ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

အိန္ဒိယဘက် ထွက်ပြေးတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေ ပိုများလာ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ချင်းပြည်နယ်ထဲက ရွာတစ်ရွာကို မီးရှို့ခဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့က လူငယ်နှစ်ဦး အပါအဝင် လူငါးဦးကို ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက် ဒေသခံအနည်းဆုံး နှစ်ရာကျော် မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံခဲ့ကြကြောင်း အိန္ဒိယသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ချင်းပြည်နယ်မှာ အရပ်ဘက်ပြည်သူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်က အရှိန်မြှင့်တိုက်ခိုက်နေတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ မီဇိုရမ်ပြည်နယ်တွင်းကို ထွက်ပြေးခိုလှုံနေကြရတာပါ။
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်က ရွာတစ်ရွာမှာလည်း နေအိမ်အနည်းဆုံး ၁၅ လုံး မီးရှို့ခံခဲ့ရပြီး အသက် ၁၇ နှစ် နဲ့ ၁၅ နှစ်အရွယ် ညီအစ်ကိုနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
အခုနောက်ဆုံးတိုက်ခိုက်မှုကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ မြန်မာနိုင်ငံကို မလာရောက်ခင် တစ်ရက်အလိုမှာ ဖြစ်ပါတယ်။
အိန္ဒိယအနောက်မြောက်ပိုင်းမှာ လက်ရှိ စစ်ဘေးဒုက္ခသည်ဦးရေ အနည်းဆုံး လေးသောင်းတစ်ထောင်ကျော် ရှိမယ်လို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။
RFA Burmese
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ရာထူး ပြန်ရုပ်သိမ်းဖို့ အဖွဲ့ ၈ဝဝ ကျော် ပူးတွဲတောင်းဆို
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်တဲ့နေရာမှာ အထူးသံတမန်တွေစေလွှတ်ပြီး စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားတဲ့နည်းလမ်းဟာ အလုပ်မဖြစ်တဲ့အတွက် ဒီရာထူးကို ရုပ်သိမ်းပြီး အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဖို့ မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၈၀၀ ကျော် စုပေါင်းလက်မှတ်ထိုးပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို တိုက်တွန်းလိုက်ပါတယ်။ အခုလိုတောင်းဆိုရတာဟာ မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့တဲ့ အထူးသံတမန် မစ္စနိုလင်းဟေဇာဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အခြားနိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်ရေး အတွက် ကြိုးစားအားထုတ်ခဲ့တာ မရှိဘူးလို့လည်း သုံးသပ်တာလည်းရှိပါတယ်။
ရှေ့လမှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် စေလွှတ်တဲ့ ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ် ရာထူးကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ပြီး မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ဆိုးဝါးလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအခြေအနေတွေကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံအရေး လုပ်ဆောင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း ၈၆၄ ခုက လက်မှတ်ရေးထိုးတောင်းဆိုကြောင်း မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ အထူးသံတမန်တွေ စေလွှတ်ပြီး စေ့စပ်ညှိနှိုင်းတဲ့နည်းလမ်းဟာ အလုပ်မဖြစ်တဲ့အကြောင်း အတိတ်က ဖြစ်ရပ်တွေအရ သိနိုင်တဲ့အပြင် နောက်ဆုံးစေလွှတ်တဲ့ ကုလသမဂ္ဂ အထူးသံ မစ္စနိုလင်းဟေဇာရဲ့ခရီးစဉ် ထိရောက်မှုမရှိတာဟာလည်း ဒီနည်းလမ်း အလုပ်မဖြစ်တဲ့အကြောင်း သက်သေပြနေတယ်လို့ ဦးဆောင်တောင်းဆိုတဲ့ Progressive voice အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မဖြေရှင်းဘဲ အထူးသံတမန်တွေ စေလွှတ်နေတာဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်တယ်လို့ Progressive voice အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။
အခုနှစ် စက်တင်ဘာလမှာ ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ကျင်းပပြီး နိုဝင်ဘာလလောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရာထူးကို နောက်တစ်နှစ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ချဖွယ်ရှိတဲ့အကြောင်း ဒီရာထူးအတွက် သက်တမ်းတိုးမယ့်အစား လုံးဝရပ်ဆိုင်းဖို့ တောင်းဆိုထားတာ ဖြစ်တယ်လို့ မခင်ဥမ္မာက ပြောပါတယ်။
ဒါ့အပြင် မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ လက်ရှိကုလသမဂ္ဂအထူးသံတမန် မစ္စနိုလင်းဟေဇာရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်လို့လည်း ဒေါ်ခင်ဥမ္မာက အခုလို သုံးသပ်ပါတယ်။
“သူလုပ်ရမယ့် အလုပ်တစ်ခုအနေနဲ့ လုပ်တယ်ဆိုတာ ကျွန်မတို့က နားလည်သော်လည်း သူသွားတဲ့အခါမှာ ဟိုမှာ ဆွေးနွေးတဲ့ပုံစံ၊ သူ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကြည့်လိုက်တဲ့ အခါမှာ အားလုံးပါဝင်ရေးဆိုတာကို ပြောထားပေမယ့် အားလုံးပါဝင်ရေးကို လုပ်ချင်တယ်ဆိုရင်တောင် အစကတည်းက အားလုံးကို တန်းတူအသိအမှတ်ပြုပြီး လေးစားမှုရှိရမယ်။ အဲဒီအတွက် ကြေညာချက်ထုတ်ရင် NUG ကိုပါ နာမည်ထည့်ပြီး ထုတ်ရမယ်။ အဲဒီအတွက် သူ မထုတ်ထားဘူး။ အာဏာသိမ်းဖို့ ကြိုးစားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း မပြောတာကို တွေ့ရတယ်။ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ချင်တယ်ဆိုရင်တောင်မှ ချဉ်းကပ်ပုံ မဟုတ်နေဘူးဆိုတာ ကျွန်မတို့က မြင်တယ်”
အမေရိကန်နိုင်ငံ မင်နီဆိုတားပြည်နယ် Carleton College က နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာထွန်းမြင့်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်ရာထူးကို ရပ်ဆိုင်းသင့်တဲ့အပြင် မြန်မာနိုင်ငံအရေးကို ကိုယ်တိုင်ဝင်ရောက်ဟန့်တားရမယ့် အခြေအနေရောက်နေပြီလို့ သုံးသပ်ပါတယ်။
“ကုလသမဂ္ဂအနေနဲ့ ဒီကိုယ်စားလှယ်ကို ဖြုတ်ပေးဖို့ တောင်းဆိုချက်တွေဟာ မှန်တယ်။ ဖြုတ်ပြီးလို့ရှိရင် ဘယ်လိုနည်းလုပ်ရမလဲ ဆိုရင် လုံခြုံရေးကောင်စီရဲ့နောက်ဆုံးထုတ်ထားတဲ့ Press Release ရှိတယ်။ ကုလအထွေထွေညီလာခံက မင်းအောင်လှိုင်ရဲ့စစ်ကောင်စီကို အသိအမှတ် မပြုနိုင်ကြောင်း Resolution ချထားတယ်။ နောက်ပြီးတော့ ဦးကျော်မိုးထွန်းကိုလည်း မြန်မာပြည်သူလူထုရဲ့ သံအမတ်အနေနဲ့ ဆက်ပြီး ထားတားတယ်။ ဒါတွေက ဘောင်တွေ။ အဲဒီဘောင်တွေကို အကောင်အထည်ဖော်ရမယ်ဆိုရင် UN Charter ရဲ့ အခန်း ၁ နဲ့ အခန်း ၆၊ ၇ တို့ကို အကောင်အထည်ဖော်ရမယ့် အခြေအနေရောက်နေပြီ ဆိုတာရှင်းတယ်။ အခန်း ၇ကတော့ နောက်ဆုံး ဒါဖာတို့၊ ကိုဆိုဗိုတို့ကို ဝင်ပြီး ဟန့်တားတဲ့ အခြေအနေမျိုး အာဏာပေးထားတယ်”
မြန်မာနိုင်ငံမှာ အရင်အစိုးရလက်ထက် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရစဉ်က အလားတူ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ နှောင့်နှေးနေခဲ့တဲ့အခြေအနေမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် လာရောက်ပြီး စစ်ခေါင်းဆောင်တွေ နဲ့ စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ သာဓကရှိခဲ့တဲ့အကြောင်း၊ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေဟာလည်း အလားတူအခြေအနေရောက်နေတဲ့အတွက် ကုလသမဂ္ဂရဲ့အာဏာအရှိဆုံးပုဂ္ဂိုလ် ကိုယ်တိုင်ကိုင်တွယ်ရမယ့် အခြေအနေရောက်နေပြီ ဖြစ်တဲ့အကြောင်း Progressive voice အဖွဲ့က မခင်ဥမ္မာက သုံးသပ်ပါတယ်။
RFA Burmese
ကုလသမဂ္ဂအထွေထွေညီလာခံမှ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရန်
ကုလသမဂ္ဂအထွေထွေညီလာခံမှ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရန်
ကုလသမဂ္ဂအထူးသံတမန်မှ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကို အရပ်ဘက်လူထု အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရုပ်သိမ်းရန် အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (UN Secretary-General) အနေဖြင့် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု တာဝန်ယူပြီး တိကျပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ ကတိကဝတ်ကို ပြသရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ မှ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော လက်ရှိကုလသမဂ္ဂ အထူးသံတမန် (UN Special Envoy – UNSE) ဖြစ်သည့် နိုလင်ဟေဇာ၏ ပထမဦးဆုံးခရီးစဉ်သည် ကုလသမဂ္ဂမှ ဆယ်စုနှစ်များစွာတိုင် ခန့်အပ်ထားရှိလာခဲ့သော ဤရာထူးလုပ်ပိုင်ခွင့်၏ ထိရောက်မှုမရှိသည့် ချဥ်းကပ်မှု သမိုင်းအစဉ်အလာနှင့် ဆက်လက်ကျရှုံးနေမှုကို ဖော်ပြသည့် နောက်ဆုံးသာဓကတစ်ခုပင် ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအရေးအပေါ် ၎င်း၏သမားရိုးကျ ချဉ်းကပ်ပုံကို အဆုံးသတ် ရမည်။ ရှည်လျားလှသော သမိုင်းအစဉ်အလာအရ ကုလသမဂ္ဂ၏ အထူးသံတမန်များမှတစ်ဆင့် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ရန် ကြိုးပမ်းမှုများသည် အဓိပ္ပါယ်ရှိသောရလဒ်များ မည်သည့်အခါမျှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတကာရာဇဝတ်မှုများအား ချိုးဖောက် ကျူးလွန်နေသူများကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းများကို ပို၍ပင် ဆိုးရွားနေစေသည်။
စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ယင်း “ခရီးစဉ်များ” နှင့် “တွေ့ဆုံဆွေးနွေးမှုများ” သည် စစ်တပ်ကို ပိုမိုအတင့်ရဲလာစေသည့်အပြင် လက်ရှိတရားမဝင်စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် တိုးမြှင့်လုပ်ဆောင်လာနေသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်၍ပင် ကျူးလွန်စေလိမ့်မည် ဖြစ်သည်။ ယင်းမှာ လက်ရှိမြန်မာပြည်သူများ၏ ညီညွတ်သော ရုန်းကန်တိုက်ပွဲဝင်မှုကို ထိခိုက်ပျက်ပြားစေသဖြင့် ကုလသမဂ္ဂသည် ၎င်း၏ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရ” ဟူသော မူကို ဖောက်ဖျက်ရာလည်း မြောက်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ (UN General Assembly – UNGA) အစည်းအဝေးတွင် UNGA နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရပ်တန့်ရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ ထို့အပြင် UNGA အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးကို အဓိကထားသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် တောင်းဆိုချက်များကို ထင်ဟပ်သည့် တိကျခိုင်မာသော အရေးယူဆောင်ရွက်မှုများ စီစဥ်လုပ်ဆောင်ရမည်။
အကြမ်းဖက်စစ်အုပ်စုက တစ်နိုင်ငံလုံးအပေါ် ကျူးလွန်ခဲ့သည့် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းနှင့်ပတ်သက်၍ ဖြေရှင်းချက်တစ်ခုအဖြစ် လက်ရှိ ကုလသမဂ္ဂအထူးသံတမန်က အဆိုပြုခဲ့သော အာဏာခွဲဝေမှု ညှိနှိုင်းရေး အဆိုပြုချက်ကို အရပ်ဘက် လူထုအဖွဲ့အစည်းများက ယခင်ကတည်းကပင် ငြင်းဆိုခဲ့ပြီး ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနှင့် ဧပြီလအတွင်း ကုလသမဂ္ဂအထူးသံတမန်နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးမှုများတွင် အရပ်ဘက်လူထုအဖွဲ့အစည်းများက တင်ပြခဲ့သည့် စစ်တပ်၏ပါဝင်ပတ်သက်မှု ကင်းစင်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် မျှော်မှန်းချက်များအား ထင်ဟပ်သော အဓိကကျသည့် အကြံပြုတိုက်တွန်းချက်များကို ကုလသမဂ္ဂအထူးသံတမန်အနေဖြင့် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့မှုအပေါ် မိမိတို့မှ အံ့ဩတုန်လှုပ်မိပါသည်။
ကုလသမဂ္ဂအထူးသံတမန်၏ လက်ရှိလုပ်ပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံ၏ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် တိကျပြတ်သားမှု မရှိခြင်းနှင့် လုံလောက်မှု မရှိသည့်အတွက် ယင်း လုပ်ပိုင်ခွင့် အာဏာကို “တာဝန်ယူမှု တာဝန်ခံမှုနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှိလာစေရေးအတွက် အလေးပေးလုပ်ဆောင်နိုင်သည့် ပြုပြင်ပြောင်းလဲမှုနှင့် ပိုမိုကောင်းမွန်သော မွမ်းမံမှု လုပ်ဆောင်ရန်” ကိုလည်း အရပ်ဘက်လူထုအဖွဲ့အစည်းများက ထိုတွေ့ဆုံဆွေးနွေးမှုအများအတွင်း တောင်းဆိုထားခဲ့ပြီး ဖြစ်သည်။ လက်ရှိကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာသည် ရိုဟင်ဂျာအကြပ်အတည်းကို ဖြေရှင်းရန် UNGA ၏ ၂၀၁၇ ခုနှစ် ၇၂ ကြိမ်မြောက်အစည်းအဝေးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်းသည် လက်ရှိအကြပ်အတည်း၏ အတိုင်းအဆနှင့် ခက်ခဲရှုပ်ထွေးမှုကို ထင်ဟပ်နိုင်ခြင်း မရှိပါ။ ကုလသမဂ္ဂအထူးသံတမန်သည် ထိုအဓိကကျသော အကြုံပြုတိုက်တွန်းချက်များကို အသိအမှတ်ပြုရန် သို့မဟုတ် အရေးယူလုပ်ဆောင်ရန် ပျက်ကွက်ခဲ့သဖြင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အချည်းအနှီး ဖြစ်စေခဲ့သည်။
စစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တရားဝင်မှုရရှိရေး ကြိုးပမ်းရာတွင် စစ်အုပ်စုနှင့် တွေ့ဆုံရန် အဆိုပြုခဲ့သည့် ကုလသမဂ္ဂအထူးသံတမန်၏ နေပြည်တော်ခရီးစဉ်များသည် အသုံးချခြယ်လှယ်ခံ ဖြစ်လာနိုင်သကဲ့သို့ စစ်အုပ်စုကိုလည်း ပိုမို၍ပင် အတင့်ရဲလာစေမည်ဖြစ်ကြောင်း အရပ်ဘက်လူထု အဖွဲ့အစည်းများက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အလေးပေးဆွေးနွေးထားခဲ့ပြီးလည်း ဖြစ်သည်။ ယင်းသွားရောက်တွေ့ဆုံမှုများက စစ်အုပ်စုကို ကုလသမဂ္ဂမှစ၍ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ် ပြုလက်ခံသည့် အသွင်သဏ္ဍာန်ကို ပေးလိမ့်မည် ဖြစ်သည်။ လတ်တလော သွားရောက်ခဲ့သည့် ကုလသမဂ္ဂ အထူးသံတမန်၏ ခရီးစဉ်မတိုင်မီ မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှု လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း မှတ်သားလိုပါသည်။
မိမိတို့ ကြိုတင်သတိပေးခဲ့မှုနှင့် မျှော်လင့်ထားခဲ့သည့်အတိုင်းပင် စစ်အုပ်စုက ကုလသမဂ္ဂ အထူးသံတမန်နှင့် ၎င်းတို့တွေ့ဆုံခဲ့မှုကို “လက်ရှိမြန်မာနိုင်ငံအစိုးရ” နှင့် တရားဝင်တွေ့ဆုံမှု ဖြစ်သည့်အလား စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အထူးသံတမန်တို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံများကို သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ဖော်ပြသပုံဖော်ခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် အထူးသံတမန်အား စစ်အုပ်စုမှ ၎င်း၏ ဝါဒဖြန့်ချိရေး အတွက် အသုံးချခွင့် ပြုခဲ့မှုအပေါ် ဖြစ်ပေါ်လာနိုင်သော ကုလသမဂ္ဂ၏ ပုံရိပ်ဆိုင်ရာ ပျက်စီးယိုယွင်းမှု ပြန်လည်ပြင်ဆင်ရေးကို လုပ်ဆောင်ရမည် ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော အကြပ်အတည်းကို ဖြေရှင်းရန် သက်ဆိုင်သူများအားလုံး ပါဝင်မှုရှိသည့် လုပ်ငန်းစဥ်တစ်ခုဖော်ဆောင်ရေးကို ကုလသမဂ္ဂအထူးသံတမန်က ကတိကဝတ်ပြုထားသော်လည်း ၎င်း၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကို ထည့်သွင်းဖော်ပြခြင်း မရှိသည်ကို သတိပြုမိရာ မိမိတို့မှ အလွန်ပင် စိတ်ပျက်မိပါသည်။ ဇူလိုင်လအတွင်း နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ခဲ့ပြီး ၎င်းမှ မြန်မာနိုင်ငံသို့ မလာရောက်မီ နှစ်ရက်အလိုတွင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ပြီးသည့်အချိန်မှာပင် စစ်အုပ်စုနှင့် ရည်ရွယ်ချက်ရှိရှိ လာရောက်တွေ့ဆုံခဲ့သည့်အပေါ် မိမိတို့မှ စိုးရိမ်ပူပန်မိပါသည်။ ကုလသမဂ္ဂအထူးသံတမန်၏ ခရီးစဥ်သည် အဆိုပါရာဇဝတ်မှုများ လျော့နည်းပပျောက် သွားစေခြင်းနှင့် အပြစ်ပေးအရေးယူခံရခြင်း တို့မရှိစေရုံသာမက ၎င်း၏ “အချိန်ပေး-စောင့်ကြည့်” မည့် ချဥ်းကပ်မှုကို ဆက်လက်ထိန်းထားခြင်းသည် စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် သက်ညှာမှုမရှိဘဲ လုပ်ဆောင်နေသည့် အကြမ်းဖက်ရေးလှုပ်ရှားမှုများနှင့် ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လုပ်ဆောင်နိုင်စေရန် ကုလသမဂ္ဂမှ လိုလိုလားလား လုပ်ဆောင်ခွင့် ပြုထားခြင်းသာ ဖြစ်ကြောင်း ဖော်ပြနေသည်။
ထို့အပြင် ကုလသမဂ္ဂအထူးသံတမန်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်တင်မြှောက်ခံထားရသော အကျဉ်းကျခံနေရသည့် အခြား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။ တစ်ချိန်တည်းတွင်ပင် စစ်အုပ်စု၏ အာဏာလုရေး ကြိုးပမ်းမှု ကျရှုံးနေခြင်းကြောင့် ဆောက်တည်ရာမရဖြစ်ရာမှ ကျူးလွန်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်နိုင်ခြေရှိသည်ဟု ကုလသမဂ္ဂကိုယ်၌က တွေ့ရှိထားသည့် ကြောက်မက်ဖွယ် နိုင်ငံတကာရာဇဝတ်မှုများကြောင့် ဖြစ်ပေါ်သော လက်ရှိအကြပ်အတည်း၏ မူလဇစ်မြစ်ကို ကုလသမဂ္ဂအထူးသံတမန်မှ အသိအမှတ်ပြုရန် အကြိမ်ကြိမ် ပျက်ကွက်နေမှုက အလွန်အမင်းစိုးရိမ်ဖွယ် ဖြစ်ပါသည်။ ထို့အပြင် လက်ရှိဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် ပြင်းထန်သော စစ်ရေးတိုက်ခိုက်မှုများ အပါအဝင် အခြားအရေးကြီးကိစ္စရပ်များကို ကုလသမဂ္ဂအထူးသံတမန်၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်း ဖော်ပြခြင်း မရှိနေသည်ကိုလည်း သတိပြုမိပါသည်။ ကုလသမဂ္ဂအထူးသံတမန်မှ အရပ်ဘက်လူထု အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံစဥ် မြေပြင်အခြေအနေနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းအချက်အလက်များနှင့် ရှင်းလင်းပြတ်သားသည့် အကြံပြုတိုက်တွန်းချက်များကို အရပ်ဘက်လူထု အဖွဲ့အစည်းများက ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ထိမ်ချန်ထားခဲ့ခြင်းမှာ ၎င်းတို့၏ အစီရင်ခံစာများတွင် NUG ကို ရည်ညွှန်းပြောဆိုခဲ့ကြသည့် လူ့အခွင့်အရေး မဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တို့အပါအဝင် အခြားသော ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခံရသူများ၏ အရေးကြီးလှသော လုပ်ဆောင်မှုများအပေါ် ထိခိုက်မှု ဖြစ်ပေါ်စေပါသည်။
ကုလသမဂ္ဂအထူးသံတမန်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်၍ NUG ကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်ကိုလည်း သတိပြုမိပါသည်။ ကုလသမဂ္ဂအထူးသံတမန်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဖိုရမ်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (Ethnic Revolutionary Organization) အချို့နှင့်အတူ NUG တို့က အဆိုပြုခဲ့သည်ဖြစ်ရာ ဤကဲ့သို့ ဖယ်ထုတ်ချန်လှပ်ထားခြင်းမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခြင်း ဖြစ်သည်ဟု မိမိတို့မှ သတ်မှတ်သည်။ ယခုကဲ့သို့ ဖယ်ထုတ် ချန်လှပ်ထားခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူဖြစ်သော ဘက်မလိုက်ရေးမူကို ချိုးဖောက်ခြင်းပင်ဖြစ်ပြီး ကျင့်ဝတ်သိက္ခာမဲ့ခြင်းနှင့် စစ်အုပ်စုကျေနပ်စေရန် ချွေးသိပ်အလိုလိုက်နေခြင်းသာ ဖြစ်သည်။
စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများကို တိုက်ခိုက်ခြင်း၊ နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား လက်နက်သဖွယ် အသုံးချနေခြင်း တို့ကို ဆက်လက်လုပ်ဆောင်နေသည်။ ထို လုပ်ဆောင်မှုများက စစ်ရာဇ၀တ်မှုများနှင့် ဂျီနီဗာကွန်ဗင်းရှင်းများကို ချိုးဖောက်မှု မြောက်နိုင်သည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်အုပ်စုမှတစ်ဆင့် စီးဆင်းစေခြင်းသည် စစ်အုပ်စု၏ အကျင့်ပျက်ခြစားမှုရှိသော အစီအစဉ်ကို ပံ့ပိုးပေးခြင်း၊ စစ်အုပ်စုမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် ပို၍အသုံးပြုနိုင်စေခြင်း၊ နှင့် မြန်မာပြည်သူလူထုအပေါ် ကုစား၍ မရနိုင်သော ဆိုးကျိုးဒုက္ခများ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း မိမိတို့မှ ထပ်လောင်းပြောကြားလိုပါသည်။ ကုလသမဂ္ဂအထူးသံတမန်အနေဖြင့် ထိရောက်မှုရှိသော အကူအညီပေးပို့ရေး ကြိုးပမ်းလုပ်ဆောင်ရန်၊ ပြည်သူများနှင့်အတူ သွေးစည်းညီညွတ်မှုကို အခြေခံသည့် ချဉ်းကပ်နည်း အထူးသဖြင့် နယ်မြေခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်နေသော အစုအဖွဲ့များ၏ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် လုပ်ဆောင်ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုခဲ့ပြီး ဖြစ်သည်။ ဤကဲ့သို့သော တောင်းဆိုချက်များအပေါ် အလေးထားလုပ်ဆောင်ရမည် ဖြစ်သည်။
စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။ ကုလသမဂ္ဂသည် ပဋိညာဉ်စာတမ်းက ပေးအပ်ထားသော ၎င်း၏လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စစ်အုပ်စုက ကျူးလွန်နေသည့် အကြမ်းဖက်မှုများမှ မြန်မာပြည်သူလူထုကို အကာအကွယ်ပေးရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကြီးမားသောအကြပ်အတည်းကို အဓိပ္ပါယ်ရှိရှိနှင့် နှောင့်နှေးမှုမရှိ ကိုင်တွယ်ဖြေရှင်းနိုင်ရန် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု ရပ်ဆိုင်းကာ တရားဝင်အစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူထု အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ ကုလသမဂ္ဂ အထူးသံတမန်၏ ခရီးစဉ်အတွင်းတွင် “ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လူသေအလောင်း ဘယ်နှလောင်း လိုနေသေးသလဲ” ဟူသောစာတမ်းဖြင့် မြန်မာပြည်သူများက ဆန္ဒထုတ်ဖော် မေးခွန်းထုတ် ခဲ့ကြပြီး ဖြစ်သည်။
တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးအတွက် မိမိတို့မှ ထပ်မံတောင်းဆိုလိုက်သည်။ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် တာဝန်ရှိသော စစ်အုပ်စုကို အသိအမှတ်ပြုမှု သို့မဟုတ် ထိတွေ့ဆက်ဆံမှုများ မလုပ်ဆောင်ဘဲ ရာဇ၀တ်မှုဖြင့် ပြစ်ဒဏ်ပေးအရေးယူရမည် ဖြစ်သည်။
UNGA မှ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရမည်။ ယင်းအစား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာပြည်သူလူထု၏ အကျိုးမျှော်ကိုးပြီး ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုကို ပြန်လည်ပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ခေါင်းဆောင်မှုနေရာယူ လုပ်ဆောင်ရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် အထူးခုံရုံးတစ်ခုဖွဲ့စည်းပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ်ဆောင်ရမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ဤထုတ်ပြန်ကြေညာချက်ကို အမည်မဖော်ပြလိုသည့် အဖွဲ့အစည်း ၃၂၀ ဖွဲ့အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၈၆၄ ဖွဲ့မှ လက်မှတ် ရေးထိုးထားပါသည်။
ထောက်ခံလက်မှတ် ထပ်မံပေးပို့သောအဖွဲ့အစည်းများ
English version.
PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ။
စစ်တပ်ဝင်သည့် ကနီမြို့တွင် ၇၀ ကျော်အမျိုးသမီးနှင့် သမီးဖြစ်သူ အသတ်ခံရ
အရပ်သားများကို သတ်ဖြတ်ခြင်းမပြုရန် ကုလကိုယ်စားလှယ် နေပြည်တော်တွင် တောင်းဆိုသည့်နေ့က စစ်တပ်ဝင်သည့် စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းရွာတွင် အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံရသည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကင်းရွာကို စစ်ကောင်စီတပ်သားများ ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်ရောက်ရှိလာအပြီး ၂ ရက်အကြာ ဩဂုတ် ၁၉ တွင် ဒေသခံ သားအမိနှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ် ၁၇ တွင် စစ်သားများသည် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး၊ ရိုးရိုးရဟတ်ယာဉ် ၂ စီးတို့ဖြင့် ရောက်ရှိလာစဉ် ဘေးလွတ်ရာသို့ ရှောင်တိမ်းခြင်း မပြုနိုင်သူများထဲမှ အသက် ၇၀ ကျော်အရွယ် ဒေါ်မြနှစ်၊ သမီးဖြစ်သူ အသက် ၄၀ အရွယ် မမိစိုးတို့ ပါဝင်သည်။
မမိစိုး၏ ရုပ်အလောင်းတွင် မေးစေ့၊ လက်၊ ခြေထောက်တို့ ဒဏ်ရာများ ရရှိထားသည်၊ ဒေါ်မြနှစ်၏ ရုပ်အလောင်းကို အမှိုက်ပုံတစ်ခုတွင် တွေ့ရသည်ဟု ကင်းရွာဒေသခံတစ်ဦးက ဆိုသည်။
“မမိစိုးရဲ့ အမေကြီးက လေဖြန်းထားတော့ သူမပြေးနိုင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်ပြနိုင်သော ထိုရွာသားက Myanmar Now ကို ပြောသည်။
မမိစိုး၏ ၂ နှစ်သမီး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံတို့က ယနေ့ (ဩဂုတ် ၂၀) တွင် ပြောသည်။
နေရပ်စွန့်ခွာ ထွက်ပြေးကြစဉ် ၇၈ နှစ်အရွယ် ဦးလှတီ အမောဖောက်ကာ ထိုနေ့တွင်ပင် သေဆုံးခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
စစ်ကောင်စီက အိမ်ခြေ ၆၀၀ ကျော်ရှိ ထိုရွာကို မေလ တတိယပတ်က ဝင်ဖျက်ခဲ့ပြီးဖြစ်သည်။
ထိုစဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရာ အိမ်ခြေ ၂၁၀ ကျော် မီးလောင်ပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
စစ်ကောင်စီတပ် ချင်းတွင်းမြစ်အတွင်း သွားလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ ရေယာဉ်များကို မြစ်ကြောင်းတစ်လျှောက် စောင့်ကြို တိုက်ခိုက်လေ့ရှိသည်။
ယခုနောက်ပိုင်းတွင်း စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များကို စစ်ကောက်စီတပ်က ဝင်ရောက်ရာတွင် လေကြောင်း ပိုမို အသုံးပြုလာသည်။
စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများမလုပ်ရန်နှင့် နေအိမ်များကို မီးမရှို့ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက အာဏာသိမ်းခေါင်းဆောင်များနှင့် ဩဂုတ် ၁၇ တွင် တွေ့စဉ် ပြောဆိုခဲ့သည်။
အထူးကိုယ်စားလှယ် လာရောက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၂၈ မျက်နှာပါ တုံပြန်ချက် ချက်ချင်း ထုတ်ပြန်ရာ သောင်းကျန်းသူများ တည်ရှိရာနေရာသို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
နေအိမ်များ မီးရှိုမှုနှင့် ပတ်သက်၍မူ ယင်း၏ လက်အောက်ခံ တပ်သားများက ရှို့ခြင်းမဟုတ်ဟု ၂ ကြိမ်တိုင် ငြင်းဆိုထားသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။
သို့သော် ဒေသခံများ၊ ယုံကြည်ရသော လွတ်လပ်သည့် လေ့လာရေးအဖွဲ့များကမူ နေအိမ်မီးရှို့သူများမှာ စစ်ကောင်စီတပ်သားများ ဖြစ်သည်ဟု ဆိုသည်။
မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီဂျူ (ISP Myanmar) ၏ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံအဝန်းရှိ ပြည်သူတို့၏ နေအိမ်ပေါင်း ၂၈,၀၀၀ ကို စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ကြကြောင်း ဖော်ပြထားသည်။
Myanmar Now News
“အရှင်လတ်လတ်မီးရှို့တာလေ”၊ ဖားကန့် ဆယ်ဇင်းရွာ၏ ကမ္ဘာပျက်ည
ဖားကန့်ကျောက်စိမ်းတွင်းအနီး စစ်တပ်အထိနာခဲ့သည့်နေရာတွင် အိမ်ခြေ ရာနှင့်ချီ မီးရှို့၊ အရပ်သားများကို ပစ်သတ်မှုသည် စစ်တပ်နှင့် ရှမ်းနီ SNA ၏ လက်ချက်ဟု ဒေသခံတို့က ပြောသည်။
အလျှံငြီးငြီး တောက်လောင်နေသည့် မီးတောက်မီးလျှံများကြားတွင် ပြေးလွှားအော်ဟစ် ငိုယိုသံများ၊ သေနတ်သံများနှင့် ဩဂုတ် ၉ ရက်နေ့ညသည် တောင်ကုန်းတောင်တန်းထူထပ်သည့် ကချင်ပြည်နယ်၊ ဖားကန့်ခရိုင် ဥရုချောင်းဘေးရှိ ဆယ်ဇင်းရွာအတွက် ကမ္ဘာပျက်သည့်ည ဖြစ်ခဲ့ရသည်။
ညဦးပိုင်းတွင် အိမ်များလိုက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်နှင့် ကချင်ပြည်နယ်တွင်လှုပ်ရှားနေသော ရှမ်းနီအမျိုးသားများတပ်မတော်(SNA) လက်နက်ကိုင်အဖွဲ့ မှ စစ်သားတချို့ ဓာတ်ဆီပုလင်းများကိုင်ပြီး အိမ်ရှေ့ရောက်လာချိန်မှာ နံနက် ၂ နာရီခန့် ဖြစ်သည်ဟု ဆယ်ဇင်းရွာ ရပ်ကွက်(၁)မှ ကိုမျိုးဝင်းက ပြောသည်။
“အိမ်ကို မီးရှို့တော့မယ်၊ ထွက်ကြတော့ဆိုပြီးတော့ လာပြောတယ်။ ဝမ်းလျားမှောက်ခိုင်းထားတယ်၊ ဘယ်အဖွဲ့အစည်းကလဲလို့မေးတယ်၊ အရပ်သားတွေပါဆိုတော့ အဲဒါဆို အိမ်မီးရှို့တော့မယ်၊ သွားကြတော့ဆိုပြီး ပြောတယ်” ဟု အသက်(၄၀)ခန့်ရှိသည့် ကိုမျိုးဝင်းက ပြောသည်။
အထွန့်မတက်ရဲ၊ ဆင်ခြေမပေးရဲ။ စစ်သားများ စိတ်မပြောင်းခင် အဝတ်အစားနှင့် ပစ္စည်းအချို့ကို ကပြာကယာကောက်ယူကာ မိသားစုအားလုံး ရွာရှိ သာသနာ့ပါလ အမည်ရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသို့သွားရာ လမ်းတွင် ရွာသားတချို့ သွေးအိုင်ထဲတွင် လဲကျနေသည်ကို တွေ့မြင်ရသည်ဟု ကိုမျိုးဝင်းက ပြောသည်။
“ကျွန်တော်အိမ်နဲ့ ဘုန်းကြီးကျောင်းနဲ့က နီးနီးလေးရယ်၊ ဘုန်းကြီးကျောင်းသွားတဲ့ လမ်းမှာတင် အလောင်း ၆ လောင်းလောက် တွေ့ခဲ့ရတာ၊ ဒါတောင် ကျွန်တော်သွားတဲ့ လမ်းကြောင်းပဲရှိသေးတယ်၊ ဘုန်းကြီးကျောင်းမှာတင် ခြေထောက်မှန်ပြီး၊ သွေးလွန်ပြီး သေတာ ၂ ယောက်ရှိတယ်” ဟု ကိုမျိုးဝင်းက ပြောသည်။
အိမ်ခြေ၇၀၀ ခန့်ရှိသည့် ဆယ်ဇင်းရွာကို စစ်ကောင်စီတပ်နှင့် SNA တို့ တစ်ညလုံး မီးလိုက်ရှို့ကြသလို မဲမဲမြင်ရာ ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၄၀ ခန့် သေဆုံးနိုင်သည်ဟု ရွာခံများက ခန့်မှန်းသည်။ ပျောက်ဆုံးနေသူများလည်းရှိနေ၍ ထိုဖြစ်စဉ်အပြီး ၁၀ရက်ကြာချိန် (ဩဂုတ် ၁၈) အထိ စာရင်းအတိအကျ မသိ ရသေးပေ။
စစ်ကောင်စီတပ် အာဏာသိမ်းပြီး နိုင်ငံအနှံ့ တိုက်ပွဲဖြစ်နေရာ ၎င်းတို့ အထိနာသည့် နေရာတိုင်းတွင် နေအိမ်များ မီးရှို့၊ အရပ်သားများကို တိုက်ခိုက်နေရာ ဆယ်ဇင်းသည် လတ်တလောပစ်မှတ်များထဲမှ တစ်ခု ဖြစ်လာသည်။
SNA သည် ဗုဒ္ဓဘာသာအဓိကကိုးကွယ်သော ရှမ်းနီလူမျိုးများအရေးအတွက်လှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ ကချင်ပြည်နယ်ရှိ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတဝိုက်တွင် လှုပ်ရှားမှုများရှိသည်။ ထိုတပ်ဖွဲ့သည် ခရစ်ယာန်အဓိကကိုးကွယ်သော ကချင်ပြည်နယ်ရှိ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ကြားဖြစ်သည့် ပဋိပက္ခများတွင် မြန်မာစစ်တပ်ဖက်က ပါဝင်မှုရှိကြောင်း မကြာခဏစွပ်စွဲခံရမှုများရှိနေသည်။
Eqwpecza.jpeg
ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-SNA
ဆယ်ဇင်းရွာ ငရဲခန်းအစ
ဆယ်ဇင်းသည် ကမ္ဘာကျော် ကျောက်စိမ်းမြို့ဖြစ်သည့် ဖားကန့်မြို့နယ်၏ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် ရှိပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် ထိစပ်နေသည်။
ကျောက်စိမ်းနှင့် ရွှေတူးဖော်ခြင်းကြောင့် အမြဲလိုလို ရေနောက်ကျိနေတတ်သည့် နာမည်ကျော် ဥရုချောင်း၏ အရှေ့ဘက်ကမ်းတွင် ရွာတည်ထားပြီး တောင်ဘက်က နမ့်ပုတ်ချောင်းဖြင့် အနားသတ်ထားကာ စိမ်းစိုနေသည့် တောင်တောင်များက ပတ်လည်ဝန်းရံထားသည်။
ရွာအနီးတွင် ရွှေမှော်များရှိပြီး အနယ်နယ်အရပ်ရပ်မှ ရွှေတူးဖော်သူများက လာရောက်လုပ်ကိုင်ကြကာ ရွာအတွင်း၌ပင် ရွှေပန်းတိမ်ဆိုင်ပေါင်း ၄၀ ခန့်ရှိသည်။
မူရင်းဒေသခံများမှာ အနည်ငယ်သာရှိပြီး အများစုမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ရွှေ့ပြောင်းအခြေချသူများဖြစ်သည်။
စစ်အာဏာမသိမ်းမီ သုံးနှစ်ခန့်က ဘီယာဆိုင်၊ အနှိပ်ခန်း၊ ဇိမ်ခန်း၊ KTV လုပ်ငန်းများဖြင့် စည်ကားသည့် တောခေါင်ခေါင်ကြီးထဲမှ မြို့ငယ်လေးပမာ ဖြစ်ခဲ့သည့်၊ ရွှေအရောင်းအဝယ်လုပ်သည့် ဤရွာကိုရွာပျက်ကြီးအဖြစ် ပြောင်းလဲပေးမည့် အကြောင်းတရားများက ဇွန်လအတွင်းဖြစ်ပွားလာခဲ့သည်။
Wn1unmby.jpeg
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆယ်ဇင်းရွာ ဖျက်ဆီးမခံရမီ မြင်ကွင်း။ ဓာတ်ပုံ-ပေးပို့
ဇွန် ၂၈၊ ၂၉ တို့တွင် ဆယ်ဇင်းရွာအတွင်း SNA တပ်များဝင်ရောက်လာရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ရေးတင်းမာလာခဲ့သည်။
ဇူလိုင် ၁၆ တွင် ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၉)လက်အောက်ခံ တပ်ရင်း(၂၆)တပ်က ပိတ်ဆို့ တိုက်ခိုက်လိုက်ခြင်းက မီးလောင်ရာလေပင့်သကဲ့သို့ဖြစ်လာပြီး ထိုနေ့မှစကာ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။
ဩဂုတ် ၈ တွင် KIA က ရွာအနီး စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းကုန်းနှင့် SNA ၏ ဂိတ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်သည်၊ နောက်တစ်နေ့တွင် ဆယ်ဇင်းရွာ ရဲစခန်းကို တိုက်ခိုက်သည်။
စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ပြီး တိုက်လေယာဉ်များဖြင့် ၉ ကြိမ်ခန့်ဗုံးကြဲသည့်အတွက် ထိုနေ့တစ်နေ့လုံး ဗုံးသံသေနတ်သံများဖြင့် ဆယ်ဇင်းတစ်ရွာလုံး ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့သည်။
ပိုမိုပြင်းထန်သည့် ငရဲခန်းများကို ဆက်လက်ရင်ဆိုင်ရဦးမည်ကိုတော့ ဆယ်ဇင်းဒေသခံများ စိုးစဉ်းမျှ မသိခဲ့ပေ။
Sezin_map_f_copy.jpg
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆယ်ဇင်းရွာ တည်နေရာပြမြေပုံ။
မီးရှို့၊ သတ်ဖြတ်မှုများ
ထိုနေ့ မှောင်ရီပျိုးစ အချိန်တွင် စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်များ ရွာအတွင်း ဝင်ရောက်လာကြသည်၊ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် KIA တပ်များ ဆုတ်ခွာသွားကြသည်။
ဆယ်ဇင်းရွာအတွင်း ၎င်းတို့ကို ခုခံတိုက်ခိုက်သူများ မရှိတော့သည့်နောက် အကြမ်းဖက် မီးရှို့၊ သတ်ဖြတ်ခြင်းများကို စစ်ကောင်စီတပ်များ စတင်ပြုလုပ်တော့သည်။
မီးလောင်နေသည့် နေအိမ်များကို မီးထွက်ငြိမ်းသူများကို စစ်ကောင်စီတပ်က ပစ်ခတ်သလို အိမ်မီးလောင်လို့ ထွက်ပြေးရသည့် ဒေသခံများကိုလည်း တွေ့သည့်နေရာတွင် ပစ်သတ်သည်ဟု ဆယ်ဇင်းဒေသခံတစ်ဦးက ပြောသည်။
“တချို့ အလောင်းတွေဆိုရင် မီးလောင်နေတဲ့ အိမ်ထဲကို ပစ်ထည့်လိုက်ပြီး အလောင်းဖျောက်ပစ်လိုက်တာ၊ ညမှာ အိမ်မီးရှို့နေတဲ့ချိန် ထွက်လာလို့ ပစ်သတ်လိုက်တဲ့သူကို မနည်းဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ ဝန်းကျင် အထက်ပါ အမျိုးသားက ပြောသည်။
“အဲဒီနေ့က တကယ့်ကို အကြောက်တရားနဲ့ ပြောပြလို့မရလောက်အောင်ပဲဗျာ၊ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းဖို့ အသက်ရှင်သန်ဖို့ ကြိုးစားရခဲ့ရတာပေါ့”
သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများ မီးရှို့ဖျောက်ဖျက်သလို အကြောင်းမျိုးမျိုးကြောင့် နေအိမ်အတွင်း ရှိနေသူများကိုလည်း အိမ်မီးလောင်သည့်အထဲ ပါသွားကြသည်၊ ထိုသို့ရင်ဆိုင်ခဲ့ရသူများထဲတွင် လေဖြတ်ထားသည့် သက်ကြီးရွယ်အို ၃ ဦး ပါဝင်သည်ဟု ဒေသခံတို့က ဆိုသည်။
ထိုအထဲမှ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)မှ အဘွားအိုနှစ်ဦး၏ အမည်နှင့် အသက်တို့ကို အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။
ကျန်တစ်ဦးမှာ ရပ်ကွက်(၁) မှ ကျန်းမာရေးမကောင်းသူ အသက်(၇၉)နှစ်အရွယ် ဦးမောင်ကိုဖြစ်သည်ဟု အိမ်နီးချင်းဖြစ်သူ ကိုမျိုးဝင်းက ဆိုသည်။
“အရှင်လတ်လတ်မီးရှို့တာလေ၊ လေဖြတ်ထားလို့ အိမ်ထဲက မထွက်နိုင်ပါဘူးဆိုမှ တစ်ခါတည်း ဓာတ်ဆီလောင်းပြီး မီးရှို့ထားခဲ့တာ” ဟု ကိုမျိုးဝင်းက ပြောသည်။
အသက်(၃၀) ခန့်ရှိသည့် ငမူးဟု ခေါ်သည့် သူငယ်ချင်းတစ်ဦးက စစ်ကောင်စီတပ်ကို တောင်းပန်ခဲ့သေးသည်ဟု သိရကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ကိုမျိုးဝင်းက ပြောသည်။
“မီးရှို့နေတာကို သူက သွားတားတာတဲ့၊ မင်းက ဘာကောင်လဲ ဆိုပြီး ဒူးထောက်ခိုင်းပြီး ဖမ်းထားတာကို သူက ထွက်ပြေးတာ၊ ထွက်ပြေးတဲ့အချိန်မှာ လှမ်းပစ်တယ်လို့ပြောတယ်” ဟု ကိုမျိုးဝင်းက ပြောသည်။
သေဆုံးသူများထဲတွင် မော်တော်ယာဥ်တစ်စီးပေါ်မှ ကလေးအပါအဝင် မိသားစုဝင် သုံးဦး၊ မီးလောင်စဉ် ဖခင်အိုကြီးကို သယ်ထုတ်လာသည့် ညီအကိုနှစ်ဦး၊ သုံးဘီးမောင်းသူများ၊ လဖက်ရည်ဆိုင်ဝန်ထမ်းများနှင့် ကုန်ထမ်းသူများလည်း ပါဝင်သည်ဟု ဒေသခံများက ပြောသည်။
တကွဲတပြားပြေးလွှားနေရခြင်း၊ အဆက်အသွယ်ပြတ်တောက်ခြင်း၊ အချက်အလက် စုစည်းနိုင်သူ မရှိသေးခြင်းတို့ကြောင့် အသေးစိတ် အချက်အလက်ရရန် မလွယ်ကူသေးပေ။
Sezin_death_list_fff.jpg
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆယ်ဇင်းရွာ၌ ဩဂုတ် ၉ရက်တွင် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံး၊ ပျောက်ဆုံးသူများစာရင်း။
ဒေသခံများနှင့် သတင်းဌာနများက ဆယ်ဇင်းရွာ မီးရှို့၊ လူသတ်ပွဲကို စစ်ကောင်စီတပ်နှင့် SNA တို့က ကျူးလွန်သည်ဟု အကျယ်တဝင့်ဖော်ပြနေသော်လည်း SNA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကမူ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း တွင်တွင်ငြင်းဆိုသည်။
“အမှန်တကယ် မီးရှို့တာက KIA နဲ့ PDF ကရှို့တယ်ဆိုတာ အကုန်လုံးသိတယ်၊ မြင်လည်း မြင်တယ်၊ မြင်တဲ့ ကြားတဲ့ သူတွေလည်း အများကြီးပဲ” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။
ထို့အပြင် ဆယ်ဇင်းရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ပူးတွဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းလည်း ၎င်းက ဆိုသည်။
ဆယ်ဇင်းရွာအနီးရှိ ဟုမ္မလင်းမြို့နယ်အတွင်း ၎င်းတို့ ရှေ့တန်းစခန်းရှိပြီး အဆိုပါ စခန်းကို KIA က လာရောက်တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားရကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ပူးတွဲဆောင်ရွက်နေတာ ဘာတစ်ခုမှမရှိဘူး၊ တစ်ခုရှိတာက ကျွန်တော်တို့ စခန်းလာတိုက်ခိုက်ခံရတယ်၊ လာတိုက်တော့ ကျွန်တော်တို့ ပြန်ပစ်ခတ်တယ်၊ ဒီလောက်တော့ရှိမှာပဲ” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။
သုံးပွင့်ဆိုင် တိုက်ပွဲများဖြစ်နေသည့် ဆယ်ဇင်းတိုက်ပွဲများအတွင်း ထူးဆန်းစွာပင် SNA တပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။
ပစ်ခတ်သတ်ဖြတ်မှုများနှင့် လက်ယဉ်နေသည့် စစ်ကောင်စီတပ်ကို ဆယ်ဇင်းရွာ မီးရှို့၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ပက်သက်ပြီး မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ဒေသခံများ ထွက်ခွာပြီးနောက် ဆယ်ဇင်းရွာတဝိုက်တွင် တိုက်ပွဲပြန်ဖြစ်သည်ဟု သတင်းများကြားရသည့်အတွက် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။G5ypbmjc.jpeg
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆယ်ဇင်းရွာကို ဩဂုတ် ၉ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး နောက်တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့
ရင်နင့်ဖွယ် ဖြစ်ရပ်တစ်ခု
ကမ္ဘာပျက်သည့်အလား ဆယ်ဇင်းရွာ မီးရှို့၊ လူသတ်ပွဲများအတွင်း ပြီးခဲ့သည့် လအနည်းငယ်က ဆယ်ဇင်းရွာကို ရောက်ရှိနေသည့် ဒေါက်တာကျော်မျိုးဇင်၏ ဇနီးလည်း သေဆုံးခဲ့သည်။
၎င်းသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ ဆရာဝန်တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့ပြီး ဆယ်ဇင်းရွာတွင် ဆေးခန်းဖွင့်ကာ နေထိုင်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသက် ၃၀ ကျော်ခန့်ရှိသည့် ဇနီးသည်မှာ ထိုနေ့ညက စစ်ကောင်စီတပ်လက်ချက်ကြောင့် ဦးခေါင်းတွင် ဒဏ်ရာရသေဆုံးသွားပြီးနောက် ၎င်းလည်းပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။
သို့သော် နောက်တစ်နေ့တွင် အဆိုပါ ဆရာဝန်ကို ဟောင်းပါးနှင့် တာမခန်ဘက်တွင် ပြန်တွေ့ကြရသည်၊ စိတ်ရောဂါနေသည်ဟု ဒေသခံများက ဆိုသည်။
၎င်းကို ဆေးကုသရန် လူမှုကူညီရေးကား၏ အကူအညီဖြင့် မြစ်ကြီးနားသို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံတချို့ကဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မရေတွက်နိုင်သော သေကွဲ၊ ရှင်ကွဲဒဏ် ခံကြရသည့် မိသားစုများတွင် ဒေါက်တာ ကျော်မျိုးဇင်လည်း ပါဝင်ခဲ့သည်။
“သူတို့ရောက်တာ ဘာမှကိုမကြာသေးတာ၊ ဒီမှာအေးဆေးနေရပြီထင်တဲ့အချိန်မှာ အခုလိုဖြစ်သွားတော့ စိတ်လွတ်သွားတာနေမှာပေါ့၊ ဟိုနေ့က တွေ့သေးတယ် အခုတော့ ဘယ်ရောက်သွားပြီလည်း မသိဘူး” ဟု ဆယ်ဇင်းရွာသား ကိုမျိုးဝင်းက ပြောသည်။
ရွှေတောင်ကြီး ပြိုပြီ
ဩဂုတ် ၁၀ ရက် နံနက် ၄ နာရီခန့်တွင် ဒေသခံအများစုက ကား၊ ဆိုင်ကယ်၊ သုံးဘီးစသည့် တို့ဖြင့် ဆယ်ဇင်းရွာနှင့် မိုင် ၂၀ ခန့်ဝေးသည့် ဟောင်ပါးနှင့် တာမခန်ရွာသို့ စတင်တိမ်းရှောင်ကြသည်။
ဝေးရွာသို့ ထွက်ပြေးရန် ကြိုးစားကြသော်လည်း စစ်ကောင်စီတပ်က ထွက်ခွင့်မပေးသည့်အတွက် သာသနာ့ပါလ ဘုန်းကြီးကျောင်းထဲတွင် စစ်ရှောင် ၄၀၀ ကျော်ကျန်နေခဲ့သည်။
အသက်(၄၄)နှစ် အရွယ် ဆယ်ဇင်းရွာသူ ကုန်စိမ်းသည် မနိုင်နိုင်ဝင်း ဩဂုတ် ၉ တစ်နေ့လုံး တစ်ညလုံး ရင်ဆိုင်ရသည့် ဗုံးကြဲခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းမျာကို ကျော်လွှားနိုင်ခဲ့သည့်အတွက် တာမခန်းရွာသို့ အန္တရာယ်ကင်းကင်းနှင့် တိမ်းရှောင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ခင်ပွန်းဖြစ်သူ အသက်(၃၃)နှစ် အရွယ် ကိုဖိုးပိန်မှာ လက်သမားဖြစ်သည်။
ရွာဖျက်ဆီးခံရပြီး နောက်တစ်နေ့ နံနက် ၆ နာရီခွဲခန့်တွင် တာမခန်ကို ဘုန်းကြီးကိုယ်တိုင် ဦးဆောင်ပြီး ပို့ပေးမည်ဟု မိတ်ဆွေများက ဖုန်းဆက်ပြောသောကြောင့် သူတို့ လင်မယားက အသက်(၄)နှစ်၊ (၁၂)နှစ် သမီးနှစ်ယောက်ကို ဆိုင်ကယ်ကြုံဖြင့် ဘုန်းကြီးကျောင်းကို ထည့်ပေးလိုက်ကြသည်။
ထိနေ့တွင် စစ်ကောင်စီတပ်က မိုးလင်းသည်အထိ ဘုန်းကြီးကျောင်းမှ ထွက်လာသူများကို ပစ်ခတ်နေသလို ကျောင်းထဲဝင်မည့် သူများကိုလည်း ပစ်ခတ်နေခဲ့သည်ကိုတော့ မနိုင်နိုင်ဝင်းတို့ မသိခဲ့ပေ။
သူတို့ လင်မယား ကျောင်းထောင့်နားရောက်ရှိချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် ကျည်ဆံတစ်ထောင့်က မနိုင်နိုင်ဝင်း၏ နားရွက်နားက ဖြတ်ပြီး ရှေ့မှ သွားနေသည့် ကိုဖိုးပိန်၏ နောက်စေ့ကို ထိမှန်သွားခဲ့သည်။
ကံတရားက မနိုင်နိုင်ဝင်းကို အရှိုက်ထိအောင် ထိုးနှက်လိုက်နိုင်သည်၊ ဘုန်းကြီးကျောင်းထဲရောက်ရန် စက္ကန့်အနည်းငယ်၊ ခြေလှမ်းအနည်းငယ်သာ ဝေးတော့သည့် အချိန်တွင် ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရသည်။
“လေယာဉ်ပေါ်က လက်နက်ကြီးတွေနဲ့ ပစ်တာတောင်မသေခဲ့ဘဲ အခုမှ သေရတော့ ကျွန်မ ယူကျုံးမရ ဖြစ်မိပါတယ်” ဟု မနိုင်နိုင်ဝင်းက ငိုရှိုက်ရင်းပြောသည်။
“ကျွန်မတို့ရဲ့ အိမ်ထောင်ဦးစီးဆိုတော့ အမျိုးသားမရှိတော့ ကျွန်မ ရင်ကွဲမတတ်ခံစားရပါတယ်၊၊ ပြီးတော့ ကျွန်မ မွေးထားတာ သမီးတွေပါ၊ ကျွန်မမှာ အားကိုးစရာမရှိသလိုမျိုး ကျွန်မ မျှော်မှန်းလို့ကို မရတော့အောင် ဖြစ်သွားပါတယ်”
ကိုဖိုးပိန်၏ အလောင်းကို ဆွေမျိုးများ၏ အကူအညီဖြင့်နောက်တစ်ရက်မှသာ သွားကောက်နိုင်ခဲ့သည်။ ထိုနေ့မှာပင် မီးသင်္ဂြိုဟ်ကာ အရိုးပြာကို ဥရုချောင်းထဲ မျောလိုက်သည်ဟု မနိုင်နိုင်ဝင်းက ဆိုသည်။
ထိုနေ့က သမီးများနှင့်အတူ အိမ်မှထွက်ခွာလျှင် အသက်ဘေးမှ ကင်းလွတ်နိုင်သော်လည်း ကိုဖိုးပိန်က သမီးကြီး၏ စက်ဘီးလေးကို ဝင်ယူပေးနေရာမှ အသက်ဆုံးရခြင်းဖြစ်သည်ဟု မနိုင်နိုင်ဝင်းက မချိတင်ကဲ ဆိုသည်။
Wwfcn4z4.Jpeg
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆယ်ဇင်းရွာကို ဩဂုတ် ၉ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး နောက်တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့
ဩဂုတ် ၁၄ ရက်နေ့အထိ ဆယ်ဇင်း စစ်ရှောင်အတော်များများ ဟောင်ပါးနှင့် တာမခန်တွင် သောင်တင်နေကြပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစသည့် နေရာ ၈ ခုခန့်တွင် ခိုလှုံနေရကာ စားရေးသောက်ရေးအတွက် ဒေသခံများ၏ လှူဒါန်းငွေများကို အားပြုနေရသည်ဟု ဆိုသည်။
စစ်ရှောင်အားလုံးပေါင်းဆိုလျှင် လူဦးရေ၂၀၀၀ ဝန်းကျင် ရှိနိုင်ပြီး အချို့စစ်ရှောင်များမှာ ရွာပျက်ကြီးဖြစ်ပွားသည့် ဆယ်ဇင်းကို ခြေဦးပြန်လှည့်ဖို့ စိတ်မကူးကြတော့ဘဲ မိမိရပ်ရွာများသို့သာ အပြီးပြန်သွားကြသည်။
ဘုန်းကြီးကျောင်းနှင့် အိမ်အနည်းငယ်သာ ကျန်တော့သည့် ဆယ်ဇင်းရွာတွင် ပြန်လည်အခြေချရန် ဒေသခံများက စိတ်ကူးနေသော်လည်း လတ်တလောတွင်တော့ ပြေးစရာမြေမရှိ ဆိုသလိုဖြစ်နေသည်။
ဩဂုတ် ၁၂ ရက်နေ့က တာမခန်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ရေးတင်းမာမှုမှာ ဟောင်ပါးနှင့် တာမခန်ဘက်သို့ ရောက်ရှိလာသည့်အတွက် ဆယ်ဇင်းစစ်ရှောင်အချို့နှင့် ဒေသခံအချို့မှာ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်သို့ သွားရောက် ခိုလှုံကြသည်၊ မန္တလေးမြို့အထိ ဆက်လက် တိမ်းရှောင်နေကြသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
ဆယ်ဇင်း ဒေသခံများ၏ စစ်ရှောင် ခရီးရှည်ကြီးက အဆုံးမသတ်နိုင်သေးပေ၊ တိုက်ပွဲပြီးလျှင် ဆယ်ဇင်းရွာ ပြန်အခြေချမည်ဆိုသည့် ဒေသခံများ၏ ဆုံးဖြတ်ချက်မှာလည်း ဝေဝါးလျက်ရှိသည်။
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလိုပင် ခင်ပွန်းဖြစ်သူကို လောလောလတ်လတ် ဆုံးရှုံးထားရသည် မနိုင်နိုင်ဝင်း ရွာပျက်ဆယ်ဇင်းသို့ မပြန်နိုင်သေးဘဲ ခင်ပွန်းသည်၏ ဆွေမျိုးများရှိရာသို့ လိုက်ပါသွားရသည်။
ဖြေမဆည်နိုင်ဖြစ်နေပြီး ရှေ့ဆက် ရပ်တည်ရေး စဥ်းစားမရသေးသော်လည်း အဖမဲ့ သမီးနှစ်ယောက်အတွက်တော့ ကြံ့ကြံ့ခိုင်ရပ်တည်သွားရန် မနိုင်နိုင်ဝင်းက ဆုံးဖြတ်ထားသည်။
ထို့အပြင် ကိုဖိုးပိန်ကို ပစ်သတ်ခဲ့သည့် စစ်ကောင်စီတပ်သားများကိုလည်း မေတ္တာပို့ကြောင်း ငိုရှိုက်ရင်းကပင် မနိုင်နိုင်ဝင်းက ပြောသည်။
“ကျွန်မကတော့ မေတ္တာပို့ပါတယ်၊ ကျွန်မယောက်ျားကို ပစ်တဲ့သူတွေကို ကျွန်မ မေတ္တာထားပါတယ်၊ ကိုယ့်လို မဖြစ်ပါစေနဲ့လို့ ကျွန်မဆုတောင်းတယ်” ဟု ပြောနေရင်း မနိုင်နိုင်ဝင်း၏ အသံမှာ တဖြည်းဖြည်း တိမ်ဝင်သွားသည်။
Myanmar Now News
ကုလအထူးသံတမန် မြန်မာနိုင်ငံကို ရောက်ရှိ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာဟာ သြဂုတ်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်ကို ရောက်ရှိခဲ့ပြီး နေပြည်တော်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဒီခရီးစဉ်ဟာ မစ္စ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တာဝန်ပေးခန့်အပ်ခံရပြီးတဲ့နောက် ပထမဆုံးလာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။
မစ္စ နိုလင်းဟေဇာဟာ ဒီခရီးစဉ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာ့အရေး အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီးစစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နောက်ဆုံးတောင်းဆိုထားတဲ့ .. အကြမ်းဖက်မှုအားလုံးကို ချက်ချင်း အဆုံးသတ်ရေး၊ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက ဒေသခံတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိဘဲ ဝင်ရောက်ခွင့် ရရှိရေးတို့အတွက်လည်း ဒီခရီးစဉ်အတွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
နယူးယောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မစ္စ နိုလင်းဟေဇာ ဟာ ဒီခရီးစဉ်အတွင်း နိုင်ငံရေးနယ်ပယ်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း နယ်ပယ်က တာဝန်ရှိသူတွေ၊ လက်ရှိ ပြည်တွင်းပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေနဲ့ နက်နက်ရှိုင်းရှိုင်း တိုင်ပင်ဆွေးနွေးသွားဖို့ရှိကြောင်း ဖော်ပြထားပါတယ်။
RFA Burmese