စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုတွင် အပြစ်ရှိသော အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရှင် ၂ နိုင်ငံကြားဆက်ဆံရေးမြှင့်တင်ရန်  ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်၏ မော်စကို ခရီးစဉ်အပြီးတွင် ရုရှားမှ မြန်မာနှင့် ၎င်းတို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထိထိရောက်ရောက် လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရုရှားသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကိုယ်တိုင်ပြဿနာရှိနေသောကြောင့် ဤထုတ်ပြန်ကြေငြာချက်သည် အလွန်စိုးရိမ်စရာကောင်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖက်ဒရယ်ကျောင်းအဖြစ် လူအများသတ်မှတ်ထား တဲ့ Kaung for You ကျောင်းက CDM ဆရာ၊ ဆရာမ ၁၅ ဦး ရက်ပိုင်းအတွင်း ဖမ်းဆီးခံ လိုက်ရတယ်လို့ မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဇူလိုင် ၁၈ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

အဖမ်းခံရသူတွေဟာ ရန်ကုန်တိုင်း ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်က နှစ်ဦး၊ တနင်္သာရီ တိုင်း မြိတ်မြို့နယ်က ငါးဦး၊ ရှမ်းပြည်နယ် ကလောနဲ့ တောင်ကြီးမြို့နယ်တွေက ငါးဦး၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်က နှစ်ဦးနဲ့ စုံစမ်းနေဆဲ အခြားတစ်ဦးတို့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ကြားတာက ၁၅ ဦးထိ ဖမ်းဆီးခံထားရတယ်။ ရန်ကုန်၊ မန္တလေး၊ ရှမ်းနဲ့ တနင်္သာရီတိုင်းမှာ ဖမ်းဆီးခံရတယ်။ အဲဒီလိုပဲ ကျောင်းသားမိဘတွေလည်း စိုးရိမ်မှု တွေရှိနေကြတယ်။ ဒီလိုအဖမ်းဆီး မခံရခင်တုန်းကလည်း Kaung For You ကျောင်းကို ကျနော် သတိပေးဖူးတယ်။ သတိထားနော်၊ Public ဖြစ်နေတဲ့အခါမှာ အချိန်မရွေး တစ်ခုခု ဖြစ်နိုင်တယ်လို့ ပြောဖူးတယ်။ ဖြစ်သွားတော့လည်း စိတ်မကောင်းဘူးပေါ့ဗျာ”

ဇူလိုင်လ ၁၃ ရက်ကနေ ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ ခြောက်ရက်အတွင်းမှာ နိုင်ငံတစ်ဝန်းက Kaung for you ကျောင်း တည်ထောင်သူ ဆရာ ဦးကောင်းသိုက်စိုး အပါအဝင် ဆရာ၊ ဆရာမ ၁၅ ဦးကို စာရင်းအတိအကျနဲ့ နေအိမ်တွေအထိ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ သူက ဆိုပါတယ်။

Kaung for You အွန်လိုင်းပညာသင်ကျောင်းကို CDM ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ မန္တလေးတိုင်း မြစ်သားမြို့နယ်က လက်ထောက်ပညာရေးမှူး ဦးကောင်းသိုက်စိုးက ဦးဆောင်ပြီး နိုင်ငံတစ်ဝန်းက CDM ဆရာ၊ ဆရာမတွေက ကလေး နှစ်သောင်းခန့်ကို အွန်လိုင်းကနေ စာသင်ပေးဖို့ စီစဥ်ထားတာပါ။

အထူးသဖြင့် အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး CDM လုပ်နေတဲ့ ဆရာ၊ ဆရာမတွေ ရဲ့ သားသမီးတွေ အပါအဝင် အစိုးရကျောင်းတွေကို မတက်ချင်တဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကြားကာလ ပညာရေးတစ်ခုကို ဖြည့်ဆည်းပေး မယ်လို့ ကျောင်းရဲ့ အင်တာနက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုသင်ပေးနိုင် ဖို့အတွက် အချိန်အတော်ကြာကတည်းက NUG နဲ့ ချိတ်ဆက်ပြင်ဆင်နေပြီး ဇူလိုင် ၁၃ ရက်နေ့မှာ လက်တွေ့သင်ကြားရေးစဖို့ စီစဥ်ထားတာလို့ ဆိုပါတယ်။

စတင် သင်ကြားဖို့ စီစဥ်ထားတဲ့ ဇူလိုင် ၁၃ ရက်နေ့မှာပဲ ကျောင်းအုပ်အဖြစ် တာဝန်ယူ ထားတဲ့ ဦးကောင်းသိုက်စိုးနဲ့ CDM ဆရာနှစ်ဦး အဖမ်းခံခဲ့ရပါတယ်။ သူတို့ကို ဖမ်းဆီး ထားကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ ရက်နေ့ကပဲ တရားဝင် သတင်းထုတ် ပြန်ခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ကျောင်းရဲ့ အင်တာနက်စာမျက်နှာ အဖောက်ခံရပြီး စာသင်ဖို့ စာရင်း ပေးထားတဲ့ နိုင်ငံတစ်ဝန်းက CDM ဆရာ၊ ဆရာမတွေ ရက်ပိုင်းအတွင်း ဆက်တိုက် ဖမ်း ဆီးခံရတာပါ။ တက်ရောက်ဖို့ စာရင်းပေးထားတဲ့ ကျောင်းသားမိဘတွေကလည်း ကလေး တွေနဲ့ မိဘတွေပါ ဖမ်းဆီးခံရမှာကို စိုးရိမ်ပူပန်နေတယ်လို့ RFA ကို ပြောပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ အခုလို ဖမ်းဆီးတာဟာ ကလေးတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်တာလို့ ဝေဖန်ပါတယ်။ ဖမ်းဆီးခံရတဲ့ Kaung for You ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ စီစဥ်ထားတာကြောင့် အရေးပေါ် တိုင်ကြားနိုင်တဲ့ တယ်လီဖုန်းလိုင်းတစ်ခု ဖွင့်လှစ်ပေးသွားမယ့်အကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

RFA Burmese

ကျန်းမာရေး လုပ်သားများသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ကျန်းမာရေးသည် လူ့အခွင့်အရေးတစ်ခုဖြစ်ပြီး အသက်ရှင်နေထိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပါအဝင် လူ့အခွင့်အရေးစာချုပ်များတွင် ပြဌာန်းထားသော အခြေခံမူတစ်ခုဖြစ်သည်။ သို့သော်  စစ်အာဏာရှင်သည် လူထု၏ အသက်ကို တန်ဖိုးမထားဘဲ လျစ်လျူရှုကာ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးပြီး ဒဏ်ရာရ ဆန္ဒပြသူများအား သို့မဟုတ် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံသူများကို ကုသပေးနေသည့် ကျန်းမာရေး လုပ်သားများအား အကြမ်းဖက် ချေမှုန်းရန်အထိ ကြိုးပမ်းခဲ့သည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လအထိ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါး ရှိနေတယ်လို့ ကျောက်ကြီးမြို့မှာ ပရဟိတ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ပူးပေါင်းတပ်တွေ မေလ ကစပြီး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နရွဲပင်ရွာ၊ ညောင်တန်းရွာ၊ ကြို့ကုန်းရွာအပါအဝင် ရွာပေါင်း ၂၆ ရွာက လူဦးရေ လေးသောင်းလောက် ထွက်ပြေး နေရတာလို့ ပရဟိတလုပ်ကိုင်နေသူက ပြောပါတယ်။

“မြို့ကိုပြေးတဲ့လူရှိတယ်။ တောဘက်ကိုပြေးတဲ့သူရှိတယ်။ တချို့ကျတော့လည်း သူတို့ရဲ့ တောနဲ့ လယ်တွေထဲပဲ လျှောက်ပြေးနေတဲ့သူရှိတယ်။ ပြန့်ကျဲနေတဲ့ သဘောမျိုးပေါ့။ လက်နက်ကြီးပစ်တာဆိုတော့ လူတွေကလည်း မထိန်းချုပ်နိုင်ဘူးဗျ။ စိတ်ချရတဲ့နေရာဆိုတာ မရှိဘူး”

နှစ်ဖက်တိုက်ပွဲတွေအပြင် ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတာကြောင့်လည်း ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက် ဒီနေ့မနက် ၃ နာရီလောက်မှာလည်း ကျောက်ကြီးမြို့နယ်၊ အင်းနက်ရွာမှာ နှစ်ဖက်တိုက်ပွဲ နှစ်နာရီကြာ ဖြစ်ခဲ့တယ်လို့ KNU-PDF ကျောက်ကြီး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့ ၁၁ ရက် မနက် ၃ နာရီကနေ ၅ နာရီအထိ ဖြစ်ပွားခဲ့တာပါ။ လက်နက်ကြီး စကစ ဘက်က ပစ်ခတ်မှုတော့ ရှိပါတယ်။ ဒီဘက်က ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပါဘူး”

စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနဲ့ အခြားအဆင့် ၁၀ ဦး ဒဏ်ရာရရှိထားပြီး သူတို့ကို ကျောက်ကြီးမြို့နယ် ဆေးရုံကို ပို့လိုက်တာ တွေ့တယ်လို့ အဲဒီအဖွဲ့ဝင်က ဆက်ပြောပြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ကြီးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၅၁)၊ ခမရ (၄၃၉) နဲ့ ခလရ (၆၀) တို့ဟာ ညောင်ကုန်းရွာကနေ အနီးနားရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နရွဲပင်ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU-PDF ကျောက်ကြီးအဖွဲ့က မေ ၂၁ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

RFA Burmese

ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့ ဒီအမှုကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ထားပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေ ကန့်ကွက်ထားတာနဲ့ ပတ်သက်လို့ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်မယ်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇူလိုင် ၁၁ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က Peace Palace လို့ခေါ်တဲ့ ICJ တရားရုံးမှာ ဇူလိုင်လ ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီမှာ စတင်မယ်လို့ ဆိုပါတယ်။ တရားသူကြီး Joan Donoghue က ဆုံးဖြတ်ချက်ကို ဖတ်ကြားမှာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် အဲဒီနေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေနဲ့ တရားသူကြီးတွေ၊ ရုံးအဖွဲ့ဝင်တွေ၊ ခွင့်ပြုထားတဲ့ သတင်းမီဒီယာတချို့ပဲ တက်ရောက်ခွင့်ရှိမှာဖြစ်ပြီး၊ အများပြည်သူ တက်ရောက်နားထောင်ခွင့် ပိတ်ထားဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သံတမန်တွေနဲ့ အများပြည်သူအတွက် တရားရုံးတွင်းဆောင်ရွက်ချက်တွေကို ICJ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့ ဒီအမှုကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ထားပါတယ်။

မြန်မာနိုင်ငံကို တရားစွဲဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ OIC က ဂမ်ဘီယာနိုင်ငံကို အဆိုပြုခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ် ဇူလိုင်လရောက်မှသာ ဒီအစီအစဉ်ကို ဂမ်ဘီယာလွှတ်တော်က အတည်ပြုခဲ့တာဖြစ်တဲ့အကြောင်း၊ ဂမ်ဘီယာနိုင်ငံဟာ ဒီအမှုအတွက် ကုန်ကျစရိတ်တွေကို OIC အဖွဲ့ ဆီက ရခဲ့တာကိုလည်း မငြင်းဆန်ခဲ့တဲ့အကြောင်း၊ ဒါကြောင့် ICJ တရားရုံးအနေနဲ့ နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို တရားစွဲတဲ့ အမှုတွေအတွက်သာ ကြားနာစစ်ဆေးရမှာဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ တရားစွဲဆိုမှုကို လက်ခံစစ်ဆေးခွင့်ရှိတယ်လို့ လမ်းဖွင့်ပေးထားတာ မရှိတဲ့အကြောင်း စစ်ကောင်စီ ငှားထားတဲ့ ရှေ့နေအဖွဲ့ထဲက Christopher Staker ကလည်း လျှောက်လဲချက်ပေးပြီး ကန့်ကွက်ထားပါတယ်။

RFA Burmese

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မန္တလေးတွင် နိုင်ငံရေးအမှုလိုက်ပါဆောင်ရွက်သည့် ရှေ့နေ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

နိုင်ငံရေးပုဒ်မနှင့် တရားစွဲဆိုခံထားရသူများဘက်မှ အမှုလိုက်ပေးနေသည့် ရှေ့နေများ ဆက်တိုက် ဖမ်းဆီးခံနေရသည့် မန္တလေးတွင် ဇူလိုင် ၉ ရက်က ရှေ့နေနှစ်ဦး ထပ်အဖမ်းခံရကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ထိုနေ့က ဖမ်းဆီးခံရသည့် ရှေ့နေနှစ်ဦးမှာ အသက် ၂၅ နှစ်အရွယ် မအေးမြတ်ရူပါနှင့် ၄၀ နှစ်ဝန်းကျင်ရှိ ကိုထွန်းထွန်းဇော်တို့ဖြစ်ပြီး မဟာအောင်မြေမြို့နယ် (၆၄) လမ်းနှင့် (၃၄) လမ်းထောင့်ရှိ ရုံးခန်းတွင် ရှိနေစဉ် စစ်ကောင်စီက အင်အားအများအပြားဖြင့် လာဖမ်းသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ပြောသည်။

“ဘာ့ကြောင့်ဖမ်းခံရလဲတော့ မသိရသေးဘူး။ သူတို့က နိုင်ငံရေးအမှုတွေလည်း လိုက်တယ်။ အခြားအမှုတွေလည်း လိုက်ပါတယ်။ ခုချိန်ကတော့ နိုင်ငံရေးအမှုတွေက များတာကိုး။ ဒါ့ကြောင့်လို့ ထင်ပါတယ်။ ဖမ်းပြီး ခုထိ အဆက်အသွယ်တော့ မရသေးဘူး” ဟု ဇူလိုင် ၁၀ ရက်တွင် ၎င်းက ပြောသည်။

မန္တလေးတွင် လွန်ခဲ့သည့် ၁၀ ရက်ကပင် အိုးဘိုထောင်အတွင်း ပြုလုပ်သည့် ရုံးချိန်းတစ်ခုမှ အပြန်လမ်းတွင် ရှေ့နေဦးတင်ဝင်းအောင်နှင့် ဇနီးဖြစ်သူ ဒေါ်သဲစုနိုင်၊ ရှေ့နေဦးသုတတို့ကို စစ်ကောင်စီက ဖမ်းသွားသေးသည်။

သို့သော် ယနေ့တိုင် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်။ စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ရှေ့နေတစ်ဦး ဒဏ်ရာအပြင်းအထန်ရ၍ အိုးဘိုထောင်အတွင်း ဆေးရုံတွင် ကုသမှုခံယူနေရသည်ဆိုသော သတင်းများလည်း ထွက်နေသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ဘယ်သူလဲတော့ အတည်မပြုနိုင်သေးဘူး။ သိခွင့်မရသေးဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မန္တလေးတွင် နိုင်ငံရေးအမှုလိုက်ပါဆောင်ရွက်သည့် ရှေ့နေ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဧပြီ ၂၈ ရက်တွင် စစ်ကောင်စီက ဖမ်းသွားပြီး ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မ တပ်ကာ တရားစွဲသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။ 

ထိုအခြေအနေတွင် နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်ပေးနေသည့် မန္တလေးမှ ရှေ့နေအချို့ တိမ်းရှောင်နေရကြောင်း ထိုအသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“တရားရုံးလည်း မသွားဖြစ်တော့ဘူး။ အခြေအနေတွေက ရှေ့နေတွေဘက် လှည့်လာပြီ။ ဖမ်းလာပြီ။ ကျွန်မတို့လည်း ရှောင်နေရပြီပေါ့နော်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင်လည်း နိုင်ငံရေးအမှုလိုက်ရှေ့နေများ အလားတူ ကြုံနေရပြီး စစ်ကောင်စီ၏ စွပ်စွဲမှုမျိုးစုံကြုံရသူတို့မှာ ရှေ့နေမပါဘဲ အမှုရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်များချခံရသည့် အခြေအနေပင် ဖြစ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ယခုကဲ့သို့ ဆက်တိုက်ဖမ်းဆီးခြင်းများ မပြုမီကပင် ရှေ့နေများကို ဖိအားပေးခြင်းများရှိခဲ့သည်။ နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသည့်အဖွဲ့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ပြောရေးဆိုခွင့် ပိတ်ပင်ခဲ့ဖူးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကြောင်းကြေညာချိန်ကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်လိုက်ပြီဟု ပြောထားသည့် စစ်ကောင်စီကမူ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲမှာ ၂၀၁၁ ခုနှစ်ကတည်းက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဦးထွန်းထွန်းဦးဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကို အခြားသူတစ်ဦးဖြင့် အစားထိုးခဲ့သော်လည်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုမူ ဆက်လက်ထားရှိခဲ့သည်။

ရှေ့နေချုပ်နှင့် တရားသူကြီးချုပ် နှစ်ဦးလုံးမှာ နာမည်ဆင်တူသလို တပ်မတော်အရာရှိဟောင်းများလည်း ဖြစ်ကြသည်။ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှာ အနောက်တောင်ပိုင်းတိုင်းစစ်ဌာချုပ်နှင့် စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

Myanmar Now News