက်ခိုက်နေရာ လက်ရှိတွင် ပြည်နယ်မြောက်ပိုင်းကို အင်အား ဖြည့်တင်းနေရုံသာမက တောင်ပိုင်းရှိ မင်းတပ်မြို့နယ်တွင်လည်း ဇူလိုင် ၂ ရက်က ဗုံးကြဲတိုက်ခိုက် မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်။
Myanmar Now News
တိုက်ပွဲပြင်းထန်နေသော ကျောက်ကြီးတွင် ဒေသခံလေးသောင်းနီးပါး ထွက်ပြေးနေရ
စခန်းငယ် ၅ ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သည့်ပြင် လေကြောင်းမှပါ တိုက်ခိုက်နေပြီး ရွာပေါင်း ၂၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ကင်းစခန်းငါးခု တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူ လေးသောင်းနီးပါး ရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးအသားအစည်းအရုံး (KNU) က ယနေ့ (ဇူလိုင် ၄) ထုတ်ပြန်သည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ကြောင်ပြာ၊ အောင်းလောင်းစိန်၊ ကျွန်းပင်ဆိပ်၊ ကော့ပြင်နှင့် ကျောင်းစု စသည့် စစ်တပ်ကင်းစခန်းငါးခုကို KNU လက်အောက်ခံတပ်များက ဇူလိုင် ၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစခန်းများမှာ ကျောက်ကြီးမြို့မှ မိုင် ၂၀ ကျော်အကွာတွင်ရှိပြီး ကြောင်ပြာစခန်းတစ်ခုသာ အင်အားအသင့်အတင့်ရှိ ခြေကုပ်စခန်းဖြစ်ကာ ကျန်စခန်းများမှာ စစ်သားအနည်းငယ်သာရှိသော ကင်းစခန်းများဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်သည့်ပြင် တိုက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်နေသောကြောင့် ရွာပေါင်း ၂၆ ရွာမှ ဒေသခံ လေးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ခိုက်ခံရသည့် စခန်းများအနီးရှိ ကျွန်းပင်ဆိပ်၊ အောင်းလောင်းစိန်နှင့် တပ်ကုန်းကျေးရွာများကို စစ်တပ်က ဝင်ရောက်ပြီး ပစ္စည်းများ ယူဆောင်သည့်ပြင် ဒေသခံများကို ရိုက်နှက်ကြောင်းလည်း ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
“ပစ္စည်းယူတာတွေရှိတယ်။ အိမ်တွေကို ဖျက်တာတွေရှိတယ်။ လူတွေကို ခေါ်ပြီးတော့ ရိုက်နှက်တာတွေ ရှိတယ်” ဟု အမည်မဖော်လိုသူ ထိုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ မုန်းဒေသတွင် ဒေသခံလေးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု KNU ထုတ်ပြန်ချက်က ဆိုသည်။
မိုးကာလဖြစ်သောကြောင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့် ကျန်းမာရေးပြဿနာများအပြင် စားဝတ်နေရေးခက်ခဲနေကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေရသူအများစုမှာ အမျိုးသမီး၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်းလည်း KNU က ဆိုသည်။
“လူထုတွေကတော့ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အင်အားတွေ တိုးချဲ့လာတာတွေရှိတယ်” ဟု အထက်ပါ ကရင်လူမှုရေးရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ကျောက်ကြီးမြို့နယ်နှင့် ထိစပ်နေသော KNU တပ်မဟာ ၂ နယ်မြေဖြစ်သော တောင်ငူခရိုင်နှင့် တပ်မဟာ ၁ သထုံခရိုင်တို့တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံအများအပြား ထွက်ပြေးနေရသည်ဟု သိရသည်။
KNU ထိန်းချုပ်ရာ တပ်မဟာ ၆ နယ်မြေအတွင်း ထိုင်း-မြန်မာနယ်စပ်အနီး ဥကရစ်ထစခန်းတွင် သီတင်းတစ်ပတ်ခန့် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေချိန်တွင် KNU ပူးပေါင်းတပ်များက ၎င်းတို့ထိန်းချုပ်ရာ တပ် မဟာ ၃ နယ်မြေရှိ စစ်ကောင်စီကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။Kyaukyi_mone_refugee.jpeg
ထွက်ပြေးတိမ်းရှောင်လာကြသည့် မုန်းဒေသခံ အမျိုးသားတစ်ဦးအား တောတွင်းတစ်တစ်နေရာ၌ တွေ့ရစဉ် ။ (ဓာတ်ပုံ-KNU)
Myanmar Now News
CDM ကျောင်းဆရာရဲ့ မီးကျွမ်းနေတဲ့မျက်မှန်ဘူး
အသိပေးချက် – ဒီသတင်းဆောင်းပါးမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်းကို ရေးသားဖော်ပြထားရတာမို့ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာတွေ ပါ၀င်တယ် ဆိုတာကို ကြိုသတိပေးပါရစေ။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ မကွေးတိုင်းထဲက ရေစကြို၊ မြိုင်၊ ပေါက်နဲ့ ဂန့်ဂေါဒေသတွေဟာ မြေပြန့်ဒေသတွေထဲမှာတော့ စစ်ကိုင်းတိုင်းပြီးရင် စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက် နှိမ်နင်းမှု အခံရဆုံးဒေသတွေ ဖြစ်ပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့မြောက်ပိုင်း၊ မြိုင်မြို့ထဲမှာရှိတဲ့ ဒါန်းပင်ကန်ရွာကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်က စစ်ကောင်စီတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။
အဲဒီနေ့က ဒါန်းပင်ကန်ဒေသခံ ၁၄ ယောက်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးတာခံရပါတယ်။ အဲဒီထဲက ရွာခံအမျိုးသား ၉ ယောက်ကတော့ စစ်ကောင်စီတပ်ရဲ့ပစ္စည်းတွေကို သယ်ပေးဖို့အတွက် အဖမ်းခံခဲ့ရတာပါ။
ဒါပေမဲ့ ကျန်တဲ့ ၅ ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ကို ထောက်ခံအားပေးတဲ့ ဒေသအခေါ် ပျူစောထီး အဖွဲ့ဝင်တွေက နာမည်နဲ့တကွ လာရှာတဲ့သူတွေ ဖြစ်နေပါတယ်။
အဲဒီ ၅ ဦးကတော့ အသက် ၅၃ နှစ်အရွယ် CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ ၂၇ နှစ်အရွယ် CDM အကြီးတန်း သူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ကိုယ်ဝန် ၅ လ လွယ်ထားရတဲ့ အသက်၂၇ နှစ်အရွယ် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ အသက် ၂၀ စွန်းစွန်းအရွယ် ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်ဝူခုန်း (ခ) ကိုဌေးမင်းဦး နဲ့ ရဲဘော် မသဲအိအိဝင်းတို့ ဖြစ်ပါတယ်။
သူတို့အားလုံးဟာ ဇွန် ၁၀ ရက်မှာ ဖမ်းဆီးခေါ်ဆောင်ခံရပြီးတဲ့နောက် ဇွန် ၁၄ ရက်မှာတော့ သူတို့ရဲ့ ရုပ်အလောင်းတွေကိုပဲ အနီးအနားက ရွာသားတွေက တွေ့ရှိပြီး ပြန်တူးဖော်ရခဲ့သူတွေ ဖြစ်ပါတယ်။
ဖမ်းဆီးခံကြရတဲ့နေ့
၂၀၂၂ ဇွန်လ ၉ ရက်နေ့မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပကဖ )နဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ရေစကြို ပကဖ) အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး စစ်ကိုင်းနဲ့မကွေးကိုဆက်ထားတဲ့ ဆင်ဖြူရှင်တံတားပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီနောက် ဇွန် ၁၀ ရက် မနက်အစောပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆင်ဖြူရှင်တံတားနဲ့ အများဆုံး ၂ မိုင်သာ ဝေးတဲ့ မြိုင်မြို့နယ်ထဲက ဒါန်းပင်ကန်ရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှာဖွေဖို့ စစ်ကြောင်းထိုးလာကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေ ဒါန်းပင်ကန်ရွာထဲ ဝင်လာတာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှာဖို့တင်မကပါဘူး။
၂၀၂၂ ခုနှစ် မေလကမှ CDM ကျောင်း အသစ်ဖွင့်ထားပြီး ဒါန်းပင်ကန်နဲ့ မြိုင်နယ် တခွင်မှာ နာမည်ကျော်ကြားနေတဲ့ ကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်နဲ့အဖွဲ့ကိုလည်း ရှာဖွေဖို့ပါ။
စစ်ကောင်စီတပ်တွေကို ရှောင်တိမ်းဖို့အတွက် ဒါန်းပင်ကန်ဒေသခံတွေဟာ မနက် ၃ နာရီမှာ ရွာအနောက်ဘက်တောရိုးကို ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကလည်း ရွာရဲ့တောင်ဘက်ကနေ အနောက်ဘက်ကိုပဲ တခြားလမ်းကနေ ဖြတ်ဝင်လာလို့ ရွာအနောက်ဘက်မှာ တိမ်းရှောင်နေတဲ့ ဒါန်းပင်ကန်ရွာခံ အများစုနဲ့ မနက် ၇ နာရီကျော်နဲ့ ၈ နာရီကြားလောက်မှာ ပက်ပင်းတိုးခဲ့ကြပါတယ်။
” အဲဒီနေ့က သူတို့က စစ်ကြောင်း ၃ ကြောင်းထိုးလာတာဆိုတော့၊ ကျွန်တော်တို့က သူတို့ကို ကြိုတင် မိုင်းဆွဲတိုက်ခိုက်တယ်။ သူတို့လာပြီဆိုတော့ ရွာထဲကလူတွေကို ရှောင်ခိုင်းတယ်။ ကျွန်တော့် အဖွဲ့က ရွာထဲမှာ မိုင်းကွင်းတွေလုပ်ပြီး စောင့်တယ်။ သူတို့က ရွာထဲကိုမဝင်ဘဲနဲ့ ရွာနောက်ဘက်ကို တန်းသွားပြီး ဖမ်းသွားတာ။ ကျွန်တော် တခြားလမ်းကနေ လိုက်ကယ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်လိုမှ ကယ်မရခဲ့ဘူး” လို့ မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်ဖွဲ့က ဗိုလ်မုတ်ဆိတ်က အဲဒီနေ့ကအခြေအနေကို ရှင်းပြပါတယ်။
ထွက်ပြေးကြတဲ့ ဒေသခံတွေအများကြီးထဲကမှ စစ်တပ်ဟာ ကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်အပါအဝင် ရွာခံ ၁၄ ယောက်ကို ဖမ်းခဲ့ကြတာပါ။
” ရွာကနေထွက်ပြေးကြတာက အများကြီးပဲ။ ဒါပေမဲ့ ဟိုကောင်တွေ (စစ်ကောင်စီတပ်တွေ)က ဒလန်ပါလာတယ်။ ဒလန်ကပဲ ဒါက ဦးဝင်းကျော်၊ ဒါက ဆေးကုပေးတဲ့ဇာလီနိုင်၊ ဒါက ပီဒီအက်ဖ် သဲအိဝင်းနဲ့ ဝူခုန်းဆိုပြီး အဲဒီလိုကို လက်ညှိုးထိုးပြတာ။ အဲဒီတော့ ဆက်စပ်ပြီးစုစုပေါင်း ၁၄ ယောက်ကိုပဲ ဖမ်းခေါ်သွားတာ” လို့ ဖမ်းဆီးတာကို မျက်မြင်ကိုယ်တွေ့ရှိခဲ့သူ ဒါန်းပင်ကန်ရွာခံက ပြောပြပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့နေ့က ဖမ်းဆီးမှုကိုမျက်မြင်တွေ့ခဲ့တဲ့ ရွာခံအချို့ရဲ့ ပြောကြားချက်အရ ဆရာကြီးဦးဝင်းကျော်တို့ကို ဖမ်းဆီးမိတဲ့ အချိန်မှာ CDM လုပ်တာဟုတ်သလား ဆိုတဲ့မေးခွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆက်တိုက် မေးနေခဲ့တယ်လို့ ဆိုပါတယ်။
” စစ်တပ်ကလူတွေက ဆရာကြီး(ဦးဝင်းကျော်)ကို မေးတယ်။ CDM လုပ်ထားတာဟုတ်လားလို့ မေးတာ။ဆရာကြီးက ဝန်ခံတယ်။ ဟုတ်ပါတယ်။ ကျွန်တော်လုပ်ထားတယ်။ မဇာလီနိုင်ကလည်း ဟုတ်တယ်လုပ်ပါတယ် ဖြေတယ်။ အဲဒီမှာစစ်တပ်ကကောင်က CDM ဆိုရင် ထောင် ၁၅ နှစ်ချလို့ ရတာသိလား။ ပစ်သတ်ပစ်လိုက်မယ် ပြောပါတယ်” လို့ အဲဒီနေ့က အဖြစ်အပျက်ကို မျက်မြင်ကြုံခဲ့ရသူဒေသခံတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။
ဦးဝင်းကျော်တို့ကိုဘာကြောင့်ဖမ်း
ဒါန်းပင်ကန်ရွာခံတွေဖြစ်တဲ့ ဆရာကြီးဦးဝင်းကျော်အပါအဝင် ၅ ဦး ကိုစစ်တပ်ကဘာကြောင့် ဖမ်းတယ်ဆိုတဲ့ အကြောင်းပြချက်ကို ဘယ်သူကမှ တိတိကျကျပြောနိုင်တာမရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က သတင်းပေးသူပါလာပြီး လူနာမည်နဲ့သူတို့အကြောင်းကို အတိအကျလက်ညှိုးထိုးပြောခဲ့လို့ ကြိုတင်စုံစမ်းပြီးမှရွာထဲကို စစ်ကြောင်းထိုးလာတာကိုတော့ အသေအချာပြောနိုင်ကြပါတယ်။
ဒါန်းပင်ကန်ရွာခံတွေအနေနဲ့ ရွာကိုဧည်သည့်အဖြစ်ရောက်နေတဲ့ သူနာပြုဆရာမ မဇာလီနိုင်အပါအဝင် ရွာခံ ၄ ဦး အသတ်ခံရတဲ့အပေါ် အကြောင်းအချက် ၃ ချက်ကို ခန့်မှန်းကြပါတယ်။
ပထမအချက်အနေနဲ့ အသတ်ခံရသူတွေဟာ ဒါန်းပင်ကန်ရွာအနီး အခြေစိုက်ခဲ့တဲ့ ရေစကြိုမြောက်ပိုင်း ဒေသကာကွယ်ရေးတပ်နဲ့ ဆက်စပ်နေတာ၊ ဒုတိယအချက်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် ပညာရေး ဝန်ကြီးဌာနရဲ့အစီအစဥ်နဲ့ ဒါန်းပင်ကန်ရွာမှာ CDM စာသင်ကျောင်းဖွင့်ထားတာနဲ့ တတိယအချက် အနေနဲ့ ဒေသကာကွယ်ရေးတပ်ကိုရော ၊ CDM ကျောင်းကိုရော ဆရာကြီးဦးဝင်းကျော်နဲ့ မဇာလီနိုင်တို့က ထောက်ပံ့ကူညီနေကြတာကြောင့်ဆိုပြီး ခန့်မှန်းထားကြပါတယ်။
”ဆရာကြီးဦးဝင်းကျော်ကို ရွာကလေးစားတယ်။ သူ့စကားကိုလည်း နားထောင်ကြတော့ အဲဒါလည်းပါတယ်။ပြီးတော့ ဆရာကြီးတို့ကျောင်းက အရမ်းအောင်မြင်နေတာလေ။ ကိုယ့်ရှေ့တင် လက်ထိတ်ခတ်ပြီးဖမ်းတာပဲ” လို့ သူတို့ဖမ်းဆီးခံရတာကို မျက်မြင်ကြုံခဲ့ရသူ ဒါန်းပင်ကန်ရွာခံတစ်ဦးက ပြောပြပါတယ်။
ဖမ်းဆီးခံရသူတွေကိုဘယ်နေရာကိုခေါ်သွား
ဒါန်းပင်ကန်ရွာမှာ ဖမ်းဆီးခဲ့သူ ၁၄ ယောက်ထဲက ရွာခံအမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်တွေက သူတို့တပ်ဖွဲ့ဝင်တွေရဲ့ ပစ္စည်းတွေသယ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးဦးဝင်းကျော်တို့ ၅ ဦးကိုတော့ လက်ထိတ်ခတ်တာ၊ လက်ပြန်ကြိုးတုပ်တာနဲ့ ကန်ကျောက်ပြီး ဓားစာခံပုံစံနဲ့ ရှေ့ကနေထားပြီး ခေါ်သွားတယ်လို့ အဲဒီနေ့ကအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ရသူ ရွာခံအချို့ကပြောကြပါတယ်။
ဆရာကြီးဦးဝင်းကျော်တို့အဖွဲ့ကို ဖမ်းခေါ်သွားတဲ့နေရာကို တိတိကျကျပြောမယ်ဆိုရင် မြိုင်မြို့နယ် ဒါန်းပင်ကန်ရွာရဲ့ အနောက်ဘက်တောရိုးမှာပါ။ အဲဒီနေရာဟာ မြိုင်နဲ့ရေစကြို ဆက်စပ်နေတဲ့နေရာပါ။
မနက် ၉ နာရီနဲ့ ၁၀ နာရီကြားလောက်မှာ ဒါန်းပင်ကန်အနောက်ဘက်ကနေ ဖမ်းထားတဲ့လူတွေနဲ့ အတူ စစ်ကောင်စီတပ်ဟာ ရေစကြိုမြောက်ပိုင်းတစ်ဝိုက်မှာဆက်ပြီး စစ်ကြောင်းထိုးပါတယ်။ ဖမ်းသွားတဲ့သူတွေကိုလည်း သူတို့နဲ့အတူ ရေစကြိုမြောက်ဘက်ရွာတွေဖြစ်တဲ့ ဝက္ကတောကျေးရွာအုပ်စုတွေကို ဖြတ်ပြီး သစ်ကြီးတောရွာကို ခေါ်သွားခဲ့ပါတယ်။
ဂူးဂဲလ်မြေပုံရဲ့ တည်နေရာအရ ဒါန်းပင်ကန်ကနေ မြောက်ဘက်တည့်တည့် သစ်ကြီးတောရွာကို ခြေလျင်သွားမယ်ဆိုရင် ၁ နာရီနဲ့ မိနစ် ၅၀ အများဆုံးကြာပါတယ်။ လူ ၁၄ ယောက်ကို ဖမ်းသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့က ဒါန်းပင်ကန်ကနေ သစ်ကြီးတောကိုသွားတဲ့လမ်းမှာ ရွာအချို့ကိုဝင်ရောက်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးထားသူတွေကို ဓားစာခံအဖြစ် ခေါ်ပြီး ရေစကြိုနဲ့မြိုင်ဘက်ကရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာပါ။
သစ်ကြီးတောကို ရောက်ချိန်မှာတော့ ညနေ ၃ နာရီလောက် ရှိပါပြီ။ အဲဒီနေ့ ဇွန်လ ၁၀ ရက်က သစ်ကြီးတောရွာကို ဝင်ရောက်မီးရှို့ခဲ့သေးတာကို အဲဒီရက်တွေကတည်းက Myanmar Now သတင်းဌာနမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။
သစ်ကြီးတောရွာကနေမှ ဒါန်းပင်ကန်နဲ့ ရေစကြိုဘက်ကိုပြန်လှည့်လာပြီး သစ်ကြီးတောနဲ့ ဒါန်းပင်ကန်ရွာကြားက ပိတ်သင်းကပ်ရွာရဲ့ ဓမ္မာရုံထဲမှာ ညနေဘက် စခန်းခဏချပါတယ်။ ဒါန်းပင်ကန်ကနေ ဖမ်းဆီးလာတဲ့ ၁၄ ယောက်ထဲက တချို့ကို ဓမ္မာရုံထဲမှာကြိုးတုပ်ပြီးထားတာ၊ လက်ထိတ်ခတ်ပြီးထားတာတွေ လုပ်ထားပါတယ်။
စစ်တပ်က အဓိက ဖမ်းချင်တဲ့ ဆရာကြီးဦးဝင်းကျော်နဲ့ ဒေါ် ဇာလီနိုင်တို့ ၅ ဦးကိုလည်း ကြိုးတွေချည်ထားတာ လက်ထိတ်ခတ်ထားတာ လုပ်ထားတယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ၁၄ ယောက်ထဲမှာ ပါသွားခဲ့သူတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။
၁၄ ယောက်ထဲက ၂ ယောက်စီ တစ်ခါ၊ ၃ ယောက်စီ တစ်ခါ၊ နောက်ထပ် ၄ ယောက်ကို ၂ ခါ ခွဲပြီး လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေထဲပါဝင်ခဲ့ပြီးလွတ်မြောက်ခဲ့တစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
” ကျွန်တော်တို့ကို တစ်နေကုန်ရွာစဥ်လှည့်ပြီး ဖမ်းခေါ်သွားတာလေ။ လမ်းမှာလည်း ဆရာကြီးတို့ကိုရော ကျွန်တော်တို့ကိုရော ကန်ကျောက်တယ်။ ထိုးတယ်။ ပြီးတော့ ပိတ်သင်းကပ် ရောက်တော့သူတို့ (စစ်ကောင်စီတပ်) ထဲက တချို့က အရက်တွေသောက်တယ်။ ကြက်တွေ ချက်စားတယ်။ ကျွန်တော့်ကိုက နောက်ဆုံးအဖွဲ့မှာ လွှတ်ပေးတာ။ လွှတ်ပေးတဲ့အချိန်ကို သေချာတော့မမှတ်မိဘူးဗျ။ ပြီးတော့ ကျွန်တော်အဲဒီအချိန်မှာလည်း ဘာမှမမြင်ဘူး၊ ကြောက်နေတာပဲသိတာ” လို့ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ဘီဘီစီကိုပြန်ပြောပြပါတယ်။
သူလွတ်မြောက်လာချိန်က ဇွန် လ ၁၀ ရက် ည ၇ နာရီကျော်လောက်ရှိနိုင်ပြီး ည ၉ နာရီကျော်လောက်မှာ သူ ဒါန်းပင်ကန်ကို ပြန်ရောက်ခဲ့တာပါ။
ဘီဘီစီကို ဖြေကြားပေးခဲ့တဲ့ ပြန်လွတ်မြောက်လာသူအချို့ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြီးကြီးမားမားရှိနေကြသလို၊ အဲဒီနေ့က အဖြစ်အပျက်တွေကို အသေးစိတ်ပြန်ပြောပြနိုင်တဲ့ အခြေအနေမရှိတဲ့အထိ စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။
ပြန်လွတ်လာတဲ့ သူတွေထဲက တစ်ယောက်ဆိုရင် မျက်နှာကို အပြင်းအထန်ကန်ကျောက်ခံခဲ့ရလို့ နားအုံ၊မျက်နှာတစ်ခုလုံးနဲ့ မျက်လုံးတွေ သွေးခြည်ဥပြီး ရောင်ကိုင်းခဲ့တဲ့အထိ ဖြစ်ခဲ့တာလို့ ပြောပြပါတယ်။
” တချို့ကောင်တွေ ( စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့) အရက်သောက်နေတုန်း တချို့ကပြန်လွှတ်ပေးတာ။ အသက် အရမ်းငယ်နေတာလည်း ပါမယ်။ ကျွန်တော်တို့ကို တစ်ချိန်လုံး ကန်လိုက်ဆဲလိုက် လုပ်နေတာပဲ” လို့ လွတ်လာသူတစ်ဦးက ပြောပြပါတယ်။
ဖမ်းဆီးခံရသူတွေကို တစ်နေရာတည်းမှာ ချုပ်ထားတာဖြစ်ပြီး ဦးဝင်းကျော်တို့ ၅ ယောက်ကိုတော့ ကြိုးတုပ်ထားပါတယ်။
” ဆရာကြီးရော မဇာလီနိုင်တို့ကိုရော ခါးတွေကို ခြေထောက်နဲ့ကန်တယ်။ PDF စခန်းနေရာကို မေးတယ်။ ဆရာကြီးတို့က မဖြေဘူး။ အဲဒီအထိ သူတို့အသက်ရှင်နေသေးတယ်။ သူတို့ (စစ်ကောင်စီ) ပြောနေကြတာတော့ ဒီလူတွေကို ရေစကြိုခေါ်သွားမယ်လို့ ပြောနေတာပဲကြားတယ်” လို့ ဖမ်းဆီးခံခဲ့ရသူတစ်ဦးက သူမလွတ်မြောက်ခင်အထိ မြင်ခဲ့ဖြစ်ခဲ့တာကို ပြောပြပါတယ်။
ဒါန်းပင်ကန်ရွာခံတွေကို ဖမ်းဆီးခဲ့သူတွေက ဘယ်သူတွေလဲ
အဲဒီနေ့က စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်အနောက်ဘက်ကနေ စစ်ကားလေးစီးနဲ့ ရေစကြိုမြောက်ပိုင်းတခွင်ကို စဝင်ခဲ့ကြတာပါ။ တချို့နေရာမှာ စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ ဒါန်းပင်ကန်ကိုတော့ ခြေလျင် ဝင်ရောက်ခဲ့ကြတာ ဖြစ် ပါတယ်။
ရွာအနောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့ရတဲ့ ဒေသခံတွေရဲ့ အပြောအရ စစ်ယူနီဖောင်းဝတ်ထားသူ အနည်းငယ်ပဲပါပြီး အများစုက အရပ်ဝတ်တွေ ဝတ်ဆင်ထားတာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အရေအတွက်က ၃၀ နီးပါး ရှိပြီး ရွာအနောက်ဘက်ကိုဝင်လာကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ဒေသခံအချို့ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ ပြောစကားတွေအရ ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်တွေနဲ့ ပခုက္ကူ ၁၀၁ တပ်ရင်းက အဖွဲ့တွေလို့ ပြောကြပါတယ်။
ဒါပေမဲ့ ဘီဘီစီအနေနဲ့ စစ်ကောင်စီရဲ့ ဘယ်တပ်ကဆိုတာကို တိတိကျကျအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ရေစကြိုမြောက်ပိုင်း ဒေသကာကွယ်ရေးတပ်တွေရဲ့ အပြောအရ အဲဒီရက်ပိုင်းတွေမှာ ရွာတွေကိုဝင်ရောက်တဲ့တပ်တွေဟာ ရေစကြိုမြို့ နဲ့ ၂ မိုင်ခန့်အကွာ ဖူလုံရွာအနီးက စစ်ကောင်စီရဲ့ အမှတ် ၂၅၆၊ ၂၅၇နဲ့ ၂၅၈ ခြေလျင်တပ်ရင်း တွေပဲလို့ပြောပါတယ်။
ရုပ်အလောင်းတွေရခဲ့တဲ့နေ့
ဇွန်လ ၁၀ ရက် မနက်က ဖမ်းခံရသူတွေထဲက ၉ ယောက် ပြန်လွတ်လာခဲ့ပေမဲ့ ဒေါ်ဇာလီနိုင်နဲ့ ဆရာကြီး ဦးဝင်းကျော်တို့ အဖွဲ့ ၅ ဦးကတော့ သတင်းအစအန ထပ်မရတော့ပါဘူး။ ရေစကြိုကို ခေါ်သွားတယ်လို့ ယူဆကြပြီး စိတ်ချနေကြပေမဲ့ ပိတ်သင်းကပ်ရွာခံတချို့ကလည်း ဇွန် ၁၀ ရက်ညက ရွာအပြင်ဘက်ကနေ အော်သံတွေကြားကြတယ်လို့ ပြောကြပြန်လို့ စိုးရိမ်ခဲ့ကြပြန်ပါတယ်။
သုံးရက်လောက် အဆက်သွယ်ပြတ်သွားတဲ့ သူတို့ ၅ ယောက်ကို ဇွန်လ ၁၄ ရက်မှာတော့ ဒါန်းပင်ကန်ရဲ့ မြောက်ဘက် ပိတ်သင်းကပ်ရွာအပြင်ဘက်နားက ရေကန်နဲ့တာရိုးကြား မြေကွက်လပ်မှာ ဒါန်းပင်ကန်ရွာက ယာခင်းလုပ်သူအချို့က စတွေ့ခဲ့ကြပါတယ်။ ရုပ်အလောင်းတွေ မီးလောင်ပြီး မြေမြှုပ်ထားတာကို တွေ့တော့ ရွာခံတချို့က မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်ကို အကြောင်းကြားခဲ့ပါတယ်။
ရုပ်အလောင်းတွေ တွေ့တဲ့နေရာကို စရောက်ရောက်ချင်းမြင်ရတာကတော့ မြေကြီးပုံရဲ့အပြင်ဘက်ကို ထွက်နေတဲ့ လက်ထိတ်ခတ်ထားတဲ့ လက်တစ်ဖက်ပါ။ မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်က အဖွဲ့ခေါင်းဆောင်ကတော့ အဲဒီလက်တစ်ဖက်ဟာ အလွန်သေးပြီး ဖမ်ဆီးခံရသူတွေထဲ အသက်အငယ်ဆုံးနဲ့ ခန္ဓာကိုယ်အရွယ်အစားအသေးဆုံး N-YSO တပ်ဖွဲ့ဝင် ဝူခုန်းရဲ့လက်လို့ခန့်မှန်းပါတယ်။
အဲဒီနေရာကို မြေဆက်တူးကြည့်ကြတဲ့အခါမှာတော့ ရုပ်အလောင်း ၅ ခုကို အတန်းလိုက် မြေမြှုပ်ထားတာတွေ့ရပါတယ်။ ဝူခုန်းရဲ့ ရုပ်အလောင်းနဲ့ ကပ်လျက်မှာတော့ ဆရာကြီးဦးဝင်းကျော်ရဲ့ ရုပ်အလောင်းကို ဆက်တွေ့ရတယ်လို့ဆိုပါတယ်။
” ဝူခုန်းကပိန်ပိန်သေးသေး ၊ ဆရာကြီးက ခပ်ဖို့င်ဖိုင့် ခပ်ဝဝဆိုတော့ တစ်ပုံစံတည်းဖြစ်နေတာပေ့ါဗျာ ၊ ဝူခုန်းဘေးက ကပ်လျက် အလောင်းကလည်း တော်တော်ကြီးတယ်ဆိုတေ့ာ သေချာတာပေါ့ဗျာ” လို့ မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်ကဦးနိုင်ကပြောပါတယ်။
ဘီဘီစီက ရရှိထားတဲ့ ရုပ်အလောင်းတူးဖော်တဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ ရုပ်အလောင်း ၅ ခုလုံးဟာ မီးလောင်ကျွမ်းနေပြီး မြေမြှုပ်ထားတဲ့နေရာမှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွေကိုသာ မြှုပ်ပ်နှံထားတာတွေ့ရပါတယ်။
ခန္ဓာကိုယ်အနေအထားတွေက ပုံပျက်နေပြီး ပုပ်ပွနေတဲ့ခန္ဓာကိုယ်တွေက မြေကြီးမှာအစိုပြန်တဲ့အထိ ဖြစ်နေပါတယ်။ ရုပ်အလောင်းတွေ မြှုပ်ထားတဲ့ကျင်းကို အရှည်လိုက်ကြီးတူးထားပြီး ၅ လောင်းလုံးကို အရှည်လိုက် ထည့်မြှုပ်ထားတာကို ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
မြေမြှုပ်ထားတဲ့ကျင်းနဲ့ မလှမ်းမကမ်းမှာ မီးရှို့ထားတဲ့ ပြာပုံကိုလည်း ဓာတ်ပုံ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ရုပ်အလောင်းတွေကို သွားရောက်ကြည့်ရှုပြီးဖော်ခဲ့တဲ့ မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်ကတော့ မီးရှို့ပြီးမှလောင်ကျွမ်းတဲ့ရုပ်အလောင်းတွေကို မြေမြှုပ်ထားခဲ့တာလို့ အတိအကျပြောလာပါတယ်။
ဒါပေမဲ့ ဘီဘီစီအနေနဲ့ ဒီအခြေအနေကို သီးခြားထပ်ပြီး အတည်ပြုနိုင်တာ မရှိပါဘူး။
” ဘယ်လိုသတ်မှန်းကို မသိတာ၊ အလောင်းတွေကို မြေကြီးထဲဖော်တော့ ခန္ဓာကိုယ် အပေါ် ပိုင်းပဲ တွေ့ရတယ်။ အောက်ပိုင်း ခြေထောက်တွေကို မတွေ့ရဘူး။ မြေမြှုပ်ထားတဲ့ နေရာနဲ့ ငါးတောင်လောက်အကွာမှာ မီးရှို့ထားတဲ့ပြာပုံရှိတယ်။ ပြာပုံမှာကျတော့ အရိုးတွေတွေ့ရတယ်။ အလောင်းတွေက မီးရှို့တာ အကုန်မလောင်တော့ မြေပြန်မြှုပ်ခဲ့တဲ့သဘောလို့ပဲ ယူဆရမယ်”လို့ ရုပ်အလောင်းကို တူးဖော်ပေးခဲ့တဲ့ ဒေသခံရွာသားတစ်ဦးက ပြောပြပါတယ်။
ပြာပုံပတ်ဝန်းကျင်မှာ မီးကျွမ်းနေတဲ့ ဆရာကြီးဦးဝင်းကျော်ရဲ့ မျက်မှန်ဘူးကိုလည်း တွေ့ခဲ့ရတယ်လို့ မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ် ကပြောသလို ဦးဝင်းကျော်ရဲ့ မိသားစုဝင်အချို့ကလည်း အဲဒါဟာ ဦးဝင်းကျော်ရဲ့ မျက်မှန်ဘူးဖြစ်ကြောင်း အတည်ပြုပါတယ်။
”ဆရာကြီး မျက်မှန်ဘူးပေါ့ရှင်။ ကျွန်မလည်း ကြောက်နေတာပဲသိတယ်။ သူ့ဖမ်းခံရတဲ့နေ့က နောက်ဆုံး လှမ်းတွေ့လိုက်ရတာပဲ။ ပြန်တွေ့ပြီပြောတော့ သူမဟုတ်ဘဲ သူ့မျက်မှန်ဘူးဖြစ်နေတာပေါ့ရှင်။ မီးလောင်နေတဲ့ မျက်မှန်ဘူးက သူ့မျက်မှန်ဘူး ဟုတ်ပါတယ်” လို့ စိတ်ပိုင်းဆိုင်ရာကြီးကြီးမားမား ထိခိုက်ခံစားနေရတဲ့ ဦးဝင်းကျော်ရဲ့ဇနီးဖြစ်သူက ဒီလောက်ပဲဖြေကြားခဲ့ပြီးဘာမှထပ်မေးလို့မရခဲ့ပါဘူး။
မီးရှို့ထားတဲ့ ပြာပုံထဲမှာလက်ထိတ် ၂ ကွင်း၊ ကျည်ဆန်ခွံတွေနဲ့ သွေးစသွေးနတွေ ပေကျံနေတဲ့ ပေါက်တူးတွေနဲ့ အရိုးတွေကို တွေ့ရတယ်လို့ ရုပ်အလောင်းတွေကို သွားစစ်ခဲ့၊ ကြည့်ခဲ့တဲ့ မိသားစုဝင်အချို့ကလည်း ပြောပြပါတယ်။
” မသဲအိဝင်း ယောက်ျားကတော့ သူ့မိန်းမရဲ့ အဝတ်စဖြစ်တာကိုအတည်ပြုတယ်။ မီးကလည်း အကုန်လောင်နေတာ မဟုတ်ဘူး။ ရှို့ရုံရှို့ပြီးမြေမြှုပ်ခဲ့တာဆိုတော့ အဝတ်စတွေက မှန်းလို့ရသေးတယ်။ နောက် ဒေါ်ဇာလီနိုင်ရဲ့ နာရီကိုလည်း တွေ့တယ်။ လောင်တာတော့လောင်နေပြီပေါ့” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက သူတို့မြင်တွေ့ခဲ့ရတာကို ပြောပါတယ်။
ဒါန်းပင်ကန်တစ်နယ်လုံးလေးစားတဲ့ဦးဝင်းကျော်
အသက် ၅၃ နှစ်အရွယ် ကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်ဟာ ရွာကျောင်းက ကျောင်းဆရာပီပီ ရွာခံတွေရဲ့လေးစား ချစ်ခင်ခြင်းကိုခံရသူပါ။ ရွာခံတွေအပေါ်မှာလည်း အမြဲကူညီလမ်းပြပေးတတ်ပြီး သြဇာရှိသူလို့ပြောနိုင်ပါတယ်။
ဒါန်းပင်ကန်ရွာဇာတိဖြစ်တဲ့ ဦးဝင်းကျော်ဟာ ၁၉၈၈ ခုနှစ်မှာ ၁၀ တန်းအောင်ပြီး အရေးအခင်းကြောင့် ကျောင်းနားချိန်မှာပဲ ကျောင်းဆရာတန်းဖြစ်ခဲ့သူပါ။ သူ့ရဲ့ ပထမဆုံး မူလတန်းကျောင်းဆရာဘဝဟာ သူ့ဇာတိ ဒါန်းပင်ကန်မှာပဲ စခဲ့တာပါ။ မူလတန်းပြ၊အလယ်တန်းပြစတဲ့ရာထူးအဆင့်ဆင့်ကနေ ၂၀၁၈ ခုနှစ်မှာ မြိုင်နယ်ထဲက မကျည်းစု အထက်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ် ၃ နှစ်မြောက်တာဝန်ထမ်းဆောင်နေတုန်းမှာပဲ စစ်အာဏာသိမ်းလို့ ရုံးမတက်ဘဲ အာဏာဖီဆန်တဲ့ CDM ကို ဦးဆောင်လုပ်ခဲ့သူ ဖြစ်ပါတယ်။
” ဆရာကြီးကတော့ တစ်ရွာလုံးကချစ်ကြတယ်။ အားလုံးနဲ့လည်းအဆင်ပြေတယ်။ ပညာတတ်ဆိုတော့လေ အားလည်းကိုးကြတာပေါ့။ အခုတော့ ဖြေမရကြဘူးပေါ့” လို့ ရွာခံတစ်ယောက်က ပြောပြပါတယ်။
ဒါန်းပင်ကန်ရွာထဲ မပြန်ရဲ
သေဆုံးခဲ့ရသူတွေကို ရုပ်အလောင်းတွေ တူးဖော်ပြီးတဲ့နောက် မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်ဖွဲ့က မီးသဂြိုဟ်တာတွေကို ပြုလုပ်ပေးခဲ့သလို နောက်ရက်မှာတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ၅ ဦးအတွက် အာဇာနည်ဗိမာန် ဆောက်လုပ်ဂုဏ်ပြုခဲ့တယ်လို့ မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်ဖွဲ့က ဦးနိုင်ကပြောပါတယ်။
ဇွန်လ ၁၀ ရက်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကြောင့် ဒါန်းပင်ကန်ရွာခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး ရွာထဲကို ပြန်မဝင်ရဲကြပါဘူး။
ဆရာကြီးဦးဝင်းကျော်တို့ ဖြစ်ပျက်သွားတဲ့အခြေအနေကြောင့် သူဦးဆောင်ဖွင့်ခဲ့တဲ့ ဒါန်းပင်ကန် CDM ကျောင်းလည်း ပိတ်သွားခဲ့ပါပြီ။ အဲဒီကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး အစီအစဥ်အောက်မှာ ပါဝင်သလို ဒေသခံတွေရဲ့ ငွေကြေးတွေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ အဲဒီကျောင်းမှာ ရေစကြိုနဲ့ မြိုင် တဝိုက်က CDM ကျောင်းဆရာမ ဆယ်ယောက်က ပညာသင်ပေးသလို ကျောင်းသား ၂၅၀ ကျော် တက်ရောက်နေတဲ့အထိ အောင်မြင် ခဲ့တာပါ။
” သူတို့ ၅ ယောက်ကို ဘာလို့သတ်လဲဆိုရင် ရေစကြိုနဲ့မြိုင်တခွင်မှာ ဒီလို CDM ကျောင်းတွေ ထပ်မပေါ်လာအောင် ခြောက်ပြလိုက်တာပဲ။ အခုလည်း ကျောင်းကို ဘယ်သူမှမလာရဲတော့ဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း မရှိတော့ဘူး။ ရွာက အနိဌာရုံအတိပါပဲ”
( ဒါန်းပင်ကုန်းရွာမှာ ဖမ်းဆီးခံရပြီးနောက် ရုပ်အလောင်းတွေသာပြန်လည်တွေ့ရှိခဲ့တဲ့အထဲက CDM သူနာပြုဆရာမ ဒေါ်ဇာလီနိုင်သေဆုံးခဲ့ရပုံနဲ့ သူ့ဘ၀ဖြတ်သန်းမှုအကြောင်း အနီးကပ်ရှိခဲ့သူတွေရဲ့ ပြန်လည်ပြောပြချက်ပါ၀င်တဲ့ ဆောင်းပါးအပြည့်အစုံလည်း နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြသွားဖို့ရှိပါတယ်။)
BBC Burmese