KNU ၏ မွန်ပြည်နယ်၊​ ပဲခူးတိုင်း နယ်မြေအတွင်း စစ်ကောင်စီရန်ကြောင့် နေရပ်စွန့်ခွာရသူ တစ်သိန်းခွဲ ကျော်လာပြီး အစားအစာ၊ ဆေးဝါး၊ နေရာထိုင်ခင်း လိုနေကြသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအတွင်း မွန်ပြည်နယ် သထုံခရိုင်၊ ပဲခူး တိုင်း ညောင်လေးပင်ခရိုင်တို့မှ ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံ  တစ်သိန်းခွဲကျော် ရှိလာပြီဖြစ်ပြီး ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင်နှင့် တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်တို့တွင် စစ်တပ်က စစ်ရေး လှုပ်ရှားမှုများ ပိုမိုတိုးချဲ့ပြုလုပ်လာပြီးနောက် KNU တပ်များနှင့် တိုက်ပွဲဖြစ်ကာ စစ်တပ်က ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အရပ်သားများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ထိုနယ်မြေ ၂ ခုတွင် စစ်ဘေးဒုက္ခသည်ပေါင်း ၁၅၄,၈၆၆ ဦး ရှိနေကြောင်း ယမန်နေ့ (ဩဂုတ် ၁၄) တွင် KNU က ထုတ်ပြန်သည်။  

အလားတူ တပ်မဟာ ၅ ဖာပွန်၊ တပ်မဟာ ၆ မြဝတီမြို့နယ်အတွင်း ဒေသခံအများအပြား တိမ်းရှောင် နေရပြီး ထိုနယ်မြေများရှိ စစ်ရှောင်အရေအတွက်ကို စိစစ်နေဆဲဖြစ်သည်ဟု KNU ဘက်က ဆိုသည်။

ကရင်လူ့အခွင့်အရေး အဖွဲ့ (KHRG) ကလည်း ဒေသခံများသည် နီးစပ်ရာတောတောင်များအတွင်း တိမ်းရှောင်နေရပြီး မိုးကာစများဖြင့် နေထိုင်နေကြရသလို  ကူညီထောက်ပံ့ရေးလမ်းကြောင်းများကို စစ်ကောင်စီက တားဆီးစစ်ဆေးနေသည်ဟု ဆိုသည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တားဆီးပိတ်ပင်တယ်ဆိုတာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။ ထွက်ပြေးနေရတဲ့ ရွာသားတွေဟာ အခြေခံလူ့အခွင့်အရေးတွေ အများကြီးချိုးဖောက်ခံနေရ တယ်။ လုံခြုံမှုလည်း မရှိဘူး” ဟု KHRG ၏ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူး က ပြောသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် မြန်မာပြည် အရှေ့တောင်ပိုင်း၌ ဖြစ်ပွားလျက်ရှိသည့်  အတင်းအဓမ္မခိုင်းစေခြင်း၊ မြေမြှုပ်မိုင်းထောင်ခြင်း၊ ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပဋိပက္ခဆိုင်ရာဖြစ်ရပ်တို့ကို မှတ်တမ်းပြုစုသော အဖွဲ့အစည်းဖြစ်သည်။

စစ်ဘေးရှောင်များအတွက်  အစားအစာ၊ ဆေးဝါး၊ နေထိုင်ရေး၊ အမိုးအကာများ လိုအပ်နေသည်ဟု ကူညီ ထောက်ပံ့ ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပြင် ရပ်ရွာအတွင်း လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ရှိနေသော်လည်း  အဆိုပါ  စစ်ရေးအခြေအနေများကို စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ 

ပြီးခဲ့သည့် ဩဂုတ် ၁၀က ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိုးဝါးစိုက်ကျေးရွာ၊  ဦးဝင်းကြည်၏နေအိမ်ကို ထိမှန်ခဲ့သည်။ သူ၏ဇနီး အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းဦး၏ ဘယ်ဘက်ခြမ်းရှိ လက်၊ ခြေနှင့် တင်ပါး တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ကညင်ကျိုးဆေးရုံတွင် ယင်းနေ့ နေ့လယ်ပိုင်းတွင် သေဆုံးသွားသည်။

စစ်တပ်က အာဏာသိမ်းမှုကို  အတိအလင်းရှုတ်ချကန့်ကွက်သော KNU က စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်လာသူတို့ကို အကူအညီပေးခြင်း၊ လက်နက်ကိုင် ခုခံလိုသူတို့ကို စစ်ပညာသင်ပေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် KNU နယ် မြေများတွင် တိုက်ပွဲများ ဖြစ်ပွားလာသည်။

စစ်ကောင်စီတပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အမြဲလိုလို ဖြစ်ပွားနေသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ပြုစုထားသည့် ဇူလိုင် ၃၁ ရက်အထိ စာရင်းအရ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည်ပေါင်း ၈ သိန်းခွဲ ရှိလာသည်ဟု သိရသည်။  အာဏာမသိမ်းခင်က ဒုက္ခသည်များ အပါအဝင်  ဒုက္ခသည် စုစုပေါင်း ၁၂ သိန်း  ရှိနေပြီဖြစ်သည်။

Myanmar Now News

ရွှေတွင်းသွားသည့် ညီအစ်ကို ၇ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ထိုအထဲတွင် ကလေး ၂ ဦးလည်း ပါသွားသည်ဟု မိသားစုဝင်နှင့် ဒေသတွင်း သတင်းရင်းမြစ်တို့က အတည်ပြုသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်တပ်က ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့် အမျိုးသား ၇ ဦးထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူ ၂ ဦးပါဝင်သည်။

သေဆုံးသူများမှာ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အစပ်ရှိ အိမ်ခြေ ၁၀၀ ခန့်ရှိ ဝန်းကြီးရွာသားများ ဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ရွှေတွင်းများသို့ အသွား  ဩဂုတ် ၁၄ရက်၌ စစ်ကောင်စီက ဖမ်းကာ သတ်ဖြတ်ခဲ့ကြောင်း သေဆုံးသူတို့၏ မိသားစုဝင်နှင့် အခြားသတင်းရင်းမြစ် ၂ ဦးက ပြောသည်။

ဆွေမျိုးများဖြစ်သည့် ၁၄ နှစ်အရွယ် ကိုမင်းညီ၊ ၁၅ နှစ်အရွယ် ကိုဇော်ဟိန်း၊ ၁၉ နှစ်အရွယ် ကိုကျော်သူဟိန်းနှင့် ကိုဖြိုးငွေစိုး၊ အသက် ၂၀ မှ ၂၂ နှစ်အတွင်းရှိ ကိုမင်းကို၊ ကိုသူရထွန်းနှင့် ကိုနိုင်းနိုင်းတို့ဖြစ်သည်။

၆ တန်းကျောင်းသားများဖြစ်သည့် ကိုမင်းညီနှင့် ကိုဇော်ဟိန်းတို့မှာ ညီအစ်ကိုအရင်းများဖြစ်ကြောင်း၊ ကိုမင်းကိုတွင် တစ်နှစ်အရွယ် သမီးလေးတစ်ဦးရှိကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“၇ ယောက်လုံးကတော့ အမျိုးတွေချည်းပဲ။ ရွာကနေ လုပ်ငန်းလုပ်ထွက်သွားတာကနေ ဖြစ်သွားတာ။ ကျွန်တော်တို့ရွာက လယ်စိုက်ကြတယ်။ တောင်သူလုပ်ငန်းပြီးတာနဲ့ ရွှေတော သွားကြတာ။ … ကလေးတွေကို ဒီလိုရက်ရက်စက်စက်တော့ မလုပ်သင့်ဘူး” ဟု ၎င်းက ပြောသည်။ 

အလောင်းများ၏ ခြေထောက်နှင့် လက်တို့တွင် ညိုမည်းဒဏ်ရာများတွေ့ရှိရသလို လည်ပင်း၊ မေးစေ့၊ ဆီးခုံနှင့် ပေါင်တို့တွင် ကျည်ဆန်ရာများရှိနေသည်ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်သည့် ဝန်းကြီးရွာခံ အမျိုးသားက ပြောသည်။ 

“အလောင်းက သေနတ်ဒဏ်ရာတွေနဲ့။ ပစ်သတ်ထားတာ။ ညိုမည်းပြီးတော့ တော်တော်လေး ရက်ရက်စက်စက်လုပ်ထားတာ။ သူတို့ကို ပစ်ထားတဲ့နေရာက လမ်းမပေါ်ဆိုတော့ သူတို့တွေ (စစ်သားတွေ) လာမယ်၊ မလာမယ် မသိတော့ စိုးရိမ်စိတ်တွေနဲ့ ကောက်ခဲ့ရတာ။ အလောင်းတွေကို ကျကျနန မကြည့်ရဘူး။ တစ်ယောက်ကို သေနတ်ဒဏ်ရာက ၃၊ ၄ ချက်လောက်ရှိမှာပေါ့” ဟု ၎င်းက ပြောသည်။ 

ထိုသူတို့ကို ရွှေဘို မြို့ပေါ်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းအနီး ဖမ်းသွားသော်လည်း ရုပ်အလောင်းများကို မြစ်ကြီးနား ရွှေဘို ကားလမ်းပေါ်ရှိ ခင်ဦးမြို့နယ် ရွာသာရွာအနီးတွင် စစ်ကောင်စီက လာပစ်သွားသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံက ပြောသည်။

“ရွာသာနားက အိမ်ကွင်းတစ်ကွင်းထဲမှာ ပစ်ခဲ့တာ။ အမှန်တကယ်က သူတို့က ရွာမှာ အဆင်မပြေလို့ ရွှေတောကို အလုပ်သွားမဲ့ သူတွေပါ” ဟု ၎င်းက ဆိုသည်။

ရွှေဘိုမြို့မရဲစခန်းကို ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ရိုက်နှက်၊ နှိပ်စက်ထားသည့် ဒဏ်ရာများ၊ ကျည်ဆန်ရာများရှိနေသည့် ရုပ်အလောင်းများကို ယမန်နေ့ (ဩဂုတ် ၁၅) တွင် ရှာဖွေတွေ့ရှိသည်ဟု အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။ အလောင်းများစွန့်ပစ်ထားသည့် နေရာမှာ ရွှေဘိုမြို့နယ်ရှိ အမှတ် ၈၊ စစ်သားစုဆောင်ရေးနှင့် လေ့ကျင့်ရေးတပ်၏ မြောက်ဘက် ၃ မိုင်အကွာတွင်ဖြစ်သည်။

သေဆုံးသူတို့ နေထိုင်သည့် ဝန်းကြီးရွာတွင် လူဦးရေ ၅၀၀ ခန့်နေထိုင်ပြီး တောင်ယာစိုက်ပျိုးရေးရာသီပြီးလျှင် ရွှေတောသို့ သွားရောက်လုပ်ကိုင်လေ့ရှိကြောင်း၊ ၎င်းတို့ရွာတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံနေကြသည်။ ထိုလှုပ်ရှားမှုများအတွင်း တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသော မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းသည်လည်း ထိပ်ဆုံးမှ ပါဝင်သည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသလို ဒေသခံများကို အစုလိုက်သတ်ဖြတ်မှုများ မကြာခဏကျူးလွန်နေသည်။ 

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းလေ့ရှိသည်။

Myanmar Now News

https://myanmar-now.org/sites/myanmar-now.org/files/styles/juicebox_thumbnail_gallery/public/gallery-images/img_7178.jpg?itok=TKTHuSEN

အမည်နှင့်တကွ အတည်ပြုနိုင်သည့် ရုပ်အလောင်း ၁၂ လောင်းအပြင် နောက်ထပ် ၆ လောင်း တွေ့ခဲ့ရပြီး ခရီးတစ်ထောက်ဝင်နားသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ဝင်များ ရောက်ရှိနေစဉ် လေကြောင်းမှ ပစ်ခတ်တိုက် ခိုက်ခံရခြင်းဖြစ်သောကြောင့် စစ်ကောင်စီတပ်ဘက်မှ သတင်းကြိုရထား၍ ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်

စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ၃ ရက်ကြာ တပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် အသက် ၁၀ နှစ်အရွယ်ကလေးအပါအဝင် အရပ်သားပြည်သူ ရုပ်အလောင်း ၁၈ ခု ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်ညနေတွင် ယင်းမာပင်မြို့နှင့်ပုလဲမြို့အစပ် ရင်ပေါင်တိုင်ရွာကို စစ်တပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် တစ်နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ပြီး ရဟတ်ယာဉ် ၃ စီးဖြင့် စစ်သား ၆၀ ကျော် ချထားခဲ့သည်။

ထို့နောက် ရင်ပေါင်တိုင်ရွာကို စီးနင်းပြီး ဘုန်းကြီးကျောင်း၌ စခန်းချတပ်စွဲခဲ့သည့် စစ်ကောင်စီတပ်သည် ၃ ရက်အကြာ ယမန်နေ့ (ဩဂုတ် ၁၄ ) နံနက်တွင် ပြန်လည်ထွက်ခွာသွားပြီးနောက် ရွာအတွင်း ဒေသခံများနှင့် ဒေသ ကာကွယ်ရေးအဖွဲ့ဝင်များက ဝင်ရောက်ကြည့်ရှုရာမှ ထိုရုပ်အလောင်းများ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ 

သက်ကြီးရွယ်အိုများ၊ စိတ်ကျန်းမာရေး မ‌ကောင်းသူ၊ စစ်တပ် တပ်စွဲထားစဉ် ပိတ်မိပြီး အစာရေစာပြတ်လပ် သေဆုံးသူများ ပါဝင်ကြောင်း သိရသည်။ 

“အားလုံးပေါင်း ရွာခံ ၁၂ ယောက်ဗျ။ တစ်ရွာလုံးက သုသာန်တစပြင်လိုပဲ။ ပုပ်စော်တွေလည်း နံနေတာ“ ဟု အလောင်းများ ကောက်ယူရာမှာ ပါဝင်ခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။

အသက် ၁၀ နှစ်အရွယ် လေးတန်းကျောင်းသူ မခိုင်ခိုင်ဝင်း၊ အသက် ၅၂နှစ်အရွယ် ဒေါ်နွယ်နွယ်၊ အသက် ၁၇ နှစ် အရွယ် ၁၀ တန်းကျောင်းသား သော်ဘုန်းနိုင်၊ အသက် ၄၀ နှစ်အရွယ် ဦးဆောင်းဝင်းလတ်၊ အသက် ၅၅ နှစ် အရွယ် ဦးမောင်မြင့်၊ အသက် ၂၄ နှစ်အရွယ် ကိုငြိမ်းသူ‌အောင်၊ အသက် ၄၅နှစ်အရွယ် ဒေါ်ရီမြင့်၊ အသက် ၇၃ နှစ်အရွယ် ဦးကျော်ဝင်းဆွေ၊ အသက် ၄၅ နှစ်အရွယ် ဦးပွကြီးတို့မှာ လက်နက်ကြီး၊ လက်နက် ငယ်ဒဏ်ရာများ ဖြင့် သတ်ဖြတ်ခံထားရခြင်း ဖြစ်သည်။ 
Yin_baung_taing_12.Jpg

ရင်ပေါင်တိုင်ရွာ တိုက်ခိုက်မှုတွင် တိရစ္ဆာန်များပါ သေဆုံးခဲ့သည်။

အသက် ၈၅ နှစ်အရွယ် ဒေါ်ခင်မြနှင့် ဒေါ်နီတို့မှာ စစ်တပ်ဝင်ရောက်စဉ် ပိတ်မိခံရပြီး ပုန်းအောင်းနေရင်း အစာရေ စာငတ်ကာ သေဆုံးခဲ့၍ အသက် ၆၇ နှစ်အရွယ် ဦးကျော်မွှေးမှာ ပြေးလွှားရင်း အမောဖောက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ရုပ်အလောင်းအချို့မှာ အချိန်ကြာမြင့်သဖြင့် ကိုင်တွယ်မရနိုင်သည့်အထိ ဆိုးရွားနေ၍ ဓာတ်ဆီ လောင်းမီးရှို့ခဲ့ ပြီး အချို့ကိုမြေမြှုပ်သင်္ဂြိုလ်ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ 

ထိုအလောင်း ၁၂ လောင်းအပြင် နောက်ထပ် ရုပ်အလောင်း ၆ ခုကို ယနေ့ တွေ့ရှိခဲ့ပြီး မည်သူမည်ဝါ အတည်ပြု နိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ 

“လေယာဉ် ၃ စီး ဝင်လာတယ်”

ယင်းမာပင်မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ရင်ပေါင်တိုင်ရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀၀ နီးပါးရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ဆန္ဒပြပွဲများမှသည် တော်လှန်ရေးလှုပ်ရှားများအထိ အားကောင်းသည့် ကျေးရွာဖြစ်သည်။ 

ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့ဘက် မှ တက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးသည် ရင်ပေါင်တိုင်ရွာကို  ရုတ်တရက် ရောက်ရှိလာပြီး တရ စပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံအများစု ရှောင်တိမ်းချိန်မရလိုက်ဘဲ ရွာထဲတွင် ပိတ်မိသွားသည်။

ထိုနေ့က ရွာအတွင်း ၅ ရက်တစ်ခါ ဖွင့်လှစ်သည့်ဈေးရှိသောကြောင့် လူအများဖြင့် စည်ကားနေသည်ဟု ရင်ပေါင် တိုင်ရွာခံတစ်ဦးက ပြောသည်။ 

“လေယာဉ် ၃ စီး ဝင်လာတယ်။ တစ်စီးက ရွာဦးထိပ်မှာချတယ်။ အပေါ်က ၂ စီးက ဝဲပြီးတော့ ဘယ်၊ ညာ ပတ်ပစ် တယ်။ ညာသံပေး ပစ်တယ်။ လွတ်တဲ့သူတွေက လွတ်တယ်။ မလွတ်တဲ့သူတွေက မလွတ်ဘူး။ အဲ့ဒီမှာ မထင်မှတ်ဘဲနဲ့ ကျွန်တော်တို့ရွာမှာ ငါးရက်တစ်ခါ ဈေးရှိတယ်။ အဲ့ဒီတော့ ဝယ်ခြမ်းပြီးတော့ ချက်ပြုတ်စားသောက်နေကြတာတွေရှိတာပေါ့” ဟု အထက်ပါလူက ဆိုသည်။

သားကိုတော့ ရင်ဘတ်ထဲကိုအုပ်ပြီးတော့ ပြေးခဲ့ရတယ်။ မမှန်အောင်။ ရွာရဲ့ အပြင်ဘက်ကို ပြေးပြီးတော့ ထုတ်တာပေါ့။ အဝတ်အစားတွေမပါဘူး။ ဒီအတိုင်းပြေးတာ။ သားနဲ့မိန်းမကို အပင်ကြီးအောက်မှာ ထားခဲ့တာပေါ့။ အဲ့ဒီနောက် ဆိုင်ကယ်လေးတစ်စီး ပြန်ယူရတယ်

ဖြစ်စဉ်မှာ ထိုနေ့ ညနေ ၃ နာရီဝန်းကျင်က လူအင်အား ၈၀ နီးပါး ပါသည့် ချင်းဒေသမှ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ တစ်ခု ခရီးတစ်ထောက် ဝင်နားနေချိန်ဖြစ်ပြီး ရဟတ်ယာဉ်များ ချက်ချင်းရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုမှု သတင်းကြိုရ၍ လာရောက်ပစ်ခတ်သည့်ပုံစံဖြစ်သည်ဟု အထက်ပါ ရင်ပေါင်တိုင် ရွာဒေသခံအမျိုးသားက ပြောသည်။ 
Yin_baung_taing_5.Jpg

“သူ(လက်နက်ကိုင်တော်လှန်ရေးအဖွဲ့) တို့ ထမင်းစားနေတဲ့နေရာကိုပဲ ဝဲဝဲပြီးတော့ တအားကြီးပစ်တာဆိုတော့ ဒီနေရာကလူတွေပဲ အသေအပျောက် ဖြစ်တာ။ အဲ့ဒီတော့ အဲ့ဒီတပ်တွေ ဝင်လာတာကို တစ်ယောက်ယောက်က သတင်းပေးလို့လို့  ကျွန်တော်တော့ ယူဆမိတယ်။ ချက်ချင်းမတ်တပ် အခုရင်ပေါင်တိုင် ရောက်ပြီ လာခဲ့တော့ ဆိုပြီး သတင်းပေးတာထက် .. ကြိုပြီးသိထားတဲ့ပုံစံမျိုးလို့ပဲ ယူဆမိတယ်” 

ရင်ပေါင်တိုင်ရွာ ဒေသခံ ဦးအောင်တိုး (အမည်လွှဲ)သည် လက်ဘက်ရည်ဆိုင်မှအပြန် ဆေးဆိုင်တွင် သွေးတိုးကျဆေး ဝင်ဝယ်နေခိုက် ရဟတ်ယာဉ်များက ရွာဆီဦးတည်နေကြောင်း ကြားသိရပြီး ရွာနောက်ဘက်ခြမ်းရှိ အိမ်ဆီသို့ သုတ်ခြေတင်ပြေးခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် မူကြိုတက်နေသည့် သားငယ်ကို တစ်ဘက်ကပွေ့ပြီး အမျိုးသမီးလက်ကိုဆွဲပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ရွာပြင်ဆီသို့ ဦးတည်ပြေးတော့သည်။ 

အိမ်ခန်းထဲမှာ နေနေရင်းနဲ့ကို အပေါ်က ပစ်တဲ့လက်နက်ကြီး အိမ်ကိုမှန်ပြီး အဲ့ဒီက အစအနတွေမှန်ပြီး ဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်။ ခြေထောက်အရိုး ကျိုးသွားတာတွေရှိတယ်။ တချို့ဆိုရင် ပထမ ပစ်လိုက်တဲ့ လက်နက်ကြီးက ခေါင်းကိုမှန်ထားတာတွေရှိတယ်။ တချို့ဆိုရင် ကယ်ထုတ်နိုင်တယ်။ တချို့ကိုတော့ ကယ်မထုတ်နိုင်ဘဲ စိတ်မကောင်းစွာနဲ့ ပစ်ထားခဲ့ရတာတွေ ရှိတယ်

“သားကိုတော့ ရင်ဘတ်ထဲကိုအုပ်ပြီးတော့ ပြေးခဲ့ရတယ်။ မမှန်အောင်။ ရွာရဲ့ အပြင်ဘက်ကို ပြေးပြီးတော့ ထုတ်တာပေါ့။ အဝတ်အစားတွေမပါဘူး။ ဒီအတိုင်းပြေးတာ။ သားနဲ့မိန်းမကို အပင်ကြီးအောက်မှာ ထားခဲ့တာပေါ့။ အဲ့ဒီနောက် ဆိုင်ကယ်လေးတစ်စီး ပြန်ယူရတယ်” ဟု  ၎င်းက ထိုစဉ်က အခြေအနေကို ပြန် ပြောပြသည်။ 

ထို့နောက် ရွာအတွင်းတစ်ခေါက်ပြန်ဝင်ကာ သမီးငယ်ဖြစ်သူကို ထပ်မံရှာဖွေရပြန်သည်။ 

ဦးအောင်တိုးတို့မိသားစု အချိန်မီ ထွက်ပြေးနိုင်ခဲ့သော်လည်း  လေကြောင်းဖြင့်တရစပ်ပစ်ခတ်မှုအတွင်း ထွက် မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ ကျေးရွာအတွင်း ပိတ်မိပြီး လက်နက်ကြီး ထိမှန်ဒဏ်ရာများ ရရှိခဲ့ကာ ကျန်နေခဲ့သည့် ဒေသခံအချို့ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များက ထိခိုက်ဒဏ်ရာရသူများကို ကယ်ထုတ်ရေး ကြိုးပမ်းခဲ့သော်လည်း ရဟတ်ယာဉ် ပျံဝဲနေသောကြောင့်  ဒဏ်ရာအနည်းငယ်ရသူများကို ဦးစားပေးကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။ 

“အိမ်ခန်းထဲမှာ နေနေရင်းနဲ့ကို အပေါ်က ပစ်တဲ့လက်နက်ကြီး အိမ်ကိုမှန်ပြီး အဲ့ဒီက အစအနတွေမှန်ပြီး ဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်။ ခြေထောက်အရိုး ကျိုးသွားတာတွေရှိတယ်။ တချို့ဆိုရင် ပထမ ပစ်လိုက်တဲ့ လက်နက်ကြီးက ခေါင်းကိုမှန်ထားတာတွေရှိတယ်။ တချို့ဆိုရင် ကယ်ထုတ်နိုင်တယ်။ တချို့ကိုတော့ ကယ်မထုတ်နိုင်ဘဲ စိတ်မကောင်းစွာနဲ့ ပစ်ထားခဲ့ရတာတွေ ရှိတယ်” ဟု ဒေသခံကာကွယ်ရေးအဖွဲ့ Young Ranger Force မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဗလက ပြောသည်။ 

ခရီးတထောက် နားသည့် ချင်းလက်နက်ကိုင်အဖွဲ့ဝင်များကိုလည်း ယင်းမာပင်အခြေစိုက် ဒေသခံကာကွယ်ရေး အဖွဲ့များက အလျင်အမြန် ကယ်ထုတ်နိုင်ခဲ့ပြီး ချင်းအဖွဲ့ဝင်တချို့က ဖောက်ထွက်လွတ်မြောက်လာခဲ့သည်။

ထို့နောက် ရဟတ်ယာဉ်ဖြင့် လာချသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်က ရွာအတွင်းတပ်ဖြန့်နေရာယူလိုက် ပြီး လက်နက်ကြီးများဖြင့် ရွာနီးချုပ်စပ်ကို မကြာခဏပစ်ခတ်နေခဲ့သည်။

နောက်တစ်နေ့ (ဩဂုတ် ၁၂) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို  ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်ခဲ့ရာ ယင်းနေ့မှာလည်း စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ရွာအတွင်း စစ်တပ်က တပ်စွဲစခန်းချလိုက်ပြီး သုံးရက်အကြာ ဩဂုတ် ၁၄ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပြီး ဒေသခံ အမျိုးသား ၂၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ 

စစ်တပ် ရွာမှထွက်ခွာချိန်တွင်လည်း တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက ရင်ပေါင်တိုင် ရွာအနီးနားမှရွာများကို ပစ်ခတ်တိုက်ခိုက်ကာ လမ်းကြောင်းရှင်းပေးခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။ 

ထိုသူများနှင့် ယနေ့ ဩဂုတ် ၁၅ ရက်အထိ အဆက်အသွယ်ပြတ်တောက်နေသောကြောင့် သေသည်ရှင်သည်ပင် မသိရသေးကြောင်း ဒေသခံများကလည်း ဆိုသည်။

ဒေသခံများထံမှသိရသည့်အချက်အလက်အရ ရင်ပေါင်တိုင်ရွာမှ ထွက်သွားသည့် စစ်ကောင်စီ စစ်ကြောင်း သည် ပုလဲနယ်ဘက်ရှိ ပုထိုးသာရွာဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး ဝင်ရောက်စီးနင်း မီးရှို့ခြင်းများ ဆက်လုပ်နေသည်။
Yin_baung_taing_6.Jpg

သုဿန်တစပြင် ဖြစ်ခဲ့ရသည့် ရင်ပေါင်တိုင်

ယင်းမာပင်အနောက်ခြမ်းတစ်ခုလုံး ကုန်စည်ဝယ်ယူရေးအတွက် အားကိုးအားထားပြုရာ၊ ငါးရက်တစ်ဈေးအထိ ရှိခဲ့သည့် ရင်ပေါင်တိုင်ရွာကြီးမှာ သုဿန်တစပြင်သဖွယ် ခြောက်ကပ်တိတ်ဆိတ်ကာ ကြေကွဲဖွယ်ရာ မြင်ကွင်းများ၊ အပုပ်နံ့များဖြင့် ပြည့်နှက်နေသည်။

“စပြီးတော့ (ကျည်)မှန်တာက ၁၁ ရက်နေ့က မှန်တာဆိုတော့အလောင်းတွေက ကောက်လို့မရဘူး ဖြစ်နေတယ်။ တစ်ရွာလုံးကို ပုပ်စော်တွေကိုနံလို့။ နွားတွေရော၊ ခွေးတွေရော၊ မြင်းတွေ ရောလက်နက် မှန်တာတွေ။ ရွာကလည်း စုတ်ပြတ်သပ်နေတာပဲ။ အိမ်တိုင်းအိမ်တိုင်းမှာလည်း အမိုးတွေမှာ အပေါက်တွေ၊ အပေါက်တွေ ဘယ်အိမ်မှ ကောင်းတဲ့အိမ်သိပ်မရှိဘူး” အထက်ပါဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။ 

ရင်ပေါင်တိုင်ရွာမှ စစ်တပ်ထွက်သွားပြီဖြစ်သော်လည်း ထိခိုက်ပျက်စီးမှုများနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်း များကြောင့် ရွာခံများမှာ ယနေ့ (ဩဂုတ် ၁၅) အထိ နေရပ်မပြန်နိုင်သေးဘဲ ရှောင်တိမ်းနေရဆဲဖြစ်သည်။

မြေပြင်ကလာရင် တိုက်ခိုက်နိုင်ပေမယ့် ဝေဟင်က လာရင်တော့ ကြောက်လန့်တကြားနဲ့ထွက်ပြေးရဆဲပဲ။ ပစ်သွားတဲ့လေယာဉ်သည် ထန်းပင်နှစ်ရပ်စာတောင် မရှိဘူး။ အဲ့ဒီလောက်ကနေ ပစ်သွားတယ်

ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၆၉ ရွာအနက်  ရင်ပေါင်တိုင်ရွာကို လေကြောင်းပါ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခဲ့သည့် စစ်တပ်၏ လုပ်ရပ်သည် စစ်ကိုင်းတိုင်းအတွင်း ယခုရက်ပိုင်းအတွင်း အပြင်းထန်ဆုံး ပစ်ခတ် တိုက်ခိုက်မှုဖြစ်သည်။

ယခုလဆန်းပိုင်းမှစတင်၍ ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ  မြင်းမူ၊ အရာတော်၊ ဒီပဲယင်း၊ ရေဦးတို့ကို လေကြောင်းမှပင် ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။ 

မြေပြင်စစ်ကြောင်းထိုးလာသည်ကို ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် ခုခံတိုက်ခိုက်နိုင် သော်လည်း ဝေဟင်တိုက်ခိုက်မှုကို ခုခံနိုင်ရန် ဒေသခံကာကွယ်ရေးအဖွဲ့များအတွက် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကိုဗလ က ဆိုသည်။ 

“မြေပြင်ကလာရင် တိုက်ခိုက်နိုင်ပေမယ့် ဝေဟင်က လာရင်တော့ ကြောက်လန့်တကြားနဲ့ထွက်ပြေးရဆဲပဲ။ ပစ်သွားတဲ့လေယာဉ်သည် ထန်းပင်နှစ်ရပ်စာတောင် မရှိဘူး။ အဲ့ဒီလောက်ကနေ ပစ်သွားတယ်။ အောက်ကနေ ပစ်စရာလက်နက်တစ်ခုခု ရှိတယ်ဆိုရင် ခုခံနိုင်တယ်။ အဓိကတော့ ဝေဟင်ကလာတဲ့အန္တရာယ်ကို မတားဆီးနိုင်သေးတဲ့ကဏ္ဍပေါ့”

မေတ္တာအခါတော်နေ့ဖြစ်သည့် ဝါခေါင်လပြည့်နေ့တွင် ရင်ပေါင်တိုင်ရွာကို လေကြောင်းပစ်ခတ်တိုက်ခိုက် စီးနင်း ခဲ့သည့် စစ်တပ်သည် ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ရုံသာမက ရွာလယ်ဓမ္မာရုံကို ဆိုးဆိုးရွားရွားပျက်စီး ထိခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

ရင်ပေါင်တိုင်ရွာမှ ဝပ်ရှော့ ၂ ဆိုင်၊ ဆံပင်ညှပ်ဆိုင် ၁ ဆိုင်၊ အကြော်ဆိုင် ၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁၅ စီး မီးလောင်ပျက်စီးခဲ့သည်။

ရင်ပေါင်တိုင်ရွာကို ယခင်တစ်ကြိမ် ၂၀၂၁ စက်တင်ဘာအတွင်း စစ်တပ်ဝင်ရောက်စီးနင်းစဉ်က ဒေသခံ ၁ ဦးအသတ်ခံရပြီး ၇ ဦး ရိုက်နှက် နှိပ်စက်ခံခဲ့ရကာ ယခုတစ်ကြိမ်ဖြစ်ရပ်ဆိုးတွင် ဒေသခံ ပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ရသည်။

“ ပြည်သူကို နှိပ်စက်နေတဲ့စစ်ကောင်စီကိုတော့ နာကျည်းချက်တွေနဲ့ ဆက်လက်တွန်းလှန်မယ်။ ဒီလိုဖြစ်ရပ်မျိုး သားစဉ်မြေးဆက်တွေအထိ မဖြစ်အောင်လို့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်မယ်။ ဒီလိုဖြစ်ရပ်မျိုးကို ကျန်တဲ့ရွာတွေကိုလည်း မဖြစ်စေချင်ဘူး” ဟု ရင်ပေါင်တိုင်ရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

Myanmar Now News

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) နောက်ဆုံးထွက်ရှိသည့် အစီရင်ခံစာတွင် မြန်မာ စစ်အာဏာရှင်တို့က လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း တွေ့ရှိထားသည်

၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၊ ND-Burma မှ အာဏာသိမ်းမှုအား ခုခံခြင်း” ဆိုသည့် ၆ လပတ်အစီရင်ခံစာထုတ်ပြန်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း မြန်မာစစ်အာဏာရှင်များ ကျူးလွန် သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြထားသည်။ လွန်ခဲ့သည့် ၆ လအတွင်း စစ်အာဏာရှင်တို့ သည် ပြစ်ဒဏ်ခတ် အရေးယူခံရခြင်းမရှိဘဲ ထောင်နှင့်ချီသည့် အိုးအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြည်သူများအား သတ်ဖြတ်နေသည်။ အကြမ်းဖက် ကျူးလွန်မှုများကြောင့် လူသားချင်းစာနာသည့် အကြပ်အတည်းများ ဖြစ်ပေါ်လျှက်ရှိပြီး သောင်းနှင့်ချီသည့် ပြည်သူများ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးရကာ ဆင်းရဲကြပ်တည်းစွာ နေထိုင်ကြရသည်။

ND-Burma အဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဒေသများတွင် ဆိုးရွားသည့် အကြမ်းဖက်မှုများကို မြန်မာ့တပ်မ တော် စစ်သားများက ကျူးလွန်နေသည်။ စစ်အာဏာရှင်တို့သည် ၎င်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် နေမှုအား ၎င်းတို့နားလည်သည့် တခုတည်းသောနည်းလမ်းဖြစ်သော အကြမ်းဖက်မှုဖြင့် တုန့်ပြန်သည့်အ တွက် ပြည်တွင်းပဋိပက္ခများ ပိုမိုများပြားလာသည်။ ထို့ကြောင့် ပြည်သူလူထု အများအပြားမှာ အဆက် မ ပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဖြစ်ပေါ်စေသည့် အထောက် အထားများဖြစ်သည်။

စစ်အာဏာရှင်တို့မှ တမင်ရည်ရွယ်၍ ‘ကြောက်မက်ဖွယ် လမ်းကြောင်းသို့ တွန်းပို့နေသဖြင့်’ ၎င်းတို့အား လက်မခံသရွေ့ ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို အာဏာရှင်တို့က ရပ်ဆိုင်းမည်မဟုတ်ပေ။

မြန်မာစစ်တပ်မှ ကျူးလွန်သည့် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ညှဥ်းပန်းနှိပ် စက်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ပစ္စည်းဥစ္စာများ မတရားသိမ်းဆည်းခြင်း၊ လက်စတုန်းဖျောက်ဖျက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားများအပေါ် ဆန့်ကျင်သည့်ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု များကို ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်ထားသည်။ စစ်အာဏာရှင်တို့ ကျူးလွန်သည့် ရာဇဝတ်မှု များအတွက် တာဝန်ယူ တာဝန်ခံရန်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။

အရပ်သားပြည်သူများနေထိုင်ရာဒေသတွင် အကြမ်းဖက်ကျူးလွန်မှုများ ချက်ခြင်းရပ်တန့်ရန်နှင့် စစ်အာဏာရှင်တပ်များရုပ်သိမ်းရန် ND-Burma မှ တောင်းဆိုသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ASEAN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနဖြင့် စစ်အာဏာရှင်များ တာဝန်ယူ တာဝန်ခံမှု ရှိလာစေရေးအတွက် လက်တွေ့ကျသည့် အရေးယူများ ချမှတ်ဆောင်ရွက် ရမည်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ရေးကို ND-Burma မှ ထောက်ခံကြိုဆိုပါသည်။ မြန်မာ့အခြေအနေအား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်အတွက် စစ်အာဏာရှင်တို့အပေါ် သံတမန်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေး အရေးယူရန် တောင်းဆို ပါသည်။

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသည် စစ်အာဏာရှင်လက်အောက်တွင် မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။

ပိုမိုသိရှိလိုပါက

ဆက်သွယ်ရန်

ကိုတိန်ဦး

+66 81 595 6138

arakanvictory@protonmail.com

ဒိုင်းမွန်းထူး

+66 96 759 5082

outreachofficer@nd-burma.org

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။

ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်းအဖြစ်မှန်အမှန်တရားကိုစုပေါင်းအသုံးပြုကာ၊လောလောဆယ် စည်းရုံးတိုက် တွန်းတင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်း စိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။

လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိုနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှာထည့်သွင်းပါသည်။ ထိုအပြင် ပူးတွဲအစီရင်ခံ တင်ပြခြင်းနှင့် စည်းရုံလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမူများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏ လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့်အရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

တင်းပြည့်အဖွဲ့ဝင်များ

၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၂) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၃) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)

၄) အနာဂါတ်အလင်းတန်းဆုံမှတ်

၅) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆) ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇) တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈) တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉) ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်းများ

၁) ချင်းလူ့အခွင့်အရေးအဖွဲ့

၂) ပအိုဝ်းလူငယ်များအစည်းအရုံး

၃) ပဲခူး အရှေ့ – နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄) ရှေ့ပြေးအသံ

ယခုအစီရင်ခံသည့် ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လတလျှောက် မြန်မာစစ်တပ်သည် ဒီမိုကရေ စီ စံချိန်စံညွှန်းများနှင့် အခြေခံမူများအပေါ် မထီမဲ့မြင်ပြုနေသည်ကို ND-Burma အဖွဲ့ဝင်များက မျက်ဝါးထင်ထင် မြင်တွေ့ကြရသည်။ စစ်အာဏာရှင်တို့ အရိုးစွဲအောင် ကျင့်သုံးနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဓ လေ့နှင့် အကြမ်းဖက် ကျူးလွန်မှုကြောင့် လူသားချင်းစာနာသည့် အကြပ်အတည်းကိုဖြစ်ပေါ်စေပြီး လူဦးရေ တသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ နိုင်ငံရေးအခြေအနေမှာ အကြီးအကျယ်ပြောင်းလဲသွားသည်။ ထို့အတူ တခုပြိုလဲသွားပြီးနောက် ဆင့်ကဲ ရိုက်ခတ်မှုဖြစ်စဥ်အရ စစ်အာဏာရှင်တို့၏ တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖွဲ့စည်းခဲ့သည့် အတိုက်အခံအင်အားစုများအ ပေါ် ရိုက်ခတ်မှုရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရပြီး လအနည်း ငယ်အတွင်းမှာပင် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အားကောင်းလာသည်။ ပြည်သူ့ဝန် ထမ်းများဖြစ်သည့် ဆရာဝန်၊ ကျောင်းဆရာ၊ အင်ဂျင်နီယာနှင့် တခြားနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ က စစ်အာဏာရှင်အောက်တွင် တာဝန်ထမ်းဆောင်မည် မဟုတ်ကြောင်း ငြင်းဆန်ကြေငြာခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မတ်လတွင် CDM လှုပ်ရှားမှုသည် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံရ သည်။

ထို့ပြင် စစ်အာဏာရှင်တို့၏ အာဏာငမ်းငမ်းတက် ရယူလိုချင်မှုကြောင့် ၎င်းတို့ မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုပင် ပြန်လည်ချိုးဖာက်ကြောင်း နွေဦးတော်လှန်ရေး၏ ဗျူဟာမြောက် စုစည်း ကြိုးပမ်းမှုမှ တဆင့် ထုတ်ဖော်ပြသခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တို့ကို တရားဝင် ထိတွေ့ဆက်ဆံမှုနှင့် သံတမန် ဆက်သွယ်မှုအတွက် ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး (PDFs) အဖွဲ့များကိုလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် သည့် အရပ်သားများဖြင့် စစ်အာဏာရှင်တို့အား ဆန့်ကျင်တိုက်ခိုက်ရန် ဖွဲ့စည်းခဲ့သည်။ နောက်ခံ အခြေအနေအမျိုးမျိုးနှင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့ ညီညွတ်စွာဖြင့် အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လျှက်ရှိသည်။

ယခုအစီရင်ခံသည့် ကာလအတွင်း စစ်အာဏာရှင်တို့သည် အရပ်ဖက်အဖွဲ့အစည်းများနှင့် EROs အပါအဝင် ဒီမိုကရေစီအင်အားစုများ၏ ရဲရဲဝံ့ဝံ့ခုခံမှုကို ယှဥ်ပြိုင်အံတုနိုင်ခြင်းမရှိပေ။ ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံတွင်း အရေးပေါ်လိုအပ်မှုများအပါအဝင် အကြပ်အတည်းများနှင့် ပတ်သက်၍ တုန့်ပြန်ဆောင်ရွက်ရန် ပျက်ကွက်နေစဥ်တွင် နိုင်ငံတွင်းရှိ တက်ကြွလှုပ်ရှားသူများက စံပြအနေဖြင့် ရဲရင့်စွာ အသက်ကို ပဓာနမထားပဲ ၎င်းတို့၏ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသည်။

NUG အပါအဝင် ကာလကြာရှည်ဆောင်ရွက်နေသည့် လှုပ်ရှားတက်ကြွသူများနှင့် ယုံကြည်စွာ လက်တွဲ အလုပ်လုပ်ရမည့်အစား နိုင်ငံတကာအဖွဲ့အစည်းအချို့သည် စစ်အာဏာရှင်တို့နှင့် လက်တွဲ၍ ၎င်းတို့အား အသိ အမှတ်ပြုစေသည့် တရားဝင်မှုကို အရဲစွန့် ပေးနေသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ  ညှိနှိုင်းဆောင်ရွက်ရေးရုံး (OHA) နှင့် ASEAN ၏ လူသားချင်းဆိုင်ရာ ကူညီမှု အဖွဲ့သည် စစ်အာဏာရှင်တို့နှင့် ပူးပေါင်း၍ လူသားချင်းစာနာသည့် အကူအညီများအတွက် ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းပြင်နေသည်[4]။  အထောက်အပံ့ အကူအညီများကို တလွဲသုံးခြင်းနှင့် စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနှင့် အမိုးအကာများ အပါအဝင် အရေးတကြီးလိုအပ်နေသည့် အခြေခံလိုအပ်ချက်များအား ပိတ်ပင်တားဆီးနေသည့် စစ်အာဏာရှင်တို့ နှင့် လက်တွဲလုပ်ဆောင်ခြင်းဖြစ်သည်။ လက်တွေ့မြေပြင်တွင် လုပ်ဆောင်နေသည့် အားကိုးစိတ်ချ၊ ယုံကြည်ရသည့် အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်မည်လား? မြန်မာစစ်အာဏာရှင်တို့အား အရဲစွန့်၍ တရားဝင်မှုကို အသိအမှတ်ပြုမည်လား? ဟု အရပ်ဖက်အဖွဲ့အစည်းများက ကုလသမဂ္ဂအား မေးခွန်းထုတ် တောင်းဆိုနေကြသည်။ လူသားချင်းစာနာသည့် အကူအညီများအား တလွဲအသုံးပြုနေသည်ဟု မှတ်တမ်းရှိသည့် မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ အကူအညီများ ပေးပို့ဆောင်ရွက်သွားမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ဆုံးဖြတ်ချက်အား  NUG ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန် ကြီးဌာနသည် ကရင်အမျိုးသားအစည်းအရုံး (KNU), ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့နှင့် ပူးပေါင်း၍ ကန့်ကွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် စစ်အာဏာရှင်တို့က လက်နက်မဲ့ အပြစ်မဲ့ ပြည်သူများအပေါ် စက်ဆုတ်စရာကောင်းအောင် ကျူးလွန်သည့် ရာဇဝတ်မှု များတွင် ကြံရာပါအဖြစ် အရဲစွန့် လုပ်ဆောင်ခြင်းဖြစ်သည်။


ကယားပြည်နယ် မိုးဗြဲမြို့ပေါ်က သန့်ရှင်းသောမယ်တော် ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီနေ့မနက်ပိုင်း ဒေသခံ အနည်းဆုံး တစ်ဦး ဒဏ်ရာရရှိထားတယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ (Mobye Rescue Team) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ဟာ ဇူလိုင်လ ၁၈ ရက် ဒီနေ့ မနက်အစော ၂ နာရီဝန်းကျင်က ဘုရားကျောင်းကို ရောက်လာခဲ့ပြီး အဲဒီမှာတပ်စွဲကာ လက်နက်ကြီး ပစ်နေ တာလို့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခရစ်ယာန်ဘုန်းကြီးနဲ့ တွေ့တော့ မနက်အစောကြီး ပြန်ထွက်မယ်ဆိုပြီးတော့ ပြောတယ်။ ညတုန်းက သူတို့ဝင်လာတော့ PDF တွေက တွေ့တယ်။ ပစ်ဖို့လုပ်နေချိန် ဘုန်းကြီးက တားလိုက်တယ်။ ဘုရားကျောင်း ပျက်မယ်။ မနက်ကျရင် စစ်ကောင်စီက သွားလိမ့်မယ် ဆိုပြီးမှ။ မနက်ရောက်တော့ မထွက်သွားဘူးဖြစ်နေတယ်။ လက်နက်ကြီးနဲ့ လျှောက်ထု နေတယ်”

ဒီလိုပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ပေါ်၊ စည်ကားရပ်ကွက် (၁) မှာနေထိုင်တဲ့ ဒေသခံတစ်ဦး နေအိမ်မှာရှိနေချိန် လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ Mobye Rescue Team က ထုတ်ပြန်ထားပါတယ်။ 

ထိခိုက်ဒဏ်ရာရရှိထားတဲ့ အခြားဒေသခံတွေရဲ့ အခြေအနေ အသေးစိတ်ကို သိရဖို့ RFA က Mobye Rescue Team ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ကယ်ဆယ်ရေး လုပ်ဆောင်နေရတဲ့ အခြေအနေဖြစ်နေလို့ မေးမြန်းခွင့်မရခဲ့ပါဘူး။

RFA က အဆက်အသွယ်ရခဲ့တဲ့ အခြားမိုးဗြဲဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးကြောင့် နေအိမ် သုံးလုံးခန့် ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

မိုးဗြဲမြို့ပေါ်မှာလည်း ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကနေ ညနေပိုင်းအထိ နှစ်ဖက် တိုက်ပွဲဖြစ် နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက RFA ကို ပြောပြပါတယ်။

“အခုထိတော့ အခြေအနေက နှစ်ဖက်တင်းမာနေတုန်းပဲ။ သူတို့က အဲဒီ (ဘုရားကျောင်း) မှာကို တပ်စွဲထားချင်တဲ့ သဘောဖြစ်တယ်။ ပစ်ကူတွေပေးနေတယ်။ တိုက်ပွဲက ဒီနေ့လယ် ၁၂ နာရီ ကတည်းက ဖြစ်နေတာ ၂ နာရီခွဲလောက် ကြာပြီ အခုထိဖြစ်နေတုန်းပဲ”

RFA က သတင်းရေးသားနေတဲ့ ညနေ ၃ နာရီထိုးခါနီးအထိ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အတိအကျကိုတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး လက်နက်ကြီး၊ လက်နက် ငယ်ကြောင့် ဒဏ်ရာရရှိတဲ့ ပြည်သူတွေအနေနဲ့ Mobye Rescue Team ကို ဆက်သွယ်ဖို့ ကြေညာ ထားသလို မိုးဗြဲ PDF ကလည်း မြို့တွင်းမသွားလာဘဲ ရှောင်ရှားကြဖို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese